पलट जाना
ကျူးဘားတွင် အမျိုးသမီးများဆန္ဒပြရန် တိုက်တွန်းနှိုးဆော်ခြင်း
3 अकतूबर 2023
Instagram ပေါ်ရှိ ကျူးဘားသတင်းပလက်ဖောင်းတစ်ခုက တင်ခဲ့သော အမျိုးသမီးတစ်ဦးက အစိုးရကို ဆန္ဒပြရန် တိုက်တွန်းသည့် ဗီဒီယိုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
အမှု အနှစ်ချုပ်
အမျိုးသမီးတစ်ဦးက ကျူးဘားအစိုးရအား ကန့်ကွက်ဆန္ဒပြကာ သူမနှင့်အတူ အခြားအမျိုးသမီးများအား လမ်းပေါ်ထွက်ရန် တိုက်တွန်းပြီး အမျိုးသားများအား ဖိနှိပ်ခံရသည့်သူများကို ခုခံကာကွယ်ရန် ပျက်ကွက်ခြင်းအတွက် ယဉ်ကျေးမှုအရ နိမ့်ကျသည်ဟု ယူဆသော တိရစ္ဆာန်များနှင့် နှိုင်းယှဉ်ခြင်းဖြင့် ၎င်းတို့ကို ပြစ်တင်ဝေဖန်သည့် Instagram ပေါ်ရှိ ကျူးဘား သတင်းပလက်ဖောင်းတစ်ခုက တင်သော ဗီဒီယိုတစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဗီဒီယိုထဲရှိ စကားသည် Meta ၏ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းအရ လက်ခံခွင့်ပြုနိုင်သည့် အပြုအမူဆိုင်ရာ ပြောဆိုချက်တစ်ခုဖြစ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ထို့အပြင် လူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်အပေါ် ပြင်းထန်သော ကန့်သတ်ချက်များ ထားရှိသည့်နိုင်ငံများတွင် လူမှုကွန်ရက်က အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ ကန့်ကွက်ဆန္ဒပြသည့်အချိန်များတွင် အသုံးပြုသူများ၏ သဘောထားကို ကာကွယ်ရန် အလွန်အရေးကြီးသည်။
အမှု အကြောင်း
၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကျူးဘားအစိုးရကို ဝေဖန်ခြင်းအဖြစ် ဖော်ပြသည့် သတင်းပလက်ဖောင်းတစ်ခုက ၎င်း၏ အတည်ပြုစစ်ဆေးပြီး Instagram အကောင့်တွင် ဗီဒီယိုတစ်ခု တင်ခဲ့သည်။ ဗီဒီယိုတွင် အမျိုးသမီးတစ်ဦးက အခြားအမျိုးသမီးများအား သူမနှင့်အတူ လမ်းများပေါ်ထွက်ပြီး အစိုးရကို ကန့်ကွက်ဆန္ဒပြရန် တိုက်တွန်းနေသည်ကို ပြထားသည်။ ဗီဒီယိုထဲရှိ တစ်နေရာတွင် သူမက ကျူးဘားအမျိုးသားများသည် အစိုးရ၏ ဖိနှိပ်မှုခံနေရသော သူများကို ခုခံကာကွယ်ပေးရန် အားကိုး၍ မရသောကြောင့် ၎င်းတို့အား "ကြွက်များ" နှင့် ဆီးအိုးများကို သယ်ဆောင်သော "မြင်းမများ" အဖြစ် ဖော်ပြထားသည်။ ဗီဒီယိုနှင့်အတူ ပါရှိသော စပိန်ဘာသာဖြင့် စာတန်းတစ်ခုတွင် ကျူးဘားရှိ "အာဏာရှင်စနစ်" နှင့် "စစ်အစိုးရ" ကို ရည်ညွှန်းသည့် ဟက်ရှ်တပ်ဂ်များ ပါဝင်ပြီး ၎င်းတွင် #SOSCuba ကို အသုံးပြု၍ နိုင်ငံရှိ အခြေအနေအပေါ် နိုင်ငံတကာက အာရုံစိုက်ပေးရန် တောင်းဆိုထားသည်။
များပြားလှသော ကျူးဘားနိုင်ငံသားများက ၎င်းတို့၏ အခွင့်အရေးများအတွက် လမ်းမများပေါ်သို့ ချီတက်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြပွဲများ၏ တစ်နှစ်ပြည့် နှစ်ပတ်လည် ဝန်းကျင်တွင် ဗီဒီယိုကို မျှဝေခဲ့သည်။ တုံ့ပြန်မှုအနေဖြင့် နိုင်ငံတော်၏ ဖိနှိပ်မှု ပိုမိုမြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ ပို့စ်ကို ရဲများ ပါဝင်ပတ်သက်သော ဖြစ်ရပ်တစ်ခုတွင် ကျူးဘားလူငယ်တစ်ဦး အသတ်ခံရပြီး ရက်ပိုင်းအကြာ၌ မျှဝေခဲ့သောကြောင့် ၎င်း၏ အချိန်ကိုက်ဖြစ်မှုသည်လည်း အရေးပါခဲ့သည်။ ဗီဒီယိုထဲရှိ အမျိုးသမီးသည် "ကျွန်မတို့ရဲ့ သားတွေ သတ်ဖြတ်ခံနေရတာကို ဒီလိုမျိုး ဆက်ပြီးခွင့်ပြုထားလို့မရဘူး" ဟု ပြောချိန်တွင် အဆိုပါဖြစ်ရပ်ကို ရည်ညွှန်းပုံရသည်။ ဗီဒီယိုတွင် စာတန်းထိုးထားသည့် စာသားသည် နိုင်ငံရေးအပြောင်းအလဲကို အမျိုးသမီးများ၏ ကန့်ကွက်ဆန္ဒပြပွဲများနှင့် ဆက်စပ်ဖော်ပြထားသည်။
ဗီဒီယိုကို အကြိမ် ၉၀,၀၀၀ ကျော် ဖွင့်ခဲ့ပြီး အကြိမ် ၁,၀၀၀ အောက် မျှဝေခဲ့သည်။
၎င်းကို ပို့စ်တင်ပြီး ခုနစ်ရက်အကြာတွင် ရန်လိုစကား စိစစ်ခွဲခြားမှုနည်းပညာတစ်ခုက အကြောင်းအရာသည် မူဝါဒ ချိုးဖောက်နိုင်ခြေရှိကြောင်း ခွဲခြားသိရှိခဲ့ပြီး ၎င်းကို လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း ပြုလုပ်ရန်အတွက် ပို့ခဲ့သည်။ ပို့စ်သည် Meta ၏ အမုန်းစကား မူဝါဒကို ချိုးဖောက်ခဲ့ကြောင်း လူကိုယ်တိုင် စိစစ်သူတစ်ဦးက တွေ့ရှိခဲ့သော်လည်း အပြန်အလှန် စစ်ဆေးမှုစနစ်အောက်ရှိ လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း၏ ထပ်ဆောင်းအဆင့်များကို ဖြတ်ကျော်ခဲ့ရသဖြင့် အကြောင်းအရာသည် အွန်လိုင်းတွင် ဆက်ရှိနေခဲ့သည်။ ဤအဆင့်များအကြား ခုနစ်လ ကွာဟချက်အရ ပို့စ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖယ်ရှားခဲ့သည်ဟု ဆိုလိုသည်။ ဖေဖော်ဝါရီလတွင် အဆိုပါပို့စ်ကို ဖယ်ရှားခဲ့သည့် တစ်ရက်တည်းတွင်ပင် ဗီဒီယိုကို မျှဝေခဲ့သည့် အသုံးပြုသူက Meta ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သည်။ Meta သည် အကြောင်းအရာကို ၎င်း၏ မူဝါဒ သို့မဟုတ် အကြောင်းအရာကျွမ်းကျင်သူများထံ မတင်ပြဘဲ ၎င်း၏ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ Instagram အကောင့်တွင် ပုံမှန်သတိပေးချက်တစ်ခု ပြုလုပ်ခဲ့သော်လည်း လုပ်ဆောင်ချက်ကို ကန့်သတ်ခြင်း မရှိခဲ့ပါ။
အဓိက တွေ့ရှိချက်များ
ပို့စ်သည် ၎င်းကို အစအဆုံး ဖတ်သည့်အခါ အမျိုးသားများအား ၎င်းတို့၏ လိင်ပေါ်အခြေခံ၍ လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေရန်၊ ၎င်းတို့အပေါ် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေရန် သို့မဟုတ် ကျူးဘား ကန့်ကွက်ဆန္ဒပြမှုများနှင့်ပတ်သက်သော အပြန်အလှန်စကားဝိုင်းများမှ ၎င်းတို့ကို ချန်လှန်ထားရန် မရည်ရွယ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ပို့စ်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့သည့် သမိုင်းဝင် ဆန္ဒပြပွဲများနှင့် ဆက်စပ်၍ ကျူးဘားအမျိုးသားများ၏ အပြုအမူနှင့်ပတ်သက်ပြီး အဆိုပါအမျိုးသမီး၏ အမြင်ကို အာရုံစိုက်မှု ရရှိစေရန် ရှင်းရှင်းလင်းလင်း ရည်ရွယ်သည်။ အဆိုပါတိကျသော ဆက်စပ်အကြောင်းအရာတွင် အမျိုးသမီးက သူရဲဘောနည်းခြင်းကို သွယ်ဝိုက်ညွှန်းဆိုရန်နှင့် ၎င်းတို့၏ အပြုအမူပေါ် သူမ၏ တစ်ကိုယ်ရေ စိတ်ပျက်မှုကို ဖော်ပြရန် "ကြွက်များ" သို့မဟုတ် "မြင်းမများ" ကဲ့သို့ အသုံးအနှုန်းကို အသုံးပြုထားပြီး ဒေသဆိုင်ရာ ကျွမ်းကျင်သူများနှင့် အများမြင်မှတ်ချက်များက ပို့စ်ကို ကျူးဘားအမျိုးသားများအား တစ်ခုခုတုံ့ပြန်ဆောင်ရွက်ရန် တိုက်တွန်းမှုအဖြစ် ထောက်ပြကြသည်။
ဆက်စပ်အကြောင်းအရာကို ဖယ်ထုတ်ပြီး တိုက်ရိုက်ဖြစ်လွန်းသော အဓိပ္ပာယ်ပြန်ဆိုချက်အရ ကြည့်လျှင် ၎င်းတွင်ဖော်ပြထားသော အမျိုးသားများကို ယဉ်ကျေးမှုအရ နိမ့်ကျသည်ဟု မှတ်ယူသည့် တိရစ္ဆာန်များနှင့် နှိုင်းယှဉ်ချက်သည် Meta ၏ အမုန်းစကား မူဝါဒကို ချိုးဖောက်ထားသည်ဟု မြင်နိုင်သည်။ သို့ရာတွင် တစ်ခုလုံးကို ဖတ်ကြည့်သည့်အခါ ပို့စ်သည် အမျိုးသားများကို လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေရန် ရည်ရွယ်သည့် ခြုံငုံ၍ ကောက်ချက်ချခြင်းမျိုးမဟုတ်ဘဲ မူဝါဒအရ ခွင့်ပြုသည့် လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ အကြောင်းအရာကို ဖယ်ရှားခြင်းသည် Meta ၏ အမုန်းစကား မူဝါဒနှင့် မကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
ထို့အပြင် ကျူးဘားနိုင်ငံသားများ ရင်ဆိုင်နေရသော စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို အာရုံစိုက်မိစေရန် အသုံးပြုသူက တင်ထားသည့် ဟက်ရှ်တပ်ဂ် #SOSCuba ကို ပြင်ပကျွမ်းကျင်သူများက ထောက်ပြခဲ့သဖြင့် ကန့်ကွက်ဆန္ဒပြပွဲများသည် သမိုင်းဆိုင်ရာ အကိုးအကား၏ အရေးကြီးသောအချက်အဖြစ် အခိုင်အမာ သက်သေပြသည်။ နောက်ထပ် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းဖြင့် အကျိုးရှိနိုင်သော အကြောင်းအရာများနှင့် ပတ်သက်ပြီး Meta ၏ ဆုံးဖြတ်ချက်များတွင် ဆက်စပ်အချက်အလက်များကို ထည့်သွင်းစဉ်းစားပုံနှင့်ပတ်သက်၍ ဘုတ်အဖွဲ့က စိုးရိမ်သည်။ ဤအမှုတွင် ပိုမိုကောင်းမွန်သော ရလဒ်များ ပေးအပ်သင့်သော လုပ်ငန်းစဉ်ဖြစ်သည့် အလေးပေးတင်ပြသော စိစစ်သုံးသပ်မှုဖြင့် အကြောင်းအရာကို စိစစ်သုံးသပ်ခဲ့သည့်တိုင် Meta သည် ၎င်းကို မှန်ကန်စွာ ဆုံးဖြတ်ရန် ပျက်ကွက်ခဲ့သည်။
Meta အနေဖြင့် ၎င်း၏ အလိုအလျောက်စောင့်ကြည့် စနစ်များသာမက အကြောင်းအရာ စိစစ်သုံးသပ်သူများကပါ ၎င်းတို့၏ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်တွင် ဆက်စပ်အချက်အလက်ကို ထည့်သွင်းစဉ်းစားနိုင်ကြောင်း သေချာအောင်လုပ်သင့်သည်။
ဤအမှုတွင် အကြောင်းအရာကို ကာကွယ်ရန် အထူးအရေးကြီးခဲ့သည်။ ကျူးဘားသည် အရပ်သားများ စုဝေး၍ သဘောထားထုတ်ဖော်နိုင်သည့် နေရာများကို ကန့်သတ်ပိတ်ပင်ထားသည့် နိုင်ငံအဖြစ် သတ်မှတ်ထားသောကြောင့် သဘောထားကွဲလွဲမှုနှင့် ဆက်စပ်သော အန္တရာယ်များ မြင့်မားပြီး အင်တာနက် အသုံးပြုခွင့်ကို လွန်စွာကန့်သတ်ထားသည်။ ဤအမှုတွင် အလေးပေးတင်ပြခြင်း လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သက်ဆိုင်ရာဆက်စပ်အကြောင်းအရာကို အလုံအလောက် ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့နိုင်ပါ။ Meta အနေဖြင့် ဆက်စပ်အကြောင်းအရာက ၎င်း၏ မူဝါဒများနှင့် ထိုမူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းသည့် နည်းလမ်းအပေါ် သက်ရောက်မှုရှိပုံကို ထည့်သွင်းစဉ်းစားသင့်သည်။
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ပို့စ်ကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
ဘုတ်အဖွဲ့က ဤအမှုတွင် အကြံပြုချက်အသစ်များကို မပြုလုပ်သော်လည်း Meta မှ အသေအချာ လိုက်နာရန် ယခင်ဆုံးဖြတ်ချက်များမှ သက်ဆိုင်ရာအကြံပြုချက်များကို ထပ်လောင်းပြောကြားသည်-
- Meta ၏ လူ့အခွင့်အရေး တာဝန်များနှင့်အညီ ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်ရန် စာရင်းအခြေခံ စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်း တားဆီးရေး အစီအစဉ်တစ်ခု ထားရှိပါ၊ ၎င်းသည် လုပ်ငန်းဦးစားပေးအဖြစ် Meta က ရှုမြင်သည့် ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်သော အစီအစဉ်နှင့် ကွဲပြားသင့်သည် (အပြန်အလှန် စစ်ဆေးမှု မူဝါဒအကြံပေး သဘောထားအမြင်များမှ အကြံပြုချက် နံပါတ် ၁)။ ဤသီးခြားစနစ်က Meta သည် အခြားသူများအနက် လူ့အခွင့်အရေး ကာကွယ်သူများက တင်သည့် အကြောင်းအရာများအတွက် ထပ်ဆောင်း စိစစ်သုံးသပ်မှု အဆင့်များကို ပံ့ပိုးပေးကြောင်းလည်း သေချာစေသင့်သည်။
- စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်း တားဆီးရေး စာရင်းများကို ဖန်တီးရန် ဒေသခံများမှ ပါဝင်အကြံပြုချက်ကို အကျိုးရှိရှိအသုံးချလျက် အထူးကျွမ်းကျင်သော ဝန်ထမ်းများကို အသုံးပြုပါ (အပြန်အလှန် စစ်ဆေးမှု မူဝါဒအကြံပေး သဘောထားအမြင်များမှ အကြံပြုချက် နံပါတ် ၈)။
- ၎င်း၏ လူ့အခွင့်အရေး တာဝန်များကို ဖြည့်ဆည်းရန် ရည်ရွယ်ထားသော လုပ်ငန်းစဉ်အတွက် အဆင်မြင့် စိစစ်သုံးသပ်မှု၊ အထူးသဖြင့် ဆုံးဖြတ်ချက်ချခြင်း အဆင့်များတွင် ဆက်စပ်အကြောင်းအရာနှင့် ဘာသာစကား ကျွမ်းကျင်မှုတို့ကို ပေါင်းစပ်သည့်ပုံစံကို တိုးတက်ကောင်းမွန်အောင် လုပ်ပါ (အပြန်အလှန် စစ်ဆေးမှု မူဝါဒအကြံပေး သဘောထားအမြင်များမှ အကြံပြုချက် နံပါတ် ၃)။
- အကြောင်းအရာ စိစစ်ခြင်းတွင် ဆက်စပ်အကြောင်းအရာကို သင့်လျော်စွာ ထည့်သွင်းစဉ်းစားကြောင်း သေချာစေရန်အလို့ငှာ လက်ရှိလမ်းညွှန်ချက်သည် စိစစ်သူများအတွက် မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်၍မရနိုင်လုနီးပါး ဖြစ်စေသောကြောင့် လက်ခံခွင့်ပြုနိုင်မှုနှင့် စပ်လျဉ်းသည့် စည်းမျဉ်းများကို အထူးဂရုပြုပြီး ၎င်း၏ အကြောင်းအရာများစွာ စိစစ်သူများအတွက် လမ်းညွှန်ချက်ကို အပ်ဒိတ်လုပ်ပါ (အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ဆုံးဖြတ်ချက်မှ အကြံပြုချက် နံပါတ် ၂)။
* အမှုအနှစ်ချုပ်များတွင် အမှုအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။
