Overturned
ကမ္ဘောဒီးယား ဝန်ကြီးချုပ်
June 29, 2023
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သူ၏ နိုင်ငံရေး အတိုက်အခံများကို အကြမ်းဖက် ခြိမ်းခြောက်ခဲ့မှုအား ဖော်ပြထားသည့် Facebook ပေါ်မှ ဗီဒီယိုတစ်ခုကို ဆက်ထားခွင့်ပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချခဲ့သည်။
ဤဆုံးဖြတ်ချက်ကို ခမာဘာသာဖြင့်ဖတ်ရန် ဤနေရာကိုနှိပ်ပါ။
ដើម្បីអានសេចក្ដីសម្រេចនេះជាភាសាខ្មែរ សូមចុច នៅទីនេះ។
အမှု အနှစ်ချုပ်
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သူ၏ နိုင်ငံရေး အတိုက်အခံများကို အကြမ်းဖက် ခြိမ်းခြောက်ခဲ့မှုအား ဖော်ပြထားသည့် Facebook ပေါ်မှ ဗီဒီယိုတစ်ခုကို ဆက်ထားခွင့်ပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချခဲ့သည်။ ချိုးဖောက်မှု၏ ပြင်းထန်မှု၊ ဟွန်ဆန်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ပြီး နိုင်ငံရေး အတိုက်အခံများကို ခြိမ်းခြောက်သည့် သမိုင်းကြောင်းနှင့် ယင်းကဲ့သို့သော ခြိမ်းခြောက်မှုများကို ချဲ့ထွင်ရန်အတွက် ၎င်း၏ ဆိုရှယ်မီဒီယာကို ဗျူဟာကျကျ အသုံးပြုခြင်းကြောင့် ဘုတ်အဖွဲ့သည် Meta အား ဟွန်ဆန်၏ Facebook စာမျက်နှာနှင့် Instagram အကောင့်ကို ခြောက်လကြာ ချက်ချင်းဆိုင်းငံ့ရန် တောင်းဆိုထားသည်။
အမှု အကြောင်း
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ တရားဝင် Facebook စာမျက်နှာမှ တိုက်ရိုက်ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့သည်။
ဗီဒီယိုတွင် ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့် ခမာဘာသာဖြင့် ပြောသော တစ်နာရီ ၄၁ မိနစ်ကြာ မိန့်ခွန်းကို ပြသထားသည်။ မိန့်ခွန်းတွင် သူသည် သူ၏ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ၂၀၂၂ ခုနှစ်တွင် နိုင်ငံ၏ ဒေသတွင်း ရွေးကောက်ပွဲများ၌ မဲများ ခိုးယူခဲ့သည်ဟူသော စွပ်စွဲချက်များကို တုံ့ပြန်ပြောဆိုထားသည်။ သူသည် စွပ်စွဲမှုများပြုလုပ်ခဲ့သော သူ၏နိုင်ငံရေးအတိုက်အခံများကို “တရားစီရင်ရေးစနစ်” နှင့် “ဘေ့စ်ဘောတုတ်” အကြား ရွေးချယ်ခိုင်းပြီး ၎င်းတို့အနေဖြင့် တရားစီရင်ရေးစနစ်ကို ရွေးချယ်နိုင်သည်။ သို့မဟုတ်လျှင် သူက “CPP ပါတီဝင်တွေကို စုပြီး ခင်ဗျားတို့ကို ဆန္ဒပြပြီး ရိုက်ခိုင်းမယ်” ဟုပြောကြားခဲ့သည်။ သူသည် “လူမိုက်တွေကို [ခင်ဗျားတို့] အိမ်ပို့လိုက်မယ်” ဟုလည်း ပြောဆိုထားပြီး “သစ္စာဖောက်တစ်ယောက်ကို အထောက်အထားအခိုင်အလုံနဲ့ ညသန်းခေါင်မှာ ဖမ်းဆီးနိုင်တယ်” ဟုဆိုသည်။ သို့သော် မိန့်ခွန်း၏ နောက်ပိုင်းတွင် သူက “ကျွန်တော်တို့အနေနဲ့ လူတွေကို လှုံ့ဆော်ပြီး အင်အားသုံးဖို့ တိုက်တွန်းတာမျိုး မလုပ်ဘူး” ဟု ပြောသည်။ တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ဗီဒီယိုကို ဟွန်ဆန်၏ Facebook စာမျက်နှာပေါ်သို့ အလိုအလျောက် အပ်လုဒ်လုပ်ခဲ့ပြီး ၎င်းကို အကြိမ်ပေါင်း ၆၀၀,၀၀၀ ခန့် ကြည့်ရှုထားသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နှင့် ဇန်နဝါရီလ ၂၆ ရက်အကြားတွင် အသုံးပြုသူသုံးဦးက အဆိုပါဗီဒီယိုအား Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုအဖွဲ့အစည်းစံနှုန်းကို ချိုးဖောက်ခြင်းကြောင့် ငါးကြိမ် တိုင်ကြားခဲ့သည်။ ထိုစံနှုန်းအရ “အကြမ်းဖက်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ကို ဖော်ပြမှုများ” အပါအဝင် “အသက်သေဆုံးစေနိုင်သည့် ခြိမ်းခြောက်မှုများ” (ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှု) နှင့် “ပြင်းထန်သည့် ထိခိုက်ဒဏ်ရာဖြစ်ပေါ်စေနိုင်သည့် ခြိမ်းခြောက်မှုများ (သာမန်အဆင့် အကြမ်းဖက်မှု)” ကို တားမြစ်သည်။ အကြောင်းအရာကို တိုင်ကြားခဲ့သည့် အသုံးပြုသူများက အယူခံဝင်ခဲ့ပြီးနောက် ၎င်းကို လူကိုယ်တိုင် စိစစ်သုံးသပ်သူနှစ်ဦးက စိစစ်သုံးသပ်ခဲ့ပြီး ၎င်းသည် Meta ၏ မူဝါဒများကို မချိုးဖောက်ခဲ့ကြောင်း ၎င်းတို့က တွေ့ရှိခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အကြောင်းအရာကို Meta အတွင်းရှိ မူဝါဒနှင့် အကြောင်းအရာဆိုင်ရာ ကျွမ်းကျင်သူများထံ တင်ပြခဲ့သည်။ ထိုအကြောင်းအရာသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုအဖွဲ့အစည်းစံနှုန်းကို ချိုးဖောက်ခဲ့ကြောင်း ၎င်းတို့က ဆုံးဖြတ်ခဲ့သော်လည်း သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို အသုံးချခဲ့သည်။ အများပြည်သူ အကျိုးစီးပွားက အန္တရာယ်ဖြစ်နိုင်ခြေထက် အလေးသာပါက ဤခွင့်ပြုချက်သည် အခြားနည်းအားဖြင့် ချိုးဖောက်ထားသည့် အကြောင်းအရာကို ခွင့်ပြုသည်။
အကြောင်းအရာကို တိုင်ကြားခဲ့သည့် အသုံးပြုသူများအနက် တစ်ဦးက Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။ သီးခြားစီအားဖြင့် Meta ကလည်း ဤအမှုကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ ထိုသို့လွှဲပြောင်းပေးရာတွင် Meta က ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်သည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ မိန့်ခွန်းကို ၎င်း၏ ပလက်ဖောင်းများပေါ်၌ မည်သည့်အချိန်တွင် ဆက်လက်ထားရှိခွင့်ပြုရမည်ကို ဆုံးဖြတ်သည့်အခါ ၎င်း၏ စံတန်ဖိုးများဖြစ်သည့် “အန္တရာယ်ကင်းရှင်းရေး” နှင့် “သဘောထားထုတ်ဖော်ခွင့်” အကြား မျှခြေရှာရခက်ခဲသော အခြေအနေတစ်ခု ထိုအမှုတွင် ပါဝင်နေကြောင်း ဆိုထားသည်။
အဓိက တွေ့ရှိချက်များ
ဤအမှုရှိ ဗီဒီယိုတွင် ဟွန်ဆန်၏ နိုင်ငံရေးအတိုက်အခံများအပေါ် အကြမ်းဖက်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ကို အတိအလင်း ဖော်ပြမှုများ ပါဝင်ခဲ့ပြီး ယင်းက ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ညသန်းခေါင် ဖမ်းဆီးမှုများအပါအဝင် “ဘေ့စ်ဘောတုတ်” နှင့် “လူမိုက်တွေကို [ခင်ဗျားတို့] အိမ် ပို့လိုက်မယ်” သို့မဟုတ် “ဥပဒေအရ အရေးယူဆောင်ရွက်ချက်” ကဲ့သို့ အသုံးအနှုန်းများကို အသုံးပြုမှုသည် အကြမ်းဖက်မှု လှုံ့ဆော်ခြင်းနှင့် ဥပဒေကြောင်းအရ ခြိမ်းခြောက်မှု သဘောသက်ရောက်သည်။
အကြောင်းအရာကို ပလက်ဖောင်းပေါ်တွင် ဆက်ထားခွင့်ပြုပေးခြင်းကြောင့် ဖြစ်ပွားသည့် အန္တရာယ်သည် ပို့စ်၏ အများပြည်သူအတွက် အကျိုးဖြစ်စေမည့် တန်ဖိုးထက် အလေးသာသဖြင့် ဤအမှုတွင် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို အသုံးချခြင်းမှာ Meta အနေဖြင့် မှားယွင်းခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ လူမှုကွန်ရက်တွင် ဟွန်ဆန်၏ သတင်းပျံ့နှံ့ရောက်ရှိမှုကို ထည့်သွင်းစဉ်းစားလျှင် ဤစကားအသုံးအနှုန်းမျိုးကို Facebook ပေါ်တွင် ခွင့်ပြုခြင်းသည် သူ၏ ခြိမ်းခြောက်မှုများကို ပိုမိုကျယ်ပြန့်စွာ ပျံနှံ့စေသည်။ ၎င်းသည် ခြိမ်းခြောက်စကားများမှ အဆင့်တက်ပြီး ခြိမ်းခြောက်မှုလုပ်ရပ်ကို ဖြစ်ပေါ်စေခြင်းဖြင့် Meta ၏ ပလက်ဖောင်းများက ဤအန္တရာယ်များကို ဖြစ်ပွားစေသည့် အရင်းခံအကြောင်း ဖြစ်လာနိုင်သည်။
သီးခြားလွတ်လပ်သော မီဒီယာနှင့် နိုင်ငံရေးအတိုက်အခံအပေါ် နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ စဉ်ဆက်မပြတ် နှောင့်ယှက်မှုနှင့် ခြိမ်းခြောက်မှု ကမ်ပိန်းသည် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက် အကဲဖြတ်မှုတွင် ချိုးဖောက်ထားသော အကြောင်းအရာကို မဖယ်ရှားဘဲ အကောင့်ကို ပြစ်ဒဏ်များမှ ရှောင်လွှဲနိုင်စေသည့် အကြောင်းခံတစ်ခု ဖြစ်လာနိုင်သည်ကိုလည်း ဘုတ်အဖွဲ့က စိုးရိမ်သည်။ ယင်းကဲ့သို့သောအပြုအမူကို အားမပေးသင့်ပါ။ အစိုးရက သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ခြင်းဖြင့် ၎င်း၏ ကိုယ်ပိုင်အကြောင်းအရာကို ပို၍သတင်းဖြစ်လောက်အောင် လုပ်ထားသည့် အခြေအနေများ၌ အစိုးရမိန့်ခွန်းတွင် ခွင့်ပြုချက်ကို အသုံးမချစေရန် သတင်းဖြစ်လောက်မှု ရှိ၊ မရှိ လက်ခံစဉ်းစားသည့်အခါ Meta အနေဖြင့် သတင်းလွတ်လပ်ခွင့်ကို ပို၍အလေးထားသင့်သည်။
လူသိများသောပုဂ္ဂိုလ်များ၏ အကောင့်များကို ကန့်သတ်ခြင်းဆိုင်ရာ ၎င်း၏မူဝါဒသည် အကြမ်းဖက်မှုနှင့် လူထုမငြိမ်သက်မှု ဖြစ်ရပ်များတွင်သာ မကန့်သတ်ဘဲ အရပ်ဘက်များက ၎င်းတို့၏အစိုးရများထံမှ တန်ပြန်အကြမ်းဖက်မှုကို ဆက်လက်ခြိမ်းခြောက်ခံနေရသည့် အခြေအနေများအပေါ်လည်း သက်ရောက်ကြောင်း ရှင်းလင်းရန် ဘုတ်အဖွဲက Meta ကို တိုက်တွန်းသည်။
ဤအမှုတွင် ချိုးဖောက်မှု၏ ပြင်းထန်မှု၊ ဟွန်ဆန်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ပြီး နိုင်ငံရေး အတိုက်အခံများကို ခြိမ်းခြောက်သည့် သမိုင်းကြောင်းနှင့် ယင်းကဲ့သို့သော ခြိမ်းခြောက်မှုများကို ချဲ့ထွင်ရန်အတွက် ၎င်း၏ ဗျူဟာမြောက် ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းကြောင့် ဘုတ်အဖွဲ့သည် Meta အား ဟွန်ဆန်၏ Facebook စာမျက်နှာနှင့် Instagram အကောင့်ကို ခြောက်လကြာ ချက်ချင်းဆိုင်းငံ့ရန် တောင်းဆိုသည်။
ကြီးကြပ်ရေး ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေး ဘုတ်အဖွဲ့သည် အကြောင်းအရာအား ခွင့်ပြုပေးရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ပို့စ်ကို ဖယ်ရှားရန် လိုအပ်ကြောင်း ဆုံးဖြတ်သည်။
ဘုတ်အဖွဲ့က Meta အနေဖြင့် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-
- လူထုမငြိမ်မသက်မှုအတွင်း လူသိများသောပုဂ္ဂိုလ်များ၏ အကောင့်များကို ကန့်သတ်ခြင်းဆိုင်ရာ Meta ၏ မူဝါဒအရ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ တရားဝင် Facebook စာမျက်နှာနှင့် Instagram အကောင့်ကို ခြောက်လကြာ ချက်ချင်းဆိုင်းငံ့ပါ။ Meta က အကောင့်များကို ဆိုင်းငံ့ပြီး ထိုသို့ပြုလုပ်ထားကြောင်း လူသိရှင်ကြား ကြေညာသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ပြီး ဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။
- လူသိများသောပုဂ္ဂိုလ်များ၏ အကောင့်များကို ကန့်သတ်ခြင်းအတွက် ၎င်း၏ မူဝါဒသည် အရပ်ဘက်များက ၎င်းတို့၏အစိုးရများထံမှ တန်ပြန်အကြမ်းဖက်မှုကို ဆက်လက်ခြိမ်းခြောက်ခံနေရသည့် အခြေအနေများအပေါ်လည်း သက်ရောက်ကြောင်း ရှင်းပြပေးပါ။ မူဝါဒသည် လူထုမငြိမ်မသက်မှု သို့မဟုတ် အကြမ်းဖက်မှု ဖြစ်ရပ်များတွင်သာ မကန့်သတ်ဘဲ နိုင်ငံရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုကို နိုင်ငံတော်မှ အကြမ်းဖက်မှု သို့မဟုတ် အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများဖြင့် ကြိုတင် နှိမ်နှင်း သို့မဟုတ် တုံ့ပြန်လျှင်လည်း သက်ရောက်ကြောင်း ရှင်းလင်းစွာဖော်ပြသင့်သည်။
- အကြမ်းဖက်မှုကို တိုက်ရိုက်လှုံ့ဆော်သည့် အကြောင်းအရာသည် ရှိပြီးသား မူဝါဒခြွင်းချက်များအရ သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်တစ်ခုအတွက် အရည်အချင်းမပြည့်မီကြောင်း ဖော်ပြရန် ၎င်း၏ သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက် မူဝါဒကို အပ်ဒိတ်လုပ်ပါ။
- ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်နိုင်ခြေရှိခဲ့သည့် နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအကြီးတန်းအဖွဲ့ဝင်များထံမှ အကြောင်းအရာများကို ချက်ချင်း လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် အမြဲ ဦးစားပေးကြောင်း သေချာစေရန် ၎င်း၏ စိစစ်သုံးသပ်ခြင်း ဦးစားပေးမှု စနစ်များကို အပ်ဒိတ်လုပ်ပါ။
- ရှည်လျားသောဗီဒီယို၏ စိစစ်သုံးသပ်ချက်ကို ပိုမိုတိကျမှန်ကန်စေသည့် ထုတ်ကုန်နှင့်/သို့မဟုတ် လည်ပတ်မှုဆိုင်ရာ လမ်းညွှန်ချက် ပြောင်းလဲမှုများကို အကောင်အထည်ဖော်ပါ (ဥပမာ၊ ချိုးဖောက်မှု၏ အချိန်ကာလကို ခန့်မှန်းခြင်း၊ ဗီဒီယို၏ အရှည်နှင့်အညီ အချိုးကျ စီစပ်သုံးသပ်ချိန်ကို သေချာစေခြင်း၊ ဗီဒီယိုများကို ၁.၅ သို့မဟုတ် ၂ ဆ ပိုမြန်အောင် လုပ်ဆောင်ခွင့်ပြုခြင်းအတွက် အယ်လ်ဂိုရီသမ် အသုံးပြုမှု)။
- ဝန်ကြီးချုပ် ဟွန်ဆန်၏ အမှုအတွက်နှင့် နိုင်ငံအကြီးအကဲများနှင့် အစိုးရအကြီးတန်းအဖွဲ့ဝင်များအပေါ် အကောင့်အဆင့် အရေးယူဆောင်ရွက်ချက်အားလုံးတွင် အရေးယူဆောင်ရွက်ချက်၏ အတိုင်းအတာနှင့် ၎င်း၏ ဆုံးဖြတ်ချက်နောက်ကွယ်ရှိ အကြောင်းပြချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောပါ။
* အမှုအနှစ်ချုပ်များတွင် အမှုအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။
အမှုအပေါ် ဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သူ၏ နိုင်ငံရေး အတိုက်အခံများကို အကြမ်းဖက် ခြိမ်းခြောက်ခဲ့သည့် အကြောင်းအရာတွင် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို ခွင့်ပြုခြင်းဖြင့် Facebook ပေါ်က ဗီဒီယိုတစ်ခုကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချခဲ့သည်။ ဤအမှုသည် လူများအား ၎င်းတို့၏ နိုင်ငံရေးခေါင်းဆောင်များထံမှ ကြားသိခွင့်ပြုရန် လိုအပ်ချက်ကို အဆိုပါခေါင်းဆောင်များက ၎င်းတို့၏အတိုက်အခံများကို အကြမ်းဖက်မှုဖြင့် ခြိမ်းခြောက်ရန် သို့မဟုတ် နိုင်ငံရေးအရ ပါဝင်ပတ်သက်လာခြင်းမှ အခြားသူများကို ခြိမ်းခြောက်ရန် ပလက်ဖောင်းကို အသုံးပြုခြင်းမှ တားဆီးရန် လိုအပ်ချက်နှင့် ညှိခြင်းနှင့်ပတ်သက်၍ ခက်ခဲသောမေးခွန်းများကို ပေါ်လာစေသောကြောင့် Meta သည် ၎င်းကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။
