أسقط
ရုရှားကဗျာ
تم النشر بتاريخ 16 تِشْرِين الثانِي 2022
ယူကရိန်းရှိ ရုရှားစစ်တပ်ကို နာဇီများနှင့် နှိုင်းယှဉ်ကာ ဖက်ဆစ်များကို သတ်ဖြတ်ရန် နှိုးဆော်သည့် ကဗျာတစ်ပုဒ်ကို ကိုးကားသည့် Facebook ပို့စ်ကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်
ဤဆုံးဖြတ်ချက်ကို (ဤမျက်နှာပြင်ထိပ်ရှိ မီနူးမှ ဝင်ရောက်အသုံးပြုနိုင်သည့် "ဘာသာစကား" တက်ဘ်မှတစ်ဆင့်) ရုရှားဘာသာစကားဖြင့်၊ ( ဤနေရာတွင်) လတ်ဗီယန်ဘာသာစကားဖြင့်၊ ( ဤနေရာ) တွင် ယူကရိန်းဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။
Lai iepazītos ar lēmumu latviski, spied šeit.
Щоб прочитати це рішення українською мовою, натисніть тут.
အမှု အနှစ်ချုပ်
ယူကရိန်းရှိ ရုရှားစစ်တပ်ကို နာဇီများနှင့် နှိုင်းယှဉ်ကာ ဖက်ဆစ်များကို သတ်ဖြတ်ရန် နှိုးဆော်သည့် ကဗျာတစ်ပုဒ်ကို ကိုးကားသည့် Facebook ပို့စ်ကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ထိုပို့စ်ထဲရှိ လူသေအလောင်းတစ်ခု ဖြစ်ဟန်တူသော ရုပ်ပုံတစ်ပုံသည် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒကို ချိုးဖောက်ကြောင်း Meta ၏ ဆုံးဖြတ်ချက်ကိုလည်း ၎င်းက ပယ်ချလိုက်သည်။ မူဝါဒကို ချိုးဖောက်သည်ဟူသော အကြောင်းပြချက်ဖြင့် Meta သည် ရုပ်ပုံတွင် သတိပေးချက် မျက်နှာပြင်ကို အသုံးပြုခဲ့သည်။ ဤအမှုသည် ပဋိပက္ခအခြေအနေများတွင် အကြောင်းအရာ စိစစ်ခြင်းနှင့်ပတ်သက်၍ အရေးကြီးသော ပြဿနာအချို့ကို ပေါ်ပေါက်စေသည်။
အမှု အကြောင်း
၂၀၂၂ ခုနှစ် ဧပြီလတွင် လတ်ဗီးယားနိုင်ငံမှ Facebook အသုံးပြုသူတစ်ဦးသည် လမ်းပေါ်တွင် မှောက်လျက်သေဆုံးနေသည့် လူသေအလောင်းတစ်ခု ဖြစ်ဟန်တူသော ရုပ်ပုံတစ်ပုံကို ပို့စ်တင်ခဲ့သည်။ မည်သည့်ဒဏ်ရာကိုမျှ မမြင်ရပါ။ ထိုလူပုဂ္ဂိုလ်သည် ယူကရိန်း၊ ဘူချာတွင် သေနတ်ပစ်ခံရကြောင်း Meta က ဘုတ်အဖွဲ့ထံ အတည်ပြုခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီတွင် ဆိုဗီယက်စစ်သားများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ရက်စက်ယုတ်မာမှုများသည် USSR တွင် နာဇီစစ်သားများ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို လက်စားချေခြင်းဖြစ်ခဲ့သည်ဟူသော အခြေခံအကြောင်းရင်းဖြင့် ၎င်းတို့ကို ခွင့်လွှတ်ပေးခဲ့သည်ဟု ပုံတွင်ပါရှိသော ရုရှားစာသားက ရည်ညွှန်းထားသည်။ ၎င်းသည် ရုရှားစစ်တပ်က “ဖက်ဆစ်ဝါဒီဖြစ်လာသည်” ဟု ဆိုကာ နာဇီစစ်တပ်နှင့် ယူကရိန်းရှိ ရုရှားစစ်တပ်ကြား ချိတ်ဆက်မှုတစ်ခုကို ကောက်ချက်ချထားသည်။
ပို့စ်သည် ယူကရိန်းတွင် ရုရှားစစ်တပ်က ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ရက်စက်ယုတ်မာမှုများကို ကိုးကားပြီး "ဘူချာဖြစ်ရပ်အပြီးတွင် ယူကရိန်းပြည်သူများအနေနှင့်လည်း တစ်ကျော့ပြန်လိုကြမည်ဖြစ်... ပြီး ပြန်ကျော့နိုင်ကြလိမ့်မည်" ဟု ဖော်ပြထားသည်။ ၎င်းတွင် ဆိုဗီယက် ကဗျာဆရာ ကွန်စတန်တင် ဆိုင်မွန်နော့ဗ်၏ "သူ့ကိုသတ်လိုက်" ဟူသော ကဗျာကို ကိုးကားပြီး အောက်ပါစာကြောင်းများကို ထည့်သွင်းလျက် အဆုံးသတ်ထားသည်- "ဖက်ဆစ်ဝါဒီများကို သတ်ကြ... သူ့ကိုသတ်လိုက်။ သူ့ကိုသတ်လိုက်။ သတ်ပစ်ကြ။"
ဤပို့စ်ကို အခြား Facebook အသုံးပြုသူက တိုင်ကြားခဲ့ပြီး Meta သည် ထိုပို့စ်အား ၎င်း၏ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်သည့်အတွက် ဖယ်ရှားခဲ့သည်။ ဘုတ်အဖွဲ့က ဤအမှုကို ရွေးချယ်ပြီးနောက် Meta က ၎င်းအနေဖြင့် ပို့စ်ကို မှားယွင်းစွာ ဖယ်ရှားခဲ့ကြောင်း တွေ့ရှိ၍ ပို့စ်ကို ပြန်ထည့်သွင်းပေးခဲ့သည်။ သုံးပတ်ကြာပြီးနောက် ၎င်းသည် ၎င်း၏ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒအရ ပုံတွင် သတိပေးချက် မျက်နှာပြင် သုံးခဲ့သည်။
အဓိက တွေ့ရှိချက်များ
ပို့စ်ကို ဖယ်ရှားပြီးနောက်ပိုင်းတွင် သတိပေးချက် မျက်နှာပြင်သုံးခြင်းသည် Facebook ၏ လူမှုစံနှုန်းများ၊ Meta ၏ စံတန်ဖိုးများ သို့မဟုတ် ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် မကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
ပို့စ်တွင် “ရုရှားစစ်သားများသည် နာဇီများဖြစ်သည်" ဟု ယေဘုယျစွပ်စွဲချက်များ ပြုလုပ်ခြင်းထက် ၎င်းတို့သည် သီးခြားအချိန်နှင့် နေရာတစ်ခုတွင် နာဇီများကဲ့သို့ ပြုမူခဲ့ကြောင်း ပြောဆိုကာ သမိုင်းကြောင်းဆိုင်ရာ နှိုင်းယှဉ်ချက်များကို ကောက်နုတ်ထားကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ပို့စ်သည် ရုရှားစစ်သားများအား တိုက်ပွဲဝင်စစ်သည်များအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍကြောင့်မဟုတ်ဘဲ ၎င်းတို့၏ နိုင်ငံသားကြောင့် ပစ်မှတ်ထားသည်။ ဤအကြောင်းအရာတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ၎င်း၏ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းသည် စစ်သားများအား ကမ်းကုန်သောမှားယွင်းမှုဟု ပြောဆိုချက်များမှ ကာကွယ်မပေးပါ သို့မဟုတ် ၎င်းတို့၏ လုပ်ရပ်များနှင့် အတိတ်ဖြစ်ရပ်များအကြား ရန်စသော နှိုင်းယှဉ်ချက်များကို မတားဆီးပါ။
အကြောင်းအရာက အကြမ်းဖက်မှုကို လှုံ့ဆော်ပေးခြင်းရှိ၊ မရှိ အကဲဖြတ်ရာတွင် ဘုတ်အဖွဲ့သည် အကြောင်းအရာ၏ အရေးပါမှုကို အလေးထားသည်။ ဤအမှုတွင် “သူ့ကိုသတ်လိုက်” ကဗျာမှ ကိုးကားချက်များသည် အလင်္ကာမြောက် လှည့်ကွက်တစ်ခုအဖြစ် အသုံးချသည့် အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ရည်ညွှန်းချက်တစ်ခုဖြစ်သည်။ ပို့စ်တစ်ခုလုံး၏ အကြောင်းအရာကို ဖတ်သည့်အခါ ကိုးကားချက်များအား စိတ်အခြေအနေကို လှုံ့ဆော်တိုက်တွန်းရန်ထက် ရှင်းလင်းဖော်ပြရန်အတွက် အသုံးပြုကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ၎င်းတို့သည် အကြမ်းဖက်မှု သံသရာစက်ဝန်းများနှင့် ယူကရိန်းတွင် သမိုင်းတစ်ကြော့ပြန်နိုင်ခြေကို သတိပေးသည်။
ကုမ္ပဏီသည် ထိုကဲ့သို့ "ဖြစ်နိုင်ခြေရှိသော ရလဒ်တစ်ခုအပေါ် ဘက်မလိုက်သော ရည်ညွှန်းချက် [များ]" နှင့် "အကြံပြု သတိပေးချက်[များ]" ကို ခွင့်ပြုသည်ဟု ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို အဓိပ္ပါယ်ကောက်ယူကြောင်း Meta ၏ စိစစ်သူများအတွက် ကုမ္ပဏီတွင်းလမ်းညွှန်ချက်က ရှင်းလင်းစေသည်။ သို့သော် ၎င်းကို အများဆိုင် လူမှုစံနှုန်းများတွင် ရှင်းပြမထားပါ။ ထိုနည်းတူ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒသည် ဆိုးဝါးပြင်းထန်သော သေဆုံးမှုကို သရုပ်ဖော်သည့်ပုံများကို တားမြစ်သည်။ စိစစ်သူများအတွက် ကုမ္ပဏီတွင်းလမ်းညွှန်ချက်တွင် သေဆုံးမှုတစ်ခုသည် ဆိုးဝါးပြင်းထန်မှုရှိ၊ မရှိ Meta က ဆုံးဖြတ်ပုံကို ဖော်ပြထားသော်လည်း ၎င်းသည် အများဆိုင်မူဝါဒတွင် မပါဝင်ပါ။
ဤအမှုတွင် ပို့စ်ရှိ ပုံထဲ၌ Meta ၏ စိစစ်သူများအတွက် ကုမ္ပဏီတွင်းလမ်းညွှန်ချက်အရ သတိပေးချက် မျက်နှာပြင်အသုံးပြုရန် လျော်ကန်မည့် ထင်ရှားသော အကြမ်းဖက်မှုကို ညွှန်ပြသည့် အရာများ မပါဝင်ကြောင်း ဘုတ်အဖွဲ့ဝင် အများစုက တွေ့ရှိသည်။
ခြံငုံကြည့်လျှင် ဤပို့စ်သည် အကြမ်းဖက်မှုကို ပိုမိုဆိုးဝါးစေနိုင်ဖွယ်မရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ သို့သော် နိုင်ငံတကာဥပဒေအရ တိုက်ပွဲဝင်စစ်သည်များကို ပစ်မှတ်ထားခွင့်ပြုသည့် နိုင်ငံတကာ ပဋိပက္ခအခြေအနေများတွင် အကြမ်းဖက် စကားကို စိစစ်ရာတွင် နောက်ထပ်ရှုပ်ထွေးမှုများရှိကြောင်း ၎င်းက မှတ်ချက်ပြုသည်။ ယူကရိန်းကို ရုရှားကျူးကျော်မှုသည် ဥပဒေနှင့်မညီညွတ်ဟု နိုင်ငံတကာက အသိအမှတ်ပြုထားသည်။ ဘုတ်အဖွဲ့သည် Meta အား ဥပဒေနှင့်မညီညွတ်သော စစ်ရေးဝင်ရောက်စွက်ဖက်မှု အခြေအနေများကို ထည့်သွင်းစဉ်းစားပြီး ၎င်း၏ မူဝါဒကို ပြင်ဆင်ရန် တိုက်တွန်းသည်။
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် Meta ၏ ပို့စ်ကို ဖယ်ရှားရန် မူလဆုံးဖြတ်ချက်နှင့် Meta က သတိပေးချက် မျက်နှာပြင်ကို သုံးခဲ့ရစေသည့် ပို့စ်ထဲရှိ ပုံသည် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒကို ချိုးဖောက်ကြောင်း ၎င်း၏ နောက်ဆက်တွဲဆုံးဖြတ်ချက်ကို ပယ်ချသည်။
ဘုတ်အဖွဲ့က Meta အနေဖြင့် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-
- Meta ၏ မူဝါဒ အဓိပ္ပါယ်ကောက်ယူမှုအပေါ် အခြေခံ၍ ၎င်းသည် "ဖြစ်နိုင်ခြေရှိသော ရလဒ်တစ်ခုအပေါ် ဘက်မလိုက်သောရည်ညွှန်းချက်" ဖြစ်စေသည့် အကြောင်းအရာကို ခွင့်ပြုကြောင်း ရှင်းလင်းစေရန် အများဆိုင် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို ပြင်ဆင်ခြင်း။
- အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ လူမှုစံနှုန်းတွင် ပုံတစ်ပုံက "လူပုဂ္ဂိုလ်တစ်ဦး၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှု" ကို သရုပ်ဖော်ခြင်းရှိ၊ မရှိ ၎င်းမည်သို့ဆုံးဖြတ်ပုံအကြောင်း ရှင်းလင်းဖော်ပြချက်တစ်ခု ထည့်ခြင်း။
- အရွယ်ရောက်ပြီးသော အသုံးပြုသူများက အနိဋ္ဌာရုံ မြင်ကွင်းကို လုံးဝကြည့်လိုခြင်းရှိ၊ မရှိနှင့် ကြည့်လိုပါက ၎င်းကို သတိပေးချက် မျက်နှာပြင်ဖြင့်ဖြစ်စေ၊ မျက်နှာပြင်မပါဘဲဖြစ်စေ ကြည့်ရှုရန် ဆုံးဖြတ်နိုင်သည့် ကိရိယာများကို မိတ်ဆက်နိုင်ခြေအား အကဲဖြတ်ခြင်း။
* အမှုအနှစ်ချုပ်များတွင် အမှုအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။
