पलट जाना
ဂါဇာတွင် တွေ့ဆုံမှုကို အသေးစိတ်ပြန်ပြောပြသည့် သတင်းထောက်
4 अप्रैल 2024
သတင်းထောက်တစ်ဦးသည် ဟားမတ်စ်အဖွဲ့၏ ပူးတွဲတည်ထောင်သူ Abdel Aziz Al-Rantisi ကို အင်တာဗျူးခဲ့သည့် သူ၏ကိုယ်ပိုင်အတွေ့အကြုံကို အသေးစိတ်ပြန်ပြောပြသည့် Facebook ပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သည်။ ဤအမှုသည် အထူးသဖြင့် ကြားနေသဘောအရ ဆွေးနွေးသော ပို့စ်များနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအား စည်းကမ်းထိန်းသိမ်းမှုလွန်ကဲသည့် ထပ်တလဲလဲဖြစ်ပေါ်နေသော ပြဿနာတစ်ခုကို ဦးစားပေးဖော်ပြသည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြပြီးနောက်တွင် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။
ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည်။အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက်တွင် Meta က အကြောင်းအရာအစိတ်အပိုင်း တစ်ခုအပေါ် ၎င်း၏မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများကို ဆန်းစစ်လေ့လာထားပြီး Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များကို ထည့်သွင်းဖော်ပြထားသည်။ ၎င်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးထက် ဘုတ်အဖွဲ့ဝင်များပါသော အဖွဲ့တစ်ဖွဲ့က အတည်ပြုထားပြီး လူထုသဘောထားမှတ်ချက်များနှင့် မသက်ဆိုင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသည့် စံတန်ဖိုးမျိုး မရှိပါ။ Meta က ၎င်း၏ စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ရှာဖွေဖော်ထုတ်နေစဉ် အကျဉ်းချုပ် ဆုံးဖြတ်ချက်များသည် Meta ၏ ဆုံးဖြတ်ချက်များတွင် တိုက်ရိုက်အပြောင်းအလဲများ ဖြစ်စေပြီး ယင်းပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးသည်။
အမှုအနှစ်ချုပ်
သတင်းထောက်တစ်ဦးသည် ဟားမတ်စ်အဖွဲ့၏ ပူးတွဲတည်ထောင်သူ Abdel Aziz Al-Rantisi ကို အင်တာဗျူးခဲ့သည့် သူ၏ကိုယ်ပိုင်အတွေ့အကြုံကို အသေးစိတ်ပြန်ပြောပြသည့် Facebook ပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သည်။ ဤအမှုသည် အထူးသဖြင့် ကြားနေသဘောအရ ဆွေးနွေးသော ပို့စ်များနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအား စည်းကမ်းထိန်းသိမ်းမှုလွန်ကဲသည့် ထပ်တလဲလဲဖြစ်ပေါ်နေသော ပြဿနာတစ်ခုကို ဦးစားပေးဖော်ပြသည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြပြီးနောက်တွင် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။
အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က အစ္စရေးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး သိပ်မကြာမီတွင် သတင်းထောက်တစ်ဦးသည် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအောက်တွင် အဆင့် ၁ အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့် ဟားမတ်စ်အဖွဲ့၏ ပူးတွဲတည်ထောင်သူ Abdel Aziz Al-Rantis အား မေးမြန်းခဲ့သော အင်တာဗျူး၏ စာဖြင့် အသေးစိတ် ပြန်လည်ပြောပြချက်ကို Facebook ပေါ် တင်ခဲ့သည်။ ပို့စ်တွင် သတင်းထောက်၏ ဂါဇာခရီးစဉ်၊ ဟားမတ်စ်အဖွဲ့ဝင်များ၊ ဒေသခံများနှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့မှုများအပြင် al-Rantisi ကို ရှာတွေ့ပြီး အင်တာဗျူးခဲ့သည့် အတွေ့အကြုံကိုလည်း ဖော်ပြထားသည်။ ပို့စ်တွင် Al-Rantisi၊ အင်တာဗျူးသူနှင့် မျက်နှာဖုံးထားသော ဟားမတ်စ် စစ်သွေးကြွများ ပါဝင်သည့် ဓာတ်ပုံလေးပုံ ပါရှိသည်။