ဟွန်ဆန်၏ မှတ်ချက်များသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ အကြောင်းအရာသည် ချိုးဖောက်ထားသော်လည်း ပလက်ဖောင်းပေါ်တွင် ခွင့်ပြုရန် လုံလောက်စွာ သတင်းဖြစ်လောက်ခဲ့သည်ဟူသော Meta ၏ ဆုံးဖြတ်ချက်သည် မမှန်ကန်ခဲ့ကြောင်းကိုလည်း ၎င်းက တွေ့ရှိသည်။ အကြောင်းအရာကို ပလက်ဖောင်းမှ ဖယ်ရှားသင့်ကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။ ထို့အပြင် ချိုးဖောက်မှု၏ ပြင်းထန်မှု၊ ကမ္ဘောဒီးယားရှိ နိုင်ငံရေးအခြေအနေ၊ အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ သမိုင်းကြောင်း၊ ဟွန်ဆန်က သူ၏ နိုင်ငံရေး အတိုက်အခံများကို ခြိမ်းခြောက်သည့် သမိုင်းကြောင်းနှင့် ယင်းကဲ့သို့သော ခြိမ်းခြောက်မှုများကို ချဲ့ထွင်ရန်အတွက် ၎င်း၏ ဗျူဟာမြောက် ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းတို့ကြောင့် Meta အနေဖြင့် ဟွန်ဆန်၏ Facebook စာမျက်နှာနှင့် Instagram အကောင့်ကို ခြောက်လကြာ ချက်ချင်းဆိုင်းငံ့သင့်ကြောင့် ဘုတ်အဖွဲ့က ဆိုသည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ တရားဝင် Facebook စာမျက်နှာတွင် တိုက်ရိုက်ဗီဒီယိုတစ်ခု ထုတ်လွှင့်ခဲ့သည်။ ဗီဒီယိုတွင် ကွမ်ချမ်မြို့ အမျိုးသားလမ်း ချဲ့ထွင်ရေးစီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပစဉ် ဟွန်ဆန်က ကမ္ဘောဒီးယား၏ တရားဝင်ဘာသာစကားဖြစ်သည့် ခမာဘာသာဖြင့် ဟောပြောသော တစ်နာရီ ၄၁ မိနစ်ကြာ မိန့်ခွန်းကို ပြထားသည်။ မိန့်ခွန်းတွင် သူသည် သူ၏ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ၂၀၂၂ ခုနှစ်တွင် နိုင်ငံ၏ ဒေသတွင်း ရွေးကောက်ပွဲများ၌ မဲများ ခိုးယူခဲ့သည်ဟူသော စွပ်စွဲချက်များကို တုံ့ပြန်ပြောဆိုထားသည်။ သူသည် စွပ်စွဲမှုများပြုလုပ်ခဲ့သော သူ၏နိုင်ငံရေးအတိုက်အခံများကို “တရားစီရင်ရေးစနစ်” နှင့် “ဘေ့စ်ဘောတုတ်” အကြား ရွေးချယ်ခိုင်းပြီး ၎င်းတို့အနေဖြင့် တရားစီရင်ရေးစနစ်ကို ရွေးချယ်နိုင်သည်။ သို့မဟုတ်လျှင် သူက “CPP ပါတီဝင်တွေကို စုပြီး ခင်ဗျားတို့ကို ဆန္ဒပြပြီး ရိုက်ခိုင်းမယ်” ဟုပြောကြားခဲ့သည်။ “if you say that’s freedom of expression, I will also express my freedom by sending people to your place and home” (အဲ့ဒါက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ သင်တို့ပြောရင် လူတွေကို သင်တို့နေရာနဲ့ အိမ်တွေဆီပို့ပြီး ငါ့ရဲ့ လွတ်လပ်ခွင့်ကိုလည်း ထုတ်ဖော်မယ်" ဟု သူက ထပ်ပြောပြီး “gangsters to [your] house” (လူဆိုးဂိုဏ်များကို [သင်တို့] အိမ်သို့) ပို့မည်ဟု ဆိုသည်။ သူသည် တစ်ဦးချင်းစီကို အမည်တပ်ပြောပြီး သူတို့အနေဖြင့် “ကောင်းကောင်းပြုမူနေထိုင်ဖို့ လိုတယ်” ဟု သတိပေးကာ” “သစ္စာဖောက်တစ်ယောက်ကို ညသန်းခေါင်မှာ ခိုင်လုံတဲ့အထောက်အထားနဲ့ ဖမ်းဆီးနိုင်တယ်” ဟု ပြောသည်။ သို့သော် မိန့်ခွန်းနောက်ပိုင်း ၂၂ မိနစ်ခန့်အကြာတွင် သူက “ကျွန်တော်တို့ဟာ လူတွေကို လှုံ့ဆော်ပြီး အင်အားသုံးဖို့ တိုက်တွန်းတာမျိုး မလုပ်ဘူး” ဟု ပြောလာသည်။ တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ဗီဒီယိုကို စောင့်ကြည့်သူ ၁၄ သန်းခန့်ရှိသော ဟွန်ဆန်၏ Facebook စာမျက်နှာပေါ်သို့ အလိုအလျောက် အပ်လုဒ်လုပ်ခဲ့ပြီး ၎င်းကို အကြိမ်ပေါင်း ၆၀၀,၀၀၀ ခန့် ကြည့်ရှုထားသည်။ ဗီဒီယိုကို အခြားလူ ၃,၀၀၀ ခန့်က အကြိမ်ပေါင်း ၄,၀၀၀ ခန့် မျှဝေခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နှင့် ဇန်နဝါရီလ ၂၆ ရက်အကြားတွင် အသုံးပြုသူသုံးဦးက အဆိုပါဗီဒီယိုအား Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုအဖွဲ့အစည်းစံနှုန်းကို ချိုးဖောက်ခြင်းကြောင့် ငါးကြိမ် တိုင်ကြားခဲ့သည်။ ထိုမူဝါဒအရ “အကြမ်းဖက်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ကို ဖော်ပြမှုများ” အပါအဝင် “အသက်သေဆုံးစေနိုင်သည့် ခြိမ်းခြောက်မှုများ” (ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှု) နှင့် “ပြင်းထန်သည့် ထိခိုက်ဒဏ်ရာဖြစ်ပေါ်စေနိုင်သည့် ခြိမ်းခြောက်မှုများ” (သာမန်အဆင့် အကြမ်းဖက်မှု) ကို တားမြစ်သည်။ Meta သည် ယေဘုယျအားဖြင့် အကြောင်းအရာကို ၎င်း၏ ပြင်းထန်မှု၊ ပျံ့နှံ့မှုနှုန်းနှင့် အကြောင်းအရာဆိုင်ရာ မူဝါဒများကို ချိုးဖောက်နိုင်ခြေတို့ပေါ် အခြေခံ၍ လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် ဦးစားပေးသည်။ ဤအမှုတွင် Meta ၏ အလိုအလျောက်စနစ်များသည် အကြောင်းအရာကို ဦးစားမပေးခဲ့သလို လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းမရှိဘဲ အသုံးပြုသူ တိုင်ကြားစာများကို ပိတ်ခဲ့သည်။ အကြောင်းအရာကို တိုင်ကြားခဲ့သည့် အသုံးပြုသူများက အယူခံဝင်ပြီးနောက် လူကိုယ်တိုင် စိစစ်သုံးသပ်သူနှစ်ဦးက ၎င်းသည် Meta ၏ မူဝါဒများကို မချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အကြောင်းအရာကို Meta အတွင်းရှိ မူဝါဒနှင့် အကြောင်းအရာဆိုင်ရာ ကျွမ်းကျင်သူများထံ တင်ပြခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် အဆိုပါမူဝါဒနှင့် အကြောင်းအရာဆိုင်ရာ ကျွမ်းကျင်သူများက ဗီဒီယိုသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုအဖွဲ့အစည်းစံနှုန်းကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သော်လည်း ၎င်းကို ပလက်ဖောင်းပေါ်တွင် ဆက်လက်ထားရှိရန် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို အသုံးချခဲ့သည်။ သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်သည် ချိုးဖောက်ထားသည့် အကြောင်းအရာ၏ အများပြည်သူကို အကျိုးဖြစ်စေမည့် တန်ဖိုးက ၎င်း၏ အန္တရာယ်ဖြစ်စေနိုင်ခြေထက် အလေးသာလျှင် ၎င်းကို အခြားတစ်နည်းအားဖြင့် Meta ၏ ပလက်ဖောင်းများပေါ်တွင် ဆက်လက်ထားရှိခွင့်ပြုသည်။ အကြောင်းအရာကို တိုင်ကြားခဲ့သည့် အသုံးပြုသူတစ်ဦးက Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။ သီးခြားစီအားဖြင့် Meta ကလည်း ဤအမှုကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။
ကမ္ဘောဒီးယားရှိ နိုင်ငံရေးနှင့် လူမှုရေးအခြေအနေသည် ဤအမှုရှိ အကြောင်းအရာကို စိစစ်အကဲဖြတ်ရန် အထူးဆက်စပ်မှုရှိသည်။ ယခုအသက် ၇၀ ရှိပြီဖြစ်သည့် ဟွန်ဆန်သည် ယခင်က ခမာနီတပ်မှူးတစ်ဦးဖြစ်ခဲ့ပြီး ၁၉၈၅ ခုနှစ်ကတည်းက အာဏာရခဲ့သည်။ သူသည် နောက်ပိုင်းတွင် သူ့သားကို အာဏာလွှဲပြောင်းနိုင်သည်ဟု သတင်းများထွက်ခဲ့သော်လည်း လက်ရှိတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ကျင်းပမည့် ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲအတွက် ပြန်လည်ဝင်ရောက်အရွေးခံမည်ဖြစ်သည်။ သူ၏ အုပ်ချုပ်မှုကို ဝေဖန်သူများသည် ပစ်မှတ်ထားသော နိုင်ငံရေးအကြမ်းဖက်မှုကို ကာလကြာရှည်စွာ ရင်ဆိုင်ခဲ့ရပြီး ၂၀၁၇ နှင့် ၂၀၂၂ ခုနှစ်အကြားတွင် အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၃၀ ကျော် တိုက်ခိုက်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် ထင်ရှားသော နိုင်ငံရေးသုံးသပ်သူ Kem Lay အသတ်ခံရခြင်းကဲ့သို့ အတိုက်အခံ အဖွဲ့ဝင်များနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများသည် အလွန်သံသယဖြစ်ဖွယ် အခြေအနေများအောက်တွင် အသတ်ခံခဲ့ရသည်။
၂၀၁၅ ခုနှစ်တွင် ဟွန်ဆန်သည် ပြင်သစ်နိုင်ငံသို့ သူ၏ သံတမန်ခရီးစဉ်ကို ဆန္ဒပြခဲ့ပါက သူ၏ အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ကို တိုက်ခိုက်မည်ဟု သတိပေးခဲ့သည်။ ဆန္ဒပြပွဲများ ဖြစ်ပွားပြီး မကြာမီတွင် လွှတ်တော်၏ အတိုက်အခံအဖွဲ့ဝင်နှစ်ဦးသည် လူအုပ်တစ်အုပ်၏ ရိုက်နှက်မှုကို ခံခဲ့ရပြီး ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးရုံတင်ခဲ့ရသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးသည် ခြိမ်းခြောက်မှုများကို လအနည်းငယ် ကြိုတင်ရရှိခဲ့သည့် CNRP အဖွဲ့ဝင်တစ်ဦး၏ အသတ်ခံရမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။ တိုက်ခိုက်မှုသည် ဟွန်ဆန်က “ကမ္ဘောဒီးယားရဲ့ အာဆီယံဥက္ကဋ္ဌတာဝန်အတွင်း ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ လိုအပ်တာမှန်သမျှလုပ်မယ်” ဟု ခြိမ်းခြောက်ခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၇ နှင့် ၂၀၂၂ ခုနှစ်အတွင်း အတိုက်အခံ တက်ကြွလှုပ်ရှားသူအယောက် ၃၀ ကျော်သည် များသောအားဖြင့် “အများပြည်သူ လမ်းများပေါ်တွင် အမည်မသိ ကိုယ်ထိလက်ရောက် ရန်ပြုသူများ” ၏ “အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည်” ဟု ကမ္ဘောဒီးယားရှိ သီးခြားလွတ်လပ်သော မီဒီယာသတင်းဌာနတစ်ခုက အစီရင်ခံခဲ့သည်။ လူအများမြင်တွေ့နိုင်သော မှတ်ချက် (PC- ၁၁၀၄၄) တွင် ဟွန်ဆန်၏ လှုံ့ဆော်သော အသုံးအနှုန်းသည် သူ့ကိုထောက်ခံသူများက သူ၏ အတိုက်အခံများအပေါ် အကြမ်းဖက်မှု ကျူးလွန်လိုစိတ်နှင့် ထိုလုပ်ရပ်ကို လျစ်လျူပြုလိုစိတ်ကို မြင့်တက်စေကြောင်း Dangerous Speech Project က သတိပေးခဲ့သည်။ အတိုက်အခံအဖွဲ့ဝင်များအပေါ် များစွာသော အကြမ်းဖက်မှုလုပ်ရပ်များကို ဤအမှုရှိ ရည်ညွှန်းပါ ဇန်နဝါရီလ ၉ ရက် မိန့်ခွန်းနှင့် တိုက်ရိုက် ဆက်စပ်ပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က အဆိုပါခန့်မှန်းချက်ကို မကြာသေးမီက မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ ဘုတ်အဖွဲ့သည် သက်ဆိုင်သူများနှင့် လူအများမြင်တွေ့နိုင်သည့် မှတ်ချက်ပေးသူများကို ကမ္ဘောဒီးယားအစိုးရက ကျူးလွန်သော သို့မဟုတ် လွှတ်ပေးထားသော လူ့အခွင့်အရေးချိုးဖောက်မှုပုံစံအမျိုးမျိုးနှင့် ပြင်းထန်မှုအား အသားပေးဖော်ပြသည့်အတွက် ကျေးဇူးတင်ရှိပါသည်။
လွန်ခဲ့သော ၁၂ လအတွင်း ဟွန်ဆန်သည် သူ၏ နိုင်ငံရေးအတိုက်အခံများကို သွယ်ဝိုက်ပြောဆိုသည့် ခြိမ်းခြောက်မှုများစွာကို သိရှိစေရန် Facebook နှင့် Instagram တို့ကို အသုံးပြုခဲ့ကြောင်း ဘုတ်အဖွဲ့က အကြံဉာဏ်ရယူခဲ့သည့် သီးခြားလွတ်လပ်သော ကျွမ်းကျင်သူများက အစီရင်ခံသည်။ သူသည် နိုင်ငံပြင်ပတွင် နေထိုင်သော ကမ္ဘောဒီးယားပြည်သူများအား “ရွေးကောက်ပွဲကို ကန့်ကွက်ခြင်း” မပြုရန် သတိပေးကာ ၎င်းတို့ကို ခြိမ်းခြောက်ပုံပေါ်သည့် ပို့စ်ကို မကြာသေးမီက တင်ခဲ့သည်။ ဒေသတွင်း ရွေးကောက်ပွဲများမတိုင်မီ အချိန်အနည်းငယ်အလို ၂၀၁၇ ခုနှစ် မေလတွင် ဟွန်ဆန်သည် နိုင်ငံအတွင်း ငြိမ်းချမ်းစေရန် လိုအပ်ပါက “လူအယောက် ၁၀၀၊ ၂၀၀ ကို ရှင်းပစ်ရန် ဆန္ဒရှိ” သည်ဟု Facebook တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် မိန့်ခွန်းတစ်ခုတွင် ပြောခဲ့ပြီး သူ အာဏာဆုံးရှုံးခဲ့ပါက ဝန်ကြီးချုပ်အဖြစ် သူ့သက်တမ်းတစ်လျှောက်တွင် အကြိမ်ပေါင်းများစွာ လုပ်ခဲ့သည့် ခြိမ်းခြောက်မှုဖြစ်သော ပြည်တွင်းစစ် ဖြစ်လာမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့နောက် သိပ်မကြာမီတွင် Meta ၏ ပလက်ဖောင်းများပေါ်၌ သူတင်ခဲ့ခြင်းဟုတ်၊ မဟုတ် ဘုတ်အဖွဲ့က အတည်မပြုနိုင်ခဲ့သည့် အခြားမိန့်ခွန်းတစ်ခုတွင် သူရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပါက ပြည်တွင်းစစ်ဖြစ်မည်ဟု သူက ခြိမ်းခြောက်ပြောဆိုကြောင်း သူ့အား ဆက်လက်စွပ်စွဲနေမည်ဆိုလျှင် ဝေဖန်သူများနှင့် နိုင်ငံရေး အတိုက်အခံများအနေဖြင့် “၎င်းတို့၏ အခေါင်းများကို ပြင်ဆင်” ထားသင့်ကြောင်း သူက သတိပေးခဲ့သည်။ ဟွန်ဆန်သည် ၂၀၂၃ နိုင်ငံတော် ရွေးကောက်ပွဲများပြီးနောက် သူ့ကို နုတ်ထွက်ရန် တောင်းဆိုသော ဆန္ဒပြပွဲများကို စီစဉ်ခဲ့သည့် အတိုက်အခံ ခေါင်းဆောင်များကို မသတ်ခဲ့ရသည့်အတွက် နောင်တရခဲ့သည်ဟုလည်း ဆိုခဲ့သည်။ ဘုတ်အဖွဲ့က ဤအမှုကို ရွေးချယ်ပြီးနောက် Facebook ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်သော မိန့်ခွန်းတစ်ခုတွင် ဟွန်ဆန်သည် အတိုက်အခံခေါင်းဆောင် Sam Rainsy ကို ဒုံးပျံလောင်ချာတစ်ခုဖြင့် ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဟွန်ဆန်သည် ရွေးကောက်ပွဲကို နောက်ဆုံးအနိုင်ရထားမှုမှာ CPP က အမျိုးသားလွှတ်တော်တွင် ၁၂၅ နေရာလုံး အနိုင်ရရှိခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲများမတိုင်မီ ကမ္ဘောဒီးယား တရားရုံးချုပ်သည် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ကို တရားဝင်ဖျက်သိမ်းရန် အမိန့်ချမှတ်ခဲ့ပြီး အဆိုပါ ပါတီ၏ အကြီးတန်းအရာရှိ ၁၁၈ ဦးကို နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ကြာ ပိတ်ပင်ခဲ့သည်။ ပိတ်ပင်မှုများနှင့် ဆက်စပ်သည့် ဥပဒေအရ အရေးယူဆောင်ရွက်ချက်များပြီးနောက်တွင် ဟွန်ဆန်ကိုယ်တိုင်၏ ခြိမ်းခြောက်မှုများနှင့် အစိုးရညွှန်ကြားချက်များ လျင်မြန်စွာ ပြုလုပ်ခဲ့သည်။ ၂၀၁၇ အစီရင်ခံစာတစ်ခုတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ကမ္ဘောဒီးယားနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်ပြီး Facebook ပို့စ်များပေါ်အခြေခံ၍ ပြစ်ဒဏ်ချမှတ်ခံရသော အထက်လွှတ်တော် အမတ်နှစ်ဦးအပါအဝင် အတိုက်အခံ ခေါင်းဆောင်များစွာသည် ပြစ်မှုများဖြင့် တရားစွဲခံခဲ့ရကြောင်း မှတ်ချက်ပြုခဲ့သည်။
၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဟွန်ဆန်၏ အစိုးရအဖွဲ့သည် နိုင်ငံရေးအရ အရင်းခံသည့် တရားစွဲဆိုမှုများနှင့် အခြားခြိမ်းခြောက်မှုပုံစံများကို အသုံးချကာ အတိုက်အခိုက်ပါတီအဖွဲ့ဝင်များ၊ သီးခြားလွတ်လပ်သော သတင်းဌာနများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများအပေါ် ပိုမိုဖိအားပေးခဲ့သည်။ လူအများမြင်တွေ့နိုင်သည့် မှတ်ချက်တစ်ခုတွင် နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) (PC-၁၁၀၃၈) က ဟွန်ဆန်နှင့် ကမ္ဘောဒီးယား အာဏာပိုင်များသည် အတိုက်အခံပါတီခေါင်းဆောင်များကို အတုအယောင်စွဲချက်များဖြင့် မကြာခဏဆိုသလို ၎င်းတို့၏မျက်ကွယ်တွင် အစုလိုက်အပြုံလိုက် ပြစ်ဒဏ်ချမှတ်ခြင်းကဲ့သို့ လုပ်ရပ်များဖြင့် “လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်ကို စနစ်တကျ ကန့်သတ်ပိတ်ပင်ခဲ့သည်” ဟု မှတ်ချက်ချခဲ့သည်။ ICJ သည် “လူ့အခွင့်အရေး ဥပဒေနှင့် စံနှုန်းများနှင့် မကိုက်ညီသည့် ဥပဒေများကို ‘လက်နက်အဖြစ်အသုံးချခြင်း’” အပေါ် အထူး စိုးရိမ်မှုရှိကြောင်းလည်း တင်ပြခဲ့သည်။ တရားစီရင်ရေး၏ လွတ်လပ်မှုနှင့် ပွင့်လင်းမြင်သာမှုသည် “နှစ်ရှည်လများကြာ ပြဿနာ” တစ်ခုဖြစ်သော်လည်း “မကြာသေးမီက အပြောင်းအလဲတစ်ခုမှာ. . . အချို့သော တရားစီရင်ရေးနှင့် ဆက်စပ်သည့် ဝန်ထမ်းများသည် အာဏာရနိုင်ငံရေးပါတီနှင့် အနီးကပ် ချိတ်ဆက်မှုများရှိသည်” ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ၂၀၂၂ အစီရင်ခံစာတွင် မှတ်ချက်ပြုထားသည်။ အလားတူ အစီရင်ခံစာတွင် တရားစီရင်ရေးအပြင် မီဒီယာနှင့် ရွေးကောက်ပွဲစနစ်အပေါ်တွင်လည်း လွန်လွန်ကဲကဲ ဩဇာလွှမ်းမိုးမှုကို တွေ့ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သော ဒေသတွင်း ရွေးကောက်ပွဲများနှင့်စပ်လျဉ်း၍ အထူးကိုယ်စားလှယ်က ကမ္ဘောဒီးယား အမျိုးသား ရွေးကောက်ပွဲ ကော်မတီ (NEC) ၏ အဖွဲ့ဝင်များတွင် “အာဏာရပါတီနှင့် အလွန်နီးကပ်သော ဆက်ဆံရေး” ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့ပြီး စဉ်းစားဖွယ်ရာ အခြေအနေများအောက်တွင် “အထူးသဖြင့် အဓိက အတိုက်အခံပါတီဖြစ်သည့် Candlelight ပါတီ၏ ကိုယ်စားလှယ်လောင်းများစွာ" ကို ရွေးကောက်ပွဲမတိုင်မီ စာရင်းမှ ထုတ်ပယ်ခြင်းကို အထောက်အထားပြခဲ့သည်။ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ဟွန်ဆန်သည် ၂၀၂၃ ရွေးကောက်ပွဲများမတိုင်မီ သူ၏ အဓိကအတိုက်အခံပါတီကို တရားဝင်ဖျက်သိမ်းရန် နိုင်ငံတော် တရားရုံးများကို ထပ်မံ၍ အသုံးပြုမည်ဟု ခြိမ်းခြောက်ခဲ့သည်။ သိပ်မကြာမီ၊ ၂၀၂၃ ခုနှစ် မေလတွင် NEC သည် Candlelight ပါတီကို မှတ်ပုံတင်ခွင့်ပြုရန် ငြင်းပယ်ခဲ့ပြီး ၎င်းကို ဇူလိုင် ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်ပိတ်ပင်ကာ ဟွန်ဆန်၏ တစ်ခုတည်းသော အာရုံစိုက်စရာလိုသည့် စိန်ခေါ်မှုကို ဖယ်ရှားခဲ့သည်။ ဤဆုံးဖြတ်ချက်ပြုလုပ်ပြီးနောက် Facebook ပို့စ်တစ်ခုမှတစ်ဆင့် ဟွန်ဆန်သည် ပိတ်ပင်ခြင်းကို ဆန့်ကျင်ကန့်ကွက်သူ မည်သူမဆို “ဖမ်းဆီးခြင်းနှင့် ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း” ခံရမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဆန္ဒပြပွဲများကို နှိမ်နင်းရန် သူ၏ ခြိမ်းခြောက်မှုများကို ဆွေးနွေးပြောဆိုသည့်အခါ “ဟွန်ဆန်က သူပြောတဲ့အတိုင်းလုပ်တယ်” ဟု သူက နောက်ပိုင်းတွင် ပြောခဲ့သည်။
ဇူလိုင်လ ရွေးကောက်ပွဲများမတိုင်မီ ကမ္ဘာဒီးယားရှိ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက်ကိုယ်စားလှယ်က "နိုင်ငံတွင် လွတ်လပ်သော မီဒီယာသတင်းဌာနများ မရှိသလောက်ဖြစ်သည်" ဟု ဖော်ပြချက်နှင့်အတူ ဟွန်ဆန် အစိုးရသည် သီးခြားလွတ်လပ်သောမီဒီယာကိုလည်း အာဏာဖြင့် နှိပ်ကွပ်ခဲ့သည်။ အမည်မဖော်ရန် တောင်းဆိုခဲ့သော ကျွမ်းကျင်သူများ၏ အဆိုအရ ဤမီဒီယာ ပိတ်သိမ်းခံရမှုများ၊ အတိုက်အခံများအပေါ် ကမ္ဘောဒီးယားတရားရုံးစနစ်၏ လက်နက်အသုံးပြုမှုနှင့် ပစ်မှတ်ထားသော နိုင်ငံရေးအကြမ်းဖက်မှုတို့ကို ပေါင်းစပ်လိုက်သည့်အခါ "ရည်ရွယ်ချက်ရှိရှိ ပျိုးထောင်ထားသော ကြောက်ရွံ့မှုအခြေအနေ" ကို ဖြစ်ပေါ်စေသည်။ ၂၀၂ ၂ ခုနှစ်တွင် သတင်းစာဆရာများအပေါ် ထိပါးနှောင့်ယှက်သည့်အမှု ၃၅ မှုရှိကြောင်း Cambodian Journalists Alliance Association က မှတ်တမ်းတင်ခဲ့သည်။ အများမြင်မှတ်ချက်များနှင့် ကျွမ်းကျင်သူများ၏ အဆိုအရ မီဒီယာသတင်းဌာနများသည် အစိုးရ၏ဒဏ်ခတ်မှုကို ကြောက်သောကြောင့် ထိလွယ်ရှလွယ်သောကိစ္စရပ်များ သို့မဟုတ် ဟွန်ဆန်၏ အငြင်းပွားဖွယ် မိန့်ခွန်းများကို သတင်းထုတ်ပြန် ပြန်ကြားရန် ဝန်လေးနေကြသဖြင့် ဤခြိမ်းခြောက်တတ်သည့် ယဉ်ကျေးမှုသည် မှန်မှန်ကန်ကန် သတင်းထုတ်ပြန်မှုကို သိသိသာသာ အေးစက်စေခဲ့သည်။ ဤမီဒီယာသတင်းဌာနများသည် အစိုးရ၏ ဝါဒဖြန့်မှုကို ကြီးကြီးမားမား ဝေဖန်ထောက်ပြခြင်းမရှိဘဲ ပြန်လည်ကူးယူဖော်ပြရန်အတွက်လည်း ခြိမ်းခြောက်ခံခဲ့ရသည်။
၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နှာတစ်ဖျား အနိုင်ရပြီးနောက် ဟွန်ဆန်အစိုးရသည် လူမှုကွန်ရက်၏ အစွမ်းကို အသိအမှတ်ပြုခဲ့ပြီး နောက်ပိုင်းတွင် Freedom House က "ဒစ်ဂျစ်တယ်အာဏာရှင်စနစ်" ဟု ဖော်ညွှန်းသည့် စနစ်သို့ ကမ္ဘောဒီးယား၏ ပြောင်းလဲမှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ယင်းစနစ်တွင် နိုင်ငံရေးအတိုက်အခံကို ဖိနှိပ်၊ ခြိမ်းခြောက်ရန် အစိုးရက လူမှုကွန်ရက်ကို အသုံးပြု၊ စောင့်ကြည့်ခြင်းတို့ ပြုလုပ်သည်။ လူမှုကွန်ရက်နှင့် အထူးသဖြင့် Facebook သည် နိုင်ငံရေး ဆွေးနွေးမှုများနှင့် သတင်းများအတွက် အရေးကြီးသော ပလက်ဖောင်းတစ်ခုဖြစ်နိုင်သော်လည်း ဘုတ်အဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည့် သီးခြားလွတ်လပ်သော ကျွမ်းကျင်သူများက "အစိုးရကို မထောက်ခံသော ခမာ-ဘာသာ Facebook ချိတ်ဆက်စနစ်တွင် အကြောင်းအရာ အနည်းအကျဉ်းမျှသာရှိသည်" ဟု အစီရင်ခံခဲ့သည်။ ဟွန်ဆန်နှင့် အစိုးရကို ဝေဖန်မှုအတွက် ခြိမ်းခြောက်ခြင်းအပြင် အကြမ်းဖက်မှု၊ ဖမ်းဆီးမှုတို့ဖြင့် ခြိမ်းခြောက်မှုများသည် အွန်လိုင်းဘဝ၏ အင်္ဂါရပ်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် အစိုးရသည် "နိုင်ငံတော်အင်တာနက်ဂိတ်ဝေး" မှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံတွင် အင်တာနက်၏ နည်းပညာ အခြေခံအဆောက်အအုံကို ထိန်းချုပ်ရန် အဆိုပြုထားသည်။ ကမ္ဘောဒီးယား အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အဆိုအရ ဤစနစ်သည် အင်တာနက်အသွားအလာကို အစိုးရဆာဗာများမှတစ်ဆင့် လမ်းကြောင်းပေးမည်ဖြစ်ပြီး အစိုးရအနေဖြင့် လူမှုကွန်ရက်နှင့် အင်တာနက်ပိတ်ခြင်းကို အလွယ်အကူစတင်ခြင်း၊ အင်တာနက် ဝန်ဆောင်မှုပေးသူများအား အကြောင်းအရာများကို ပိတ်ပင်ရန် သို့မဟုတ် ကန့်သတ်ရန် အတင်းအကျပ်ခိုင်းခြင်း၊ အသုံးပြုသူများ၏ အွန်လိုင်းသုံးစွဲနေမှုအား အစိုးရ၏ စောင့်ကြည့်နိုင်စွမ်းကို မြှင့်တင်ခြင်းနှင့် အော်ပရေတာများအား ဒေတာအစုလိုက်ကို စုစည်းရယူပြီး သိမ်းဆည်းရန် သတ်မှတ်ခြင်းတို့ကို လုပ်နိုင်သည်။ ၂၀၂ ၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံတော်အင်တာနက်ဂိတ်ဝေးအား အကောင်အထည်ဖော်ခြင်းကို ရွှေ့ဆိုင်းခဲ့သော်လည်း စီမံကိန်းကို အပြီးဖျက်သိမ်းလိုက်ကြောင်း အရိပ်အယောင်မရှိပါဟု စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ကြေညာခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာဒီးယားနိုင်ငံရှိ ကုမ္ပဏီ၏ ဆောင်ရွက်ချက်များအတွက် ၎င်းလုပ်ခိုင်းထားသော Business for Social Responsibility (BSR) ထံမှ လူ့အခွင့်အရေး သက်ရောက်မှု အကဲဖြတ်ချက် အနှစ်ချုပ်နှင့် ထိုအကဲဖြတ်ချက်အပေါ်တုံ့ပြန်မှုကို Meta က ဖြန့်ချိခဲ့သည်။ "FM ရေဒီယိုဌာနများကို ပိတ်ထားပြီး ပုံနှိပ်၊ ရေဒီယိုနှင့် TV မီဒီယာအားလုံးနီးပါးကို ယခု အစိုးရက ထိန်းချုပ်ထားသည့် နိုင်ငံတွင် သတင်းအချက်အလက်လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့အတွက် Facebook ကို မရှိမဖြစ်လိုအပ်ခဲ့ကြောင်း" BSR က တွေ့ရှိခဲ့သည်။ ဤအမှုကို လက်ခံစဉ်းစားရာတွင် ဘုတ်အဖွဲ့အား BSR ၏ အစီရင်ခံစာအပြည့်အစုံသို့ ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သော်လည်း Meta သည် ၎င်းကို လျှို့ဝှက်အဖြစ်ထားရှိရန် ဆက်လက်သတ်မှတ်ထားသည်။ ဘုတ်အဖွဲ့ထံမှ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် Meta က ၎င်းသည် ဟွန်ဆန်၏ စာမျက်နှာများနှင့် အကောင့်များကို အပြည့်အဝအကဲဖြတ်ခြင်း မလုပ်ဆောင်ထားသော်လည်း ရည်ညွှန်းပါစာမျက်နှာတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၌ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်ခြင်းကြောင့် ဖယ်ရှားခံရသော အကြောင်းအရာတစ်ခုရှိခဲ့ကြောင်း ဆိုခဲ့သည်။
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်သည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ မိန့်ခွန်းကို ၎င်း၏ ပလက်ဖောင်းများပေါ်၌ မည်သည့်အချိန်တွင် ဆက်လက်ထားရှိခွင့်ပြုရမည်ကို ဆုံးဖြတ်ရာတွင် ကုမ္ပဏီ၏ တန်ဖိုးများဖြစ်သည့် "အန္တရာယ်ကင်းရှင်းရေး" နှင့် "သဘောထားထုတ်ဖော်ခွင့်" အကြား ခက်ခက်ခဲခဲ ချိန်ဆမှုပါဝင်ကြောင်း ဖော်ပြပါ Meta က ဘုတ်အဖွဲ့ထံ အမှုကို လွှဲပြောင်းပေးခဲ့သည်။ Meta သည် အထူးသဖြင့် သတင်းအချက်အလက်ရယူပိုင်ခွင့်က ချိန်ခွင်ညှာပေါ်တွင်ရှိနေသည့် အာဏာရှင်အစိုးရစနစ် အခြေအနေတွင် ယင်းကဲ့သို့သော အကြောင်းအရာအား အကဲဖြတ်နည်းနှင့်ပတ်သက်၍ ဘုတ်အဖွဲ့ထံမှ လမ်းညွှန်ချက်ကို တောင်းဆိုခဲ့သည်။
၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
ဘုတ်အဖွဲ့တွင် Meta က သုံးသပ်ရန်အတွက် ပေးပို့ထားသည့် ဆုံးဖြတ်ချက်များကို စိစစ်သုံးသပ်ပိုင်ခွင့်ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ အပိုဒ် ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၁)။ ဆက်လက်ထားရှိရန် ခွင့်ပြုထားသော အကြောင်းအရာကို ယခင်က တိုင်ကြားထားသည့်ပုဂ္ဂိုလ်က အယူခံဝင်ပြီးနောက် ချမှတ်ထားသော Meta ၏ ဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပိုင်ခွင့်လည်း ဘုတ်အဖွဲ့တွင်ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။ ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင် သို့မဟုတ် ပယ်ဖျက်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၅)။ ထို့ပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော ဆက်စပ်အခြေအနေရှိသည့် အလားတူ အကြောင်းအရာနှင့် ပတ်သက်၍ ၎င်း၏ဆုံးဖြတ်ချက်ကို အသုံးချနိုင်ခြေကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် မဖြစ်မနေ လိုက်နာစရာမလိုသော်လည်း တုံ့ပြန်ရမည့် အကြံပြုချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၄၊ အပိုဒ်ခွဲ ၄)။ Meta က အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကတိကဝတ်ပြုလျှင် ဘုတ်အဖွဲ့သည် ၎င်းတို့၏ အကောင်အထည်ဖော်မှုကို စောင့်ကြည့်သည်။
၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များနှင့် လမ်းညွှန်ချက်
ဤအမှုတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ စံနှုန်းများနှင့် သာဓကများဖြင့် အသိပေးတင်ပြခဲ့သည်-
၁။ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အသက်ဆိုင်ဆုံး ယခင်ဆုံးဖြတ်ချက်များတွင် အောက်ပါတို့ ပါဝင်သည်-
- "တီဂရေး ဆက်သွယ်ရေးရာ အစိုးရဌာန" (အမှုဆုံးဖြတ်ချက် ၂၀၂၂-၀၀၆-FB-MR)
- “သမ္မတဟောင်းထရမ့်ကို ဆိုင်းငံ့ခြင်း” (အမှုဆုံးဖြတ်ချက် ၂၀၂၁-၀၀၁-FB-FBR)
၂။Meta ၏ အကြောင်းအရာမူဝါဒများ
Facebook ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းအတွက် မူဝါဒသဘောတရားတွင် ၎င်းသည် "Facebook ပေါ်ရှိ အကြောင်းအရာနှင့် ဆက်စပ်နေနိုင်သော ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှု အလားအလာကို တားဆီးရန် ရည်ရွယ်ကြောင်း" နှင့် "လူများသည် ဆိုးဝါးပြင်းထန်မှုမရှိသော နည်းလမ်းများသုံး၍ ခြိမ်းခြောက်ခြင်း သို့မဟုတ် အကြမ်းဖက်ရန် နှိုးဆော်ခြင်းဖြင့် ငြင်းပယ်မှု သို့မဟုတ် သဘောထားကွဲလွဲမှုအား ဖော်ပြလေ့ရှိသည်ကို Meta အနေဖြင့် နားလည်သော်လည်း ကျွန်ုပ်တို့သည် ဆိုးဝါးပြင်းထန်သော အကြမ်းဖက်မှုကို လှုံ့ဆော်သည့် သို့မဟုတ် ပံ့ပိုးသည့် အသုံးအနှုန်းကို ဖယ်ရှားသည်" ဟု ဖော်ပြထားပါသည်။ "ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု သို့မဟုတ် အများပြည်သူ အန္တရာယ်ကင်းရှင်းရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုများ အမှန်တကယ် ဖြစ်လာနိုင်သည်ဟု [Meta] က ယူဆသည့်အခါ" ၎င်းသည် အကြောင်းအရာကို ဖယ်ရှားခြင်း၊ အကောင့်များ ပိတ်ပင်ခြင်း၊ ဥပဒေစိုးမိုးရေးအဖွဲ့နှင့် လက်တွဲလုပ်ဆောင်ခြင်းတို့ ပြုလုပ်ကြောင်း ထပ်မံဖော်ပြထားသည်။ "ပုံမှန် ပြောဆိုမှုများကို ခိုင်လုံသည့် ခြိမ်းခြောက်မှုမြောက်သော အကြောင်းအရာများမှ ခွဲထုတ်ရန်အတွက် အသုံးအနှုန်းနှင့် ဆက်စပ်အကြောင်းအရာများကို ထည့်သွင်းစဉ်းစားရန်" ကြိုးစားကြောင်း Meta က ဖော်ပြသည်။
မူဝါဒသည် အထူးသဖြင့် သီးသန့်ပုဂ္ဂိုလ်များ၊ အမည်မဖော်ပြသော သတ်သတ်မှတ်မှတ်ပုဂ္ဂိုလ်များ သို့မဟုတ် အရွယ်မရောက်သေးသည့် လူသိများသောပုဂ္ဂိုလ်များအပေါ် "သေစေနိုင်သော ခြိမ်းခြောက်မှုများ" (ဆိုးရွားပြင်းထန်သည့် အကြမ်းဖက်မှု) နှင့် "ပြင်းထန်သည့် ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်သော ခြိမ်းခြောက်မှုများ" (သာမန်အဆင့် အကြမ်းဖက်မှု) ကို တားမြစ်ပြီး ခြိမ်းခြောက်မှုတွင် "အကြမ်းဖက်မှုကျူးလွန်ရန် ရည်မှန်းသော ရေးသားဖော်ပြချက်များ"၊ "အကြမ်းဖက်မှုကို ထောက်ခံသော ရေးသားဖော်ပြချက်များ" သို့မဟုတ် "အကြမ်းဖက်မှုကျူးလွန်ရန် ရည်မှန်းသော သို့မဟုတ် အခြေအနေပြဆိုသော ရေးသားဖော်ပြချက်များ" ပါဝင်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ "ရှုတ်ချသော သို့မဟုတ် အသိပညာပေးသော ဆက်စပ်အခြေအနေတစ်ခုတွင် မျှဝေပါက ချိုးဖောက်ထားသော အကြောင်းအရာ" ကို ခွင့်ပြုသည်ဟု မူဝါဒ ကျင့်သုံးနည်းဆိုင်ရာ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များတွင်လည်း ရှင်းပြထားသည်။
