أسقط
လမ်းပေါ်တွင် ထိပ်တိုက်ပြဿနာရှာခံရသည့် အီရန်နိုင်ငံသူအမျိုးသမီး
تم النشر بتاريخ 7 آذار 2024
အီရန်လမ်းမများပေါ်တွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ဟီဂျပ်မဝတ်ထားသောကြောင့် ထိပ်တိုက်ပြဿနာရှာနေပုံအား ပြထားသည့် ဗီဒီယိုတစ်ခုကို ဖြုတ်ချရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချခဲ့သည်။
အနှစ်ချုပ်
အီရန်လမ်းမများပေါ်တွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ဟီဂျပ်မဝတ်ထားသောကြောင့် ထိပ်တိုက်ပြဿနာရှာနေပုံအား ပြထားသည့် ဗီဒီယိုတစ်ခုကို ဖြုတ်ချရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချခဲ့သည်။ ပို့စ်တွင် တိုက်ရိုက်အဓိပ္ပာယ်ထက် တင်စားသုံးနှုန်းသော ရေးသားဖော်ပြချက်သာပါရှိပြီး ယုံကြည်ရလောက်သော အကြမ်းဖက်ရန် ခြိမ်းခြောက်မှု မဟုတ်သောကြောင့် ၎င်းသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ စည်းမျဉ်းများကို မချိုးဖောက်ခဲ့ပါ။ ဆန္ဒပြပြည်သူများအပေါ် ဖိနှိပ်မှုနှင့် အကြမ်းဖက်မှု အရှိန်မြင့်တက်လာသည့် ဆူပူအုံကြွနေသော ကာလတစ်ခုအတွင်း ၎င်းကို မျှဝေထားသဖြင့် အီရန်တွင် လူမှုကွန်ရက်သုံးစွဲခွင့်သည် အလွန်အရေးပါပြီး အင်တာနက်သည် အမျိုးသမီး အခွင့်အရေးများအတွက် တိုက်ပွဲဝင်ရာ နယ်မြေအသစ်ကို ကိုယ်စားပြုသည်။ Instagram သည် နိုင်ငံတွင်း တားမြစ်မခံရဘဲ ကျန်ရှိနေသော ပလက်ဖောင်းအနည်းငယ်မှ တစ်ခုဖြစ်သောကြောင့် အွန်လိုင်းပေါ်တွင် အမျိုးသမီးများကို ကြောက်စိတ်သွင်းပေးပြီး နှုတ်ပိတ်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ မည်သို့ပင်ရှိလင့်ကစား “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်ရေး” ဟူသော အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ၎င်း၏ အခန်းကဏ္ဍသည် အတိုင်းမသိ အရေးပါသည်။ အစိုးရ၏ စနစ်တကျ ဖိနှိပ်မှုခံရသော အခြေအနေတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်ကို အလေးထားကြောင်း သေချာစေရန် Meta ၏ အားထုတ်မှုများသည် မလုံလောက်ဟု ဘုတ်အဖွဲ့က ကောက်ချက်ချပြီး ကုမ္ပဏီ၏ အရေးအခင်းကာလ မူဝါဒ ပရိုတိုကောတွင် ပြောင်းလဲမှုတစ်ခု ပြုလုပ်ရန် အကြံပြုသည်။
အမှုအကြောင်း
၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အသုံးပြုသူတစ်ဦးသည် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ဟီဂျပ်မဝတ်ထားသောကြောင့် လူမြင်ကွင်းတွင် ထိပ်တိုက်ပြဿနာရှာနေသည့် ဗီဒီယိုတစ်ခုကို Instagram တွင် တင်ခဲ့သည်။ အင်္ဂလိပ်စာတန်းထိုးပါပြီး ပါရှားဘာသာဖြင့် ပြောထားသည့် အဆိုပါဗီဒီယိုထဲတွင် အမျိုးသမီးက သူမ၏အခွင့်အရေးများအတွက် ရပ်တည်ကာကွယ်မည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။ တွဲလျက်ပါရှိသော စာတန်းတစ်ခုတွင် ထိုအမျိုးသမီးနှင့် အစိုးရကို ရင်ဆိုင်ဆန့်ကျင်ရဲသော အီရန်နိုင်ငံသူအမျိုးသမီးများအတွက် ထောက်ခံအားပေးမှုကို ဖော်ပြထားသည်။ အစိုးရကို အလားတူ ဝေဖန်သည့် စာတန်း၏ တစ်စိတ်တစ်ပိုင်းတွင် Meta ၏ အဆိုအရ "မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်ဖို့ သိပ်မလိုတော့ဘူး" အဖြစ် ဘာသာပြန်သည့် စကားစုတစ်ခု ပါဝင်သည်။
အီရန်၏ ပြစ်မှုဆိုင်ရာဥပဒေသည် "သင့်လျော်သော ဟီဂျပ်" ဝတ်ထားခြင်းမရှိဘဲ လူမြင်ကွင်းသို့ ထွက်လာခဲ့သော အမျိုးသမီးများအား ထောင်ဒဏ်၊ ဒဏ်ငွေ သို့မဟုတ် ကြိမ်ဒဏ် အပြစ်ပေးသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အီရန် အစိုးရသည် ဟီဂျပ်နှင့် ဗြဟ္မစရိယကျင့်ခြင်း ဥပဒေမူကြမ်းအသစ်တစ်ရပ်ကို အတည်ပြုခဲ့သည်။ ယင်းဥပဒေအရ အမျိုးသမီးများသည် မဖြစ်မနေ လိုက်နာရမည့် ဟီဂျပ် စည်းမျဉ်းများကို ဆက်လက်အာခံပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည်။ ဤပို့စ်ရှိ စာတန်းတွင် ဗီဒီယိုထဲရှိ အမျိုးသမီးသည် အဖမ်းခံထားရပြီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
ပထမဦးစွာ အဆိုပါပို့စ်ကို Instagram ၏ လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များကို ချိုးဖောက်နိုင်ခြေရှိသည့်အတွက် Meta ၏ အလိုအလျောက် လုပ်ဆောင်သော စနစ်များက သတိပေး အမှတ်အသားပြုပြီးနောက်တွင် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် ပို့ခဲ့သည်။ စိစစ်သုံးသပ်သူများစွာက အကြောင်းအရာကို Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒ အောက်တွင် အကဲဖြတ်ခဲ့သော်လည်း ၎င်းတို့သည် တူညီစွာ ကောက်ချက်ချနိုင်ခြင်းမရှိခဲ့သည့်အပြင် နည်းပညာအမှားအယွင်းတစ်ခုကြောင့်ပါ ပေါင်းစပ်၍ ပို့စ်သည် ဆက်ရှိနေခဲ့သည်။ ထို့နောက် အသုံးပြုသူတစ်ဦးက ပို့စ်ကို တိုင်ကြားခဲ့ပြီး ယင်းကြောင့် နောက်ထပ် စိစစ်သုံးသပ်မှုတစ်ကြိမ် လုပ်ဆောင်ခဲ့သည်။ ဤတစ်ကြိမ်တွင် ဘာသာစကားကျွမ်းကျင်သော Meta ၏ ဒေသဆိုင်ရာ အဖွဲ့က စိစစ်သုံးသပ်ခဲ့သည်။ ဤအဆင့်တွင် ပို့စ်သည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး ၎င်းကို Instagram မှ ဖယ်ရှားခဲ့သည်။ ထို့နောက် အကြောင်းအရာကို တင်ခဲ့သည့် အသုံးပြုသူက ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။ Meta သည် ဘုတ်အဖွဲ့က ဤအမှုကို မရွေးချယ်မီအထိ အကြောင်းအရာကို ဖယ်ရှားရန် ၎င်း၏ ဆုံးဖြတ်ချက်သည် မှန်ကန်ခဲ့ကြောင်း ဆက်လက်ဆုပ်ကိုင်ထားခဲ့ပြီး ဘုတ်အဖွဲ့က ဤအမှုကို ရွေးချယ်လိုက်သည့်အခါမှ ကုမ္ပဏီက ၎င်း၏ဆုံးဖြတ်ချက်ကို ပြောင်းလဲဆုံးဖြတ်၍ ပို့စ်ကို ပြန်ထည့်သွင်းပေးခဲ့သည်။
အဓိက တွေ့ရှိချက်များ
ပို့စ်တွင် တိုက်ရိုက်အဓိပ္ပာယ်ထက် တင်စားသုံးနှုန်းသော စကားသာပါရှိပြီး ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှု ဖြစ်စေနိုင်သည့် ယုံကြည်ရလောက်သော အကြမ်းဖက်ရန် ခြိမ်းခြောက်မှု မဟုတ်သောကြောင့် ၎င်းသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို မချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ Meta က “မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်ဖို့ သိပ်မလိုတော့ဘူး" ဟူသော စကားစုကို ဗီဒီယိုထဲရှိ အမျိုးသားကို ပစ်မှတ်ထား၍ ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ကို ဖော်ပြမှုတစ်ခုအဖြစ် အကဲဖြတ်ခဲ့သောကြောင့် မူလက ပို့စ်ကို တစ်စိတ်တစ်ပိုင်း ဖယ်ရှားခဲ့သော်လည်း ၎င်းကို တိုက်ရိုက် အဓိပ္ပာယ်မကောက်သင့်ပါ။ အီရန်ရှိ ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် အခြေအနေအပြင် စာတန်းနှင့် ဗီဒီယိုကို တစ်ခုလုံးခြုံ၍ ထည့်သွင်းစဉ်းစားလျှင် စကားစုသည် တင်စားသုံးနှုန်းသောပုံစံဖြစ်ပြီး အစိုးရအပေါ် ဒေါသဖြစ်မှုနှင့် တုန်လှုပ်ချောက်ချားမှုကို ဖော်ပြသည်။ ဘုတ်အဖွဲ့က အကြံဉာဏ်ရယူခဲ့သည့် ဘာသာစကားကျွမ်းကျင်သူများက စကားစု (“မကြာခင် မင်းကို ငါတို့ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”) သည် အစိုးရအပေါ် ဒေါသ၊ စိတ်ပျက်မှုနှင့် မကျေမချမ်းဖြစ်မှုကို သိရှိစေကြောင်း ရှင်းပြကာ အဆိုပါစကားစု၏ အနည်းငယ်ကွဲပြားသော ဘာသာပြန်ဆိုမှုကို မှတ်ချက်ပြုခဲ့သည်။ အစိုးရကို အန္တရာယ်ဖြစ်စေမည့်အစား ဤပို့စ်မှ ဖြစ်ပေါ်မည့် ဖြစ်နိုင်ခြေအရှိဆုံး အန္တရာယ်မှာ အစိုးရ၏ လက်တုံ့ပြန်အကြမ်းဖက်မှုပင် ဖြစ်ပါသည်။
Meta ၏ မူဝါဒဆိုင်ရာ သဘောတရားက "ယုံကြည်ရလောက်သော ခြိမ်းခြောက်မှု" တစ်ခုကို အကဲဖြတ်သည့်အခါ "အသုံးအနှုန်း" နှင့် "ဆက်စပ်အခြေအနေ" ကို ထည့်သွင်းစဉ်းစားနိုင်သည်ဟု ဖော်ပြထားသော်လည်း စိစစ်သူများအတွက် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်က ၎င်းကို လက်တွေ့ဖြစ်မြောက်စေခြင်း မရှိပါ။ စိစစ်သူများအား တိကျသော သတ်မှတ်စံနှုန်းများ (ခြိမ်းခြောက်မှုနှင့် ပစ်မှတ်) ကို ခွဲခြားဖော်ထုတ်ပြီး ၎င်းတို့ ကိုက်ညီသည့်အခါ အကြောင်းအရာကို ဖယ်ရှားရန် ညွှန်ကြားထားသည်။ အီရန်ဆန္ဒပြကြွေးကြော်သံ အမှုတွင် ဘုတ်အဖွဲ့က ဤမကိုက်ညီမှုနှင့်ပတ်သက်၍ ၎င်း၏ စိုးရိမ်မှုကို ယခင်က မှတ်ချက်ပြုခဲ့ပြီး ယင်းအမှုတွင် သဘောထားကွဲလွဲမှုကို ဖော်ပြသော "အလင်္ကာမြောက် စကားအသုံးအနှုန်း" အား ပုံသေဖယ်ရှားမှုများကို ရပ်တန့်ရန် စိစစ်သူများအား လမ်းညွှန်ကာ ဆက်စပ်အခြေအနေကို ထည့်သွင်းစဉ်းစားနည်းနှင့်ပတ်သက်၍ မသိမသာကွဲပြားချက်များ ရှိသော လမ်းညွှန်ချက် ပေးရန် Meta ကို အကြံပြုခဲ့သည်။ အီရန်ကဲ့သို့ အခြေအနေများတွင် တင်စားသုံးနှုန်းသော စကားကို တစ်သမတ်တည်းမဟုတ်ဘဲ စည်းကမ်းထိန်းသိမ်းနိုင်ခြေ ရှိနေသေးသောကြောင့် စိုးရိမ်စရာ ဖြစ်နေဆဲဖြစ်သည်။ ထို့အပြင် လူများက ပေးအပ်သည့် လေ့ကျင့်မှုဒေတာ အရည်အသွေးသည် အလိုအလျောက်စနစ် တိကျမှုပေါ် သက်ရောက်မှုရှိသောကြောင့် တင်စားသုံးနှုန်းသော စကားကို မှားယွင်းဖယ်ရှားနိုင်ခြေ ပိုတိုးလာနိုင်သည်။
"ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများ၏ သဘောဆန္ဒမပါဘဲ သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ၎င်းတို့၏ ခေါင်းဆောင်းပဝါ မခြုံထားသော ပုံများကို ပြသခြင်းဖြင့် ၎င်းတို့ကို အန္တရာယ်ကျရောက်စေသည့် အကြောင်းအရာ" ကို တားမြစ်သော စည်းမျဉ်းရှိသောကြောင့် ဤပို့စ်ကို အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းအရလည်း ထည့်သွင်းစဉ်းစားခဲ့သည်။ ထိုအချိန်ကတည်းက မူဝါဒစာကြောင်းကို ဖော်ပြပါအတိုင်း- "[ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများကို] လူသိရှင်ကြားဖွင့်ချခြင်း- လူပုဂ္ဂိုလ်တစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ဖော်ထုတ်ပြော၍ ၎င်းတို့ကို ထိခိုက်နစ်နာစေခြင်း" ကို တားမြစ်ရန်ဟူ၍ ပြင်ဆင်ခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ အကြောင်းအရာသည် ဗီဒီယိုထဲရှိ အမျိုးသမီးအား "လူသိရှင်ကြားဖွင့်ချခြင်း" မဟုတ်ဘဲ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို အများသိရှိထားကာ သူမသည် အဖမ်းခံထားရပြီး ဖြစ်သောကြောင့် ထိခိုက်နစ်နာနိုင်ခြေမှာ လျော့နည်းသွားကြောင်း Meta ၏ အဆိုကို ဘုတ်အဖွဲ့က သဘောတူပါသည်။ အမှန်တကယ်တွင် သူမ၏ ဖမ်းဆီးခံရမှုအပေါ် အာရုံစိုက်စေရန်နှင့် သူမကို လွှတ်ပေးရန် အာဏာပိုင်များအား ဖိအားပေးရာတွင် အထောက်အကူဖြစ်စေရန် ပို့စ်ကို မျှဝေခဲ့ခြင်းဖြစ်သည်။
အီရန်ကို အရေးအခင်းကာလ မူဝါဒ ပရိုတိုကောအပါအဝင် Meta ၏ အရေးအခင်းကာလ မူဝါဒများအောက်တွင် အန္တရာယ်ရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ထားသောကြောင့် ကုမ္ပဏီသည် သီးခြားအခြေအနေတစ်ခုကို ဖြေရှင်းရန် ယာယီ မူဝါဒ ပြောင်းလဲမှုများ ("စီမံဆောင်ရွက်ချက်များ") ကို အသုံးချနိုင်သည်။ ဘုတ်အဖွဲ့က အီရန်ကိစ္စနှင့်ပတ်သက်၍ Meta ၏ အားထုတ်မှုများကို အသိအမှတ်ပြုသော်လည်း ၎င်းတို့သည် စနစ်တကျ ဖိနှိပ်မှုများရှိသော ပတ်ဝန်းကျင်များတွင် လူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်ကို အလေးထားကြောင်း သေချာစေရန် မလုံလောက်ခဲ့ပါ။
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ပို့စ်အား ဖြုတ်ချရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ပယ်ချလိုက်သည်။
ဘုတ်အဖွဲ့က Meta အနေဖြင့် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-
- အကြမ်းဖက်မှုကို လှုံ့ဆော်ရန် မရည်ရွယ်သလို လှုံ့ဆော်နိုင်ခြေလည်းမရှိသော တင်စားသုံးနှုန်းသည့် (ဆိုလိုသည်မှာ၊ တိုက်ရိုက်အဓိပ္ပာယ်မဟုတ်သည့်) ရေးသားဖော်ပြချက်များသည် သက်ဆိုင်ရာ ဆက်စပ်အခြေအနေများတွင် အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများကို တားမြစ်သည့် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒစာကြောင်းကို မချိုးဖောက်ကြောင်း ရှင်းလင်းအောင်လုပ်ရန် အရေးအခင်းကာလ မူဝါဒ ပရိုတိုကောတွင် စီမံဆောင်ရွက်ချက်တစ်ခု ထည့်ပါ။ ၎င်းတွင် သက်ဆိုင်ရာ ဆက်စပ်အခြေအနေ၌ ထိုသို့သော ရေးသားဖော်ပြချက်များကို ခွဲခြားဖော်ထုတ်နည်းနှင့်ပတ်သက်၍ အကြောင်းအရာ အမြောက်အမြား စိစစ်သူများအတွက် သတ်မှတ်စံနှုန်းများ ရေးဆွဲခြင်း ပါဝင်သင့်သည်။
*အမှုအနှစ်ချုပ်များတွင် အမှုများအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။
အမှုဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