အမှုအပေါ် ဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ကျူးဘား၌ ဖြစ်ပွားခဲ့သည့် သမိုင်းဝင် နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြပွဲများ၏ တစ်နှစ်ပြည့် နှစ်ပတ်လည် အချိန်ဝန်းကျင်တွင် ဖြန့်ချိခဲ့သည့် Instagram ပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ပို့စ်ထဲတွင် အမျိုးသမီးတစ်ဦးက အစိုးရကို ကန့်ကွက်ဆန္ဒပြပြီး ကျူးဘားအမျိုးသားများကို ယဉ်ကျေးမှုအရ နိမ့်ကျသည်ဟု မှတ်ယူသည့် တိရစ္ဆာန်အမျိုးမျိုးနှင့် နှိုင်းယှဉ်ထားသည်။ ကျူးဘားအမျိုးသားများသည် ဖိနှိပ်ခံနေရသောသူများကို ခုခံကာကွယ်ရန် အားကြိုးမာန်တက် မဆောင်ရွက်ကြသောကြောင့် ၎င်းတို့သည် မယုံကြည်ရကြောင်း အခိုင်အမာဆိုရန် သူမက ထိုသို့နှိုင်းယှဉ်ခြင်းဖြစ်သည်။ ပို့စ်တွင် "ကျွန်မတို့ရဲ့ သားများ" ၏ အသက်များကို ကာကွယ်ရန်အတွက် အမျိုးသမီးများအား လမ်းမများပေါ်ထွက်ပြီး ဆန္ဒပြရန် တိုက်တွန်းထားသည်။ Meta ၏ အမုန်းစကား မူဝါဒအရ ၎င်းသည် လက်ခံခွင့်ပြုနိုင်သည့် အပြုအမူဆိုင်ရာ ရေးသားပြောဆိုချက်တစ်ခု ဖြစ်ပြီး ထို့အတွက်ကြောင့် ခွင့်ပြုသင့်သည်။ လူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်အပေါ် ပြင်းထန်သော ကန့်သတ်ချက်များ ထားရှိသည့်နိုင်ငံများတွင် လူမှုကွန်ရက်က အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ ကန့်ကွက်ဆန္ဒပြသည့်အချိန်များတွင် အသုံးပြုသူများ၏ သဘောထားကို ကာကွယ်ရန် အလွန်အရေးကြီးသည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကျူးဘားရှိ အစိုးရကို ဝေဖန်သည်ဟု ဖော်ပြထားသည့် သတင်းပလက်ဖောင်းတစ်ခု၏ အတည်ပြုစစ်ဆေးပြီး Instagram အကောင့်တစ်ခုသည် အမျိုးသမီးတစ်ဦးက အခြားအမျိုးသမီးများကို သူမနှင့်အတူ လမ်းပေါ်ထွက်၍ ကန့်ကွက်ဆန္ဒပြရန် တိုက်တွန်းသည့် ဗီဒီယိုတစ်ခုကို တင်ခဲ့သည်။ စပိန်ဘာသာဖြင့် စာတန်းတစ်ခုတွင် ဗီဒီယိုထဲမှ ကိုးကားချက်များ၊ ကျူးဘားရှိ "အာဏာရှင်စနစ်" နှင့် "စစ်အစိုးရ" ကို ရည်ညွှန်းသည့် ဟက်ရှ်တပ်ဂ်များနှင့် #SOSCuba ကို အသုံးပြုခြင်းဖြင့်အပါအဝင် နိုင်ငံတွင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေအပေါ် နိုင်ငံတကာက အာရုံစိုက်ပေးရန် တောင်းဆိုမှုများ ပါဝင်သည်။ ဗီဒီယိုထဲရှိ တစ်နေရာတွင် ကျူးဘားအမျိုးသားများသည် အစိုးရ၏ ဖိနှိပ်မှုခံနေရသောသူများကို ခုခံကာကွယ်ရန် အားကိုး၍ မရသောကြောင့် ၎င်းတို့သည် "ကြွက်များ" ဖြစ်ကြောင်း ထိုအမျိုးသမီးက ပြောသည်။ အခြားတစ်နေရာတွင် ကျူးဘားအမျိုးသားများသည် ဆီးအိုးများကို သယ်ဆောင်သည် "မြင်းမများ" ဖြစ်ကြောင်း သူမက ပြောသည်။ ဗီဒီယိုတွင် စာတန်းထိုးထားသည့် စာသားသည် နိုင်ငံရေးအပြောင်းအလဲကို အမျိုးသမီးများ၏ ကန့်ကွက်ဆန္ဒပြပွဲများနှင့် ဆက်စပ်ဖော်ပြထားသည်။ ဗီဒီယိုကို အကြိမ် ၉၀,၀၀၀ ကျော် ဖွင့်ခဲ့ပြီး အကြိမ် ၁,၀၀၀ အောက် မျှဝေခဲ့သည်။
ဤစကားစုများသည် အရပ်သုံးစကားအရ သူရဲဘောနည်းခြင်းကို သွယ်ဝိုက်ညွှန်းဆိုသည်ဟု ကျူးဘားရှိ စပိန်ဘာသာစကားပြောသူများက နားလည်ကြောင်း အများမြင်မှတ်ချက်များနှင့် ဘုတ်အဖွဲ့က အကြံဉာဏ်ရယူခဲ့သည့် ဒေသအကြောင်း ရင်းနှီးကျွမ်းဝင်သော ကျွမ်းကျင်သူများက အတည်ပြုခဲ့သည်။ အသုံးအနှုန်းများမှာ စော်ကားရာရောက်သော်လည်း "အကြမ်းဖက်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေသော စကားအဖြစ် အဓိပ္ပာယ်မကောက်သင့်ပါ" ဟု အများမြင်မှတ်ချက်တစ်ခု (PC- ၁၃၀၁၂) က ပြောခဲ့သည်။ "မြင်းမများ" ဟူသောအသုံးအနှုန်းကို မိန်းမလျာဆန်သည်ဟု စော်ကားပြောဆိုမှုအဖြစ် သို့မဟုတ် လူများကို အသိဉာဏ်မရှိဟု ရည်ညွှန်းရန် မကြာခဏ အသုံးပြုကြောင်း ပြင်ပကျွမ်းကျင်သူများက ဆိုခဲ့သည်။ သို့ရာတွင် ဆီးအိုးများကို ရည်ညွှန်းမှုနှင့် ပေါင်းစပ်သည့်အခါ စကားစုတွင် နိုင်ငံရေး ကန့်ကွက်ဆန္ဒပြပွဲများအတွင်း ၎င်းတို့၏ ဘာမျှမလုပ်ဘဲနေခြင်းနှင့်စပ်လျဉ်း၍ "အမျိုးသားများသည် 'ချေးဖြင့်ပြည့်' နေသည်ဟူသော ဂယက်အနက်ရှိပြီး ၎င်းကို ဤနေရာတွင် အမျိုးသားများအပေါ် အမျိုးသမီးများ၏ မကျေနပ်မှုကို ပြရန် အသုံးပြုထားသည်" ဟု ကျွမ်းကျင်သူများက တင်ပြခဲ့သည်။ ဤသဘောဖြင့် အမျိုးသမီးများသည် အမျိုးသားများအား ၎င်းတို့ကို "ကြွက်များ" သို့မဟုတ် "မြင်းမများ" ဟု ခေါ်ခြင်းဖြင့် မတရားသဖြင့် ချိုးနှိမ်ခြင်း မဟုတ်ဘဲ သူမသည် သူမ၏ နိုင်ငံရှိ အမျိုးသားများကို ဆော်ဩစည်းရုံးရန် ဤအသုံးအနှုန်းကို အသုံးပြုကြောင်း အများမြင်မှတ်ချက်များက ထောက်ပြသည်။ ဤမှတ်ချက်များအရ အမျိုးသားများသည် သူမ၏ ရန်သူများ မဟုတ်ပါ- သူမသည် အမျိုးသားများ၏ အသိစိတ်ကို နိုးကြားစေရန် ကြိုးစားနေရုံသာဖြစ်သည်။
ပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် ကျူးဘားနိုင်ငံသားများက လမ်းပေါ်ထွက်ဆန္ဒပြခဲ့သော သမိုင်းဝင် နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြပွဲများ၏ တစ်နှစ်ပြည့် နှစ်ပတ်လည် အချိန်ဝန်းကျင်တွင် မျှဝေခဲ့သည်။ ထိုကန့်ကွက်ဆန္ဒပြပွဲများသည် "၎င်းတို့၏ နိုင်ငံသား လွတ်လပ်ခွင့်များကို တောင်းဆိုရန်နှင့် နိုင်ငံ၏ နိုင်ငံရေး ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲပေးရေး တောင်းဆိုရန် ငြိမ်းချမ်းသော ကန့်ကွက်ဆန္ဒပြပွဲ" ဖြစ်သည်ဟု အမေရိကဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင် (IACHR) က ဖော်ပြထားသည်။ ကျူးဘားနိုင်ငံသားများသည် "အထူးသဖြင့် အစားအစာနှင့် ဆေးဝါး ဆက်တိုက်ပြတ်လပ်မှုများနှင့် COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ ပို၍ ပြင်းထန်လာသော သက်ရောက်မှုများကြောင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို လုံလောက်စွာ မရရှိခြင်းအပေါ်လည်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဥရောပ ပါလီမန်ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများအရ ဇူလိုင် ၁၁ ရက်တွင်ဖြစ်ပွားခဲ့သည့် ကြီးမားသော ကန့်ကွက်ဆန္ဒပြပွဲသည် ကျူးဘား၏ လတ်တလောသမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲများမှတစ်ခု ဖြစ်သည်။ ဤကန့်ကွက်ဆန္ဒပြပွဲများကြောင့် ဆန္ဒပြသူများအပေါ် နိုင်ငံတော်က ချက်ချင်းတုံ့ပြန်အရေးယူမှုများ ပြုလုပ်ခဲ့သည်" ဟု IACHR က အစီရင်ခံခဲ့သည် (အမေရိက ဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်၊ ၂၀၂၂ နှစ်စဉ် အစီရင်ခံစာ၊ ပိုဒ်ခွဲ ၄၃)။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ နှစ်ကုန်အထိနှင့် ၂၀၂၂ ခုနှစ် တစ်လျှောက်လုံး နိုင်ငံတော်၏ ဖိနှိပ်မှု မြင့်တက်လာသည်။ ပို့စ်ကို ဤကြီးမားသော လူမှုရေးတင်းမာမှု ဖြစ်ပွားနေသည့် ဆက်စပ်အခြေအနေတွင် ဖြန့်ချိခဲ့သည်။ ထို့အပြင် ရဲများပါဝင်ပတ်သက်သော ဖြစ်ရပ်တစ်ခုတွင် ကျူးဘားလူငယ်တစ်ဦး အသတ်ခံရပြီးနောက် ရက်ပိုင်းအကြာတွင် ၎င်းကို မျှဝေခဲ့သည်။ ထိုဖြစ်ရပ်၏ တစ်စိတ်တစ်ပိုင်းကို လူမှုကွန်ရက်တွင် မှတ်တမ်းတင်ထားပြီး ဗီဒီယိုထဲတွင် စကားပြောနေသော အမျိုးသမီးက “ကျွန်မတို့ရဲ့ သားတွေ သတ်ဖြတ်ခံနေရတာကို ဒီလိုမျိုး ဆက်ပြီးခွင့်ပြုထားလို့မရဘူး" ဟု ပြောချိန်တွင် ထိုဖြစ်ရပ်ကို ရည်ညွှန်းပုံရသည်။ လူမှုကွန်ရက်ပေါ်ရှိ တုံ့ပြန်မှုကို လေ့လာဆန်းစစ်ခဲ့သည့် ပြင်ပ ကျွမ်းကျင်ပညာရှင်များက ဆယ်ကျော်သက်လူငယ်၏ အသတ်ခံရမှုကို အသုံးပြုသူများက ရည်ညွှန်းပြောဆိုသည့်ပုံစံ အများစုမှာ အစိုးရအပေါ် ၎င်းတို့၏ ဝေဖန်မှုကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုပြီး ထိုကိစ္စအပေါ် ပြည်သူများ အရေးယူဆောင်ရွက်ရေး တိုက်တွန်းသည့်ပုံစံဖြစ်ပြီး- "အထင်ရှားဆုံး Instagram ပို့စ်များ၏ မှတ်ချက်ကဏ္ဍများရှိ အကျယ်တဝင့်ရေးသားချက်များသည် အာဏာရှင်စနစ်၊ ရဲတပ်ဖွဲ့၏ လူမဆန်မှုနှင့် ဘေးက ရပ်ကြည့်သူများက ဘာမှမလုပ်ဘဲနေခြင်းနှင့်ပတ်သက်သော ဖြစ်နေကျ အကြောင်းအရာများအပေါ် အာရုံစိုက်ခဲ့သည်။" ကို တွေ့ခဲ့ရသည်။
ဒေသနှင့် အကျွမ်းတဝင်ရှိသော ပြင်ပကျွမ်းကျင်သူများက ကျူးဘားနိုင်ငံသားများ ရင်ဆိုင်ရသည့် စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့်ပတ်သက်၍ လူအများ သတိပြုမိစေရန် လုပ်ဆောင်ရာတွင် #SOSCuba ကဲ့သို့ ဟက်ရှ်တပ်ဂ်များကို အသုံးပြုသည့် လူမှုကွန်ရက်ပေါ်ရှိ ကမ်ပိန်းများ၏ အရေးပါမှုကို ဦးစားပေးဖော်ပြခဲ့သည်။ ၂၀၂၁ ကန့်ကွက်ဆန္ဒပြပွဲများအပြီးတွင် အစိုးရသည် သဘောထားကွဲလွဲမှုနှင့် လူထုဝေဖန်မှု ပုံစံအားလုံးနီးပါးအပေါ် ၎င်း၏ ဖြိုခွဲနှိမ်နင်းခြင်းကို ပိုမိုမြှင့်တင်ခဲ့သည်။ IACHR သည် ကျူးဘားအစိုးရ၏ ဖိနှိပ်မှုလှိုင်းရှစ်ခုကို မှတ်တမ်းတင်ခဲ့သည်။ ထိုဖြစ်ရပ်တွင် ၎င်းက တွေ့ရှိခဲ့သည်မှာ "(၁) အင်အားနှင့် ခြိမ်းခြောက်မှု အသုံးပြုခြင်းနှင့် စွပ်စွဲအပုပ်ချ ကမ်ပိန်းများ။ (၂) မတရား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် ဆိုးရွားလွန်းသော အကျဉ်းထောင် အခြေအနေများ။ (၃) ဆန္ဒပြသူများကို ပြစ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်အရေးယူခြင်း၊ တရားရေးအရ နှိပ်ကွပ်ခြင်းနှင့် တရားဥပဒေနှင့်အညီ မျှမျှတတ စီရင်ဆုံးဖြတ်မှုကို ချိုးဖောက်မှုများ။ (၄) လူထု ဆန္ဒပြပွဲအသစ်များ ဖြစ်မလာအောင် ဟန့်တားရန် ဖိနှိပ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းဖြင့် ဒီမိုကရေစီအရေး ဆွေးနွေးပွဲများကို ပိတ်ပင်ခြင်း။ (၅) အချိန်ကြာမြင့်စွာ ဆက်လက် ထောင်ချခြင်း၊ တရားဥပဒေနှင့်အညီ မျှမျှတတ စီရင်ဆုံးဖြတ်ပေးရန် အာမခံချက်များမရှိဘဲ ရုံးတင်စစ်ဆေးခြင်းများနှင့် ပြင်းထန်သော ပြစ်ဒဏ်ချမှတ်မှုများ။ (၆) အစိုးရအပေါ် သဘောထားကွဲလွဲမှုနှင့် ဝေဖန်မှုကို လျှော့ချရန်၊ စောင့်ကြည့်ရန်နှင့် အပြစ်ပေးရန်နှင့် သီးခြားလွတ်လပ်သော အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ပြစ်မှုအဖြစ် သတ်မှတ်အရေးယူရန် ရည်ရွယ်သော ဥပဒေပြုရေး အဆိုပြုချက်များ။ (၇) ကန့်ကွက်ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်း၍ စွဲချက်တင်ခံရသော လူပုဂ္ဂိုလ်များ၏ ဆွေမျိုးများကို နှောင့်ယှက်ခြင်းနှင့် (၈) အင်တာနက် အသုံးပြုခွင့်ကို တမင်သက်သက် ဖြတ်တောက်မှုများ" (IACHR၊ ၂၀၂၂ နှစ်စဉ်အစီရင်ခံစာ၊ ပိုဒ်ခွဲ ၄၄)။ ဖိနှိပ်မှုလှိုင်းများသည် ၂၀၂၁ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် စတင်ခဲ့သော်လည်း ၎င်းတို့သည် ၂၀၂၂ ခုနှစ်တစ်လျှောက်လုံး ဆက်လက်ဖြစ်ပွားခဲ့ကြောင်းနှင့် လူအမြောက်အမြားသည် ရဲတပ်ဖွဲ့၏ အချိုးအစားမမျှတစွာ အင်အားအသုံးပြုမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း IACHR က မှတ်ချက်ပြုခဲ့သည် (IACHR၊ ၂၀၂၂ နှစ်စဉ်အစီရင်ခံစာ၊ ပိုဒ်ခွဲ ၄၆)။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင်၊ ၂၀၂၁ ဆန္ဒပြပွဲများကို တုံ့ပြန်သည့်အနေဖြင့် ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော်၏ ဆက်လက်ဖိနှိပ်မှုကို IACHR နှင့် ၎င်း၏ အထူးကိုယ်စားလှယ်များက ရှုတ်ချခဲ့သည်။
၂၀၂၁ ဇူလိုင်လ ကန့်ကွက်ဆန္ဒပြပွဲများအပေါ် ဥပဒေပြုရေးအရ တုံ့ပြန်မှုတွင် "သတင်းအချက်အလက်အတု" ဖြန့်ခြင်း သို့မဟုတ် လူမှုကွန်ရက်ပေါ်တွင် သို့မဟုတ် အွန်လိုင်း သို့မဟုတ် အော့ဖ်လိုင်း မီဒီယာတွင် တစ်စုံတစ်ဦး၏ "ဂုဏ်သိက္ခာ" ကို စော်ကားခြင်းကဲ့သို့ စွပ်စွဲထားသော ပြစ်မှုများအတွက် တိုးမြှင့်ပြစ်ဒဏ်များ ချမှတ်သော ရာဇသတ်ကြီး ဥပဒေစည်းမျဉ်းအသစ် ပြဋ္ဌာန်းခြင်း အပါအဝင် အွန်လိုင်းစကားကို ပြစ်မှုအဖြစ် ထပ်တိုးသတ်မှတ်အရေးယူခြင်းလည်း ပါဝင်ခဲ့သည်။ ယင်းသည် "လူထု မငြိမ်မသက်ဖြစ်မှု"၊ "ခုခံတော်လှန်မှု" နှင့် "အမိန့်ဖီဆန်မှု" ပြစ်မှုများကို ထည့်သွင်းထားပြီး သဘောထားကွဲလွဲမှုကို နှိမ်နင်းရန်နှင့် ကန့်ကွက်ဆန္ဒပြမှုများကို ပြစ်မှုအဖြစ် သတ်မှတ်အရေးယူရန် သမိုင်းတွင် အသုံးပြုခဲ့သည့် ရာဇသတ်ကြီးဥပဒေပါ တည်ဆဲပြဋ္ဌာန်းချက်များတွင် ဖြည့်စွက် ပြဋ္ဌာန်းခြင်း ဖြစ်သည်။ IACHR ၏ အဆိုအရ "ပြဋ္ဌာန်းချက်အသစ်သည် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များကို ချမှတ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမိန့်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကဲ့သို့ ပြစ်မှုများကို အဓိပ္ပာယ်ဖွင့်ဆိုရန် ကျယ်ပြန့်ပြီး မတိကျသော အသုံးအနှုန်းများကို အသုံးပြုသည်" (IACHR၊ ၂၀၂၂ နှစ်စဉ်အစီရင်ခံစာ၊ ပိုဒ်ခွဲ ၉၇)။ ဤအခြင်းအရာများက ၂၀၂၁ ဇူလိုင်လနောက်ပိုင်း အစိုးရ၏ အင်အားသုံးခြင်းနှင့် ဥပဒေအရ အရေးယူဆောင်ရွက်ချက်များရှိကြောင်း ပြသနေစေကာမူ ဒေသနှင့် အကျွမ်းတဝင်ရှိသော ပြင်ပကျွမ်းကျင်သူများက အစိုးရကို ဆန့်ကျင်သည့် ဒေသအလိုက် ကန့်ကွက်ဆန္ဒပြပွဲများကို စီစဉ်ရန် ကြိုးပမ်းမှုများစွာရှိကြောင်း မှတ်တမ်းတင်ခဲ့ပြီး ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းသည် ကြီးမားသော အန္တရာယ်များရှိကြောင်းကို မှတ်ချက်ပြုခဲ့သည်။