အမှုအပေါ် ဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ယူကရိန်းရှိ ပဋိပက္ခကို အမည်တပ်သော Facebook ပို့စ်ကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ပယ်ချသည်။ ရှရှားဘာသာစကားဖြင့်ဖြစ်ပြီး လတ်ဗီးယား၌ တင်ထားသော အကြောင်းအရာတွင် မြေပြင်ပေါ်၌ လဲလျောင်းကာ သေဆုံးနေဖွယ်ရှိသည့် လူပုဂ္ဂိုလ်တစ်ဦးပါရှိသော လမ်းမြင်ကွင်းတစ်ခု၏ ဓာတ်ပုံတစ်ပုံနှင့် စာသားပါဝင်သည်။ စာသားတွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်ကျူးကျော်သူများကို ခုခံတော်လှန်ရန် တောင်းဆိုသော ဆိုဗီယက်ကဗျာဆရာ ကွန်စတန်တင် ဆိုင်မွန်နော့ဗ်၏ လူသိများသော ကဗျာတစ်ပုဒ်မှ ကိုးကားချက်များပါဝင်ပြီး ယူကရိန်းတွင် ရှရှားကျူးကျော်သူများ ပါဝင်နေသော အခန်းကဏ္ဍသည် USSR တွင် ဂျာမန်စစ်သားများပါဝင်ခဲ့သည့် အခန်းကဏ္ဍနှင့်အလားတူကြောင်း ၎င်းက သွယ်ဝိုက်ညွှန်းဆိုသည်။ ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန်အတွက် ဤပို့စ်ကို ရွေးချယ်ခဲ့ပြီးနောက် Meta သည် ၎င်း၏ ရပ်တည်ချက်ကို ပြောင်းလဲခဲ့ပြီး အကြောင်းအရာကို ပလက်ဖောင်းတွင် ပြန်ထည့်သွင်းခဲ့သည်။ အကြောင်းအရာသည် Meta ၏ အမုန်းစကားနှင့် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒများအောက်တွင် အရေးကြီးသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဆိုင်ရာ မေးခွန်းများကို ဖြစ်ပေါ်စေသည်။ ပို့စ်ကို ပြန်ထည့်သွင်းရန် ဆုံးဖြတ်ပြီး သီတင်းပတ်အနည်းငယ်အကြာတွင် Meta သည် ဓာတ်ပုံတွင် သတိပေးချက် မျက်နှာပြင် ထည့်ခဲ့သည်။ ပုံတွင် Meta ၏ အကြောင်းအရာစိစစ်သူများအတွက် ကုမ္ပဏီတွင်း လမ်းညွှန်ချက်များ၌ ဖော်ပြထားသည့်အတိုင်း သတိပေးချက် မျက်နှာပြင် အသုံးပြုရန် လျော်ကန်စေမည့် အကြမ်းဖက်မှုကိုပြကြောင်း ရှင်းလင်းစွာ ညွှန်ပြသည့်အရာများ မရှိသောကြောင့် ဓာတ်ပုံသည် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒကို မချိုးဖောက်ကြောင်း ဘုတ်အဖွဲ့ဝင် အများစုက ဆုံးဖြတ်သည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လတ်ဗီးယားနိုင်ငံမှ Facebook အသုံးပြုသူတစ်ဦးက သူ၏ သတင်းစဉ်တွင် ပုံတစ်ခုနှင့် ရုရှားဘာသာစကားဖြင့် စာသားကို ပို့စ်တင်ခဲ့သည်။ ထိုပို့စ်ကို အကြိမ် ၂၀,၀၀၀ ခန့် ကြည့်ရှုခဲ့ပြီး အကြိမ် ၁၀၀ ခန့် မျှဝေခဲ့ကာ တုံ့ပြန်မှု ၆၀၀ နီးပါးနှင့် မှတ်ချက် ၁၀၀ ကျော် ရရှိခဲ့သည်။
ပုံတွင် မြေပြင်ပေါ်၌ သေဆုံးနေနိုင်ဖွယ်ရှိပြီး လဲနေသည့်စက်ဘီးတစ်စီးဘေးတွင် ငြိမ်သက်စွာ လဲလျောင်းနေသော လူပုဂ္ဂိုလ်တစ်ဦးနှင့် လမ်းမမြင်ကွင်းတစ်ခုကို ပြသထားသည်။ မည်သည့်ဒဏ်ရာကိုမျှ မမြင်ရပါ။ စာသားမှာ “သူတို့က တစ်ကျော့ပြန် ထပ်ခါထပ်ခါလုပ်ချင်နေခဲ့ကြသည်” ဟူ၍ စတင်ထားသည်။ ပို့စ်သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီ၌ ဆိုဗီယက်စစ်သားများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ရာဇဝတ်မှုများအကြောင်း မှတ်ချက်ပြုထားသည်။ ဤရာဇဝတ်မှုများကို နာဇီများက USSR အပေါ် သက်ရောက်စေခဲ့သော ကြောက်မက်ဖွယ်ရာများကို စစ်သားများက လက်စားချေသည်ဟူသည့် အခြေခံအကြောင်းရင်းဖြင့် ခွင့်လွှတ်ပေးခဲ့သည်ဟု ၎င်းတွင် ဖော်ပြထားသည်။ ထို့နောက် ၎င်းသည် ဒုတိယကမ္ဘာစစ်နှင့် ယူကရိန်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်မှုကြား ဆက်စပ်မှုကို ကောက်နုတ်ဖော်ပြထားပြီး ရုရှားစစ်တပ်သည် “ဖက်ဆစ်ဝါဒီ ဖြစ်လာခဲ့သည်" ဟု ငြင်းခုံပြောဆိုထားသည်။ ယူကရိန်းရှိ ရုရှားစစ်တပ်သည် မိန်းကလေးများကို မုဒိန်းကျင့်ခြင်း၊ ၎င်းတို့၏ ဖခင်များကို ဒဏ်ရာရစေခြင်း၊ ငြိမ်းချမ်းစွာနေထိုင်သည့် လူများကို နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ပြုလုပ်သည်" ဟု ပို့စ်တွင် ဖော်ပြထားသည်။ ၎င်းက “ဘူချာဖြစ်ရပ်အပြီးတွင် ယူကရိန်းပြည်သူများအနေနှင့်လည်း ထိုသို့သော လုပ်ဆောင်မှုများကို တစ်ဖန်ပြန်ကျော့လိုကြမည်ဖြစ်... ပြီး ပြန်ကျော့နိုင်ကြလိမ့်မည်" ဟု အဆုံးသတ်ထားသည်။ ပို့စ်အဆုံးပိုင်းတွင် အသုံးပြုသူသည် အောက်ပါစာကြောင်းများ အပါအဝင် ဆိုဗီယက် ကဗျာဆရာ ကွန်စတန်တင် ဆိုင်မွန်နော့ဗ်၏ “သူ့ကိုသတ်လိုက်” ကဗျာကောက်နုတ်ချက်များကို မျှဝေထားသည်- “မင်းမဟုတ်ပဲ ဖက်ဆစ်တစ်ကောင် မြေပေါ်လဲကျသွားအောင် သူ့ကို သတ်လိုက်တော့"၊ သူတို့ထဲက အနည်းဆုံး တစ်ယောက်လောက်ကိုပဲဖြစ်ဖြစ် တတ်နိုင်သမျှမြန်မြန် သတ်လိုက်"၊ “သူ့ကိုသတ်လိုက်။ သူ့ကိုသတ်လိုက်။ သတ်ပစ်ကြ။"
အကြောင်းအရာကို ပို့စ်တင်ခဲ့သည့် တစ်နေ့တည်းတွင်ပင် အခြားအသုံးပြုသူတစ်ဦးက ၎င်းကို “အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း” အဖြစ် တိုင်ကြားခဲ့သည်။ လူကိုယ်တိုင် စိစစ်သုံးသပ်သူ၏ ဆုံးဖြတ်ချက်ပေါ် အခြေခံ၍ Meta သည် အကြောင်းအရာကို ၎င်း၏ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းအား ချိုးဖောက်မှုကြောင့် ဖယ်ရှားခဲ့သည်။ နာရီပိုင်းအကြာတွင် အကြောင်းအရာကို ပို့စ်တင်ခဲ့သော အသုံးပြုသူက အယူခံဝင်ခဲ့ပြီး ဒုတိယအကြိမ် လူကိုယ်တိုင် စိစစ်သူက အကြောင်းအရာသည် အလားတူ မူဝါဒကိုပင် ချိုးဖောက်နေသည်ဟု အကဲဖြတ်ခဲ့သည်။
အသုံးပြုသူက ကြီးကြပ်ရေးဘုတ်အဖွဲ့သို့ အယူခံဝင်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်တွင် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန် အယူခံလွှာကို ရွေးချယ်သည့် ရလဒ်အဖြစ် Meta သည် အကြောင်းအရာကို ဖယ်ရှားရန် ၎င်း၏ ယခင်ဆုံးဖြတ်ချက်သည် မှားယွင်းနေခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး ပြန်ထည့်သွင်းခဲ့သည်။ အကြောင်းအရာကို ပြန်ထည့်သွင်းခဲ့ပြီး ၂၃ ရက်အကြာ၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် ပို့စ်ထဲရှိ ဓာတ်ပုံသည် လူပုဂ္ဂိုလ်တစ်ဦး၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှုကို ပြသနေသည်ဟူသော အခြေခံအကြောင်းရင်းဖြင့် Meta က အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံမြင်ကွင်း လူမှုစံနှုန်းအရ ထိုပုံတွင် သတိပေးချက် မျက်နှာပြင်ကို သုံးခဲ့သည်။ သတိပေးချက် မျက်နှာပြင်တွင် "ထိခိုက်လွယ်သည့် အကြောင်းအရာ - ဤဓာတ်ပုံသည် အကြမ်းဖက်မှု သို့မဟုတ် အနိဋ္ဌာရုံ မြင်ကွင်းကို ပြသဖွယ်ရှိနိုင်သည်" ဟု ဖော်ပြထားပြီး အသုံးပြုသူအား ရွေးချယ်စရာနှစ်ခု- "ပိုမိုလေ့လာရန်" နှင့် "ဓာတ်ပုံကို ကြည့်ရန်" ကို ပေးထားသည်။
အောက်ဖော်ပြပါ ဖြစ်ရပ်မှန်နောက်ခံသည် ဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်နှင့် သက်ဆိုင်ပြီး ဘုတ်အဖွဲ့က တာဝန်ပေးအပ်ထားသော သုတေသနပေါ်တွင် အခြေခံထားသည်-
- ယူကရိန်းကို ရုရှားကျူးကျော်မှုအား ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဥပဒေနှင့် မညီညွတ်ဟု အသိအမှတ်ပြုခဲ့သည် ( A/RES/ES-၁၁/၁)။
- ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘတ်ချလက်က ယူကရိန်းရှိ "အလားအလာရှိသော စစ်ရာဇဝတ်မှုများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ဆိုးရွားစွာ ချိုးဖောက်မှုများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုများနှင့်ပတ်သက်၍ ပြင်းထန်ပြီး ထိတ်လန့်စရာကောင်းသော မေးခွန်းများ" အပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။
- ဆိုဗီယက်ခေတ်အလွန် ယဉ်ကျေးမှုများတွင် "ဖက်ဆစ်" ဟူသော အသုံးအနှုန်းသည် အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်နာဇီများကိုသာ ရည်ညွှန်းလေ့ရှိသည်။ သို့သော် "ဖက်ဆစ်" ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ဂျာမန်နာဇီများနှင့် တိုက်ရိုက်ဆက်နွှယ်မှု မရှိတော့ပါ။ ရုရှားနှင့် ယူကရိန်းတို့တွင် နိုင်ငံရေးနယ်ပယ်၏ မတူညီသောအပိုင်းများတွင် ပြိုင်ဘက်များကို ကဲ့ရဲ့အပြစ်ဆိုရန် "ဖက်ဆစ်" ဟူသော ဝေါဟာရကို အသုံးပြုထားသည့် နိုင်ငံရေးဆွေးနွေးမှုများကြောင့် ထိုဝေါဟာရ အသုံးအနှုန်းကို ပြတ်ပြတ်သားသား မခွဲခြားနိုင်တော့ပါ။
- အသုံးပြုသူ၏ ပို့စ်ရှိ “သူတို့က တစ်ကျော့ပြန် ထပ်ခါထပ်ခါ လုပ်ချင်နေခဲ့ကြသည်” ဟူသော ပထမဆုံးစာကြောင်းသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီများအား ဆိုဗီယက်၏ အနိုင်ယူမှုကို ရည်ညွှန်းရန် လူအချို့အသုံးပြုခဲ့သည့် ရုရှားရှိ လူကြိုက်များသော ကြွေးကြော်သံတစ်ခုဖြစ်သည့် “[ကျွန်ုပ်]တို့ တစ်ကျော့ပြန်နိုင်တယ်” ကို ရည်ညွှန်းခြင်းဖြစ်သည်။ “ဘူချာဖြစ်ရပ်အပြီးတွင် ယူကရိန်းပြည်သူများအနေနှင့်လည်း ရုရှားစစ်တပ်၏ လုပ်ဆောင်မှုများကို တစ်ဖန်ပြန်ကျော့လိုကြမည်ဖြစ်... ပြီး ပြန်ကျော့နိုင်ကြလိမ့်မည်" ဟု ဖော်ပြသည့်အခါ အသုံးပြုသူသည် ဤကြွေးကြော်သံကို ထပ်မံသွယ်ဝိုက်၍ ရည်ညွှန်းပြောဆိုသည်။
၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူမှ အယူခံဝင်ပြီးနောက် ချမှတ်ထားသော Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့တွင် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။ ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင် သို့မဟုတ် ပယ်ဖျက်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၅)။ ထို့ပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော ဆက်စပ်အကြောင်းအရာပါသည့် အလားတူ အကြောင်းအရာနှင့် ပတ်သက်၍ ၎င်း၏ဆုံးဖြတ်ချက်ကို အသုံးချနိုင်သည့် ဖြစ်နိုင်ခြေကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် လိုက်နာစရာမလိုသော်လည်း တုံ့ပြန်ရမည့် အကြံပြုချက်များ ပါရှိသော မူဝါဒအကြံပေး ထုတ်ပြန်ချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၄၊ အပိုဒ်ခွဲ ၄)။
Meta အနေဖြင့် ၎င်းသည် အမှားအယွင်းတစ်ခု ပြုလုပ်ခဲ့ကြောင်း သဘောတူထားသည့် ဤကဲ့သို့သော အမှုများကို ဘုတ်အဖွဲ့က ရွေးချယ်သောအခါတွင် ဘုတ်အဖွဲ့သည် အမှားအယွင်းများ ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို ပိုမိုနားလည်စေရန်နှင့် အမှားအယွင်းများကို လျှော့ချခြင်းနှင့် မျှတပြီး ပွင့်လင်းမြင်သာသော လုပ်ထုံးလုပ်နည်းများအား မြှင့်တင်ခြင်းကို အထောက်အကူပြုနိုင်မည့် လေ့လာစောင့်ကြည့်မှုများ သို့မဟုတ် အကြံပြုချက်များပြုလုပ်ရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်သည်။
၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များ
ကြီးကြပ်ရေး ဘုတ်အဖွဲ့သည် ၎င်း၏ဆုံးဖြတ်ချက်တွင် အောက်ပါလုပ်ပိုင်ခွင့်များနှင့် စံနှုန်းများကို ထည့်သွင်းစဉ်းစားခဲ့ကြသည်-
၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အသက်ဆိုင်ဆုံး ယခင်ဆုံးဖြတ်ချက်များတွင် အောက်ပါတို့ ပါဝင်သည်-
- "တီဂရေး ဆက်သွယ်ရေးရာ အစိုးရဌာန" အမှု (၂၀၂၂-၀၀၆-FB-MR) ဤအမှုတွင် ဘုတ်အဖွဲ့သည် အသုံးပြုသူ၏ ပရိုဖိုင်၊ (တိုင်းဒေသကြီး အစိုးရဝန်ကြီးဌာနတစ်ခု) ရွေးချယ်ထားသော စကားအသုံးအနှုန်း (အညံ့မခံသောစစ်သားများကို သတ်ရန် အတိအလင်းကြေညာချက်) နှင့် စာမျက်နှာ၏ ပျံ့နှံ့ရောက်ရှိမှု (စောင့်ကြည့်သူ ၂၆၀,၀၀၀ ခန့်) တို့ကို ထည့်သွင်းစဉ်းစားပါက ပို့စ်သည် နောက်ထပ်အကြမ်းဖက်မှုကို ဦးတည်နိုင်ခြေမြင့်ကြောင်း ကောက်ချက်ချပြီးနောက် အကြောင်းအရာကို ဖြုတ်ချရန် Meta ၏ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့သည်။
- "ဆူဒန် အနိဋ္ဌာရုံ မြင်ကွင်း ဗီဒီယို" အမှု ( ၂၀၂၂-၀၀၂-FB-MR)။ ဤအမှုတွင် ဘုတ်အဖွဲ့က Meta အား- (၁) လူ့အခွင့်အရေး အလွဲသုံးစားပြုမှုများကို ပိုမိုသတိပြုမိစေရန် သို့မဟုတ် သက်သေအထောက်အထားပြရန် ရည်ရွယ်ချက်ဖြင့် မျှဝေသည့်အခါ လူများ သို့မဟုတ် လူသေအလောင်းများ၏ ဗီဒီယိုများကို ခွင့်ပြုရန်အတွက် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ လူမှုစံနှုန်းကို ပြင်ဆင်ရန်နှင့် (၂) လူ့အခွင့်အရေး အလွဲသုံးစားပြုမှုများကို ပိုမိုသတိပြုမိစေရန် သို့မဟုတ် သက်သေအထောက်အထားပြရန် ရည်ရွယ်ချက်ဖြင့် မျှဝေသည့်အခါ လူများ သို့မဟုတ် လူသေအလောင်းများ၏ ဗီဒီယိုများကို ခွဲခြားဖော်ထုတ်ရန် သတ်မှတ်စံနှုန်းကို ရေးဆွဲသည့် မူဝါဒဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် အကြံပြုခဲ့သည်။
၂။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ-
အမုန်းစကားဆိုင်ရာ လူမှုစံနှုန်း အောက်တွင် Meta သည် လူများ သို့မဟုတ် အဖွဲ့များအား ၎င်းတို့၏ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ ရည်ညွှန်းသည့် "ရက်စက် ကြမ်းကြုတ်သော" သို့မဟုတ် "လူ့ဂုဏ်သိက္ခာကို ကင်းမဲ့စေသော" ပြောဆိုမှုကို ခွင့်မပြုပါ။ "လူ့ဂုဏ်သိက္ခာကို ကင်းမဲ့စေသော ပြောဆိုမှု"တွင် "ရက်စက်ကြမ်းကြုတ်သော လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများနှင့် သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍... နှိုင်းယှဉ်ချက်များ၊ ခြုံငုံ၍ ကောက်ချက်ချခြင်းများ သို့မဟုတ် အရည်အချင်းမပြည့်မီသော အပြုအမူဆိုင်ရာ ရေးသားဖော်ပြချက်များ" ပါဝင်ကြောင်း မူဝါဒတွင် ဖော်ပြထားသည်။ ဤမူဝါဒသည် အရည်အချင်းပြည့်မီသော အပြုအမူဆိုင်ရာ ရေးသားဖော်ပြချက်များအပေါ် အတိအလင်းမသက်ရောက်ပါ။ "ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ သို့မဟုတ် လိင်ပိုင်းဆိုင်ရာပြစ်မှုများကို ဆောင်ရွက်ထားခြင်း" အဖြစ် ဖော်ပြထားသော အုပ်စုများကို အမုန်းစကားမူဝါဒအရ တိုက်ခိုက်မှုများမှ ကာကွယ်မထားပါ။
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်း အောက်တွင် Meta သည် "ခြိမ်းခြောက်မှု" ကို အခြားအရာများအကြားမှ "ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို ကြေညာချက်များ" နှင့် "ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို အားပေးလှုံ့ဆော်သော ရေးသားဖော်ပြချက်များ" အဖြစ် သတ်မှတ်ထားလျှင် "အသက်သေဆုံးနိုင်စေသည့် ခြိမ်းခြောက်မှုများ (နှင့် အခြားဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုပုံစံများ) ကို ခွင့်မပြုပါ။ ကုမ္ပဏီသည် "လုပ်ဆောင်မှုတစ်ခု၏ ဖြစ်နိုင်ခြေရှိသောရလဒ်တစ်ခုအပေါ် ဘက်မလိုက်သော ရည်ညွှန်းချက် သို့မဟုတ် အကြံပြုသတိပေးချက်" ဖြင့် ရေးသားဖော်ပြချက်များ ပါရှိသည့် အကြောင်းအရာကို ခွင့်ပြုရန် ဤမူဝါဒကို အဓိပ္ပါယ်ဖွင့်ဆိုကြောင်း Meta ၏ အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက် ကုမ္ပဏီတွင်း လမ်းညွှန်ချက်များတွင် ရှင်းလင်းထားသည်။
အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ လူမှုစံနှုန်း အောက်တွင် "မတော်တဆ သို့မဟုတ် လူသတ်မှုကြောင့် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူများ၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှုကို ပြသသော ရုပ်ပုံ" ကို သတိပေးချက် မျက်နှာပြင်ဖြင့် ဖုံးထားသည်။
၃။ Meta ၏ စံတန်ဖိုးများ-
Meta သည် လူမှုစံနှုန်းများ မိတ်ဆက်တွင် အခြားအရာများထဲမှ Facebook ၏ စံတန်ဖိုးများဖြစ်သည့် "ထုတ်ဖော်ပြောဆိုခွင့်"၊ "ဂုဏ်သိက္ခာ" နှင့် "အန္တရာယ်ကင်းရှင်းရေး" ကို ဖော်ပြထားသည်။ ဆုံးဖြတ်ချက်နှင့်သက်ဆိုင်လျှင် ထိုသို့သက်ဆိုင်သည့်အတိုင်း ဤဆုံးဖြတ်ချက်သည် အဆိုပါတန်ဖိုးများကို ရည်ညွှန်းပါမည်။
၄။ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများ-
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် ထောက်ခံချက်ပေးထားသည့် စီးပွားရေးလုပ်ငန်းနှင့် လူအခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ် ထည့်သွင်းဖန်တီးထားသည်။ ၂၀၂၁ ခုနှစ်တွင် UNGP များနှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို Meta က ကြေညာခဲ့သည်။ ဤအမှုတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ လူ့အခွင့်အရေး စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည်-
- လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်- အပိုဒ် ၁၉၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးအပေါ် အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်စာချုပ် (ICCPR)၊ အထွေထွေမှတ်ချက် အမှတ်စဉ် ၃၄၊ လူ့အခွင့်အရေးကော်မတီ (၂၀၁၁)၊ လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အစီရင်ခံစာများ- A/HRC/၃၈/၃၅ (၂၀၁၈)၊ A/၇၄/၄၈၆ (၂၀၁၉) နှင့် A/HRC/၄၄/၄၉/ဖြည့်စွက်ချက် ၂ (၂၀၂၀)။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ အစီရင်ခံစာ- A/HRC/၂၂/၁၇/ဖြည့်စွက်ချက် ၄ (၂၀၁၃)။
- တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေး- အပိုဒ် ၂၊ ပိုဒ်ခွဲ ၁ (ICCPR)။
- ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံခွင့်- အပိုဒ် ၉ (ICCPR)။
- အသက်ရှင်ရပ်တည်ခွင့် - အပိုဒ် ၆ (ICCPR)။
၅။ အသုံးပြုသူ၏ တင်ပြချက်များ
ဘုတ်အဖွဲ့ထံ အယူခံဝင်လွှာတွင် အသုံးပြုသူက ၎င်းမျှဝေခဲ့သည့် အဆိုပါဓာတ်ပုံသည် “လမ်းမပေါ်တွင် အရပ်သားသေဆုံးသူ မြောက်မြားစွာရှိရာ“၊ “ဘူချာမြို့ရှိ ရုရှားစစ်တပ်၏ ရာဇဝတ်မှုများ" ကို မှတ်တမ်းတင်ထားသော ဓာတ်ပုံများထဲမှ “အန္တရာယ်မရှိဆုံးသော” ပုံဖြစ်ကြောင်း ဆိုထားသည်။ အသုံးပြုသူက ၎င်း၏ပို့စ်သည် အကြမ်းဖက်မှုကို နှိုးဆော်ခြင်းမဟုတ်ဘဲ “အတိတ်သမိုင်းနှင့် ပစ္စုပ္ပန်" အကြောင်း ဖြစ်သည်ဟု ပြောထားသည်။ ကဗျာသည် မူလအစတည်းက “နာဇီများကို ခုခံရာတွင် ဆိုဗီယက်စစ်သားများ၏ ရုန်းကန်ရမှု" ကို ရည်ညွှန်းခဲ့ကြောင်းနှင့် “ရုရှားစစ်တပ်သည် ဖက်ဆစ် စစ်တပ်နှင့် သဏ္ဌာန်တူဖြစ်လာခဲ့” ပုံကို ပြသရန် ပို့စ်တင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောထားသည်။ ၎င်း၏ အယူခံဝင်မှု တစ်စိတ်တစ်ပိုင်းအရ သူသည် သတင်းထောက်တစ်ဦးဖြစ်ပြီး အထူးသဖြင့် စစ်ဖြစ်နေချိန်တွင် ဖြစ်ပျက်နေသည်များကို လူများသိရှိနားလည်ရန် အရေးကြီးသည်ဟု ယုံကြည်ကြောင်း ဆိုထားသည်။
၆။ Meta ၏ တင်ပြချက်များ
ကုမ္ပဏီသည် အမုန်းစကားမှစ၍ မတူညီသောမူဝါဒသုံးခုကို ထည့်သွင်းစဉ်းစားလျက် ဤအမှု၏ အကြောင်းအရာကို ခွဲခြမ်းစိတ်ဖြာခဲ့ကြောင်း Meta က ဘုတ်အဖွဲ့အား အကြောင်းပြချက်ပေးခဲ့သည်။ Meta သည် ၎င်း၏ မူလဆုံးဖြတ်ချက် ချမှတ်ခဲ့ပုံကို ရှင်းပြခြင်းထက် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲဆုံးဖြတ်ခဲ့သည့် အကြောင်းရင်းကို အလေးပေးခဲ့သည်။ Meta ၏ အဆိုအရ ရုရှား-ယူကရိန်း ပဋိပက္ခအခြေအနေတွင် ရုရှားစစ်သားများသည် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း အခိုင်အမာပြောဆိုခြင်းသည် "အရည်အချင်းပြည့်မီသော အပြုအမူဆိုင်ရာ ရေးသားဖော်ပြချက်များ" ကို ပလက်ဖောင်းတွင် ခွင့်ပြုထားသောကြောင့် အမုန်းစကားမူဝါဒအောက်ရှိ တိုက်ခိုက်မှုတစ်ခုမဟုတ်ပါ။ ဖက်ဆစ်သည် နိုင်ငံရေးသဘောတရားတစ်ခုဖြစ်ပြီး "ရုရှားစစ်တပ်သည် အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် ထို့အတွက်ကြောင့် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အဖွဲ့ သို့မဟုတ် အမုန်းစကားမူဝါဒတွင် အကျုံးဝင်သော အဖွဲ့ခွဲ (လူများဖြစ်သည့် ရုရှားစစ်သားများကို နှိုင်းယှဉ်ထားခြင်း) မဟုတ်သောကြောင့်" ရုရှားစစ်တပ်ကို နိုင်ငံရေးသဘောတရားတစ်ခုနှင့် ဆက်စပ်ရုံမျှသည် တိုက်ခိုက်မှုတစ်ခု မဟုတ်ကြောင်းလည်း Meta က ရှင်းပြခဲ့သည်။ နောက်ဆုံးအနေဖြင့် ပို့စ်၏ စာသားတွင် ကိုးကားထားသော “သူ့ကိုသတ်လိုက်” ကဗျာ၏ အမျိုးမျိုးသော ကောက်နုတ်ချက်များ (ဥပမာ- “ဖက်ဆစ်ဝါဒီကို သတ်လိုက်” “အနည်းဆုံး သူတို့ထဲက တစ်ယောက်လောက်ကို သတ်ပစ်လိုက်”၊ “သူ့ကိုသတ်လိုက်”) သည် ဒုတိယကမ္ဘာစစ်ဆိုင်ရာ အကြောင်းအရာတွင် "နာဇီများ" ကို ရည်ညွှန်းပြီး နာဇီများသည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့်အုပ်စု မဟုတ်ကြောင်း Meta က ညွှန်းဆိုခဲ့သည်။
