Published

အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ပုဂ္ဂိုလ်များအား “Shaheed” ဟု ရည်ညွှန်းခြင်း

ဤမူဝါဒအကြံပေး သဘောထားအမြင်သည် “shaheed” ဟူသော စကားလုံးကို စိစစ်ရန် Meta ၏ ကိုင်တွယ်လုပ်ဆောင်ပုံကို လေ့လာဆန်းစစ်ပြီး အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် သက်ရောက်မှုရှိ၊ မရှိအကြောင်း အရေးကြီးသော မေးခွန်းထုတ်စရာများကို ပေါ်ပေါက်လာစေသည်။

Platform

Platform
Facebook

အကြောင်းအရာ အကျဉ်းချုပ်

အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို ရည်ညွှန်းရန် "shaheed" ဟူသော ဝေါဟာရကို သုံးထားသည့် အကြောင်းအရာကို စိစစ်ရာတွင် Meta ၏ ကိုင်တွယ်လုပ်ဆောင်ပုံသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သိသိသာသာနှင့် အချိုးမညီမျှစွာ ကန့်သတ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ Meta သည် "အန္တရာယ်ရှိသည်" ဟု ၎င်းသတ်မှတ်ထားသည့် လူပုဂ္ဂိုလ်များအား "shaheed" ဟု ရည်ညွှန်းလျက် အသုံးပြုမှုအားလုံးကို ချိုးဖောက်ထားသည်အဖြစ် အဓိပ္ပာယ်ကောက်ယူပြီး အကြောင်းအရာကို ဖယ်ရှားသည်။ Meta ၏ အဆိုအရ “shaheed” ဟူသော စကားလုံးသည် ၎င်း၏ပလက်ဖောင်းများပေါ်မှ အခြားစကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်စုထက် လူမှုစံနှုန်းများအရ အကြောင်းအရာ ဖယ်ရှားမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်ဖွယ်ရှိသည်။ အကြမ်းဖက်သမားတို့၏ အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ပြင်းထန်ဆိုးရွားသော အကျိုးဆက်များရှိစေသည် – အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးပြီး လူ့အခွင့်အရေးကို အဟန့်အတားဖြစ်စေကာ ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းကို ပြိုကွဲစေသည်။ သို့သော် အကြောင်းအရာများကို လွန်ကဲစွာဖယ်ရှားခြင်းက ထိရောက်မှုမရှိဘဲ ဆန့်ကျင်ဘက်ရလဒ် ပေါ်ပေါက်စေနိုင်သည်ကို ထည့်သွင်းစဉ်းစားလျှင် ထိုသို့သောအကြမ်းဖက်မှုကို တားဆီးရန် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် မည်သည့်ကန့်သတ်ချက်မဆိုသည် လိုအပ်ပြီး အချိုးကျတရားမျှတမှု ရှိရမည်။

ဘုတ်အဖွဲ့၏အကြံပြုချက်များသည် အကြမ်းဖက်လုပ်ရပ်များလှုံ့ဆော်ရန် သို့မဟုတ် ယင်းလုပ်ရပ်များတွင် ပါဝင်စေရန်အတွက် လူများစုဆောင်းရန်အလို့ငှာ ၎င်း၏ပလက်ဖောင်းများကို အသုံးမပြုကြောင်း သေချာစေရန်အတွက် Meta အနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရန် အလွန်အရေးကြီးသည်ဟူသော ရှုထောင့်မှ အစပြုထားသည်။ “shaheed” ဟူသော စကားလုံးကို ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်စဉ် သေဆုံးသွားသူများကို ချီးကျူးရန် သို့မဟုတ် အမွှမ်းတင်ရန် အစွန်းရောက်သမားများက တစ်ခါတစ်ရံ အသုံးပြုကြသည်။ သို့သော် ဤခြိမ်းခြောက်မှုအပေါ် Meta တုံ့ပြန်ရာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေးအားလုံးကို အလေးထားမှုက အဓိကဦးဆောင်ရမည်။