အကြောင်းအရာမူဝါဒများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာမှုကို ကုမ္ပဏီက "ပဓာန" အဖြစ် ဖော်ပြထားသော Meta ၏ ထုတ်ဖော်ပြောဆိုခွင့်အတွက် ကတိကဝတ်ဖြင့် အသိပေးခဲ့သည်။
ကျွန်ုပ်တို့ လူမှုစံနှုန်းများ၏ ရည်မှန်းချက်မှာ လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည့် နေရာတစ်ခု ဖန်တီးရန်နှင့် ထုတ်ဖော်ပြောဆိုခွင့်လည်း ပေးအပ်ရန်ဖြစ်သည်။ Meta သည် လူအချို့၏ သဘောမတူမှုများ သို့မဟုတ် ကန့်ကွက်မှုများ ရှိနိုင်သည့်တိုင်အောင် မိမိတို့အတွက် အရေးပါသည့် ကိစ္စရပ်များအကြောင်း လူထုအား လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ရှိစေလိုပါသည်။
Meta က တန်ဖိုးလေးရပ်ကို ဇောင်းပေးဆောင်ရွက်ရာတွင် "သဘောထားထုတ်ဖော်ခွင့်" ကို ကန့်သတ်ထားပြီး ဤအမှုတွင် အသက်ဆိုင်ဆုံးကိစ္စမှာ "အန္တရာယ်ကင်းရှင်းရေး" ဖြစ်သည်-
ကျွန်ုပ်တို့သည် Facebook ကို ဘေးကင်းလုံခြုံသော နေရာတစ်ခုဖြစ်အောင်လုပ်ရန် ကတိပြုပါသည်။ ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်များ၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကို အန္တရာယ်ဖြစ်စေသော အကြောင်းအရာကို ဖယ်ရှားပါသည်။ လူထုကို ခြိမ်းခြောက်သည့် အကြောင်းအရာသည် အခြားသူများကို ခြိမ်းခြောက်နိုင်သည့်၊ ဖယ်ကြဉ်ထားနိုင်သည့် သို့မဟုတ် နှုတ်ဆိတ်နေစေနိုင်သည့် အလားအလာရှိသောကြောင့် ၎င်းအကြောင်းအရာကို Facebook ပေါ်တွင် ခွင့်မပြုပါ။
"သဘောထားထုတ်ဖော်ခွင့်" အတွက် ၎င်း၏ ကတိကဝတ်ကို ရှင်းပြရာ၌ "အချို့ဖြစ်စဉ်များတွင် သတင်းဖြစ်လောက်ပြီး အများပြည်သူအတွက် အကျိုးရှိပါက ကျွန်ုပ်တို့၏ စံနှုန်းများကို တစ်နည်းနည်းဖြင့် ချိုးဖောက်သည့် အကြောင်းအရာကို ခွင့်ပြုပေးပါသည်" ဟု Meta က ဖော်ပြထားသည်။ ၎င်းကို သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်အဖြစ် သိထားသည်။ ၎င်းသည် လူမှုစံနှုန်းအားလုံးနှင့် သက်ဆိုင်သော အထွေထွေ မူဝါဒခြွင်းချက်တစ်ခုဖြစ်သည်။ ခွင့်ပြုချက်ကို အသုံးချရန်အတွက် Meta သည် အကြောင်းအရာကြောင့် အများပြည်သူ အကျိုးစီးပွားရှိမှုနှင့် အန္တရာယ်ဖြစ်နိုင်ခြေတို့ကိုယှဉ်၍ အကဲဖြတ်လျက် ချိန်ထိုးကြည့်သည့် စမ်းသပ်ချက်တစ်ခုကို လုပ်ဆောင်သည်။ အကြောင်းအရာသည် "ပြည်သူ့ကျန်းမာရေး သို့မဟုတ် အန္တရာယ်ကင်းရှင်းရေးအပေါ် ကျရောက်အံ့ဆဲဆဲခြိမ်းခြောက်မှုများကို ပေါ်ပေါက်လာစေခြင်း သို့မဟုတ် နိုင်ငံရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ရှိအငြင်းပွားနေသည့် ရှုထောင့်များအပေါ် သဘောထားထုတ်ဖော်ခွင့်ပေးခြင်း" ရှိ၊ မရှိ ၎င်းက အကဲဖြတ်ကြောင်း Meta က ဆိုသည်။ အများပြည်သူ အကျိုးစီးပွားနှင့် အန္တရာယ် အကဲဖြတ်မှုနှစ်ခုလုံးသည် ရွေးကောက်ပွဲကျင်းပနေဆဲ ဟုတ် မဟုတ် သို့မဟုတ် ပဋိပက္ခတစ်ခု ဖြစ်နေဆဲ ဟုတ် မဟုတ်နှင့် သတင်းလွတ်လပ်ခွင့်ရှိ မရှိကဲ့သို့ နိုင်ငံအခြေအနေများကို ထည့်သွင်းစဉ်းစားသည်။ ဟောပြောသူ၏ မည်သူမည်ဝါဖြစ်မှု (ဥပမာအားဖြင့် ထိုသူက နိုင်ငံရေးသမားတစ်ဦးဖြစ်ခြင်း) အချက်တစ်ခုတည်းအပေါ် အခြေခံ၍ အကြောင်းအရာသည် ပင်ကိုအားဖြင့် လူထုအကျိုးစီးပွားအတွက် ဖြစ်သည်ဟူ၍ ယူဆလေ့မရှိကြောင်း Meta က ဆိုသည်။ "အကြောင်းအရာကို ထားခွင့်ပြုပါက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်ကဲ့သို့ အန္တရာယ်ဖြစ်နိုင်ခြေရှိသည့်အခါ သို့မဟုတ် အများပြည်သူ အန္တရာယ်ကင်းရှင်းရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု ရှိသည့်အခါ ၎င်းတွင် သတင်းဖြစ်လောက်သည့် အတိုင်းအတာအချို့ရှိလျှင်ပင်" အကြောင်းအရာကို ဖယ်ရှားကြောင်း Meta က ဆိုသည်။
"သမ္မတဟောင်းထရမ့်ကို ဆိုင်းငံ့ခြင်း" အမှုကို တုံ့ပြန်သည့်အနေဖြင့် Meta သည် လူထုမငြိမ်မသက်မှုအတွင်း လူသိများသောပုဂ္ဂိုလ်များ၏ အကောင့်များကို ကန့်သတ်ခြင်း ဆိုင်ရာ မူဝါဒတစ်ရပ်ကို ဖန်တီးခဲ့သည်။ "စံကန့်သတ်ချက်များသည် ချိုးဖောက်မှုနှင့် အချိုးကျမျှတမှု မရှိနိုင်ပါ သို့မဟုတ် လက်ရှိဖြစ်ပွားနေဆဲ အကြမ်းဖက်မှု သို့မဟုတ် လူထုမငြိမ်မသက်မှု ကာလအတွင်း လူသိများသောပုဂ္ဂိုလ်များက အကြောင်းအရာတင်သည့်အခြေအနေမျိုးတွင် နောက်ထပ် ထိခိုက်မှုအန္တရာယ် ဖြစ်နိုင်ခြေကို လျှော့ချရန် လုံလောက်မှုမရှိနိုင်ပါ" ဟု ဤမူဝါဒက အသိအမှတ်ပြုထားသည်။ လက်ရှိဖြစ်ပေါ်နေဆဲ အကြမ်းဖက်မှုနှင့် လူထုမငြိမ်မသက်မှုကို မူဝါဒထဲတွင် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ လူသိများသောပုဂ္ဂိုလ်များက Meta ၏ မူဝါဒများကို ချိုးဖောက်သည့်အခါ ၎င်းတို့ထံမှ ခြိမ်းခြောက်မှုများသည် ပိုမိုကြီးမားသော အန္တရာယ်ဖြစ်နိုင်ခြေကို ပေါ်ပေါက်စေကြောင်း ဤမူဝါဒက အသိအမှတ်ပြုပြီး ၎င်းတို့၏အကောင့်များကို ကန့်သတ်ရန်၊ မကန့်သတ်ရန်နှင့် ကန့်သတ်နည်းကို အကဲဖြတ်ရန် ကုမ္ပဏီကအသုံးပြုသော သတ်မှတ်စံနှုန်းအချို့ကို ဖော်ပြထားသည်။
၃။ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် အတည်ပြုပေးထားသည့် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ် ချမှတ်ထားသည်။ ၂၀၂၁ ခုနှစ်တွင် UNGP များနှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို Meta က ကြေညာခဲ့သည်။ ဤအမှုတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ နိုင်ငံတကာ စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည်-
- လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်- အပိုဒ် ၁၉၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး အပြည်ပြည်ဆိုင်ရာ ပဋိညာဉ် ( ICCPR)၊ အထွေထွေ မှတ်ချက် အမှတ် ၃၄၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၁။ နိုင်ငံများ လိုက်နာဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်၊ "လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက်ကိုယ်စားလှယ်၊ အစီအရင်ခံစာများ- A/HRC/၃၈/၃၅ (၂၀၁၈) သို့မဟုတ် A/၇၄/၄၈၆ (၂၀၁၉)။
- လွတ်လပ်သော ငြိမ်းချမ်းစွာ စုဝေးခွင့်- အပိုဒ် ၂၁ ICCPR။
- ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံခွင့်- အပိုဒ် ၉၊ ICCPR။
- အသက်ရှင်ရပ်တည်ခွင့်- အပိုဒ် ၆၊ ICCPR။
- ပြည်သူ့အရေးကိစ္စများတွင် ပါဝင်ခွင့်နှင့် မဲပေးခွင့်- အပိုဒ် ၂၅၊ ICCPR။
၅။ အသုံးပြုသူ၏ တင်ပြချက်များ
Meta က အမှုကို လွှဲပြောင်းပေးခြင်းအပြင် အသုံးပြုသူကလည်း အကြောင်းအရာကို Facebook တွင် ဆက်ထားရန် Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။ အဆိုပါအယူခံလွှာတွင် ဟွန်ဆန်သည် ယခင်ပွဲများတွင် ယင်းကဲ့သို့သောခြိမ်းခြောက်မှုများကို ပြုလုပ်ခဲ့ကြောင်း အသုံးပြုသူက ရှင်းပြထားသည်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ အထွေထွေရွေးကောက်ပွဲမတိုင်မီအထိ ဟွန်ဆန်သည် အခြားသူများကို အကြမ်းဖက် ခြိမ်းခြောက်ရန်နှင့် အတိုက်အခံလှုပ်ရှားဆောင်ရွက်မှုကို ဖိနှိပ်ရန် Facebook ကို မကြာခဏအသုံးပြုခဲ့ကြောင်း အသုံးပြုသူက မှတ်ချက်ပြုခဲ့သည်။
၆။ Meta ၏ တင်ပြချက်များ
လူကိုယ်တိုင် စိစစ်သုံးသပ်သူများက အမှုအကြောင်းအရာသည် ချိုးဖောက်ခြင်းမရှိဟု ကနဦးတွင် အကဲဖြတ်ခဲ့သော်လည်း ၎င်းကို ထပ်ဆောင်းစိစစ်သုံးသပ်ရန်အတွက် မူဝါဒနှင့် အကြောင်းအရာ ကျွမ်းကျင်သူများထံ တင်ပြပြီးနောက် ၎င်းသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်ခဲ့သော်လည်း သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်အရ ပလက်ဖောင်းပေါ်တွင် ဆက်ရှိသင့်သည်ဟု ကုမ္ပဏီက ဆုံးဖြတ်ခဲ့ကြောင်း Meta က ရှင်းပြခဲ့သည်။
ထိုကိစ္စကို တင်ပြလာပြီးနောက် ဟွန်ဆန်၏ မိန့်ခွန်းမှ ကောက်နုတ်ချက်နှစ်ခုသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်ခဲ့ကြောင်း Meta က ဆုံးဖြတ်ခဲ့သည်- အတိအကျဆိုရသော် သူ၏ နိုင်ငံရေးအတိုက်အခံများအား "တရားရေးစနစ်" နှင့် "ဘက်တံ" အကြား ရွေးချယ်စေခြင်းနှင့် “CPP တွေ စုဝေး ဆန္ဒပြပြီး မင်းတို့ကို ရိုက်နှက်မယ်” ဟူသော သူ၏ ခြိမ်းခြောက်မှုတို့ ဖြစ်သည်။ ကုမ္ပဏီ၏ ဒေသဆိုင်ရာအဖွဲ့က ပေးသော အချက်အလက်အပါအဝင် မိန့်ခွန်း၏ အလုံးစုံဆက်စပ်အကြောင်းအရာပေါ်အခြေခံ၍ ဤရေးသားဖော်ပြချက်များရှိ “သင်” ဟူသည်မှာ Candlelight ပါတီနှင့် ယခုတရားဝင်ဖျက်သိမ်းလိုက်ပြီး ဖြစ်နိုင်ခြေရှိသည့် CNRP ရှိ ဟွန်ဆန်၏ နိုင်ငံရေးအတိုက်အခံများကို ရည်ညွှန်းချက်ဖြစ်ကြောင်း Meta က ဆိုခဲ့သည်။
သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်နှင့်အတူ အကြောင်းအရာကို Facebook တွင် ထားခွင့်ပြုလိုက်ပါက ဖြစ်လာနိုင်သည့် အန္တရာယ်နှင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများအား ချိန်ဆရာတွင် တစ်နာရီနှင့် ၄၁ မိနစ်ကြာ မိန့်ခွန်း၏ အစိတ်အပိုင်းအများစုသည် ကမ္ဘောဒီးယားနှင့် တရုတ် ဆက်ဆံရေးနှင့် COVID-19 ကမ္ဘာ့ကပ်ရောဂါကဲ့သို့ အုပ်ချုပ်မှု သို့မဟုတ် နိုင်ငံရေးနှင့်ဆက်စပ်မှုရှိကြောင်း Meta က မှတ်ချက်ပြုခဲ့သည်။ နိုင်ငံခေါင်းဆောင်တစ်ဦး၏ နိုင်ငံရေးမိန့်ခွန်းသည် (အထူးသဖြင့် ရွေးကောက်ပွဲနှစ်တွင်) လူထုအတွက် အကျိုးဖြစ်ထွန်းမှုမြင့်မားကြောင်း Meta က ဆိုခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ကုမ္ပဏီ၏ အကဲဖြတ်ချက်အရ မိန့်ခွန်းထဲရှိ ချိုးဖောက်ထားသည့်အပိုင်းများသည် မိနစ်အနည်းငယ်သာ ကြာခဲ့ပြီး ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒ၏ သာမန်ပြင်းထန်အဆင့်အတွင်း ကျရောက်ခဲ့သည်။
အထူးသဖြင့် ခြိမ်းခြောက်မှုများကို ပြည်တွင်းမီဒီယာက မတင်ပြသည့်အခါမျိုးတွင် အစိုးရ၏ အလားအလာရှိသောအကြမ်းဖက်မှုနှင့်ပတ်သက်၍ သတိပေးချက်များကို ပြည်သူလူထု ကြားရလျှင် အကျိုးရှိသည်ဟု Meta က ဆိုခဲ့သည်။ ဒေသန္တရမီဒီယာ (ကမ္ဘောဒီးယားနိုင်ငံရှိ ပြည်သူများက ၎င်းကို သေချာပေါက် ဖတ်ခွင့်ရရန် မလိုပါ) က ခြိမ်းခြောက်မှုများအကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ပြည်တွင်းမီဒီယာက သတင်းမထုတ်ပြန်ခဲ့ကြောင်း ကုမ္ပဏီ၏ ဒေသဆိုင်ရာအဖွဲ့များမှတစ်ဆင့် Meta က သိခဲ့ရသည်။ ဤအကဲဖြတ်ချက်ကို ထောက်ခံသည့်အနေဖြင့် Meta သည် ဟွန်ဆန် မိန့်ခွန်းထဲမှ အကြမ်းဖက်သောအပိုင်းများအတွက် မီဒီယာ သတင်းနှစ်ခုကို ကိုးကားခဲ့သည်- တစ်ခုမှာ Bangkok Post မှဖြစ်ပြီး နောက်တစ်ခုမှာ မကြာသေးမီက အစိုးရ၏ အပိတ်ခံလိုက်ရသော ကမ္ဘောဒီးယားအခြေစိုက် သီးခြားလွတ်လပ်သော သတင်းဌာနတစ်ခုဖြစ်သည့် Voice of Democracy ထံမှ ဖြစ်သည်။ ဤအခြေအနေများအောက်တွင် Facebook သည် "အလားအလာရှိသော အန္တရာယ်ကင်းရှင်းရေး အန္တရာယ်များအကြောင်း အသိပညာပြန့်ပွားရေးအတွက် အဓိကအခန်းကဏ္ဍတစ်ခုမှ ပါဝင်" နိုင်သည်ဟု Meta က ယုံကြည်သည်။ ဤဆက်စပ်အကြောင်းအရာနှင့်စပ်လျဉ်း၍ ဤအမှုရှိ အကြောင်းအရာတွင် "သမ္မတဟောင်းထရမ့်ကို ဆိုင်းငံ့ခြင်းနှင့် "တီဂရေး ဆက်သွယ်ရေးကိစ္စရပ်များဆိုင်ရာ အစိုးရဌာန" အမှုများတွင် လက်ခံစဉ်းစားခဲ့သော အကြောင်းအရာများကဲ့သို့ လက်ရှိဖြစ်ပေါ်နေဆဲ အကြမ်းဖက်မှု သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခ မပါဝင်ကြောင်း Meta က မှတ်ချက်ပြုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မကြာမီလာမည့် ရွေးကောက်ပွဲတစ်ခုရှိကြောင်းနှင့် ဟွန်ဆန်နှင့် CPP သည် အတိုက်အခံ နိုင်ငံရေးပုဂ္ဂိုလ်များနှင့် မီဒီယာကို နှိမ်နင်းခဲ့ကြောင်း Meta က အသိအမှတ်ပြုခဲ့သည်။
ကုမ္ပဏီသည် ဤမှတ်ချက်များကို ဟွန်ဆန် လုပ်ခဲ့သည့်အချိန်တွင် သူ့ရည်ရွယ်ချက်ကို သေချာအောင် လေ့လာစိစစ်၍ မရကြောင်း Meta က ရှင်းပြခဲ့သည်။ သို့သော် "နိုင်ငံရေး အတိုက်အခံများ လျော့ပါးစေရန် CPP က တရားရုံးတွင် တရားစွဲမှုများ ပြုလုပ်ခြင်းကို ထည့်သွင်းစဉ်းစားသည့်အခါ သူသည် အင်အားသုံးခြင်းထက် တရားရုံးများကို အသုံးပြုရန် ရွေးချယ်ထားပုံပေါ်သည်။ သို့သော် ၎င်းသည် အနာဂတ်တွင် အကြမ်းဖက်မှုဖြစ်နိုင်ခြေကို ဖယ်ရှားမပေးပါ" ဟု Meta က မှတ်ချက်ပြုခဲ့သည်။ ဘုတ်အဖွဲ့ထံမှ မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် Meta က ၎င်းသည် "နိုင်ငံရေးအတိုက်အခံများအပေါ် အကြမ်းဖက်မည် သို့မဟုတ် တရားရေးစနစ်ကို အသုံးပြုမည်ဟုခြိမ်းခြောက်သည့် မိန့်ခွန်းပြောခဲ့သော ဝန်ကြီးချုပ်ဟွန်ဆန်၏ ပုံစံအပါအဝင်" ကမ္ဘောဒီးယားရှိ လူ့အခွင့်အရေးအခြေအနေကို သိရှိခဲ့သည်ဟု ဆိုခဲ့သည်။
၎င်း၏ ဆုံးဖြတ်ချက်သည် ၎င်း၏ စံတန်ဖိုးများနှင့်သာမက နိုင်ငံတကာ လူ့အခွင့်အရေး အခြေခံမူများနှင့်လည်း တစ်သမတ်တည်းဖြစ်ကြောင်း Meta က ယုံကြည်သည်။ ဤအကြောင်းအရာသည် ဖယ်ရှားရန် မလိုအပ်ခဲ့ကြောင်း ဆုံးဖြတ်ရာတွင် အဓိကအကြောင်းခံများမှာ ဆက်စပ်အကြောင်းအရာနှင့် ဖြစ်အံ့ဆဲဆဲ အန္တရာယ်မရှိခြင်း ဖြစ်ကြောင်း Meta က ပြောခဲ့သည်။ ဤအမှုရှိ ခြိမ်းခြောက်မှုသည် "လက်ရှိဖြစ်ပေါ်နေဆဲ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် အကြမ်းဖက်ဖြစ်ရပ်တစ်ခုနှင့် မဆက်စပ်" ခဲ့သည့်အပြင် "တိကျမှုလည်း မရှိခဲ့ပါ"။ သို့သော် "ဖြစ်အံ့ဆဲဆဲ အကြမ်းဖက်မှုနှင့် ဆက်စပ်မှုမရှိသော်လည်း မည်သို့ပင်ဆိုစေကာမူ အာဏာရှင်အစိုးရက ထုတ်ပြန်သည့်အခါ ကြောက်ရွံ့မှုအခြေအနေတစ်ခုကို ဖြစ်စေနိုင်သည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရာတွင် စိန်ခေါ်မှု" ကို Meta က အသိအမှတ်ပြုခဲ့သည်။