Meta သည် ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအရလည်း ပို့စ်ကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘူချာရှိ ဖြစ်ရပ်များအပြီးတွင် "ယူကရိန်းပြည်သူများအနေနှင့်လည်း တစ်ဖန်ပြန်ကျော့လိုကြမည်ဖြစ်... ပြီး ပြန်ကျော့နိုင်ကြလိမ့်မည်" ဟု ဖော်ပြထားခြင်းသည် အကြမ်းဖက်မှုကို လှုံ့ဆော်ရာမရောက်ကြောင်း Meta က ရှင်းပြထားသည်။ Meta က ၎င်းသည် "ဖြစ်နိုင်ခြေရှိသော ရလဒ်တစ်ခုအပေါ် ဘက်မလိုက်သော ရည်ညွှန်းချက်" ဖြစ်ပြီး ကုမ္ပဏီက ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒအောက်တွင် ၎င်းကို ခွင့်ပြုထားကြောင်း အဓိပ္ပါယ်ကောက်ယူသည်ဟု ဆိုထားသည်။ ဆိုင်မွန်နော့ဗ်၏ ကဗျာကို ကိုးကားခြင်းသည် ယူကရိန်းတွင် သမိုင်းတစ်ကြော့ပြန်နိုင်ခြေကို ပိုမိုသတိပြုမိစေမည့် နည်းလမ်းတစ်ခုဖြစ်ကြောင်းကိုလည်း Meta က ဆိုခဲ့သည်။ နောက်ဆုံးတွင် နာဇီ (ဆိုင်မွန်နော့ဗ်၏ ကဗျာတွင် "ဖက်ဆစ်များ" အဖြစ် ရည်ညွှန်းထားသည်) ကဲ့သို့ အန္တရာယ်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မူဝါဒတွင် အကျုံးဝင်သည့် လူပုဂ္ဂိုလ်များအပေါ် အကြမ်းဖက်မှုအား ထောက်ခံခြင်းကို ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်းအောက်တွင် ခွင့်ပြုထားကြောင်း ကုမ္ပဏီက ရှင်းပြခဲ့သည်။
ထို့နောက် Meta က အကြောင်းအရာတွင်ပါဝင်သော ပုံသည် လူပုဂ္ဂိုလ်တစ်ဦး၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှုကို ပြသသောကြောင့် သတိပေးချက် မျက်နှာပြင်နှင့် အသက်နှင့်သင့်လျော်သော ကန့်သတ်ချက်များကို ၎င်း၏ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒအရ ပို့စ်တွင် သုံးခဲ့ကြောင်း ရှင်းပြခဲ့သည်။ ပုံသည် ဘူချာ၊ ယူကရိန်းတွင် သေနတ်ပစ်ခံရသော လူပုဂ္ဂိုလ်တစ်ဦးကို သရုပ်ဖော်ကြောင်း Meta က အတည်ပြုခဲ့သည်။
ဘုတ်အဖွဲ့၏ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် Meta သည် ယူကရိန်းရှိ ပဋိပက္ခအခြေအနေတွင် ၎င်းဖော်ဆောင်ထားသော ပဏာမခြေလှမ်းများ၏ နောက်ထပ် ရှင်းလင်းဖော်ပြချက်ကို ပေးခဲ့သည်။ သို့သော် အဆိုပါပဏာမ ခြေလှမ်းများသည် ဤအမှုရှိ အကြောင်းအရာကို ကနဦးဖယ်ရှားခြင်း သို့မဟုတ် ၎င်းကို သတိပေးချက် မျက်နှာပြင်ဖြင့် ပြန်ထည့်သွင်းရန် ဆုံးဖြတ်ချက်နှင့် မသက်ဆိုင်ခဲ့ကြောင်း Meta က အတည်ပြုခဲ့သည်။ ၎င်းသည် ပဋိပက္ခဖြစ်သည့်အချိန်များတွင် ကြိုတင်ဆန်းစစ်မှုရှိကြောင်း သေချာစေရန် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမူများနှင့် ကိုက်ညီသော အဆင့်များစွာကို ဆောင်ရွက်ထားကြောင်း ကုမ္ပဏီက ထပ်လောင်းပြောကြားခဲ့သည်။ ဤအဆင့်များတွင် ပဋိပက္ခစတင်ချိန်၌ Meta က လက်ခံကျင့်သုံးခဲ့သော အစီအမံများ၏ သက်ရောက်မှုအပေါ် သဘောထားမှတ်ချက်ရယူရန် ယူကရိန်းနှင့် ရုရှား အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ရုရှား လွတ်လပ်သောမီဒီယာတို့နှင့် ထိတွေ့ဆောင်ရွက်မှု ပါဝင်ခဲ့သည်။
ဘုတ်အဖွဲ့သည် Meta အား မေးခွန်း ၁၁ ခု မေးခဲ့ပြီး Meta က ၎င်းတို့အားလုံးကို အပြည့်အစုံ တုံ့ပြန်ဖြေကြားခဲ့သည်။
၇။ အများမြင် မှတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ဤအမှုနှင့် စပ်လျဉ်း၍ အများမြင် မှတ်ချက် ရှစ်ခုကို လက်ခံရရှိခဲ့သည်။ မှတ်ချက်များထဲမှ သုံးခုကို ဥရောပ၊ လေးခုကို အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ ပေးပို့ထားပြီး ကျန်တစ်ခုမှာ လက်တင်အမေရိကနှင့် ကာရေဘီယံမှ ဖြစ်သည်။ ပေးပို့မှုများတွင် အောက်ပါအကြောင်းအရာများ ပါဝင်ခဲ့သည်- နိုင်ငံတကာ လက်နက်ကိုင်ပဋိပက္ခ၊ အကြောင်းအရာစိစစ်ခြင်းတွင် ဆက်စပ်အခြေအနေ၏ အရေးပါမှု၊ ပဋိပက္ခအခြေအနေများတွင် သတင်းစာဆရာများ၏ အခန်းကဏ္ဍ၊ စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်ခြင်းနှင့် အလင်္ကာမြောက် ထုတ်ဖော်ပြောဆိုမှု။
ဤအမှုအတွက် ပေးပို့ထားသော အများမြင်မှတ်ချက်များကို ဖတ်ရှုရန် ဤနေရာ ကို နှိပ်ပါ။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်
ဘုတ်အဖွဲ့သည် ကနဦးတွင် အကြောင်းအရာအား Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများအောက်တွင် ခွင့်ပြုနိုင်ခဲ့ခြင်းရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ပလက်ဖောင်း၏ စံတန်ဖိုးများအရ လိုအပ်သည့်နေရာတွင် အဓိပ္ပါယ်ကောက်ယူကာ အကြောင်းအရာအပေါ် ကိုင်တွယ်စီမံခြင်းသည် ကုမ္ပဏီ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ အကဲဖြတ်ခဲ့သည်။
ဤပို့စ်အား ဖယ်ရှားခြင်းသည် ပဋိပက္ခအခြေအနေများတွင် အကြမ်းဖက်မှုကို လှုံ့ဆော်နိုင်သော အန္တရာယ်ဖြစ်နိုင်ခြေရှိသည့် အခြေအနေအသစ်များ၌ အခြားရည်ရွယ်ချက်ဖြင့် အသုံးပြုသည့် အလင်္ကာမြောက် ထုတ်ဖော်ပြောဆိုမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ရည်ညွှန်းချက်များနှင့်ပတ်သက်၍ အရေးကြီးသော စိုးရိမ်စရာများကို ဖြစ်ပေါ်စေခဲ့သောကြောင့် ဤအမှုကို ဘုတ်အဖွဲ့က ရွေးချယ်ခဲ့သည်။ ထုတ်ဖော်ပြောဆိုနိုင်သည့် အွန်လိုင်းနေရာများသည် စစ်ပွဲဒဏ်ခံရသူများအတွက် အထူးအရေးကြီးပြီး လူမှုကွန်ရက်ကုမ္ပဏီများသည် ထိုသူတို့၏ အခွင့်အရေးများကို ကာကွယ်ရန် အထူးဂရုထားရပါမည်။ အတိုင်းအတာတစ်ခုအထိ အကြောင်းအရာစိစစ်ခြင်းတွင် တွေ့နေကျဖြစ်သော ဆက်စပ်အကြောင်းအရာအပေါ် ခွဲခြမ်းစိတ်ဖြာမှုမရှိခြင်းက ပဋိပက္ခနှင့်စပ်လျဉ်း၍ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုခြင်းမှ အသုံးပြုသူများအား တားဆီးနိုင်ပြီး ရန်စသော သမိုင်းကြောင်းဆိုင်ရာ နှိုင်းယှဉ်ချက်များကို ကောက်ချက်ဆွဲနိုင်ကြောင်း ဤအမှုက လက်တွေ့ပြသည်။
၈.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း
ဤအမှုရှိ အကြောင်းအရာသည် အမုန်းစကား လူမှုစံနှုန်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို မချိုးဖောက်ကြောင်း ဘုတ်အဖွဲ့မှ တွေ့ရှိသည်။ အကြောင်းအရာသည် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း လူမှုစံနှုန်းကို မချိုးဖောက်ကြောင်း ဘုတ်အဖွဲ့ဝင် အများစုက ဆုံးဖြတ်သည်။
၁။ အမုန်းစကား
Meta ၏ အမုန်းစကား မူဝါဒသည် လူများအား ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အပါအဝင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ် အခြေခံသော တိုက်ခိုက်မှုများကို တားမြစ်ထားသည်။ အတတ်ပညာရှင်သည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များနှင့်အတူ ရည်ညွှန်းသည့်အခါ "ကာကွယ်ပေးမှုအချို့" ကို ရရှိသည်။ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ချက်က သတ်မှတ်ထားသော အုပ်စုများအပြင် အတတ်ပညာရှင်တစ်ဦး (ဥပမာ- ရုရှားစစ်သားများ) အပါအဝင် "တစ်ပိုင်းတစ်စ ကာကွယ်ထားသည့် အုပ်စုခွဲများ" သည် ယေဘုယျအားဖြင့် အမုန်းစကား အဆင့် ၁ တိုက်ခိုက်မှုများအပေါ် ကာကွယ်ပေးမှုကို ခံစားခွင့်ရှိကြောင်း ကုမ္ပဏီ၏ စိစစ်သူများအတွက် ကုမ္ပဏီတွင်း လမ်းညွှန်ချက်များတွင် ထပ်မံရှင်းလင်းထားသည်။ အဆိုပါတိုက်ခိုက်မှုများတွင် အခြားအရာများအကြားမှ "အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများနှင့် သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍..."နှိုင်းယှဉ်ချက်များ၊ ခြုံငုံ၍ ကောက်ချက်ချခြင်းများ သို့မဟုတ် အရည်အချင်းမပြည့်မီသော အပြုအမူဆိုင်ရာ ရေးသားဖော်ပြချက်များ ပုံစံဖြင့်...လူဂုဏ်သိက္ခာကို ကင်းမဲ့စေသော ပြောဆိုမှု" နှင့် "ရက်စက်ကြမ်းကြုတ်သော ပြောဆိုမှု" တို့ ပါဝင်သည်။ Meta ၏ အမုန်းစကား မူဝါဒသည် "ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ သို့မဟုတ် လိင်ပိုင်းဆိုင်ရာပြစ်မှုများကို ဆောင်ရွက်ထားခြင်းအဖြစ် ဖော်ပြထားသော အုပ်စုများ"ကို ကာကွယ်မထားပါ။
ရုရှားစစ်သားများသည် ရာဇဝတ်မှုများ ကျူးလွန်ရန် အလေ့အထရှိသည်ဟု ယေဘုယျပြောဆိုချက်များသည် အကြောင်းအရာနှင့် အခြေအနေပေါ်မူတည်၍ Meta ၏ အမုန်းစကား မူဝါဒကို ချိုးဖောက်နိုင်သည်။ အဆိုပါပြောဆိုချက်များသည် "အရည်အချင်းမပြည့်မီသော အပြုအမူဆိုင်ရာ ရေးသားဖော်ပြချက်များ" ပုံစံဖြင့် မူဝါဒအောက်ရှိ "လူ့ဂုဏ်သိက္ခာကို ကင်းမဲ့စေသော ပြောဆိုမှု" အပေါ် တားမြစ်ချက်အတွင်း ကျရောက်နိုင်သည်။ Meta ၏ မူဝါဒသည်- (၁) အုပ်စုတစ်စုအား ၎င်း၏ လူမျိုးစု၊ မွေးဖွားရာနိုင်ငံ သို့မဟုတ် အခြားသော နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များကြောင့် မကောင်းသောစရိုက် သို့မဟုတ် မလိုလားအပ်သော စရိုက်လက္ခဏာများအဖြစ် ထည့်သွင်းယူဆမှု (Meta က ၎င်းကို "ခြုံငုံ၍ ကောက်ချက်ချခြင်းများ" ဟု ဆိုလိုသည်)၊ (၂) ဆက်စပ်အကြောင်းအရာမရှိဘဲ အုပ်စုတစ်စု၏ အဖွဲ့ဝင်များကို ဝေဖန်ခြင်း (Meta က ၎င်းကို "အရည်အချင်းမပြည့်မီသော အပြုအမူဆိုင်ရာ ရေးသားဖော်ပြချက်များ" ဟု ဆိုလိုသည်) နှင့် (၃) အုပ်စုတစ်စု၏ အဖွဲ့ဝင်များအား ၎င်းတို့၏ အတိတ်ကအပြုအမူကြောင့် ဝေဖန်ခြင်း (Meta က ၎င်းကို "အရည်အချင်းပြည့်မီသော အပြုအမူဆိုင်ရာ ရေးသားဖော်ပြချက်များ" ဟု ဆိုလိုသည်) တို့ဟူ၍ ခွဲခြားထားသည်။ ဤအမှုတွင် ကျူးကျော်ဝင်ရောက်သော ရုရှားစစ်သားများအကြောင်း ပြောဆိုချက်များအား ယေဘုယျမဟုတ်ဘဲ ယူကရိန်းပဋိပက္ခရှိ ၎င်းတို့၏ လုပ်ရပ်များနှင့်ဆက်စပ်၍ အခိုင်အမာဆိုထားခြင်းဖြစ်သည်။
ဤနေရာတွင် မေးစရာရှိသည်မှာ အသုံးပြုသူက ရုရှားစစ်သားများအား ဒုတိယကမ္ဘာစစ်ခေတ် ဂျာမန်ဖက်ဆစ်များနှင့် နှိုင်းယှဉ်ခြင်းနှင့် ၎င်းတို့သည် အမျိုးသမီးများကို မုဒိန်းကျင့်၍ ထိုအမျိုးသမီးများ၏ ဖခင်များကို သတ်ခဲ့ကြောင်းနှင့် မပြစ်မရှိသူများကို ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့ကြောင်း အသုံးပြုသူ၏ အခိုင်အမာပြောဆိုချက်က Meta ၏ အမုန်းစကား မူဝါဒကို ချိုးဖောက်ခြင်းရှိ၊ မရှိဖြစ်သည်။ အကြောင်းရင်းအမျိုးမျိုး ရှိသော်ငြားလည်း ထိုပို့စ်သည် အမုန်းစကား မူဝါဒအောက်ရှိ ရက်စက်ကြမ်းကြုတ်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ကင်းမဲ့စေသော ပြောဆိုမှု မဟုတ်ကြောင်း Meta နှင့် ဘုတ်အဖွဲ့ နှစ်ဖက်လုံးက ကောက်ချက်ချသည်။ ၎င်းသည် ဤပို့စ်နှင့်သက်ဆိုင်သည်ဟု ခွဲခြားဖော်ထုတ်ထားသည့် အမုန်းစကား မူဝါဒ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ခဲ့သည်။