ဆင်ဆာဖြတ်ခြင်း၊ ဆက်သွယ်ရေးများကို ပိတ်ဆို့ခြင်းနှင့် အင်တာနက် အသုံးပြုခ ဈေးကြီးလွန်းခြင်းအပြင် ကျူးဘားရှိ အင်တာနက်၏ နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံကို အစိုးရ၏ အပြည့်အဝနီးပါး ထိန်းချုပ်မှုဖြင့် "ကျူးဘားနိုင်ငံသားအနည်းငယ်မှလွဲ၍ နိုင်ငံသားအားလုံးက လွတ်လပ်သော သတင်းဝက်ဘ်ဆိုက်နှင့် ဘလော့ဂ်များကို ဖတ်၍မရနိုင်အောင် တားမြစ်ထားသည်" (IACHR၊ ၂၀၂၂ နှစ်စဉ်အစီရင်ခံစာ၊ ပိုဒ်ခွဲ ၆၉)။ Meta က ၎င်း၏ ပဋိပက္ခဆန်သော ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ၂၀၂၃ ဖေဖော်ဝါရီ အစီရင်ခံစာတွင် ဖော်ပြထားမှုအရ "Facebook၊ Instagram၊ Telegram၊ Twitter၊ YouTube နှင့် ကျူးဘား လူမှုကွန်ရက်တစ်ခု ဖြစ်သည့် Picta အပါအဝင် အင်တာနက် ပလက်ဖောင်းများစွာတွင် ကျူးဘားအစိုးရအပေါ် ပြည်သူများစွာက ထောက်ခံသည်ဟူသော အမြင်ကို ဖန်တီးရန်" အစိုးရနှင့် ချိတ်ဆက်ထားသော ကွန်ရက်များ၏ ကြိုးပမ်းမှုများကိုလည်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ Meta ၏ အဆိုအရ ကုမ္ပဏီ၏ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းစီစဉ်သည့် မသမာသော အပြုအမူကို ဆန့်ကျင်သော Meta ၏ မူဝါဒကို ချိုးဖောက်ခဲ့သည့် Facebook အကောင့် ၃၆၃ ခု၊ စာမျက်နှာ ၂၇၀ ခု၊ အဖွဲ့ ၂၂၉ ခုနှင့် Instagram ရှိ အကောင့် ၇၂ ခုပါဝင်သော ကွန်ရက်တစ်ခု၏ နောက်ကွယ်မှ လူများနှင့် ကျူးဘားအစိုးရအကြား ချိတ်ဆက်မှုများကို တွေ့ရှိခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၌ Instagram အကောင့်တွင် ဗီဒီယိုကို ပို့စ်တင်ခဲ့ပြီး ခုနစ်ရက်အကြာ၌ ရန်လိုစကား စိစစ်ခွဲခြားမှုနည်းပညာတစ်ခုက အကြောင်းအရာသည် မူဝါဒ ချိုးဖောက်နိုင်ခြေရှိကြောင်း ခွဲခြားသိရှိခဲ့ပြီး ၎င်းကို လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း ပြုလုပ်ရန်အတွက် ပို့ခဲ့သည်။ နောက်တစ်နေ့တွင် လူကိုယ်တိုင် စိစစ်သူတစ်ဦးက အကြောင်းအရာကို စိစစ်သုံးသပ်ခဲ့ပြီး ပို့စ်သည် Meta ၏ အမုန်းစကား မူဝါဒကို ချိုးဖောက်သည်ဟု တွေ့ရှိခဲ့သည်။ Meta သည် ဗီဒီယိုထဲတွင် ဖော်ပြထားသည့် အမျိုးသမီးက လူသိများသောပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်ဟု မယူဆခဲ့ပါ။ ထို့နောက်တွင် အကောင့်၏ အပြန်အလှန် စစ်ဆေးမှု အခြေအနေပေါ်အခြေခံ၍ ဤအမှုရှိ အကြောင်းအရာကို ဒုတိယအဆင့် စိစစ်သုံးသပ်မှုအတွက် တင်ပြခဲ့သည်။ ဒုတိယအဆင့် စိစစ်သုံးသပ်မှု လုပ်ငန်းစဉ်တွင် ပထမ စိစစ်သူသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် အကြောင်းအရာကို မူဝါဒ ချိုးဖောက်ထားသည်ဟု အကဲဖြတ်ခဲ့သည်။ ဒုတိယ စိစစ်သူက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် အကြောင်းအရာကို မူဝါဒ ချိုးဖောက်ထားသည်ဟု အကဲဖြတ်ခဲ့သည်။ ကုမ္ပဏီ၏ အလိုအလျောက်စောင့်ကြည့် စနစ်များက အစပိုင်းတွင် ၎င်းကို သတိပေး အမှတ်အသားပြုပြီးနောက် ခုနစ်လကျော်အကြာ ထိုတစ်ရက်တည်းတွင် Meta သည် အကြောင်းအရာကို Instagram မှ ဖယ်ရှားခဲ့သည်။ အပြန်အလှန်စစ်ဆေးမှု စနစ်အောက်ရှိ Meta ၏ စိစစ်သုံးသပ်ရန် ကြည့်ရှုမည့်စာရင်းတွင် စိစစ်သုံးသပ်စရာများ ပုံနေသည့်အတွက် စိစစ်သုံးသပ်မှု နှောင့်နှေးခဲ့ရသည်။
အကြောင်းအရာကို ဖယ်ရှားခဲ့သည့် တစ်ရက်တည်းတွင် ဗီဒီယိုကို မျှဝေခဲ့သည့် အသုံးပြုသူက Meta ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သည်။ စိစစ်သူတစ်ဦးက အကြောင်းအရာကို ထပ်မံစိစစ်သုံးသပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ၎င်းကို ဖယ်ရှားရန် မူလဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ ဤအချိန်တွင် အကြောင်းအရာကို နောက်ထပ်စိစစ်သုံးသပ်ရန်အတွက် မူဝါဒ သို့မဟုတ် အကြောင်းအရာဆိုင်ရာ ကျွမ်းကျင်သူများထံ မတင်ပြခဲ့ပါ။ Meta ၏ အဆိုအရ အသုံးပြုသူ၏ အကောင့်တွင် ပုံမှန်သတိပေးချက်တစ်ခုကို ပြုလုပ်ခဲ့သည်။ သို့ရာတွင် Meta ၏ အကောင့်ကန့်သတ်မှု လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ချက် ကန့်သတ်ခြင်းကို အကောင့်တွင် မပြုလုပ်ခဲ့ပါ။ ထို့နောက်တွင် အသုံးပြုသူက အမှုကို ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။
၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော လူပုဂ္ဂိုလ်က အယူခံဝင်ပြီးနောက် ချမှတ်ထားသော Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့တွင် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။
ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို မူလအတိုင်း လက်ခံဆုံးဖြတ်နိုင်သည် သို့မဟုတ် ပယ်ချနိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ ပုဒ်မ ၅)။ ထို့ပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော ဆက်စပ်အကြောင်းအရာပါသည့် အလားတူ အကြောင်းအရာနှင့် ပတ်သက်၍ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို အသုံးချရန် ဖြစ်နိုင်ခြေကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် မဖြစ်မနေ လိုက်နာစရာမလိုသော်လည်း တုံ့ပြန်ရမည့် အကြံပြုချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ ပုဒ်မ ၄၊ ပိုဒ်ခွဲ ၄)။ Meta က အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကတိကဝတ်ပြုလျှင် ဘုတ်အဖွဲ့သည် ၎င်းတို့ကို အကောင်အထည်ဖော်မှုအပေါ် စောင့်ကြည့်သည်။
၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များနှင့် လမ်းညွှန်ချက်
ဤအမှုတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ စံနှုန်းများနှင့် သာဓကများဖြင့် အသိပေးတင်ပြခဲ့သည်-
၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အသက်ဆိုင်ဆုံး ယခင်ဆုံးဖြတ်ချက်များတွင် အောက်ပါတို့ ပါဝင်သည်-
- အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အမှုများ (၂၀၂၃-၀၀၂-IG-UA၊ ၂၀၂၃-၀၀၅-IG-UA)
- အီရန်နိုင်ငံ ကန့်ကွက်ဆန္ဒပြခြင်း ဆောင်ပုဒ် အမှု (၂၀၂၂-၀၁၃-FB-UA)
- Knin ကာတွန်း အမှု (၂၀၂၂-၀၀၁-FB-UA)
- တောင်အာဖရိက စွပ်စွဲပြောဆိုချက်များ အမှု (၂၀၂၁-၀၁၁-FB-UA)
- ကိုလံဘီယာ ဆန္ဒပြပွဲများ အမှု (၂၀၂၁-၀၁၀-FB-UA)
- ရုရှားရှိ နာဗာလ်နီကို ထောက်ခံသော ဆန္ဒပြပွဲများ အမှု (၂၀၂၁-၀၀၄-FB-UA)
- Zwarte Piet ကို သရုပ်ဖော်ခြင်း အမှု (၂၀၂၁-၀၀၂-FB-UA)
- Meta ၏ အပြန်အလှန် စစ်ဆေးမှု ပရိုဂရမ် (PAO-၂၀၂၁-၀၂)
၂။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ
Instagram လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များတွင် အမုန်းစကားပါဝင်သော အကြောင်းအရာကို ဖယ်ရှားပစ်မည်ဟု ဖော်ပြထားသည်။ “Instagram အသိုင်းအဝိုင်းရှိ အခြားအဖွဲ့ဝင်များကို လေးစားပါ” ဟူသော ခေါင်းစဉ်အောက်ရှိ လမ်းညွှန်ချက်များတွင် "မည်သူကိုမဆို ၎င်းတို့၏ လူမျိုး၊ လူမျိုးစု၊ မူလနိုင်ငံဇာစ်မြစ်၊ လိင်၊ ကျား/မ၊ ကျား/မ ခံယူမှု၊ လိင်စိတ်တိမ်းညွတ်မှု၊ ဘာသာရေးအရ ပတ်သက်ဆက်နွှယ်မှု၊ မသန်စွမ်းမှု သို့မဟုတ် ရောဂါဘယရှိမှုအပေါ် အခြေခံ၍ အကြမ်းဖက်ရန် သို့မဟုတ် တိုက်ခိုက်ရန် အားပေးခြင်းမျိုးမှာ မည်သည့်အခါတွင်မျှ အဆင်ပြေမည် မဟုတ်ပါ" ဟု ဖော်ပြထားသည်။ ထို့နောက် Instagram လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များသည် "အမုန်းစကား" ဟူသော စကားလုံးများကို Facebook အမုန်းစကား လူမှုစံနှုန်းနှင့် ချိတ်ဆက်ဖော်ပြသည်။
အမုန်းစကား မူဝါဒဆိုင်ရာ သဘောတရားတွင် အမုန်းစကားကို လိင်၊ ကျား/မနှင့် မူလနိုင်ငံဇာစ်မြစ်အပါအဝင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များအပေါ် အခြေခံ၍ လူများကို တိုက်ရိုက်တိုက်ခိုက်မှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အမုန်းစကားသည် "ခြိမ်းခြောက်မှုနှင့် ဖယ်ကြဉ်မှု ပတ်ဝန်းကျင်တစ်ရပ်ကို ဖြစ်ပေါ်စေပြီး အချို့ကိစ္စများ၌ ပြင်ပကမ္ဘာတွင် အကြမ်းဖက်မှုကို အားပေးမြှင့်တင်နိုင်" သောကြောင့် Meta သည် ၎င်း၏ပလက်ဖောင်းတွင် အမုန်းစကားကို ခွင့်မပြုပါ။ စည်းမျဉ်းများသည် အဆိုပါအချက်များကိုအခြေခံ၍ အမျိုးသားများအပါအဝင် လူများအပေါ် "ရက်စက်ကြမ်းကြုတ်သော" သို့မဟုတ် "လူ့ဂုဏ်သိက္ခာကို ကင်းမဲ့စေသော" ပြောဆိုမှုအား တားမြစ်သည်။
အမုန်းစကား မူဝါဒ၏ အဆင့် ၁ သည် "[...] ယေဘုယျခြုံပြောသော တိရစ္ဆာန်များ သို့မဟုတ် ဉာဏ်ရည်ဉာဏ်သွေးအရ သော်လည်းကောင်း ရုပ်ပိုင်းဆိုင်ရာအရ သော်လည်းကောင်း ယုတ်ညံ့သည်ဟု ယဉ်ကျေးမှုအရ ယူဆထားသည့် တိရစ္ဆာန်အမျိုးအစားများနှင့်ဖြစ်စေ ၎င်းတို့နှင့်ပတ်သက်၍ဖြစ်စေ နှိုင်းယှဉ်ခြင်းများ၊ ယေဘုယျ ကောက်ချက်ချခြင်းများ သို့မဟုတ် လက်ခံခွင့်ပြုနိုင်ခြင်းမရှိသော အပြုအမူဆိုင်ရာ ပြောဆိုဖော်ပြချက်များ (စာဖြင့်ဖြစ်စေ၊ ရုပ်ပုံ ပုံစံဖြင့်ဖြစ်စေ) ပုံစံဖြင့် ရှိနေသည့် လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေသော ပြောဆိုမှုများ သို့မဟုတ် ရုပ်ပုံများ” ကို တားမြစ်သည်။ ထို့အပြင် အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက် မူဝါဒကို ကျင့်သုံးနည်းဆိုင်ရာ Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များတွင် "လက်ခံခွင့်ပြုနိုင်သော" နှင့် "လက်ခံခွင့်ပြုနိုင်ခြင်းမရှိသော" အပြုအမူဆိုင်ရာ ပြောဆိုချက်များကို အဓိပ္ပာယ်သတ်မှတ်ပြီး ဥပမာများ ပေးထားသည်။ ဤလမ်းညွှန်ချက်များအရ "လက်ခံခွင့်ပြုနိုင်သော ပြောဆိုချက်များ" ဆိုသည်မှာ မူဝါဒကို မချိုးဖောက်သော ပြောဆိုချက်များဖြစ်ပြီး "လက်ခံခွင့်ပြုနိုင်ခြင်းမရှိသော" ပြောဆိုချက်များ' ဆိုသည်မှာ မူဝါဒချိုးဖောက်၍ ဖယ်ရှားခံရသော ပြောဆိုချက်များဖြစ်သည်။ လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်များသည် ကိန်းဂဏန်းအချက်အလက်များကို အသုံးပြုသည်၊ လူပုဂ္ဂိုလ်များကို ရည်ညွှန်းဖော်ပြသည် သို့မဟုတ် တိုက်ရိုက်အတွေ့အကြုံကို ဖော်ပြသည်ဟု Meta က ဆိုသည်။ အမုန်းစကား မူဝါဒအရ ကုမ္ပဏီသည် ပြောဆိုချက်က တိကျသော သမိုင်း ဖြစ်ရပ်တစ်ခုကို ဆွေးနွေးသည့်အခါ (ဥပမာ၊ ကိန်းဂဏန်းအချက်အလက် သို့မဟုတ် ပုံစံများကို ကိုးကားခြင်းဖြင့်) နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူအုပ်စုများနှင့် ပတ်သက်၍ လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်များပါရှိသော အကြောင်းအရာကို တင်ခွင့်ပြုသည်။ Meta ၏ အဆိုအရ လက်ခံခွင့်ပြုနိုင်ခြင်းမရှိသော အပြုအမူဆိုင်ရာ ပြောဆိုချက်များဆိုသည်မှာ "အပြုအမူတစ်ခုသည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ခုဖြင့် သတ်မှတ်ထားသော လူအားလုံး သို့မဟုတ် အများစုတွင် ရှိသည်ဟု အတိအကျ သတ်မှတ်ယူဆခြင်းမျိုးဖြစ်သည်။"
ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာမှုကို ကုမ္ပဏီက "ပဓာန" အဖြစ် ဖော်ပြထားသော Meta ၏ " သဘောထားထုတ်ဖော်ခွင့်" အတွက် ကတိကဝတ်နှင့် ၎င်း၏ "အန္တရာယ်ကင်းရှင်းရေး" နှင့် "ဂုဏ်သိက္ခာ" ဆိုင်ရာ စံတန်ဖိုးများဖြင့် အသိပေးတင်ပြခဲ့သည်။
၃။ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် ထောက်ခံချက်ပေးထားသည့် စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ် ချမှတ်ထားသည်။ ၂၀၂၁ ခုနှစ်တွင် UNGP များနှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို Meta က ကြေညာခဲ့သည်။
ဤအမှုတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ နိုင်ငံတကာ စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည်-
- လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်- နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ICCPR) ၏ ပိုဒ်ခွဲ ၁၉ နှင့် ၂၀။ အထွေထွေမှတ်ချက် အမှတ် ၃၄၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၁။ လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် (UNSR)၊ အစီရင်ခံစာများ- A/HRC/၃၈/၃၅ (၂၀၁၈)၊ A/၇၄/၄၈၆ (၂၀၁၉)၊ A/၇၆/၂၅၈ (၂၀၂၁)၊ ရာဘတ်အရေးယူဆောင်ရွက်ချက် အစီအစဉ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာ- က/HRC/၂၂/၁၇/ဖြည့်စွက်ချက် ၄ (၂၀၁၃)။
- လွတ်လပ်သော ငြိမ်းချမ်းစွာ စုဝေးခွင့်- အပိုဒ် ၂၁၊ ICCPR။ အထွေထွေမှတ်ချက် အမှတ် ၃၇၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၂၀။
- ခွဲခြားဆက်ဆံမခံရခွင့်- အပိုဒ် ၂၊ ပိုဒ်ခွဲ ၁ နှင့် အပိုဒ် ၂၆၊ ICCPR။
၅။ အသုံးပြုသူ၏ တင်ပြချက်များ
ဘုတ်အဖွဲ့ထံ ၎င်း၏ အယူခံလွှာတွင် အကြောင်းအရာ ဖန်တီးသူက ဗီဒီယိုသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ကန့်ကွက်ဆန္ဒပြပွဲများကို ရည်ညွှန်းကိုးကားမှုများ ပြုလုပ်ထားကြောင်း ထောက်ပြလျက် လူမှုကွန်ရက် ကုမ္ပဏီများအား ကျူးဘားရှိ "အကျပ်အတည်းဆိုက်နေသော အခြေအနေ" ကို ပိုမိုနားလည်လာအောင်လုပ်ရန် တောင်းဆိုခဲ့သည်။ ဗီဒီယိုထဲရှိ အမျိုးသမီးသည် ကျူးဘားအမျိုးသားများအား အကျပ်အတည်းကို "ဖြေရှင်းရန်အတွက် တစ်ခုခုလုပ်ရန်" တိုက်တွန်းခြင်း ဖြစ်သည်ဟုလည်း အကြောင်းအရာ ဖန်တီးသူက ရှင်းပြထားသည်။
၆။ Meta ၏ တင်ပြချက်များ
ပို့စ်သည် အမျိုးသားများကို ကြွက်များနှင့် လူ့အညစ်အကြေးများ သယ်ဆောင်သော မြင်းမများနှင့် နှိုင်းယှဉ်၍ ၎င်းတို့ကို တိုက်ခိုက်ခဲ့သောကြောင့် Meta သည် ၎င်း၏ အမုန်းစကား လူမှုစံနှုန်း၏ အဆင့် ၁ အရ ထိုပို့စ်ကို ဖယ်ရှားခဲ့သည်။ ကြွက်များသည် "ဉာဏ်ရည်ပိုင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ နိမ့်ကျသည်ဟု ယဉ်ကျေးမှုအရ သတ်မှတ်ထားသော တိရစ္ဆာန်များ" ၏ "စံပြ ဥပမာ" ဖြစ်သည်ဟု ကုမ္ပဏီက ရှင်းပြခဲ့သည်။ "ဆီးအိုးများ သို့မဟုတ် အိမ်သာခွက်များတင်ထားသော မြင်းမများ" နှင့်ဆက်စပ်သည့် တိကျသော ဥပစာစကား သို့မဟုတ် ယဉ်ကျေးမှု ဓလေ့ထုံးစံကို ကုမ္ပဏီက မသိသော်လည်း Meta ၏ အဆိုအရ ထိုစကားစုသည် အမျိုးသားများအား "လူ့ဆီးနှင့် မစင်ကို သယ်ဆောင်သည်ဟု ယူဆရသည့် တိရစ္ဆာန်များ၏ ရွံရှာဖွယ်ပုံရိပ်" နှင့် နှိုင်းယှဉ်သောကြောင့် ၎င်းသည် အမုန်းစကား မူဝါဒကို ချိုးဖောက်သည်။
"ကြွက်များနှင့် အိမ်သာခွက်တင်ထားသော မြင်းမများနှင့် နှိုင်းယှဉ်ချက်များသည် အမျိုးသားများအား ၎င်းတို့၏လိင်ပေါ်အခြေခံ၍ လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေသည်" ဟု Meta က ရှင်းပြခဲ့သည်။ "ထိုသို့ပြုလုပ်ခြင်းသည် အမျိုးသားများအား အပြန်အလှန်စကားဝိုင်းမှ ချန်လှပ်ပြီး ၎င်းတို့ကို နှုတ်ပိတ်ခံရသည်ဟု ခံစားရစေနိုင်သည်" ဟုလည်း Meta က ပြောခဲ့သည်။
