Multiple Case Decision
အာဖရိကန်အမေရိကန်လူမျိုးများအပေါ် အပျက်သဘောဆောင်သော ပုံသေကားကျ ထင်မြင်ယူဆချက်များ
April 18, 2024
ဘုတ်အဖွဲ့သည် လူမျိုးရေးခွဲခြားသော အကြောင်းအရာများပါရှိသည့် Meta က ခွင့်ပြုပေးခဲ့သော Facebook ပို့စ်သုံးခုကို စိစစ်သုံးသပ်ခဲ့သည်။ ဘုတ်အဖွဲ့က ဤအယူခံလွှာများကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်များကို ပြောင်းလဲပြီး ပို့စ်များကို ပြန်ထည့်သွင်းခဲ့သည်။
3 cases included in this bundle
FB-LHBURU6Z
Facebook ပေါ်က အမုန်းစကားနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ
FB-1HX5SN1H
Facebook ပေါ်က အမုန်းစကားနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ
FB-ZD01WKKW
Facebook ပေါ်က အမုန်းစကားနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ
ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည်။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက်တွင် Meta က အကြောင်းအရာအစိတ်အပိုင်းတစ်ခုအပေါ် ၎င်း၏မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများကို ဆန်းစစ်လေ့လာထားပြီး Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များကို ထည့်သွင်းဖော်ပြထားသည်။ ၎င်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးထက် ဘုတ်အဖွဲ့ဝင်များပါသော အဖွဲ့တစ်ဖွဲ့က အတည်ပြုထားပြီး လူထုသဘောထားမှတ်ချက်များနှင့် မသက်ဆိုင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသည့် စံတန်ဖိုးမျိုး မရှိပါ။ အနှစ်ချုပ် ဆုံးဖြတ်ချက်များသည် စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်အောင် Meta ဘက်က လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ရှာဖွေဖော်ထုတ်လျက် Meta ၏ ဆုံးဖြတ်ချက်များတွင် တိုက်ရိုက်အပြောင်းအလဲများ ဖြစ်စေပြီး ယင်းပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးသည်။
အနှစ်ချုပ်
ဘုတ်အဖွဲ့သည် လူမျိုးရေးခွဲခြားသော အကြောင်းအရာများပါရှိသည့် Meta က ခွင့်ပြုပေးခဲ့သော Facebook ပို့စ်သုံးခုကို စိစစ်သုံးသပ်ခဲ့သည်။ ပို့စ်တစ်ခုစီတွင် အာဖရိကန်အမေရိကန်လူမျိုးများအား ဖခင်မရှိသူ၊ လူမှုဖူလုံရေးထောက်ပံ့မှုရယူနေသူနှင့် စတိုးဆိုင်မှ ပစ္စည်းများကို အလစ်သုတ်သူများအဖြစ် ရည်ညွှန်းခြင်း အပါအဝင် စိတ်အနှောင့်အယှက်ဖြစ်စေသော ပုံသေကားကျ ထင်မြင်ယူဆချက်များကို ဦးစားပေးဖော်ပြသည့် ရုပ်ပြောင်ပုံ သို့မဟုတ် ပြောင်းလဲပြင်ဆင်ထားသော ရုပ်ပုံတစ်ပုံ ပါဝင်ခဲ့သည်။ ဤအမှုများသည် Meta က ၎င်း၏ အမုန်းစကား မူဝါဒအရ စည်းကမ်းထိန်းသိမ်းရာတွင်နှင့် အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်း မူဝါဒအရ စည်းကမ်းထိန်းသိမ်းရာတွင် အမှားအယွင်းများရှိသည်ကို ဦးစားပေးဖော်ပြသည်။ ဘုတ်အဖွဲ့က ဤအယူခံလွှာများကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်များကို ပြောင်းလဲပြီး ပို့စ်များကို ပြန်ထည့်သွင်းခဲ့သည်။