အီရန်လမ်းမများပေါ်တွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ဟီဂျပ်မဝတ်ထားသောကြောင့် ထိပ်တိုက်ပြဿနာရှာနေပုံအား ပြထားသည့် ဗီဒီယိုတစ်ခုကို ဖြုတ်ချရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချသည်။ စာတန်းထဲရှိ အောက်ပါ – “မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်ဖို့ သိပ်မလိုတော့ဘူး” – ဟူသည့် စာကြောင်းကြောင့် Meta က ပို့စ်ကို Instagram မှ ဖယ်ရှားခဲ့ပြီး ထိုစာကြောင်းကို ဟီဂျပ် မဝတ်ထားသောကြောင့် အမျိုးသမီးကို သွားရောက်ပြောဆိုခဲ့သည့် ဗီဒီယိုထဲရှိ အမျိုးသားကို ပစ်မှတ်ထားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကုမ္ပဏီက အဓိပ္ပာယ်ကောက်ခဲ့သည်။ သက်ဆိုင်ရာ ရေးသားဖော်ပြချက်သည် တိုက်ရိုက်အဓိပ္ပာယ်ထက် တင်စားသုံးနှုန်းသောပုံစံဖြစ်ပြီး ဆက်စပ်အခြေအနေကို ထည့်သွင်းစဉ်းစားလျှင် ယုံကြည်ရလောက်သော အကြမ်းဖက်ရန် ခြိမ်းခြောက်မှုတစ်ခုကို မဖြစ်ပေါ်စေသောကြောင့် ပို့စ်သည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို မချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဘုတ်အဖွဲ့က အမှုကို ရွေးချယ်လိုက်ပြီးနောက် Meta သည် ပို့စ်ကို ဖယ်ရှားရန် ၎င်း၏ ဆုံးဖြတ်ချက်ကို ကနဦးက မူလအတိုင်းလက်ခံဆုံးဖြတ်ခဲ့သော်လည်း ဘုတ်အဖွဲ့ထံ ၎င်း၏ သဘောတရားကို မပေးပို့မီ Meta က အကြောင်းအရာကို ဖြုတ်ချရန် ၎င်း၏ မူလဆုံးဖြတ်ချက်သည် မှားယွင်းခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး ပို့စ်ကို ပလက်ဖောင်းတွင် ပြန်ထည့်သွင်းပေးခဲ့သည်။ လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် အစိုးရ၏ စနစ်တကျ ဖိနှိပ်မှု ရှိနေသည့် အခြေအနေတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်ကို အလေးထားကြောင်း သေချာစေရန် Meta ၏ အားထုတ်မှုများသည် မလုံလောက်ဟု ဘုတ်အဖွဲ့က ကောက်ချက်ချပြီး ကုမ္ပဏီ၏ အရေးအခင်းကာလ မူဝါဒ ပရိုတိုကောတွင် ပြောင်းလဲမှုတစ်ခု ပြုလုပ်ရန် အကြံပြုသည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် Instagram အသုံးပြုသူတစ်ဦးသည် အမျိုးသားတစ်ဦးက လူမြင်ကွင်းတွင် အမျိုးသမီးတစ်ဦးကို ဟီဂျပ် မဝတ်ထားသောကြောင့် ထိပ်တိုက်ပြဿနာရှာပြီး အမျိုးသမီးက သူမသည် သူမ၏ အခွင့်အရေးများအတွက် ရပ်တည်ကာကွယ်မည်ဖြစ်ကြောင်း တုံ့ပြန်နေပုံကို ပြထားသည့် ပါရှားဘာသာဖြင့်ပြောထားသော ဗီဒီယိုတစ်ခုကို အင်္ဂလိပ် စာတန်းထိုးနှင့်အတူ တင်ခဲ့သည်။ ဗီဒီယိုထဲတွင် အမျိုးသမီးကို အပြည့်အဝ မြင်နိုင်သော်လည်း အမျိုးသားကိုမူ မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားနိုင်ပါ။ ဗီဒီယိုသည် အီရန်အစိုးရနှင့် ဆက်နွှယ်သော သို့မဟုတ် အီရန်အစိုးရကို ထောက်ခံသောတစ်စုံတစ်ဦးက ကနဦးမျှဝေထားသည့် မှတ်တမ်းဖိုင်တစ်ခုကို ပြန်တင်ထားခြင်း ဖြစ်ပုံပေါ်သည်။ ဗီဒီယိုတွင် အဆိုပါအမျိုးသမီးနှင့် အစိုးရကို ရင်ဆိုင်ဆန့်ကျင်ရဲသော အီရန်နိုင်ငံသူအမျိုးသမီးများအတွက် ထောက်ခံအားပေးမှုကို ဖော်ပြကာ အစိုးရနှင့် ၎င်း၏ ထောက်ခံအားပေးသူများကို ဝေဖန်ပြစ်တင်ထားသော ပါရှားဘာသာဖြင့်ပင်ရေးထားသည့် စာတန်းတစ်ခုလည်း ပါရှိခဲ့သည်။ စာတန်းတွင် “မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်ဖို့ သိပ်မလိုတော့ဘူး” အဖြစ် Meta က ဘာသာပြန်ဆိုထားသည့် စာတန်းတစ်ခု ပါဝင်ခဲ့ပြီး အမျိုးသမီးသည် အဆိုပါဖြစ်ရပ်ပြီးနောက် အဖမ်းခံခဲ့ရကြောင်း ဖော်ပြထားသည်။ ပို့စ်တွင် ကြည့်ရှုမှုအကြိမ်ရေ ၄၇,၀၀၀၊ လိုက်ခ် ၂,၀၀၀၊ မှတ်ချက် ၁၀၀ နှင့် မျှဝေမှု ၅၀ ခန့် ရရှိခဲ့သည်။
Meta က ၎င်း၏ မူဝါဒများအပေါ် ချိုးဖောက်မှု ဖြစ်နိုင်ခြေများကို ခွဲခြားဖော်ထုတ်ရန် အသုံးပြုသည့် အယ်လ်ဂိုရီသမ်တစ်ခု ဖြစ်သည့် အလိုအလျောက် လုပ်ဆောင်သော စိစစ်ခွဲခြားမှုနည်းပညာတစ်ခုက ဤအကြောင်းအရာကို Instagram ၏ လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များကို ချိုးဖောက်နိုင်ခြေရှိသည်အဖြစ် ဦးစွာ သတိပေး အမှတ်အသားပြုခဲ့ပြီး ထို့နောက် လူကိုယ်တိုင် စိစစ်သုံးသပ်မှုအတွက် ပို့ခဲ့သည်။ စိစစ်သုံးသပ်သူများစွာက အကြောင်းအရာကို အကဲဖြတ်ခဲ့သော်လည်း နည်းပညာဆိုင်ရာ အမှားအယွင်းတစ်ခုကြောင့်နှင့် စိစစ်သုံးသပ်သူများက ပို့စ်သည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်ခဲ့ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ တူညီစွာ ကောက်ချက်မချခဲ့သောကြောင့် ၎င်းကို ကနဦးက မဖယ်ရှားခဲ့ပါ။ ထို့နောက် အသုံးပြုသူတစ်ဦးက အကြောင်းအရာကို တိုင်ကြားခဲ့ပြီး ၎င်းကို တုံ့ပြန်သည့်အနေဖြင့် အလိုအလျောက် လုပ်ဆောင်သော စိစစ်ခွဲခြားမှုနည်းပညာတစ်ခုက အကြောင်းအရာသည် Meta ၏ မူဝါဒများကို ချိုးဖောက်နိုင်ခြေရှိခဲ့ကြောင်း ထပ်မံဆုံးဖြတ်ခဲ့ပြီး ၎င်းကို နောက်ထပ်စိစစ်သုံးသပ်မှုအတွက် ပို့ခဲ့သည်။ အကြောင်းအရာကို အသုံးပြုသူတစ်ဦးက တိုင်ကြားခဲ့ပြီး တစ်ကြိမ်သာ တိုင်ကြားခဲ့သည်။ Meta ၏ ဒေသဆိုင်ရာနှင့် ဘာသာစကားကျွမ်းကျင်သူများ အဖွဲ့၏ ဤနောက်ထပ်စိစစ်သုံးသပ်မှုအဆင့်အပြီးတွင် Meta သည် ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအရ ပို့စ်ကို Instagram မှ ဖယ်ရှားခဲ့သည်။ စာတန်းထဲရှိ အောက်ပါစာကြောင်းဖြစ်သည့်- “မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်ဖို့ သိပ်မလိုတော့ဘူး” အပေါ် အခြေခံ၍ ပို့စ်ကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို ချခဲ့သည်။ ကုမ္ပဏီသည် ဤစာကြောင်းအား အမျိုးသမီးကို ဟီဂျပ်မဝတ်ထားသောကြောင့် သွားရောက်ပြောဆိုခဲ့သည့် ဗီဒီယိုထဲရှိ အမျိုးသားကို ပစ်မှတ်ထားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် အဓိပ္ပာယ်ကောက်ခဲ့သည်။ ပို့စ်ကို ဖန်တီးခဲ့သည့် အသုံးပြုသူသည် ပို့စ်ကို ဖြုတ်ချရန် ဆုံးဖြတ်ချက်ကို Meta ထံ အယူခံဝင်ခဲ့သည်။ စိစစ်သုံးသပ်သူတစ်ဦးက ဖယ်ရှားရန် ဆုံးဖြတ်ချက်ကို မူလအတိုင်း လက်ခံဆုံးဖြတ်ခဲ့သည်။
ထို့နောက် အကြောင်းအရာကို တင်ခဲ့သည့် အသုံးပြုသူက ဖယ်ရှားမှုကို ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အမှုကို ဥပဒေရေးရာ စိစစ်သုံးသပ်မှု လုပ်ရန်အတွက် ရွေးထုတ်ခဲ့ချိန်တွင် Meta သည် အကြောင်းအရာကို ဖယ်ရှားရန် ၎င်း၏ ဆုံးဖြတ်ချက်ကို မူလအတိုင်း လက်ခံဆုံးဖြတ်ခဲ့သည်။ ဤစိစစ်သုံးသပ်မှုအဆင့်တွင် Meta သည် ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများအား "လူသိရှင်ကြားဖွင့်ချခြင်း" သည် ထိုအမျိုးသမီးများကို ထိခိုက်နစ်နာစေသည့်အခါ ယင်းလုပ်ရပ်ကို တားမြစ်သည့် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်။ အကြောင်းအရာကို တင်ခဲ့သည့်အချိန်တွင် အမျိုးသမီးသည် အစိုးရ၏ ဖမ်းဆီးမှုကို ခံရပြီးဖြစ်သည်။ ဘုတ်အဖွဲ့က အမှုကို ရွေးချယ်ပြီးနောက် ကုမ္ပဏီသည် ၎င်း၏ ဒေသဆိုင်ရာအဖွဲ့မှ ထပ်ဆောင်း ပါဝင်အကြံပြုချက်နှင့် ကျူးဘားတွင် အမျိုးသမီးများဆန္ဒပြရန် တိုက်တွန်းနှိုးဆော်ခြင်း အမှုရှိ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ပေါ် အခြေခံ၍ ၎င်း၏ ဆုံးဖြတ်ချက်ကို နောက်ပိုင်းတွင် ပြောင်းလဲခဲ့ပြီး အကြောင်းအရာကို ပြန်ထည့်သွင်းပေးခဲ့သည်။
ဘုတ်အဖွဲ့က ၎င်း၏ အီရန်ဆန္ဒပြကြွေးကြော်သံ ဆုံးဖြတ်ချက်တွင် မှတ်ချက်ပြုခဲ့သည့်အတိုင်း အီရန်ပြည်သူများသည် အနည်းဆုံး ၁၉၇၉ ခုနှစ် တော်လှန်ရေးကတည်းက အစိုးရအပေါ်နှင့် နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများနှင့် ကျား/မ တန်းတူညီမျှရေးအတွက် ဆန္ဒပြလာခဲ့ကြသည်။ ၂၀၂၃ ခုနှစ်တွင်၊ ထောင်သွင်းအကျဉ်းချခံထားရသော လူ့အခွင့်အရေးကာကွယ်သူတစ်ဦးဖြစ်သည့် Narges Mohammadi အား "အမျိုးသမီး အခွင့်အရေးအတွက် နှစ်ပေါင်း ၂၀ ကျော် တိုက်ပွဲဝင်လာခဲ့ပြီး အီရန်နိုင်ငံ၏ ဘာသာရေးခေါင်းဆောင်များ ဦးဆောင်အုပ်ချုပ်သည့် စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် သူမကို လွတ်လပ်မှုသင်္ကေတနှင့် ဦးဆောင်ပုဂ္ဂိုလ်ဖြစ်လာစေခဲ့သည့် ကြိုးပမ်းအားထုတ်မှု" အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခဲ့သည်။ အီရန်၏ ပြစ်မှုဆိုင်ရာဥပဒေသည် "သင့်လျော်သော ဟီဂျပ်" ဝတ်ထားခြင်းမရှိဘဲ လူမြင်ကွင်းသို့ ထွက်လာသော အမျိုးသမီးများအား ထောင်ဒဏ်၊ ဒဏ်ငွေ သို့မဟုတ် ကြိမ်ဒဏ် အပြစ်ပေးသည်။ အီရန်ရှိ အမျိုးသမီးများအား အချို့သော လေ့လာမှုနယ်ပယ်များတွင် ပါဝင်သင်ယူခွင့်နှင့် အများပြည်သူနေရာများစွာတွင် ဝင်ထွက်ခွင့်ကိုလည်း တားမြစ်ပိတ်ပင်ထားပြီး ပြည်သူများအား ဆန့်ကျင်ဘက်လိင်များနှင့် ကခုန်ခြင်းနှင့် အခြားသောအရာများကိုလည်း တားမြစ်ထားသည်။ အမျိုးသားများအား အိမ်ထောင်ဦးစီးအဖြစ် ယူဆပြီး အမျိုးသမီးများသည် အလုပ်လုပ်ရန်၊ အိမ်ထောင်ပြုရန် သို့မဟုတ် ခရီးသွားရန် ၎င်းတို့၏ ဖခင် သို့မဟုတ် ခင်ပွန်း၏ ခွင့်ပြုချက် လိုအပ်သည်။ အမျိုးသမီးတစ်ဦး၏ တရားရုံးထွက်ဆိုချက်ကို အမျိုးသားတစ်ဦး၏ ထွက်ဆိုချက်လောက် အရေးမပါဟု စဉ်းစားပြီး အမျိုးသမီးများအတွက် တရားမျှတမှု ရရှိခွင့်ကို ကန့်သတ်ထားသည်။
အီရန်နိုင်ငံအာဏာပိုင်များက ၂၀၂၂ ခုနှစ်တွင် ဟီဂျပ်မဝတ်မနေရ ပြဋ္ဌာန်းချက် အစီအမံများကို အရှိန်တိုးမြှင့်၍ ချဲ့ထွင်ခဲ့ပြီးနောက် အမျိုးသမီးများသည် ပိုမိုမြင့်တက်လာသော စိစစ်မှုများကို ရင်ဆိုင်ခဲ့ရပြီး ယင်းကြောင့် မကြာခဏဆိုသလို နှုတ်ဖြင့်လည်းကောင်း၊ ကိုယ်ထိလက်ရောက်လည်းကောင်း နှောင့်ယှက်မှုနှင့် ဖမ်းဆီးမှုများခံခဲ့ရသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ၂၂ နှစ်အရွယ် Jina Mahsa Amini သည် နိုင်ငံ၏ "သင့်လျော်သော ဟီဂျပ်" ဝတ်ဆင်ခြင်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာခြင်းမရှိဟု စွပ်စွဲခံရသည့်အတွက် ဖမ်းဆီးခံရပြီး သုံးရက်အကြာ ရဲစခန်း အချုပ်ခန်းထဲတွင် သေဆုံးခဲ့သည်။ သူမ၏ သေဆုံးမှုသည် နိုင်ငံတစ်ဝန်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နာကြည်းမှုနှင့် ကန့်ကွက်ဆန္ဒပြမှုလှိုင်းများနှင့် အစိုးရကို ဆန့်ကျင်သော လှုပ်ရှားမှုတစ်ရပ်ကို အစပျိုးခဲ့ပြီး ၎င်းကို- “Zan, Zendegi, Azadi” (“အမျိုးသမီး၊ ဘဝ၊ လွတ်လပ်ရေး”) ဟု သိကြသည်။ ယင်းလှုပ်ရှားမှုသည် အာဏာပိုင်များ၏ အကြမ်းဖက် ဖြိုခွင်းခြင်းကို ဖြစ်ပေါ်စေခဲ့ပြီး အကြမ်းဖက် ဖြိုခွင်းခြင်းကြောင့် ၂၀၂၂ ခုနှစ်အကုန်တွင် သေဆုံးသူ ၅၀၀ ကျော်ရှိကြောင်း အတည်ပြုခဲ့ပြီး ဆန္ဒပြသူများအပြင် လှုပ်ရှားမှုအတွက် ထောက်ခံကြောင်း ဖော်ထုတ်ပြောဆိုခဲ့သည့် သတင်းစာဆရာများ၊ ရှေ့နေများ၊ တက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်များနှင့် အားကစားသမားများ အပါအဝင် ခန့်မှန်းခြေ လူပေါင်း ၁၄,၀၀၀ အဖမ်းခံခဲ့ရသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အီရန် ပါလီမန်သည် "ဟီဂျပ်နှင့် ဗြဟ္မစရိယကျင့်ခြင်း" ဥပဒေမူကြမ်းအသစ်တစ်ရပ်ကို အတည်ပြုခဲ့သည်။ ယင်းဥပဒေအရ အမျိုးသမီးများသည် ဟီဂျပ်မဝတ်မနေရ စည်းမျဉ်းများကို ဆက်လက်မနာခံလျှင် ထောင်ဒဏ် ၁၀ နှစ်အထိ ရင်ဆိုင်ရနိုင်သည်။ ဟီဂျပ်မဝတ်သော အမျိုးသမီးများကို ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများသည်လည်း ပိတ်ဆို့အရေးယူမှုများနှင့် ပိတ်သိမ်းခံရနိုင်ခြေကို ရင်ဆိုင်ရမည်ဖြစ်သည်။
လူမှုကွန်ရက်သည် ဆန္ဒပြမှုများကို ဆော်ဩစည်းရုံးခြင်းနှင့် အရေးကြီးသော အချက်အလက်များကို တိုက်ရိုက်ထုတ်လွှင့်ခြင်း (လူထုသဘောထားမှတ်ချက် PC ၂၁၀၀၇၊ PC-၂၁၀၁၁ ကို ကြည့်ပါ)၊ အနိုင်ကျင့်စော်ကားမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်သော အထောက်အထားများကို မှတ်တမ်းတင်ခြင်းနှင့် အများသိရှိအောင် ထိန်းသိမ်းထားခြင်း (PC-၂၁၀၀၈၊ ပူးတွဲပါ) တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး အီရန်နိုင်ငံရှိ အမျိုးသမီးများ၏ ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုတွင် အဓိကကျခဲ့သည်။
သို့ရာတွင် အွန်လိုင်းကမ်ပိန်းများသည် အမျိုးသမီးများအား ခြိမ်းခြောက်မှုများ၊ အသရေဖျက်သည့် နှိုးဆော်မှုများ၊ ဖမ်းဆီးမှုများနှင့် ထောင်ချခြင်းအပါအဝင် အစိုးရ၏ ပိုမိုဖိနှိပ်မှုများကိုလည်း ခံရနိုင်စေသည်။ အစ္စလာမ်တော်လှန်ရေး အစောင့်တပ်နှင့် အီရန်အစိုးရနှင့်ဆက်နွှယ်သော အဖွဲ့အစည်းများပါသည့် ကျယ်ပြန့်သော ကွန်ရက်တစ်ခုသည် Instagram နှင့် Telegram တို့တွင် လှုပ်ရှားဆောင်ရွက်ကြပြီး အဆိုပါပလက်ဖောင်းနှစ်ခုအနက် ဒုတိယတစ်ခုကို ဆန္ဒပြသူများနှင့် အမြင်မတူသူများကို တိုက်ရိုက်ပစ်မှတ်ထားရန်နှင့် စွပ်စွဲရန် အသုံးပြုလေ့ရှိကြောင်း ဘုတ်အဖွဲ့မှ ဆွေးနွေးတိုင်ပင်ခဲ့သော ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့သည်။