ဘုတ်အဖွဲ့က ဤမူဝါဒအကြံပေး သဘောထားအမြင်များကို အပြီးသတ်နေခဲ့စဉ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် ဟားမတ်စ် (Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအရ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဆင့် ၁ အဖွဲ့အစည်း) သည် အစ္စရေးကို မကြုံစဖူး အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လူပေါင်း ၁,၂၀၀ ခန့် သေဆုံးခဲ့ကာ လူပေါင်း ၂၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အစ္စရေးအစိုးရ)။ သတင်းအစီရင်ခံချက်များအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဇန်နဝါရီလအစောပိုင်းက ဟားမတ်စ်တို့ ဖမ်းဆီးထားဆဲဖြစ်သော ဓားစာခံ ၁၃၆ ယောက်ခန့်အနက် အနည်းဆုံး အယောက် ၃၀ သေဆုံးသွားသည်ဟု ယူဆရသည်။ Meta သည် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအရ ဤအဖြစ်အပျက်များကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ချက်ချင်းသတ်မှတ်ခဲ့သည်။ အစ္စရေးသည် တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ရေးလှုပ်ရှားမှုတစ်ခုကို အလျင်အမြန်စတင်ခဲ့သည်။ အဆိုပါစစ်ရေးလှုပ်ရှားမှုကြောင့် မတ်လ ၄ ရက်တွင် ဂါဇာမြို့ရှိ လူပေါင်း ၃၀,၀၀၀ ကျော် သေဆုံးခဲ့သည် (ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၊ ဂါဇာရှိ ကျန်းမာရေး ဝန်ကြီးဌာနထံမှ အချက်အလက်ကို ရယူထားသည်)။ ဇန်နဝါရီလမှ အစီရင်ခံစာများအရ သေဆုံးသူများ၏ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ခဲ့သည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားသည်။

ဤအဖြစ်အပျက်များအပြီးတွင် ဘုတ်အဖွဲ့သည် ၎င်း၏အကြံပြုချက်များက Meta ၏ ပလက်ဖောင်းများကို အသုံးချမှုနှင့် ဤအခြေအနေတွင် "shaheed" ဟူသော စကားလုံး အသုံးပြုမှုအပေါ် မဆိုင်းမတွ တုံ့ပြန်ကြောင်း သေချာစေရန် ဤမူဝါဒအကြံပေး သဘောထားအမြင်များ ထုတ်ပြန်ခြင်းကို ခဏရပ်ထားခဲ့သည်။ ဤထပ်ဆောင်းသုတေသနပြုမှုသည် ထိုသို့သောအဖြစ်အပျက်များ၏ ပြင်းထန်သောဖိအားရှိနေလင့်ကစား “shaheed” ဟူသော စကားလုံးကို စိစစ်ခြင်းနှင့်ပတ်သက်၍ Meta အတွက် ဘုတ်အဖွဲ့၏ အကြံပြုချက်များကို ဆိုင်းငံ့ထားကြောင်း အတည်ပြုခဲ့ပြီး အရေးအခင်းအခြေအနေများအား Meta အနေဖြင့် တုံ့ပြန်ရာတွင် လူ့အခွင့်အရေးအားလုံးကို ပိုမိုအလေးထားကြောင်း သေချာစေပါမည်။ တစ်ချိန်တည်းတွင် ဤနယ်ပယ်ရှိ Meta ၏ မူဝါဒများကို ကမ္ဘာတစ်ဝန်းလုံးတွင် ကျင့်သုံးပြီး ၎င်းတို့၏သက်ရောက်မှုသည် ဤပဋိပက္ခအပြင် အခြားကိစ္စရပ်များတွင်လည်း အကျုံးဝင်ကြောင်း ဘုတ်အဖွဲ့က မီးမောင်းထိုးပြသည်။ အစ္စရေးနှင့် ပါလက်စတိုင်းရှိ လတ်တလောအဖြစ်အပျက်များ၏ အရေးပါမှုကို သိနားလည်သော်လည်း ဘုတ်အဖွဲ့၏အကြံပြုချက်များသည် ကမ္ဘာတစ်ဝန်းတွင် ကျင့်သုံးရန်ဖြစ်၍ ၎င်းတို့ကို သီးခြားအခြေအနေ တစ်ခုခုအတွက်သာ ကန့်သတ်ထားခြင်းမရှိပါ။