အမှုများအကြောင်း
၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ဘုတ်အဖွဲ့သည် Facebook တွင် တင်ထားသည့် မတူညီသောရုပ်ပုံသုံးပုံနှင့်စပ်လျဉ်း၍ သီးခြားအယူခံလွှာသုံးစောင်ကို လက်ခံရရှိခဲ့သည်။ ရုပ်ပုံအားလုံးတွင် အာဖရိကန်အမေရိကန်လူမျိုးများအပေါ် အပျက်သဘောဖြင့် ရည်ညွှန်းပြောဆိုထားသော အကြောင်းအရာများ ပါဝင်သည်။
အကြိမ်ရေ ၅၀၀,၀၀၀ ခန့် ကြည့်ရှုမှုရရှိခဲ့သော ပထမပို့စ်တွင် လူမည်းများကို ခေါင်းစွပ်အနွေးထည်အင်္ကျီများဝတ်ဆင်၍ ကုန်ပစ္စည်းများကို သယ်ဆောင်ကာ ဆိုင်မှ ထွက်ပြေးသွားသည့် ကာတွန်းဇာတ်ကောင်များအဖြစ် ပြထားပြီး မီးလောင်နေသော ဆိုင်တစ်ဆိုင်၏ ကွန်ပျူတာဖြင့်ဖန်တီးထားသည့် ရုပ်ပုံတစ်ပုံကို အသုံးပြုသူက တင်ခဲ့သည်။ ဆိုင်၏အမည် Target ကို ရုပ်ပုံထဲတွင် "Loot (အလစ်သုတ်ခြင်း)" ဟု ပြောင်းထားပြီး အတူပါရှိသောစာတန်းတွင် အသုံးပြုသူက ထိုရုပ်ပုံကို မကြာမီထွက်ရှိမည့် Pixar ရုပ်ရှင်အဖြစ် ဖော်ပြထားသည်။
ဒုတိယပို့စ်တွင် ရုပ်ရှင်ပိုစတာတစ်ခုကို မှီငြမ်း၍ ကွန်ပျူတာဖြင့်ဖန်တီးထားသည့် ရုပ်ပုံတစ်ပုံကို အသားပေးထားပြီး ထိုပုံထဲတွင် ပုံမှန်ထက်ပို၍ အလွန်အကြူးချဲ့ကားပြင်ဆင်ထားသော ရုပ်ရည်သွင်ပြင်ရှိသည့် လူမည်းအမျိုးသမီးက ချီတိုအပြည့်ထည့်ထားသော ဈေးဝယ်လှည်းအား ကိုင်ထားသည်ကို ပြထားသည်။ ရုပ်ရှင်၏ ခေါင်းစဉ်သည် "EBT" ဖြစ်ပြီး ၎င်းသည် အမေရိကန်ပြည်ထောင်စုတွင် လူမှုဖူလုံရေး အကျိုးခံစားခွင့်များ လက်ခံရယူသည့် စနစ်တစ်ခု၏ အမည်ဖြစ်သည်။ ပိုစတာ၏ထိပ်ဆုံးရှိ သရုပ်ဆောင်အမည်များ၏ နေရာတွင် Trayvon Martin နှင့် George Floyd တို့၏ အမည်များကို ပြထားသည်။ နှစ်ဦးလုံးသည် အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသော အာဖရိကန်အမေရိကန်လူမျိုးများ ဖြစ်ပြီး တစ်ဦးသည် ၂၀၁၂ ခုနှစ်တွင် လက်နက်ကိုင်ကင်းစောင့်တပ်ဖွဲ့ဝင်တစ်ဦး၏ ပစ်ခတ်မှုကို ခံခဲ့ရကာ တစ်ဦးသည် ၂၀၂၀ ခုနှစ်တွင် ရဲတပ်ဖွဲ့၏လက်ချက်ဖြင့် သေဆုံးခဲ့သည်။ ၎င်းတို့၏ သေဆုံးမှုသည် အမေရိကန်ပြည်ထောင်စု တရားစီရင်ရေးစနစ်ရှိ လူမျိုးရေးကွာဟချက်များနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများကို အစပျိုးစေခဲ့သည်။
အကြိမ်ရေ ၁၄ သန်းခန့် ကြည့်ရှုမှုရရှိခဲ့သော တတိယပို့စ်၌ "Adobe က ပုံထဲတွင် ဖိုတိုရှော့ပြင်ထား၊ မပြင်ထားကြောင်း ရှာတွေ့နိုင်သည့် ဆော့ဖ်ဝဲကို တီထွင်ထားသည်" ဟုဆိုသော သရော်စာကို အသားပေးဖော်ပြသည်။ ထိုပြောဆိုချက်အောက်တွင် ရုပ်ပုံ၏ တစ်စိတ်တစ်ပိုင်းကို ပြင်ဆင်ထားကြောင်း သွယ်ဝိုက်ညွှန်းဆိုရန် တစ်မျက်နှာလုံးတွင် (အပူဓာတ်ပေါ်အခြေခံ၍ ရှာဖွေထောက်လှမ်းမှုကို ပြသရန် အသုံးပြုလေ့ရှိသည့်) ရောင်စုံအမှတ်အသားများဖြင့် ပြထားသည့် အမျိုးသမီးတစ်ဦး၏ ရုပ်ပုံတစ်ပုံ ရှိသည်။ ၎င်းကို