ဘုတ်အဖွဲ့ထံ ပေးပို့ခဲ့သည့် လူထုသဘောထား မှတ်ချက်များစွာတွင် "အစိုးရနှင့် သဘောထားကွဲလွဲ ဆန့်ကျင်သူများနှင့်ဆက်စပ်သော အကြောင်းအရာများကို ဖယ်ရှားရန် သို့မဟုတ် ၎င်းတို့ကို တရားဝင်အသိမပေးဘဲ ပိတ်ပင်စာရင်းထဲတွင် ထည့်ထားရန်အတွက် လူမှုကွန်ရက်ကုမ္ပဏီများအား ဖိအားပေးရန်" အလို့ငှာ အသုံးပြုသူတိုင်ကြားရေးစနစ်ကို အသုံးချ၍ Instagram ပေါ်ရှိ ကန့်ကွက်ဆန္ဒပြမှု အကြောင်းအရာများကို အစုလိုက်အပြုံလိုက် တိုင်ကြားသည့် အစိုးရ၏ နည်းဗျူဟာကိုလည်း ဦးစားပေးဖော်ပြခဲ့သည် (လူထုသဘောထားမှတ်ချက် PC-၂၁၀၁၁၊ PC-၂၁၀၀၉ ကို ကြည့်ပါ)။ အီရန်ထောက်လှမ်းရေး အရာရှိများက အကြောင်းအရာစိစစ်သူများကို ငွေပေး၍ အစိုးရကိုဝေဖန်သူများ မျှဝေထားသည့် အကြောင်းအရာကို ဖယ်ရှားခိုင်းသည်ဟူသော တိုင်ကြားချက်များလည်း ရှိခဲ့သည်။
အာဏာပိုင်များက နိုင်ငံအနှံ့ အင်တာနက်ဖြတ်တောက်ခြင်းနှင့် လူမှုကွန်ရက် ပလက်ဖောင်းများကို စိစစ်ဖယ်ရှားခြင်း အပါအဝင် သဘောထားကွဲလွဲမှုကို ထုတ်ဖော်ပြောနိုင်သည့် လမ်းကြောင်းများကို အာဏာသုံး၍ နှိပ်ကွပ်သဖြင့် အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်သူများ၊ အမျိုးသမီး အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများနှင့် သတင်းစာဆရာများကို ဆက်တိုက်ဖိနှိပ်ခြင်းနှင့် ပစ်မှတ်ထားခြင်းအပေါ် စိုးရိမ်မှုများရှိကြောင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အီရန်နှင့်ပတ်သက်၍ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က အစီရင်ခံခဲ့သည်။
၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော လူပုဂ္ဂိုလ်ထံမှ အယူခံလွှာကို ရရှိပြီးနောက်တွင် Meta ၏ ချမှတ်ထားသော ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။
ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင် သို့မဟုတ် ပယ်ဖျက်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၅)။ ထို့ပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော အခြေအနေရှိသည့် အလားတူ အကြောင်းအရာနှင့်ပတ်သက်၍ ၎င်း၏ဆုံးဖြတ်ချက်ကို အသုံးချနိုင်ခြေရှိ၊ မရှိကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် မဖြစ်မနေ လိုက်နာစရာမလိုသော်လည်း တုံ့ပြန်ရမည့် အကြံပြုချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၄၊ ပိုဒ်ခွဲ ၄)။ Meta က အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကတိကဝတ်ပြုသည့်အခါ ဘုတ်အဖွဲ့က ၎င်းတို့ကို အကောင်အထည်ဖော်မှုအား စောင့်ကြည့်ပါသည်။
Meta က ၎င်းအနေဖြင့် အမှားလုပ်ခဲ့ကြောင်း နောက်ပိုင်းတွင် ဝန်ခံသည့် ဤကဲ့သို့အမှုများကို ဘုတ်အဖွဲ့က ရွေးချယ်သောအခါ အကြောင်းအရာစိစစ်ရေး လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများလျှော့ချပြီး Facebook နှင့် Instagram အသုံးပြုသူများအတွက် ပိုမိုတရားမျှတမှုရှိစေရေး အကြံပြုချက်များပေးရန် ဘုတ်အဖွဲ့သည် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်သည်။
၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များနှင့် လမ်းညွှန်ချက်
ဤအမှုတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ စံနှုန်းများနှင့် သာဓကများဖြင့် အသိပေးတင်ပြခဲ့သည်-
၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ယခင်ချမှတ်ထားပြီးဖြစ်သော သက်ဆိုင်မှုအရှိဆုံး ဆုံးဖြတ်ချက်များတွင် အောက်ပါတို့ ပါဝင်သည်-
- ကျူးဘားတွင် အမျိုးသမီးများဆန္ဒပြရန် တိုက်တွန်းနှိုးဆော်ခြင်း
- ပီရူးသမ္မတအား တင်စားသော ပြောဆိုမှု
- အီရန်ဆန္ဒပြကြွေးကြော်သံ
- အိုကလန်ကို သီးခြားခွဲ၍ ထိန်းသိမ်းထားမှု
- ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ်
၂။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ
ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာမှုကို ကုမ္ပဏီက “ပဓာန” အဖြစ် ဖော်ပြထားသော Meta ၏ သဘောထားထုတ်ဖော်ခွင့် ကတိကဝတ်နှင့် ၎င်း၏ အန္တရာယ်ကင်းရှင်းရေး၊ ကိုယ်ရေးလုံခြုံမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ စံတန်ဖိုးများဖြင့် အသိပေးတင်ပြခဲ့သည်။
Instagram လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များ
Instagram လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များတွင် ကုမ္ပဏီသည် "ယုံကြည်ရလောက်သော ခြိမ်းခြောက်မှုများပါဝင်ပြီး ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းနှင့်ဆက်နွှယ်နေသည့် အကြောင်းအရာကို ဖယ်ရှားမည်” ဟု ဖော်ပြထားပါသည်။ လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များသည် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းမရှိပါ။ Meta ၏ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွက် လူမှုစံနှုန်း ထိန်းသိမ်းတင်းကျပ်ရေးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ "Facebook နှင့် Instagram တို့၌ အကြောင်းအရာဆိုင်ရာ မူဝါဒများ တူညီကြသည်။ ဆိုလိုသည်မှာ အကြောင်းအရာကို Facebook တွင် ချိုးဖောက်သည်ဟု လက်ခံယူဆလျှင် ၎င်းကို Instagram တွင်လည်း ချိုးဖောက်သည်ဟု လက်ခံယူဆသည်။"
အကြောင်းအရာကို ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအရ ဖယ်ရှားခဲ့သည်။ ဘုတ်အဖွဲ့က အမှုကို ရွေးချယ်လိုက်ပြီးနောက် Meta သည် အကြောင်းအရာကို ၎င်း၏ အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်း မူဝါဒအရလည်း ဆန်းစစ်လေ့လာခဲ့သည်။
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်း
မူဝါဒဆိုင်ရာ သဘောတရားအရ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းသည် Meta ၏ ပလက်ဖောင်းများတွင် ပေါ်လာသည့် "အကြောင်းအရာနှင့်စပ်လျဉ်းပြီး ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်မှု ဖြစ်နိုင်ခြေကို တားဆီးရန်" ရည်ရွယ်သည်။ တစ်ချိန်တည်းတွင် "လူများသည် အလေးအနက်သဘောမဟုတ်သည့် ပေါ့ပျက်ပျက် နည်းလမ်းများသုံး၍ အကြမ်းဖက်ရန် ခြိမ်းခြောက်ခြင်း သို့မဟုတ် နှိုးဆော်ခြင်းဖြင့် အထင်အမြင်သေးမှု သို့မဟုတ် သဘောထားကွဲလွဲမှုတို့ကို ထုတ်ဖော်ပြတတ်ကြသည်" ကို Meta က သိနားလည်ထားပါသည်။ ထို့ကြောင့် အကြောင်းအရာတွင် "ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှု" ကို ကျူးလွန်ရန် "ရည်ရွယ်သော ရေးသားဖော်ပြချက်များ" ဖြင့် မည်သူ့ကိုမဆို ပစ်မှတ်ထားသည့် အကြောင်းအရာအပါအဝင် "သေစေနိုင်လောက်သော အကြမ်းဖက် [ခြိမ်း]ခြောက်မှုများ" ပါဝင်သည်ဟု ကုမ္ပဏီက ယူဆသည့်အခါ Meta သည် ယင်းအကြောင်းအရာကို ဖယ်ရှားသည်။ ၎င်းသည် ခြိမ်းခြောက်မှုတစ်ခုကို ယုံကြည်ရလောက်ခြင်းရှိ၊ မရှိ အကဲဖြတ်သည့်အခါ လူပုဂ္ဂိုလ်ကို "အများမြင်တွေ့သိရှိနိုင်စွမ်းနှင့် ပစ်မှတ်ထားခံရသူ၏ အားနည်းချက်" ကဲ့သို့သော မည်သည့်ထပ်ဆောင်း အချက်အလက်မဆို ဖြစ်နိုင်သည့် ရေးသားဖော်ပြချက်၏ ဆက်စပ်အခြေအနေကို ထည့်သွင်းစဉ်းစားသည်ဟု ၎င်းက ဆိုသည်။
မူဝါဒ၏ "ပို့စ်မတင်ရ" ကဏ္ဍသည် အထူးသဖြင့် “သေစေနိုင်လောက်သော အကြမ်းဖက်ခြိမ်းခြောက်မှုများ (နှင့် အခြားသော ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုပုံစံများ)” ကို တားမြစ်ထားသည်။ "ခြိမ်းခြောက်မှု" ဟူသော စကားလုံးတွင် ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို ကျူးလွန်ရန် "ရည်ရွယ်သော ရေးသားဖော်ပြချက်များ" ပါဝင်သည်။
အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်း
မူဝါဒဆိုင်ရာ သဘောတရားအရ အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းသည် လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများ၊ ပိုင်ဆိုင်မှု သို့မဟုတ် တိရစ္ဆာန်များအား ပစ်မှတ်ထားသော ရာဇဝတ်မှုမြောက်သည့် သို့မဟုတ် ထိခိုက်နစ်နာစေနိုင်သည့် လုပ်ဆောင်ချက်အချို့ကို ပံ့ပိုးကူညီခြင်း၊ စီစဉ်ခြင်း၊ အားပေးခြင်း သို့မဟုတ် ကျူးလွန်ခြင်းများမပြုရန် လူများကို တားမြစ်ခြင်းဖြင့် "ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှုနှင့် လိုက်လံတုပသော အပြုအမူများကို ဟန့်တားရန်" ရည်ရွယ်သည်။ ၎င်းတွင် အခြားအရာများအနက် "လူသိရှင်ကြားဖွင့်ချခံရခြင်းကြောင့် အန္တရာယ်ကျရောက်နိုင်သည့် အုပ်စုတစ်စုတွင် ပါဝင်သူ"ဟု ဆိုထားသော မည်သူမဆို၏ အထောက်အထား သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်သော တည်နေရာများကို ဖော်ထုတ်သော အကြောင်းအရာအဖြစ် Meta က သတ်မှတ်ထားသည့် "လူသိရှင်ကြားဖွင့်ချခြင်း" ပါဝင်ပါသည်။ အတိုင်းအတာဖြင့် စိစစ်သူများသည် ဤမူဝါဒစာကြောင်းကို သတ်မှတ်ထားသည့် အချို့သောအုပ်စုများနှင့် စပ်လျဉ်း၍သာ သက်ရောက်ပြဋ္ဌာန်းပါသည်။ နောက်ထပ်ဆက်စပ်အခြေအနေအရ ထပ်ဆောင်းအလေးထားစိစစ်ခြင်း ပြုလုပ်သည့်အခါ အကြောင်းအရာတင်ခဲ့ချိန်တွင် Meta ၏ မူဝါဒ၌ ၎င်းသည် "ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများ၏ သဘောဆန္ဒမပါဘဲ သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ၎င်းတို့၏ ခေါင်းဆောင်းပဝါ မခြုံထားသော ရုပ်ပုံများကို ပြသခြင်းဖြင့် ၎င်းတို့ကို အန္တရာယ်ကျရောက်စေသည့် အကြောင်းအရာ" ကိုလည်း ဖယ်ရှားနိုင်သည်ဟု ဖော်ပြထားခဲ့သည်။ ယခုအခါ ဤအသုံးအနှုန်းကို ဖော်ပြပါအတိုင်း- "[ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများ]အား လူသိရှင်ကြားဖွင့်ချခြင်း- လူပုဂ္ဂိုလ်တစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ဖော်ထုတ်ပြော၍ ၎င်းတို့ကို ထိခိုက်နစ်နာစေခြင်း" ကို တားမြစ်ရန်ဟူ၍ ပြင်ဆင်လိုက်ပါသည်။
၃။ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် ထောက်ခံချက်ပေးထားသည့် စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ် ချမှတ်ထားသည်။ ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် Meta ၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒသည် UNGP များတွင် ဖော်ပြခဲ့သည့်အတိုင်း အခွင့်အရေးများကို လေးစားလိုက်နာရန် ကုမ္ပဏီ၏ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့သည်။
အောက်ပါ နိုင်ငံတကာ စံနှုန်းများသည် ဤအမှုတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်နှင့် သက်ဆိုင်နိုင်သည်-
- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်- အပိုဒ် ၁၉၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးအပေါ် အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်စာချုပ် (ICCPR)၊ အထွေထွေမှတ်ချက်နံပါတ် ၃၄၊ လူ့အခွင့်အရေးကော်မတီ (၂၀၁၁)၊ လွတ်လပ်စွာ ရှုမြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက်ကိုယ်စားလှယ်၊ အစီအရင်ခံစာများ- က/HRC/၃၈/၃၅ (၂၀၁၈)၊ က/၇၄/၄၈၆ (၂၀၁၉)၊ ရာဘတ်အရေးယူဆောင်ရွက်ချက် အစီအစဉ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အစီရင်ခံစာ- က/HRC/၂၂/၁၇/ဖြည့်စွက်ချက် ၄ (၂၀၁၃)။
- လွတ်လပ်သော ငြိမ်းချမ်းစွာ စုဝေးခွင့်- အပိုဒ် ၂၁၊ ICCPR။ အထွေထွေမှတ်ချက် နံပါတ် ၃၇၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၂၀။
- အသက်ရှင်ရပ်တည်ခွင့်- အပိုဒ် ၆၊ ICCPR။
- လူတစ်ဦး၏ လွတ်လပ်မှုနှင့် ဘေးကင်းလုံခြုံမှု ရပိုင်ခွင့်- အပိုဒ် ၉၊ ICCPR။
- ခွဲခြားဆက်ဆံခြင်းမခံရခွင့်- အပိုဒ် ၂ (၁)၊ ၃ နှင့် ၂၆၊ ICCPR၊ အပိုဒ် ၁ နှင့် အပိုဒ် ၇ (နိုင်ငံ၏ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ ကိစ္စရပ်များတွင် ပါဝင်ရာ၌ ခွဲခြားဆက်ဆံမခံရခွင့်)၊ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပုံစံအားလုံး ပပျောက်ရေး သဘောတူစာချုပ် ( CEDAW)။ လူ့အခွင့်အရေး ကာကွယ်သူများဆိုင်ရာ ကြေညာစာတမ်း၊ အပိုဒ် ၈၊ ခွဲခြားဆက်ဆံခြင်းမခံရဘဲ ပြည်သူ့ရေးရာလုပ်ဆောင်မှုတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ပိုင်ခွင့်ကိုလည်း ကြည့်ပါ။