ဘုတ်အဖွဲ့သည် မေးခွန်း ၁၅ ခုကို Meta ထံသို့ စာဖြင့်ရေးသား၍ မေးခဲ့သည်။ မေးခွန်းများသည် ဟွန်ဆန်၏ စာမျက်နှာများနှင့် အကောင့်များ၏ ယခင်ချိုးဖောက်မှုများ၊ သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို အသုံးချသည့်အခါ ထည့်သွင်းစဉ်းစားသော ဆက်စပ်အချက်များ၊ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို လိုက်နာစေရေး စည်းကမ်းထိန်းသိမ်းသည့်အခါ ထည့်သွင်းစဉ်းစားသော ဆက်စပ်အချက်များ၊ ကမ္ဘောဒီးယားရှိ အစိုးရအာဏာပိုင်များနှင့် Meta ၏ ဆက်သွယ်မှုများ၊ စောစီးစွာ တုံ့ပြန်မှုအပေါ် ဒုတိယအကြိမ် သုံးသပ်မှုအား အပြန်အလှန်စစ်ဆေးရန်စာရင်းနှင့် ကမ္ဘောဒီးယားရှိ ခမာ-ဘာသာစကား အကြောင်းအရာနှင့်ဆက်စပ်သော လုပ်ငန်းလည်ပတ်မှုနှင့် ထုတ်ကုန်ဆိုင်ရာအလုပ်အတွက် Meta ၏ အရင်းအမြစ်ခွဲဝေမှုတို့နှင့် ဆက်စပ်နေပါသည်။ Meta သည် မေးခွန်းအားလုံးကို ဖြေကြားခဲ့သည်။
၇။ အများမြင် မှတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ဤအမှုနှင့် စပ်လျဉ်း၍ အများမြင် မှတ်ချက် ၁၈ ခုကို လက်ခံရရှိခဲ့သည်။ မှတ်ချက်များအနက် ငါးခုကို အာရှပစိဖိတ်နှင့် သမုဒ္ဒရာပိုင်းမှ ပေးပို့ခဲ့ပြီး တစ်ခုမှာ အာရှအလယ်ပိုင်းနှင့် တောင်ပိုင်း၊ တစ်ခုမှာ လက်တင်အမေရိကနှင့် ကာရေဘီယန်၊ ၁၁ ခုမှာ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ အသီးသီးဖြစ်ကြသည်။
ပေးပို့မှုများတွင် ဖော်ပြပါအကြောင်းရာများ ပါဝင်သည်- ကမ္ဘောဒီးယားရှိ နိုင်ငံရေးဖိနှိပ်မှုနှင့် လူ့အခွင့်အရေးကို အရေးမလုပ်ခြင်းဆိုင်ရာ ဆက်စပ်အကြောင်းအရာ၊ Facebook ပေါ်တွင် ကမ္ဘောဒီးယား အစိုးရပုဂ္ဂိုလ်များ၏ လုပ်ရပ်များအတွက် ဒဏ်ခတ်မခံရခြင်းနှင့် ကမ္ဘောဒီးယားတွင် နိုင်ငံသားလွတ်လပ်ခွင့်များ ကျဆင်းနေသည့် အခြေအနေ။ ဟွန်ဆန်ထံမှ ခြိမ်းခြောက်မှုများနှင့် လှုံ့ဆော်မှုသည် နိုင်ငံရေးအတိုက်အခံများအကြား ကြောက်ရွံ့မှုအခြေအနေတစ်ခုကို ဖန်တီးရန်နှင့် ကမ္ဘောဒီးယားပြည်သူများကို အစိုးရအား မေးခွန်းထုတ်ခြင်းမှ တားဆီးရန် စနစ်တကျ အားထုတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များထံမှ အလေးပေးပြောဆိုခဲ့မှုကိုလည်း ဘုတ်အဖွဲ့က တိုက်ရိုက် ကြားသိခဲ့သည်။
ဤအမှုအတွက် ပေးပို့ထားသော အများမြင်မှတ်ချက်များကို ဖတ်ရှုရန် ကျေးဇူးပြု၍ ဤနေရာကို နှိပ်ပါ။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်
နိုင်ငံရေးခေါင်းဆောင်များက အကြမ်းဖက်မှုကို လှုံ့ဆော်ရန်နှင့် နိုင်ငံရေးအတိုက်အခံကို ပိတ်ချပစ်ရန် Meta ၏ ပလက်ဖောင်းများကို အသုံးပြုခြင်းရှိ၊ မရှိနှင့် အသုံးပြုနေသည်ဆိုလျှင် မည်သည့်အကျိုးဆက်များ ဖြစ်သင့်သည်ကို ဘုတ်အဖွဲ့က ဆန်းစစ်လေ့လာနိုင်မည့် အခွင့်အလမ်း ရရှိစေသောကြောင့် ဘုတ်အဖွဲ့သည် ဤအမှုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဤအမှုသည် Meta ၏ ပလက်ဖောင်းများကို အစိုးရ၏အသုံးပြုမှုအပြင် ရွေးကောက်ပွဲများနှင့် ပြည်သူများ လွတ်လပ်စွာစုဝေးရာနေရာနှင့်ပတ်သက်၍ ဘုတ်အဖွဲ့၏ ဦးစားပေးကိစ္စများအတွင်း ပါဝင်နေသည်။ Meta ၏ အကြောင်းအရာမူဝါဒများ၊ စံတန်ဖိုးများနှင့် လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို ဆန်းစစ်လေ့လာခြင်းဖြင့် ဤအကြောင်းအရာအား ဖယ်ရှားသင့်၊ မသင့်ကို ဘုတ်အဖွဲ့က စစ်ဆေးခဲ့သည်။
၈.၁ Meta ၏ အကြောင်းအရာမူဝါဒများကို လေးစားလိုက်နာခြင်း
၁။ အကြောင်းအရာ စည်းမျဉ်းများ
က။ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု
ဤအမှုရှိ အကြောင်းအရာသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းများကို ချိုးဖောက်ပြီး ပလက်ဖောင်းမှ ဖယ်ရှားသင့်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
တင်ထားသောဗီဒီယိုတွင် ဟွန်ဆန်၏ နိုင်ငံရေးအတိုက်အခံများအပေါ် သာမန်အဆင့် အကြမ်းဖက်မှု (ပြင်းထန်သည့် ထိခိုက်ဒဏ်ရာ) သာမက ဆိုးရွားပြင်းထန်သည့် အကြမ်းဖက်မှု (သေဆုံးနိုင်ခြေနှင့် အခြား ဆိုးရွားပြင်းထန်သည့် အကြမ်းဖက်မှုပုံစံ) ကိုပါ လှုံ့ဆော်ရန် ရည်ရွယ်ချက်ကို ပြတ်ပြတ်သားသား ရေးသားဖော်ပြမှုများ ပါဝင်ခဲ့ကြောင်းနှင့် ယင်းက ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ပိုမိုကျယ်ပြန့်သော နိုင်ငံရေးဆက်စပ်အခြေအနေက ထိုကောက်ချက်ကို အားဖြည့်ပေးထားသည်- ဟွန်ဆန်နှင့် သူ့ပါတီဝင်များသည် ၎င်းတို့၏ အတိုက်အခံနှင့် ထိုသူများအား ထောက်ခံသူများအပေါ် ထပ်ခါတလဲလဲ ခြိမ်းခြောက်ခဲ့ရုံမက အကြမ်းဖက်မှုလည်း ပြုလုပ်ခဲ့ကာ ၎င်းတို့၏ ခြိမ်းခြောက်မှုများအကြောင်း ဆက်သွယ်ပြောပြရန် လူမှုကွန်ရက်ကို မကြာခဏ အသုံးပြုခဲ့သည်။ ဤအကြမ်းဖက်မှုနှင့် ဖိနှိပ်မှု သမိုင်းကြောင်းသည် အဆိုပါခြိမ်းခြောက်မှုများကို ပို၍ယုံကြည်လက်ခံလာစေပြီး ဤဆက်စပ်အခြေအနေတွင် ယင်းကဲ့သို့ ရေးသားဖော်ပြချက်များသည် ဤမူဝါဒကို ပြင်းပြင်းထန်ထန် ချိုးဖောက်သည့်သဘော သက်ရောက်သည်။ ဘုတ်အဖွဲ့၏ အမြင်အရ “we don’t incite people and encourage people to use force (ကျွန်တော်တို့က ပြည်သူတွေကို မလှုံ့ဆော်ဘူး။ အင်အားသုံးဖို့လည်း မတိုက်တွန်းဘူး)” ဟူသော ဟွန်ဆန်၏ ဝတ်ကျေတမ်းကျေ အာမခံချက်သည် မိန့်ခွန်း၏ ရှင်းလင်းသော သတင်းစကားနှင့် ဆန့်ကျင်လျက်ရှိပြီး ယုံကြည်လက်ခံနိုင်ဖွယ်မရှိပါ။ ကနဦး စိစစ်သုံးသပ်သူများ၏ ကောက်ချက်ချမှုနှင့်ပတ်သက်၍ ဘုတ်အဖွဲ့က စိုးရိမ်ပြီး စိတ်ရှုပ်သော်လည်း Meta ၏ နိုင်ငံအရေး ကျွမ်းကျင်သူများက စိစစ်သုံးသပ်ပြီးနောက် ပို့စ်သည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု စံနှုန်းကို ချိုးဖောက်ခဲ့သည်ဟု အသိအမှတ်ပြုထားမှုကို ဂရုပြုမိသည်။
ဘုတ်အဖွဲ့ထံမှ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် "သီးခြားရပ်တည်နေသော အတိုက်အခံပုဂ္ဂိုလ်များအား တရားစွဲရန် သို့မဟုတ် တရားရေးစနစ်အသုံးပြုရန် ခြိမ်းခြောက်မှုများသည် ကိုယ်ထိလက်ရောက် အကြမ်းဖက်ရန် ခြိမ်းခြောက်မှု မပါဝင်သောကြောင့် ၎င်းတို့သည် [ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု] မူဝါဒကို မချိုးဖောက်ပါ" ဟု Meta က ဆိုခဲ့သည်။ "လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် တရားရေးရာ လုပ်ငန်းစဉ်တစ်ခုကို အသုံးပြုရန် အစိုးရ၏ ခြိမ်းခြောက်မှုက လွန်ကဲခြင်းရှိ၊ မရှိ သီးခြားလွတ်လပ်စွာ ဆုံးဖြတ်နိုင်သည့် အနေအထားတွင်မရှိပါ" ဟု ရှင်းပြခြင်းဖြင့် Meta က အဆိုပါရပ်တည်ချက်ကို အကျိုးအကြောင်းသင့် ရှင်းပြခဲ့သည်။
ခြိမ်းခြောက်မှုများက အမှန်တကယ် "သက်သက်စီ" ဖြစ်နေသည့်အခါမျိုးတွင် ထိုချဉ်းကပ်နည်းက သင့်လျော်ဖွယ်ရှိသော်လည်း ဤအမှုတွင် ထိုသို့မဟုတ်ပါ။ အတိုက်အခံအပေါ် အကြမ်းဖက် ခြိမ်းခြောက်မှုများကို လုပ်ခဲ့ဖူးသည့် သမိုင်းကြောင်းရှိသော အစိုးရများက Meta ၏ ပလက်ဖောင်းများကို အသုံးပြုသည့်အခါ နိုင်ငံရေးအတိုက်အခံများအပေါ် တရားရေးစနစ် အသုံးပြုရန် ခြိမ်းခြောက်မှုများသည် ခြိမ်းခြောက်ခြင်း သို့မဟုတ် အကြမ်းဖက်မှုဖြင့် ခြောက်လှန့်ခြင်း သဘောမျိုး ရှိ၊ မရှိ အကဲဖြတ်ရန် ကုမ္ပဏီသည် ၎င်း၏ ဒေသန္တရအဖွဲ့များနှင့် ကျွမ်းကျင်သူများကို အားကိုးရမည်။ ဦးဆောင်ပါတီက တရားရုံးများကို ထိန်းချုပ်ပြီး အတိုက်အခံကို ဖိနှိပ်ရန် ပုံမှန်အသုံးပြုသည့် ကမ္ဘောဒီးယားနိုင်ငံအခြေအနေတွင် ဝန်ကြီးချုပ်က သူ၏ အတိုက်အခံကို တရားရေးစနစ်အသုံးပြု၍ စစ်ဆေးမည်ဟု ခြိမ်းခြောက်ခြင်းသည် အကြမ်းဖက် ခြိမ်းခြောက်မှုသဘော သက်ရောက်သည်။ "ညသန်းခေါင်" တွင် အတိုက်အခံကို ဖမ်းဆီးရန် ခြိမ်းခြောက်မှုများသည် လျော်ကန်သောလုပ်ငန်းစဉ်နှင့် တစ်သမတ်တည်းမဖြစ်ပါ။ တရားရုံးများကို အလွဲသုံးစားလုပ်၍ ဟွန်ဆန်၏ ခြိမ်းခြောက်မှုကိုခံရဖူးသည့် မှတ်တမ်းရှိသူများသည် နောက်ပိုင်း၌ အထက်တွင် မှတ်တမ်းတင်ထားသော ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုအတွက် ပစ်မှတ်များ ဖြစ်လာကြောင်းလည်း ဘုတ်အဖွဲ့က သတိမူမိသည်။
ခ။ သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်
အကြောင်းအရာကို ပလက်ဖောင်းပေါ်တွင် ထားရှိခြင်းကြောင့် ဖြစ်လာမည့် ရှိရင်းစွဲအန္တရာယ်သည် မိန့်ခွန်းကို လူသိရှင်ကြားထုတ်ပြန်လိုက်ပြီး ရရှိလာမည့် အများပြည်သူအကျိုးစီးပွားထက် အလေးသာသဖြင့် ဤအမှုတွင် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို အသုံးချခြင်းသည် Meta ၏ မှားယွင်းမှုဖြစ်ကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။
သတင်းဖြစ်လောက်သော အကြောင်းအရာအတွက် Meta ၏ ချဉ်းကပ်နည်းအရ အကြောင်းအရာသည် ပြောသူတစ်ဦးတည်းပေါ်အခြေခံ၍ ပင်ကိုအားဖြင့် သတင်းဖြစ်လောက်ကြောင်း မှတ်ယူခြင်းမရှိပါ။ ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်ပေးရာတွင် ဤအမှု၌ ကုမ္ပဏီက သတင်းဖြစ်လောက်မှု ခြွင်းချက်ကို အသုံးချရန် ဆုံးဖြတ်ရာတွင် အကြောင်းအရာကိုယ်၌၏ ပြင်ပရှိ အချက်အနည်းငယ်ကို အလေးပေးခဲ့ကြောင်း Meta က အစီရင်ခံခဲ့သည်။ Meta သည် "သီးခြားလွတ်လပ်သော စာနယ်ဇင်းမရှိမှု၊ နိုင်ငံရေးအတိုက်အခံအပေါ် ဟွန်ဆန်၏ ဖိနှိပ်ခဲ့မှု သတင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများထံမှ အစီရင်ခံစာများအပါအဝင် နိုင်ငံအလိုက် အခြေအနေများနှင့် ကမ္ဘောဒီးယားရှိ နိုင်ငံရေးဖွဲ့စည်းပုံ" နှစ်ခုလုံးကို ထည့်သွင်းစဉ်းစားခဲ့သည်။
ဘုတ်အဖွဲ့၏ မေးခွန်းများကို တုံ့ပြန်ရာတွင် Meta က ယခုဖြစ်နေသည့် ခြိမ်းခြောက်မှုများအကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြမှု မရှိခြင်းသည် ကမ္ဘောဒီးယားပြည်သူများအတွက် သတိပေးချက်တစ်ခုအဖြစ် အကြောင်းအရာ၏ အများပြည်သူအကျိုးစီးပွားတန်ဖိုးနှင့် တိုက်ရိုက်ပတ်သက်နေခဲ့သည်ဟု ဆိုခဲ့သည်။ ၎င်းသည် ဒေသန္တရမီဒီယာများက ခြိမ်းခြောက်မှုများအကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပါမိန့်ခွန်းကို ပြည်တွင်းသတင်းများတွင် ဖော်ပြခဲ့ခြင်းမရှိဟူသော ကုမ္ပဏီ၏ အကဲဖြတ်ချက်ပေါ် အခြေခံခဲ့သည်။ ဤအကဲဖြတ်ချက်ကို ထောက်ခံသောအားဖြင့် Meta က ကိုးကားခဲ့သော မီဒီယာသတင်းဌာနများအနက် တစ်ခုဖြစ်သည့် ကမ္ဘောဒီးယားအခြေစိုက် Voice of Democracy သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပိတ်သိမ်းမခံရမီ ဟွန်ဆန်၏ မိန့်ခွန်းရှိ အကြမ်းဖက် ခြိမ်းခြောက်မှုများအကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ၎င်းကို၎င်း "လွတ်လပ်သော ပြည်တွင်း မီဒီယာသတင်းဌာန" တစ်ခုအဖြစ်လည်း ကိုယ်စားပြုခဲ့ကြောင်း ဘုတ်အဖွဲ့က ဂရုပြုမိသည်။ ကျွမ်းကျင်သူများက ပံ့ပိုးပေးသော အစီရင်ခံစာတစ်ခု၌ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားရှိ "အရည်အချင်း ပြည့်မီသော" ပရိသတ် (ဆိုလိုသည်မှာ အသက် ၁၃ နှစ်အထက်လူများ) ၏ ၈၂.၆% သည် Facebook အသုံးပြုကြောင်း တွေ့ရှိခဲ့သည်။ လူမှုကွန်ရက် အသုံးပြုရသည့် အကြောင်းရင်းများကို ဆွေးနွေးကြရာဝယ် ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် အင်တာနက်သည် "ကမ္ဘောဒီးယားပြည်သူများအတွက် သတင်းနှင့် အချက်အလက်ရရှိရာ အဓိကရင်းမြစ်များမှတစ်ခုဖြစ်လာပြီး လူမှုကွန်ရက်သည် အစိုးရလွှမ်းမိုးမှု ကင်းစင်သည့် ပိုမိုကွဲပြားသော အကြောင်းအရာများကို တစ်ဟုန်ထိုး တိုးပွားလာစေသည်" ဟု Freedom House က အစီရင်ခံသည်။ "ပြည်သူများအား နိုင်ငံရေးမိန့်ခွန်းကို ကြားသိခွင့်ပြုပြီး ရရှိလာသော များပြားသည့် အများပြည်သူ အကျိုးစီးပွားသည် . . . အန္တရာယ်ဖြစ်နိုင်ခြေထက် အလေးသာကြောင်း" ဆုံးဖြတ်ချက်အတွက် အကြောင်းရင်းခံစာမှာ မိန့်ခွန်းထဲရှိ "အနည်းငယ် မပြတ်မသားဖြစ်နေသော ခြိမ်းခြောက်မှု သဘောသဘာဝ" ဖြစ်ပြီး သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ပေးရန် လုံလောက်စေခဲ့သည်ဟုလည်း Meta က မှတ်ချက်ပြုခဲ့သည်။
နိုင်ငံရေးခေါင်းဆောင်များ၏ ချိုးဖောက်ထားသည့် မိန့်ခွန်းကို အကဲဖြတ်သည့်အခါ သိမ်မွေ့သောချိန်ခွင်လျှာကို ထိရမည်ဆိုသည်ကို ဘုတ်အဖွဲ့က လက်ခံထားသည်။ ကမ္ဘောဒီးယားတွင် လူမှုကွန်ရက်အပေါ် အားထားမှု အလွန်မြင့်မားသည့်အပြင် အစိုးရက နိုင်ငံတွင်းရှိ လွတ်လပ်သော သမားရိုးကျမီဒီယာအားလုံးနီးပါးကို ပိတ်လိုက်သောကြောင့် ပြည်သူများသည် လွတ်လပ်ပြီး ဘက်မလိုက်သောသတင်းကို အခြားချန်နယ်များမှတစ်ဆင့် ရရှိရန် ခက်ခဲသွားသည်။ ထို့အပြင် ဟွန်ဆန် အစိုးရ၏ အဖွဲ့ဝင်များသည် ယင်းကဲ့သို့သောမိန့်ခွန်းဖြင့် ပုံမှန်ဆက်ဆံပြောလိုလေ့ရှိကြောင်း ကမ္ဘောဒီးယားရှိပြည်သူအများစုက သိလိမ့်မည်ဟု ဘုတ်အဖွဲ့က မှတ်ချက်ပြုသော်လည်း ကမ္ဘောဒီးယားပြည်သူများအနေဖြင့် ၎င်းတို့၏ခေါင်းဆောင်က သူ့ကိုအတိုက်အခံပြုသူအပေါ် မည်သို့မည်ပုံ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ကို မြင်တွေ့နိုင်သင့်သည်ဟူသော ပွင့်လင်းမြင်သာမှုဆိုင်ရာ ခိုင်မာသော အငြင်းအခုံတစ်ရပ်လည်းရှိသည်။
သို့သော် လူမှုကွန်ရက်တွင် ဟွန်ဆန်၏ ပျံ့နှံ့ရောက်ရှိမှုကို ထည့်သွင်းစဉ်းစားလျှင် ယင်းကဲ့သို့သောမိန့်ခွန်းကို ပလက်ဖောင်းပေါ်တွင် ခွင့်ပြုခြင်းသည် သူ၏ ခြိမ်းခြောက်မှုများကို ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့စေသည်။ ယင်းကဲ့သို့သော သက်ရောက်မှု အတိုင်းအတာအထိ Meta ၏ ပလက်ဖောင်းများကို အသုံးချ အမြတ်ထုတ်လိုက်ခြင်းကြောင့် ၎င်းသည် ခြိမ်းခြောက်မှုများကို ပိုမိုပျံ့နှံ့ရောက်ရှိစေခြင်းဖြင့် အဆိုပါထိခိုက်မှုများပြုလုပ်ခြင်းကို ပံ့ပိုးကူညီရာရောက်ပြီး အမှန်တကယ် ကြောက်ရွံ့ထိတ်လန့်အောင် လုပ်ဆောင်ခြင်းလည်း ဖြစ်လာစေနိုင်သည်။ ၎င်းသည် ဟွန်ဆန်၏ ခြိမ်းခြောက်မှုများကို အစီရင်ခံသော ကြားခံပြင်ပအဖွဲ့အစည်းများ၏ ပို့စ်မဟုတ်ဘဲ အဆိုပါခြိမ်းခြောက်မှုများကို သိရှိအောင်ပြောဆိုထားသော ဟွန်ဆန်၏ တရားဝင် Facebook အကောင့်ပေါ်ရှိ ပို့စ်တစ်ခု ဖြစ်ခဲ့သည်။