လူမည်းမိသားစုတစ်စု ထမင်းစားနေသည့်ပုံနှင့် ယှဉ်ပြထားသည်။ ထိုပုံထဲရှိ ဖခင်ဖြစ်သူနှင့် စားပွဲပေါ်ရှိ အစားအစာများတွင် တူညီသော ရောင်စုံအမှတ်အသားများရှိနေကာ ဤအပိုင်းနှစ်ခုကို တည်းဖြတ်၍ ထည့်သွင်းထားကြောင်း သွယ်ဝိုက်ညွှန်းဆိုသည်။ ဤပို့စ်သည် ဖွဲ့စည်းပုံစနစ်ဆိုင်ရာ အမြစ်တွယ်နေသည့် လူမျိုးရေးခွဲခြားမှု၊ စီးပွားရေးမညီမျှမှုတို့၏ ရှုပ်ထွေးသော သမိုင်းကြောင်းမှ အရင်းပြုသည့် အမေရိကန်ပြည်ထောင်စုရှိ လူမည်းမိသားစုများတွင် အိမ်ထောင်ဦးစီးဖခင်မရှိကြောင်း လူများတွင်ကျယ်စွာလက်ခံထားသော အပျက်သဘောဆောင်သည့် ပုံသေကားကျ ထင်မြင်ယူဆချက်ကို ထောက်ခံပေးနေသည်။
အသုံးပြုသူများထံမှ အယူခံလွှာများ ရှိနေလင့်ကစား Meta သည် ကနဦးတွင် အဆိုပါပို့စ်သုံးခုလုံးကို Facebook ပေါ်၌ ဆက်ထားခဲ့သည်။ ဘုတ်အဖွဲ့ထံ ၎င်းတို့၏အယူခံလွှာများတွင် အဆိုပါအသုံးပြုသူများက အကြောင်းအရာသည် အာဖရိကန်အမေရိကန်လူမျိုးများအား ထိခိုက်နစ်နာစေသည့် လူမျိုးရေးခွဲခြားသော ပုံသေကားကျ ထင်မြင်ယူဆချက်များကို သရုပ်ဖော်ခဲ့ကြောင်း ဆိုခဲ့သည်။
ဘုတ်အဖွဲ့က ဤအမှုများကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ပို့စ်တစ်ခုစီသည် လူမျိုးနှင့် လူမျိုးစုအပါအဝင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ လူများအား တိုက်ရိုက်တိုက်ခိုက်မှုများကို တားမြစ်သည့် အမုန်းစကား လူမှုစံနှုန်းကို ချိုးဖောက်ခဲ့ကြောင်း ကုမ္ပဏီက ဆုံးဖြတ်ခဲ့သည်။ အတိအကျဆိုရသော် မူဝါဒသည် "သူခိုးများအပါအဝင် ရာဇဝတ်သားများနှင့် ခိုင်းနှိုင်းမှုများ"၊ "အမုန်းတရားအပေါ်အခြေခံသော ရာဇဝတ်မှုများ၏ သဘောတရား၊ ဖြစ်ရပ်များ သို့မဟုတ် ထိုရာဇဝတ်မှုကျူးလွန်ခံရသူများကို လှောင်ပြောင်ခြင်း" နှင့် "ကိုယ်ကျင့်တရား စရိုက်လက္ခဏာများ သေးသိမ်နိမ့်ကျကြောင်း ဖော်ပြသည့် ခြုံငုံကောက်ချက်ချမှုများ" စသည့်ပုံစံများကို အသုံးပြု၍ "လူသားအဖြစ်မှ နှိမ့်ချသည့်စကား" ဖြင့် လူတစ်ဦး သို့မဟုတ် လူတစ်စုအား ပစ်မှတ်ထားခြင်း" ကိုလည်း တားမြစ်ပါသည်။
ထို့အပြင် Trayvon Martin နှင့် George Floyd တို့၏ အမည်များ ပါဝင်သည့် ဒုတိယပို့စ်သည် မည်သူတစ်ဦးတစ်ယောက်မဆို၏ "သေဆုံးမှု သို့မဟုတ် ဆေးကုသမှုခံယူရသည့် အခြေအနေအပေါ် အောင်ပွဲခံဂုဏ်ပြုခြင်း သို့မဟုတ် လှောင်ပြောင်ခြင်း" ကို ကုမ္ပဏီက ဖယ်ရှားသော အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းဆိုင်ရာ လူမှုစံနှုန်းကိုလည်း ချိုးဖောက်ခဲ့ကြောင်း Meta က ဆုံးဖြတ်ခဲ့သည်။ "ရုပ်ပုံတွင် သေဆုံးသွားသော ပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် Trayvon Martin နှင့် George Floyd တို့၏ အမည် ပါဝင်သည် ... အကြောင်းအရာသည် ၎င်းတို့က စိတ်ကူးယဉ် သက်ဝင်ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ကြမည်ဟု သွယ်ဝိုက်ညွှန်းဆိုခြင်းဖြင့် ၎င်းတို့၏ သေဆုံးမှုများကို အလေးအနက်မထားသည့်သဘော သက်ရောက်စေသည်" ဟု ကုမ္ပဏီက ရှင်းပြခဲ့သည်။