ဘုတ်အဖွဲ့၏ အမြင်တွင် “shaheed” ဟူသော စကားလုံးကို စိစစ်ရာတွင် Meta ၏ ကိုင်တွယ်လုပ်ဆောင်ပုံသည် ကျယ်ပြန့်လွန်းပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပြည်သူလူထုအကြား ဆွေးနွေးဖလှယ်ခြင်းကို အချိုးမညီမျှစွာ ကန့်သတ်သည်။ ဥပမာအားဖြင့် အကြမ်းဖက်မှုနှင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများအကြောင်း အစီရင်ခံသော ပို့စ်များကို မှား၍ဖယ်ရှားနိုင်သည်။ Meta ၏ကိုင်တွယ်လုပ်ဆောင်ပုံသည် အမွှမ်းတင်ရန် သို့မဟုတ် သဘောကျထောက်ခံခြင်းကို ဖော်ပြရန် မရည်ရွယ်သော အဓိပ္ပာယ်အများစုရှိသည့် "shaheed" ဟူသော စကားလုံး၏ အဓိပ္ပာယ်အမျိုးမျိုးကိုလည်း ထည့်သွင်းစဉ်းစားခြင်းမပြုသဖြင့် အာရဗီစကားပြောသူများနှင့် အခြားဘာသာစကားပြောသူများ (မွတ်ဆလင်ဘာသာဝင်အများစု) ၏ ပို့စ်အားလုံးကို မကြာခဏ ဖယ်ရှားခံရ‌စေပါသည်။ ထိုသို့ဖယ်ရှားမှုသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒ၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီမှုမရှိပါ။ ထို့အပြင် Meta ၏ မူဝါဒများသည် ဥပမာအားဖြင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ဆောင်ရွက်ချက်များအား အမွှမ်းတင်ခြင်း၊ ထောက်ခံခြင်းနှင့် ကိုယ်စားပြုခြင်းအပြင် အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းကိုလည်း တားမြစ်သည်။ ဤမူဝါဒများကို တိကျစွာ ပြဋ္ဌာန်း၍ စည်းကမ်းထိန်းသိမ်းပါက Meta ၏ ပလက်ဖောင်းများကို အကြမ်းဖက်သမားများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို လျော့ပါးစေသည်။ ထို့ကြောင့် ဘုတ်အဖွဲ့က Meta အား အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို ရည်ညွှန်းရန် “shaheed” ဟူသော ဝေါဟာရ အသုံးပြုခြင်းအပေါ် ၎င်း၏လုံးဝဥဿုံ တားမြစ်မှုကို အဆုံးသတ်ပြီး စကားလုံးအပါအဝင် အကြောင်းအရာ၏ ဆက်စပ်အခြေအနေကို ပိုမိုထည့်သွင်းစဉ်းစား၍ ဆန်းစစ်လေ့လာမှုအတွက် ၎င်း၏မူဝါဒကို ပြင်ဆင်ရန် အကြံပြုသည်။

နောက်ခံအချက်အလက်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Meta က ၎င်းအနေဖြင့် ၎င်း၏အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအောက်တွင် သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို ရည်ညွှန်းရန် “shaheed” ဟူသော အာရဗီဝေါဟာရကို အသုံးပြုထားသည့် သို့မဟုတ် شهيد ဟူသော အာရဗီစကားလုံးများဖြင့် ရေးသားထားသည့် အကြောင်းအရာများကို ဆက်လက်ဖယ်ရှားသင့်၊ မသင့် ဘုတ်အဖွဲ့အား မေးမြန်းခဲ့သည်။ “shaheed” ဟူသော စကားလုံးသည် မွေးစားစကားလုံးတစ်ခုလည်း ဖြစ်သည် (ဆိုလိုသည်မှာ အာရဗီမဟုတ်သော ဘာသာစကားများစွာတွင် ၎င်း၏စာလုံးပေါင်းကို အလိုက်သင့်ပြောင်းလဲခြင်းအပါအဝင် ဤအာရဗီမူရင်း ဝေါဟာရကို "မွေးစားအသုံးပြုသည်" ဟု ဆိုလိုသည်)။