ဘုတ်အဖွဲ့၏ မေးခွန်းများအတွက် ၎င်း၏ တုံ့ပြန်ချက်တွင် Meta က ကုမ္ပဏီသည် ဤအကြောင်းအရာအတွက် "မူဝါဒ၏ ဆိုလိုရင်း" အရ ခွင့်ပြုချက်ကို ကျင့်သုံးရန် ထည့်သွင်းစဉ်းစားခဲ့သည်ဟု ဆိုခဲ့သည်။ သက်ဆိုင်သော လူမှုစံနှုန်းကို တင်းကျပ်စွာ ကျင့်သုံးမှုကြောင့် ၎င်း၏ သဘောတရားနှင့် ရည်ရွယ်ချက်များနှင့် မကိုက်ညီသော ရလဒ်များ ထွက်ပေါ်လာသည့် အချိန်များတွင် Meta သည် အကြောင်းအရာကို ခွင့်ပြုရန် “မူဝါဒ၏ ဆိုလိုရင်း” အရ ခြွင်းချက်များကို ပြုလုပ်လေ့ရှိသည်။ သို့ရာတွင် အကြောင်းအရာသည် မူဝါဒ၏ တိုက်ရိုက်အဓိပ္ပာယ်ပြန်ဆိုချက်နှင့် ဆိုလိုရင်း နှစ်ခုလုံးကို ချိုးဖောက်သောကြောင့် ထိုသို့သော ခွင့်ပြုချက်သည် မသင့်လျော်ခဲ့ကြောင်း Meta က ကောက်ချက်ချခဲ့သည်။
အမုန်းစကား လူမှုစံနှုန်းအရ Meta က ၎င်းသည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များဖြင့် သတ်မှတ်ထားသော အုပ်စုအားလုံးကို အညီအမျှ သဘောထားကြောင်း ထပ်မံရှင်းပြခဲ့သည်။ ကုမ္ပဏီ၏ အဆိုအရ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော ဖယ်ကြဉ်ခံရသည့် လူအုပ်စုတစ်ခုက အမုန်းစကား မူဝါဒကို ချိုးဖောက်ကာ အခြား နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူအုပ်စုတစ်ခုအား ဦးတည်တိုက်ခိုက်မှုများကို ဖယ်ရှားပါမည်။ ၎င်း၏ အမုန်းစကား မူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် ကုမ္ပဏီသည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူအုပ်စုအားလုံးကို တူညီသောနည်းလမ်းဖြင့် ချဉ်းကပ်ကြောင်း၊ သို့မှသာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၎င်းတို့သည် မျှတသော ဆက်ဆံမှုကို ရရှိပြီး ထိုသို့ဖြင့် မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာအောင် စည်းကမ်းထိန်းသိမ်းနိုင်ကြောင်း Meta က ရှင်းပြခဲ့သည်။ Meta သည် ဤချဉ်းကပ်ပုံချဉ်းကပ်နည်းကို "နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များ-တန်းတူထည့်သွင်းစဉ်းစားမှု" ဟု ရည်ညွှန်းသည်။ အကြောင်းအရာကို လူကိုယ်တိုင် စိစစ်သူများ၏ ထပ်ဆောင်း စိစစ်သုံးသပ်မှုအတွက် တင်ပြသည့်အခါ Meta က ၎င်းသည် အချိုးမညီမျှသော လုပ်ပိုင်ခွင့်အာဏာ မျှခြေများအပေါ်အခြေခံ၍ (ဆိုလိုသည်မှာ အမုန်းစကား၏ ပစ်မှတ်က ပို၍လုပ်ပိုင်ခွင့်အာဏာရှိသော အုပ်စုဖြစ်သည့်အခါမျိုးဖြစ်သည်) အမုန်းစကားကို ခွင့်မပြုကြောင်း သို့မဟုတ် "မူဝါဒ၏ ဆိုလိုရင်း" အရ ခွင့်ပြုချက်များကို မထားရှိကြောင်းနှင့် ယင်းသည် "ကျွန်ုပ်တို့တွင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များ-တန်းတူထည့်သွင်းစဉ်းစားမှု မူဝါဒရှိရသည့် အလားတူ အကြောင်းရင်းကြောင့်ပင်ဖြစ်ကြောင်း” ဆိုခဲ့သည်။ Meta က ၎င်းအနေဖြင့် "မည်သည့် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူအုပ်စုများက အခြားလူအုပ်စုများထက် ပို၍ ဖယ်ကြဉ်ခံရကြောင်း အဆင့်သတ်မှတ်ခြင်း မပြုနိုင်သလို အဆင့်သတ်မှတ်ခြင်းလည်း မပြုသင့်ပါ" ဟု ဆိုခဲ့သည်။ ယင်းအစား Meta သည် "လူအုပ်စုတစ်ခုအား ၎င်းတို့၏ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ တိုက်ခိုက်မှုတစ်ခုရှိ၊ မရှိ" ကို အာရုံစိုက်သည်။ အမုန်းစကား မူဝါဒသည် "လုပ်ပိုင်ခွင့်အာဏာ ပိုမိုနည်းပါးသော လူအုပ်စုအပေါ် ပစ်မှတ်ထားခြင်း" ဖြစ်သည်ဟု ယူဆရပြီး ဖယ်ရှားသင့်သည့် အကြောင်းအရာနှင့် "လုပ်ပိုင်ခွင့်အာဏာပိုရှိသော လူအုပ်စုအပေါ် ပစ်မှတ်ထားခြင်း" ဖြစ်ပြီး ၎င်းသည် လူမှုရေး တရားမျှတမှုဆိုင်ရာ အကြောင်းအရာများကို သွယ်ဝိုက်ရည်ညွှန်းနိုင်သောကြောင့် ခွင့်ပြုပေးသင့်သည့် အကြောင်းအရာအကြား ကွဲပြားအောင် ခွဲခြားသင့်သည်ဟု သက်ဆိုင်သူအချို့က ပြောခဲ့သည်ကို Meta က လက်ခံခဲ့သည်။ သို့ရာတွင် "‘လုပ်ပိုင်ခွင့်အာဏာ ပိုမိုနည်းပါးသော လူအုပ်စုအပေါ် ပစ်မှတ်ထားခြင်းနှင့် လုပ်ပိုင်ခွင့်အာဏာပိုရှိသော လူအုပ်စုအပေါ် ပစ်မှတ်ထားခြင်း’ အဖြစ် ထည့်တွက်သည့်အရာနှင့် ပတ်သက်၍ သက်ဆိုင်သူများအကြား အများသဘောတူလက်ခံမှု အနည်းငယ်သာရှိသည်" ဟု Meta က ဆိုခဲ့သည်။
အကြောင်းအရာကို လူကိုယ်တိုင် စိစစ်သုံးသပ်မှုအတွက် ပေးပို့ရန် ရန်လိုစကား စိစစ်ခွဲခြားမှုနည်းပညာ၏ ဆုံးဖြတ်ချက်တွင် ဆက်စပ်အချက်အလက်၊ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူအုပ်စုများအကြား အချိုးမညီမျှသော လုပ်ပိုင်ခွင့်အာဏာ မျှခြေများနှင့် ပို့စ်တစ်ခု တင်ရာနေရာရှိ နိုင်ငံရေး ပတ်ဝန်းကျင်နှင့်ပတ်သက်သည့် အချက်အလက်တို့ကို မည်သို့ထည့်သွင်းစဉ်းစားခဲ့ကြောင်းလည်း ဘုတ်အဖွဲ့က မေးခဲ့သည်။ ယင်းကိုတုံ့ပြန်သောအားဖြင့် Meta က "စိစစ်ခွဲခြားမှုနည်းပညာတစ်ခုက ထည့်သွင်းစဉ်းစားသည့် ဆက်စပ်အကြောင်းအရာသည် ပို့စ်ထဲတွင်ပါသော အချက်အလက်များသာဖြစ်ကြောင်း" နှင့် ၎င်းသည် "ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်များမှ အခြားဆက်စပ်အချက်အလက်များကို ထည့်သွင်းစဉ်းစားခြင်း မပြုကြောင်း" ပြောခဲ့သည်။ ဤအမှုတွင် ရန်လိုစကား စိစစ်ခွဲခြားမှုနည်းပညာက အကြောင်းအရာသည် Meta ၏ မူဝါဒများကို ချိုးဖောက်နိုင်ခြေရှိသည်ဟု ခွဲခြားဖော်ထုတ်ခဲ့ပြီး ၎င်းကို လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း ပြုလုပ်ရန်အတွက် ပို့ခဲ့သည်။
ဘုတ်အဖွဲ့သည် မေးခွန်း ၁၇ ခုကို Meta ထံသို့ စာဖြင့်ရေးသား၍ မေးခဲ့သည်။ မေးခွန်းများထဲတွင် ကျူးဘား၌ Meta ၏ အကြောင်းအရာ စိစစ်ခြင်းကို ကိုင်တွယ်ဆောင်ရွက်ပုံ၊ အချိုးကျမမျှတသော အခွင့်အာဏာဆိုင်ရာ ပြောင်းလဲမှုပုံစံများက အမုန်းစကား လူမှုစံနှုန်းအပြင် အလိုအလျာက်စနစ်သုံးနှင့် လူကိုယ်တိုင် စိစစ်သုံးသပ်မှုပြုလုပ်ပြီးနောက် ၎င်း၏စည်းကမ်းထိန်းသိမ်းမှုအပေါ် ဆက်စပ်သက်ရောက်မှု၊ အထူးသဖြင့် အစောပိုင်းတုံ့ပြန်မှုအဖြစ် ဒုတိယအကြိမ် စိစစ်သုံးသပ်ခြင်း (ERSR) ဟု ခေါ်သော Meta ၏ ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုစနစ်၏ တစ်စိတ်တစ်ပိုင်းအတွင်း ဆက်စပ်အကြောင်းအရာ အကဲဖြတ်မှုအတွက် အခွင့်အရေးများနှင့်သက်ဆိုင်သော ကိစ္စရပ်များကို တင်ပြခဲ့သည်။ ERSR သည် Meta ၏ မူဝါဒများကို ချိုးဖောက်သည်ဟု အစောပိုင်းက ခွဲခြားဖော်ထုတ်ခံရသော ပို့စ်အချို့အတွက် အကြောင်းအရာကို အွန်လိုင်းတွင် ဆက်လက်ထားရှိစဉ် လူကိုယ်တိုင် စိစစ်သုံးသပ်သည့် ထပ်ဆောင်း အဆင့်များကို ဆောင်ရွက်စေသည့် ပြန်လည်တိုက်ဆိုင်စစ်ဆေးမှု အမျိုးအစားတစ်ခု ဖြစ်သည်။ မေးခွန်း ၁၇ ခုလုံးကို Meta က ဖြေကြားခဲ့သည်။
၇။ အများမြင် မှတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ဤအမှုနှင့် စပ်လျဉ်း၍ အများမြင် မှတ်ချက် ၁၉ ခုကို လက်ခံရရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ မှတ်ချက်ကိုးခု၊ လက်တင်အမေရိကနှင့် ကာရေဘီယံမှ မှတ်ချက်သုံးခု၊ ဥရောပမှ မှတ်ချက် ငါးခု၊ အာရှ ပစိဖိတ်မှ မှတ်ချက်တစ်ခုနှင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ မှတ်ချက်တစ်ခု အသီးသီး ပေးပို့ခဲ့ကြသည်။ ပေးပို့မှုများတွင် အောက်ပါအကြောင်းအရာများ ပါဝင်ခဲ့သည်- ကျူးဘားရှိ လူ့အခွင့်အရေး အခြေအနေ၊ ဆန္ဒပြရန် တိုက်တွန်းနှိုးဆော်မှုများတွင် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးနှင့်ဆိုင်သော မသိမသာ ကွဲပြားချက်များကို သိရှိနားလည်သည့် အကြောင်းအရာ စိစစ်ခြင်းကို ကိုင်တွယ်ဆောင်ရွက်ပုံ၏ အရေးပါမှု၊ ကျူးဘားရှိ ကျား/မအခြေခံသော အခွင့်အာဏာ အချိုးကျမမျှတမှုများ၊ အမုန်းစကားနှင့် ဆန္ဒပြရန်တိုက်တွန်းချက်များ ပေါင်းဆုံရာနှင့် ကျူးဘားရှိ အွန်လိုင်းနှင့် ပြင်ပကမ္ဘာတွင် ဆန္ဒပြမှုဆိုင်ရာ ပြောင်းလဲမှုပုံစံများ။
ဤအမှုအတွက် ပေးပို့ထားသော အများမြင်မှတ်ချက်များကို ဖတ်ရှုရန် ဤနေရာ ကို နှိပ်ပါ။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်
Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် စံတန်ဖိုးများကို ဆန်းစစ်လေ့လာခြင်းဖြင့် ဤအကြောင်းအရာအား ပြန်ထည့်သွင်းသင့်၊ မသင့်ကို ဘုတ်အဖွဲ့က စစ်ဆေးခဲ့သည်။ အကြောင်းအရာ ထိန်းချုပ်ရာတွင် Meta အနေဖြင့် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဆောင်ရွက်ခြင်းအတွက် ဤအမှု၌ရှိနေသည့် နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း ဘုတ်အဖွဲ့က အကဲဖြတ်ခဲ့သည်။
ဤအယူခံလွှာသည် Meta ၏ အမုန်းစကား မူဝါဒနှင့် ၎င်းကိုလိုက်နာအောင် စည်းကမ်းထိန်းသိမ်းမှုက ကန့်သတ်ခံရသည့် အရပ်သားစုဝေးရာရပ်ဝန်းများ အသွင်ဆောင်သည့် ဆက်စပ်အခြေအနေများတွင် ဆန္ဒပြရန်တိုက်တွန်းချက်များပေါ် သက်ရောက်မှုရှိပုံကို ပိုမိုနားလည်ရန် အခွင့်အရေးပေးသဖြင့် ဘုတ်အဖွဲ့က ၎င်းကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၈.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း
၁။ အကြောင်းအရာ စည်းမျဉ်းများ
ဤအမှုရှိ အကြောင်းအရာသည် Meta ၏ လူမှုစံနှုန်းများအရ အမုန်းစကား မဟုတ်သော်လည်း လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်တစ်ခု ဖြစ်သောကြောင့် အမုန်းစကား မူဝါဒအရ ၎င်းကို ခွင့်ပြုကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ သို့ဖြစ်၍ အကြောင်းအရာကို ဖယ်ရှားခြင်းသည် ဤမူဝါဒနှင့် တစ်သမတ်တည်းကိုက်ညီမှုမရှိပါ။ အမျိုးသားများကို "ကြွက်များ" သို့မဟုတ် ဆီးအိုးများတင်ထားသည့် "မြင်းမများ" နှင့် နှိုင်းယှဉ်သည့် ပြောဆိုချက်များကို ဆက်စပ်အကြောင်းအရာ မပါဘဲ တိုက်ရိုက်ဖတ်ရှုသည့်အခါ Meta ၏ အမုန်းစကားဆိုင်ရာ မူဝါဒကို ချိုးဖောက်ထားသည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်သည်မှာ မှန်ပါသည်။ သို့ရာတွင် တစ်ခုလုံးကိုဖတ်သည့်အခါ ပို့စ်သည် အမျိုးသားအားလုံးကိုဖြစ်စေ၊ အမျိုးသားအများစုကိုပင်ဖြစ်စေ ဂုဏ်သိက္ခာကင်းမဲ့စေရန် သို့မဟုတ် ၎င်းတို့အပေါ်အကြမ်းဖက်မှုကို အစပျိုးပေးရန် ရည်ရွယ်သည့် ခြုံငုံ၍ ကောက်ချက်ချခြင်း မဟုတ်ပါ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ကျူးဘားတွင် စတင်ခဲ့ပြီး ၎င်းနောက်တွင် ဆန္ဒပြမှုအတွက် နောက်ဆက်တွဲ တိုက်တွန်းချက်များကို တုံ့ပြန်သည့်အနေဖြင့် ၂၀၂၂ ခုနှစ်အထိ နိုင်ငံတော်၏ဖိနှိပ်မှုတို့ ဆက်လက်ဖြစ်ပွားခဲ့သော သမိုင်းဝင် ဆန္ဒပြပွဲများနှင့်ဆက်စပ်၍ ကျူးဘားနိုင်ငံသား အမျိုးသားများ၏ အပြုအမူအပေါ် အာရုံစိုက်လာစေရန် ရှင်းရှင်းလင်းလင်း ရည်ရွယ်သည့် သဘောဖြင့်ဆိုလျှင် အမျိုးသားများကို ရည်ညွှန်းသည့် ပြောဆိုချက်များကို လက်ခံခွင့်ပြုနိုင်သည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။ အကြောင်းအရာ ဖန်တီးသူသည် #SOSCuba ဟက်ရှ်တပ်ဂ်ကို အသုံးပြု၍ ပို့စ်တွင် အဆိုပါဖြစ်ရပ်များကို အတိအလင်း ကိုးကားဖော်ပြထားသည်။ အကြောင်းအရာသည် လူအုပ်စုတစ်စုတွင် ရှိရင်းစွဲဖြစ်သော စရိုက်လက္ခဏာ ချို့ယွင်းချက်များအကြောင်း ပြောဆိုချက်မဟုတ်ဘဲ မည်သူမည်ဝါခွဲခြားဖော်ထုတ်နိုင်သော လူတစ်စုက ပြုမူခဲ့ပုံအပေါ် ထင်မြင်ချက်ပေးခြင်း ဖြစ်သည်။
အများမြင်မှတ်ချက်များနှင့် ဘုတ်အဖွဲ့က တိုင်ပင်ဆွေးနွေးခဲ့သော ကျွမ်းကျင်သူများ၏ အဆိုအရ ဒေါသပြင်းထန်လျက် အကြိတ်အနယ် ဆွေးနွေးမှုများတွင် သူရဲဘောကြောင်ခြင်းကို သွယ်ဝိုက်ညွှန်းဆိုရန် ကျူးဘား၌ ပြောသော ဒေသိယစပိန်ဘာသာစကားဖြင့် "ကြွက်များ" သို့မဟုတ် "မြင်းမများ" ကဲ့သို့ ခေါ်ဝေါ်သမုတ်မှုများကို အသုံးပြုကြသည်။ ထို့ကြောင့် အသုံးအနှုန်းများကို တိုက်ရိုက် မဖတ်သင့်သည့်အပြင် ထိုအသုံးအနှုန်းများသည် အမျိုးသားများတွင် ၎င်းတို့၏အမျိုးသားဖြစ်တည်မှုကြောင့် ရှိရင်းစွဲ အပျက်သဘောဆောင်သော စရိုက်လက္ခဏာများရှိသည်ဟု ညွှန်ပြခြင်းမဟုတ်ပါ။ ယင်းထက် အဆိုပါအသုံးအနှုန်းများက ရည်ညွှန်းသည်မှာ ကျူးဘားနိုင်ငံသား အမျိုးသားများသည် ဆန္ဒပြပွဲများနှင့် ဆက်စပ်သည့်အခြေအနေတွင် အစိုးရ၏ဖိနှိပ်မှုခံနေရသောသူများကို ကာကွယ်ရန် လိုအပ်သော အားမာန်အပြည့်ဖြင့် ဆောင်ရွက်ခြင်းမရှိခဲ့ဟု ဆိုလိုပါသည်။
ပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် သမိုင်းဝင် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ၏ တစ်နှစ်ပြည့် နှစ်ပတ်လည် အချိန်ကာလဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သော နိုင်ငံတော်၏ ဖိနှိပ်ရေးလှုပ်ရှားမှု တစ်ခုနှင့် ဆက်စပ်၍ မျှဝေခဲ့သည်။ အကြောင်းအရာ ဖန်တီးသူက အသုံးပြုခဲ့သည့် #SOSCuba ဟက်ရှ်တပ်ဂ်ကို ကျူးဘားနိုင်ငံသားများ ရင်ဆိုင်နေရသော စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများကို အာရုံစိုက်စေရန် လူမှုကွန်ရက် ကမ်ပိန်းများမှ ရွေးချယ်ထားသည့် အရေးကြီးသော ဟက်ရှ်တပ်ဂ်တစ်ခုအဖြစ် ပြင်ပကျွမ်းကျင်သူများက အမှတ်အသားပြုထားသည်။ ဗီဒီယိုထဲရှိ အမျိုးသမီး၏ သတိပေး ပြောဆိုချက် ("ကျွန်မတို့ရဲ့ ကလေးတွေ သတ်ဖြတ်ခံနေရတာကို ကျွန်မတို့ ဒီလိုမျိုး ဆက်ပြီးခွင့်ပြုထားလို့မရဘူး") နှင့် "လမ်းပေါ်ထွက်ရန်" သူမ၏ တိုက်တွန်းချက်အပြင် အဆိုပါဟက်ရှ်တပ်ဂ်ကို အသုံးပြုမှုသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့သည့် ဖြစ်ရပ်များက ၂၀၂၂ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားခဲ့သော လူမှုရေးနှင့် နိုင်ငံရေး ပြဿနာများနှင့်ပတ်သက်၍ ဆော်ဩစည်းရုံးရန် နိုင်ငံသားများ၏ နောက်ဆက်တွဲ ကြိုးပမ်းမှုများအတွက် သမိုင်းဆိုင်ရာ ကိုးကားချက်၏ အရေးကြီးသောအချက်တစ်ချက်အဖြစ် တည်ရှိပုံကို လက်တွေ့ပြသသည်။ ထို့ကြောင့် ပို့စ်သည် သမိုင်းဆိုင်ရာ ဖြစ်ရပ်တစ်ခုနှင့် ဆက်စပ်သည့် သီးခြားအကြောင်းအရာတွင် သတ်မှတ်ထားသော လူအုပ်စုတစ်ခုဖြစ်သည့် ကျူးဘားနိုင်ငံသားအမျိုးသားများ၏ အပြုအမူနှင့်ပတ်သက်၍ အသုံးပြုသူ၏ ထင်မြင်ချက်ကို ထင်ဟပ်စေသည်။