- ကိုယ်ရေးလုံခြုံမှု ရရှိခွင့်- အပိုဒ် ၁၇၊ ICCPR။
၅။ အသုံးပြုသူ၏ တင်ပြချက်များ
အကြောင်းအရာကို တင်ခဲ့သည့် အသုံးပြုသူက ဖယ်ရှားခံရမှုနှင့်ပတ်သက်၍ ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။ အသုံးပြုသူက ၎င်း၏ရှင်းလင်းဖော်ပြချက်တွင် ပို့စ်သည် အမျိုးသမီးတစ်ဦးကို ဟီဂျပ်မဝတ်ထားသောကြောင့် ထိပ်တိုက်ပြဿနာရှာနေသော အီရန်အစိုးရ၏ ကိုယ်စားလှယ်တစ်ဦးကို ပြထားသည်ဟု ရှင်းပြခဲ့သည်။ ဗီဒီယိုထဲတွင် မိမိအခွင့်အရေးကို ရပ်တည်ပြောဆိုနေသော အီရန်နိုင်ငံသူ အမျိုးသမီး၏ ရဲရင့်မှုကို ပြထားသည်ဟု အသုံးပြုသူက ဆိုခဲ့သည်။ အခြားသူများကလည်း လူမှုကွန်ရက်တွင် အလားတူဗီဒီယိုများကို မျှဝေထားကြောင်းနှင့် အကြောင်းအရာသည် ထိခိုက်နစ်နာစေခြင်း သို့မဟုတ် အန္တရာယ်ဖြစ်စေခြင်းမရှိဘဲ မည်သည့် Instagram မူဝါဒကိုမျှ မချိုးဖောက်ခဲ့ကြောင်း အသုံးပြုသူက ဖော်ပြထားသည်။
၆။ Meta ၏ တင်ပြချက်များ
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်း
ဤအမှုရှိ အကြောင်းအရာကို ဖယ်ရှားရန် ၎င်း၏ ကနဦးဆုံးဖြတ်ချက်သည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒပေါ် အခြေခံခဲ့ကြောင်း Meta က ဘုတ်အဖွဲ့ကို ပြောပြခဲ့သည်။ ၎င်း၏ ဆုံးဖြတ်ချက်သည် “မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်ဖို့ သိပ်မလိုတော့ဘူး" ဟု ကုမ္ပဏီက ဘာသာပြန်ထားသည့် ပို့စ်ပါစာတန်း၏ တစ်စိတ်တစ်ပိုင်းပေါ် အခြေခံခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ ဤစာကြောင်းသည် အမျိုးသမီးကို ဟီဂျပ်မဝတ်ထားသောကြောင့် ပြဿနာရှာခဲ့သည့် ဗီဒီယိုထဲရှိ အမျိုးသားကို ပစ်မှတ်ထားခဲ့သည်ဟု ကုမ္ပဏီက အဓိပ္ပာယ်ကောက်ခဲ့သည်။ “မင်းကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မယ်” ဟူသော စကားစုသည် အီရန်နိုင်ငံနှင့်ဆက်စပ်သော အခြေအနေတွင် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေရန် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ကြောင်း ၎င်း၏ ဒေသဆိုင်ရာ အဖွဲ့က ဆုံးဖြတ်ခဲ့သည်။ အဆိုပါအဓိပ္ပာယ်ကောက်ယူမှုကို ထောက်ဆ၍ Meta သည် ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအရ အကြောင်းအရာကို ဖယ်ရှားရန် ဆုံးဖြတ်ချက်ကို အစပိုင်းက မူလအတိုင်း လက်ခံဆုံးဖြတ်ခဲ့သည်။
ဘုတ်အဖွဲ့က အမှုကို ဥပဒေရေးရာ စိစစ်သုံးသပ်မှုအတွက် ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်သည့်အခါ Meta က အကြောင်းအရာကို ဖယ်ရှားရန် ၎င်း၏ဆုံးဖြတ်ချက်ကို မူလအတိုင်း လက်ခံဆုံးဖြတ်ခဲ့သော်လည်း ဘုတ်အဖွဲ့က ဤအမှုကို ရွေးချယ်ပြီးနောက် ၎င်းသည် ၎င်း၏ ဆုံးဖြတ်ချက်ကို နောက်ပိုင်းတွင် ပြောင်းလဲခဲ့ပြီး ဒေသဆိုင်ရာ အဖွဲ့၏ ထပ်ဆောင်းအကြံပြုချက်ပေါ် အခြေခံ၍ အကြောင်းအရာကို ပြန်ထည့်သွင်းခဲ့သည်။ အဆိုပါအကြံပြုချက်ပေါ်အခြေခံ၍ စာတန်းထဲရှိ အသုံးအနှုန်း၏ ဖြစ်နိုင်ခြေအရှိဆုံး အဓိပ္ပာယ်ကောက်ယူမှုသည် ဗီဒီယိုထဲရှိ အမျိုးသားကို ပစ်မှတ်ထားသော တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ခုထက် အီရန်အစိုးရကို ဖြုတ်ချရန် သို့မဟုတ် ဟီဂျပ်မဝတ်မနေရ ဥပဒေကို ထောက်ခံသူများအား ရည်ညွှန်းပြောဆိုမှုတစ်ခု ဖြစ်ခဲ့ကြောင်း Meta က ကောက်ချက်ချခဲ့သည်။
၎င်း၏နောက်ဆုံးစိစစ်သုံးသပ်မှုတွင် အကြောင်းအရာသည် ဟီဂျပ်မဝတ်ထားခြင်းကြောင့် ဗီဒီယိုထဲရှိ အမျိုးသား၏ ထိပ်တိုက်ပြဿနာရှာခြင်းကို ခံရသည့် အမျိုးသမီးကဲ့သို့ အမျိုးသမီးများအပေါ် ကျူးလွန်သော အနိုင်ကျင့်စော်ကားမှုများကို ပိုမိုသိရှိစေရန်နှင့် အာရုံစိုက်စေရန် ရည်ရွယ်ခဲ့ကြောင်း Meta က ကောက်ချက်ချခဲ့သည်။ အသုံးပြုသူသည် အီရန်နိုင်ငံသူအမျိုးသမီးများ၏ ခွန်အားကို ရည်ညွှန်းပြီး ဗီဒီယိုကို ရိုက်ကူးသောအမျိုးသား သို့မဟုတ် အစိုးရတစ်ရပ်လုံးကို ရည်ညွှန်း၍ "ယုတ်မာရက်စက်မှု" ကို ဝေဖန်ပြီး ဗီဒီယိုထဲရှိ အမျိုးသမီး၏ ဖမ်းဆီးခံရမှုကို ပိုမိုသတိပြုမိစေရန် တင်ပြထားသည်။ ခြိမ်းခြောက်နိုင်ခြေရှိသော အသုံးအနှုန်းကို ဤအခြေအနေအလုံးစုံနှင့်ဆက်စပ်၍ အဓိပ္ပာယ်ကောက်ပြီး နားလည်သင့်ကြောင်း Meta က ရှင်းပြခဲ့သည်။ အီရန်ဆန္ဒပြကြွေးကြော်သံ အမှုရှိ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ကိုးကားလျက် Meta က ၎င်း၏ သဘောတရားတွင် မှတ်ချက်ပြုခဲ့သော ဤသတိပြုမိစေခြင်း အမျိုးအစားသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရန်အတွက် နေရာအကန့်အသတ်ရှိသော အီရန်နိုင်ငံတွင် အထူးအရေးကြီးသည်။
နောက်ထပ် သုတေသနပြုပြီးနောက် ဒေသဆိုင်ရာ အဖွဲ့များက “မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်ဖို့ သိပ်မလိုတော့ဘူး” ဟူသော အသုံးအနှုန်း၏ ကျိုးကြောင်းဆီလျော်မှုအရှိဆုံး အဓိပ္ပာယ်ကောက်ယူချက်သည် အမှန်တကယ် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ခဲ့ဘဲ အစိုးရတစ်ရပ်လုံး သို့မဟုတ် ပို၍ယေဘုယျဆိုရသော် ဟီဂျပ်မဝတ်မနေရ ပြဋ္ဌာန်းချက်ကို ထောက်ခံသည့်လူများအပေါ် ရည်ညွှန်းသည့် နိုင်ငံရေးဝေဖန်မှုတစ်ခုသာဖြစ်ခဲ့သည်ဟု အကြံပြုခဲ့ကြောင်းလည်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ “မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်မယ်” ဟူသောစကားသည် ယေဘုယျအားဖြင့် လူတစ်ဦး၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်၍ သတ်ခြင်းအား ရည်ညွှန်းသော်လည်း ဤနေရာတွင် ၎င်းကို အစိုးရအား ဖြုတ်ချခြင်းအဖြစ် နားလည်သင့်သည် (ပီရူးသမ္မတအား တင်စားသော ပြောဆိုမှု အနှစ်ချုပ်ဆုံးဖြတ်ချက်တွင် အသုံးပြုသည့် တင်စားသော အသုံးအနှုန်းနှင့် ဆင်တူသည်)။
အကြောင်းအရာကို နောက်ဆုံးတွင် ကုမ္ပဏီက ပြန်ထည့်သွင်းလိုက်သည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ပို့စ်ကို ဆက်စပ်ဖတ်ရှုရာတွင် ပို့စ်၏အဓိကအကြောင်းအရာ ဖြစ်ခဲ့သည့် သမိုင်းဝင်ဆန္ဒပြမှုများတွင် အစိုးရဖိနှိပ်မှုပုံစံနှင့် သိသာထင်ရှားသော အများပြည်သူအကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဘုတ်အဖွဲ့က အလေးပေးပြောခဲ့သည့် ကျူးဘားတွင် အမျိုးသမီးများဆန္ဒပြရန် တိုက်တွန်းနှိုးဆော်ခြင်း အမှုရှိ ဘုတ်အဖွဲ့၏ လတ်တလော ဆုံးဖြတ်ချက်ကြောင့် ဖြစ်ခဲ့သည်ဟု Meta က ဘုတ်အဖွဲ့အား ပြောကြားခဲ့သည်။ ထို့အပြင် ကုမ္ပဏီသည် အီရန်နိုင်ငံရှိ အမျိုးသမီးအခွင့်အရေးများဆိုင်ရာ နိုင်ငံရေး လှုပ်ရှားမှုကို ဘုတ်အဖွဲ့က ဆန်းစစ်လေ့လာခဲ့သည့် အီရန်ဆန္ဒပြကြွေးကြော်သံ အမှုကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်။ ထိုအမှုတွင် ဘုတ်အဖွဲ့က အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် အီရန်အစိုးရ၏ စနစ်တကျ ဖိနှိပ်မှုနှင့် သဘောထားကွဲလွဲမှုကို ထုတ်ဖော်ဆွေးနွေးရန် နေရာတစ်ခုအဖြစ် ဒစ်ဂျစ်တယ်ရပ်ဝန်းများ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားလျက် ဆန္ဒပြလှုပ်ရှားမှု အခြေအနေတွင် ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်ခြင်း၏ အရေးပါမှုကို အလေးပေးပြောခဲ့သည်။ ၎င်းသည် "အထူးသဖြင့် နိုင်ငံရေးဆိုင်ရာပြောဆိုမှုကို ကာကွယ်ရန် ဆန့်ကျင်ဘက်အဓိပ္ပာယ်ကို ဖော်ညွှန်းသောစကား၊ သရော်စာ သို့မဟုတ် အလင်္ကာမြောက် ရေးသားပြောဆိုချက်ကို သတိမူပြီး ဆက်စပ်အခြေအနေကို သတိထားရသော စိစစ်ရေးစနစ်များကို ရေးဆွဲခြင်း၏ အရေးပါမှု" ကို ပြန်လည်အသားပေးဖော်ပြခဲ့သည့် ပီရူးသမ္မတအား တင်စားသော ပြောဆိုမှုရှိ ဘုတ်အဖွဲ့၏ လတ်တလော အနှစ်ချုပ်ဆုံးဖြတ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြောင်း ကုမ္ပဏီက မှတ်ချက်ပြုခဲ့သည်။
အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်း
ဗီဒီယိုထဲတွင် ပြထားသည့် ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးကို သူ့သဘောဆန္ဒမပါဘဲ လူသိရှင်ကြား ဖွင့်ချသည့်အတွက်ကြောင့် ထိခိုက်နစ်နာစေရန် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းအရလည်း အကြောင်းအရာကို ဖယ်ရှားရန် စဉ်းစားခဲ့ကြောင်း Meta က ဘုတ်အဖွဲ့ကို ပြောပြခဲ့သည်။ ထပ်ဆောင်းအလေးထားစိစစ်ပြီး နောက်ထပ်ဆက်စပ်အခြေအနေကို ဖော်ပြထားမှသာလျှင် ဤမူဝါဒစာကြောင်းကို Meta က သက်ရောက်ပြဋ္ဌာန်းပါသည်။ စည်းကမ်းထိန်းသိမ်းမှုအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူများထံမှ အကြံပြုချက်ကို လိုအပ်ပြီး ၎င်းသည် အသုံးပြုထားသော ဝေါဟာရအတိအကျ သို့မဟုတ် အကြောင်းအရာ သို့မဟုတ် စာတန်းက ပြောဆိုသည့်ပုံစံထက် အကြောင်းအရာက ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးအား သူ၏ခွင့်ပြုချက်မပါဘဲ သူ၏မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကိုဖွင့်ချကာ သရုပ်ဖော်ပြီး သူ့ကို အန္တရာယ်ကျရောက်နိုင်ခြေရှိ၊ မရှိ ဆုံးဖြတ်ရန် အလေးပေးသည်။ လူတစ်ဦးသည် မိမိဘာသာ "လူသိရှင်ကြားဖွင့်ချခြင်း" မပြုနိုင်ပါ – မူဝါဒကို ချိုးဖောက်ရာရောက်ရန် မိမိသဘောဆန္ဒမပါဘဲ လူသိရှင်ကြားဖွင့်ချခံရခြင်း ဖြစ်ရမည်ဟု Meta က မှတ်ချက်ပြုသည်။
ဤအမှုတွင် အမျိုးသမီး၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို အများသိရှိထားပြီး အွန်လိုင်းတွင် မြင်တွေ့ရနိုင်သည့်အပြင် အမှုအကြောင်းအရာကို တင်ခဲ့သည့်အချိန်တွင် သူ့ကို ဖမ်းဆီးထားပြီးဖြစ်သဖြင့် သဘောဆန္ဒမပါဘဲ လူသိရှင်ကြား ဖွင့်ချသည့်အတွက်ကြောင့် အကြောင်းအရာကို မဖယ်ရှားသင့်ပါဟု Meta က ဆုံးဖြတ်ခဲ့သည်။ ဤဆက်စပ်အခြေအနေသည် အကြောင်းအရာကို ပလက်ဖောင်းပေါ်တွင် ချန်ထားခြင်းကြောင့် ထိခိုက်နစ်နာမှုဖြစ်နိုင်ခြေကို သိသိသာသာ လျော့နည်းစေခဲ့သည်။
ဘုတ်အဖွဲ့သည် မေးခွန်း ၁၁ ခုနှင့် နောက်ဆက်တွဲ မေးခွန်းနှစ်ခုကို Meta ထံသို့ စာဖြင့်ရေးသား၍ မေးမြန်းခဲ့သည်။ မေးခွန်းများသည် အီရန်နိုင်ငံအတွက် စည်းကမ်းထိန်းသိမ်းမှု လုပ်ထုံးလုပ်နည်းများနှင့် အရင်းအမြစ်များ၊ ယေဘုယျအားဖြင့် အီရန်နိုင်ငံအတွက်နှင့် အထူးသဖြင့် ဗီဒီယိုထဲရှိ အမျိုးသမီးအတွက် Meta ၏ အန္တရာယ်အကဲဖြတ်မှု၊ အလိုအလျောက် လုပ်ဆောင်သော လုပ်ငန်းစဉ်နှင့် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း လုပ်ငန်းစဉ်၊ ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများကို သရုပ်ဖော်သော အကြောင်းအရာနှင့် အန္တရာယ်ကျရောက်နိုင်သော အုပ်စုတစ်စုကို လူသိရှင်ကြားဖွင့်ချခြင်းအား အကြောင်းအရာ မြောက်မြားစွာဖြင့် စိစစ်သုံးသပ်၍ရော၊ ထပ်ဆောင်းအလေးထားစိစစ်၍ပါ စည်းကမ်းထိန်းသိမ်းခြင်းတို့နှင့် သက်ဆိုင်ပါသည်။ Meta သည် မေးခွန်းအားလုံးကို ဖြေကြားခဲ့သည်။
၇။ လူထုသဘောထားမှတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ဤအမှုနှင့်စပ်လျဉ်း၍ လူထုသဘောထားမှတ်ချက် ၁၂ ခုကို လက်ခံရရှိခဲ့သည်။ မှတ်ချက်များအနက် ခုနစ်ခုကို အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ ပေးပို့ခဲ့ပြီး နှစ်ခုကို အာရှအလယ်ပိုင်းနှင့် တောင်အာရှ၊ နှစ်ခုကို ဥရောပနှင့် တစ်ခုကို အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ အသီးသီး ပေးပို့ခဲ့ကြသည်။
ပေးပို့မှုများတွင် အောက်ပါအကြောင်းအရာများ ပါဝင်ခဲ့သည်- “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်ရေး” လှုပ်ရှားမှုအပါအဝင် အီရန်ကန့်ကွက်ဆန္ဒပြမှုများတွင် လူမှုကွန်ရက်၏ အခန်းကဏ္ဍ၊ ဒစ်ဂျစ်တယ် ကမ်ပိန်းများတွင် ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများ၏ ရုပ်ပုံများပါဝင်သည့် အခန်းကဏ္ဍ၊ လူမှုကွန်ရက်ပေါ်တွင် အီရန်နိုင်ငံရှိ ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများကို ပြသည့် ရုပ်ပုံများ ပျံ့နှံ့ခြင်း၏ အန္တရာယ်များ၊ အီရန်နိုင်ငံအာဏာပိုင်များက လူမှုကွန်ရက် အသုံးပြုမှု၊ အီရန်ရှိ နိုင်ငံရေး အခြေအနေနှင့်စပ်လျဉ်း၍ ပါရှန်ဘာသာဖြင့် ထုတ်ဖော်ပြောဆိုမှုအတွက် Meta က ၎င်း၏ အကြောင်းအရာ စိစစ်ခြင်း မူဝါဒများကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းမှု၊ အီရန်ရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ အစိုးရဖိနှိပ်မှုနှင့် လူမှုကွန်ရက်သုံးစွဲခွင့် တားမြစ်မှုများ။
ဤအမှုအတွက် ပေးပို့ထားသော လူထုသဘောထားမှတ်ချက်များကို ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်
အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ကုမ္ပဏီ၏ အကြောင်းအရာမူဝါဒများ၊ လူ့အခွင့်အရေး တာဝန်များနှင့် စံတန်ဖိုးများနှင့်အညီ စစ်ဆေးခဲ့သည်။
ဤအမှုသည် Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒအပြင် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ မူဝါဒနှင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကတည်းက အီရန်တွင် အမျိုးသမီးအခွင့်အရေးနှင့် ပြည်သူ့ရေးရာလှုပ်ရှားမှုများတွင် အမျိုးသမီးများ ပါဝင်မှုအတွက် ကြီးမားသော ကန့်ကွက်ဆန္ဒပြမှုများရှိနေသည့် အခြေအနေတွင် သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းမှု လုပ်ငန်းစဉ်များကို စူးစမ်းလေ့လာရန် အခွင့်အရေးပေးသောကြောင့် ဘုတ်အဖွဲ့က ၎င်းကို ရွေးချယ်ခဲ့သည်။ အထူးသဖြင့် ၎င်းသည် ဟီဂျပ်မဝတ်မနေရ စည်းမျဉ်းများကို ဆန့်ကျင်ဆန္ဒပြသူများအတွက် လူမှုကွန်ရက် ပလက်ဖောင်းများ၏ အရေးပါမှုကို ဖော်ပြပေးသည်။
ထို့အပြင် ဤအမှုသည် တင်စားသုံးနှုန်းသော စကားတစ်ရပ်ကို တိုက်ရိုက်သဘောဖြင့် ရှုမြင်လျှင် ခြိမ်းခြောက်သည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်သော်လည်း ဆက်စပ်အခြေအနေကို ထည့်သွင်းစဉ်းစားပါက ယုံကြည်ရလောက်သော ခြိမ်းခြောက်မှုအဖြစ် အဓိပ္ပာယ်မကောက်ယူသင့်သည့်အချိန်နှင့် အကြောင်းရင်းကို ဆုံးဖြတ်သည့် Meta ၏ ကုမ္ပဏီတွင်း လုပ်ထုံးလုပ်နည်းများအကြောင်း ဆွေးနွေးရန် ဘုတ်အဖွဲ့အား အခွင့်အလမ်းပေးသည်။ အမှုသည် ဘုတ်အဖွဲ့၏ ရွေးချယ်မှုများနှင့် အများပြည်သူသဘောထား ထုတ်ဖော်မှုရပ်ဝန်းဆိုင်ရာ ဦးစားပေးမှုအတွင်း ကျရောက်သော်လည်း ကျား/မရေးရာ၊ Meta ၏ ပလက်ဖောင်းများကို အစိုးရ၏အသုံးပြုမှု၊ အရေးအခင်းနှင့် ပဋိပက္ခအခြေအနေများဆိုင်ရာ ဘုတ်အဖွဲ့၏ ဦးစားပေးများကိုလည်း ထည့်သွင်းစဉ်းစားရစေသည်။
၈.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်း
ဤအမှုရှိ အကြောင်းအရာတွင် တိုက်ရိုက်ဖြစ်ပြီး ယုံကြည်ရလောက်သော အကြမ်းဖက်ခြိမ်းခြောက်မှုထက် အစိုးရဖိနှိပ်မှုအပေါ် အမျက်ဒေါသထွက်ကြောင်း ထုတ်ဖော်သည့် တင်စားသုံးနှုန်းသောစကား ပါဝင်သဖြင့် ၎င်းသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို မချိုးဖောက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
ဤအမှုရှိ အကြောင်းအရာတွင် "ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို ကျူးလွန်ရန် ရည်ရွယ်သော ရေးသားဖော်ပြချက်" ပါဝင်သောကြောင့် ထိုအကြောင်းအရာကို မူလက ဖယ်ရှားခဲ့ကြောင်း Meta က ရှင်းပြခဲ့သည်။ ၎င်းသည် ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို သေဆုံးမှုဖြစ်စေနိုင်သည့် သို့မဟုတ် သေစေနိုင်သည့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်သည်။
၎င်း၏ ဒေသဆိုင်ရာအဖွဲ့၏ အကဲဖြတ်ချက်ပေါ်အခြေခံ၍ Meta သည် ပို့စ်၏ စာတန်းမှ “မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်ဖို့ သိပ်မလိုတော့ဘူး” ဟူသော စကားစုကို အီရန်နိုင်ငံနှင့်ဆက်စပ်သော အခြေအနေတွင် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒကို ချိုးဖောက်သည်ဟု အဓိပ္ပာယ်ကောက်ယူခဲ့သည်။
စာတန်း၏ သက်ဆိုင်ရာအပိုင်းကို “မကြာခင် တစ်ချိန်ချိန်မှာ မင်းကို ငါတို့ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်” သို့မဟုတ် “ငါတို့ မင်းကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်ဖို့ သိပ်မလိုတော့ဘူး” ဟု ဘာသာပြန်နိုင်သည်ဟု ဘုတ်အဖွဲ့မှ တိုင်ပင်ဆွေးနွေးခဲ့သော ဘာသာစကား ကျွမ်းကျင်သူများက ရှင်းပြခဲ့သည်။ အီရန်နိုင်ငံနှင့်ဆက်စပ်သော အခြေအနေတွင် အဆိုပါစကားစုသည် ဖိနှိပ်သူများအပေါ် ဒေါသထွက်မှု၊ စိတ်ပျက်မှုနှင့် မကျေမချမ်းဖြစ်မှုကို သိရှိစေပြီး ဖိနှိပ်သူများ၏ အာဏာချုပ်ကိုင်မှုသည် ထာဝရတည်တံ့မည် မဟုတ်သဖြင့် အခြေအနေသည် နောက်ပိုင်းတွင် ပြောင်းလဲနိုင်သည်ဟူသော ထင်မြင်ချက်ကို ဖော်ပြသည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့သည်။ ဤစကားစုကို ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်အဖြစ် တိုက်ရိုက် အဓိပ္ပာယ်မကောက်ယူသင့်ပါ။ ယင်းအစား ၎င်းသည် "ဆုတ်ဖြဲ" သို့မဟုတ် "အပိုင်းအပိုင်း/အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲ" ကဲ့သို့ အားမာန်ပါသော ကြိယာစကားလုံးများကို အသားပေးဖော်ပြသည့် စိတ်ကိုလှုပ်ရှားတက်ကြွစေသော အသုံးအနှုန်းဖြင့် အလေးပေး၍ အာရုံဆွဲဆောင်ရန် ရည်ရွယ်သော "အလင်္ကာမြောက်ဖော်ပြချက်" တစ်ခုဖြစ်သည်။ ထိုကဲ့သို့ တင်စားသုံးနှုန်းသောစကားသည် အကြောင်းအရာကို တင်သော အသုံးပြုသူနှင့် ၎င်း၏ ပရိသတ်တို့၏ မျှဝေထားသည့် အကြီးအကျယ် အမျက်ဒေါသထွက်မှုကို ထင်ဟပ်စေကြောင်း ဤကျွမ်းကျင်သူများက ဦးစားပေးဖော်ပြခဲ့သည်။ ထို့ကြောင့် ၎င်းသည် အမှန်တကယ် ကိုယ်ထိလက်ရောက် အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများကို သွယ်ဝိုက်ညွှန်းဆိုခြင်း မပြုပါ။
၎င်းသည် အကြမ်းဖက်မှုတစ်ခုက ယုံကြည်ရလောက်ခြင်းရှိ၊ မရှိ အကဲဖြတ်သည့်အခါ ဖော်ပြချက်၏ ဆက်စပ်အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားကြောင်း Meta က ဘုတ်အဖွဲ့ကို ပြောပြခဲ့သော်လည်း စိစစ်သူများအတွက် ၎င်း၏ လမ်းညွှန်ချက်တွင် ၎င်းတို့သည် "ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို [ကျူးလွန်ရန်] ရည်ရွယ်သော ရေးသားဖော်ပြချက်" ရှိ၊ မရှိ အကဲဖြတ်သည့်အခါ ဆက်စပ်အခြေအနေကို ထည့်သွင်းစဉ်းစားနိုင်သည်ဟု မဖော်ပြထားပါ။ စည်းမျဉ်းပါ အစိတ်အပိုင်းများနှင့် ကိုက်ညီနေသရွေ့၊ အထူးသဖြင့် အကြောင်းအရာတွင် ခြိမ်းခြောက်မှုနှင့် ရည်ရွယ်ပစ်မှတ်ထားခြင်း နှစ်ခုလုံး ပါဝင်သည့်အခါ ဤနေရာရှိ အမှုတွင် ဆုံးဖြတ်ခဲ့သည့်အတိုင်း ပို့စ်ကို ချိုးဖောက်ထားသည်ဟု ဆုံးဖြတ်ပါသည်။ ဤအမှုတွင် Meta သည် ရေးသားဖော်ပြချက်ကို အမျိုးသမီးနောက်လိုက်သည့် အမျိုးသားကို ရည်ရွယ်ပစ်မှတ်ထားသည်ဟု အဓိပ္ပာယ်ကောက်ယူခဲ့သည်။ ရည်ရွယ်ပစ်မှတ်ထားခံရသူကို အထင်အရှားမြင်နိုင်ရမည် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားနိုင်ရမည်ဟု စည်းမျဉ်းတွင် သတ်မှတ်မထားပါ။ "အကြမ်းဖက်အဖွဲ့များကဲ့သို့ အချို့သော အကြမ်းဖက် လှုပ်ရှားဆောင်ရွက်သူများအပေါ် ဦးတည်သော ခြိမ်းခြောက်မှုများ" ဟူ၍ စည်းမျဉ်းတစ်ရပ်အရ ကင်းလွတ်ခွင့်ပြုသည့် သို့မဟုတ် ယုံကြည်ရလောက်သော ခြိမ်းခြောက်မှုမဟုတ်ကြောင်း ယူဆခံရသည့် ခြိမ်းခြောက်သောစကား နမူနာတစ်ခုကိုသာ စည်းမျဉ်းများတွင် ဖော်ပြထားပါသည်။
ဤနေရာရှိ “မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်မယ်” ဟူသော စကားစုသည် ယုံကြည်ရလောက်သော ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပါ။ အစိုးရကို ဆန္ဒပြသူများအား ဖိနှိပ်မှုနှင့် အကြမ်းဖက်မှု အရှိန်မြင့်တက်လာသည့် ဆူပူအုံကြွနေသော ကာလတစ်ခု၏ အခြေအနေအပြင် စာတန်းနှင့် ဗီဒီယိုကို တစ်ခုလုံးအဖြစ် ထည့်သွင်းစဉ်းစားပါက စကားစုသည် တိုက်ရိုက်သဘောမဟုတ်ဘဲ အစိုးရအပေါ် အမျက်ထွက်မှုနှင့် စိတ်ပျက်မှုကို ဖော်ပြသည့် တင်စားသုံးနှုန်းခြင်းဖြစ်ကြောင်း၊ "ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို [ကျူးလွန်ရန်] ရည်ရွယ်သော ရေးသားဖော်ပြချက်" မပါဝင်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဤကဲ့သို့ အဓိပ္ပာယ်ကောက်ယူမှုသည် သဘောထားထုတ်ဖော်ခွင့်အတွက် Meta ၏ ကတိကဝတ်နှင့် နိုင်ငံရေးမကျေနပ်ချက်ကို ထုတ်ဖော်ပြောဆိုမှုအား ကာကွယ်ပေးခြင်း၏ အရေးပါမှုတို့နှင့် တစ်သမတ်တည်းဖြစ်ခဲ့သည်။
အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်း
ဤအမှုရှိ အကြောင်းအရာသည် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းကို မချိုးဖောက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
Meta သည် "ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများ၏ သဘောဆန္ဒမပါဘဲ သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ၎င်းတို့၏ ခေါင်းဆောင်းပဝါ မခြုံထားသော ပုံများကို ပြသခြင်းဖြင့် ၎င်းတို့ကို အန္တရာယ်ကျရောက်စေသည့် အကြောင်းအရာ" ကို တားမြစ်သော စည်းမျဉ်းအရ ပို့စ်ကို ဖယ်ရှားရန် စဉ်းစားခဲ့သည်။ ထိုအချိန်ကတည်းက မူဝါဒစာကြောင်းကို ဖော်ပြပါအတိုင်း-- "[ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများ]အား လူသိရှင်ကြားဖွင့်ချခြင်း- လူပုဂ္ဂိုလ်တစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ဖော်ထုတ်ပြော၍ ၎င်းတို့ကို ထိခိုက်နစ်နာစေခြင်း" ကို တားမြစ်ရန်ဟူ၍ ပြင်ဆင်ခဲ့သည်။ "လူသိရှင်ကြားဖွင့်ချခြင်း" တွင် ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးတစ်ဦး၏ ရုပ်ပုံကို မျှဝေပြီး သူ၏ခွင့်ပြုချက်မပါဘဲ သူ၏မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ဖော်ထုတ်ကာ ထိုအမျိုးသမီးကို ထိခိုက်နစ်နာစေသည့် အကြောင်းအရာ ပါဝင်သည်ဟု ကုမ္ပဏီက နားလည်သည်။ ဤမူဝါဒစာကြောင်းကို ထပ်ဆောင်းအလေ့ထားစိစစ်၍သာ သက်ရောက်ပြဋ္ဌာန်းပြီး စည်းကမ်းထိန်းသိမ်းမှုအတွက် သက်ဆိုင်သူအမျိုးမျိုး၏ ပါဝင်အကြံပြုချက်ကို လိုအပ်ပါသည် (အထက်ပါ ကဏ္ဍ ၄ ကို ကြည့်ပါ)။
ဤအမှုတွင် အမျိုးသမီး၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို အများသိရှိထား၍ အကြောင်းအရာကို တင်ခဲ့သည့်အချိန်တွင် သူသည် အဖမ်းခံထားရပြီး ဖြစ်သောကြောင့် ထိခိုက်နစ်နာနိုင်ခြေ လျော့နည်းသွားသဖြင့် ထိုအကြောင်းအရာသည် အမျိုးသမီးကို "လူသိရှင်ကြားဖွင့်ချခြင်း" မရှိကြောင်း Meta ၏ အဆိုကို ဘုတ်အဖွဲ့က သဘောတူသည်။ ထို့ကြောင့် ပလက်ဖောင်းပေါ်တွင် ကျန်ရှိသော ဗီဒီယိုသည် အမျိုးသမီးအပေါ် အန္တရာယ်ကျရောက်နိုင်ခြေ အတိုင်းအတာကို ကြီးကြီးမားမား မြင့်တက်စေမည်မဟုတ်ဘဲ အမှန်တကယ်အားဖြင့် သူမ၏ အမှုကို ပိုမိုသတိပြုမိစေရန် ကာကွယ်ပေးနိုင်သည်။ ပို့စ်တစ်ခုက အမျိုးသမီးတစ်ဦးကို "မည်သူမည်ဝါဖြစ်ကြောင်း ဖွင့်ချ" ပြီး အန္တရာယ်ကျရောက်စေခြင်းရှိ၊ မရှိ ဆုံးဖြတ်ခြင်းသည် အထူးသဖြင့် ဆက်စပ်အခြေအနေပေါ် မူတည်ပါသည်။ ထပ်ဆောင်းအလေးထားစိစစ်၍သာ မူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းခြင်းသည် ၎င်းကို စည်းကမ်းထိန်းသိမ်းသော အဖွဲ့တွင် သက်ဆိုင်ရာ အခြေအနေကို ထိရောက်စွာ ခွဲခြားဖော်ထုတ်ပြီး ထည့်သွင်းစဉ်းစားရန် အချိန်နှင့် အရင်းအမြစ်များ ရှိကြောင်း သေချာစေနိုင်သည်။
၈.၂ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း
အကြောင်းအရာကို ပလက်ဖောင်းမှ ဖယ်ရှားခြင်းသည် Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ကိုက်ညီမှုမရှိခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့် (အပိုဒ် ၁၉ ICCPR)
ICCPR ၏ အပိုဒ် ၁၉ သည် "နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ပုံနှိပ်ခြင်းဖြင့် ဖြစ်စေ၊ အနုပညာပုံစံဖြင့်ဖြစ်စေ၊ မိမိနှစ်သက်ရာ အခြားမီဒီယာတစ်ခုခုဖြင့်ဖြစ်စေ နယ်ပယ်မခွဲခြားဘဲ အချက်အလက်နှင့် စိတ်ကူးအမျိုးအစားအားလုံးကို ရှာဖွေရန်၊ လက်ခံရန်နှင့် ပေးအပ်ရန် လွတ်လပ်ခွင့် " အပါအဝင် ထုတ်ဖော်ပြောဆိုခွင့်အတွက် ကျယ်ကျယ်ပြန့်ပြန့် အကာအကွယ်ပေးထားသည်။ ပြည်နယ်တစ်ခုက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များကို ချမှတ်သည့်အခါ ၎င်းတို့သည် တရားဥပဒေနှင့်ညီညွတ်မှု၊ တရားဝင် ရည်ရွယ်ချက်၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် (အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃၊ ICCPR)။ ဘုတ်အဖွဲ့သည် စိစစ်သုံးသပ်နေဆဲ သီးခြားအကြောင်းအရာအလိုက် ဆုံးဖြတ်ချက်နှင့် အကြောင်းအရာထိန်းချုပ်မှုအပေါ် Meta ၏ ပိုမိုကျယ်ပြန့်သော ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ၎င်းက ဆိုလိုသည့်အရာ နှစ်ခုစလုံးနှင့်ဆက်စပ်၍ Meta ၏ ဆန္ဒအလျောက်ပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို အဓိပ္ပာယ်ကောက်ယူရန် ဤမူဘောင်ကို အသုံးပြုသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ပြောထားသည့်အတိုင်းပင် “ကုမ္ပဏီများတွင် အစိုးရတာဝန်ဝတ္တရားများ မရှိကြသော်လည်း ၎င်းတို့၏ အသုံးပြုသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ခြင်းနှင့်ပတ်သက်၍ အလားတူမေးခွန်းများကို ဆန်းစစ်ရန် လိုအပ်သည့် ကိစ္စမျိုးတွင် ၎င်းတို့အပေါ် သက်ရောက်မှုရှိသည်” (က/၇၄/၄၈၆၊ အပိုဒ် ၄၁)။