စွပ်စွဲရိပ်လွှမ်းသော ရေးသားဖော်ပြချက်များသည် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရုရှား စစ်တပ်ကို ရည်ညွှန်းပြီး လူများဖြစ်သည့် ရုရှား စစ်သားများ ကို ရည်ညွှန်းခြင်း မဟုတ်သောကြောင့် ပို့စ်သည် မချိုးဖောက်ကြောင်း Meta က ငြင်းခုံပြောဆိုသည်။ အသုံးပြုသူသည် "စစ်တပ်" နှင့် "စစ်သားများ" ကို အပြန်အလှန် ရည်ညွှန်းထားသောကြောင့် ဤခြားနားချက်သည် ဤအမှုတွင် မတည်ရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ယူကရိန်းသို့ ရုရှားကျူးကျော်ဝင်ရောက်သည့် အကြောင်းအရာတွင် ရုရှားစစ်သားများက နာဇီများနှင့် နှိုင်းယှဉ်နိုင်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း အသုံးပြုသူ၏ စွပ်စွဲချက်ကို ခွင့်ပြုကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ တိကျသောလုပ်ရပ်များကို အကြောင်းတရားအဖြစ် မှတ်ယူခြင်း (ဥပမာ- “အမျိုးသမီးများအား မုဒိန်းကျင့်၍ အမျိုးသမီးများ၏ ဖခင်များကို သတ်ဖြတ်ခဲ့ခြင်း၊ အေးချမ်းသော ကိဗ့်မြို့စွန်မြို့ဖျားတွင် နေထိုင်သူ အပြစ်မဲ့ပြည်သူများကို ညှဉ်းပန်းသတ်ဖြတ်ခဲ့ခြင်းအပေါ် ၎င်းတို့က အမှန်တကယ် လက်စားချေခြင်း စတင်ခဲ့သည်”) နှင့် ယူကရိန်းတွင် ရုရှားစစ်သားများ၏ လုပ်ရပ်များအား စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားသည်ဟု သိထားသော အခြားစစ်တပ်များနှင့် နှိုင်းယှဉ်ခြင်း (ဥပမာ-“နှစ်ပေါင်း ၇၀ ကြာပြီးနောက် ရုရှားစစ်တပ်သည် ဂျာမနီနှင့် ယူကရိန်းရှိ ဂျာမန်[စစ်တပ်] အပေါ် တစ်ကြော့ပြန်ပြုလုပ်ခဲ့ခြင်း”) သည် ပဋိပက္ခဖြစ်ရပ်တစ်ခုအတွင်း သတိပြုမိဖွယ် အပြုအမူဆိုင်ရာ "အရည်အချင်းပြည့်မီသော ရေးသားဖော်ပြချက်များ" ဖြစ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် နာဇီများနှင့် ယေဘုယျနှိုင်းယှဉ်ချက်ကို ခွင့်ပြုနိုင်သည်ဖြစ်စေ၊ ခွင့်မပြုနိုင်သည်ဖြစ်စေ ဂရုမထားဘဲ တိကျသော အကြောင်းအရာတစ်ခုတွင် ရုရှားစစ်သားများ၏ လုပ်ရပ်များကို နာဇီများ၏ ရာဇဝတ်မှုများနှင့် နှိုင်းယှဉ်ခြင်းကို လူမှုစံနှုန်းများအရ ခွင့်ပြုကြောင်း ဘုတ်အဖွဲ့က ဆုံးဖြတ်သည်။ Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များအရ "အကြမ်းဖက်သော ရာဇဝတ်မှုများ သို့မဟုတ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ဆောင်ရွက်ထားခြင်းအဖြစ် ဖော်ပြထားသော" အုပ်စုများအား ပစ်မှတ်ထားပါက အခြားတစ်နည်းအားဖြင့် အမုန်းစကားဖြစ်နိုင်သောအရာသည် မူဝါဒကို မချိုးဖောက်ပါ။ အကျယ်တဝင့်ပြောရသော် အဆိုပါပုဂ္ဂိုလ်များအား ၎င်းတို့၏ မွေးဖွားရာနိုင်ငံကို ရည်ညွှန်း၍ ခွဲခြားသတ်မှတ်လျှင်ပင် သီးခြားအကြောင်းအရာတစ်ခုတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ရပ်များကို တိုင်ကြားခြင်းသည် အမုန်းစကား မူဝါဒကို မချိုးဖောက်ပါ။
ပို့စ်၏ ကျန်အပိုင်းကို တွဲ၍ဖတ်ရှုသည့်အခါ အသုံးပြုသူသည် အကြမ်းဖက်မှုကို တိုက်တွန်းခြင်းထက် အကြမ်းဖက်မှု သံသရာကို သတိထားမိစေလိုခြင်းဖြစ်ကြောင်း ဘုတ်အဖွဲ့က နားလည်သောကြောင့် အကြောင်းအရာတွင် ကိုးကားထားသော “သူ့ကိုသတ်လိုက်” ကဗျာ၏ ကောက်နုတ်ချက်အမျိုးမျိုး (ဥပမာ- “ဖက်ဆစ်ဝါဒီကို သတ်ကြ၊” “အနည်းဆုံး သူတို့ထဲက တစ်ယောက်ကို သတ်လိုက်၊” “သူ့ကိုသတ်လိုက်”) ကို "အကြမ်းဖက်စကား" အဖြစ် လက်ခံမစဉ်းစားသင့်ကြောင်း ဘုတ်အဖွဲ့က ထပ်မံတွေ့ရှိသည်။
နောက်ဆုံးအနေဖြင့် ပို့စ်တွင် ရုရှားစစ်သားများသည် ၎င်းတို့၏ နိုင်ငံသားကြောင့်မဟုတ်ဘဲ တိုက်ပွဲဝင်စစ်သည်များအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍများကြောင့် ပစ်မှတ်ထားခံရကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။ ဤပြောဆိုချက်များသည် အုပ်စုတစ်စုအား နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ် "အခြေခံ၍" ဦးတည်သည့် တိုက်ခိုက်မှုများမဟုတ်ပါ။ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ခုမျှ မပါဝင်သောကြောင့် အကြောင်းအရာသည် အမုန်းစကားမဟုတ်ကြောင်း ၎င်းက ဆက်လက်ဆိုထားသည်။
၂။ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအရ Meta သည် အခြားထုတ်ဖော်ပြောဆိုမှု အမျိုးအစားများထဲမှ "ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို နှိုးဆော်ခြင်းများ"၊ "ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို အားပေးလှုံ့ဆော်သော ရေးသားဖော်ပြချက်များ" နှင့် "ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို ကျူးလွန်ရန် ရည်မှန်းသော သို့မဟုတ် အခြေအနေပြဆိုသော ရေးသားဖော်ပြချက်များ" ကို ဖယ်ရှားသည်။ Meta သည် "လုပ်ဆောင်မှုတစ်ခု၏ ဖြစ်နိုင်ခြေရှိသောရလဒ်တစ်ခုအပေါ် ဘက်မလိုက်သော ရည်ညွှန်းချက် သို့မဟုတ် အကြံပြုသတိပေးချက်" ဖြင့် ရေးသားဖော်ပြချက်များ ပါရှိသည့် အကြောင်းအရာကို ခွင့်ပြုရန် ဤလူမှုစံနှုန်းကို အဓိပ္ပါယ်ဖွင့်ဆိုကြောင်း ကုမ္ပဏီ၏ အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက် ကုမ္ပဏီတွင်းလမ်းညွှန်ချက်များတွင် ထပ်မံရှင်းလင်းထားသည်။ ထို့အပြင် "အကြမ်းဖက်ခြိမ်းခြောက်မှုများကို ရှုတ်ချသည့် သို့မဟုတ် သတိပြုမိစေသည့် အကြောင်းအရာ" ကိုလည်း ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအောက်တွင် ခွင့်ပြုထားကြောင်း ကုမ္ပဏီတွင်းလမ်းညွှန်ချက်များတွင် ရှင်းပြထားသည်။ ၎င်းသည် ပညာရပ်ဆိုင်ရာနှင့် မီဒီယာ အစီရင်ခံစာများအပါအဝင် "တိကျသော အကြောင်းအရာ သို့မဟုတ် ကိစ္စရပ်တစ်ခုအကြောင်း အခြားသူများအား အသိပေးရန်နှင့် ပညာပေးရန် ရှင်းရှင်းလင်းလင်းကြိုးပမ်းသည့် အကြောင်းအရာ သို့မဟုတ် ခြိမ်းခြောက်မှု သို့မဟုတ် အကြမ်းဖက်မှုတစ်ခု၏ ပစ်မှတ်ဖြစ်ကြောင်း တစ်ဦးတစ်ယောက်၏ အတွေ့အကြုံကို ပြောပြသော အကြောင်းအရာ" နှင့် သက်ဆိုင်သည်။
ပို့စ်သည် အကြမ်းဖက်မှုကို ထောက်ခံအားပေးခြင်း မရှိခဲ့သောကြောင့် ဤအကြောင်းအရာကို ပြန်ထည့်သွင်းရန် ၎င်းက ဆုံးဖြတ်ခဲ့ကြောင်း Meta က ဘုတ်အဖွဲ့အား ရှင်းပြခဲ့သည်။ Meta သည် ဘူချာရှိ ဖြစ်ရပ်များအပြီးတွင် “ယူကရိန်းပြည်သူများအနေနှင့်လည်း တစ်ဖန်ပြန်ကျော့လိုကြမည်ဖြစ်... ပြီး ပြန်ကျော့နိုင်ကြလိမ့်မည်” ဟူသော အသုံးပြုသူ၏ ရေးသားဖော်ပြချက်ကို ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအရ ခွင့်ပြုထားသည့်အတိုင်း ကုမ္ပဏီက အဓိပ္ပါယ်ကောက်ယူသည့် "ဖြစ်နိုင်ခြေရှိသော ရလဒ်တစ်ခုအပေါ် ဘက်မလိုက်သော ရည်ညွှန်းချက်" တစ်ခုအဖြစ် ဖော်ပြသည်။ ဆိုင်မွန်နော့ဗ်၏ ကဗျာကို ကိုးကားခြင်းသည် ယူကရိန်းတွင် သမိုင်းတစ်ကြော့ပြန်နိုင်ခြေကို ပိုမိုသတိပြုမိစေမည့် နည်းလမ်းတစ်ခုဖြစ်ကြောင်းကိုလည်း Meta က ဆိုသည်။ နောက်ဆုံးအနေဖြင့် ဆိုင်မွန်နော့ဗ်၏ ကဗျာသည် ဂျာမန်ဖက်ဆစ်များကို ရည်ညွှန်းသည်ဟူသောအချက်ကို ညွှန်ပြလျက် နာဇီကဲ့သို့ အန္တရာယ်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မူဝါဒတွင် အကျုံးဝင်သည့် လူပုဂ္ဂိုလ်များအပေါ် အကြမ်းဖက်မှုအား ထောက်ခံခြင်းကို ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်းအောက်တွင် ခွင့်ပြုထားကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ဘုတ်အဖွဲ့သည် ဤအကြောင်းပြချက်ကို တစ်စိတ်တစ်ပိုင်းဘဝင်ကျသည်။ “ယူကရိန်းပြည်သူများအနေနှင့်လည်း တစ်ဖန်ပြန်ကျော့လိုကြမည်ဖြစ်...ပြီး တစ်ကျော့ပြန်ကြလိမ့်မည်” ဟူသော စာကြောင်းသည် အကြမ်းဖက်မှုကို မနှိုးဆော်သလို ထောက်ခံအားပေးခြင်းလည်း မရှိကြောင်း ၎င်းက သဘောတူသည်။ တိုက်ရိုက်ဖတ်သည့်အခါ ပို့စ်၏ ဤအပိုင်းသည် ယူကရိန်းလူမျိုးများအနေဖြင့် နာဇီများအပေါ် ဆိုဗီယက်လုပ်ဆောင်ခဲ့သလောက် ရုရှားစစ်တပ်၏ လုပ်ရပ်များအပေါ် ပြင်းပြင်းထန်ထန် ကောင်းစွာတုံ့ပြန်နိုင်ကြောင်း ဖော်ပြရုံမျှသာဖြစ်သည်။ တစ်နည်းဆိုရသော် ၎င်းသည် အကြောင်းအရာ စိစစ်သူများကိုပေးထားသည့် ကုမ္ပဏီတွင်းလမ်းညွှန်ချက်များတွင် ရှင်းလင်းထားသည့် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအတွက် Meta ၏ အဓိပ္ပါယ်ကောက်ယူမှုအရ ခွင့်ပြုထားသည့် "ဖြစ်နိုင်ခြေရှိသော ရလဒ်တစ်ခုအပေါ် ဘက်မလိုက်သော ရည်ညွှန်းချက်" တစ်ခု ဖြစ်သည်။
အထက်ဖော်ပြပါကဏ္ဍတွင် ကိုးကားထားသော “သူ့ကိုသတ်လိုက်” ကဗျာ၏ ရက်စက်ကြမ်းကြုတ်သော အသုံးအနှုန်းဖြင့် ကောက်နုတ်ချက်များအား အားပေးတိုက်တွန်းခြင်းမဟုတ်ဘဲ ထုတ်ဖော်ပြောဆိုသော စိတ်အခြေအနေတစ်ခုအဖြစ် ဖတ်ရှုနိုင်ကြောင်းကိုလည်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဓာတ်ပုံအပါအဝင် ပို့စ်တစ်ခုလုံးကို တွဲဖတ်သည့်အခါ ကောက်နုတ်ချက်များသည် ယူကရိန်းတွင် သမိုင်းတစ်ကြော့ပြန်နိုင်ခြေကို သတိပေးသည့် ပိုမိုကျယ်ပြန့်သော အမှာစကား၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၎င်းတို့သည် အသုံးပြုသူက ၎င်း၏ အမှာစကားကို သိရှိစေရန် အလင်္ကာလှည့်ကွက်အဖြစ် အသုံးချထားသည့် အလင်္ကာမြောက်သော ယဉ်ကျေးမှုဆိုင်ရာ ရည်ညွှန်းချက်ဖြစ်သည်။ ထို့ကြောင့် အကြောင်းအရာ၏ ဤအပိုင်းကိုလည်း Meta ၏ ကုမ္ပဏီတွင်းလမ်းညွှန်ချက်များက ခွင့်ပြုထားကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။