“shaheed” ဟူသော စကားလုံးသည် "ဂုဏ်ပြုချီးမြှောက်သော" ဝေါဟာရတစ်ခုဖြစ်ပြီး မတော်တဆမှုတစ်ခုတွင်ကဲ့သို့ မမျှော်လင့်ဘဲ သေဆုံးသွားသူတစ်ဦး သို့မဟုတ် စစ်ပွဲတစ်ခုတွင်ကဲ့သို့ ဂုဏ်ယူစွာ သေဆုံးသွားသူတစ်ဦးအား ရည်ညွှန်းရန် ယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာနှင့် ဘာသာစကားမျိုးစုံရှိ လူမှုအသိုင်းအဝိုင်းများစွာက ၎င်းကို အသုံးပြုကြသည်ဟု ကုမ္ပဏီက ဖော်ပြထားသည်။ ထိုဝေါဟာရတွင် "အဓိပ္ပာယ်မြောက်မြားစွာ" ရှိပြီး "အင်္ဂလိပ်သာသာစကားတွင် တိုက်ရိုက်တူညီသော အသုံးအနှုန်း မရှိကြောင်း" နှင့် အတွေ့များသော အင်္ဂလိပ်ဘာသာပြန်ဆိုချက်မှာ "martyr (အာဇာနည်)" ဖြစ်ကြောင်း ကုမ္ပဏီက အသိအမှတ်ပြုသည်။ "အင်္ဂလိပ်ဘာသာတွင် 'martyr (အာဇာနည်)' ဟူသော စကားလုံးသည် သင့်မြတ်သော အကြောင်းတရားတစ်ခုအတွက် ထိခိုက်နစ်နာခဲ့သော သို့မဟုတ် သေဆုံးခဲ့သော ပုဂ္ဂိုလ်တစ်ဦးကို ဆိုလိုပြီး ပုံမှန်အားဖြင့် အပြုသဘောဆောင်သော အနက်ရှိသည်" ဟု မှတ်ချက်ပြုကာ "ဤအသုံးပြုမှုကြောင့် ["shaheed”] ဟူသော ဝေါဟာရကို ကျွန်ုပ်တို့၏ [အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ] မူဝါဒအရ ချီးကျူးခြင်းနှင့်ညီမျှသော အသုံးအနှုန်းအဖြစ် အမျိုးအစားခွဲထားသည်" ဟု Meta က ဖော်ပြထားသည်။

အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို “shaheed” ဟု ရည်ညွှန်းခြင်းသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအရ အမြဲတမ်း "ချီးကျူးခြင်း" သဘောသက်ရောက်ကြောင်း Meta ၏ မှတ်ယူမှုသည် လုံးဝဥဿုံ တားမြစ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဝေါဟာရ၏ အဓိပ္ပာယ်အမျိုးမျိုးကြောင့် ၎င်းသည် "အထူးသဖြင့် အာရဗီစကားပြောသူများအကြားတွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို ချီးကျူးရန် မရည်ရွယ်သည့် စကားမြောက်မြားစွာကို စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်း ဖြစ်နိုင်သည်" ဟု Meta က အသိအမှတ်ပြုခဲ့သည်။ ထို့အပြင် Meta သည် "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများအကြောင်း အစီရင်ခံရန်၊ ပြစ်တင်ရှုတ်ချရန် သို့မဟုတ် ကြားနေသဘောဖြင့် ဆွေးနွေးရန်" အတွက် “shaheed” ဟူသော စကားလုံးကို အသုံးပြုခွင့်ပေးသည့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒဆိုင်ရာ ခြွင်းချက်များကိုလည်း မကျင့်သုံးပါ။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သော မူဝါဒဆိုင်ရာ နောက်ဆုံးအပ်ဒိတ်များအရလည်း ယင်းကဲ့သို့ ဆက်လက်ဖြစ်ပေါ်ခဲ့ပါသည်။ အပ်ဒိတ်မူဝါဒတွင် ယခုအခါ "ချီးကျူးခြင်း" ကို လုံးလုံးဖယ်ရှားလိုက်ပြီး ယင်းအစား "အမွှမ်းတင်ခြင်း" နှင့် "မရှင်းလင်းသော ရည်ညွှန်းချက်များ" ကို တားမြစ်ပါသည်။

ဤအလေးထားစရာကိစ္စများကြောင့် ၂၀၂၀ ခုနှစ်တွင် Meta က “shaheed” ဟူသော ဝေါဟာရအတွက် ၎င်း၏ကိုင်တွယ်လုပ်ဆောင်ပုံကို ပြန်လည်အကဲဖြတ်ရန် မူဝါဒဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကုမ္ပဏီအတွင်း အများသဘောဆန္ဒကို မရရှိခဲ့၍ ကိုင်တွယ်လုပ်ဆောင်ပုံအသစ်ကို သဘောတူခဲ့ခြင်းမရှိပါ။

ဤမူဝါဒအကြံပေး သဘောထားအမြင်များကို တောင်းဆိုသည့်အခါ Meta သည် ဘုတ်အဖွဲ့ထံ ဖြစ်နိုင်ခြေရှိသော မူဝါဒ ရွေးချယ်စရာသုံးရပ်ကို တင်ပြခဲ့သည်-