နိဂုံးချုပ်အားဖြင့် တစ်ခုလုံးကို ဖတ်ရှုသည့်အခါ ပို့စ်သည် အမျိုးသားများအား လူ့ဂုဏ်သိက္ခာကင်းမဲ့စေရန်၊ ၎င်းတို့အပေါ်အကြမ်းဖက်မှု ဖြစ်ပေါ်စေရန် သို့မဟုတ် ကျူးဘားကန့်ကွက်ဆန္ဒပြမှုများနှင့် ပတ်သက်သော အပြန်အလှန်စကားဝိုင်းများမှ ၎င်းတို့ကို ဖယ်ထုတ်ထားရန် မရည်ရွယ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ တစ်နည်းအားဖြင့်ဆိုရသော် ဗီဒီယိုထဲရှိ အမျိုးသမီးသည် ဆန္ဒပြပွဲများနှင့်ဆက်စပ်သည့် တိကျသောအခြေအနေအတွင်း ကျူးဘားနိုင်ငံသားအမျိုးသားများ၏ အပြုအမူအပေါ် သူ့ထင်မြင်ချက်အား မေးခွန်းထုတ်နေခြင်းဖြစ်ပြီး အဆိုပါသမိုင်းဆိုင်ရာဖြစ်ရပ်များတွင် အမျိုးသားများကို ပါဝင်လာစေရန်အတွက် လှုံ့ဆော်ပေးရန် ရည်ရွယ်သည်။ ထို့ကြောင့် ဤအမှုရှိ အကြောင်းအရာသည် သမိုင်းဝင် ဆန္ဒပြပွဲများနှင့် ၎င်းနောက်တွင် ဖြစ်ပွားခဲ့သည့် ဖိနှိပ်ရေးလှုပ်ရှားမှုနှင့် ဆက်စပ်သည့် သိသာထင်ရှားသော အများပြည်သူ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်တစ်ခု ဖြစ်သည်။
ဤအမှုကို တုံ့ပြန်ရာတွင် အထူးသဖြင့် Meta ၏ အမုန်းစကားမူဝါဒကို လိုက်နာအောင် မရေရာမသေချာသည့် သံသယလွှမ်းသော စည်းကမ်းထိန်းသိမ်းမှုက သမိုင်းကြောင်းအရ ဖယ်ကြဉ်ခံထားရသော လူအုပ်စုများကို ထပ်မံနှုတ်ပိတ်သလို ဖြစ်သွားစေနိုင်သည့် အခြေအနေများတွင် ယင်းကဲ့သို့ စည်းကမ်းထိန်းသိမ်းမှုမျိုးကို ဘုတ်အဖွဲ့၏လူနည်းစုက မေးခွန်းထုတ်ခဲ့သည်။ အဆိုပါဘုတ်အဖွဲ့ဝင်များအတွက်ဆိုလျှင် အခွင့်အာဏာဆိုင်ရာ အချိုးကျမမျှတမှုများရှိနေကြောင်း သိရှိနားလည်ခြင်းက ကိုယ်စားပြုခံရမှုနည်းသော လူအုပ်စုများ၏ သဘောထားများကို ဖိနှိပ်မခံရအောင် ကာကွယ်ပေးနိုင်သည့်အခါတွင် အချိုးကျမျှတသော အမုန်းစကားဆိုင်ရာ မူဝါဒတစ်ရပ်သည် ယင်းကဲ့သို့ အခွင့်အာဏာဆိုင်ရာ အချိုးကျမမျှတမှုများ ရှိနေခြင်းကို အသိအမှတ်ပြုပေးသင့်သည်။
နောက်ဆုံးအနေဖြင့် ပို့စ်သည် Meta ၏ ပဓာနစံတန်ဖိုးဖြစ်သည့် "သဘောထားထုတ်ဖော်ခွင့်" အတွင်း တိုက်ရိုက်အကျုံးဝင်ကြောင်း ဘုတ်အဖွဲ့က သဘောတူသည်။ ထို့ကြောင့် ၎င်းကိုဖယ်ရှားမှုသည် Meta ၏ စံတန်ဖိုးများနှင့် တစ်သမတ်တည်းမဖြစ်ခဲ့ပါ။ အကြောင်းအရာတစ်ခုလုံးကို ဖတ်ရှုပြီး လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်တစ်ခုအဖြစ် အကဲဖြတ်သင့်ကြောင်း Meta ၏ နောက်ဆုံးကောက်ချက်ချမှုကို ဘုတ်အဖွဲ့က သဘောတူသည့်အခါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အမှုများတွင် စိစစ်သုံးသပ်ခဲ့သော ပို့စ်များထဲမှတစ်ခုနှင့် ဆက်စပ်၍ ဘုတ်အဖွဲ့က အလားတူ ကိုင်တွယ်ဆောင်ရွက်မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။
၂။ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်
Meta ၏ အဆိုအရ ရန်လိုစကားဟုတ်၊ မဟုတ် စိစစ်ခွဲခြားမှုနည်းပညာက အကြောင်းအရာကို Meta ၏ မူဝါဒများအား ချိုးဖောက်နိုင်ခြေရှိကြောင်း ခွဲခြားသိရှိခဲ့ပြီးနောက် ၎င်းကို လူကိုယ်တိုင် စိစစ်သုံးသပ်ရန်အတွက် ပို့ခဲ့သည်။ စိစစ်သုံးသပ်သူနှစ်ဦးလုံးက အကြောင်းအရာကို Meta ၏ အမုန်းစကား မူဝါဒများအား ချိုးဖောက်ကြောင်း တွေ့ရှိခဲ့သည့် ပထမအကြိမ် လူကိုယ်တိုင် စိစစ်သုံးသပ်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က ဒုတိယအကြိမ်စိစစ်သုံးသပ်မှု၏ ပထမအဆင့်ကို ပြုလုပ်ခဲ့ချိန်နှင့် နောက်ထပ်စိစစ်သူတစ်ဦးက အကြောင်းအရာကို ချိုးဖောက်ကြောင်း တွေ့ရှိခဲ့ပြီး ပို့စ်ကိုဖယ်ရှားခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ဒုတိယအကြိမ်စိစစ်သုံးသပ်မှု၏ ဒုတိယအဆင့်ကို ပြုလုပ်ခဲ့ချိန်အကြား ခုနစ်လကျော် ကုန်လွန်သွားခဲ့သည်။ ကဏ္ဍ ၂ တွင် ဖော်ပြထားသည့်အတိုင်း Meta ၏ ပြန်လည်တိုက်ဆိုင်စစ်ဆေးမှု စနစ်ထဲရှိ စုပုံနေသော အလုပ်များကြောင့် စိစစ်သုံးသပ်မှုတွင် နှောင့်နှေးခဲ့ရခြင်း ဖြစ်သည်။ ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုစနစ်သည် စုပုံနေသော စိစစ်သုံးသပ်စရာ အကြောင်းအရာများဖြင့် လည်ပတ်နေခဲ့ရသောကြောင့် ဆုံးဖြတ်ချက်များကို နှောင့်နှေးစေခဲ့သည်ဟု ဘုတ်အဖွဲ့၏ ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုဆိုင်ရာ မူဝါဒအကြံပေး သဘောထားအမြင်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Meta က ထုတ်ဖော်ပြောခဲ့သည်။ ဘုတ်အဖွဲ့ထံ Meta က ပေးအပ်ခဲ့သည့် အချက်အလက်များအရ အကြောင်းအရာ အစိတ်အပိုင်းတစ်ခုက ERSR ကြည့်ရှုမည့်စာရင်းထဲတွင် ဆက်ရှိနေခဲ့သည့် အကြာဆုံးအချိန်မှာ ၂၂၂ ရက်ဖြစ်ခဲ့ပြီး ဤအမှုတွင် တွေ့ရှိခဲ့သော ခုနစ်လကျော်ကြာ နှောင့်နှေးမှုသည် ဤကြန့်ကြာမှုပမာဏနှင့် အလားတူပင်ဖြစ်သည်။ Meta အနေဖြင့် ဤပရိုဂရမ်ကို စုပုံနေသောအလုပ်များဖြင့် မလည်ပတ်သင့်ကြောင်း ပြောခဲ့သည့် ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုဆိုင်ရာ မူဝါဒအကြံပေး သဘောထားအမြင်များမှ အကြံပြုချက်နံပါတ် ၁၈ ကို တုံ့ပြန်သည့်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှစ၍ ERSR ပရိုဂရမ် ကြည့်ရှုမည့်စာရင်းရှိ စုပုံနေသော အကြောင်းအရာများကို စိစစ်သုံးသပ်မှုအား ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်ဟု Meta က ဆိုခဲ့သည်။
ဤအမှုရှိ ခုနစ်လကြာ နှောင့်နှေးမှုကို ဘုတ်အဖွဲ့က မှတ်ချက်ပြုပါသည်။ အဆိုပါနှောင့်နှေးမှုကြောင့် အကြောင်းအရာသည် ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုဆိုင်ရာ ဒုတိယအကြိမ်စိစစ်သုံးသပ်မှု၏ နောက်ဆုံးအဆင့်ကို စောင့်ဆိုင်းနေစဉ် ပလက်ဖောင်းပေါ်တွင် ဆက်ရှိနေခဲ့သည်ဟု အခြေခံအားဖြင့် ဆိုလိုခဲ့သည်။ ပလက်ဖောင်းပေါ်တွင် အကြောင်းအရာဆက်ရှိနေခြင်းသည် အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းကျင့်သုံးမှုနှင့်ပတ်သက်၍ ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်နှင့် ညီညွတ်သော ရလဒ်တစ်ခုဖြစ်သည်။ သို့ရာတွင် အဆိုပါ ရလဒ်သည် အကြောင်းအရာက အန္တရာယ်ရှိခဲ့သည်ဟုဆိုသော Meta ၏ နားလည်သဘောပေါက်မှုနှင့် မကိုက်ညီခဲ့ပါ။
ဤအမှုရှိ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ မှတ်တမ်းအရ နောက်ထပ် လူကိုယ်တိုင်စိစစ်သုံးသပ်ခြင်းမှ အကျိုးရရှိသည့် အကြောင်းအရာအပေါ် ဆုံးဖြတ်ချက်များတွင် ဆက်စပ်အချက်အလက်များအား ထည့်သွင်းစဉ်းစားပုံနှင့်ပတ်သက်၍ စိုးရိမ်စရာများကိုလည်း ဖြစ်ပေါ်စေသည်။ အမုန်းစကား အသုံးပြုမှုနှင့် သက်ဆိုင်ရာ ဆက်စပ်အကြောင်းအရာကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ခြင်းသည် ခက်ခဲသောစိန်ခေါ်မှုတစ်ခု ဖြစ်ကြောင်း ဘုတ်အဖွဲ့က ယခင်က အသိအမှတ်ပြုခဲ့သည် (Knin ကာတွန်း အမှုကို ကြည့်ပါ)။ အထူးသဖြင့် သွယ်ဝိုက်ရည်ညွှန်းသော သို့မဟုတ် အတိအလင်းဆိုထားသော ခွဲခြားဆက်ဆံသည့် လုပ်ရပ်များ သို့မဟုတ် စကားများဖြင့် လူ့ဂုဏ်သိက္ခာကင်းမဲ့စေသော အကျယ်တဝင့်ရေးသားပြောဆိုချက်သည် အချို့သောအခြေအနေများတွင် ကြမ်းကြုတ်ရက်စက်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း ဘုတ်အဖွဲ့က အသားပေးပြောခဲ့သည် (Knin ကာတွန်း အမှုကို ကြည့်ပါ)။ သီးခြားမြင်တွေ့ရသည့် တိကျသော အကြောင်းအရာအစိတ်အပိုင်းများက အကြမ်းဖက်မှု သို့မဟုတ် ခွဲခြားဆက်ဆံမှုကို တိုက်ရိုက်လှုံ့ဆော်ပုံမပေါ်သည့်အခါတွင်ပင် အချို့သောအခြေအနေများ၌ အမုန်းစကားကြောင့် တစ်ဆတစ်ဆ တိုးပွားလာသော အန္တရာယ်များကို ကိုယ်တွယ်ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကြောင်းအရာ စိစစ်ခြင်းသည် Meta ၏ လူ့အခွင့်အရေး တာဝန်များနှင့် တစ်သမတ်တည်းဖြစ်နိုင်သည်ဟုလည်း ဘုတ်အဖွဲ့က ယူဆခဲ့သည် (Zwarte Piet ကို သရုပ်ဖော်ခြင်း အမှုကို ကြည့်ပါ)။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု (အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆိုင်ရာ အမှုများကို ကြည့်ပါ) ကဲ့သို့ အထူးဆက်စပ်မှုရှိသော ပြဿနာများအပေါ် လူထုဝေဖန်ဆွေးနွေးမှု သို့မဟုတ် ဤအမှုတွင်ကဲ့သို့ သမိုင်းဆိုင်ရာ ဖြစ်ရပ်များနှင့်ပတ်သက်၍ နိုင်ငံရေးဆိုင်ရာပြောဆိုမှုကို မသင့်လျော်စွာ ထိန်းချုပ်မှုမျိုး မဖြစ်စေရန်အတွက် Meta သည် လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်များအတွက် ခြွင်းချက်ကဲ့သို့ ခြွင်းချက်များကို ချမှတ်ထားသည်။ ထို့ကြောင့် Meta အနေဖြင့် အမုန်းစကားမူဝါဒကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရာတွင် မချိုးဖောက်ဘဲနှင့် ချိုးဖောက်သည်ဟု မှားယွင်းဆုံးဖြတ်မှုနှုန်း (၎င်း၏မူဝါဒများကို မချိုးဖောက်သည့် အကြောင်းအရာကို မှား၍ဖယ်ရှားမှုနှုန်း) ကို လျှော့ချနိုင်ရန်အတွက် အကြောင်းအရာ စိစစ်သုံးသပ်သူများက လက်ခံခွင့်ပြုနိုင်သောနှင့် လက်ခံခွင့်ပြု၍မရနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်များအကြား တိကျစွာ ခွဲခြားသိမြင်နိုင်ကြောင်း သေချာစေရန် လိုအပ်ပါသည်။ ထို့နည်းတူစွာပင် Meta က "ရန်လိုစကား" ဟု လက်ခံစဉ်းစားသည့် အချက်များရှိ၊ မရှိကို စစ်ဆေးသော ၎င်း၏အလိုအလျောက်စနစ်များ (အကြောင်းအရာအပေါ် စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်း စိစစ်ခွဲခြားမှုနည်းပညာများအပါအဝင်) နှင့် အကြောင်းအရာအပေါ် လူကိုယ်တိုင် စိစစ်သုံးသပ်သူ နှစ်မျိုးစလုံးက ၎င်းတို့၏ စိစစ်ချက်များနှင့် ဆုံးဖြတ်ချက်များတွင် ဆက်စပ်အချက်အလက်များကို ထည့်သွင်းစဉ်းစားနိုင်စေရန်အတွက် Meta အနေဖြင့် သေချာဆောင်ရွက်ပေးရန် အရေးကြီးပါသည်။ ဤအမှုတွင် ဖြစ်ပေါ်ခဲ့သကဲ့သို့ Meta ၏ အကြောင်းအရာ စိစစ်သုံးသပ်သူများက ဆက်စပ်အကြောင်းအရာကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ပို့စ်တစ်ခုကို ဖယ်ရှားလိုက်ချိန်တွင် ၎င်းကို ကာကွယ်ရန် အထူးသဖြင့် အရေးကြီးသည့်အခါမျိုး၌ ယင်းအချက်ကို ထပ်လောင်းပြောကြားပေးရန် အထူးအရေးကြီးပါသည်။ စင်စစ်အားဖြင့် ဆက်စပ်အကြောင်းအရာဆိုင်ရာ အသေးစိတ်အချက်အလက်များ ပေါ်လာစေရန် ရည်ရွယ်သော လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ယန္တရားများနှင့် လုပ်ငန်းစဉ်များသည် အစိုးရအပေါ်သဘောထားကွဲလွဲမှုနှင့် ဝေဖန်မှုနှင့်ဆက်စပ်သော အန္တရာယ်များက ပိုမိုမြင့်မားပြီး အင်တာနက်အသုံးပြုခွင့်ကို လွန်စွာကန့်သတ်ထားသည့် ပိတ်ပင်ခံရသော အရပ်သားစုဝေးရာရပ်ဝန်းများ အသွင်ဆောင်သည့် နိုင်ငံများ သို့မဟုတ် ဒေသများအတွက် အထူးသဖြင့် အရေးကြီးပါသည်။ ဆက်စပ်အကြောင်းအရာကို အကဲဖြတ်ရာတွင် ပိုမိုကောင်းမွန်သော ကိရိယာများကို ရရှိနိုင်သောကြောင့် အလေးထားစိစစ်ရေးအဆင့်ရှိ စိစစ်သုံးသပ်မှုများသည် ခက်ခဲသောအမှုများတွင်ပင် ပိုကောင်းသော ရလဒ်များကို ပေးအပ်သင့်သည်ဟုလည်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ သို့ရာတွင် ဤအမှုရှိ အကြောင်းအရာအပေါ် အလေးထားစိစစ်သုံးသပ်မှု ပြုလုပ်ခဲ့ပြီးနောက်တွင်ပင် Meta သည် မှန်ကန်စွာ သဘောပေါက်ပြီး ပို့စ်ကို Instagram တွင် ဆက်ထားရန် ပျက်ကွက်နေဆဲဖြစ်သည်။
ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုဆိုင်ရာ မူဝါဒအကြံပေး သဘောထားအမြင်များ ၏ တစ်စိတ်တစ်ပိုင်းအရ ယေဘုယျအားဖြင့် ERSR အတွက် (Meta ၏ အချိန်ပြည့်ဝန်ထမ်းများနှင့် အချိန်ပြည့် စာချုပ်ဝန်ထမ်းများ ရောနှောပါဝင်သည့်) ဈေးကွက်အဖွဲ့သည် အကြောင်းအရာကို ဦးစွာစိစစ်သုံးသပ်ကြောင်း Meta က ရှင်းပြခဲ့သည်။ ဤအဖွဲ့တွင် တိကျသော ပထဝီဝင်တည်နေရာအလိုက် ဈေးကွက်တစ်ခုနှင့်ပတ်သက်သည့် ထပ်ဆောင်း ဆက်စပ်အကြောင်းအရာနှင့် ဘာသာစကားဆိုင်ရာ ဗဟုသုတရှိသည်။ Meta ၏ အဆိုအရ ကျူးဘားဈေးကွက်သည် "သီးခြားဈေးကွက်တစ်ခု မဟုတ်ဘဲ ၎င်းကို [Meta] ၏ အထွေထွေ စပိန်ဘာသာစကား ESLA ကြည့်ရှုမည့်စာရင်း (Español Latin) တွင် အမျိုးအစားခွဲထားပါသည်"။ ဆိုလိုသည်မှာ ကျူးဘားနိုင်ငံမှ အကြောင်းအရာများကို ထိုနိုင်ငံအပေါ် အတိအကျ အာရုံမစိုက်ဘဲ ယေဘုယျအားဖြင့် စပိန်ဘာသာစကား အကြောင်းအရာများကို ခြုံငုံကြည့်ရှုသည့် စိစစ်သုံးသပ်သူများက သုံးသပ်ပါသည်။ Meta သည် နိုင်ငံအလိုက် သို့မဟုတ် ဒေသအလိုက် စိစစ်သုံးသပ်မှုအတွက် ကြည့်ရှုမည့်စာရင်းများတွင် "အခြားနိုင်ငံများကို အုပ်စုခွဲထားသည်" ဟု ဆိုခဲ့သည် (ဥပမာ- စပိန်အတွက် စပိန် ကြည့်ရှုမည့်စာရင်း၊ ဗင်နီဇွဲလားနှင့် ဗဟိုအမေရိကအတွက် VeCAM (ဗင်နီဇွဲလား၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ) ကြည့်ရှုမည့်စာရင်းများ။" ထို့နောက် အစောပိုင်းတုံ့ပြန်ရေးအဖွဲ့ (Meta ၏ အချိန်ပြည့် ဝန်ထမ်းများနှင့်သာ ဖွဲ့စည်းထားသော အလေးထားစိစစ်ရေးအဖွဲ့) အနေဖြင့် အကြောင်းအရာက ချိုးဖောက်ထားခြင်းရှိ၊ မရှိ အတည်ပြုရန်အတွက် စိစစ်သုံးသပ်နိုင်သည်။ Meta ၏ အဆိုအရ ဤအဖွဲ့တွင် "မူဝါဒကို ပိုမိုအသေးစိတ်ကျွမ်းကျင်ပိုင်နိုင်မှုနှင့် နောက်ထပ် ဆက်စပ်အကြောင်းအရာကို ထည့်သွင်းစဉ်းစားနိုင်စွမ်း" ရှိပြီး Meta ၏ "သတင်းဖြစ်လောက်မှု" နှင့် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်များကိုလည်း ကျင့်သုံးနိုင်သည်။ သို့ရာတွင် အကြောင်းအရာကို အကဲဖြတ်ရန် အစောပိုင်းတုံ့ပြန်ရေးအဖွဲ့သည် သက်ဆိုင်ရာ ဒေသအလိုက် ဈေးကွက်အဖွဲ့က ပံ့ပိုးပေးသည့် ဘာသာပြန်ဆိုချက်များနှင့် ဆက်စပ်အချက်အလက်များပေါ် အားထားရပြီး ဘာသာစကား သို့မဟုတ် ဒေသဆိုင်ရာ ကျွမ်းကျင်မှု မရှိပါ။