သို့သော် ပို့စ်သည် နာဇီများကို အကြမ်းဖက်ရန် နှိုးဆော်မှုတစ်ခုမျှသာဖြစ်သကဲ့သို့ ၎င်းကို ခွဲခြမ်းစိတ်ဖြာသည့်အခါ Meta အနေဖြင့် လက်တွေ့မကျကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။ အသုံးပြုသူသည် သူ့အနေဖြင့် ယနေ့ခေတ် ယူကရိန်းရှိ ရုရှားစစ်သားများကို ဒုတိယကမ္ဘာစစ်အတွင်း ရုရှားရှိ ဂျာမန်များနှင့် ဆင်တူသည်ဟု မှတ်ယူကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ဆိုင်မွန်နော့ဗ်၏ ကဗျာမှ ၎င်း၏ ကိုးကားချက်များနှင့်အတူ ပို့စ်အား အရပ်သားများအပေါ် ရက်စက်ယုတ်မာမှုများ ယခုကျူးလွန်နေသော စစ်သားများအား ရည်ညွှန်းရန် လက်ခံစဉ်းစားသည့် အတိုင်းအတာအထိ ဖတ်ရှုသူများသည် ၎င်းကို ယနေ့ခေတ် ရုရှားစစ်သားများအား အကြမ်းဖက်ရန် နှိုးဆော်မှုအဖြစ် ဖတ်ရှုမည့် အန္တရာယ်ရှိသည်။ မည်သို့ပင်ဖြစ်စေ အကြောင်းအရာအရ ပို့စ်၏ အဓိကအဓိပ္ပါယ်မှာ အကြမ်းဖက်မှု သံသရာစက်ဝန်းကို သတိပေးခြင်းဖြစ်သောကြောင့် ၎င်းသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု စံနှုန်းကို မချိုးဖောက်ကြောင်း Meta ၏ ကောက်ချက်ချမှုကို ဘုတ်အဖွဲ့က သဘောတူသည်။
၃။ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း
၎င်း၏ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒအရ Meta သည် "လူများက ၎င်းကို နှိပ်၍ မကြည့်ရှုမီ အနိဋ္ဌာရုံ သို့မဟုတ် အကြမ်းဖက် သဘောသဘာဝကို သတိပြုမိစေရန်" အကြောင်းအရာတွင် သတိပေးချက် အညွှန်းများ ထည့်သည်။ "မတော်တဆမှု သို့မဟုတ် လူသတ်မှုကြောင့် လူတစ်ဦး သို့မဟုတ် လူများ၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှုကို ပြသသော ပုံများ" အတွက် ထိုသို့လုပ်ဆောင်သည်။ ၎င်း၏ အကြောင်းအရာ စိစစ်သူများအတွက် ကုမ္ပဏီတွင်းလမ်းညွှန်ချက်များတွင် "ကျူးလွန်ခံရသူသည် သေဆုံးနေပုံရပြီး သို့မဟုတ် မသန်မစွမ်းဖြစ်နေသည်ဟု မြင်ရပြီး "ခန္ဓာကိုယ်ပေါ်တွင် သွေး သို့မဟုတ် ဒဏ်ရာများ၊ ကျူးလွန်ခံရသူ အနီးတစ်ဝိုက်ရှိ သွေးများ၊ ဖောင်းနေသော သို့မဟုတ် အရောင်ပြောင်းနေသော အလောင်း သို့မဟုတ် အစအနများမှ တူးဖော်ထားသော အလောင်းများ" ကဲ့သို့ အကြမ်းဖက်မှုကို ညွှန်ပြသည့် နောက်ထပ်မြင်ကွင်းများရှိသည့် ဆိုးဝါးပြင်းထန်သော သေဆုံးမှု၏ နောက်ဆက်တွဲ" အနိဋ္ဌာရုံ ရုပ်ပုံကို "ဆိုးဝါးပြင်းထန်သော သေဆုံးမှုတစ်ခု၏ အညွှန်းများ" အဖြစ် Meta က ဖော်ပြထားသည်။ "ဆိုးဝါးပြင်းထန်သော သေဆုံးမှုကို ညွှန်ပြသော မြင်ကွင်းတစ်ခုမျှ" မရှိသော သို့မဟုတ် "အကြမ်းဖက်မှုဆိုင်ရာ အနည်းဆုံးအညွှန်းတစ်ခုမျှ" မရှိသော အလောင်းများအား "ဆိုးဝါးပြင်းထန်သော သေဆုံးမှု" တစ်ခု၏ သရုပ်ဖော်မှုအဖြစ် လက်ခံစဉ်းစားခြင်းမပြုသင့်ကြောင်း ကုမ္ပဏီတွင်းလမ်းညွှန်ချက်များတွင် ထပ်မံရှင်းပြထားသည်။
အကြောင်းအရာပါ ဓာတ်ပုံသည် မြေပြင်ပေါ်တွင် မလှုပ်မလျက် လဲလျောင်းနေသူ တစ်ဦးရှိသည့် လမ်းတစ်ခု၏ မြင်ကွင်းကို ပြသထားသည်။ မည်သည့်ဒဏ်ရာကိုမျှ မမြင်ရပါ။ ထိုလူပုဂ္ဂိုလ်သည် ယူကရိန်း၊ ဘူချာတွင် သေနတ်ပစ်ခံရကြောင်း Meta က အတည်ပြုနိုင်ခဲ့သည်။ အတိုင်းအတာတစ်ခုဖြင့် လုပ်ဆောင်နေသော အကြောင်းအရာ စိစစ်သူများသည် ဤအချက်အလက်အမျိုးအစားကို သေချာပေါက် လက်လှမ်းမီနိုင်မည်မဟုတ်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ဓာတ်ပုံတွင် Meta ၏ အကြောင်းအရာ စိစစ်သူများအတွက် ကုမ္ပဏီတွင်းလမ်းညွှန်ချက်များတွင် ဖော်ပြထားသည့်အတိုင်း အကြမ်းဖက်မှုကိုပြကြောင်း ရှင်းလင်းစွာ ညွှန်ပြသည့်အရာများ မရှိသောကြောင့် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒကို မချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့ဝင် အများစုက ဆုံးဖြတ်သည်။ ထို့ကြောင့် သတိပေးချက် မျက်နှာပြင်ကို မသုံးခဲ့သင့်ကြောင်း အများစုက ကောက်ချက်ချသည်။
ယူကရိန်းရှိ လက်နက်ကိုင် ပဋိပက္ခအခြေအနေနှင့် ပုံတွင် သရုပ်ဖော်ထားသော အစအနတို့ကို ထည့်သွင်းစဉ်းစားလျှင် အကြောင်းအရာသည် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒကို ချိုးဖောက်ရာရောက်ကြောင်း ဘုတ်အဖွဲ့ဝင်အနည်းစုက ဆုံးဖြတ်သည်။
၄။ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်
အကြောင်းအရာကို အသုံးပြုသူတစ်ဦးက အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းကြောင့် တိုင်ကြားခဲ့သော်လည်း ၎င်းကို အမုန်းစကား မူဝါဒအရ ဖြုတ်ချခဲ့သည်။ ဘုတ်အဖွဲ့ကြောင့် Meta က သတိမူမိပြီးနောက်တွင်သာ ၎င်းကို ပြန်ထည့်သွင်းခဲ့သည်။ ဘုတ်အဖွဲ့ထံမှ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် အမှုအကြောင်းအရာကို နောက်ထပ်စိစစ်သုံးသပ်မှုအတွက် မူဝါဒ သို့မဟုတ် အကြောင်းအရာ ကျွမ်းကျင်သူများထံ အရှိန်မမြှင့်တင်ခဲ့ကြောင်း Meta က ရှင်းပြခဲ့သည်။ "စိစစ်သုံးသပ်မှုအတွက် အရှိန်မြှင့်တင်ထားသည်" ဆိုသည်မှာ ဆုံးဖြတ်ချက်ကို အတိုင်းအတာတစ်ခုဖြင့် စိစစ်သုံးသပ်မှု ဆောင်ရွက်သော အကြောင်းအရာ စိစစ်သူများက ပြန်လည်ကြည့်ရှုမည့်အစား ၎င်းကို သက်ဆိုင်ရာ မူဝါဒ သို့မဟုတ် အကြောင်းအရာနယ်ပယ်အတွက် တာဝန်ရှိသော Meta ရှိ ကုမ္ပဏီတွင်းအဖွဲ့တစ်ဖွဲ့သို့ ပေးပို့လိုက်ခြင်းဖြစ်သည်။
၈.၂ Meta ၏ စံတန်ဖိုးများအား လေးစားလိုက်နာခြင်း
အကြောင်းအရာကို ဖယ်ရှားခြင်းနှင့် ၎င်းတွင်ပါဝင်သောပုံအပေါ်တွင် သတိပေးချက် မျက်နှာပြင် ထားရှိခြင်းသည် Meta ၏ စံတန်ဖိုးများနှင့် ကိုက်ညီမှုမရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
ဘုတ်အဖွဲ့သည် ရုရှားအရပ်သားများ၏ အခြေအနေနှင့် ယေဘုယျအားဖြင့် ရုရှားလူမျိုးများအပေါ် ပစ်မှတ်ထားသော အကြမ်းဖက် စကား၏ ဖြစ်နိုင်ခြေရှိသော အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်သည်။ သို့သော် ဤအမှုတွင် အကြောင်းအရာသည် အထူးသဖြင့် စစ်ဘေးဒဏ်ခံရသော အသုံးပြုသူများက ၎င်း၏ ဂယက်ရိုက်ခတ်မှုများကို ဆွေးနွေးနိုင်ကြောင်း Meta က သေချာအောင်လုပ်သင့်သော အခြေအနေတွင် "ထုတ်ဖော်ပြောဆိုခွင့်" ကို အစားဝင်၍နေရာယူခြင်းကို လျော်ကန်စေသည့် အဆိုပါလူများ၏ "ဂုဏ်သိက္ခာ" နှင့် "အန္တရာယ်ကင်းရှင်းရေး" အတွက် အမှန်တကယ်အန္တရာယ်တစ်ခုကို မဖြစ်ပေါ်စေကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
၈.၃ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း
အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ ကနဦးဆုံးဖြတ်ချက်နှင့် အကြောင်းအရာတွင် သတိပေးချက် မျက်နှာပြင်သုံးရန် Meta ၏ ဆုံးဖြတ်ချက် နှစ်ခုလုံးသည် လုပ်ငန်းတစ်ခုအဖြစ် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ကိုက်ညီမှုမရှိခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးများအပေါ် ကုလသမဂ္ဂ လမ်းညွှန်အခြေခံမူများ (UNGP များ) နှင့်အညီ လူ့အခွင့်အရေးများကို အလေးပေးရန် Meta က ၎င်းကိုယ်တိုင် သန္နိဋ္ဌာန်ချထားသည်။ Facebook ၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒ သည် ၎င်းတွင် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်စာချုပ် ( ICCPR) ပါဝင်ကြောင်း ဖော်ပြထားသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (ICCPR အပိုဒ် ၁၉)
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အတိုင်းအတာမှာ ကျယ်ပြန့်ပါသည်။ ICCPR ၏ အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၂ သည် နိုင်ငံရေးကိစ္စရပ်များအပေါ် အလင်္ကာမြောက် ထုတ်ဖော်ပြသမှု၊ လူထုရေးရာများပေါ် မှတ်ချက်ပေးခြင်းအပြင် လူ့အခွင့်အရေးများနှင့် သမိုင်းကြောင်း ပြောဆိုချက်များအပေါ် ဆွေးနွေးမှုများအပါအဝင် ထုတ်ဖော်ပြောဆိုခြင်းအပေါ် ပိုမိုကာကွယ်မှုကို ပေးသည် (အထွေထွေမှတ်ချက် အမှတ်စဉ် ၃၄၊ ပိုဒ်ခွဲ ၁၁ နှင့် ၄၉)။ "အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စေသည်" အဖြစ် မှတ်ယူနိုင်သော ထုတ်ဖော်ပြောဆိုမှုသည်ပင်လျှင် ကာကွယ်မှုကို ရပိုင်ခွင့်ရှိသည် (အထွေထွေမှတ်ချက် အမှတ်စဉ် ၃၄၊ ပိုဒ်ခွဲ ၁၁)။ ဤအမှုတွင် ဘုတ်အဖွဲ့က ခွဲခြမ်းစိတ်ဖြာသော အကြောင်းအရာ၌ ပြင်းထန်သော ဝေါဟာရ အသုံးအနှုန်း ပါဝင်သည်။ သို့သော် ၎င်းသည် နိုင်ငံရေးထုတ်ဖော်ချက် သဘောသက်ရောက်ပြီး စစ်ဖြစ်ပွားမှုအခြေအနေတစ်ခုရှိ လူ့အခွင့်အရေး အလွဲသုံးစားပြုမှုများကို အာရုံစိုက်မိစေသည်။
ဤအမှုရှိ အကြောင်းအရာတွင် အသုံးပြုသူက ယူကရိန်းရှိ ရုရှားစစ်သားများ၏ လုပ်ရပ်များကြောင့် ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များကို ၎င်း၏ ပရိသတ်အား အသိပညာပေးရန်နှင့် သတိပေးရန် လှုံ့ဆော်သော ယဉ်ကျေးမှုဆိုင်ရာ ရည်ညွှန်းချက်အဖြစ် အသုံးပြုထားသည့် လူသိများသော စစ်ရေးကဗျာတစ်ပုဒ်မှ ကိုးကားချက်များ ပါဝင်ခဲ့သည်။ အလင်္ကာမြောက် ထုတ်ဖော်ပြောဆိုမှုတွင် "ပညာပေးသည့် သို့မဟုတ် လမ်းကြောင်းလွှဲသည့် သို့မဟုတ် လှုံ့ဆော်သည့် စိတ်ကူးယဉ်နှင့် သုတဇာတ်လမ်းများ" ပါဝင်သည့် အနုပညာမြောက် ထုတ်ဖော်ပြောဆိုမှု ပါဝင်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ဦးစားပေးဖော်ပြထားသည်။ ( A/HRC/၄၄/၄၉/ဖြည့်စွက်ချက် ၂ပိုဒ်ခွဲ ၅)။
ICCPR အပိုဒ် ၁၉ တွင် ပြည်နယ်က ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များ ထားရှိလျှင် ၎င်းတို့သည် ဥပဒေနှင့်လျော်ညီမှု၊ ရည်ရွယ်ချက် တရားဝင်မှု၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည် (အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃၊ ICCPR)။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က လူမှုကွန်ရက် ကုမ္ပဏီများအား အွန်လိုင်းတွင် ထုတ်ဖော်ပြောဆိုမှုကို စိစစ်သည့်အခါ ဤအခြေခံမူများနှင့်အညီ လမ်းညွှန်ဆောင်ရွက်ရန် တိုက်တွန်းထားသည် ( A/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၅ နှင့် ၇၀)။
၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