  1. လက်ရှိအနေအထားအတိုင်း ဆက်ထားရန်။
  2. အခြားသော ချီးကျူးခြင်း သို့မဟုတ် "အကြမ်းဖက်မှု အချက်ပြလက္ခဏာများ" မရှိသရွေ့ "ချီးကျူးခြင်း" တားမြစ်ချက်အတွက် ခြွင်းချက်များ (ဥပမာ- အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်း သို့မဟုတ် ဝေဖန်ရှုတ်ချခြင်း) နှင့် ကိုက်ညီသည့်ပို့စ်များတွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များအား ရည်ညွှန်းချက်အဖြစ် “shaheed” ဟူသော စကားလုံးကို အသုံးပြုခွင့်ပေးရန်။ Meta က အဆိုပြုထားသော ဤအချက်ပြလက္ခဏာများ၏ ဥပမာအချို့တွင် လက်နက်များကို ပုံဖော်ခြင်း သို့မဟုတ် စစ်ဘက်အသုံးအနှုန်း သို့မဟုတ် လက်တွေ့ကမ္ဘာတွင် အကြမ်းဖက်မှုကို ရည်ညွှန်းခြင်းများ ပါဝင်ခဲ့သည်။
  3. အခြားသော ချီးကျူးခြင်း သို့မဟုတ် အကြမ်းဖက်မှု အချက်ပြလက္ခဏာများ မရှိသရွေ့ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များအား ရည်ညွှန်းရာတွင် “shaheed” ဟူသော စကားလုံးကို အသုံးပြုခွင့်ပေးရန်။ ဒုတိယရွေးချယ်စရာနှင့် မတူသည်မှာ ဤရွေးချယ်စရာသည် အကြောင်းအရာက အထက်ဖော်ပြပါ ခြွင်းချက်များထဲမှ တစ်ခုအောက်တွင် အကျုံးဝင်သည်၊ မဝင်သည်ကို ထည့်သွင်းမစဉ်းစားပါ။

ဘုတ်အဖွဲ့သည် အခြားဖြစ်နိုင်ခြေရှိသော မူဝါဒ ရွေးချယ်စရာများကို လက်ခံစဉ်းစားခဲ့ပါသည်။ Meta က ၎င်း၏တောင်းဆိုမှုတွင် အဆိုပြုထားသည်ထက် ပိုနည်းသော အကြမ်းဖက်မှု အချက်ပြလက္ခဏာများကိုသာ ရွေးချယ်ပြီး အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့် ၎င်းတို့၏လုပ်ရပ်များကို အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်းနှင့် ဝေဖန်ရှုတ်ချခြင်းအတွက် မူဝါဒခြွင်းချက်များကို ပိုမိုကျယ်ပြန့်စွာ ကျင့်သုံးခြင်းအတွက် သတ်မှတ်ချက်တစ်ခု ရှိသော်လည်း ဤမူဝါဒအကြံပေး သဘောထားအမြင်များတွင် ဖော်ပြထားသော အကြောင်းပြချက်များအရ ဘုတ်အဖွဲ့၏ အကြံပြုချက်များသည် တတိယ‌ရွေးချယ်စရာနှင့် အတော်လေးကိုက်ညီမှုရှိသည်။

အဓိကတွေ့ရှိချက်များနှင့် အကြံပြုချက်များ

အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များနှင့်ဆက်စပ်၍ "shaheed" ဟူသော ဝေါဟာရအပေါ် Meta ၏ လက်ရှိကိုင်တွယ်ပုံသည် ကျယ်ပြန့်လွန်းပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သိသိသာသာနှင့် အချိုးမညီမျှစွာ ကန့်သတ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။