အီရန်နိုင်ငံကဲ့သို့ ကန့်သတ်ပိတ်ပင်ခံထားရသော လှုမှုအဖွဲ့အစည်းတစ်ခုတွင် လူမှုကွန်ရက်အသုံးပြုခွင့်သည် အရေးပါလှသည်။ "ဒစ်ဂျစ်တယ်ရပ်ဝန်းတံခါးများကို စောင့်ကြပ်သူများ" အနေဖြင့် လူမှုကွန်ရက် ပလက်ဖောင်းများသည် အများပြည်သူ အချက်အလက် ရရှိခွင့်အပေါ် "ကြီးမားစွာ သက်ရောက်မှု" ရှိသည် ( က/HRC/၅၀/၂၉၊ ပိုဒ်ခွဲ ၉၀)။ ဤအမှုရှိ ပို့စ်သည် လွတ်မြောက်ရေးအတွက် အများပြည်သူသဘောထား ထုတ်ဖော်ရာ ဒစ်ဂျစ်တယ်ရပ်ဝန်းများကို အားထားသည့် ပိုမိုကျယ်ပြန့်သော ဆန္ဒပြလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အမျိုးသမီးများ ဝတ်စားရမည့်ပုံစံကို ဆုံးဖြတ်သော ဥပဒေများသည် အမျိုးသမီးများ၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာ (က/၆၈/၂၉၀၊ ပိုဒ်ခွဲ ၃၈) အပြင် ဥပဒေက ခေါင်းဆောင်းပဝါခြုံခြင်းကို တားမြစ်ရန် သို့မဟုတ် ခေါင်းဆောင်းပဝါမခြုံဘဲ လူမြင်ကွင်းထဲ သွားခြင်းကို တားမြစ်ပိတ်ပင်ရန် ကြိုးပမ်းခြင်းရှိ၊ မရှိအပေါ် သက်ရောက်မှုရှိသည် (ဥပမာ- Yaker v France၊ CCPR/C/၁၂၃/D/၂၇၄၇/၂၀၁၆ ကို ကြည့်ပါ)။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ "အင်တာနက်သည် အမျိုးသမီး အခွင့်အရေးများအတွက် တိုက်ပွဲဝင်ရာ နယ်မြေအသစ်ဖြစ်လာပြီး အမျိုးသမီးများအတွက် မိမိကိုယ်ကို ထုတ်ဖော်ပြောဆိုရန် အခွင့်အလမ်းများကို တိုးပွားစေသည်" (က/၇၆/၂၅၈ ပိုဒ်ခွဲ ၄)။ အမျိုးသမီးများအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပေးခြင်းသည် ၎င်းတို့ကို နိုင်ငံရေးတွင် ပါဝင်စေပြီး ၎င်းတို့၏ လူ့အခွင့်အရေးကို နားလည်သဘောပေါက်စေသည် ( က/HRC/Res/၂၃/၂၊ ပိုဒ်ခွဲ ၁-၂၊ က/၇၆/၂၅၈၊ ပိုဒ်ခွဲ ၅)။
၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
တရားဥပဒေနှင့်ညီညွတ်မှု အခြေခံမူအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ချမှတ်ထားသော မည်သည့်ကန့်သတ်မှုမဆိုသည် သတ်မှတ်ထားသော စည်းမျဉ်းနှင့်အညီ အသုံးပြုသူများအတွက် နားလည်လွယ်ပြီး ရှင်းလင်းပြတ်သားမှုရှိရမည်။ စည်းမျဉ်းအား “လူတစ်ဦးချင်းစီအား သူ/သူမ၏ အပြုအမူကို သင့်လျော်စွာ ထိန်းချုပ်နိုင်စေရန်အတွက် လုံလောက်သောတိကျမှုဖြင့် ရေးဆွဲထားရမည်ဖြစ်ပြီး ၎င်းသည် အများပြည်သူအတွက် နားလည်လွယ်ရမည်” ( ပိုဒ်ခွဲ ၂၅ ရှိ အထွေထွေမှတ်ချက် နံပါတ် ၃၄)။ ထို့အပြင် ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ကန့်သတ်သည့် စည်းမျဉ်းများမှာလည်း “လွတ်လပ်စွာ ထုတ်ဖော်မှုကို ကန့်သတ်ခြင်းအတွက် [၎င်းတို့ကို] အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသူများအား စည်းကမ်းမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပေးအပ်၍မရနိုင်ပါ"။ ထို့အပြင် “မည်သည့် ထုတ်ဖော်ပြောဆိုမှုမျိုးကို သင့်တင့်လျောက်ပတ်စွာ ကန့်သတ်ထားပြီး မည်သည့်ထုတ်ဖော်ပြောဆိုမှုမျိုးကို ကန့်သတ်ထားခြင်းမရှိကြောင်း သေချာအောင် လေ့လာစိစစ်နိုင်စေရန်အတွက် ၎င်းတို့အား အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသူတို့ကို လုံလောက်သော လမ်းညွှန်မှု ပံ့ပိုးပေးရမည်" (ပိုဒ်ခွဲ ၂၅ ရှိ အထွေထွေမှတ်ချက် နံပါတ် ၃၄၊ ပိုဒ်ခွဲ ၄၆ ရှိက/HRC/၃၈/၃၅ (undocs.org))။ ရှင်းလင်းပြတ်သားမှု သို့မဟုတ် တိကျမှုမရှိခြင်းသည် စည်းမျဉ်းများကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် ကွဲလွဲမှုနှင့် ထင်သလိုကျင့်သုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ Meta ပေါ်တွင် သက်ရောက်မှုနှင့်စပ်လျဉ်း၍ အသုံးပြုသူများသည် Facebook နှင့် Instagram ပေါ်တွင် အကြောင်းအရာ တင်ခြင်း၏ အကျိုးဆက်များကို ခန့်မှန်းနိုင်သင့်ပြီး အကြောင်းအရာ စိစစ်သုံးသပ်သူများတွင် ၎င်းတို့၏ စည်းကမ်းထိန်းသိမ်းမှုနှင့်ပတ်သက်၍ ရှင်းလင်းသော လမ်းညွှန်ချက် ရှိသင့်သည်။
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်း
လှုမှုစံနှုန်း၏ ရည်ရွယ်ချက်များကို ဖော်ပြသော်လည်း ၎င်းကိုယ်တိုင်က စည်းမျဉ်း၏ တစ်စိတ်တစ်ပိုင်း မဟုတ်သော ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်း၏ မူဝါဒဆိုင်ရာ သဘောတရားအရ "ဆက်စပ်အခြေအနေသည် အရေးကြီးသည်" ဟု ညွှန်ပြပြီး "ယုံကြည်ရလောက်သော ခြိမ်းခြောက်မှု" တစ်ခုကို အကဲဖြတ်သည့်အခါ ထိုသဘောတရားကို ထည့်သွင်းစဉ်းစားနိုင်သော်လည်း စိစစ်ခြင်းအတွက် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များနှင့် ကိုင်တွယ်လုပ်ဆောင်ပုံသည် ၎င်းကို လက်တွေ့ မဖြစ်မြောက်စေပါဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။ အီရန်ဆန္ဒပြကြွေးကြော်သံ အမှုတွင် ဘုတ်အဖွဲ့က မှတ်ချက်ပြုထားသည့်အတိုင်း အကြောင်းအရာ အမြောက်အမြား စိစစ်သူတစ်ဦးအား ပို့စ်ထဲတွင် တိကျသော သတ်မှတ်စံနှုန်း သို့မဟုတ် အစိတ်အပိုင်းများကို ရှာဖွေစေပြီး အဆိုပါအစိတ်အပိုင်းများ ကိုက်ညီသည်နှင့် စိစစ်သူများအား ပို့စ်ကို ဖယ်ရှားရန် ညွှန်ကြားပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ပို့စ်တွင် ခြိမ်းခြောက်မှုတစ်ခု (ဥပမာ- “သတ်မယ်” သို့မဟုတ် “ငါ မင်းကို အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်မယ်”) နှင့် ရည်ရွယ်ပစ်မှတ်ထားမှုပါရှိလျှင် ဖယ်ရှားခံရပါမည်။ အကြောင်းအရာ စိစစ်သူများအား ခြိမ်းခြောက်မှုကို ယုံကြည်ရလောက်ခြင်းရှိ၊ မရှိ အကဲဖြတ်မှုပြုလုပ်ခွင့် မပေးပါ။ အဆိုပါအမှုတွင် Meta က ရှင်းပြထားသည့်အတိုင်း "အထူးသဖြင့် အကြောင်းအရာမြောက်မြားစွာကို စိစစ်သုံးသပ်သောအခါ [စကားစုတစ်ခု]သည် ယုံကြည်ရလောက်သော ခြိမ်းခြောက်မှုမဟုတ်သည့် အလင်္ကာမြောက်စကားဖြစ်၊ မဖြစ်ကို အကဲဖြတ်ရာတွင် အခက်အခဲရှိသောကြောင့်" အလွယ်ကျက်မှတ်ခြင်း သို့မဟုတ် လုပ်နည်းစနစ်အတိုင်း ကိုင်တွယ်ခြင်းကိုသာ လုပ်ဆောင်ရသည်။ စည်းမျဉ်းကို ကျင့်သုံးရာတွင်သာမက ၎င်းကို ဖန်တီးရာတွင်လည်း ခြိမ်းခြောက်မှုများ၏ ယုံကြည်ရလောက်မှုအပေါ် သုံးသပ်ချက်အား ထည့်သွင်းစဉ်းစားသည်။ အီရန်ဆန္ဒပြကြွေးကြော်သံ အမှုတွင် ဘုတ်အဖွဲ့က မှတ်ချက်ပြုခဲ့သည့်အတိုင်း "မူဝါဒဆိုင်ရာ သဘောတရားသည် ဆန္ဒပြအခြေအနေများတွင် မျှော်လင့်နိုင်သည့် အလင်္ကာမြောက်စကား အမျိုးအစားကို ထည့်သွင်းစဉ်းစားပုံရသော်လည်း ရေးသားထားသော စည်းမျဉ်းများနှင့် စိစစ်သုံးသပ်သူများအတွက် အလားတူလမ်းညွှန်ချက်သည် ထိုသို့ထည့်သွင်းစဉ်းစားခြင်းမပြုပါ။ အမှန်မှာ အကြောင်းအရာ မြောက်မြားစွာကို လက်တွေ့စည်းကမ်းထိန်းသိမ်းရာ၌ စည်းမျဉ်းများက ညွှန်းဆိုသည်ထက် လုပ်နည်းစနစ်အတိုင်းသာ ပိုမိုကျင့်သုံးသည့်အတွက်ကြောင့် စည်းမျဉ်းများကို မည်သို့သက်ရောက်ပြဋ္ဌာန်းသည်နှင့် ပတ်သက်၍ အသုံးပြုသူများအတွက် နားလည်မှုလွဲမှားခြင်းများကို ဖြစ်စေနိုင်သည်။ လက်ရှိမူကြမ်း ရေးဆွဲထားသည့်အတိုင်း စိစစ်သုံးသပ်သူများအတွက် လမ်းညွှန်ချက်သည် ခြိမ်းခြောက်သော အသုံးအနှုန်းမှာ အလင်္ကာမြောက်သည့် သဘောရှိကြောင်း အကြောင်းအရာအတွင်း ရှင်းလင်းသော အရိပ်အယောင်များ ရှိနေသော်ငြားလည်း ဆက်စပ်အကြောင်းအရာအပေါ် လေ့လာဆန်းစစ်နိုင်သည့် အခွင့်အလမ်းကို ဖယ်ထုတ်ထားသည်။" ကုမ္ပဏီ၏ ဖော်ပြထားသော မူဝါဒဆိုင်ရာ သဘောတရားနှင့် ၎င်း၏ အမှန်တကယ် စည်းကမ်းထိန်းသိမ်းမှု ဆောင်ရွက်ချက်အကြား ဤကဲ့သို့ ကိုက်ညီမှုမရှိခြင်းမှာ ဆက်လက်ဖြစ်ပေါ်နေပြီး တရားဥပဒေနှင့်ညီညွတ်မှုဆိုင်ရာ အခြေခံမူကို လုံလောက်စွာ ဖြည့်ဆည်းမပေးပါ။
Meta သည် အထူးသဖြင့် အီရန်နိုင်ငံကဲ့သို့ သတိထားရသော နိုင်ငံရေးပတ်ဝန်းကျင်များတွင် သဘောထားကွဲလွဲမှုကို ဖော်ပြသော "အလင်္ကာမြောက်" သို့မဟုတ် တိုက်ရိုက်မဟုတ်သော စကားအသုံးအနှုန်းအား ပုံသေဖယ်ရှားမှုများကို ရှောင်ရှားရန် စိစစ်သူများအား လမ်းညွှန်ကာ ဆက်စပ်အခြေအနေကို ထည့်သွင်းစဉ်းစားနည်းနှင့်ပတ်သက်၍ မသိမသာကွဲပြားချက်များရှိသော လမ်းညွှန်ချက် ပေးသင့်ကြောင်း အီရန်ဆန္ဒပြကြွေးကြော်သံအမှုမှ ၎င်း၏တွေ့ရှိချက်များကို ဘုတ်အဖွဲ့က ထပ်လောင်းပြောကြားသည်။
အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်း
ဤအမှုတွင် ကျင့်သုံးထားသည့်အတိုင်း "ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများ၏ သဘောဆန္ဒမပါဘဲ သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ၎င်းတို့၏ ခေါင်းဆောင်ပဝါ မခြုံထားသော ပုံများကို ပြသခြင်းဖြင့် ၎င်းတို့ကို အန္တရာယ်ကျရောက်စေသည့် အကြောင်းအရာ" အပေါ် Meta ၏ တားမြစ်ချက်သည် လုံလုံလောက်လောက် ရှင်းလင်းမှုရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများကို "မည်သူမည်ဝါဖြစ်ကြောင်း ဖွင့်ချ" ပြီး ထိခိုက်နစ်နာစေနိုင်သည့် အကြောင်းအရာကို Meta ၏ ပလက်ဖောင်းများတွင် တားမြစ်ထားကြောင်း ရှင်းလင်းစေသည်။ သို့ရာတွင် Instagram လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များသည် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းမရှိသည်ကို စိုးရိမ်လျက် ဘုတ်အဖွဲ့က မှတ်ချက်ပြုထားသည်။ ယင်းက Instagram အသုံးပြုသူများအတွက် စည်းမျဉ်းများကို နားလည်ရလွယ်မှုအား လျော့ပါးစေသည်။ ယခင်အမှုများ (ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ်၊ အိုကလန်ကို သီးခြားခွဲ၍ ထိန်းသိမ်းထားမှု) တွင် Facebook လူမှုစံနှုန်းများက Instagram အပေါ် သက်ရောက်ပုံကို Meta အနေဖြင့် အသုံးပြုသူများအား လူသိရှင်ကြား ရှင်းပြပေးပါဟု ဘုတ်အဖွဲ့က အကြံပြုထားသည်။ ယင်းကိုတုံ့ပြန်သည့်အနေဖြင့် Meta သည် လူမှုစံနှုန်းများကို Instagram ၏ လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် ပေါင်းစည်းပြီး ပလက်ဖောင်းများအကြား မူဝါဒများ အနည်းငယ်ကွဲပြားသည့်နေရာကို သတ်မှတ်ရန် လုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။ သုံးလပတ် ပွင့်လင်းမြင်သာမှု အစီရင်ခံစာများ တင်ပြရာတွင် ဥပဒေရေးရာနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများက ၎င်းတို့၏ အချိန်ကာလသတ်မှတ်ချက်များပေါ် သက်ရောက်မှုရှိခဲ့ကြောင်း မှတ်ချက်ပြုကာ ဤအားထုတ်မှုသည် ဦးစားပေးအဖြစ် ဆက်လက်ရှိနေကြောင်း Meta က ဘုတ်အဖွဲ့ကို အာမခံခဲ့သည်။ ဤလုပ်ငန်းစဉ်ကို အပြီးသတ်၍ သက်ဆိုင်သော စည်းမျဉ်းများကို ရှင်းလင်းပြတ်သားစေရန်အတွက် လျင်မြန်စွာ ဆောင်ရွက်ခြင်း၏ အရေးပါမှုကို ဘုတ်အဖွဲ့က ထပ်လောင်းပြောကြားသည်။
၂။ တရားဝင်ရည်ရွယ်ချက်
ICCPR ၏ အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၃ အရ အခြားသူများ၏ အခွင့်အရေးများကို ကာကွယ်ရန် ရည်ရွယ်ချက်အတွက် အပါအဝင် သတ်မှတ်ထားပြီး အကန့်အသတ်ရှိသော အကြောင်းပြချက်များပါ စာရင်းနှင့်အညီ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်နိုင်သည်။ ဤအမှုတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းသည် "ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု သို့မဟုတ် အများပြည်သူ အန္တရာယ်ကင်းရှင်းရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုများ အမှန်တကယ် ဖြစ်နိုင်ခြေ" ကျရောက်စေသည့် အကြောင်းအရာများကို ဖယ်ရှားခြင်းဖြင့် "ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်မှုဖြစ်နိုင်ခြေကို တားဆီး" ရန် ရည်ရွယ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ထို့ကြောင့် ဤမူဝါဒသည် လူတစ်ဦး၏ အသက်ရှင်ရပ်တည်ခွင့် (အပိုဒ် ၆၊ ICCPR) နှင့် ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရပိုင်ခွင့်ကို ကာကွယ်ပေးခြင်းဖြစ်သော တရားဝင်ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးသည် (အပိုဒ် ၉၊ ICCPR၊ အထွေထွေမှတ်ချက် နံပါတ် ၃၅၊ ပိုဒ်ခွဲ ၉)။
အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ မူဝါဒသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်ကို ရရှိခံစားခွင့် (အပိုဒ် ၁၉ နှင့် ၂၁၊ ICCPR)၊ ပြည်သူ့ရေးရာလှုပ်ရှားမှုတွင် ပါဝင်ခွင့် (အပိုဒ် ၁ နှင့် ၇၊ CEDAW)၊ ကိုယ်ရေးလုံခြုံမှု ရပိုင်ခွင့် (အပိုဒ် ၁၇၊ ICCPR) နှင့် ၎င်းတို့၏ အသက်ရှင်ရပ်တည်ခွင့် (အပိုဒ် ၆၊ ICCPR) နှင့် လူတစ်ဦး၏ လွတ်လပ်မှုနှင့် ဘေးကင်းလုံခြုံမှု ရပိုင်ခွင့် (အပိုဒ် ၉၊ ICCPR) အပါအဝင် အီရန်ရှိ အမျိုးသမီးများ ခွဲခြားဆက်ဆံမှုမခံရစေရေး အခွင့်အရေးများ (အပိုဒ် ၂၊ ၃ နှင့် ၂၆၊ ICCPR၊ အပိုဒ် ၁ နှင့် ၇၊ CEDAW) ကို ကာကွယ်ရန် တရားဝင်ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးသည်။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်မှုမဆိုသည် "၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည် ဖြစ်သကဲ့သို့ ၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည့် အရာများအနက် စွက်ဖက်မှု အနည်းဆုံး နည်းလမ်းလည်း ဖြစ်ရမည့်အပြင် အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်" ( အထွေထွေမှတ်ချက် ၃၄၊ အပိုဒ် ၃၄)။ လူမှုကွန်ရက် ကုမ္ပဏီများသည် ကန့်သတ်ချက်များကို စေ့စေ့စပ်စပ် အံဝင်ခွင်ကျဖြစ်အောင် စီမံထားကြောင်း သေချာစေရန် ပြဿနာရှိသော အကြောင်းအရာအတွက် ဖျက်သိမ်းခြင်းအပြင် အခြားဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှုအမျိုးမျိုးကို ထည့်သွင်းစဉ်းစားသင့်သည် ( က/၇၄/၄၈၆၊ ပိုဒ်ခွဲ ၅၁)။
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်း
ဤအမှုတွင် အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ ကနဦး ဆုံးဖြတ်ချက်သည် မလိုအပ်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ပို့စ်၏ စာတန်းတွင် ဖော်ပြထားသော ခြိမ်းခြောက်မှုသည် တိုက်ရိုက်မဟုတ်သဖြင့် ဗီဒီယိုကို ရိုက်ကူးသောသူ သို့မဟုတ် အခြားသူများ၏ အန္တရာယ်ကင်းရှင်းရေးကို ကာကွယ်ရန် မလိုအပ်ခဲ့ပါ။ ယခု တစ်နှစ်ကျော်ကြာအထိ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေသော အီရန်နိုင်ငံရှိ အခြေအနေ မည်သို့ပင်ဖြစ်လင့်ကစား အီရန်ဆန္ဒပြကြွေးကြော်သံ အမှုတွင် ၎င်း၏ လမ်းညွှန်ချက် ပေးပြီးနောက်တွင်ပင် ကုမ္ပဏီ၏ လူမှုစံနှုန်းများနှင့် စိစစ်သုံးသပ်သူများအတွက် ပေးထားသည့် လမ်းညွှန်ချက်က တင်စားသုံးနှုန်းသော (တိုက်ရိုက်အဓိပ္ပာယ် မသက်ရောက်သော) ခြိမ်းခြောက်မှုများကို တစ်သမတ်တည်း စည်းကမ်းထိန်းသိမ်းမှုမပြုသည့် လစ်ဟာချက်ရှိနေသေးသည်ကို ဘုတ်အဖွဲ့က စိုးရိမ်သည်။ ဤတစ်ခုကဲ့သို့ အဆိုပါအမှုတွင်လည်း တိုက်ရိုက်မဟုတ်သော ခြိမ်းခြောက်ဖော်ပြချက်တစ်ခုအဖြစ် Meta အနေဖြင့် ခွဲခြားဖော်ထုတ်မပေးနိုင်ခဲ့သည့် စကားစုတစ်ခု ပါဝင်ခဲ့သည်။ ဤအမှုရှိ အကြောင်းအရာကို Meta အတွင်းရှိ အမျိုးမျိုးသော အကြောင်းအရာ အမြောက်အမြား စိစစ်သူများနှင့် အဖွဲ့များက စိစစ်သုံးသပ်ခဲ့ပြီး ချိုးဖောက်ထားသည်ဟု ထပ်တလဲလဲ ဆုံးဖြတ်ခဲ့သည့်အချက်က လုံလောက်သော လမ်းညွှန်မှု အစဉ်ကင်းမဲ့နေခြင်းကို ထပ်မံမီးမောင်းထိုးဖော်ပြသည်။
ဘုတ်အဖွဲ့သည် ၎င်း၏ ဆန်းစစ်လေ့လာမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဤအမှုရှိအကြောင်းအရာက ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှု သို့မဟုတ် အခြားဥပဒေမဲ့လုပ်ရပ်ကို လှုံ့ဆော်နိုင်ခြေရှိသည့် ပြင်းထန်သော အန္တရာယ်ပေါ်ပေါက်လာအောင် လုပ်ဆောင်နိုင်စွမ်းကို အကဲဖြတ်ရန် ရာဘတ်အရေးယူဆောင်ရွက်ချက် အစီအစဉ်မှ အချက်ခြောက်ချက်ကို အသုံးချခဲ့သည်။ ရာဘတ်အစီအစဉ်မှ အချက်များကို ယေဘုယျအားဖြင့် လှုံ့ဆော်မှုအတွက် မဟုတ်ဘဲ လှုံ့ဆော်မှုနှင့်ညီမျှသည့် နိုင်ငံရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးဆိုင်ရာ အမုန်းတရားအားပေးမှုအတွက် ရေးဆွဲခဲ့သော်လည်း အချက်ခြောက်ချက် စမ်းသပ်မှုသည် ယေဘုယျအသုံးအနှုန်းများဖြင့် လှုံ့ဆော်မှုကို အကဲဖြတ်ခြင်းအတွက် အသုံးဝင်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုပြီး ဘုတ်အဖွဲ့သည် ၎င်းကို ယခင်က ဤနည်းလမ်းဖြင့် အသုံးပြုခဲ့သည် (ဥပမာအနေဖြင့် အီရန်ဆန္ဒပြကြွေးကြော်သံနှင့် ကျူးဘားတွင် အမျိုးသမီးများဆန္ဒပြရန် တိုက်တွန်းနှိုးဆော်ခြင်းကို ကြည့်ပါ)-
- ဆက်စပ်အခြေအနေ- အကြောင်းအရာကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် တင်ခဲ့ပြီး ထိုအချိန်သည် အစိုးရကို ဆန္ဒပြသူများအား ဖိနှိပ်မှုများနှင့် အကြမ်းဖက်မှုများ အရှိန်မြင့်တက်လာသည့် ဆူပူအုံကြွနေသော ကာလတစ်ခုအတွင်းဖြစ်ခဲ့သည်။ အကြီးအကျယ် အင်တာနက် ပြတ်တောက်မှုများနှင့် Facebook၊ Telegram နှင့် X ကဲ့သို့ အဓိကလူမှုကွန်ရက် ပလက်ဖောင်းများကို တားမြစ်ထားခြင်းကြောင့် နိုင်ငံအတွင်း ကန့်ကွက်ဆန္ဒပြထုတ်ဖော်ရန် နေရာအနည်းအကျဉ်းသာ ရှိခဲ့သည်။ Instagram သည် ကျန်ရှိသော ပလက်ဖောင်းအနည်းငယ်မှ တစ်ခုဖြစ်သဖြင့် “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်ရေး” လှုပ်ရှားမှုတွင် ၎င်း၏ အခန်းကဏ္ဍသည် အတိုင်းမသိ အရေးပါခဲ့သည်။ အဆိုပါလှုပ်ရှားမှုသည် ကန့်ကွက်ဆန္ဒပြ ထုတ်ဖော်ခြင်းနှင့် အမျိုးသမီးများအပေါ် ဆယ်စုနှစ်လေးစုကြာ ခွဲခြားဆက်ဆံသော ဥပဒေများအား မနာခံခြင်းများကို ပုံမှန်ဖြစ်စေရန်အတွက် ရည်ရွယ်ကြောင်း ဘုတ်အဖွဲ့မှ ဆွေးနွေးတိုင်ပင်ခဲ့သော ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့သည်။ လှုပ်ရှားမှုအစကတည်းက အမျိုးသမီးများအား အွန်လိုင်းတွင် မိမိ၏ကိုယ်ပိုင်ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုရန် ကြောက်စိတ်သွင်းခြင်းနှင့် နှုတ်ပိတ်ခြင်းတို့ကို အဓိကအားဖြင့် တွင်ကျယ်စွာ တွေ့ရှိရကြောင်း ကျွမ်းကျင်သူများက သတိပြုမိခဲ့သည်။ ဥပဒေအသစ်များနှင့် လူသိများသူအား ဖမ်းဆီးမှုများသည် ဤကဲ့သို့သော ကန့်ကွက်ဆန္ဒပြထုတ်ဖော်မှုများကို ထိန်းချုပ်ရန်နှင့် ဟီဂျပ်မဝတ်မနေရ ဥပဒေများကို မနာခံခြင်းများ ပုံမှန်တွင်ကျယ်လာမည်ကို တားဆီးရန် ရည်ရွယ်သည်။
- ပြောသူ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား- ကုမ္ပဏီသည် အကြောင်းအရာကို တင်ခဲ့သော အသုံးပြုသူအား လူသိများသောပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု မယူဆခဲ့ကြောင်း Meta က ဘုတ်အဖွဲ့ကို ပြောပြခဲ့သည်။ ဗီဒီယိုပါစာတန်းပေါ်အခြေခံ၍ အသုံးပြုသူသည် “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်ရေး” လှုပ်ရှားမှုကို ထောက်ခံသူ သို့မဟုတ် ယင်းလှုပ်ရှားမှုတွင် တစ်စိတ်တစ်ပိုင်းပါဝင်သူ ဖြစ်ပုံရသည်။ ထို့ကြောင့် ဤနေရာတွင် ပြောသူသည် အာဏာရှိသော အနေအထားတွင် မဟုတ်ဘဲ သူသည် သူ၏ ထောက်ခံမှုကို ထုတ်ဖော်ပြောပြီး ဤအကြောင်းအရာကို တင်ရာတွင် သူ၏အန္တရာယ်ကင်းရှင်းရေးအတွက် ဘေးတွေ့နိုင်ခြေ အလားအလာလည်း ရှိသည်။
- ရည်ရွယ်ချက်- အကြောင်းအရာ အမြောက်အမြား စိစစ်နေချိန် ရည်ရွယ်ချက်ကို အကဲဖြတ်ခြင်းက သိသိသာသာ အခက်အခဲရှိလာသည့်အခါ ပို့စ်တစ်ခုလုံး၏ ရည်ရွယ်ချက်နှင့် ပုံမှန်အဓိပ္ပာယ်ကောက်ယူမှုသည် သရုပ်ဖော်ထားသော အမျိုးသမီးအား ထောက်ခံမှုနှင့် သူ၏ဖမ်းဆီးခံရမှုအကြောင်း ပိုမိုသတိပြုမိစေခြင်းကို ညွှန်ပြသည်။ ဘုတ်အဖွဲ့က ဆွေးနွေးတိုင်ပင်ထားသော ကျွမ်းကျင်သူများ၏ အဆိုအရ ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီး အဖမ်းခံရပြီးနောက် သူ၏ရုပ်ပုံနှင့် သူ၏အမည်ကို ဆန္ဒပြသူများက ဖြန့်ဝေပြီး သူ့ကို အန္တရာယ်ကင်းရှင်းအောင် ထားရှိရန် အာဏာပိုင်များအပေါ် ဖိအားပေးခြင်းသည် အီရန်တွင် တွေ့ရများပါသည်။ ဤပုဂ္ဂိုလ်များကို လူသိရှင်ကြားဖြစ်အောင် ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် နောက်ထပ် နစ်နာသူများ ထိပါးနှောင့်ယှက်ခံရခြင်းမရှိအောင် တားဆီးနိုင်သည်ဟု ဆန္ဒပြသူများက သဘောပေါက်ခဲ့သည်။
- အကြောင်းအရာနှင့် ထုတ်ဖော်ပြောဆိုမှု ပုံစံ- ဘုတ်အဖွဲ့က ဆွေးနွေးတိုင်ပင်ခဲ့သော ဘာသာစကား ကျွမ်းကျင်သူများ၏ အဆိုအရ ဤဆက်စပ်အခြေအနေရှိ “မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်” ဟူသော စကားစုကို ပါရှန်စကားပြောသူများက တိုက်ရိုက် အကြမ်းဖက်ခြိမ်းခြောက်မှုမဟုတ်ဘဲ ဒေါသနှင့် စိတ်ပျက်မှုကဲ့သို့ လေးနက်သော စိတ်ခံစားချက်ကို ဖော်ပြခြင်းအဖြစ် နားလည်ကြပါမည်။ အားမာန်ပါပြီး အပြင်ပန်းအားဖြင့် ခြိမ်းခြောက်ပုံရသော အသုံးအနှုန်းများကို အစိုးရအား ဆန့်ကျင်ပြောဆိုရန်အတွက် လှုပ်ရှားမှုတွင် ပုံမှန်အသုံးပြုခဲ့ကြသည်။ အီရန်ဆန္ဒပြကြွေးကြော်သံ အမှုတွင် “Khamenei ကျဆုံးပါစေ” ဟူသော ကြွေးကြော်သံသည် "အလင်္ကာမြောက်သော ခြိမ်းခြောက်မှု" တစ်ခုဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး “ငါ့ညီမ/ညီကို သတ်တဲ့သူ မှန်သမျှကို ငါသတ်မယ်” ဟူသော စကားစုအတွက် အလားတူ အကြောင်းပြချက်ဖြင့် Meta က "မူဝါဒဆိုလိုရင်း" အရ ခွင့်ပြုချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်ဟု ဘုတ်အဖွဲ့က မှတ်ချက်ပြုခဲ့သည်။ ဤအမှုရှိ စကားစုကို သူမ၏ အခွင့်အရေးများအတွက် ရပ်တည်ဆောင်ရွက်နေသော အမျိုးသမီးတစ်ဦးအား ချီးမွမ်းသည့် စာတန်းတစ်ခု၏ အလယ်တွင် ဖော်ပြထားသည်။ တစ်ခုလုံးကို ထည့်သွင်းစဉ်းစားလျှင် စာတန်းသည် ခွဲခြားဆက်ဆံသော ဥပဒေများနှင့် အစိုးရ၏ ရုန့်ရင်းကြမ်းတမ်းသော ဆောင်ရွက်ချက်များကို ဆန္ဒပြသည့် အီရန်နိုင်ငံသူအမျိုးသမီးများအား ထောက်ခံမှုကို ဖော်ပြသည်။
- အတိုင်းအတာနှင့် ပျံ့နှံ့ရောက်ရှိမှု- ပို့စ်တွင် ကြည့်ရှုမှု ၄၇,၀၀၀၊ နှစ်သက်မှု ၂,၀၀၀၊ မှတ်ချက် ၁၀၀ နှင့် မျှဝေမှု ၅၀ ခန့် ရှိခဲ့သည်။ ဤစကားသည် ရာဘတ် ဆန်းစစ်လေ့လာမှုရှိ အခြားအချက်များကို ထည့်သွင်းစဉ်းစားလျှင် လှုံ့ဆော်မှု ဖြစ်ပုံမပေါ်သောကြောင့် အကြောင်းအရာ ပျံ့နှံ့ရောက်ရှိမှု မြင့်မားခြင်းက ဖယ်ရှားရန်လိုအပ်ခဲ့ကြောင်း ညွှန်ပြသောအချက်မဟုတ်ပါ။
- ဖြစ်နိုင်ခြေနှင့် ဖြစ်အံ့ဆဲဆဲ အခြေအနေ- ဤအချက်သည် ပြောစကားက ၎င်းဖြင့်ရည်ရွယ်ပစ်မှတ်ထားသူ၊ ဤအမှုတွင် အစိုးရအပေါ် ဖြစ်အံ့ဆဲဆဲ၊ ဖြစ်နိုင်ခြေရှိသော အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိ၊ မရှိ အကဲဖြတ်ပါသည်။ ဆန္ဒပြလှုပ်ရှားမှုနှင့် ၎င်းကို ထောက်ခံသူများသည် ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖိနှိပ်မှုနှင့် ရန်တုံ့နှင်းခြင်းကို အဆက်မပြတ် အသုံးပြုနေသည့် အစိုးရကို ဆန့်ကျင်နေကြသည်။ ဤအမှုရှိ စကားကြောင့် ပေါ်ပေါက်လာနိုင်သည့် ဖြစ်နိုင်ခြေအရှိဆုံး ထိခိုက်မှုပုံစံမှာ အစိုးရ သို့မဟုတ် ၎င်းကို ထောက်ခံသူများအား အကြမ်းဖက်မှုထက် ပို့စ်တင်သော အသုံးပြုသူ သို့မဟုတ် ဗီဒီယိုထဲတွင်ပြထားသော အမျိုးသမီးအပေါ် အစိုးရမှ လက်တုံ့ပြန် အကြမ်းဖက်မှု ဖြစ်သည်။ ကျွမ်းကျင်သူများက ဤဆန္ဒပြမှုများတွင် ပါဝင်သောသူများ ရင်ဆိုင်ရသည့် အန္တရာယ်များနှင့် အကြမ်းဖက်ခြိမ်းခြောက်မှု စိုးမိုးလျက်ရှိလင့်ကစား လှုပ်ရှားမှု အဓွန့်ရှည်ပုံကို အသားပေးပြောခဲ့သည်။ ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများ၏ ပုံများကို ဖြန့်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့ဖမ်းဆီးခံရမှုကို အာရုံစိုက်စေရန်နှင့် ၎င်းတို့ အန္တရာယ်ကင်းရှင်းစေရန်အတွက် အာဏာပိုင်များအပေါ် ဖိအားပေးရန် ဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုခဲ့သည်။
အထက်ပါ အချက်များ၏ ဆန်းစစ်ချက်ပေါ်အခြေခံ၍ အကြောင်းအရာသည် ယုံကြည်ရလောက်သော ခြိမ်းခြောက်မှု မဟုတ်ဘဲ ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုကို လှုံ့ဆော်နိုင်စွမ်း မရှိခဲ့ကြောင်း ဘုတ်အဖွဲ့က ယူဆသည်။ အကြမ်းဖက်ဖိနှိပ်မှု ကြုံရသည့် နေရာအနှံ့အပြား ဆန္ဒပြမှုများ ဖြစ်ပွားနေသော အခြေအနေတွင် တင်စားသုံးနှုန်းသောစကားကို အသုံးပြုသည့်အခါ Meta အနေဖြင့် စိစစ်သူများအတွက် လမ်းညွှန်ချက်ကို အခြေခံ မူဝါဒဆိုင်ရာ သဘောတရားနှင့် ချိန်ညှိပြီး ဘာသာစကားနှင့် ဒေသတွင်း အခြေအနေကို အကဲဖြတ်ရန် ၎င်း၏ စိစစ်သုံးသပ်သူများကို ကူညီပေးသင့်သည်။ ပို့စ်သည် "တင်စားသုံးနှုန်းသောစကား" ဟုတ်၊ မဟုတ် သို့မဟုတ် အကြမ်းဖက်မှုကို လှုံ့ဆော်နိုင်ခြေရှိ၊ မရှိ တိကျသေချာအောင် အကဲဖြတ်ခြင်းသည် အရေးအခင်းအခြေအနေများတွင် အကြောင်းအရာစိစစ်ခြင်းကို ပိုမိုကျယ်ပြန့်စွာ တိုးတက်စေရာတွင် အလွန်အရေးပါသည်။ လူကိုယ်တိုင် စိစစ်သုံးသပ်သူများက ပံ့ပိုးပေးသည့် လေ့ကျင့်မှုဒေတာ၏ အရည်အသွေးသည် အလိုအလျောက် စောင့်ကြည့်စနစ် တိကျမှုအပေါ် သက်ရောက်မှုရှိပါမည်။ လူကိုယ်တိုင် စိစစ်သူများက စည်းမျဉ်းတစ်ရပ်အား တင်းကျပ်သော စည်းကမ်းထိန်းသိမ်းမှုကြောင့် "တင်စားသုံးနှုန်းသော" ရေးသားဖော်ပြချက်များကို ဖယ်ရှားလျှင် အဆိုပါအမှားများကို အလိုအလျောက်စောင့်ကြည့်စနစ်မှ အတုယူပြီး အမှားပိုလုပ်နိုင်ဖွယ်ရှိသည်။