တရားဝင်အခြေခံမူသည် ထုတ်ဖော်ပြောဆိုချက်များကို ရှင်းရှင်းလင်းလင်းနှင့် နားလည်ရလွယ်အောင် ကန့်သတ်ထားရန် ပြည်နယ်များမှ အသုံးပြုသော စည်းမျဉ်းများကို လိုအပ်သည်။ (အထွေထွေမှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၂၅)။ စည်းမျဉ်းများသည် “[၎င်းတို့၏] ပြဋ္ဌာန်းချက်ဖြင့် စွဲဆိုထားသော အကြောင်းအရာများအပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန် လွတ်လပ်သည့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မပေးအပ်နိုင်ကြောင်း” လူ့အခွင့်အရေး ကော်မတီက ထပ်မံရှင်းလင်းတင်ပြခဲ့သည် (အထွေထွေမှတ်ချက် ၃၄၊ အပိုဒ်ခွဲ ၂၅)။ လူတစ်ဦးစီအနေဖြင့် ၎င်းတို့၏ထုတ်ဖော်ပြောဆိုမှု ကန့်သတ်ခံရပါက မည်သို့မည်ပုံ ကန့်သတ်ခံရနိုင်ကြောင်း ဆုံးဖြတ်နိုင်သည့် လုံလောက်သော အချက်အလက်များ ရှိထားရမည်ဖြစ်ပြီး သို့မှသာ ၎င်းတို့၏ အပြုအမူကို သင့်လျော်သလို ထိန်းညှိနိုင်မည်ဖြစ်သည်။ Facebook အတွက် Meta ၏ အကြောင်းအရာ စည်းမျဉ်းများနှင့် ဆက်စပ်၍ အသုံးပြုသူများသည် မည်သည်ကို ခွင့်ပြုထားပြီး မည်သည်ကို တားမြစ်ထားသည်ကို နားလည်နိုင်သင့်သည်။
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်းကို ကျင့်သုံးနည်းနှင့်ပတ်သက်၍ Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များမှ ကဏ္ဍနှစ်ရပ်သည် အထူးသဖြင့် Facebook တွင် အကြောင်းအရာ ဆက်ရှိသင့်ကြောင်း Meta နှင့် ဘုတ်အဖွဲ့နှစ်ဖက်လုံးမှ သဘောတူညီခဲ့သော ကောက်ချက်ချမှုနှင့် သက်ဆိုင်သည်။ ပထမဦးစွာ Meta သည် "လုပ်ရပ်တစ်ခု၏ ဖြစ်နိုင်ခြေရှိသော ရလဒ်တစ်ခုအပေါ် ဘက်မလိုက်သော ရည်ညွှန်းချက် သို့မဟုတ် အကြံပြုသတိပေးချက်တစ်ခု" ရှိသော ရေးသားဖော်ပြချက်များဖြစ်ပါက အကြမ်းဖက်မှုဖြစ်နိုင်ခြေကို သတိပေးသည့် ကြားခံပြင်ပအဖွဲ့အစည်းများ၏ အမှာစကားများကို ခွင့်ပြုရန် ဤမူဝါဒကို အဓိပ္ပါယ်ကောက်ယူသည်။ ဒုတိယအနေဖြင့် "အကြမ်းဖက် ခြိမ်းခြောက်မှုများကို ရှုတ်ချ သို့မဟုတ် သတိပြုမိစေ" ပါက အခြားနည်းအားဖြင့် ချိုးဖောက်ထားသည့် အကြောင်းအရာကို ခွင့်ပြုသည်။ သို့သော် အဆိုပါကုမ္ပဏီတွင်း လမ်းညွှန်ချက်များသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်း၏ အများရရှိနိုင်သော အသုံးအနှုန်းတွင် မပါဝင်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ဤအမှုရှိပို့စ်ကဲ့သို့ အကြောင်းအရာသည် မချိုးဖောက်ချိန်တွင် ချိုးဖောက်ထားသည်ဟု အသုံးပြုသူများအား ထင်မြင်ယူဆနိုင်စေကြောင့်ဖြစ်သည်။ Meta သည် အသုံးပြုများအတွက် အပြည့်အဝရှင်းလင်းစေရန် ဤကဏ္ဍများကို ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒ၏ အများရရှိနိုင်သော အသုံးအနှုန်းထဲတွင် ပေါင်းစပ်ထည့်သွင်းသင့်သည်။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို ပိုမိုအသေးစိတ်ကျစွာ လူသိရှင်ကြားထုတ်ပြန်ခြင်းသည် လူမှုစံနှုန်းများကို ပိုမိုလွယ်ကူစွာ ရှောင်တိမ်းရန် မလိုမုန်းထားသော ရည်ရွယ်ချက်ရှိသည့် အသုံးပြုသူများကို ကူညီပေးနိုင်ကြောင်း ဘုတ်အဖွဲ့က သတိမူမိသည်။ သို့သော် ရှင်းလင်းခြင်းနှင့် တိကျခြင်းအတွက် လိုအပ်မှုသည် အချို့သောအသုံးပြုသူများက "စနစ်ကို အကွက်ဆင်" ရန် ကြိုးပမ်းနိုင်ကြောင်း စိုးရိမ်မှုထက် ပဓာနကျကြောင်း ဘုတ်အဖွဲ့က လက်ခံစဉ်းစားသည်။ အကြမ်းဖက် ခြိမ်းခြောက်မှုများ၏ "ဖြစ်နိုင်ခြေရှိသောရလဒ်တစ်ခုပေါ် ဘက်မလိုက်သော ရည်ညွှန်းချက်များ၊" "အကြံပြုသတိပေးချက်များ၊" "ရှုတ်ချခြင်း" သို့မဟုတ် "သတိပြုမိစေခြင်း" ကို ခွင့်ပြုထားကြောင်း မသိခြင်းသည် အသုံးပြုသူများအား Meta ၏ ပလက်ဖောင်းများပေါ်တွင် အများပြည်သူအကျိုးစီးပွားဆိုင်ရာ ဆွေးနွေးမှုများကို စတင်ခြင်း သို့မဟုတ် ၎င်းတို့တွင် ပါဝင်ခြင်းမှ ရှောက်ကြဉ်နိုင်စေသည်။
ဤအမှုတွင် သတိပေးချက် မျက်နှာပြင်ထည့်ရန် Meta ၏ ဆုံးဖြတ်ချက်သည် ၎င်း၏ အကြောင်းအရာ စိစစ်သူများအတွက် ကုမ္ပဏီတွင်းလမ်းညွှန်ချက်များနှင့် ကိုက်ညီမှုမရှိသည်ကိုလည်း ဘုတ်အဖွဲ့က စိုးရိမ်သည်။ ထို့အပြင် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒကို Meta ၏ အဓိပ္ပါယ်ကောက်ယူမှုသည် အသုံးပြုသူများအတွက် မရှင်းလင်းကောင်း မရှင်းလင်းနိုင်ပါ။ Meta သည် မူဝါဒ၏ အများရရှိနိုင်သော အသုံးအနှုန်းတွင် Meta ၏ အကြောင်းအရာ စိစစ်သူများအတွက် ကုမ္ပဏီတွင်းလမ်းညွှန်းချက်များအရ ပဋိပက္ခအခြေအနေတွင် ကုမ္ပဏီက မူဝါဒကို အဓိပ္ပါယ်ကောက်ယူပုံနှင့် ပုံတစ်ပုံက "မတော်တဆ သို့မဟုတ် လူသတ်မှုကြောင့် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူများ၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှုကို ပြသခြင်း" ရှိ၊ မရှိ ၎င်းက ဆုံးဖြတ်ပုံတို့ကို ရှင်းလင်းစေရန် ကြိုးပမ်းသင့်သည်။
ထို့အပြင် အကြောင်းအရာကို မူလတိုင်ကြားခဲ့သည့် အသုံးပြုသူအား ပို့စ်ကို နောက်ပိုင်းတွင် ကုမ္ပဏီက ပြန်လည်ထည့်သွင်းလိုက်ကြောင်း အသိပေးရန် ၎င်းထံ မည်သည့်မက်ဆေ့ကိုမျှ မပေးပို့ခဲ့ကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ အသုံးပြုသူများအတွက် သက်ဆိုင်ရာအချက်အလက် မရှိခြင်းသည် "အကြောင်းအရာ အရေးယူဆောင်ရွက်ချက်များကို စောဒကတက်ရန် သို့မဟုတ် အကြောင်းအရာနှင့်ဆက်စပ်သော တိုင်ကြားမှုများကို ဆက်လက်အရေးယူဆောင်ရွက်ရန် တစ်ဦးချင်း၏ လုပ်နိုင်စွမ်း" (ပိုဒ်ခွဲ ၅၈ ရှိ A/HCR/၃၈/၃၅) ကို အနှောင့်အယှက်ဖြစ်နိုင်သောကြောင့် ၎င်းသည် ဥပဒေနှင့်ညီညွတ်ခြင်းဆိုင်ရာ စိုးရိမ်မှုများကို ဖြစ်စေသည်။ တိုင်ကြားသူများအား ၎င်းတို့တိုင်ကြားခဲ့သည့် အကြောင်းအရာအပေါ် ဆောင်ရွက်ခဲ့သော စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်နှင့် ကျင့်သုံးခဲ့သော သက်ဆိုင်ရာ လူမှုစံနှုန်းကို အသိပေးခြင်းသည် အသုံးပြုသူများအား Meta ၏ စည်းမျဉ်းများကို ပိုမိုနားလည်စေပြီး လိုက်နာစေမည်ဖြစ်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။
၂။ တရားဝင် ရည်ရွယ်ချက်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် မည်သည့်ကန့်သတ်မှုမျိုးမဆိုသည် “တရားဥပဒေနှင့်လျော်ညီသော ရည်ရွယ်ချက်” အတိုင်း လိုက်နာသင့်ပါသည်။ အမုန်းစကား လူမှုစံနှုန်းသည် လူမျိုးစုနှင့် မွေးဖွားရာနိုင်ငံပေါ်အခြေပြု၍ တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေးအတွက် အခွင့်အရေးများ (အပိုဒ် ၂၊ ပိုဒ်ခွဲ ၁၊ ICCPR) အပါအဝင် အခြားသူများ၏ အခွင့်အရေးများကို ကာကွယ်ခြင်းဆိုင်ရာ တရားဝင်ရည်ရွယ်ချက် (အထွေထွေမှတ်ချက် အမှတ်စဉ် ၃၄၊ ပိုဒ်ခွဲ ၂၈) ကို လက်ကိုင်ပြုကြောင်း ဘုတ်အဖွဲ့အနေဖြင့် ယခင်က အသိအမှတ်ပြုထားသည်။ ထို့ကြောင့် အမုန်းတရားအရ ပစ်မှတ်ထားခံရသော ရုရှားလူမျိုးများကို ကာကွယ်ခြင်းသည် တရားဥပဒေနှင့်လျော်ညီသော ရည်ရွယ်ချက်တစ်ခုဖြစ်သည်။ သို့သော် ၎င်းတို့၏ နိုင်ငံသား သို့မဟုတ် အခြားသော နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များကြောင့် မဟုတ်ဘဲ စစ်ပွဲအတွင်း တိုက်ပွဲဝင်စစ်သည်များအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍကြောင့် ပစ်မှတ်ထားခံရသည့်အခါ အမှားလုပ်ကြောင်း ပြောဆိုချက်များမှ "စစ်သားများ" ကို ကာကွယ်ခြင်းသည် တရားဥပဒေနှင့်ကိုက်ညီသော ရည်ရွယ်ချက်မဟုတ်ကြောင်း၊ စစ်တပ်ကဲ့သို့ အဖွဲ့အစည်းများကို ဝေဖန်ခြင်းအား မတားမြစ်သင့်ကြောင်း ဘုတ်အဖွဲ့က ဆုံးဖြတ်သည် (အထွေထွေမှတ်ချက် အမှတ်စဉ် ၃၄၊ ပိုဒ်ခွဲ ၃၈)။
သင့်လျော်စွာ ရေးဆွဲပြီး ကျင့်သုံးသော ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု စံနှုန်းသည် အခြားသူများ၏ အခွင့်အရေးများကို ကာကွယ်ရန် တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်ကို လက်ကိုင်ပြုသည်။ ဤအမှု၏ အကြောင်းအရာတွင် ဤမူဝါဒသည် ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ထိခိုက်ခံရသော နယ်မြေများရှိ ဒေသခံများ၏ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံရေး (အပိုဒ် ၉၊ ICCPR) နှင့် အသက်ရှင်ရပ်တည်မှု (အပိုဒ် ၆၊ ICCPR) အပေါ် အန္တရာယ်ဖြစ်စေနိုင်သည့် အကြမ်းဖက်မှု မြင့်တက်လာမှုကို တားဆီးရန် ကြိုးပမ်းသည်။
ကျူးကျော်ဝင်ရောက်မှုတစ်ခုကို လက်နက်ကိုင်ခုခံတော်လှန်သည့် အခြေအနေတွင် အကြမ်းဖက် စကားကို အကဲဖြတ်ရာ၌ နောက်ထပ်ရှုပ်ထွေးမှုများ ပါရှိကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်မှုအား တရားမဝင်ဟု နိုင်ငံတကာက အသိအမှတ်ပြုထား (A/RES/ES-၁၁/၁) ပြီး ကျူးကျော်ရန်စမှု လုပ်ရပ်များအပေါ် မိမိကိုယ်ကိုကာကွယ်ခြင်းအဖြစ် အင်အားသုံးခြင်းကို ခွင့်ပြုသည် (အပိုဒ် ၅၁၊ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း)။ နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခအခြေအနေတွင် စစ်ပြုသောအဖွဲ့များ၏ လုပ်ဆောင်မှုဆိုင်ရာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေသည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားစဉ် တစ်လျှောက်လုံးတွင် တက်ကြွစွာပါဝင်သော တိုက်ပွဲဝင်စစ်သည်များအား ဥပဒေနှင့်အညီ ပစ်မှတ်ထားခြင်းကို ခွင့်ပြုသည်။ ၎င်းသည် စစ်သုံ့ပန်းများအပါအဝင် စစ်ပြုခြင်းတွင် တက်ကြွစွာပါဝင်ခြင်းမရှိတော့သူများ (အပိုဒ် ၃၊ စစ်သုံ့ပန်းများအပေါ် ဆက်ဆံမှုနှင့် ပတ်သက်သော ဂျနီဗာကွန်ဗင်းရှင်း) အတွက် မမှန်ကန်ပါ။ အကြမ်းဖက်မှုကိုယ်၌က နိုင်ငံတကာဥပဒေအရ တရားဥပဒေနှင့်ညီညွတ်သည့်အခါ အဆိုပါအကြမ်းဖက်မှုကို တိုက်တွန်းသော ပြောဆိုမှုတွင် သီးခြားစစ်ဆေးရမည့် မတူညီသော ထည့်သွင်းစဉ်းစားစရာများ ရှိသည်။ ဤအမှုရှိအကြောင်းအရာသည် ချိုးဖောက်ခြင်းမရှိကြောင်း ဘုတ်အဖွဲ့က ဆုံးဖြတ်ထားသော်လည်း ဘုတ်အဖွဲ့သည် Meta အား ဥပဒေနှင့်မညီညွတ်သော စစ်ရေးဝင်ရောက်စွက်ဖက်မှု အခြေအနေများကို ထည့်သွင်းစဉ်းစားပြီး ၎င်း၏ မူဝါဒကို ပြင်ဆင်ရန် တိုက်တွန်းသည်။