"shaheed" ဟူသော စကားလုံးသည် ယဉ်ကျေးမှုအရနှင့် ဘာသာရေးအရ အရေးပါသော ဝေါဟာရတစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံတွင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်၍ သေဆုံးသွားသည့်သူများကို ချီးကျူးကြောင်း ဖော်ပြရန် ၎င်းကို အသုံးပြုပြီး ၎င်းတို့အား "အမွှမ်းတင်" နိုင်သည်။ သို့သော် အစီရင်ခံခြင်းနှင့် ကြားနေမှတ်ချက်ပြုခြင်း၊ ပညာရေးဆိုင်ရာ ဆွေးနွေးမှု၊ လူ့အခွင့်အရေး ဆွေးနွေးပွဲများတွင်သာမက အနုနည်းဖြင့် လက်မခံကြောင်းပြသသည့် နည်းလမ်းများဖြင့် အန္တရာယ်ရှိသော လူပုဂ္ဂိုလ်များကို ရည်ညွှန်းခြင်းဖြင့်ပင် ၎င်းကို အသုံးပြုလေ့ရှိသည်။ အခြားအဓိပ္ပာယ်များထဲမှ "shaheed" ဟူသော စကားလုံးကို မိမိ၏နိုင်ငံအတွက် အမှုထမ်းစဉ်၊ မိမိ၏အ‌ရေးကိစ္စကို ထမ်းဆောင်စဉ် သေဆုံးသွားသူများ သို့မဟုတ် လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှု သို့မဟုတ် သဘာဝအဖြစ်ဆိုးကို မမျှော်လင့်ဘဲခံစားရသည့် နစ်နာသူတစ်ဦးအဖြစ် ရည်ညွှန်းရန် တွင်ကျယ်စွာ အသုံးပြုသည်။ မွတ်ဆလင်အသိုင်းအဝိုင်းအချို့တွင် ၎င်းကို (ကလေးအတွက် ရွေးချယ်ပေးထားသော) အမည်ပထမစာလုံးနှင့် မိသားစုအမည်အဖြစ်ပင် အသုံးပြုသည်။ "shaheed" ဟူသော စကားလုံး၏ အဓိပ္ပာယ်အမျိုးမျိုးကြောင့် အကြမ်းဖက်သမားများ သို့မဟုတ် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို ချီးကျူးခြင်းအဖြစ် မရည်ရွယ်သော အကြောင်းအရာပမာဏများစွာ ဖယ်ရှားခံရသည်ဟု ယူဆရန် ခိုင်လုံသော အကြောင်းပြချက်ရှိသည်။

အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို ရည်ရွယ်ချက်ရှိရှိ ရည်ညွှန်းသည့်အခါ "shaheed" ဟူသော စကားလုံးကို အသုံးပြုခြင်းကြောင့်သက်သက် အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ ကိုင်တွယ်လုပ်ဆောင်ပုံသည် စကားလုံး၏ ဘာသာစကားနှင့်ဆိုင်သော ရှုပ်ထွေးမှုနှင့် ၎င်း၏အသုံးပြုမှုများစွာကို လျစ်လျူရှုကာ ၎င်းကို အင်္ဂလိပ်စာလုံး "martyr (အာဇာနည်)" နှင့် တူညီသောအသုံးအနှုန်းအဖြစ် အမြဲတမ်း သဘောထားသည်။ ထိုသို့လုပ်ခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာ လွတ်လပ်ခွင့်များကို သိသိသာသာ ထိခိုက်ပြီး ပြည်သူလူထုအကြား ဆွေးနွေးဖလှယ်ခြင်းကို လွန်လွန်ကဲကဲ ကန့်သတ်ကာ တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေးအတွက် ပြင်းထန်သော အပျက်သဘော သက်ရောက်မှုများ ရှိသည်။ ဤကဲ့သို့ စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်းသည် အာရဗီစကားပြောသူများနှင့် "shaheed" မွေးစားစကားလုံးများရှိသည့် အခြားဘာသာစကားများကို ပြောဆိုသူများအပေါ် အချိုးမညီမျှစွာ ထိခိုက်စေသည်။ တစ်ချိန်တည်းတွင် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် မူဝါဒကို အကောင်အထည်ဖော်သည့် အခြားနည်းလမ်းများက Meta အား ၎င်း၏အန္တရာယ်ကင်းရှင်းရေး စံတန်ဖိုးအတွက်ရော အကြမ်းဖက်သမားများကို အမွှမ်းတင်သော အကြောင်းအရာများကို ၎င်း၏ ပလက်ဖောင်းများမှ ဟန့်တားရန် ၎င်း၏ ရည်မှန်းချက်အတွက်ပါ ရှေ့ဆက်ဆောင်ရွက်ရန် အထောက်အကူပြုဆဲဖြစ်ပါမည်။ ထို့ကြောင့် လက်ရှိမူဝါဒသည် အချိုးမညီမျှသည့်အပြင် လိုသည်ထက်ပို၍ လွန်ကဲနေသည်။

"shaheed" ဟူသော ဝေါဟာရနှင့်ပတ်သက်၍ ၎င်း၏မူဝါဒများနှင့် စည်းကမ်းထိန်းသိမ်းမှု ကျင့်ထုံးများကို လူ့အခွင့်အရေးစံနှုန်းများနှင့် ပိုမိုကိုက်ညီမှုရှိအောင် ချိန်ညှိရန် ဘုတ်အဖွဲ့သည် အောက်ပါအကြံပြုချက်များကို အကြံပြုသည် (အကြံပြုချက်အပြည့်အစုံအတွက် ကဏ္ဍ ၆ ကို ကြည့်ပါ)-