ထို့ကြောင့် ကုမ္ပဏီသည် ပို့စ်သုံးခုလုံးကို ဖယ်ရှားခဲ့သည်။
ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
ဆက်လက်ထားရှိခွင့်ပြုခဲ့သော အကြောင်းအရာကို တိုင်ကြားခဲ့သည့် အသုံးပြုသူမှ အယူခံဝင်ပြီးနောက် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့တွင် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။
Meta က ၎င်းသည် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်သည့် လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram အသုံးပြုသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပါသည်။
အမှုများ၏ အရေးပါမှု
ဤအမှုများသည် အသုံးပြုသူထံမှ တိုင်ကြားချက်များ ရှိလင့်ကစား Meta က ချိုးဖောက်ထားသည့် ပို့စ်များကို ခွင့်ပြုပေးခြင်းဖြင့် အမုန်းစကား၊ အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းအပေါ် ၎င်း၏မူဝါဒများကို လိုက်နာစေရန် ထိရောက်စွာ စည်းကမ်းထိန်းသိမ်းခြင်း မပြုနိုင်ခဲ့သည့် ဖြစ်ရပ်သုံးခုကို ဦးစားပေးဖော်ပြသည်။ ပို့စ်နှစ်ခုသည် ကြည့်ရှုမှုအရေအတွက်များစွာ ရရှိခဲ့သည်။ စည်းကမ်းထိန်းသိမ်းမှု မလုံလောက်သည့် ထိုသို့သော စိစစ်မှုအမှားများသည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ပေးထားသည့် အချက်များရှိသော အုပ်စုဝင်များအပေါ် ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ခွဲခြားဆက်ဆံမှုရှိသော ပတ်ဝန်းကျင်ကို ပေါ်ပေါက်လာစေနိုင်သည်။ ဘုတ်အဖွဲ့သည် ဗျူဟာမြောက် ဦးစားပေးတစ်ခုဖြစ်သည့် အဖယ်ကြဉ်ခံအုပ်စုများအပေါ် အမုန်းစကားပြောဆိုမှုကို မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းစေရန် Meta အား တိုက်တွန်းခဲ့သည်။
Meta အနေဖြင့် "ရည်ညွှန်းချက်ကို ကျိုးကြောင်းသင့်စွာ နားလည်သည့်အခါ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ပေးထားသည့် အဖွဲ့များအား သွယ်ဝိုက်ရည်ညွှန်းချက်များကိုပင် မူဝါဒအရ တားမြစ်ထားကြောင်း ရှင်းပြလျက် အမုန်းစကား လူမှုစံနှုန်းနှင့် စိစစ်သုံးသပ်သူများကို ပေးအပ်သည့် လမ်းညွှန်ချက်ကို ရှင်းလင်းဖော်ပြသင့်သည်" ဟူသော အကြံပြုချက်တစ်ခုကို ဘုတ်အဖွဲ့က ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါသည် (Knin ကာတွန်း၊ အကြံပြုချက် နံပါတ် ၁)။ ၎င်းကို Meta က တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်ပြီးကြောင်း အစီရင်ခံခဲ့သည်။
ဆုံးဖြတ်ချက်
ပို့စ်သုံးခုကို ခွင့်ပြုပေးရန် Meta ၏ မူလဆုံးဖြတ်ချက်များကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က ဤအမှုများကို ကုမ္ပဏီ သတိပြုမိစေရန် တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် Meta က ၎င်း၏ ကနဦးအမှားများကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။