ဤအမှုရှိ Meta ၏ ဆုံးဖြတ်ချက်ကို ထောက်ဆလျှင် ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုအတွက် အလေးထားစိစစ်ရေး လုပ်ငန်းစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အကြောင်းအရာကို အကဲဖြတ်သည့်အခါတွင် – ပို့စ်၏ အကြောင်းအရာတစ်ခုလုံး၊ #SOSCuba ဟက်ရှ်တပ်ဂ်၊ သမိုင်းဝင် ဇူလိုင် ၂၀၂၁ ခုနှစ် ဆန္ဒပြပွဲများ၏ တစ်နှစ်ပြည့် နှစ်ပတ်လည် အချိန်ကာလဝန်းကျင်ရှိ ဖြစ်ရပ်များ၊ ပို့စ်ကို ဖြန့်ချိခဲ့သည့် အချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများက လူသိရှင်ကြား ရှုတ်ချသည့် ဖိနှိပ်ရေးလှုပ်ရှားမှု နှင့် အခြားအရာများထဲမှ ရဲတပ်ဖွဲ့ပါဝင်ပတ်သက်သော ဖြစ်ရပ်တစ်ခုတွင် ကျူးဘားနိုင်ငံသား လူငယ်တစ်ဦး သေဆုံးမှုကဲ့သို့ – သက်ဆိုင်ရာ ဆက်စပ်အချက်အလက်များအား လုံလောက်စွာ သုံးသပ်ခြင်းမပြုနိုင်ခဲ့သည်ကို ဘုတ်အဖွဲ့က စိုးရိမ်ပူပန်လျက်ရှိသည်။
တုံ့ပြန်သည့်အနေဖြင့် ဘုတ်အဖွဲ့သည် ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုဆိုင်ရာ မူဝါဒအကြံပေး သဘောထားအမြင်များ မှ "Meta ၏ လူ့အခွင့်အရေးတာဝန်များကို ဖြည့်ဆည်းရန် ရည်ရွယ်ထားသော ၎င်း၏ လုပ်ငန်းစဉ်က အဆင်မြင့်စိစစ်သုံးသပ်မှု၊ အထူးသဖြင့် ဆုံးဖြတ်ချက်ချသည့် အဆင့်များတွင် ဆက်စပ်အကြောင်းအရာနှင့် ဘာသာစကား ကျွမ်းကျင်မှုကို ပေါင်းစပ်ပုံအား ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်" Meta အား တိုက်တွန်းခဲ့သည့် အကြံပြုချက် နံပါတ် ၃ ကို ထပ်လောင်းပြောကြားသည်။ Meta သည် ဤအကြံပြုချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် သဘောတူခဲ့သည်။ Meta ၏ ၂၀၂၃ ခုနှစ် ပထမသုံးလပတ် နောက်ဆုံးရအချက်အလက်တွင် ကုမ္ပဏီအနေဖြင့် ၎င်းသည် ERSR အဆင့်တွင် ဆက်စပ်အကြောင်းအရာနှင့် ဘာသာစကား ကျွမ်းကျင်မှုကို ပေါင်းစပ်ရန် ပဏာမခြေလှမ်းအချို့ကို လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း ဆိုခဲ့သည်။ ဆက်စပ်အကြောင်းအရာနှင့် ဘာသာစကားကျွမ်းကျင်မှုသည် ဤနေရာတွင် ထည့်သွင်းစဉ်းစားခဲ့သော ပို့စ်နှင့်အလားတူသည့် နောင်လာမည့်အကြောင်းအရာများကို ဖယ်ရှားမခံရစေရန် ကူညီတားဆီးပေးနိုင်မည်ဟု ဘုတ်အဖွဲ့က မျှော်လင့်သည်။
၈.၂ Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်များကို လိုက်နာခြင်း
ဤအမှုရှိ အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ဆုံးဖြတ်ချက်သည် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်များနှင့် တစ်သမတ်တည်း ကိုက်ညီမှုမရှိခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိရသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (အပိုဒ် ၁၉ ICCPR)
ICCPR ၏ အပိုဒ် ၁၉ တွင် နိုင်ငံရေး၊ ပြည်သူ့ရေးရာနှင့် လူ့အခွင့်အရေးအကြောင်း အပါအဝင် ထုတ်ဖော်ပြောဆိုမှုကို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးထားပြီး လူမှုရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအကြောင်း ထုတ်ဖော်ပြောဆိုမှုသည် ပိုမိုမြင့်မားသော ကာကွယ်မှုကို ရရှိသည် ( အထွေထွေ မှတ်ချက် နံပါတ် ၃၄၊ ပိုဒ်ခွဲ ၁၁-၁၂)။ ICCPR ၏ အပိုဒ် ၂၁ သည် လွတ်လွတ်လပ်လပ် ငြိမ်းချမ်းစွာစုဝေးခွင့်ကို ကာကွယ်ပေးထားပြီး နိုင်ငံရေးဆိုင်ရာ အမှာစကားကို ထုတ်ဖော်ပြောကြားသည့် စုဝေးပွဲများအတွက် ပိုမိုမြင့်မားသော ကာကွယ်မှုကို ပေးထားသည် ( အထွေထွေမှတ်ချက် နံပါတ် ၃၇၊ ပိုဒ်ခွဲ ၃၂ နှင့် ၄၉)။ ကျူးဘားတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်အပေါ် အလွန်ပြင်းထန်သော ကန့်သတ်ချက်များ ချမှတ်ထားသောကြောင့် အထူးသဖြင့် ဆန္ဒပြမှုရှိနေသည့် အချိန်ကာလများတွင် Meta အနေဖြင့် အဆိုပါအခွင့်အရေးများကို အလေးထားရန် အထူးအရေးကြီးပါသည် (ကိုလံဘီယာ ဆန္ဒပြပွဲများ ဆုံးဖြတ်ချက်၊ အီရန်နိုင်ငံ ကန့်ကွက်ဆန္ဒပြခြင်း ဆောင်ပုဒ် ဆုံးဖြတ်ချက်၊ အထွေထွေမှတ်ချက် နံပါတ် ၃၇၊ ပိုဒ်ခွဲ ၃၁)။ အပိုဒ် ၂၁ သည် အွန်လိုင်းတွင် ဖြစ်ပွားသည့် ဆက်စပ်လှုပ်ရှားဆောင်ရွက်မှုများအထိ ကာကွယ်ပေးသည် (Ibid.၊ ပိုဒ်ခွဲ ၆ နှင့် ၃၄)။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက်ကိုယ်စားလှယ် (UNSR) က ဦးစားပေးဖော်ပြထားသည့်အတိုင်း "အင်တာနက်သည် အမျိုးသမီး အခွင့်အရေးများအတွက် တိုက်ပွဲဝင်ရာတွင် စစ်မြေပြင်အသစ်ဖြစ်လာပြီး အမျိုးသမီးများအတွက် မိမိကိုယ်ကို ထုတ်ဖော်ပြောဆိုရန် အခွင့်အလမ်းများကို မြှင့်တင်ပေးသည်" ( က/၇၆/၂၅၈ ပိုဒ်ခွဲ ၄)။
ဤအမှုရှိ အငြင်းပွားနေသော ထုတ်ဖော်ပြောဆိုမှုသည် "ပိုမိုမြင့်မားသော ကာကွယ်ပေးမှု" ကို ရရှိထိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ၂၀၂၁ ဇူလိုင်လက ကျူးဘားတွင် သမိုင်းဝင် ဆန္ဒပြပွဲများဖြစ်ပွားပြီးနောက် တစ်နှစ်နီးပါးအကြာ အရေးပါသော နိုင်ငံရေးလှုပ်ရှားမှုတစ်ခုတွင် ထွက်ပေါ်လာခဲ့သည့် ဖိနှိပ်ခံရသူများ၏အခွင့်အရေးများကို ကာကွယ်ရန် ဆန္ဒပြမှုအတွက် အမျိုးသမီးတစ်ဦး၏ တိုက်တွန်းချက်ပါဝင်သောကြောင့်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ဆန္ဒပြပွဲများဖြစ်ပွားပြီး တစ်နှစ်တာအတွင်း သဘာထားကွဲလွဲမှုဆိုင်ရာ ထုတ်ဖော်ပြောဆိုချက်များအပေါ် ကျူးဘားအာဏာပိုင်များက ၎င်းတို့၏ ဥပဒေအရနှင့် ကိုယ်ထိလက်ရောက် အင်အားသုံးဖြိုခွဲမှုများကို အရှိန်မြှင့်ခဲ့သောကြောင့် ကျူးဘားအစိုးရအပေါ် လူထု၏ အမျက်ဒေါသနှင့် ဝေဖန်မှုတို့ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ကျွမ်းကျင်သူများ၏ အဆိုအရ ပြည်တွင်းဖြစ်ရပ်များ (ဤအမှုတွင် ကျူးဘားနိုင်ငံသား ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံးမှုကဲ့သို့) ကို တုံ့ပြန်ရာတွင် အဆိုပါစိတ်ခံစားချက်များက အသေးစားဆန္ဒပြမှုများအဖြစ် ပေါ်ထွက်လာနိုင်သော်လည်း အင်တာနက်ချိတ်ဆက်နိုင်စွမ်း (သို့သော်ငြားလည်း မြင့်မားသော ကုန်ကျစရိတ်များနှင့် အရေးကြီးသော အခြေခံဖွဲ့စည်းပုံကွန်ရက်ကို နိုင်ငံတော်က ထိန်းချုပ်ထားခြင်းဖြင့် ကန့်သတ်ထားသည်) နှင့်အတူ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် အခြေခံလွတ်လပ်မှုများနှင့်ပတ်သက်၍ နိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုများ ဆက်လက်တည်ရှိခြင်းသည် ဆန္ဒပြပွဲများမှာ "ကြာရှည်" မည်ဟု ရှင်းလင်းစေခဲ့သည်။
ပြည်နယ်တစ်ခုက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များကို ချမှတ်သည့်အခါ ၎င်းတို့သည် တရားဥပဒေနှင့်ညီညွတ်မှု၊ တရားဝင် ရည်ရွယ်ချက်၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် (အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃၊ ICCPR)။ ဤသတ်မှတ်ချက်များကို "အပိုင်းသုံးပိုင်းခွဲ စမ်းသပ်မှု" အဖြစ် ရည်ညွှန်းလေ့ရှိသည်။ ဘုတ်အဖွဲ့သည် စိစစ်သုံးသပ်နေဆဲ သီးခြားအကြောင်းအရာအလိုက် ဆုံးဖြတ်ချက်နှင့် အကြောင်းအရာထိန်းချုပ်မှုအပေါ် Meta ၏ ပိုမိုကျယ်ပြန့်သော ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ၎င်းပြောထားသည့်အရာ နှစ်ခုစလုံးနှင့်ဆက်စပ်၍ Meta ၏ ဆန္ဒအလျောက်ပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို အဓိပ္ပာယ်ကောက်ယူရန် ဤမူဘောင်ကို အသုံးပြုသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ UNSR က ပြောထားသည့်အတိုင်းပင် “ကုမ္ပဏီများတွင် အစိုးရတာဝန်ဝတ္တရားများ မရှိကြသော်လည်း ၎င်းတို့အသုံးပြုသူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ခြင်းနှင့် ပတ်သက်၍ အလားတူမေးခွန်းများကို ဆန်းစစ်ရန် လိုအပ်သည့် ကိစ္စမျိုးတွင် ၎င်းတို့အပေါ် သက်ရောက်မှုရှိပါသည်” (က/၇၄/၄၈၆၊ အပိုဒ် ၄၁)။
၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် စည်းမျဉ်းများသည် ရှင်းလင်း၍ အများနားလည်ရ လွယ်ကူရမည်ဖြစ်ကြောင်း တရားဥပဒေနှင့်ညီညွတ်မှုဆိုင်ရာ အခြေခံမူတွင် သတ်မှတ်ထားသည် (အထွေထွေမှတ်ချက် အမှတ် ၃၄၊ ပိုဒ်ခွဲ ၂၅)။ အဆိုပါစည်းမျဉ်းများသည် “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်းအတွက် [၎င်းတို့ကို] အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသူများအား စည်းကမ်းမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပေးအပ်၍မရနိုင်ပါ" ဟု လူ့အခွင့်အရေးကော်မတီက ထပ်လောင်းမှတ်ချက်ပြုထားသည် (Ibid.)။ အွန်လိုင်းရှိပြောဆိုမှုများနှင့်ဆက်စပ်သော အကြောင်းအရာတွင် စည်းမျဉ်းများသည် ရှင်းလင်းပြီး တိကျသင့်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ UNSR က ဆိုခဲ့သည် ( က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၆)။ Meta ၏ ပလက်ဖောင်းများကို အသုံးပြုနေသူများသည် စည်းမျဉ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး နားလည်နိုင်သင့်ကာ အကြောင်းအရာ စိစစ်သုံးသပ်သူများတွင် ၎င်းတို့၏ စည်းကမ်းထိန်းသိမ်းမှုအတွက် ရှင်းလင်းသော လမ်းညွှန်ချက် ရှိသင့်သည်။
Meta ၏ အမုန်းစကား မူဝါဒသည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ် အခြေခံ၍ လူအုပ်စုများအား တိုက်ခိုက်သော အကြောင်းအရာကို တားမြစ်သည်။ "ပြင်းထန်ကြမ်းတမ်းသော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေသော စကား၊ ထိခိုက်စေသော ရှေးရိုးစွဲသတ်မှတ်ချက်များ၊ နှိမ့်ချ ဖော်ပြချက်များ၊ အထင်သေးသော ဖော်ပြမှုများ၊ စက်ဆုပ်ရွံရှာမှု သို့မဟုတ် မတန်သလိုဆက်ဆံမှုများ၊ ဆဲရေးတိုင်းထွာမှုများနှင့် ဖယ်ထုတ်ရန် သို့မဟုတ် ခွဲခြားရန်အတွက် တောင်းဆိုမှုများ" ကို တိုက်ခိုက်မှုအဖြစ် Meta က သတ်မှတ်ထားပါသည်။ လူ့ဂုဏ်သိက္ခာကို ကင်းမဲ့စေသော စကားတွင် ယဉ်ကျေးမှုအရ နိမ့်ကျသည်ဟု မှတ်ယူထားသော တိရစ္ဆာန်များနှင့် သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍ နှိုင်းယှဉ်ချက်များ၊ ခြုံငုံ၍ ကောက်ချက်ချခြင်းများ သို့မဟုတ် လက်ခံခွင့်ပြု၍မရနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်များ ပါဝင်သည်။ သို့ရာတွင် ထိုမူဝါဒတစ်ခုတည်းကပင် လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်များကို ခွင့်ပြုသည်။ ဤအမှုရှိ Meta ၏ စည်းကမ်းထိန်းသိမ်းမှု အမှားက လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်တစ်ခုကို ပြုလုပ်ခဲ့သည့်အချိန်အား စိစစ်သုံးသပ်သူများအနေဖြင့် တိကျစွာဆုံးဖြတ်ရန်အတွက် မူဝါဒ၏ အသုံးအနှုန်းနှင့် အကြောင်းအရာ စိစစ်သုံးသပ်သူများကို ပေးထားသည့် ကုမ္ပဏီတွင်း လမ်းညွှန်ချက်သည် လုံလောက်စွာရှင်းလင်းမှု မရှိကြောင်း ပြသသည်။
Meta ၏ အဆိုအရ လက်ခံခွင့်ပြုနိုင်ခြင်းမရှိသော အပြုအမူဆိုင်ရာ ပြောဆိုချက်များဆိုသည်မှာ "အပြုအမူတစ်ခုသည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ခုဖြင့် သတ်မှတ်ထားသော လူအားလုံး သို့မဟုတ် အများစုတွင် ရှိသည်ဟု အတိအကျ သတ်မှတ်ယူဆခြင်းမျိုးဖြစ်သည်။" ပြောဆိုချက်က တိကျသော သမိုင်းဆိုင်ရာ ဖြစ်ရပ်တစ်ခုကို ဆွေးနွေးသည့်အခါ (ဥပမာ- ကိန်းဂဏန်းအချက်အလက် သို့မဟုတ် ပုံစံများကို ကိုးကားခြင်းဖြင့်) နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူအုပ်စုများနှင့်ပတ်သက်၍ လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်များကို ကုမ္ပဏီအနေဖြင့် ခွင့်ပြုကြောင်း Meta က ထပ်လောင်းရှင်းပြခဲ့သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အမှုတွင် "ဆက်စပ်အကြောင်းအရာကို ဂရုတစိုက်ဖတ်ရှုခြင်းအား ထည့်သွင်းစဉ်းစားခြင်းမရှိလျှင် လက်ခံခွင့်ပြုနိုင်သောနှင့် လက်ခံခွင့်ပြု၍မရနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်များအကြား ခွဲခြားသိရှိရန် အကြောင်းအရာပမာဏများစွာ စိစစ်သုံးသပ်သူများအတွက် ခက်ခဲနိုင်သည်" ဟု Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ သို့ရာတွင် လက်ရှိမူကြမ်း ရေးဆွဲထားသည့်အတိုင်း စိစစ်သုံးသပ်သူများအတွက် လမ်းညွှန်ချက်သည် လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်တစ်ခု ပါဝင်သည့် အကြောင်းအရာသီးသန့်အတွင်း ရှင်းလင်းသော အရိပ်အမြွက်များ ရှိနေသည့်အခါတွင်ပင် ဆက်စပ်အကြောင်းအရာအပေါ် လုံလောက်သော လေ့လာဆန်းစစ်မှု ပြုလုပ်နိုင်စွမ်းကို သိသိသာသာ ကန့်သတ်သည်။ စင်စစ်အားဖြင့် ရည်ရွယ်ချက်ကို အတိုင်းအတာတစ်ခုဖြင့် ဆုံးဖြတ်ရန် ခက်ခဲသောကြောင့် ပြောဆိုချက်ကို လက်ခံခွင့်ပြုနိုင်သည် သို့မဟုတ် လက်ခံခွင့်ပြု၍မရနိုင်ပါဟု အသုံးပြုသူက ရှင်းလင်းအောင် ဖော်ပြထားခြင်းမရှိသည့်အခါ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူအုပ်စုများနှင့်ပတ်သက်၍ အပြုအမူဆိုင်ရာ ပြောဆိုချက်များကို ပုံသေဖယ်ရှားရန် ၎င်း၏ ကုမ္ပဏီတွင်းလမ်းညွှန်ချက်များက စိစစ်သုံးသပ်သူများအား ညွှန်ကြားကြောင်း Meta က ဆိုခဲ့သည်။