ဓာတ်ပုံတွင် သတိပေးချက် မျက်နှာပြင်ထည့်ရန် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို ကိုးကားလျက် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒသည် "အကြမ်းဖက်မှုကို အမွှမ်းတင်သော သို့မဟုတ် အခြားသူများ၏ ဆင်းရဲဒုက္ခ သို့မဟုတ် အရှက်ကွဲခြင်းကို အောင်ပွဲခံသော အကြောင်းအရာ" ကို ကန့်သတ်ခြင်းဖြင့် မတူကွဲပြားသောပါဝင်မှုကို ဖြစ်စေသည့် ပတ်ဝန်းကျင်တစ်ရပ်ကို အားပေးမြှင့်တင်ရန် ရည်ရွယ်ကြောင်း Meta က မှတ်ချက်ပြုသည်။ ဤရည်ရွယ်ချက်သည် အားလုံးပါဝင်နိုင်သော ပလက်ဖောင်းတစ်ခုကို အားပေးမြှင့်တင်ရန် Meta ၏ ရည်မှန်းချက်အရ ဥပဒေနှင့် ကိုက်ညီကြောင်း ဘုတ်အဖွဲ့က သဘောတူသည်။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
လိုအပ်ချက်နှင့် အချိုးကျမျှတမှု အခြေခံမူတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်ချက်မဆိုသည် "၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည်၊ ၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည့် ဆောင်ရွက်ချက်များအနက် စွက်ဖက်မှု အနည်းဆုံး ဆောင်ရွက်ချက်လည်း ဖြစ်ရမည့်အပြင် အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်" ဟု သတ်မှတ်ပြဋ္ဌာန်းသည် (အထွေထွေမှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၃၄)။
ရက်စက်ကြမ်းကြုတ်သော သို့မဟုတ် အမုန်းပွားသော အကြောင်းအရာက ဖြစ်စေသည့် အန္တရာယ်များကို အကဲဖြတ်ရန်အတွက် ရန်လိုစိတ်၊ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် အကြမ်းဖက်မှုကို လှုံ့ဆော်ရာရောက်သည့် နိုင်ငံသား၊ လူမျိုး သို့မဟုတ် ဘာသာရေး မုန်းတီးမှုဆိုင်ရာ ထောက်ခံအားပေးမှုကို ကိုင်တွယ်ဖြေရှင်းသည့် ရာဘတ် လုပ်ဆောင်ချက် အစီအစဉ် တွင် ဖော်ပြထားသော အချက်ခြောက်ချက်စမ်းသပ်မှုဖြင့် ဘုတ်အဖွဲ့အား ပုံမှန်အားဖြင့် လမ်းညွှန်သည်။ ဤအမှုတွင် ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအခြေအနေနှင့် အသုံးပြုသူက သုံးစွဲထားသည့် စွဲချက်တင်ထားသော ယဉ်ကျေးမှုဆိုင်ရာ ရည်ညွှန်းချက်များ မည်သို့ပင်စေကာမူ ပို့စ် - အကြမ်းဖက်မှု သံသရာစက်ဝန်းကို သတိပေးချက်- သည် အန္တရာယ်ဖြစ်နိုင်ခြေ မရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ကနဦး အကြောင်းအရာ ဖယ်ရှားခြင်းကို မလိုအပ်ခဲ့ကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။ ထို့အပြင် သတိပေးချက် မျက်နှာပြင်ကို လိုအပ်ပြီး အချိုးကျမျှတကြောင်း ဘုတ်အဖွဲ့ဝင် လူနည်းစုက ဆုံးဖြတ်ခဲ့သော်လည်း ၎င်းကို မလိုအပ်ခဲ့ကြောင်း ဘုတ်အဖွဲ့ဝင် အများစုကလည်း ဆုံးဖြတ်သည်။
ဤနေရာရှိ သက်ဆိုင်ရာအကြောင်းရင်းများကို ထည့်သွင်းစဉ်းစားလျက် လှုံ့ဆော်နိုင်ခြေရှိသော ပြောဆိုမှုက တင်းမာမှုများကို တိုးလာစေနိုင်သည့် ယူကရိန်းကို ရုရှား၏ တရားမဝင်ကျူးကျော်ဝင်ရောက်မှု အခြေအနေ မည်သို့ပင်ရှိစေကာမူ အသုံးပြုသူ၏ ပေါ်လွင်သော ရည်ရွယ်ချက် (စစ်ပွဲနှင့် ၎င်း၏ အကျိုးဆက်များနှင့်ပတ်သက်၍ သတိပြုမိစေခြင်း)၊ စစ်ရေးကဗျာတစ်ပုဒ်ကို ကိုးကားရာတွင် ရွေးချယ်သည့် ရောင်ပြန်ဟပ်သောသဘောတရားနှင့် ယူကရိန်းရှိ ကြောက်မက်ဖွယ် အဖြစ်အပျက်များနှင့်စပ်လျဉ်း၍ အခြားဆက်သွယ်ပြောဆိုမှုများ တစ်ဟုန်ထိုး တိုးပွားလာခြင်းက အကြောင်းအရာသည် အကြမ်းဖက်မှုကို ပိုမိုဆိုးရွားလာစေရန် သိသိသာသာ အထောက်အကူပြုနိုင်ဖွယ် မရှိကြောင်း ဆိုလိုသည်ဟု ဘုတ်အဖွဲ့က ကောက်ချက်ချသည်။
သတိပေးချက် မျက်နှာပြင် အသုံးပြုခြင်းကို လျော်ကန်စေမည့် Meta ၏ အကြောင်းအရာ စိစစ်သူများအတွက် ကုမ္ပဏီတွင်း လမ်းညွှန်ချက်များတွင် ဖော်ပြထားသည့်အတိုင်း ဓာတ်ပုံတွင် အကြမ်းဖက်မှုကို ညွှန်ပြသည့် ရှင်းလင်းသော မြင်ကွင်းများမရှိသောကြောင့် သတိပေးချက် မျက်နှာပြင် အသုံးပြုခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားပြီး ဤဖြစ်ရပ်တွင် လိုအပ်သောတုံ့ပြန်မှုမဟုတ်ကြောင်း ဘုတ်အဖွဲ့ဝင် အများစုက ကောက်ချက်ချသည်။ လူမှုကွန်ရက် ကုမ္ပဏီများသည် ကန့်သတ်ချက်များကို စေ့စေ့စပ်စပ် အံဝင်ခွင်ကျဖြစ်အောင် စီမံပြုလုပ်ကြောင်း သေချာစေရန် ပြဿနာရှိသော အကြောင်းအရာအတွက် ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှုအမျိုးမျိုးကို လက်ခံစဉ်းစားသင့်သည် ( A/၇၄/၄၈၆၊ ပိုဒ်ခွဲ ၅၁)။ ဤကိစ္စနှင့်ပတ်သတ်၍ Meta သည် အသုံးပြုသူများက Facebook နှင့် Instagram တွင် ထိခိုက်လွယ်သော အနိဋ္ဌာရုံ မြင်ကွင်းကို သတိပေးချက်များဖြင့် ကြည့်မည် သို့မဟုတ် ၎င်းတို့မပါဘဲကြည့်မည်ဟု ဆုံးဖြတ်နိုင်သည့် စိတ်ကြိုက်ကိရိယာများကို ထပ်မံတီထွင်ဖန်တီးသင့်ကြောင်း ဘုတ်အဖွဲ့က လက်ခံစဉ်းစားသည်။
သတိပေးချက် မျက်နှာပြင်သည် ပါဝင်နိုင်မှုနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အားပေးရန် သင့်လျော်စွာ အံဝင်ခွင်ကျပြုလုပ်ထားသည့် လိုအပ်ပြီး အချိုးကျသော စီမံချက်တစ်ခုဖြစ်ခဲ့ကြောင်း ဘုတ်အဖွဲ့ဝင် လူနည်းစုက ဆုံးဖြတ်သည်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွင် သေဆုံးသွားသော လူပုဂ္ဂိုလ်များ၏ ဂုဏ်သိက္ခာနှင့် အသုံးပြုသူများစွာ သေဆုံးမှုနှင့် ၎င်းတို့အပေါ် အကြမ်းဖက်မှုကို သရုပ်ဖော်သောပုံများ၏ ဖြစ်နိုင်ခြေသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားလျှင် Meta သည် ဆန်းစစ်နေဆဲဖြစ်သော အကြောင်းအရာတစ်ခုကဲ့သို့ အကြောင်းအရာပေါ်တွင် သတိပေးချက်မျက်နှာပြင်များ ထည့်ခြင်းဖြင့် အမှားလုပ်နိုင်ဖွယ်အပေါ် ပိုမိုဆင်ခြင်သတိထားနိုင်ကြောင်း လူနည်းစုက ယူဆသည်။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့ ၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် အကြောင်းအရာကို ဖြုတ်ချရန် Meta ၏ မူလဆုံးဖြတ်ချက်နှင့် ကုမ္ပဏီအနေဖြင့် ပို့စ်ထဲရှိ ဓာတ်ပုံတွင် သတိပေးချက် မျက်နှာပြင် ထည့်ခဲ့ရစေသည့် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒကို ချိုးဖောက်ကြောင်း Meta ၏ နောက်ဆက်တွဲဆုံးဖြတ်ချက်ကို ပယ်ချလိုက်သည်။
၁၀။ မူဝါဒဆိုင်ရာ အကြံပေး ဖော်ပြချက်
အကြောင်းအရာဆိုင်ရာ မူဝါဒ
၁။ ကုမ္ပဏီသည် "လုပ်ရပ်တစ်ခု၏ ဖြစ်နိုင်ခြေရှိသော ရလဒ်အပေါ် ဘက်မလိုက်သော ရည်ညွှန်းချက် သို့မဟုတ် အကြံပြုသတိပေးချက်" ရေးသားဖော်ပြချက်များ ပါဝင်သော အကြောင်းအရာနှင့် "အကြမ်းဖက်ခြိမ်းခြောက်မှုများကို ရှုတ်ချသော သို့မဟုတ် ပိုမိုသတိပြုမိစေသော" အကြောင်းအရာအား ခွင့်ပြုရန် မူဝါဒကို အဓိပ္ပါယ်ကောက်ယူကြောင်း Meta က ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်း၏ အများရရှိနိုင်သော အသုံးအနှုန်းများတွင် ထည့်သွင်းပေးသင့်သည်။ အကောင်အထည်ဖော်ပါက ဤအကြံပြုချက်အရ Meta သည် အဆိုပါ ထည့်သွင်းချက်များကို ထင်ဟပ်စေရန် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒ၏ အများရရှိနိုင်သော အသုံးအနှုန်းကို ပြင်ဆင်အပ်ဒိတ်လုပ်ရန် လိုအပ်မည်ဟု ဘုတ်အဖွဲ့က မျှော်လင့်ပါသည်။
၂။ Meta သည် ၎င်း၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များထဲမှ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံမြင်ကွင်းဆိုင်ရာ လူမှုစံနှုန်း အသေးစိတ်အချက်အလက်များ၏ အများရရှိနိုင်သော အသုံးအနှုန်းတွင် ရုပ်ပုံတစ်ပုံသည် “မတော်တဆ သို့မဟုတ် လူသတ်မှုကြောင့် လူတစ်ဦး သို့မဟုတ် လူများ၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှုကို ပြသခြင်း" ရှိ၊ မရှိ ကုမ္ပဏီက မည်သို့ဆုံးဖြတ်ပုံအကြောင်း ထည့်သွင်းပေးသင့်သည်။ အကောင်အထည်ဖော်ပါက ဤအကြံပြုချက်အရ Meta သည် အဆိုပါ ထည့်သွင်းချက်ကို ထင်ဟပ်စေရန် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံမြင်ကွင်းဆိုင်ရာ လူမှုစံနှုန်း၏ အများရရှိနိုင်သော အသုံးအနှုန်းကို ပြင်ဆင်အပ်ဒိတ်လုပ်ရန် လိုအပ်မည်ဟု ဘုတ်အဖွဲ့က မျှော်လင့်ပါသည်။
စည်းကမ်းထိန်းသိမ်းမှု
၃။ Meta သည် Facebook နှင့် Instagram နှစ်ခုလုံးတွင် ထိခိုက်လွယ်သော အနိဋ္ဌာရုံမြင်ကွင်းကို သတိပေးချက် မျက်နှာပြင်များဖြင့်ဖြစ်စေ၊ သတိပေးချက်မျက်နှာပြင်များ မပါဘဲဖြစ်စေ ကြည့်ရှုမည်၊ မကြည့်ရှုမည်ကို အသက် ၁၈ နှစ်အထက် အသုံးပြုသူများအား ဆုံးဖြတ်ခွင့်ပြုမည့် စိတ်ကြိုက်ပြင်ဆင်ရေး ကိရိယာများ အကောင်အထည်ဖော်နိုင်ခြေကို အကဲဖြတ်သင့်သည်။ အကောင်အထည်ဖော်ပါက ဤအကြံပြုချက်အရ Meta သည် ဖြစ်နိုင်ခြေအကဲဖြတ်ချက် ရလဒ်များကို ထုတ်ပြန်ရန် လိုအပ်မည်ဟု ဘုတ်အဖွဲ့က မျှော်လင့်ပါသည်။
*လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစု၏ သဘောတူညီမှုကို ရယူထားပါသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား လွတ်လပ်သော သုတေသနလေ့လာမှုတစ်ခု ပြုလုပ်စေခဲ့ပါသည်။ လွတ်လပ်သော သုတေသနအဖွဲ့သည် ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားပြီး တိုက်ကြီး ခြောက်တိုက်မှ လူမှုရေးသိပ္ပံပညာရှင်ပေါင်း ၅၀ ကျော်အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃,၂၀၀ ကျော်ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ခန့်အပ်ထားသည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် ဘေးကင်းလုံခြုံရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers ကလည်း ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။ ဘာသာစကားပေါင်း ၃၅၀ ကျော်ကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ကမ္ဘာတစ်လွှားရှိ မြို့ကြီးပေါင်း ၅,၀၀၀ ကျော်မှ အလုပ်လုပ်ပေးနေသည့် ကျွမ်းကျင်ပညာရှင်များကို ပိုင်ဆိုင်ထားသော Lionbridge Technologies, LLC ကုမ္ပဏီက ဘာသာစကားပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ပါသည်။
العودة إلى قرارات الحالة والآراء الاستشارية المتعلقة بالسياسة