သီးခြားလွတ်လပ်သော မီဒီယာနှင့် နိုင်ငံရေးအတိုက်အခံပြုသူအပေါ် နှောင့်ယှက်ရန်နှင့် ခြိမ်းခြောက်ရန် နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ စဉ်ဆက်မပြတ် စည်းရုံးလှုံ့ဆော်မှုသည် ချိုးဖောက်ထားသော အကြောင်းအရာ ဖယ်ရှားမခံရဘဲ အကောင့်တွင် ပြစ်ဒဏ်များ ချမှတ်မခံရစေသည့် သတင်းဖြစ်လောက်မှု အကဲဖြတ်ချက်ဘောင်အတွင်း ထည့်စဉ်းစားသည့် အခြေခံအကြောင်းရင်းတစ်ချက် ဖြစ်လာနိုင်သည်ကို ဘုတ်အဖွဲ့က စိုးရိမ်ပူပန်သည်။ ယင်းကဲ့သို့သောအပြုအမူကို အားမပေးသင့်ပါ။ အစိုးရက သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ခြင်းဖြင့် ၎င်း၏ ကိုယ်ပိုင်အကြောင်းအရာကို ပို၍သတင်းဖြစ်လောက်အောင် လုပ်ထားသည့် အခြေအနေများ၌ အစိုးရမိန့်ခွန်းတွင် ခွင့်ပြုချက်ကို အသုံးမချစေရန် သတင်းဖြစ်လောက်မှု ရှိ၊ မရှိ လက်ခံစဉ်းစားသည့်အခါ Meta အနေဖြင့် သတင်းလွတ်လပ်ခွင့်ကို ပို၍အလေးထားသင့်သည်။
ဤချိုးဖောက်ထားသော အကြောင်းအရာကို ကြည့်ရှုသောလူများသည် ၎င်းကိုလှုံ့ဆော်မှုဟု အရှိကိုအရှိအတိုင်း မြင်၍ သဘောတူကြမည်မဟုတ်ဟု Meta ဘက်ကလည်း ယူဆထားပုံရသည်။ သို့သော် ကမ္ဘောဒီးယားတွင် ယင်းကဲ့သို့ငြင်းဆိုကန့်ကွက်မှုကို ဖော်ပြခြင်းအတွက် အခွင့်အရေးအကန့်အသတ်ရှိပြီး ဤချိုးဖောက်ထားသော အကြောင်းအရာကို ပလက်ဖောင်းပေါ်တွင် ဆက်ထားခွင့်ပြုခြင်းသည် နိုင်ငံရေးခေါင်းဆောင်များထံမှ အကြမ်းဖက်မှုကိုလှုံ့ဆော်သော မိန့်ခွန်းကို ပုံမှန်အရာဟုထင်မြင်နိုင်သည့် အန္တရာယ်ပိုများစေသည်။ ငြင်းခုံဆွေးနွေးမှုကို အသိပေးတင်ပြခြင်းထက် ဤအမှုတွင် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို အသုံးချခြင်းသည် ဟွန်ဆန်၏ မီဒီယာနယ်ပယ်တွင်း လွှမ်းမိုးချုပ်ကိုင်မှုကို အလေးသာစေပြီး လူထု၏ လွတ်လပ်သော ပြောဆိုမှုကို ထပ်၍အဟန့်အတားဖြစ်စေပါလိမ့်မည်။
သတင်းဖြစ်လောက်သော အကြောင်းအရာအတွက် Meta ၏ ချဉ်းကပ်ပုံချဉ်းကပ်နည်းသည် အများပြည်သူအကျိုးစီးပွားနှင့် ထိခိုက်မှုအန္တရာယ်ဖြစ်နိုင်ခြေကို ချိန်ဆသုံးသပ်သည်။ သို့သော် လူသိများသောပုဂ္ဂိုလ်များက အကြမ်းဖက်မှုကို တိုက်ရိုက်လှုံ့ဆော်ရန် Meta ၏ ပလက်ဖောင်းများကို အသုံးပြုသည့်ဖြစ်ရပ်များတွင် ဤချိန်ဆသုံးသပ်သော စစ်ဆေးမှုကို ဖြည့်ဆည်းဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ လှုံ့ဆော်သောမိန့်ခွန်းတွင် လုံလောက်သော အများပြည်သူ အကျိုးစီးပွားရှိလျှင် ၎င်းကို ကြားခံပြင်ပ သတင်းရေးသားထုတ်ပြန်မှုပုံစံအချို့ဖြင့် အစီရင်ခံပါမည်။ လူသိများသောပုဂ္ဂိုလ်တစ်ဦး၏ အကြမ်းဖက်မှု လှုံ့ဆော်ခြင်းကို ထောက်ခံခြင်းမပြုဘဲ ၎င်းကို အစီရင်ခံသည့်၊ အသိပညာပေးသည့်၊ ရှုတ်ချသည့် သို့မဟုတ် မှတ်ချက်ပေးသည့် အကြောင်းအရာကို မတားမြစ်သင့်သော်လည်း Meta အနေဖြင့် သတင်းဖြစ်လောက်မှုကို အကြောင်းပြ၍ တိုက်ရိုက်ခြိမ်းခြောက်မှုကို ၎င်း၏ ပလက်ဖောင်းများပေါ်တွင် ဆက်လက်ခွင့်ပြု၍မရပါ။
၂။ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်
ဤအမှုတွင် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်းနှင့် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်သည့်အတွက် အကြောင်းအရာကို ဖယ်ရှားသင့်ကြောင်း ဘုတ်အဖွဲ့က ယူဆသည်။ ဤအမှုတွင်ကဲ့သို့ အထူးသဖြင့် ရွေးကောက်ပွဲတစ်ခုအတွင်း နိုင်ငံရေးအတိုက်အခံပြုမှုကို ဖိနှိပ်ရန် ရည်ရွယ်၍ အကြမ်းဖက်မှုနှင့် လက်တုံ့ပြန်မှု ပြုလုပ်မည်ဟူသော ခြိမ်းခြောက်မှုများကို ပိုမိုပျံ့နှံ့ရောက်ရှိစေရန်အတွက် Meta ၏ ပလက်ဖောင်းများကို ကိရိယာတစ်ခုအဖြစ် အသုံးမပြုရန် အလွန်အရေးကြီးသည်။ ထို့အပြင် အကြမ်းဖက်မှု၏ ဆိုးဝါးပြင်းထန်မှုအဆင့်၊ ကမ္ဘောဒီးယားရှိ နိုင်ငံရေးအခြေအနေ၊ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု သမိုင်းကြောင်း၊ ဟွန်ဆန်က ၎င်းကိုအတိုက်အခံပြုသူများအပေါ် အကြမ်းဖက်ရန်လှုံ့ဆော်သော သမိုင်းကြောင်းနှင့် ယင်းကဲ့သို့သော ခြိမ်းခြောက်မှုများကို ပိုမိုပျံ့နှံ့ရောက်ရှိစေရန် သူ၏ လူမှုကွန်ရက်အသုံးပြုသည့် နည်းလမ်းများကို ထည့်သွင်းစဉ်းစားပါက Meta အနေဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ တရားဝင် Facebook စာမျက်နှာနှင့် Instagram အကောင့်တို့ကို ချက်ချင်းဆိုင်းငံ့သင့်ကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။ ကနဦး၌ ဆိုင်းငံ့ထားမည့် ကြာချိန်ကို ဆုံးဖြတ်ရန်မှာ ဘုတ်အဖွဲ့၏အခန်းကဏ္ဍ မဟုတ်သော်လည်း အခြေအနေကို စိစစ်သုံးသပ်နိုင်ရန်နှင့် တိကျသော ကာလတစ်ခု သတ်မှတ်နိုင်ရန်အတွက် Meta ကို အချိန်ပေးရန် စာမျက်နှာနှင့် အကောင့်ကို အနည်းဆုံး ခြောက်လကြာအထိ ဆိုင်းငံ့သင့်ကြောင်း ဘုတ်အဖွဲ့က ယူဆသည်။ ထို့အပြင် ဆိုင်းငံ့ခြင်းကို မရပ်စဲမီ Meta သည် ဒေသတွင်း ကျွမ်းကျင်သူများကို သက်ဆိုင်ရာအချက်အလက်များကို မျှဝေရန် ဖိတ်ခေါ်ကာ အများပြည်သူ အန္တရာယ်ကင်းရှင်းရေးအတွက် အန္တရာယ်ဖြစ်နိုင်ခြေသည် လျော့ပါးသွားခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန် အကဲဖြတ်ချက်တစ်ခု ဆောင်ရွက်သင့်သည်။
"သမ္မတဟောင်းထရမ့်ကို ဆိုင်းငံ့ခြင်း" အမှုရှိ ဘုတ်အဖွဲ့၏ အကြံပြုချက်များကို ၎င်း၏တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် Meta သည် လူသိများသောပုဂ္ဂိုလ်များ၏ အကောင့်များကို ကန့်သတ်ခြင်း ဆိုင်ရာ မူဝါဒတစ်ရပ်ကို ဖန်တီးခဲ့သည် (အထက်ပါ အပိုင်း ၄ ကို ကြည့်ပါ)။ ဤမူဝါဒသည် "ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှု သို့မဟုတ် လူထုမငြိမ်သက်မှုအတွင်း အကြောင်းအရာများကို တင်သော လူသိများသောပုဂ္ဂိုလ်များ" အပေါ် သက်ရောက်သည်။ ကျယ်ပြန့်သော နိုင်ငံရေးဖိနှိပ်မှုနှင့် နိုင်ငံရေးအတိုက်အခံပြုသူများအပေါ် ထပ်တလဲလဲ အကြမ်းဖက်မှုလုပ်ရပ်များ၏ နောက်ခံအချက်အလက်ပေါ် မူတည်၍ ဘုတ်အဖွဲ့သည် Meta နှင့် သဘောထားကွဲလွဲပြီး ကမ္ဘောဒီးယားရှိ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအထိ အရှိန်မြင့်တက်လာမှုသည် ဆက်လက်ဖြစ်ပေါ်နေသော အကြမ်းဖက်မှု အခြေအနေတစ်ခုနှင့် ညီမျှကြောင်း တွေ့ရှိသည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် အမေရိကန်ပြည်ထောင်စု Capitol အဆောက်အဦအား တိုက်ခိုက်မှုပြီးနောက်တွင် မူဝါဒကို ဖန်တီးခဲ့သော်လည်း "ဆက်လက်ဖြစ်ပေါ်နေဆဲ အကြမ်းဖက်မှု သို့မဟုတ် လူထုမငြိမ်သက်မှုအတွင်း လူသိများသောပုဂ္ဂိုလ်က အကြောင်းအရာတင်သည့်အမှုတွင် Meta ၏ စံကန့်သတ်ချက်များက ချိုးဖောက်မှုအတိုင်းအတာနှင့် အချိုးညီမျှမှုမရှိနိုင်သည့်အခါ သို့မဟုတ် နောက်ထပ်အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချရန် မလုံလောက်သည့်အခါ" မူဘောင်တစ်ရပ် ပြဋ္ဌာန်းရန် ၎င်းကို ဖန်တီးခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ မူဝါဒသည် "ဆက်လက်ဖြစ်ပေါ်နေဆဲ အကြမ်းဖက်မှု" နှင့် "လူထုမငြိမ်သက်မှု" ကို အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိသော်လည်း ဤအမှုသည် မူဝါဒ၏ ဆိုလိုရင်းနှင့် ရှင်းလင်းစွာ ကိုက်ညီမှုရှိပါသည်။ အဆက်မပြတ် ဖြစ်ပွားနေသော အကြမ်းဖက်မှုဖြစ်ရပ်တစ်ခု သို့မဟုတ် လူထုမငြိမ်သက်မှုကာလ ရှိနေသည့်အချိန်သာမက နိုင်ငံရေးခေါင်းဆောင်များက ကျယ်ပြန့်သော ဖိနှိပ်မှုနှင့် ထပ်တလဲလဲ အကြမ်းဖက်မှုလုပ်ရပ်များဖြင့် သဘောထားကွဲလွဲမှုနှင့် လူထုမငြိမ်သက်မှုကို ကြိုတင်နှိမ်နင်းရန် နိုင်ငံတော်ကို ကျောထောက်နောက်ခံပြုထားသည့် အကြမ်းဖက် ခြိမ်းခြောက်မှုကို အသုံးပြုသည့် လူထု "ငြိမ်းချမ်းမှု" ကာလများတွင်လည်း အကြမ်းဖက်မှုသည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ Meta အနေဖြင့် ၎င်း၏ ပလက်ဖောင်းများတွင် အကြောင်းအရာများတင်သည့် လူသိများသောပုဂ္ဂိုလ်များအပေါ် မူဝါဒသက်ရောက်သင့်သည့် အခြေအနေများ၏ အတိုင်းအတာကို လူသိရှင်ကြား ရှင်းလင်းဖော်ပြရန် လိုအပ်ကြောင်း ဘုတ်အဖွဲ့က ယူဆထားသော်လည်း ဤအမှုတွင် မူဝါဒကို သက်ရောက်ပြဋ္ဌာန်းရမည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။
မူဝါဒအရ ကန့်သတ်ချက်တစ်ခု ချမှတ်ခြင်းအတွက် သတ်မှတ်စံနှုန်း သုံးရပ်ရှိသည်။ ပထမဦးစွာ ချိုးဖောက်မှု၏ ဆိုးဝါးပြင်းထန်မှုအဆင့်နှင့် Meta ၏ ပလက်ဖောင်းများပေါ်ရှိ လူသိများသောပုဂ္ဂိုလ်၏ သမိုင်းကြောင်းဖြစ်သည်။ လူများ၏အိမ်များသို့ အကြမ်းဖက်လူအုပ်များ စေလွှတ်ရန် လှုံ့ဆော်မှုသည် အမြင့်ဆုံး ပြင်းထန်မှုအဆင့်ဖြစ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ပလက်ဖောင်းများပေါ်တွင်သာမက ပလက်ဖောင်းပြင်ပတွင်ပါ သူ့ကိုအတိုက်အခံပြုသူများအပေါ် အကြမ်းဖက်စေရန် ဟွန်ဆန်က အောင်မြင်စွာလှုံ့ဆော်ခဲ့သည့် သမိုင်းကြောင်းနှင့် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒကို ချိုးဖောက်ခြင်းကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် သူ၏စာမျက်နှာမှ အကြောင်းအရာ ဖယ်ရှားခံလိုက်ရခြင်းတို့က ဤအချက်ကို အားဖြည့်ပေးနေသည်။ ဒုတိယ သတ်မှတ်စံနှုန်းသည် အကြမ်းဖက်မှုတွင်ပါဝင်သော လူပုဂ္ဂိုလ်များအပေါ် လူသိများသောပုဂ္ဂိုလ်၏ အလားအလာရှိသော လွှမ်းမိုးမှုနှင့် ၎င်းတို့နှင့် ပတ်သက်မှုဖြစ်သည်။ ထပ်မံ၍ ၎င်းသည် အမြင့်ဆုံးအဆင့်တွင် ရှိနေသည်။ ဟွန်ဆန်သည် သူ့ပါတီ၊ စစ်တပ်၊ ဥပဒေစိုးမိုးရေးနှင့် ကမ္ဘောဒီးယား၏ တရားစီရင်ရေးအပေါ် ထိန်းချုပ်မှုအပြည့်အဝရှိသည့်အပြင် လူဦးရေတစ်စိတ်တစ်ပိုင်းထံမှ မြင့်မားသော သစ္စာစောင့်သိမှုလည်း ရရှိထားသော ဝန်ကြီးချုပ်တစ်ဦးဖြစ်သည်။ ဤမိန့်ခွန်းသာမက ယခင်ကပြုလုပ်ခဲ့သည့် လှုံ့ဆော်မှုများကြောင့် သူ့ပစ်မှတ်များအပေါ် အကြမ်းဖက်မှု ကျူးလွန်စေခဲ့သည့်အချက်က သူ့ဩဇာလွှမ်းမိုးမှုကို ရှင်းလင်းစွာပြသနေပါသည်။ နောက်ဆုံးသတ်မှတ်စံနှုန်း၊ အကြမ်းဖက်မှု၏ ဆိုးဝါးပြင်းထန်မှုအဆင့်နှင့် သက်ဆိုင်သည့် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုတို့သည်လည်း ကိုက်ညီမှုရှိသည်။ မိန့်ခွန်းသည် လက်နက်ကိုင် တိုက်ခိုက်မှုများ ကို လှုံ့ဆော်ခဲ့ပြီး ယခင်က ထိုကဲ့သို့ လှုံ့ဆော်မှုများသည် လူသတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဟွန်ဆန်၏ မိန့်ခွန်းရှိ ခြိမ်းခြောက်မှုများသည် "အတိအကျမရှိခဲ့ပါ" ဟူသော Meta ၏ ကောက်ချက်နှင့်ဆန့်ကျင်လျက် သူသည် နိုင်ငံရေးအတိုက်အခံအဖွဲ့၏ အနည်းဆုံးအဖွဲ့ဝင်တစ်ဦးကို အမည်တပ်၍ ရည်ညွှန်းခဲ့သည်ဟုလည်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။
နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို ၎င်း၏ပလက်ဖောင်းများမှ ဆိုင်းငံ့မည်၊ မဆိုင်းငံ့မည်နှင့် ယင်းကဲ့သို့သောဆိုင်းငံ့မှု၏ ကြာချိန်ကို စဉ်းစားရာတွင် မူဝါဒအောက်တွင် ဖော်ပြထားသော အချက်များအပြင် Meta အနေဖြင့် ပလက်ဖောင်းပေါ်ရှိ အပြုအမူကို အကဲဖြတ်သည့်အခါ ရည်ညွှန်းပါနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ ဆက်စပ်အကြောင်းအရာနှင့် လူ့အခွင့်အရေး အခြေအနေတို့ကိုလည်း ထည့်တွက်သင့်သည်။ ဤအမှုတွင် စိစစ်သုံးသပ်နေသည့် အကြောင်းအရာကဲ့သို့ အကြောင်းအရာမျိုးကို ၎င်း၏ဆက်စပ်အကြောင်းအရာမှ သီးခြားခွဲ၍ Meta ၏ မူဝါဒများကို ချိုးဖောက်မှုတစ်ရပ်အဖြစ် ရှုမြင်ခြင်းသည် ဤမိန့်ခွန်းနှင့် ၎င်းကဲ့သို့ အခြားအရာများက ပြင်ပကမ္ဘာတွင် အကြမ်းဖက်မှု ပါဝင်နေသည့် ခြိမ်းခြောက်မှုပြုလုပ်ရန် ဆက်လက်ဆောင်ရွက်နေဆဲနှင့် မှန်းဆထားသော အားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟူသော အမှန်တရားကို လျစ်လျူရှုသည်။ ထို့အပြင် တကယ့်အကြမ်းဖက်မှု ဖြစ်လာခြင်းသည် လူမှုကွန်ရက်တွင် ပြုလုပ်သော ခြိမ်းခြောက်မှုများအပေါ် အလေးအနက်ထားသင့်ကြောင်း ခိုင်မာသွားစေပြီး ဤပလက်ဖောင်းပြင်ပလုပ်ရပ်များသည် ပလက်ဖောင်းပေါ်တွင်လည်း အရေးပါလာစေသည်။ ဤဆုံးဖြတ်ချက် အစောပိုင်းတွင် မှတ်ချက်ပြုထားသည့်အတိုင်း ဟွန်ဆန်သည် သူ့ကိုအတိုက်အခံပြုသူအပေါ် သွယ်ဝိုက်ခြိမ်းခြောက်မှုများနှင့် အတိအလင်းခြိမ်းခြောက်မှုများအပြင် သူထိန်းချုပ်ခွင့်ဆက်လက်ရရှိရေးကို ထိခိုက်စေနိုင်သူဟု သူထင်မြင်သော မည်သူ့အပေါ်မဆို သူပြုလုပ်သည့် ခြိမ်းခြောက်မှုများကို ပိုမိုပျံ့နှံ့ရောက်ရှိစေရန် လူမှုကွန်ရက်ကို အသုံးပြုနေကျဖြစ်သည်။
ဘုတ်အဖွဲ့ထံ ရရှိနိုင်အောင် ပြုလုပ်ပေးထားသော အချက်အလက်များအရ ဟွန်ဆန်သည် သူ့ကိုအတိုက်အခံပြုသူများအပေါ် ခြိမ်းခြောက်မှုများကို ပိုမိုပျံ့နှံ့ရောက်ရှိစေရန် လူမှုကွန်ရက်ကို အသုံးပြုကာ အဆိုပါခြိမ်းခြောက်မှုများကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေပြီး ၎င်းသည် Meta ၏ ပလက်ဖောင်းများသို့ ဝင်ရောက်အသုံးမပြုဘဲ သူလုပ်နိုင်မည့်အရာထက် ပို၍ထိခိုက်မှုများစေနိုင်သည်မှာ ထင်ရှားပုံပေါ်သည်။ ဟွန်ဆန်က သူ့ကိုနိုင်ငံရေးအရ အတိုက်အခံပြုသူအပေါ် အကြမ်းဖက်မှု လှုံ့ဆော်ရန် ပလက်ဖောင်းများ အသုံးပြုမှု၊ သူ၏ သမိုင်းကြောင်းဆိုင်ရာ ဆက်စပ်အကြောင်းအရာ၊ သူဦးဆောင်သောအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လာမည့်ရွေးကောက်ပွဲတို့ကို ပေါင်းစပ်၍ ထည့်သွင်းစဉ်းစားလျှင် ချက်ချင်းအရေးယူဆောင်ရွက်မှုကို လိုအပ်စေသည်။ ဤအမှုရှိ အကြောင်းအရာကို Facebook နှင့် Instagram မှ ချက်ချင်းဆိုင်းငံ့မှု ပြုလုပ်ရန် ကျိုးကြောင်းခိုင်လုံသည့် ပြင်းထန်သောချိုးဖောက်မှုတစ်ခုအဖြစ် ရှုမြင်သင့်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