လက်ရှိအမှုတွင် တစ်ခုလုံးခြုံငုံဖတ်ရှုသည့်အခါ ပို့စ်သည် ၂၀၂၁ သမိုင်းဝင် ကျူးဘားဆန္ဒပြပွဲများနှင့် ၎င်းနောက် ၂၀၂၂ တွင် ဖြစ်ပွားခဲ့သည့် ဖိနှိပ်ရေးလှုပ်ရှားမှုနှင့်ဆက်စပ်သည့် တိကျသော ဆက်စပ်အကြောင်းအရာတွင် ကျူးဘားအမျိုးသားများ၏ အပြုအမူကို ဗီဒီယိုထဲရှိ အမျိုးသမီးက ရည်ညွှန်းသည့်အခါ သူမ၏ ဆန်းစစ်ဝေဖန်သော သဘောထားကို ရှင်းရှင်းလင်းလင်း ထင်ဟပ်စေသည်။ #SOSCuba ဟက်ရှ်တပ်ဂ်နှင့် ဖြန့်ချိချိန်တွင် လူအများသိရှိထားသည့် ဖြစ်ရပ်များအပါအဝင် အကြောင်းအရာတစ်ခုလုံးက ပို့စ်သည် အမှန်တကယ်အားဖြင့် ဗီဒီယိုထဲရှိ အမျိုးသမီးက ပုံစံတစ်ခုအဖြစ် သူနားလည်သည့်အရာကို ကိုးကားခြင်းဖြင့် သီးခြား သမိုင်းဆိုင်ရာနှင့် ပဋိပက္ခ ဖြစ်ရပ်များကို ဆွေးနွေးသော ပြောဆိုချက်တစ်ခု ဖြစ်ခဲ့ကြောင်း ရှင်းလင်းစေသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆုံးဖြတ်ချက်နှင့် Knin ကာတွန်း ဆုံးဖြတ်ချက်တို့တွင် ဆွေးနွေးထားသည့်အတိုင်း Meta ၏ မူဝါဒများကို တိကျစွာ ကျင့်သုံးရန်အတွက် ဆက်စပ်အကြောင်းအရာဆိုင်ရာ အရိပ်အမြွက်များကို ထည့်သွင်းစဉ်းစားရန် အကြောင်းအရာ စိစစ်သုံးသပ်သူများတွင် လုံလောက်သော အခွင့်အရေးများနှင့် အားထားစရာရင်းမြစ်များ ရှိသင့်သည်။ လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်များကို မှားယွင်းစွာ မဖယ်ရှားကြောင်း သေချာစေရန် မူဝါဒပါအသုံးအနှုန်းနှင့် အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက် ကုမ္ပဏီတွင်း လမ်းညွှန်ချက်များက လုံလောက်စွာ ရှင်းလင်းမှု မရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ကုမ္ပဏီ၏ ရှုပ်ထွေးစေသော သို့မဟုတ် ရှေ့နောက်မညီသည်အထိ ဖြစ်စေသော လမ်းညွှန်ချက်က ယုံကြည်စိတ်ချရသော၊ တစ်သမတ်တည်းဖြစ်၍ တွက်ဆ၍ရနိုင်သော ကောက်ချက်တစ်ခု ချမှတ်ရန် စိစစ်သုံးသပ်သူများအတွက် ခက်ခဲစေသည်။ "လက်ခံခွင့်ပြုနိုင်မှုနှင့် စပ်လျဉ်းသည့် စည်းမျဉ်းများကို အထူးဂရုပြုပြီး ၎င်း၏ အကြောင်းအရာများစွာ စိစစ်သူများအတွက် လမ်းညွှန်ချက်ကို အပ်ဒိတ်လုပ်ပေးရန်" Meta အား တိုက်တွန်းခဲ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆုံးဖြတ်ချက်မှ အကြံပြုချက် နံပါတ် ၂ ကို ဘုတ်အဖွဲ့က ထပ်လောင်းပြောကြားသည်။
၂။ တရားဝင် ရည်ရွယ်ချက်
ထုတ်ဖော်ပြောဆိုခွင့်အပေါ် ချမှတ်ထားသော မည်သည့်ကန့်သတ်မှုမဆိုသည် "အခြားသူများ၏ အခွင့်အရေးများ" ပါဝင်သည့် ICCPR တွင် ဖော်ပြထားသော တရားဝင်ရည်ရွယ်ချက်များထဲမှ တစ်ခုကို လက်ကိုင်ပြုသင့်သည်။ ဆုံးဖြတ်ချက်များစွာတွင် လူများကို အမုန်းစကားကြောင့်ဖြစ်ပွားသော ထိခိုက်မှုမှ ကာကွယ်ပေးရန် ရည်ရွယ်သော Meta ၏ အမုန်းစကား မူဝါဒတွင် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေစံနှုန်းများက အသိအမှတ်ပြုသည့် တရားဝင် ရည်ရွယ်ချက်တစ်ခု ရှိသည်ဟု ဘုတ်အဖွဲ့က တွေ့ရှိခဲ့သည် (ဥပမာအားဖြင့် Knin ကာတွန်း ဆုံးဖြတ်ချက်ကို ကြည့်ပါ)။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
လိုအပ်မှုနှင့် အချိုးကျမျှတမှု အခြေခံမူတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်ချက်မဆိုသည် "၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည်။ ၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည့် ဆောင်ရွက်ချက်များအနက် စွက်ဖက်မှု အနည်းဆုံး ဆောင်ရွက်ချက်လည်း ဖြစ်ရမည့်" အပြင် "အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်" ဟု သတ်မှတ်ပြဋ္ဌာန်းသည် ( အထွေထွေမှတ်ချက်နံပါတ် ၃၄၊ ပိုဒ်ခွဲ ၃၄)။ ဤအမှုရှိ အကြောင်းအရာသည် အမုန်းစကား မဟုတ်သဖြင့် ၎င်းသည် Instagram ပေါ်တွင် ဆက်ရှိသင့်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသော်လည်း တိရစ္ဆာန်များနှင့် နှိုင်းယှဉ်ချက်များ ပါဝင်သည့် အမုန်းစကားကို စိစစ်ရာတွင် ကြုံရသည့် အခက်အခဲများကို ဘုတ်အဖွဲ့က လျစ်လျူရှုခြင်း မရှိပါ (Knin ကာတွန်း ဆုံးဖြတ်ချက်ကို ကြည့်ပါ)။ လူမှုကွန်ရက်တွင် "အမုန်းပွားသော ထုတ်ဖော်ပြောဆိုမှုကို ကိုင်တွယ်ဖြေရှင်းခြင်း၏ အတိုင်းအတာနှင့် ရှုပ်ထွေးမှုတွင် ရေရှည် စိန်ခေါ်မှုများ ရှိသည်" ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ UNSR က မှတ်ချက်ပြုခဲ့သည် (က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၂၈)။ ဘုတ်အဖွဲ့သည် အထူးသတင်းထောက်ကိုယ်စားလှယ်၏ လမ်းညွှန်ချက်ပေါ် အမှီပြု၍ ဤကန့်သတ်ချက်များသည် ယေဘုယျအားဖြင့် အစိုးရ၏ လူ့အခွင့်အရေး တာဝန်များနှင့် တစ်သမတ်တည်း မဖြစ်သော်လည်း (အထူးသဖြင့် ရာဇဝတ်မှု သို့မဟုတ် တရားမမှု ပြစ်ဒဏ်များဖြင့် စည်းကမ်းထိန်းသိမ်းလျှင်) ပြောဆိုမှုအပေါ် ကန့်သတ်ခြင်း၏ လိုအပ်မှုနှင့် အချိုးကျမျှတမှုကို လက်တွေ့ပြခြင်းရှိ၊ မရှိ Meta အနေဖြင့် အဆိုပါပြောဆိုမှုအပေါ် စိစစ်နိုင်သည်ဟု ယခင်က ရှင်းပြခဲ့ပါသည် (တောင်အာဖရိက စွပ်စွဲပြောဆိုချက်များ ဆုံးဖြတ်ချက်ကို ကြည့်ပါ)။ ကုမ္ပဏီစည်းမျဉ်းများနှင့် နိုင်ငံတကာစံနှုန်းများအကြား ကွဲလွဲမှုများ ရှိခဲ့လျှင် အထူးသတင်းထောက်ကိုယ်စားလှယ်က လူမှုကွန်ရက် ကုမ္ပဏီများအား "ကွဲလွဲမှုကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောသည့်နည်းလမ်းဖြင့် မူဝါဒ ကွဲပြားမှုအတွက် ကျိုးကြောင်းသင့်သော ရှင်းလင်းချက်ကို ကြိုတင်ပေးအပ်ရန်" တိုက်တွန်းထားသည် (က/၇၄/၄၈၆၊ ပိုဒ်ခွဲ ၄၈)။
ကဏ္ဍ ၈.၁ တွင် ယခင်က ဖော်ပြထားသည့်အတိုင်း Meta ၏ အမုန်းစကား မူဝါဒတွင် ခြွင်းချက်များစွာ ပါရှိသည်။ ၎င်းတို့ထဲမှတစ်ခုသည် အတိအကျအားဖြင့် ဤအမှု၌ အငြင်းပွားနေသည့်- လက်ခံခွင့်ပြုနိုင်သော အပြုအမူဆိုင်ရာ ပြောဆိုချက်များပင် ဖြစ်သည်။
မည်သည့်ခြွင်းချက်မျှ မသက်ရောက်ခဲ့ဘဲ အကြောင်းအရာကို ဖယ်ရှားခဲ့ကြောင်း Meta က နားလည်ခဲ့သည်။ သို့ရာတွင် အကြောင်းအရာကို အလွန်အကျွံ တိုက်ရိုက်ဖတ်ရှုခြင်းကို အသုံးချခြင်းဖြင့် Meta သည် အရေးကြီးသော ဆက်စပ်အကြောင်းအရာကို ကျော်ကြည့်ခဲ့ပြီး ၎င်း၏ကိုယ်ပိုင်မူဝါဒမှ သက်ဆိုင်ရာ သီးခြားအပိုင်းကို လျစ်လျူရှုခဲ့ကာ အမုန်းစကားမူဝါဒ၏ တရားဝင်ရည်ရွယ်ချက်ကို အောင်မြင်စေရန် မလိုအပ်ခဲ့သော၊ အချိုးကျမျှတမှုမရှိခဲ့သော ဆုံးဖြတ်ချက်တစ်ခုကို လက်ခံခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိခဲ့သည်။
ဤအမှုတွင် ဘုတ်အဖွဲ့သည် ၎င်း၏ လေ့လာဆန်းစစ်ချက်၌ ရာဘတ်အစီအစဉ် (OHCHR၊ က/HRC/၂၂/၁၇/ဖြည့်စွက်ချက် ၄၊ ၂၀၁၃ ) ရှိ အချက်အလက်များကို သုံးသပ်ခဲ့ပြီး ပြည်နယ်များ၏ နိုင်ငံတကာ ဥပဒေဆိုင်ရာ ဝတ္တရားများနှင့် လူမှုကွန်ရက် ကုမ္ပဏီတစ်ခုအနေဖြင့် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်များအကြား ကွဲပြားချက်များကို ထည့်သွင်းစဉ်းစားခဲ့သည်။ ၎င်း၏ လေ့လာဆန်းစစ်ချက်တွင် ဘုတ်အဖွဲ့သည် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆက်စပ်အကြောင်းအရာ၊ စာရေးသူ၊ အကြောင်းအရာသီးသန့်နှင့် ပြောဆိုမှုပုံစံကို အာရုံစိုက်ခဲ့သည်။
ဤဆုံးဖြတ်ချက်တွင် ယခင်က ဖော်ပြထားသည့်အတိုင်း၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သည့် ကျူးဘားရှိ သမိုင်းဝင် ဆန္ဒပြပွဲများမှ ဖြစ်ပေါ်လာသည့် ပြင်းထန်သော ဖိနှိပ်ရေးလှုပ်ရှားမှုတစ်ခုအဖြစ် လက္ခဏာဆောင်သည့် မြင့်တက်လာသော လူမှုရေးတင်းမာမှုနှင့် ဆက်စပ်သည့် အခြေအနေတွင် ပို့စ်ကို ဖြန့်ဝေခဲ့သည်။ ရဲတပ်ဖွဲ့ပါဝင်ပတ်သက်သော ဖြစ်ရပ်တစ်ခုတွင် ကျူးဘားလူငယ်တစ်ဦး၏ သေဆုံးမှုသည် ဤအမှုပါအကြောင်းအရာရှိ တိုက်တွန်းချက်ကဲ့သို့ အစိုးရအားဆန္ဒပြရန် တိုက်တွန်းနှိုးဆော်ချက်များကို ဖြစ်ပေါ်စေခဲ့သောကြောင့် ယင်းဖြစ်ရပ်ကိုလည်း သက်ဆိုင်ရာ ဆက်စပ်အကြောင်းအရာအဖြစ် ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ပို့စ်ထဲတွင် အမျိုးသမီးတစ်ဦးက ဆန္ဒပြပွဲများအတွင်း ကျူးဘားအမျိုးသားများ ပြုမူခဲ့ပုံအပေါ် သူ့အမြင်နှင့်ပတ်သက်သည့် ပြောဆိုချက်တစ်ခုကို ထုတ်ပြန်ပြီး "ကျွန်မတို့သားတွေ" ၏ အသက်ကို ကာကွယ်ရန်အတွက် လမ်းပေါ်ထွက်ရန် အမျိုးသမီးများကို တိုက်တွန်းသည်။ ပို့စ်တွင် ဆန္ဒပြပွဲများကို အတိအလင်း ကိုးကားချက်များနှင့် #SOSCuba ဟက်ရှ်တပ်ဂ် ပါဝင်သည်။ ပို့စ်တစ်ခုလုံးနှင့် ၎င်းကို ဖြန့်ချိခဲ့သည့် ဆက်စပ်အကြောင်းအရာအပေါ် ဘာသာစကားဆိုင်ရာ လေ့လာဆန်းစစ်မှုသည် ၎င်း၏ အဓိပ္ပာယ်နှင့် အတိုင်းအတာနှင့်စပ်လျဉ်း၍ သံသယဖြစ်စရာ မလိုတော့ပါ။ ပို့စ်သည် အမျိုးသားအားလုံးနှင့် အမျိုးသားအများစုအတွက် အပြုအမူတစ်ခုကို မှတ်ယူတွက်ချက်ထားခြင်းမဟုတ်ပါ။ ထို့အပြင် ၎င်းသည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူတစ်စုထဲမှ ပုဂ္ဂိုလ်အားလုံး သို့မဟုတ် အများစုကို ဂုဏ်သိက္ခာကျဆင်းစေသော အဓိပ္ပာယ်မသက်ရောက်ပါ သို့မဟုတ် ထိုသို့ဂုဏ်သိက္ခာကျဆင်းစေခြင်းမရှိပါ။ ပို့စ်သည် အမျိုးသားများအပေါ် အကြမ်းဖက်မှုကိုလည်း မဖြစ်ပေါ်စေသလို အမျိုးသားများကို လူထုအပြန်အလှန်စကားဝိုင်းများမှလည်း ချန်လှပ်ခြင်းမရှိပါ။ တခြားတစ်ဖက်မှ ပြောရလျှင် မြင့်မားသော လူမှုရေးတင်းမာမှုအကြားတွင် ကျူးဘားအမျိုးသားများက ၎င်းတို့၏ တာဝန်များအတိုင်း မဆောင်ရွက်ခဲ့ကြောင်း ပြောခြင်းဖြင့် ကျူးဘားအမျိုးသားများအား ဆန္ဒပြပွဲများတွင် ပါဝင်အောင် တိုက်တွန်းရန် ပြင်းထန်သော အသုံးအနှုန်းကို ပို့စ်ထဲတွင် မတတ်သာသည့်အဆုံး ကျင့်သုံးရခြင်းဖြစ်သည်။ သို့ရာတွင် အကြောင်းအရာသည် အန္တရာယ်တစ်ခုခုကို ဖြစ်လာစေခြင်း မရှိသော်လည်း ၎င်းကိုဖယ်ရှားလိုက်ခြင်းသည် ဗီဒီယိုထဲတွင် ဖော်ပြထားသည့် အမျိုးသမီးအပေါ်တွင်သာမက ၎င်းကို မျှဝေခဲ့သည့် အသုံးပြုသူအပေါ်နှင့် နောက်ဆုံးတွင် နိုင်ငံရေးဆိုင်ရာ ဝေဖန်ဆွေးနွေးမှုအပေါ်တွင်လည်း သိသာထင်ရှားသော ဆိုးကျိုးသက်ရောက်မှုရှိပါသည်။
စင်စစ်အားဖြင့် ပို့စ်ကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်သည် အင်တာနက် အသုံးပြုခွင့်နှင့် အစိုးရကို ဆန့်ကျင်၍ ထုတ်ဖော်ပြောခြင်း၏ အန္တရာယ်များအပါအဝင် ကျူးဘားတွင် ရှိသည့် အခက်အခဲများစွာကို ကျော်လွှားခဲ့သည့် ဗီဒီယိုထဲရှိ အမျိုးသမီးအပေါ် အချိုးကျမမျှတသော သက်ရောက်မှုတစ်ခု ရှိခဲ့နိုင်ပေသည်။ ထို့အပြင် ဖယ်ရှားမှုသည် ကျူးဘားတွင် ဖြစ်ပျက်နေသည့်အရာများနှင့်ပတ်သက်သော အချက်အလက်များကို ဖြန့်ဖြူးရန် အတားအဆီးများကို ကျော်လွှားခဲ့ရသည့် အသုံးပြုသူ – သတင်းပလက်ဖောင်း – အပေါ် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာစေနိုင်ဖွယ်ရှိသည်။ ပို့စ်ကို ဖယ်ရှားပြီးနောက် အသုံးပြုသူ၏ အကောင့်တွင် Meta ကျင့်သုံးခဲ့သည့် သတိပေးချက်သည် အခြေအနေကို ပိုမိုဆိုးရွားစေပြီး အကောင့်သည် ဆိုင်းငံ့ခံရနိုင်ဖွယ် ရှိခဲ့သည်။ နောက်ဆုံးတွင် ပို့စ်သည် အများပြည်သူ အကျိုးစီးပွားအတွက် ဖြစ်ပြီး စိတ်ပြင်းပြသော်လည်း အကြမ်းဖက်မှုကို မလှုံ့ဆော်သည့် ဆန္ဒပြပွဲအတွက် တိုက်တွန်းချက်တစ်ခု ပါရှိကြောင်းကိုလည်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ထို့ကြောင့် ပို့စ်ကိုဖယ်ရှားမှုသည် အပြင်းအထန် ကန့်သတ်ခံနေရပြီးဖြစ်သော နေရာတစ်ခုရှိ လူထုဝေဖန်ဆွေးနွေးမှုအပေါ်လည်း သက်ရောက်မှု ရှိသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ UNSR သည် အမုန်းစကားနှင့် စပ်လျဉ်း၍ "ဆက်စပ်စဉ်းစားရမည့် အခြေအနေကို အကဲဖြတ်သုံးသပ်ခြင်းသည် အချို့ကိစ္စရပ်များ၊ ဥပမာအားဖြင့် အကြောင်းအရာကို နိုင်ငံရေးစကားအဖြစ် ကာကွယ်ပေးထားသည့်အခါမျိုးတွင် ခြွင်းချက်ပြုလုပ်မည်ဟု ဆုံးဖြတ်ချက်ချစေနိုင်သည်” ဟု ဆိုခဲ့သည် (က/၇၄/၄၈၆၊ အပိုဒ်ခွဲ ၄၇(ဃ))။
ဤအခိုင်အမာပြောဆိုခြင်း၏ အရေးပါမှုကို ဘုတ်အဖွဲ့က ထပ်တလဲလဲ အတည်ပြုခဲ့သည်။ ကိုလံဘီယာ ဆန္ဒပြပွဲများ ဆုံးဖြတ်ချက်တွင် ဘုတ်အဖွဲ့သည် ဆန္ဒပြပွဲနှင့်ဆက်စပ်စဉ်းစားရမည့်အရာထဲမှ မိန်းမလျာဆန်သည်ဟု စွပ်စွဲပြောဆိုချက်တစ်ခု ပါရှိသည့် အကြောင်းအရာ၏ နိုင်ငံရေးဆိုင်ရာ ဆက်စပ်ပတ်သက်မှုနှင့် အများပြည်သူအတွက်အကျိုးရှိမှုကို အကဲဖြတ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲစိန်ခေါ်မှုများကို စစ်ဆေးခဲ့သည်။ "Meta ၏ လက်ရှိအနေအထားသည် သမိုင်းဝင်အခိုက်အတန့်တွင် အီရန်ရှိ နိုင်ငံရေးဆိုင်ရာထုတ်ဖော်ပြောဆိုမှုကို အလွန်အကျွံဖယ်ရှားခြင်းသို့ ဦးတည်နေပြီး လူ့အခွင့်အရေးအတွက် အန္တရာယ်များ လျော့ပါးသွားသည်ထက် ထိခိုက်နိုင်ခြေ ပိုများနိုင်ဖွယ်ရှိသည်" ဟု အီရန်နိုင်ငံ ကန့်ကွက်ဆန္ဒပြခြင်း ဆောင်ပုဒ် ဆုံးဖြတ်ချက်တွင် အသိအမှတ်ပြုခဲ့သည်။ နောက်ဆုံးတွင် ရုရှားရှိ နာဗာလ်နီကို ထောက်ခံသော ဆန္ဒပြပွဲများ ဆုံးဖြတ်ချက်တွင် အကြောင်းအရာထဲမှ ဆက်စပ်သည့်အချက်ပြများသာမက ပြင်ပဆက်စပ်အခြေအနေ၏ အရေးပါမှုကို ဘုတ်အဖွဲ့က ဤသို့ဆိုလျက် အတည်ပြုခဲ့ပါသည်- " လိုအပ်မှုနှင့် အချိုးကျမျှတမှုကို အကဲဖြတ်ရာတွင် ဆက်စပ်အကြောင်းအရာသည် အဓိကဖြစ်သည် . . . Facebook အနေဖြင့် ဇန်နဝါရီ ဆန္ဒပြပွဲများနှင့် ဆက်စပ်သည့် အကြောင်းအရာတွင် အပါအဝင် ယေဘုယျအားဖြင့် အတိအကျဆိုရသော် အတိုက်အခံများနှင့် ၎င်းတို့၏ ထောက်ခံသူများနှင့်ပတ်သက်၍ လုပ်ကြံသတင်း ဖြန့်သည့် ရုရှားရှိ အစိုးရစည်းရုံးလှုံ့ဆော်မှုများအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသော ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားခဲ့သင့်သည်" ဟူ၍ဖြစ်သည်။ အမှုသည် Meta ၏ အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းဆိုင်ရာ မူဝါဒနှင့် သက်ဆိုင်သော်လည်း "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသော ပတ်ဝန်းကျင်" နှင့် ဆန္ဒပြပွဲများအပေါ် လေ့လာစောင့်ကြည့်ချက်များအရ ဤအမှုတွင် အမုန်းစကားနှင့်လည်း သက်ဆိုင်ပါသည်။