၁။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ၏ အမည်မသိအဖွဲ့ဝင်များကို ရည်ညွှန်းရန် အသုံးပြုသည့်အခါ "shaheed" ဟူသော စကားလုံးသည် အမြဲတမ်း ချိုးဖောက်ပြီး မူဝါဒခြွင်းချက်များအတွက် သတ်မှတ်ချက်မပြည့်မီပါဟု Meta အနေဖြင့် ယူဆခြင်းကို ရပ်သင့်သည်။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို "shaheed" အဖြစ် ရည်ညွှန်းသော အကြောင်းအရာအား အခြေအနေနှစ်ခုတွင်သာ "မရှင်းလင်းသော ရည်ညွှန်းချက်" အဖြစ် ဖယ်ရှားသင့်သည်။ ပထမတစ်ခုမှာ အကြမ်းဖက်မှု အချက်ပြလက္ခဏာသုံးခုအနက် တစ်ခု သို့မဟုတ် ထို့ထက်ပို၍ ပါရှိနေသည့်အခါ- လက်နက်ကြီး/လက်နက်တစ်ခုကို ပုံဖော်ခြင်း လက်နက်ကြီး/လက်နက်တစ်ခုကို အသုံးပြုရန် သို့မဟုတ် ကိုင်ဆောင်ရန် ရည်ရွယ်ချက် သို့မဟုတ် ထောက်ခံအားပေးမှုကို ဖော်ပြခြင်း သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ဆောင်ရွက်ချက်တစ်ခုကို ရည်ညွှန်းခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ အကြောင်းအရာက Meta ၏ မူဝါဒများကို အခြားတစ်နည်းအားဖြင့် ချိုးဖောက်သည့်အခါ (ဥပမာ- အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို အမွမ်းတင်ခြင်းကြောင့် သို့မဟုတ် ထိုရည်ညွှန်းချက်သည် "shaheed" ဟူသော စကားလုံးကို အသုံးပြုမှုအပြင် အခြားအကြောင်းရင်းများအတွက်ပါ မရှင်းလင်းဘဲရှိနေသောကြောင့်) ဖြစ်သည်။ မည်သည့်အခြေအနေတွင်မဆို အကြောင်းအရာသည် "အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်းနှင့် ဝေဖန်ရှုတ်ချခြင်း" ခြွင်းချက်များအတွက် သတ်မှတ်ချက်ပြည့်မီနေသင့်သည်။

၂။ "မရှင်းလင်းသော ရည်ညွှန်းချက်များ" တားမြစ်ချက်ကို ရှင်းပြရန်အတွက် Meta သည် အကြံပြုချက်နံပါတ် ၁ တွင် သတ်မှတ်ထားသော အကြမ်းဖက်မှု အချက်ပြလက္ခဏာသုံးခုအနက် တစ်ခု သို့မဟုတ် ထို့ထက်ပို၍ ပေါင်းစပ်ပါရှိလျက် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို "shaheed" ဟု ရည်ညွှန်းထားသော ပို့စ်တစ်ခု အပါအဝင် ချိုးဖောက်သော အကြောင်းအရာ ဥပမာအချို့ကို ထည့်သွင်းသင့်သည်။

၃။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို "shaheed" အဖြစ် ရည်ညွှန်းခြင်းသည် အကြမ်းဖက်မှု အချက်ပြလက္ခဏာများ အတူပါရှိသည့်အခါမှလွဲ၍ အခြားအချိန်များတွင် မချိုးဖောက်ကြောင်းနှင့် အဆိုပါအချက်ပြလက္ခဏာများ ရှိသည့်အခါတွင်ပင် အကြောင်းအရာသည် "အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်း သို့မဟုတ် ဝေဖန်ရှုတ်ချခြင်း" ခြွင်းချက်များမှ အကျိုးရရှိနိုင်ဆဲဖြစ်ကြောင်း ရှင်းလင်းအောင်လုပ်ရန် Meta ၏ ကုမ္ပဏီတွင်း မူဝါဒလမ်းညွှန်ချက်ကိုလည်း အပ်ဒိတ်လုပ်သင့်သည်။