အစိုးရအရာရှိ သို့မဟုတ် ၎င်း၏ တရားဝင်စာမျက်နှာ သို့မဟုတ် အကောင့်ကို ဆိုင်းငံ့သည့်အခါ သို့မဟုတ် ၎င်း၏အကြောင်းအရာကို ဖယ်ရှားလိုက်သည့်အခါ ကုမ္ပဏီသည် လက်ရှိတွင် အများပြည်သူကို အသိမပေးကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ Meta အနေဖြင့် အစိုးရအရာရှိ၏ စာမျက်နှာ သို့မဟုတ် အကောင့်ကို ဆိုင်းငံ့သည့်အခါနှင့် ကုမ္ပဏီ၏ ထိုသို့ပြုလုပ်ရသော အကြောင်းပြချက်ကို ကြေညာသင့်သည်။ Meta အနေဖြင့် သုတေသနနှင့် ဥပဒေရေးရာ ရည်ရွယ်ချက်များအပြင် လူသိများသောပုဂ္ဂိုလ်များကို သတင်းသမားများ တွေ့ဆုံမေးမြန်းနိုင်မှုနှင့် ဆွေးနွေးတင်ပြနိုင်မှုအတွက် ဖယ်ရှားထားသော အကြောင်းအရာကို ထိန်းသိမ်းထားရန်လည်း စဉ်းစားသင့်သည်။
၈.၂ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း
အထက်တွင် ဘုတ်အဖွဲ့က တွေ့ရှိထားသည့်အတိုင်း Meta ၏ ကိုယ်ပိုင်မူဝါဒများအရ ဟွန်ဆန်၏ ပို့စ်ကို ဖြုတ်ချခဲ့ရန် လိုအပ်ခဲ့သည်။ လူထုမငြိမ်သက်မှုအတွင်း လူသိများသောပုဂ္ဂိုလ်များ၏ အကောင့်များကို ကန့်သတ်ခြင်းဆိုင်ရာ Meta ၏ မူဝါဒသည် ဟွန်ဆန်ကို Meta ၏ ပလက်ဖောင်းများမှ ဆိုင်းငံ့ထားရန် အကြောင်းခိုင်လုံစေခဲ့သည်ဟုလည်း ဘုတ်အဖွဲ့က ကောက်ချက်ချခဲ့သည်။ ဤအကြောင်းအရာကို Facebook ပေါ်တွင် ဆက်ရှိခွင့်ပြုခြင်းအပြင် ဟွန်ဆန်က အကြမ်းဖက်မှုကို လှုံ့ဆော်ရန် Meta ၏ ပလက်ဖောင်းများကို ဆက်လက်အသုံးပြုမှုသည်လည်း ကုမ္ပဏီ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ကိုက်ညီမှုမရှိပါ။ ကမ္ဘောဒီးယားရှိ မဲပေးခွင့်နှင့် လူထုအရေးကိစ္စများတွင် ပါဝင်ခွင့် (ICCPR၊ အပိုဒ် ၂၅)၊ ငြိမ်းချမ်းစွာ စုဝေးခွင့် (ICCPR၊ အပိုဒ် ၂၁)၊ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံခွင့် (ICCPR၊ အပိုဒ် ၉) နှင့် အသက်ရှင်ရပ်တည်ခွင့် (ICCPR၊ အပိုဒ် ၆) တို့တွင် ၎င်းသက်ရောက်သည့် အန္တရာယ်ကို ထည့်သွင်းစဉ်းစားလျှင် ဤကိစ္စမှာ အထူးသက်ဆိုင်ပါသည်။ အောက်ပါဆန်းစစ်လေ့လာမှုတွင် ဘုတ်အဖွဲ့သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (ICCPR၊ အပိုဒ် ၁၉) ကို ကာကွယ်ရန် Meta ၏ တာဝန်အရ ဤမိန့်ခွန်းအပေါ် ကန့်သတ်မှုကို အကဲဖြတ်သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (ICCPR အပိုဒ် ၁၉)
နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICCPR) ၏ အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၂ သည် နိုင်ငံရေး၊ ပြည်သူ့ရေးရာနှင့် လူ့အခွင့်အရေးအကြောင်း အပါအဝင် "အခြားသူများထံသို့ ဖြန့်ဝေပေးနိုင်သော အတွေးအမြင်နှင့် သဘောထားပုံစံအားလုံးကို ဆက်သွယ်ပြောဆိုမှုများအား ထုတ်ဖော်မှုနှင့် လက်ခံမှု" ကို ကာကွယ်ပေးသည် (အထွေထွေမှတ်ချက် အမှတ် ၃၄ (၂၀၁၁)၊ လူ့အခွင့်အရေး ကော်မတီ၊ ပိုဒ်ခွဲ ၁၁-၂၂)။ ထို့အပြင် "နိုင်ငံသားများ၊ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များအကြား လူထုနှင့် နိုင်ငံရေးကိစ္စရပ်များအကြောင်း သတင်းအချက်အလက်နှင့် အတွေးအမြင်များကို လွတ်လပ်စွာ ဆက်သွယ်ပြောဆိုခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်" ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက ပြောခဲ့သည် (အထွေထွေမှတ်ချက် အမှတ် ၃၄၊ ပိုဒ်ခွဲ ၂၀)။
ပြည်နယ်တစ်ခုက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များ ထားရှိလျှင် ၎င်းတို့သည် ဥပဒေနှင့်လျော်ညီမှု၊ တရားဝင် ရည်ရွယ်ချက်၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် (အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃၊ ICCPR)။ ဤသတ်မှတ်ချက်များကို "အပိုင်းသုံးပိုင်းခွဲ စမ်းသပ်မှု" အဖြစ် ရည်ညွှန်းလေ့ရှိသည်။ ဘုတ်အဖွဲ့သည် စိစစ်သုံးသပ်နေဆဲ သီးခြားအကြောင်းအရာအလိုက် ဆုံးဖြတ်ချက်နှင့် အကြောင်းအရာထိန်းချုပ်မှုအပေါ် Meta ၏ ပိုမိုကျယ်ပြန့်သော ချဉ်းကပ်မှု နှစ်ခုစလုံးနှင့်ဆက်စပ်၍ Meta ၏ ဆန္ဒအလျောက်ပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ကတိပြုချက်များကို အဓိပ္ပာယ်ကောက်ယူရန် ဤမူဘောင်ကို အသုံးပြုသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ပြောထားသည့်အတိုင်းပင် “ကုမ္ပဏီများသည် အစိုးရတာဝန်ဝတ္တရားများ မရှိကြသော်လည်း ၎င်းတို့အသုံးပြုသူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ခြင်းနှင့် ပတ်သက်၍ အလားတူမေးခွန်းများကို ဆန်းစစ်ရန် လိုအပ်သည့် ကိစ္စမျိုးတွင် ၎င်းတို့အပေါ် သက်ရောက်မှုရှိပါသည်” (က/၇၄/၄၈၆၊ အပိုဒ် ၄၁)။ ဤအမှုတွင် ဘုတ်အဖွဲ့သည် အကြောင်းအရာဖယ်ရှားခြင်းနှင့် ဟွန်ဆန်ကို ဆိုင်းငံ့ခြင်းနှစ်မျိုးလုံးက Meta ၏ မူဝါဒများအရ ကျိုးကြောင်းခိုင်လုံသော်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန် ကုမ္ပဏီ၏ တာဝန်များနှင့် သင့်လျော်ကိုက်ညီမှုရှိ၊ မရှိ အကဲဖြတ်ရန် အပိုင်းသုံးပိုင်းခွဲစစ်ဆေးမှုကို အသုံးချခဲ့သည်။
၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် စည်းမျဉ်းများသည် ရှင်းလင်း၍ အများနားလည်ရ လွယ်ကူရမည်ဖြစ်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေအောက်ရှိ တရားဥပဒေနှင့်ညီညွတ်မှု အခြေခံမူတွင် သတ်မှတ်ထားသည် (အထွေထွေမှတ်ချက် အမှတ် ၃၄၊ ပိုဒ်ခွဲ ၂၅)။ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ကန့်သတ်သည့် စည်းမျဉ်းများမှာလည်း “လွတ်လပ်စွာ ထုတ်ဖော်မှုကို ကန့်သတ်ခြင်းအတွက် [၎င်းတို့ကို] အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသူများအား စည်းကမ်းမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပေးအပ်၍မရနိုင်ပါ"။ ထို့အပြင် “မည်သည့် ထုတ်ဖော်ပြောဆိုမှုမျိုးကို သင့်တင့်လျောက်ပတ်စွာ ကန့်သတ်ထားပြီး မည်သည့်ထုတ်ဖော်ပြောဆိုမှုမျိုးကို ကန့်သတ်ထားခြင်းမရှိကြောင်း သေချာအောင် လေ့လာစိစစ်နိုင်စေရန်အတွက် ၎င်းတို့အား အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသူတို့ကို လုံလောက်သော လမ်းညွှန်မှု ပံ့ပိုးပေးရမည်" (Ibid)။ အွန်လိုင်းရှိပြောဆိုမှုများကို ထိန်းချုပ်သည့် စည်းမျဉ်းများကို ကျင့်သုံးရာတွင် ၎င်းတို့သည် ရှင်းလင်းပြီး တိကျသင့်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ဆိုခဲ့သည် ( က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၆)။ Meta ၏ ပလက်ဖောင်းများကို အသုံးပြုနေသူများသည် စည်းမျဉ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး နားလည်နိုင်သင့်ကာ အကြောင်းအရာ စိစစ်သုံးသပ်သူများတွင် ၎င်းတို့၏ စည်းကမ်းထိန်းသိမ်းမှုအတွက် ရှင်းလင်းသော လမ်းညွှန်ချက် ရှိသင့်သည်။
အကြောင်းအရာသည် အထူးသဖြင့် လာမည့်ရွေးကောက်ပွဲ ဆက်စပ်အကြောင်းအရာတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်းပါ ခြိမ်းခြောက်သော မိန့်ခွန်းဆိုင်ရာ တားမြစ်ချက်ကို ချိုးဖောက်ခဲ့ကြောင်း ဟွန်ဆန်နှင့် သူ၏လူမှုကွန်ရက်ရှိ လှုပ်ရှားဆောင်ရွက်မှုကို ထိန်းသိမ်းစီမံနေသူများက အလွယ်တကူ ဆုံးဖြတ်နိုင်ခဲ့မည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဘက်တော်သားများ၏ "ဘက်တံ" နှင့် ရိုက်နှက်ခံရမည်ဟူ၍ ဝေဖန်သူများကို ခြိမ်းခြောက်ခြင်းသည် စည်းမျဉ်းချိုးဖောက်ရာရောက်သည်မှာ ထင်ရှားပါသည်။ အလားတူပင် ပိုမိုကျယ်ပြန့်လာသော လက်ရှိဖြစ်ပေါ်နေဆဲ ဆိုးဝါးပြင်းထန်မှု အခြေအနေတစ်ခုတွင် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုနှင့် အကြမ်းဖက်မှုတို့ကို ဖြစ်စေခဲ့သော လူသိများသောပုဂ္ဂိုလ်များ၏ ဆိုးဆိုးဝါးဝါး စည်းကမ်းချိုးဖောက်မှုများသည် ဆိုင်းငံ့ထားခြင်းအတွက် အကြောင်းခိုင်လုံစေသည်ဟူ၍ လူသိများသောပုဂ္ဂိုလ်များ၏ အကောင့်များကို ကန့်သတ်ခြင်းဆိုင်ရာ Meta ၏ မူဝါဒတွင် ရှင်းလင်းထားသည်။ အထက်တွင် မှတ်ချက်ပြုထားသကဲ့သို့ပင် မူဝါဒသည် လက်ရှိမူကြမ်းရေးထားသည့်အတိုင်း ဤအမှုအပေါ် သက်ရောက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ သို့သော် Meta အနေဖြင့် မူဝါဒ၏ အတိုင်းအတာကို လူသိရှင်ကြား ရှင်းလင်းဖော်ပြသင့်သည်။
၂။ တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်း သည် "အလားအလာရှိသော ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှုကို တားဆီး" ရန် ရည်ရွယ်ပြီး "ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု သို့မဟုတ် အများပြည်သူ ဘေးကင်းရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုများ အမှန်တကယ်ဖြစ်နိုင်ခြေအန္တရာယ်" ရှိစေသည့် အကြောင်းအရာများကို ဖယ်ရှားသည်။ ထို့အပြင် "စံကန့်သတ်ချက်များက ချိုးဖောက်မှု အတိုင်းအတာနှင့် အချိုးညီကျမှု မရှိနိုင်သည့်အခါ သို့မဟုတ် နောက်ထပ်အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချရန် မလုံလောက်သည့်အခါ" လူသိများသောပုဂ္ဂိုလ်များ၏ အကောင့်များကို ကန့်သတ်ခြင်းဆိုင်ရာ Meta ၏ မူဝါဒက အကျုံးဝင်သက်ရောက်ပါသည်။ လူများအန္တရာယ်ကင်းရှင်းကြောင်း သေချာစေရန်အတွက် ပလက်ဖောင်းပေါ်တွင် အကြမ်းဖက်ရန်နှိုးဆော်မှုများနှင့် အကြွင်းမဲ့ အာဏာရှင်ဆန်စွာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများအား တားမြစ်ခြင်းသည် "အခြားသူများ၏ အသက်ရှင်ရပ်တည်ခွင့်" (ICCPR၊ အပိုဒ် ၆) နှင့် အကြွင်းမဲ့ အာဏာရှင်ဆန်စွာ ဖမ်းဆီးမှုနှင့် အကျဉ်းချမှုမှ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရပိုင်ခွင့် (ICCPR၊ အပိုဒ် ၉၊ ပိုဒ်ခွဲ ၁) ကို ကာကွယ်သောကြောင့် အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၃ အရ တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်တစ်ခုဖြစ်သည်။ အထူးသဖြင့် ရွေးကောက်ပွဲများမတိုင်မီ မူဝါဒနှစ်ရပ်လုံးသည် အခြားသူများ၏ ငြိမ်းချမ်းစွာ စုဝေးခွင့် (ICCPR၊ အပိုဒ် ၂၁) နှင့် မဲပေးခွင့်နှင့် ပြည်သူအရေးကိစ္စများတွင် ပါဝင်ခွင့် (ICCPR၊ အပိုဒ် ၂၅) ကို ကာကွယ်ခြင်း၏ တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်ကိုလည်း လက်ကိုင်ပြုနိုင်သည်။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
လိုအပ်မှုနှင့် အချိုးကျမျှတမှု အခြေခံမူတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်ချက်မဆိုသည် "၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည်။ ၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည့် ဆောင်ရွက်ချက်များအနက် စွက်ဖက်မှု အနည်းဆုံး ဆောင်ရွက်ချက်လည်း ဖြစ်ရမည့်" အပြင် "အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်" ဟု သတ်မှတ်ပြဋ္ဌာန်းသည် ( အထွေထွေမှတ်ချက်နံပါတ် ၃၄၊ ပိုဒ်ခွဲ ၃၄)။
ရက်စက်ကြမ်းကြုတ်သည့် အကြောင်းအရာကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို အကဲဖြတ်သည့်အခါ ရန်လိုစိတ်၊ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် အကြမ်းဖက်မှုကို လှုံ့ဆော်ရာရောက်သည့် နိုင်ငံသား၊ လူမျိုး သို့မဟုတ် ဘာသာရေး မုန်းတီးမှုဆိုင်ရာ ထောက်ခံအားပေးမှုကို ကိုင်တွယ်ဖြေရှင်းသည့် ရာဘတ် လုပ်ဆောင်ချက် အစီအစဉ်တွင် ဖော်ပြထားသော အချက်ခြောက်ချက်စစ်ဆေးမှုဖြင့် ဘုတ်အဖွဲ့ကို ပုံမှန်အားဖြင့် လမ်းညွှန်ပေးသည်။ သက်ဆိုင်ရာအချက်များ၊ အထူးသဖြင့် အောက်တွင်ထပ်မံဖော်ပြထားသော ဟောပြောသူ၊ ပြောဆိုမှု၏ ဆက်စပ်အကြောင်းအရာနှင့် အတိုင်းအတာတို့ကို အကဲဖြတ်ချက်တစ်ခုပေါ်အခြေခံ၍ ဟွန်ဆန်၏ လှုံ့ဆော်သော အကြောင်းအရာသည် မကြာမီအန္တရာယ်ဖြစ်လာနိုင်ဖွယ် ရှိသဖြင့် ၎င်းကို ဖယ်ရှားခြင်းသည် Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ကိုက်ညီသည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။ အတိုက်အခံအဖွဲ့ဝင်များ အပါအဝင် လူများကို အလားအလာရှိသော အကြမ်းဖက်မှုနှင့် တရားစွဲဆိုမှုတို့မှ ကင်းလွတ်အောင် ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရပိုင်ခွင့်နှင့် အသက်ရှင်ရပ်တည်ခွင့်ကို ကာကွယ်ပေးရန် အကြောင်းအရာကို ဖယ်ရှားခြင်းသည် ထုတ်ဖော်ပြောဆိုမှု လိုအပ်၍ အချိုးကျမျှတသော ကန့်သတ်ချက်ဖြစ်သည်။
ပို့စ်တင်ထားသောဗီဒီယိုတွင်ပါရှိသည့် မိန့်ခွန်းကို ၁၉၈၅ ခုနှစ်ကတည်းက အာဏာရလာခဲ့ပြီး သိသာသော ပျံ့နှံ့ရောက်ရှိမှုနှင့် ဩဇာအာဏာရှိသည့် လူသိများသောပုဂ္ဂိုလ်တစ်ဦးဖြစ်သော ကမ္ဘောဒီးယားရှိ အစိုးရအကြီးအကဲက ဟောပြောခဲ့သည်။ ထို့အတွက်ကြောင့် မိန့်ခွန်းသည် နိုင်ငံတော်၏ လှုပ်ရှားဆောင်ရွက်မှု သဘောသက်ရောက်ပါသည်။ အမှုနောက်ခံအချက်အလက် ကဏ္ဍတွင် သုံးသပ်ခဲ့သည့်အတိုင်း ဟွန်ဆန် အစိုးရသည် အမြင်မတူသူများနှင့် အတိုက်အခံအဖွဲ့ဝင်များကို နှုတ်ပိတ်ရန်နှင့် နှိပ်ကွပ်ရန် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုနှင့် ကမ္ဘောဒီးယား တရားရုံးစနစ် နှစ်မျိုးစလုံးကို အသုံးပြုခဲ့ကြောင်း သိရသည်။ "သမ္မတဟောင်းထရမ့်ကို ဆိုင်းငံ့ခြင်း" အမှုဆုံးဖြတ်ချက် (၂၀၂၁-၀၀၁-FB-FBR) တွင် ဖော်ပြထားသည့်အတိုင်း ဤအချက်များသည် သူ၏ပြောဆိုမှုများနှင့် ဆက်စပ်သော ထိခိုက်မှုအန္တရာယ်အဆင့်နှင့် သူ၏မှတ်ချက်များထဲရှိ အများပြည်သူအကျိုးစီးပွား နှစ်ခုစလုံးကို မြင့်တက်စေသည်။