Meta တွင် အရေးအခင်း အခြေအနေများအတွင်း ၎င်း၏ မူဝါဒများနှင့် ယင်းတို့ကို စည်းကမ်းထိန်းသိမ်းမှုအား ချိန်ညှိရန် "အန္တရာယ်ရှိသော" နိုင်ငံ အဆင့်သတ်မှတ်သည့်စနစ်နှင့် ၎င်း၏အရေးအခင်းကာလ မူဝါဒ ပရိုတိုကောအပါအဝင် အစီအမံများစွာ ရရှိနိုင်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ကုမ္ပဏီက ၎င်း၏ ထုတ်ကုန် တိုးတက်ရေးကို မည်သို့ ဦးစားပေးသင့်သည် သို့မဟုတ် ၎င်း၏အရင်းအမြစ်များအား မည်သို့ရင်းနှီးမြှုပ်နှံရမည်ကို ဆုံးဖြတ်ရန်အတွက် "ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုနှင့် အကြမ်းဖက်မှု" အန္တရာယ်ရှိသော နိုင်ငံများကို ခွဲခြားဖော်ထုတ်ရန် "အန္တရာယ်ရှိသော" နိုင်ငံ အဆင့်သတ်မှတ်သည့်စနစ်ကို အသုံးပြုသည်။ အကဲဖြတ်မှုကို အခြားလုပ်ငန်းစဉ်များအတွက်လည်း ထည့်သွင်းစဉ်းစားနိုင်သည် (ဥပမာ၊ အထူးလုပ်ငန်းဆောင်ရွက်မှု အဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးသင့်၊ မသင့် သို့မဟုတ် ၎င်း၏ အရေးအခင်းကာလ မူဝါဒ ပရိုတိုကော အသုံးပြုခြင်းကို စတင်သင့်၊ မသင့်)။ ၂၀၂၃ ဒုတိယနှစ်ဝက်အတွက် အီရန်သည် "အန္တရာယ်ရှိသော နိုင်ငံ" အဖြစ် သတ်မှတ်ခံထားရကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ အီရန်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်ကတည်းက အရေးအခင်းကာလ မူဝါဒ ပရိုတိုကောအောက်တွင်လည်း အန္တရာယ်ရှိကြောင်း သတ်မှတ်ခံထားရပြီး ထိုအချိန်ကတည်းက ဆက်လက် သတ်မှတ်ခံထားရဆဲဖြစ်သည်။ အရေးအခင်းကာလ မူဝါဒ ပရိုတိုကောသည် သီးခြားအခြေအနေတစ်ခုကို ဖြေရှင်းရန်အတွက် "မူဝါဒဆိုင်ရာ စီမံဆောင်ရွက်ချက်များ" ဟု သိထားသော ယာယီမူဝါဒ ပြောင်းလဲမှုအချို့ ပြုလုပ်ရန် Meta အား အကူအညီပေးသည်။ Meta သည် "ကျွန်ုပ်တို့၏ မူဝါဒများအား အခြားချိုးဖောက်မှုများမရှိဘဲ 'ငါ့ညီမ/ညီကို သတ်တဲ့သူ မှန်သမျှကို ငါသတ်မယ်' ဟူသော ကြွေးကြော်သံ သို့မဟုတ် ၎င်း၏ ဆင့်ပွားဝေါဟာရများ ပါဝင်သည့် အကြောင်းအရာကို ခွင့်ပြုရန် ခွင့်ပြုချက်တစ်ခု" အပါအဝင် အီရန်တွင် အသုံးပြုထားပြီးဖြစ်သော မူဝါဒဆိုင်ရာ စီမံဆောင်ရွက်ချက်များ၏ ဥပမာအချို့ကို ပေးထားသည်။ (မူဝါဒဆိုင်ရာ စီမံဆောင်ရွက်ချက်များ၏ နောက်ထပ်ဥပမာများအတွက် မူဝါဒဖိုရမ် မှတ်တမ်းများ၊ ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်၊ အရေးအခင်းကာလ မူဝါဒ ပရိုတိုကောကို ကြည့်ပါ။)
အန္တရာယ်ကင်းရှင်းရေးအတွက် ကုမ္ပဏီ၏ ကတိကဝတ်နှင့် အီရန်အတွက် အရေးအခင်းကာလ မူဝါဒ ပရိုတိုကောကို အသက်သွင်းခြင်းဖြင့် ဖြစ်နိုင်ခြေရှိသော အကြောင်းအရာ စိစစ်ခြင်းဆိုင်ရာ အန္တရာယ်များကို လျှော့ချရန် ၎င်း၏ အားထုတ်မှုများကို ဘုတ်အဖွဲ့က အသိအမှတ်ပြုသော်လည်း ဤအားထုတ်မှုများသည် သဘောထားကွဲလွဲမှုကို စနစ်တကျ ဖိနှိပ်ခြင်းနှင့် လူမှုရေးတင်းမာမှုများရှိသော ပတ်ဝန်းကျင်တစ်ခုတွင် လူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်အတွက် အလေးထားကြောင်း သေချာစေရန် မလုံလောက်ခဲ့ပါ။ ဘုတ်အဖွဲ့က လုပ်ခိုင်းခဲ့သော သုတေသနဆောင်ရွက်ချက်အရ Meta ၏ ပလက်ဖောင်းများပေါ်၌ အီရန်တွင် ဟီဂျပ်ဝတ်ဆင်ခြင်းအကြောင်း ဆွေးနွေးသော ဆက်စပ်အကြောင်းအရာတွင် ခေါင်းဆောင်းပဝါ မခြုံထားသော အမျိုးသမီးများကို သရုပ်ဖော်သည့် အကြောင်းအရာ တော်တော်များများကို ဆန္ဒပြလှုပ်ရှားမှုကဖြစ်စေ၊ ၎င်းကို ထောက်ခံသောအားဖြင့်ဖြစ်စေ မျှဝေကြောင်း ဖော်ပြသည်။ ဤနေရာတွင် Meta ၏ စည်းကမ်းထိန်းသိမ်းမှု လုပ်ငန်းစဉ်သည် သက်ဆိုင်ရာ ဆက်စပ်အခြေအနေတွင် တင်စားသုံးနှုန်းသော သို့မဟုတ် တိုက်ရိုက်အဓိပ္ပာယ် မသက်ရောက်သော ရေးသားဖော်ပြချက်များကို ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှု ဖြစ်နိုင်ဖွယ်ရှိသည့် အစစ်အမှန် ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်ရန် လှုံ့ဆော်မှုတို့မှ ခွဲခြားပြရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သည်။
Meta အနေဖြင့် အရေးအခင်းကာလ မူဝါဒ ပရိုတိုကောတွင် မူဝါဒဆိုင်ရာ စီမံဆောင်ရွက်ချက်တစ်ခုထည့်ပြီး အကြမ်းဖက် ခြိမ်းခြောက်မှုများကို တားမြစ်သော ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒစာကြောင်းကို မဖောက်ဖျက်ကြောင်း မှတ်ယူမည့် သက်ဆိုင်ရာ အခြေအနေတွင် တင်စားပြောဆိုသောအားဖြင့် သို့မဟုတ် တိုက်ရိုက်သဘောဖြင့်မဟုတ်ဘဲ ခြိမ်းခြောက်သည့်အသုံးအနှုန်းကို အသုံးပြုထားသော ရေးသားဖော်ပြချက်များကို ခွဲခြားဖော်ထုတ်နည်းနှင့်ပတ်သက်၍ အကြောင်းအရာ အမြောက်အမြား စိစစ်သူများအတွက် ကုမ္ပဏီတွင်း သတ်မှတ်စံနှုန်းကို လျော်ညီစွာ ပံ့ပိုးပေးရန် ဘုတ်အဖွဲ့က အကြံပြုသည်။ ခြိမ်းခြောက်မှုတစ်ခုက တိုက်ရိုက်သဘောမဟုတ်ဘဲ တင်စားပြောဆိုခြင်းဟုတ်၊ မဟုတ် ဆုံးဖြတ်နည်းနှင့်ပတ်သက်၍ အရေးအခင်းအခြေအနေအလိုက် သီးသန့်သတ်မှတ်စံနှုန်းကို ရေးဆွဲရာတွင် Meta အနေဖြင့် ရာဘတ် အစီအစဉ်ပါ အချက်များကို ဂရုပြုသင့်သည် (ဥပမာ- အစိုးရဖိနှိပ်မှုအပေါ် နေရာအနှံ့အပြား ဆန္ဒပြမှုများ၏ အခြေအနေ၊ ပြောသူတွင် လူများအား ထိခိုက်စေရန် လှုံ့ဆော်နိုင်စွမ်း သို့မဟုတ် လှုံ့ဆော်နိုင်ခြေရှိ၊ မရှိ၊ လူများအပေါ်လွှမ်းမိုးမှုရှိသော ဟောပြောနိုင်စွမ်းအတွက် ပြင်းထန်သော/ခံစားချက်ပြင်းပြသော အသုံးအနှုန်း အသုံးများခြင်းကို ညွှန်ပြသော သက်ဆိုင်ရာ ဘာသာစကားနှင့် လူမှုရေး ဆက်စပ်အခြေအနေ၊ ဒေသဆိုင်ရာ ဗဟုသုတကို ထောက်ဆလျှင် အန္တရာယ်ဖြစ်နိုင်ခြေစသည်ဖြင့်။) ကုမ္ပဏီသည် စိစစ်ခြင်းအတွက် သတ်မှတ်စံနှုန်းကို ဖန်တီးရာတွင် သို့မဟုတ် အကဲဖြတ်ရာတွင် အထောက်အကူပြုမည့် ၎င်း၏ယုံကြည်စိတ်ချရသော ပါတနာများကိုလည်း အားထားနိုင်သည်။ Meta က အရေးယူဆောင်ရွက်ချက် အစီအစဉ်ကို ဘာသာစကား ၃၂ မျိုးသို့ ဘာသာပြန်ဆိုရာတွင် ကုလသမဂ္ဂကို ပံ့ပိုးကူညီခြင်းဖြင့် အကြောင်းအရာ စိစစ်ခြင်းအတွက် ရာဘတ် အရေးယူဆောင်ရွက်မှု အစီအစဉ်၏ လက်တွေ့ကျသော အရေးပါမှုကို အလေးထားခဲ့သည်။ အကြမ်းဖက်မှုကို လှုံ့ဆော်ရန် မရည်ရွယ်သည့်အပြင် ယင်းသို့လှုံ့ဆော်နိုင်ခြေမရှိမှသာ အစိုးရအပေါ်ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသော အခြေအနေအတွင်း "တင်စားသုံးနှုန်းသောစကား" ကို ဤမူဝါဒဆိုင်ရာ စီမံဆောင်ရွက်ချက်ဖြင့် ခွင့်ပြုပေးသင့်သည်။
အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်း
ဤအမှုတွင် သရုပ်ဖော်ထားသောအမျိုးသမီး၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို အများသိရှိထားပြီး သူမ၏ဖမ်းဆီးခံရမှုကို အာရုံစိုက်စေရန်နှင့် ထိုသို့အာရုံစိုက်လာခြင်းကြောင့် သူမကို လွတ်မြောက်စေမည်ဟု မျှော်လင့်ချက်ဖြင့် အကြောင်းအရာကို ပို့စ်တင်ခဲ့သည်မှာ ထင်ရှားသဖြင့် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းအရ ဖယ်ရှားမှုကို မလိုအပ်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ထို့အပြင် လူမြင်ကွင်းတွင် ဟီဂျပ်ကို ချွတ်ပစ်သည့် အမျိုးသမီးများသည် ဆန္ဒပြမှုပုံစံတစ်ခုအဖြစ် ၎င်းကို ရည်ရွယ်ချက်ရှိရှိလုပ်ကြပြီး "ဗျူဟာမြောက် ဆန့်ကျင်မှုအဖြစ် အာဏာဖီဆန်ခြင်း" ကို ရွေးချယ်ကာ အလားအလာရှိသော အကျိုးဆက်များကို သိရှိကြကြောင်း လူထုသဘောထားမှတ်ချက်ပေးသူများစွာက ဦးစားပေးဖော်ပြခဲ့သည် (လူထုသဘောထားမှတ်ချက် Tech Global Institute၊ PC-၂၁၀၀၉ ကို ကြည့်ပါ)။ ဗီဒီယိုထဲရှိ အမျိုးသမီးသည် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်ခံထားရပြီးဖြစ်ကာ အစိုးရ၏ ဖမ်းဆီးခြင်းကိုလည်း ခံထားရပြီးဖြစ်သည်။ အဆိုပါဖမ်းဆီးမှုအပေါ် အာရုံစိုက်စေရန် ဤပို့စ်ကို မျှဝေခဲ့သည်။ အစိုးရက ဖမ်းဆီးထားသော ဆန္ဒပြသူများနှင့် အစိုးရနှင့် သဘောထားကွဲလွဲ ဆန့်ကျင်သူများသည် နှိပ်စက်ခံခဲ့ရပြီး ကျား/မအခြေပြု အကြမ်းဖက်မှု ခံခဲ့ရသည် သို့မဟုတ် ပျောက်ကွယ်သွားကြသည်။ ဖမ်းဆီးမှုများကို အာရုံစိုက်စေရန်နှင့် ဖမ်းဆီးခံရသောသူကို လွှတ်ပေးရန် တောင်းဆိုသော ဤအလေ့အထကို အီရန်နိုင်ငံရှိ လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးကာကွယ်သူများက ပုံမှန်အသုံးပြုပြီး အစိုးရ၏ ထိန်းသိမ်းခြင်းခံရသူများကို ကာကွယ်ရာတွင် အထောက်အကူပြုနိုင်ကြောင်း ဘုတ်အဖွဲ့မှ ဆွေးနွေးတိုင်ပင်ခဲ့သော ကျွမ်းကျင်သူများနှင့် လူထုသဘောထားမှတ်ချက်ပေးသူများစွာက အထူးမှတ်ချက်ပြုခဲ့သည်။
ဖော်ထုတ်ခံရန် ဆန္ဒရှိသူများအတွက် ဆင်ဆာဖြတ်တောက်မခံရစေရန် လုပ်ဆောင်လျက် ထိခိုက်လွယ်သော အသုံးပြုသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများကို ကာကွယ်ရန် လိုအပ်ချက်ကို ဟန်ချက်ညီအောင်ထားခြင်းသည် ပါးနပ်သော မေးခွန်းထုတ်စရာတစ်ခုဖြစ်ပြီး ဆက်စပ်အခြေအနေ ဆန်းစစ်လေ့လာမှု၊ အချိန်မီ စိစစ်သုံးသပ်ခြင်းနှင့် အမြန် အရေးယူဆောင်ရွက်ခြင်းတို့ကို လိုအပ်သည်။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် အကြောင်းအရာအား ဖြုတ်ချရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ပယ်ချလိုက်သည်။
၁၀။ အကြံပြုချက်များ
- စည်းကမ်းထိန်းသိမ်းမှု
စနစ်တကျ အစိုးရဖိနှိပ်မှုခံရသော ပတ်ဝန်းကျင်တစ်ခုတွင် အသုံးပြုသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်ကို အလေးထားကြောင်း သေချာစေရန် Meta အနေဖြင့် အကြမ်းဖက်မှုကို လှုံ့ဆော်ရန် မရည်ရွယ်သော၊ လှုံ့ဆော်နိုင်ခြေမရှိသော တင်စားသုံးနှုန်းသည့် (သို့မဟုတ် တိုက်ရိုက်အဓိပ္ပာယ် မသက်ရောက်သည့်) ဖော်ပြချက်များသည် သက်ဆိုင်ရာ အခြေအနေများတွင် အကြမ်းဖက် ခြိမ်းခြောက်မှုများကို တားမြစ်သော ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒစာကြောင်းကို ဖောက်ဖျက်ခြင်းမရှိကြောင်း သတ်မှတ်ထားသည့် မူဝါဒဆိုင်ရာ စီမံဆောင်ရွက်ချက်တစ်ခုကို အရေးအခင်းကာလမူဝါဒ ပရိုတိုကောတွင် ထည့်သွင်းသင့်သည်။ ၎င်းတွင် သက်ဆိုင်ရာ ဆက်စပ်အခြေအနေ၌ ထိုသို့သော ရေးသားဖော်ပြချက်များကို ခွဲခြားဖော်ထုတ်နည်းနှင့်ပတ်သက်၍ အကြောင်းအရာ အမြောက်အမြား စိစစ်သူများအတွက် သတ်မှတ်စံနှုန်းများ ရေးဆွဲခြင်း ပါဝင်သင့်သည်။
Meta က မူဝါဒဆိုင်ရာ စီမံဆောင်ရွက်ချက်တစ်ခုကို အကောင်အထည်ဖော်ရန်အတွက် နည်းလမ်းများကိုသာမက အီရန်နိုင်ငံတွင် အကြောင်းအရာစိစစ်ခြင်းအတွက် ရေးဆွဲရရှိလာသော သတ်မှတ်စံနှုန်းကိုပါ ဘုတ်အဖွဲ့နှင့် မျှဝေသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ပြီး ဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။
*လုပ်ထုံးလုပ်နည်းဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစုက ထောက်ခံအတည်ပြုထားသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား သီးခြားလွတ်လပ်သော သုတေသနလေ့လာမှုတစ်ခုကို ပြုလုပ်စေခဲ့ပါသည်။ ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားပြီး တိုက်ကြီး ခြောက်တိုက်မှ လူမှုရေးသိပ္ပံပညာရှင်ပေါင်း ၅၀ ကျော်အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃,၂၀၀ ကျော် ပါဝင်သော အဖွဲ့ဖြစ်သည့် လွတ်လပ်သော သုတေသနအဖွဲ့အစည်းတစ်ခုက ဘုတ်အဖွဲ့ကို ကူညီပေးခဲ့သည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် အန္တရာယ်ကင်းရှင်းရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers ကလည်း ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။ အများသူငှာဝင်ကြည့်နိုင်သည့် ရင်းမြစ်များကို သုံး၍ လူမှုကွန်ရက် အလားအလာများအပေါ် သုတေသနလုပ်ဆောင်မှုတွင် ပါဝင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Memetica ကလည်း လေ့လာဆန်းစစ်ချက်ကို ပံ့ပိုးခဲ့သည်။ ဘာသာစကားပေါင်း ၃၅၀ ကျော်ကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ကမ္ဘာတစ်လွှားရှိ မြို့ကြီးပေါင်း ၅,၀၀၀ ကျော်မှ အလုပ်လုပ်ပေးနေသည့် ကျွမ်းကျင်ပညာရှင်များကို ပိုင်ဆိုင်ထားသော Lionbridge Technologies, LLC က ဘာသာစကားပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ဆောင်မှုကို ပေးအပ်ခဲ့ပါသည်။
العودة إلى قرارات الحالة والآراء الاستشارية المتعلقة بالسياسة