အသုံးပြုသူက ဘုတ်အဖွဲ့ထံ သူ၏အယူခံလွှာတွင် ပို့စ်၏ ရည်ရွယ်ချက်မှာ ဂါဇာရှိ သူ၏အတွေ့အကြုံနှင့် ဟားမတ်စ်ကို ကနဦးတည်ထောင်သူများထဲမှ တစ်ဦးအား မေးမြန်းခဲ့သည့် အင်တာဗျူးအကြောင်း အများပြည်သူကို အသိပေးရန် ဖြစ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။
Meta သည် ၎င်းက အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများနှင့်ပတ်သက်သည့် အချို့သောအကြောင်းအရာများကို ကုမ္ပဏီက ၎င်း၏ ပလက်ဖောင်းများမှ ဖယ်ရှားပစ်သည့် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို ကိုးကား၍ အဆိုပါပို့စ်ကို Facebook မှ ဖယ်ရှားခဲ့သည်။ သို့ရာတွင် "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်းအခြေအနေတွင် သတ်မှတ်ထားသည့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ရည်ညွှန်းပြောဆိုချက်များ ပါဝင်သည့် အကြောင်းအရာများကို အသုံးပြုသူများအနေဖြင့် မျှဝေနိုင်သည်" ဟု မူဝါဒအရ လက်ခံထားပါသည်။ ၎င်းတွင် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုဖြစ်စေ၊ ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကိုဖြစ်စေ သတင်းအစီရင်ခံသော၊ ကြားနေသဘောဖြင့် ဆွေးနွေးသော သို့မဟုတ် ဝေဖန်ရှုတ်ချသော အကြောင်းအရာများ ပါဝင်သည်။
ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက် ကုမ္ပဏီက "အကြောင်းအရာသည် အခြေအနေကို လူအများပိုမိုသတိပြုမိစေရန် ရည်ရွယ်ခဲ့ခြင်း" ဖြစ်သောကြောင့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းကို မချိုးဖောက်ခဲ့ပါဟု ဆုံးဖြတ်ခဲ့သည်။ Meta သည် "အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ လှုပ်ရှားဆောင်ရွက်မှု သို့မဟုတ် အပြုအမူအကြောင်း ကြားနေသဘောဆွေးနွေးသော၊ သတင်းအချက်အလက်ပေးသော ဖော်ပြချက်များ" နှင့်ဆက်စပ်၍ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း ခွင့်ပြုချက်ကို ကိုးကားခဲ့သည်။ ထို့အပြင် ဤအမှုတွင် "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း အခြေအနေကို အကြောင်းအရာထဲတွင် အတိအလင်း ဖော်ပြထားသောကြောင့် အသုံးပြုသူ၏ ရည်ရွယ်ချက်[နှင့်ပတ်သက်၍] မရေရာခြင်း မရှိပါ" ဟု Meta က ဆိုခဲ့သည်။
ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူမှ အယူခံဝင်ပြီးနောက်တွင် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။
Meta က ၎င်းသည် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်ခြင်း လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram ကို အသုံးပြုနေသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်သည်။
အမှု၏ အရေးပါမှု
ဤအမှုသည် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒ၊ အထူးသဖြင့် ကုမ္ပဏီက အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းများနှင့်ပတ်သက်၍ သတင်းအစီရင်ခံခြင်းအား စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်းကို ဦးစားပေးဖော်ပြသည်။ ၎င်းသည် ထပ်တလဲလဲဖြစ်ပွားနေသော ပြဿနာတစ်ခု ဖြစ်သည်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက်တွင် တစ်ဖက်က အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း ဖြစ်နေသည့် အစ္စရေး-ဟားမတ်စ် ပဋိပက္ခအခြေအနေအတွင်း ယင်းပြဿနာမျိုး အဖြစ်များသည်။ ဘုတ်အဖွဲ့သည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအောက်ရှိ သတင်းအစီရင်ခံခြင်း ခွင့်ပြုချက်နှင့်ပတ်သက်သော အကြံပြုချက်အချို့ကို ထုတ်ပြန်ခဲ့သည်။ ဤအရေးကြီးသော ခွင့်ပြုချက်ကို ကျင့်သုံးရာတွင် ဆက်တိုက်အမှားများရှိနေခြင်းသည် အသုံးပြုသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အများပြည်သူ၏ သတင်းအချက်အလက် ရယူခွင့်ကို သိသိသာသာ ကန့်သတ်တားမြစ်နိုင်ပြီး ပြည်သူလူထုအကြား ဆွေးနွေးဖလှယ်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။
Meta က "အထူးသဖြင့် ကြားနေသဘောဆွေးနွေးခြင်းနှင့် သတင်းအစီရင်ခံခြင်းနှင့်ပတ်သက်သော ခြွင်းချက်များကို ပိုမိုနားလည်စေရန် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒတွင် သတ်မှတ်စံနှုန်းနှင့် သာဓကဥပမာများကို ထည့်သင့်သည်" ဟု ဘုတ်အဖွဲ့က ယခင်ဆုံးဖြတ်ချက်တစ်ခုတွင် အကြံပြုခဲ့သည် ( မျှဝေထားသော Al Jazeera ပို့စ်၊ အကြံပြုချက် နံပါတ် ၁)။ Meta က ဤအကြံပြုချက်ကို အကောင်အထည်ဖော်ထားကြောင်း အစီရင်ခံခဲ့သည့်အပြင် အချက်အလက်များ ထုတ်ပြန်၍ အထင်အရှား သက်သေပြခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက် ရက်စွဲပါ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒ အပ်ဒိတ်တစ်ခုတွင် Meta သည် ၎င်း၏ ရှင်းလင်းဖော်ပြချက်များကို မွမ်းမံပြင်ဆင်ခဲ့ပြီး ယခုအခါ ၎င်း၏ လူမှုစံနှုန်းတွင် "ချီးကျူးခြင်း" အစား "အမွှမ်းတင်ခြင်း" ဟူသော ဝေါဟာရကို အသုံးပြုသည်။
ထို့အပြင် ဘုတ်အဖွဲ့က Meta အနေဖြင့် "စည်းကမ်းထိန်းသိမ်းမှု အမှားများ ဖြစ်စေသည့် စနစ်ပိုင်းဆိုင်ရာ ပြဿနာများကို ရှာဖွေဖော်ထုတ်ရန်အတွက် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအောက်တွင် သတင်းအစီရင်ခံခြင်း ခွင့်ပြုချက်ကို အသုံးပြု၍ စည်းကမ်းထိန်းသိမ်းရာတွင် စိစစ်သုံးသပ်သူများ၏ တိကျမှုကို အကဲဖြတ်သင့်သည်" ဟုလည်း အကြံပြုခဲ့သည် ( သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းဖော်ပြခြင်း၊ အကြံပြုချက် နံပါတ် ၅)။ Meta က ဤအကြံပြုချက်ကို အကောင်အထည်ဖော်ထားကြောင်း အစီရင်ခံခဲ့သော်လည်း ၎င်းကို အထင်အရှားပြရန် အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိပါ။
အလိုအလျောက်စနစ်ဖြင့် စိစစ်သည့် အမှုများတွင် စည်းကမ်းထိန်းသိမ်းမှု အမှားများကို ပြောင်းလဲဆုံးဖြတ်ပြီး ထိုအမှားများမှ သင်ခန်းစာယူရန်အလို့ငှာ အလိုအလျောက် လုပ်ဆောင်သော ဖယ်ရှားမှု ဆုံးဖြတ်ချက်များ၏ အမျိုးအစားပေါင်းစုံကို ကိုယ်စားပြုသည့် ကိန်းဂဏန်းအချက်အလက်အရ နမူနာတစ်ခုကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ်ရန်အတွက် ကုမ္ပဏီတွင်း စာရင်းစစ်ခြင်း လုပ်ငန်းစဉ်တစ်ခုကို အကောင်အထည်ဖော်ရန် ဘုတ်အဖွဲ့က Meta အား တိုက်တွန်းခဲ့သည် (ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ်၊ အကြံပြုချက် နံပါတ် ၅)။ ၎င်းကို Meta က အကောင်အထည်ဖော်ထားသည်ဟု အစီရင်ခံခဲ့သည်။
ဤအကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းသည် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအရ စည်းကမ်းထိန်းသိမ်းမှု အမှားအယွင်းအရေအတွက်ကို လျော့နည်းစေနိုင်သည်ဟု ဘုတ်အဖွဲ့က ယုံကြည်သည်။
ဆုံးဖြတ်ချက်
အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို Meta သတိပြုမိစေရန် တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။