ဘုတ်အဖွဲ့သည် ကျူးဘားရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် သိသာထင်ရှားသော ကန့်သတ်ချက်များအပြင် အစိုးရကို ဆန့်ကျင်ပြောဆိုခြင်းနှင့် ဒွန်တွဲလျက်ရှိသည့် ကိုယ်ထိလက်ရောက် အင်အားသုံးမှုနှင့် ဥပဒေဆိုင်ရာ အန္တရာယ်များကိုလည်း မှတ်ချက်ပြုသည် (ကဏ္ဍ ၂)။ ကျူးဘားရှိ ဒေတာနှင့် အင်တာနက်သုံးစွဲခ ကုန်ကျစရိတ်မြင့်မားခြင်းနှင့်အတူ အဆိုပါအန္တရာယ်များသည် နိုင်ငံတွင်းရှိ ကွဲလွဲဆန့်ကျင်နေသော သဘောထားများမှ ပါဝင်သည့်အကြောင်းအရာများကို စိစစ်ရာတွင် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်။ အများမြင်မှတ်ချက်တစ်ခု (PC-၁၃၀၁၇) သည် "သဘောထားကွဲလွဲမှုကို ဖော်ပြခြင်းနှင့် ဆန္ဒပြမှုများ စည်းရုံးခြင်းအတွက် ကန့်သတ်ခံထားရသော လမ်းကြောင်းများကို ကာကွယ်ခြင်း" ၏ အရေးပါမှုကို ဦးစားပေးဖော်ပြခဲ့သည်။
"လူမှုရေးဆိုင်ရာ ဆန္ဒပြမှုများနှင့် ဆက်စပ်သော အခြေအနေတွင် အစိုးရအရာရှိများက အမျိုးသမီးများအပေါ် နှိပ်ကွပ်မှု၊ နိုင်ငံရေး အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ပြုလုပ်ခဲ့သည်ဟု ကော်မရှင်အား သတင်းပေးခဲ့ပြီး အမျိုးသမီး လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများနှင့် ကာကွယ်သူများ ကိစ္စရပ်တွင် ပို၍ပင် ပြင်းထန်ကြောင်း သိရသည်" ဟု မှတ်ချက်ပြုသည့် IACHR ၏ ၂၀၂၂ အစီရင်ခံစာကို ဘုတ်အဖွဲ့က နောက်ဆုံးတွင် ထည့်သွင်းစဉ်းစားခဲ့သည် (IACHR၊ ၂၀၂၂ နှစ်စဉ်အစီရင်ခံစာ၊ ပိုဒ်ခွဲ ၁၆၆)။ ကျူးဘားအကြောင်း သီးခြားလွတ်လပ်သော မီဒီယာသတင်းပေးပို့ချက် တွင်လည်း ၂၀၂၁ ဇူလိုင်လ၏ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဆန္ဒပြပွဲများအား အစိုးရတုံ့ပြန်မှုများ၏ သက်ရောက်မှုကိုလည်း ဦးစားပေးဖော်ပြခဲ့ပြီး အရပ်သား လူမှုအဖွဲ့အစည်းအချို့က "ကျူးဘားအခြေအနေတွင် ကျား/မအခြေပြု အကြမ်းဖက်မှုကို ကျူးလွန်နေကြောင်း အပေါ်လွင်အထင်ရှားဆုံး ပြယုဒ်တစ်ခုမှာ အစိုးရပင်ဖြစ်ကြောင်းနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းရင်းများကြောင့် လွတ်လပ်ခွင့် ပိတ်ပင်ခံရထားသော အမျိုးသမီးများ၏ အပ်ဒိတ်စာရင်းဖြင့် အတိအလင်း ဖော်ပြခဲ့သည်" ဟု ဆိုခဲ့သည်။
နိုင်ငံရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုနှင့် ငြိမ်းချမ်းစွာ စုဝေးမှုကို ကြိုတင်ဟန့်တား၍ ဖိနှိပ်ထားသည့် သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် အကြမ်းဖက်ရန် ခြိမ်းခြောက်မှုဖြင့် တုံ့ပြန်သည့် ပထဝီဝင်တည်နေရာဆိုင်ရာ အခြေအနေများမှ ဆက်စပ်အကြောင်းအရာကို အကဲဖြတ်သည့်အခါ ပိုမိုဂရုစိုက်ရန် ဘုတ်အဖွဲ့က Meta အား တိုက်တွန်းသည်။ ကျူးဘားရှိ လူမှုကွန်ရက် ပလက်ဖောင်းများသည် ပြင်ပကမ္ဘာတွင် နိုင်ငံသားစည်းရုံးဆော်ဩမှုအတွက် အခြေခံ နိုင်ငံသားလွတ်လပ်မှုနှင့် အခွင့်အရေးများကို ကန့်သတ်ထားသည့် အာဏာပိုင်များကို ရင်ဆိုင်ရာတွင် အစိုးရဝေဖန်မှုနှင့် လူမှုရေးတက်ကြွလှုပ်ရှားမှုအတွက် အကန့်အသတ်ရှိသော်လည်း အရေးပါနေဆဲဖြစ်သည့် လမ်းကြောင်းတစ်ခုကို ပံ့ပိုးပေးသည်။
ကျူးဘားရှိ ၂၀၂၁ ဇူလိုင်လ ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ်အတွင်းနှင့် ထပ်မံ၍ ၂၀၂၁ နိုဝင်ဘာအတွက် စီစဉ်ထားသော လူထုအုံကြွဆန္ဒပြပွဲများအတွင်း အသုံးပြုသူများအတွက် အန္တရာယ်များကိုလျှော့ချရန် အဆင့်များစွာကို လုပ်ဆောင်ခဲ့ကြောင်း Meta က ပြောခဲ့သော်လည်း ၎င်းသည် အမှုအကြောင်းအရာကို တင်ခဲ့သည့်အချိန်တွင် အန္တရာယ်လျှော့ချရေး အစီအမံများကို ထုတ်ဖော်ပြောခြင်း မရှိခဲ့ပါ။ ဆန္ဒပြရန် တိုက်တွန်းချက်များက ဆန္ဒပြပွဲများကို အစိုးရအာဏာပိုင်များမှ အကြမ်းဖက်မှု သို့မဟုတ် အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများဖြင့် တုံ့ပြန်မည့် နေရာများတွင် ဖြစ်ပေါ်မည်ဟု မျှော်လင့်ရသည့်အခါ နောင်ဖြစ်ရပ်များအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် ထိုသို့သောတိုက်တွန်းချက်များကို ဆက်စပ်အကြောင်းအရာဆိုင်ရာ မသိမသာကွဲပြားချက်နှင့်အတူ တိတိကျကျ စိစစ်သုံးသပ်ပြီး စည်းကမ်းထိန်းသိမ်းကြောင်း သေချာစေရန် Meta အနေဖြင့် နိုင်ငံရေးဆိုင်ရာ ဆက်စပ်အကြောင်းအရာက ၎င်း၏ မူဝါဒနှင့် စည်းကမ်းထိန်းသိမ်းမှု ရွေးချယ်မှုများပေါ် လွှမ်းမိုးနိုင်ပုံကို ထည့်သွင်းစဉ်းစားနိုင်သည်။
ပိတ်ပင်ခံထားရသော အရပ်သားစုဝေးရာရပ်ဝန်းများမှ ရရှိလာသည့် အကြောင်းအရာများကို စိစစ်ခြင်းနှင့်ပတ်သက်၍ ဤစိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုတ်အဖွဲ့သည် ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုဆိုင်ရာ မူဝါဒအကြံပေး သဘောထားအမြင်များ မှ အကြံပြုချက် နံပါတ် ၁ နှင့် နံပါတ် ၈ ကို ထပ်လောင်းပြောကြားပြီး ကျူးဘားအခြေအနေနှင့် ဤနေရာတွင် လက်ခံစဉ်းစားသော အကြောင်းအရာနှင့် ၎င်းတို့၏ ဆက်စပ်ပတ်သက်မှုကို မှတ်ချက်ပြုသည်။ Meta ၏ လူ့အခွင့်အရေး တာဝန်များနှင့်အညီ ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်ရန်အတွက် စာရင်းအခြေပြု စည်းကမ်းထိန်းသိမ်းမှုလွန်ကဲခြင်း တားဆီးရေး ပရိုဂရမ်တစ်ခုကို ထားရှိရန် အကြံပြုချက် နံပါတ် ၁ တွင် Meta အား တိုက်တွန်းထားသည်။ စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်း တားဆီးရေး စာရင်းများသည် စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်း သို့မဟုတ် မချိုးဖောက်ဘဲနှင့် ချိုးဖောက်သည်ဟု မှားယွင်းဆုံးဖြတ်မှုများကို ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုသူများအား Meta ၏ မူဝါဒများကို ချိုးဖောက်ထားသည်ဟု အစက ခွဲခြားသတ်မှတ်ခံရသည့် ၎င်းတို့ ပို့စ်များကို လူကိုယ်တိုင် စိစစ်သုံးသပ်မှုအတွက် ထပ်ဆောင်းအခွင့်အရေးများ ပေးသည်။ Meta သည် ဒေသခံပါဝင်အကြံပြုချက်ကို အသုံးပြု၍ ထိုကဲ့သို့စာရင်းများကို ရေးသားပြုစုသင့်သည်ဟု အကြံပြုချက် နံပါတ် ၈ တွင် ဆိုထားသည်။ Meta သည် အကြံပြုချက်နှစ်ခုလုံးကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်ရန် သဘောတူထားပြီး လက်ရှိတွင် အကောင်အထည်ဖော်နေဆဲဖြစ်သည်။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ပို့စ်ကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
၁၀။ အကြံပြုချက်များ
အခြားအမှုများတွင် ထုတ်ပြန်ခဲ့သော ယခင်အကြံပြုချက်များနှင့် ဆက်စပ်ပတ်သက်မှုကို ထည့်သွင်းစဉ်းစား၍ ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ဤအမှုတွင် အကြံပြုချက်အသစ်များကို မထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ အကြောင်းအရာကို စိစစ်သုံးသပ်ပြီး ဖယ်ရှားခဲ့သည့် အချိန်တွင် အကြောင်းအရာ ဖန်တီးသူ၏ အကောင့်အား ပြန်လည်တိုက်ဆိုင်စစ်ဆေးမှု ပြုလုပ်ခဲ့သည့်အခြေအနေကို ဘုတ်အဖွဲ့က သိရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ ပြန်လည်တိုက်ဆိုင်စစ်ဆေးမှု စာရင်းများကို ပေါင်းစည်းခြင်းအတွက် လမ်းညွှန်ချက်ကို ဘုတ်အဖွဲ့က Meta အား ပံ့ပိုးပေးသည့် ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုဆိုင်ရာ မူဝါဒအကြံပေး သဘောထားအမြင်များ မှ အကြံပြုချက် နံပါတ် ၁ နှင့် နံပါတ် ၈ သည် ကျူးဘားရှိ အခြေအနေကို ထည့်သွင်းစဉ်းစားလျှင် ဤအမှုတွင် လွန်စွာအရေးကြီးသည်ဟု ဘုတ်အဖွဲ့က ဆက်လက်တွေ့ရှိခဲ့သည်။ အကြောင်းအရာစိစစ်သုံးသပ်မှုဆိုင်ရာ ထပ်ဆောင်းအဆင့်များမှ အကျိုးရရှိစေရန်အတွက် ဤအမှုရှိပြောဆိုမှုကဲ့သို့ တန်ဖိုးရှိသော နိုင်ငံရေးဆိုင်ရာ ပြောဆိုမှုကို မျှဝေသည့် အခြားအကောင့်များကို စာရင်းထဲတွင် ထည့်သွင်းစေရန် ထိုလမ်းညွှန်ချက်ကို Meta အနေဖြင့် အသေအချာ လိုက်နာသင့်ကြောင်း ဘုတ်အဖွဲ့က ယူဆသည်။ စာရင်းထဲတွင် ထည့်သွင်းထားပြီးသား အကောင့်များအတွက် ဘုတ်အဖွဲ့သည် စာရင်းထဲရှိ အကောင့်များအတွက် အဆင့်မြင့် အကြောင်းအရာ စိစစ်သုံးသပ်မှုကို ပိုမိုတိကျမှုရှိစေရန် ရည်ရွယ်သည့် ပြန်လည်တိုက်ဆိုင်စစ်ဆေးမှုဆိုင်ရာ မူဝါဒအကြံပေး သဘောထားအမြင်များ မှ အကြံပြုချက် နံပါတ် ၃ ၏ အရေးပါမှုကို ဦးစားပေးဖော်ပြသည်။ လူ့အခွင့်အရေး ရှုထောင့်မှနေ၍ – စာရင်းထဲတွင် ပါဝင်သင့်သည့် နောက်ထပ်အကောင့်များကို ထည့်သွင်းနိုင်စေရန် – အကြောင်းအရာစိစစ်သုံးသပ်မှုဆိုင်ရာ ထပ်ဆောင်းအဆင့်များနှင့် အကြောင်းအရာစိစစ်မှု ဆုံးဖြတ်ချက်များတွင် ဆက်စပ်အချက်အလက်ကို ပေါင်းစပ်နိုင်ခြေအတွက် အခွင့်အလမ်းပေးခြင်းက ဤအမှုတွင် ထည့်သွင်းစဉ်းစားခဲ့သည့် ရပ်ဝန်းကဲ့သို့ ပိတ်ပင်ခံထားရသည့် အရပ်သားစုဝေးရာရပ်ဝန်းများအတွက် အထူးအရေးကြီးပါသည်။
- Meta ၏ လူ့အခွင့်အရေး တာဝန်များနှင့်အညီ ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်ရန်အတွက် စာရင်းအခြေပြု စည်းကမ်းထိန်းသိမ်းမှုလွန်ကဲခြင်း တားဆီးရေး ပရိုဂရမ်တစ်ခုကို ထားရှိရန် အကြံပြုချက် နံပါတ် ၁ တွင် Meta အား တိုက်တွန်းခဲ့ပါသည်။ ဤစနစ်သည် လုပ်ငန်း၏ဦးစားပေးတစ်ခုအဖြစ် Meta က ရှုမြင်သည့် ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်သည့်စနစ်နှင့် ကွဲပြားရမည်ဖြစ်ပြီး Meta အနေဖြင့် အခြားသူများထဲမှ လူ့အခွင့်အရေး ကာကွယ်သူများက ပို့စ်တင်ထားသော အကြောင်းအရာကို ထပ်ဆောင်းစိစစ်သုံးသပ်မှုအဆင့်များ ပြုလုပ်ပေးကြောင်း သေချာစေရမည်။
- Meta သည် စည်းကမ်းထိန်းသိမ်းမှုလွန်ကဲခြင်း တားဆီးရေး စာရင်းများကို ရေးသားပြုစုရန် ဒေသခံပါဝင်အကြံပြုချက်များ၏ အကူအညီနှင့်အတူ အထူးဝန်ထမ်းများကို အသုံးပြုသင့်သည်ဟု အကြံပြုချက် နံပါတ် ၈ တွင် ဆိုထားသည်။
- Meta ၏ လူ့အခွင့်အရေး တာဝန်များကို ဖြည့်ဆည်းရန် ရည်ရွယ်ထားသော ၎င်း၏လုပ်ငန်းစဉ်က အဆင့်မြင့်စိစစ်သုံးသပ်မှု၊ အထူးသဖြင့် ဆုံးဖြတ်ချက်ချသည့် အဆင့်များတွင် ဆက်စပ်အကြောင်းအရာနှင့် ဘာသာစကား ကျွမ်းကျင်မှုကို ပေါင်းစပ်ပုံအား ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန် အကြံပြုချက် နံပါတ် ၃ တွင် Meta အား တိုက်တွန်းခဲ့သည်။
အကြောင်းအရာ စိစစ်ခြင်း ဆုံးဖြတ်ချက်များတွင် ဆက်စပ်အကြောင်းအရာကို သင့်လျော်စွာ ထည့်သွင်းစဉ်းစားပြီး မူဝါဒများသည် အသုံးပြုသူများအတွက်သာမက အကြောင်းအရာစိစစ်သုံးသပ်သူများအတွက်ပါလုံလောက်စွာ ရှင်းလင်းမှုရှိကြောင်း သေချာစေရန် ဤဆုံးဖြတ်ချက်နှင့် ယခင်ဆုံးဖြတ်ချက်များအသီးသီးတွင် Meta ကို ပေးခဲ့သည့် လမ်းညွှန်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ထပ်မံ၍ ထပ်လောင်းပြောကြားသည် ( အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆိုင်ရာ အမှုများ)။ ၎င်းတွင် ဤအမှုရှိ မှားယွင်းမှုကဲ့သို့ စည်းကမ်းထိန်းသိမ်းမှု အမှားများကို ဖြစ်ပေါ်စေနိုင်သည့် ရှင်းလင်းမှု မရှိခြင်း၊ ဟာကွက်များ သို့မဟုတ် ရှေ့နောက်မညီညွတ်မှုများကို ကုမ္ပဏီအနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရန် သင့်လျော်သည့်နေရာတွင် အကြောင်းအရာ စိစစ်သုံးသပ်သူများကို ပေးထားသည့် ကုမ္ပဏီတွင်း လမ်းညွှန်ချက်ကို အပ်ဒိတ်လုပ်ခြင်း ပါဝင်သည်။
- လက်ရှိလမ်းညွှန်ချက်ဖြင့် စိစစ်သူများက မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်၍မရနိုင်လုနီးပါး ဖြစ်စေသောကြောင့် လက်ခံခွင့်ပြုနိုင်မှုနှင့်စပ်လျဉ်းသည့် စည်းမျဉ်းများကို အထူးဂရုပြုပြီး ၎င်း၏ အကြောင်းအရာပမာဏများစွာ စိစစ်သူများအတွက် လမ်းညွှန်ချက်ကို အပ်ဒိတ်လုပ်ပေးရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အမှုများမှ အကြံပြုချက် နံပါတ် ၂ တွင် Meta အား တိုက်တွန်းခဲ့သည်။
*လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစု၏ သဘောတူညီမှုကို ရယူထားပါသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား သီးခြားလွတ်လပ်သော သုတေသနလေ့လာမှုတစ်ခုကို ပြုလုပ်စေခဲ့ပါသည်။ ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားပြီး တိုက်ကြီး ခြောက်တိုက်မှ လူမှုရေးသိပ္ပံပညာရှင်ပေါင်း ၅၀ ကျော်အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃,၂၀၀ ကျော် ပါဝင်သော အဖွဲ့ဖြစ်သည့် လွတ်လပ်သော သုတေသနအဖွဲ့အစည်းတစ်ခုက ဘုတ်အဖွဲ့ကို ကူညီပေးခဲ့သည်။ အများသူငှာဝင်ကြည့်နိုင်သည့် ရင်းမြစ်များကို သုံး၍ လူမှုကွန်ရက်အလားအလာများအပေါ် သုတေသနလုပ်ဆောင်မှုတွင် ပါဝင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Memetica ကလည်း လေ့လာဆန်းစစ်ချက်ကို ပံ့ပိုးခဲ့သည်။ ဘာသာစကားပေါင်း ၃၅၀ ကျော်ကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ကမ္ဘာတစ်လွှားရှိ မြို့ကြီးပေါင်း ၅,၀၀၀ ကျော်မှ အလုပ်လုပ်ပေးနေသည့် ကျွမ်းကျင်ပညာရှင်များကို ပိုင်ဆိုင်ထားသော Lionbridge Technologies, LLC က ဘာသာစကားပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ဆောင်မှုကို ပေးအပ်ခဲ့ပါသည်။