ကမ္ဘောဒီးယားရှိ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ပါလီမန်ရွေးကောက်ပွဲများမတိုင်မီ ခြောက်လကျော်အလိုတွင် မိန့်ခွန်းကို ပြောကြားခဲ့ပြီး ၎င်းတွင် ရွေးကောက်ပွဲနှင့် အမျိုးသား အခြေခံအဆောက်အဦ အကြောင်း ထပ်လောင်းဆွေးနွေးမှုအပါအဝင် အများပြည်သူအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ကမ္ဘောဒီးယားရှိလူများသည် အခြားသော လူမှုကွန်ရက်အကောင့်များနှင့် ခြိမ်းခြောက်မှုများကို ဖော်ပြမထားသော မိန့်ခွန်းအစီရင်ခံတင်ပြမှု အပါအဝင် အခြားနည်းလမ်းများမှတစ်ဆင့် ဤကိစ္စရပ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရယူနိုင်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ သို့သော် ဆက်စပ်အကြောင်းအရာအရ လက်နက်တစ်ခုကို ရည်ညွှန်းမှုဖြစ်ကြောင်း ရှင်းလင်းစေသည့် "ဘက်တံ" ဟူသော အသုံးအနှုန်းနှင့် အတိုက်အခံခေါင်းဆောင်များကို တိုက်ရိုက် အမည်တပ်လျက် ညသန်းခေါင် ဖမ်းဆီးမှုများ အပါအဝင် "လူမိုက်တွေကို [မင်းရဲ့]အိမ်ဆီလွှတ်လိုက်မယ် သို့မဟုတ် “ဥပဒေအရ အရေးယူဆောင်ရွက်မယ်” ဟူသော အသုံးအနှုန်းများကို သုံးထားခြင်းသည် နိုင်ငံရေး အမြင်မတူသူကို နှိမ်နင်းရန်နှင့် အတိုက်အခံပြုမှုကို အားနည်းစေရန် အကြမ်းဖက်မှုလှုံ့ဆော်ခြင်းနှင့် အကြွင်းမဲ့အာဏာရှင်ဆန်သော ဖမ်းဆီးမှုများလုပ်ရန် ခြိမ်းခြောက်မှုများ သဘောသက်ရောက်ပါသည်။
Meta က ၎င်း၏ဆုံးဖြတ်ချက်သဘောတရားတွင် "ဤအမှုရှိ ခြိမ်းခြောက်မှုသည် တိကျမှုမရှိခဲ့သည့်အပြင် လက်ရှိဖြစ်ပေါ်နေဆဲ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် အကြမ်းဖက်ဖြစ်ရပ်တစ်ခုနှင့် ဆက်စပ်မှုမရှိခဲ့ပါ" ဟု ဆက်လက်ယူဆထားသည်။ ခြိမ်းခြောက်မှုများကို တိကျမှုမရှိဟု Meta ၏ ဆုံးဖြတ်သတ်မှတ်မှုကို ဘုတ်အဖွဲ့က လက်မခံပါ။ စကားစပ်အရ သွယ်ဝိုက်သော ရည်ညွှန်းချက်များကို တိကျသည့်အဓိပ္ပာယ်များရှိသည်ဟု နားလည်နိုင်သေးသည်။ ဤနေရာတွင် မကြာမီပြုလုပ်တော့မည့် ရွေးကောက်ပွဲ နောက်ခံဖြစ်ရပ်နှင့် ဟွန်ဆန်ကို နိုင်ငံရေးအရ အတိုက်အခံလုပ်သူများအား ၎င်း၏ပစ်မှတ်များအဖြစ် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်မှုတို့က ခြိမ်းခြောက်မှုကို အလွန်သိသိသာသာ ထင်ရှားပေါ်လွင်စေခဲ့သည်။ ထို့အပြင် ဟွန်ဆန်ထောက်ခံအားပေးသူများ၏ အကြမ်းဖက်မှုနှင့် အတိုက်အခံလုပ်သူများကို ခြိမ်းခြောက်မှု သမိုင်းကြောင်းကို ထည့်သွင်းစဉ်းစားလျှင် ဝန်ကြီးချုပ်က ပြုလုပ်သည့် အကြမ်းဖက်ရန် နှိုးဆော်မှုမှန်သမျှသည် ယုံကြည်လက်ခံနိုင်ဖွယ်ရှိပြီး ကြောက်စရာကောင်းသော သက်ရောက်မှုရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ အထူးသဖြင့် ကမ္ဘောဒီးယားအစိုးရ၏ အပျော့ဆွဲလမ်းစဉ်များအပြင် အကြမ်းဖက်မှုနည်းလမ်းများအပေါ် ၎င်း၏ အကြွင်းမဲ့ထိန်းချုပ်နိုင်မှုကို ထည့်သွင်းစဉ်းစားလျှင် ယင်းကဲ့သို့ အခြေအနေမှာ အမှန်တကယ် သက်ရောက်မှုရှိသည်။
ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သဖြင့် ဘုတ်အဖွဲ့သည် ကမ္ဘောဒီးယား၌ မကြာမီပြုလုပ်မည့် ပါလီမန်ရွေးကောက်ပွဲများကို သတိချပ်လျက်ရှိသည်။ "လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်များကို အခြားသောထိခိုက်နာကျင်စေမှုများ အမှန်တကယ်ဖြစ်နိုင်ခြေအန္တရာယ်" ပေါ်ပေါက်လာစေသော "၂၀၂၃ ခုနှစ် ဇူလိုင်လ ရွေးကောက်ပွဲမတိုင်မီအထိ ကမ္ဘောဒီးယားရှိ လူ့အခွင့်အရေးအခြေအနေ ညံ့ဖျင်းမှုနှင့် ဒီမိုကရေစီ လိုအပ်ချက်အပြင် သိရှိထားသော နိုင်ငံရေးအရ အတိုက်အခံလုပ်သူများအပေါ် လက်ရှိလုပ်ဆောင်နေသည့် အကြမ်းဖက်မှုနှင့် ဖြိုခွဲမှုဆိုင်ရာ ဆက်စပ်အခြေအနေအလုံးစုံကို ခြုံငုံ၍" ဟွန်ဆန်၏ မိန့်ခွန်းကို အကဲဖြတ်သင့်ကြောင်း အများမြင်မှတ်ချက်များတွင် ဦးစားပေးဖော်ပြထားသည် (ICJ မှတ်ချက်၊ PC-၁၁၀၃၈၊ HRF မှတ်ချက်၊ PC-၁၁၀၄၁ ကိုလည်း ကြည့်ပါ)။ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်၏ ကမ္ဘောဒီးယားရှိ လူ့အခွင့်အရေးအခြေအနေများဆိုင်ရာ ၂၀၂၂ ခုနှစ် အစီရင်ခံစာ တွင် ၂၀၂၂ ခုနှစ် ဒေသန္တရ ရွေးကောက်ပွဲများ၌ ပါဝင်ခဲ့သည့် များပြားလှသော နိုင်ငံရေးပါတီအရေအတွက်သည် “အမြင်အားဖြင့် အထင်ကြီးစရာဖြစ်သော်လည်း ကြာရှည်ရပ်တည်နိုင်စွမ်းမရှိခဲ့ကြောင်း" နှင့် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲများ ပြုလုပ်ကတည်းက “ဒီမိုကရေစီအခြေခံ မူမတူ ယှဉ်တွဲနေထိုင်မှုဝါဒအတွက် အရေးပါသောကဏ္ဍမှာ လွန်စွာလျော့နည်းလာခဲ့ပြီး တစ်ပါတီအုပ်စိုးမှုစနစ် ပြဋ္ဌာန်းသတ်မှတ်မှုသည် နိုင်ငံရေးနယ်ပယ်တစ်ဝန်းတွင် တစ်ပါးသူ၏ သဘောထားနှင့် အခွင့်အရေးကို လျစ်လျူရှုနေကြောင်း" သတိပေးခဲ့သည်။
ဘုတ်အဖွဲ့၏အမြင်တွင် နိုင်ငံရေးဖိနှိပ်မှု၊ အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှု သမိုင်းကြောင်းရှိသော ပြည်သူ့အရာရှိတစ်ဦး၏ ရွေးကောက်ပွဲမတိုင်မီ ဟောပြောထားသော ဤမိန့်ခွန်းသည် အကြမ်းဖက်မှုကို လှုံ့ဆော်ရန်အပြင် အမြင်မတူသူများနှင့် အတိုက်အခံပြုမှုကို ခြိမ်းခြောက်ပြီး နှုတ်ပိတ်ရန် ပိုမိုကျယ်ပြန့်သော စည်းရုံးလှုံ့ဆော်မှုတစ်ခုကို အထောက်အကူပြုသည်။ ထို့ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်မှုနည်းသော အခြားအစီအမံမှန်သမျှသည် လူများ၏ အခွင့်အရေးများကို ကာကွယ်ရန် သင့်လျော်မည်မဟုတ်သဖြင့် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအရ အကြောင်းအရာကို ဖယ်ရှားခြင်းသည် လိုအပ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဤအမှုက သက်ရောက်စေသော လူ့အခွင့်အရေးအတွက် အန္တရာယ်ဖြစ်နိုင်ခြေနှင့် အန္တရာယ်ကျရောက်အံ့ဆဲဆဲ အခြေအနေကို ထည့်သွင်းစဉ်းစားပါက ယင်းကဲ့သို့ဖယ်ရှားမှုသည် အချိုးကျမျှတသည်ဟုလည်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။
ဟွန်ဆန်၏ လူ့အခွင့်အရေး ချိုးဖောက်မှု သမိုင်းကြောင်း၊ နိုင်ငံရေးအရ အတိုက်အခံလုပ်သူများကို သူ၏ခြိမ်းခြောက်မှုနှင့် ဖိနှိပ်မှုအပြင် သူ၏ခြိမ်းခြောက်မှုများကို ပိုမိုပျံ့နှံ့ရောက်ရှိစေရန် လူမှုကွန်ရက်ကို အသုံးပြုမှုကဲ့သို့သော ဆက်စပ်အကြောင်းအရာကို ထည့်သွင်းစဉ်းစားပါက ဤအမှုတွင် အခြားသူများ၏ အခွင့်အရေးများကို လေးစားရန် အကြောင်းအရာကို ဖယ်ရှားရုံမျှသည် မလုံလောက်ကြောင်းနှင့် သူ့ကို ဆိုင်းငံ့ရန် လိုအပ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ လတ်တလော ဆက်စပ်အကြောင်းအရာနှင့် မကြာမီလာမည့် ရွေးကောက်ပွဲများကို ထည့်သွင်းစဉ်းစားလျှင် အထူးသဖြင့် အန္တရာယ်များသည့် နောင်အနာဂတ်၌ ချိုးဖောက်မှုများနှင့် အကြမ်းဖက်ရန် လှုံ့ဆော်မှုများကို တားဆီးရန် အကြောင်းအရာကိုဖယ်ရှားရုံမျှဖြင့် ဘာမှမထူးပါ။ ထို့ကြောင့် ဟွန်ဆန်၏ တရားဝင် Facebook စာမျက်နှာနှင့် Instagram အကောင့်ကို ဆိုင်းငံ့ခြင်းသည် အချိုးကျမျှတသည်ဟုလည်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့ ၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေး ဘုတ်အဖွဲ့သည် အကြောင်းအရာအား ခွင့်ပြုပေးရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ပို့စ်ကို ဖယ်ရှားရန် လိုအပ်ကြောင်း ဆုံးဖြတ်သည်။
၁၀။ အကြံပြုချက်များ
က။ အကြောင်းအရာဆိုင်ရာ မူဝါဒ
၁။ Meta အနေဖြင့် လူသိများသောပုဂ္ဂိုလ်များ၏ အကောင့်များကို ကန့်သတ်ခြင်းဆိုင်ရာ ၎င်း၏မူဝါဒသည် နိုင်ငံသားများက သူတို့၏အစိုးရများထံမှ လက်တုံ့ပြန်အကြမ်းဖက်ရန် ဆက်လက်ခြိမ်းခြောက်မှု ခံနေရသော အခြေအနေများအပေါ်လည်း သက်ရောက်ကြောင်း ရှင်းပြသင့်သည်။ မူဝါဒသည် လူထုမငြိမ်မသက်မှု သို့မဟုတ် အကြမ်းဖက်မှု ဖြစ်ရပ်များတွင်သာ မကန့်သတ်ဘဲ နိုင်ငံရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုကို နိုင်ငံတော်မှ အကြမ်းဖက်မှု သို့မဟုတ် အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများဖြင့် ကြိုတင် နှိမ်နှင်း သို့မဟုတ် တုံ့ပြန်လျှင်လည်း သက်ရောက်ကြောင်း ရှင်းလင်းစွာဖော်ပြသင့်သည်။ ဤရှင်းလင်းချက်များကို ထည့်သွင်းဖော်ပြရန်အတွက် လူသိများသောပုဂ္ဂိုလ်များ၏ အကောင့်များကို ကန့်သတ်ခြင်းဆိုင်ရာ Meta ၏ အများဆိုင်အခြေခံမူဘောင်ကို ပြင်ဆင်လိုက်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၂။ Meta အနေဖြင့် အကြမ်းဖက်မှုကို တိုက်ရိုက်လှုံ့ဆော်သည့် အကြောင်းအရာသည် ရှိပြီးသား မူဝါဒခြွင်းချက်များအရ သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်တစ်ခုအတွက် သတ်မှတ်ချက်မပြည့်မီကြောင်း ဖော်ပြရန် ၎င်း၏ သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက် မူဝါဒကို ပြင်ဆင်သင့်သည်။ Meta က ခွင့်ပြုချက်တွင် ဤကန့်သတ်ချက်ကို အတိအလင်း ဖော်ပြထားသည့် သတင်းဖြစ်လောက်သော အကြောင်းအရာဆိုင်ရာ အပ်ဒိတ်လုပ်ထားသော မူဝါဒကို ဖြန့်ချိသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
ခ။ စည်းကမ်းထိန်းသိမ်းမှု
၃။ Meta အနေဖြင့် လူထုမငြိမ်မသက်မှုအတွင်း လူသိများသောပုဂ္ဂိုလ်များ၏ အကောင့်များကို ကန့်သတ်ခြင်းဆိုင်ရာ Meta ၏ မူဝါဒအရ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ တရားဝင် Facebook စာမျက်နှာနှင့် Instagram အကောင့်ကို အနည်းဆုံး ခြောက်လကြာ ချက်ချင်းဆိုင်းငံ့သင့်သည်။ Meta က အကောင့်များကို ဆိုင်းငံ့ပြီး ထိုသို့ပြုလုပ်ထားကြောင်း လူသိရှင်ကြား ကြေညာသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ပြီး ဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၄။ Meta အနေဖြင့် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်နိုင်ခြေရှိခဲ့သည့် နိုင်ငံတော်အကြီးအကဲများနှင့် အစိုးရအကြီးတန်းအဖွဲ့ဝင်များထံမှ အကြောင်းအရာများကို ချက်ချင်း လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် အမြဲ ဦးစားပေးကြောင်း သေချာစေရန် ၎င်း၏ စိစစ်သုံးသပ်ခြင်း ဦးစားပေးမှု စနစ်များကို ပြင်ဆင်သင့်သည်။ Meta က ၎င်း၏ စိစစ်သုံးသပ်ချက် အဆင့်သတ်မှတ်ခြင်း စနစ်များတွင် ပြုလုပ်လိုက်သည့် ပြောင်းလဲမှုများအကြောင်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောပြီး အဆိုပါပြောင်းလဲမှုများက ဤအမှုနှင့် နိုင်ငံတော်အကြီးအကဲများနှင့် အစိုးရအကြီးတန်းအဖွဲ့ဝင်များထံမှ အလားတူအကြောင်းအရာများအတွက် စိစစ်သုံးသပ်မှုကို မည်ကဲ့သို့ သေချာအောင်လုပ်ခဲ့နိုင်မည်ကို လက်တွေ့ပြသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၅။ Meta အနေဖြင့် ဗီဒီယိုအရှည်ပုံစံကို ပိုမိုတိကျသော စိစစ်သုံးသပ်မှု ပြုလုပ်နိုင်စေမည့် ထုတ်ကုန်နှင့်/သို့မဟုတ် လုပ်ဆောင်မှုဆိုင်ရာ လမ်းညွှန်ချက် အပြောင်းအလဲများ (ဥပမာ- ချိုးဖောက်မှု၏ အချိန်ကာလကို ခန့်မှန်းခြင်း၊ ဗီဒီယိုကြာချိန်အလိုက် အချိုးကျမျှတသော စိစစ်သုံးသပ်ချိန်ပေးကြောင်း သေချာစေခြင်း၊ ဗီဒီယိုများကို ၁.၅ ဆ သို့မဟုတ် ၂ ဆ ပိုမြန်အောင် ဖွင့်ခွင့်ပြုခြင်း စသည်တို့အတွက် အယ်လ်ဂိုရီသမ်များ အသုံးပြုမှု) ကို အကောင်အထည်ဖော်သင့်သည်။ Meta က ဗီဒီယိုအရှည်ပုံစံများအတွက် စိစစ်သုံးသပ်ချက် မှန်ကန်တိကျမှုတွင် တိုးတက်မှုများကို ပြသသည့် မက်ထရစ်များအပါအဝင် ၎င်း၏ ဗီဒီယိုအရှည်ပုံစံများအား စိစစ်ခြင်း လုပ်ထုံးလုပ်နည်းအသစ်များကို ဘုတ်အဖွဲ့နှင့် မျှဝေသည့်အခါ ဤအရာကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
ဂ။ ပွင့်လင်းမြင်သာမှု
၆။ ဝန်ကြီးချုပ် ဟွန်ဆန်၏ အမှုနှင့် နိုင်ငံတော်အကြီးအကဲများနှင့် အစိုးရအကြီးတန်းအဖွဲ့ဝင်များအပေါ် အကောင့်အဆင့် အရေးယူဆောင်ရွက်ချက်အားလုံးတွင် Meta အနေဖြင့် အရေးယူဆောင်ရွက်ချက်၏ အတိုင်းအတာနှင့် ၎င်း၏ ဆုံးဖြတ်ချက်နောက်ကွယ်ရှိ အကြောင်းပြချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောသင့်သည်။ Meta က ဟွန်ဆန်အတွက် ဤအချက်အလက်ကို ထုတ်ဖော်ပြောပြီး နိုင်ငံတော်အကြီးအကဲများနှင့် အစိုးရအကြီးတန်းအဖွဲ့ဝင်များ အားလုံးအပေါ် နောင်တွင်ပြုလုပ်မည့် စည်းကမ်းထိန်းသိမ်းမှုများအတွက် ယင်းကဲ့သို့ ထုတ်ဖော်ပြောရန် ကတိပြုသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
*လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစု၏ သဘောတူညီမှုကို ရယူထားပါသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား သီးခြားလွတ်လပ်သော သုတေသနလေ့လာမှုတစ်ခု ပြုလုပ်စေခဲ့ပါသည်။ ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားပြီး တိုက်ကြီး ခြောက်တိုက်မှ လူမှုရေးသိပ္ပံပညာရှင်ပေါင်း ၅၀ ကျော်အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃,၂၀၀ ကျော် ပါဝင်သော အဖွဲ့ဖြစ်သည့် လွတ်လပ်သော သုတေသနအဖွဲ့အစည်းတစ်ခုက ဘုတ်အဖွဲ့ကို ကူညီပေးခဲ့သည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် အန္တရာယ်ကင်းရှင်းရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers ကလည်း ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။ လူမှုကွန်ရက် အလားအလာများအပေါ် အခမဲ့ရင်းမြစ်သုံး သုတေသနတွင် ပါဝင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Memetica သည်လည်း လေ့လာဆန်းစစ်ချက်ကို ပံ့ပိုးခဲ့သည်။ ဘာသာစကားပေါင်း ၃၅၀ ကျော်ကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ကမ္ဘာတစ်လွှားရှိ မြို့ကြီးပေါင်း ၅,၀၀၀ ကျော်မှ အလုပ်လုပ်ပေးနေသည့် ကျွမ်းကျင်ပညာရှင်များကို ပိုင်ဆိုင်ထားသော Lionbridge Technologies, LLC က ဘာသာစကားပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ဆောင်မှုကို ပေးအပ်ခဲ့ပါသည်။