Meta က ၎င်း၏ရှိပြီးသား စည်းမျဉ်းများအောက်တွင် အကြံပြုချက်များကို လက်ခံပြီး အကောင်အထည်ဖော်လျှင် ကုမ္ပဏီသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို "အမွှမ်းတင်သည့်"၊ ၎င်းတို့၏ အကြမ်းဖက်မှု သို့မဟုတ် အမုန်းတရားကို အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်သည့် သို့မဟုတ် ၎င်းတို့၏ အကြမ်းဖက်သော သို့မဟုတ် အမုန်းပွားစေသော လုပ်ရပ်များကို တရားဝင်ဖြစ်စေသည့် သို့မဟုတ် ခုခံကာကွယ်ပေးသည့် အကြောင်းအရာများအပြင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုကို ထောက်ခံခြင်း သို့မဟုတ် ကိုယ်စားပြုခြင်းကိုလည်း ဆက်လက်ဖယ်ရှားပါမည်။ ဤအကြံပြုချက်များမှ ထွက်ပေါ်လာသော ဘုတ်အဖွဲ့၏ အဆိုပြုထားသည့် ကိုင်တွယ်လုပ်ဆောင်ပုံသည် Meta အား ထပ်ဆောင်း မူဝါဒချိုးဖောက်မှုများ (ဥပမာ- အမွှမ်းတင်ခြင်း) ပေါင်းစပ်ပါရှိသည့်အခါမှသာ သို့မဟုတ် အကြမ်းဖက်မှု အချက်ပြလက္ခဏာများကြောင့် "မရှင်းလင်းသော ရည်ညွှန်းချက်" ဖြစ်သည့်အခါမှသာ အကြောင်းအရာကို ဖယ်ရှားစေပြီး အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို "shaheed" ဟု ရည်ညွှန်းခြင်းအား ချိုးဖောက်ထားသည်အဖြစ် အမြဲတမ်း အဓိပ္ပာယ်ကောက်ခြင်းကို ရပ်တန့်စေပါမည်။ ထိုသို့သောအကြောင်းအရာများသည် "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များအကြောင်း အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်းနှင့် ဝေဖန်ရှုတ်ချခြင်း" မူဝါဒခြွင်းချက်များအတွက်လည်း သတ်မှတ်ချက်ပြည့်မီရန် လိုအပ်နေဆဲဖြစ်ပါမည်။

ဘုတ်အဖွဲ့က Meta အနေဖြင့်လည်း လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-

၄။ ဤစာရင်းကို ပိုမိုပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ၎င်း၏အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအောက်တွင် မည်သည့်အဖွဲ့အစည်းများနှင့် ဆောင်ရွက်ချက်များကို မည်သည့်လုပ်ထုံးလုပ်နည်းဖြင့် ရွေးချယ်သတ်မှတ်သည်ကို ပို၍အသေးစိတ် ရှင်းပြပါ။ Meta သည် ၎င်း၏ရွေးချယ်သတ်မှတ်မှုစာရင်းရှိ အဆင့်တစ်ဆင့်စီအတွင်း ပါဝင်သော အဖွဲ့အစည်းများ၏ စုစုပေါင်းအရေအတွက်အပြင် လွန်ခဲ့သောနှစ်အတွင်း အဖွဲ့အစည်းမည်မျှကို ထည့်သွင်းခဲ့ပြီး ဖယ်ရှားခဲ့သည်နှင့်ပတ်သက်၍ စုပေါင်းထားသော အချက်အလက်များကိုလည်း ထုတ်ပြန်သင့်သည်။

၅။ ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အချက်အလက်စာရင်းသည် အပ်ဒိတ်ဖြစ်ပြီး Meta ၏ ရွေးချယ်သတ်မှတ်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မကိုက်ညီတော့သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆောင်ရွက်ချက်များ မပါဝင်ကြောင်း သေချာစေရန်အတွက် ရွေးချယ်သတ်မှတ်မှုများကို ပုံမှန်စစ်ဆေးခြင်းနှင့် ထုတ်ပြန်ထားသည့် သတ်မှတ်စံနှုန်းနှင့် မကိုက်ညီတော့သည်များကို ဖယ်ရှားခြင်းအတွက် ရှင်းလင်းပြီး ထိရောက်သော လုပ်ငန်းစဉ်တစ်ခုကို စတင်ဆောင်ရွက်ပေးပါ။

၆။ ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအရ စည်းကမ်းထိန်းသိမ်းရာတွင် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း၏ တိကျမှုနှင့် အလိုအလျောက် လုပ်ဆောင်သော စနစ်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရန် ၎င်းအသုံးပြုသည့် နည်းလမ်းများကို ရှင်းပြပေးပါ။ Meta သည် ဘာသာစကားများနှင့်/သို့မဟုတ် ဒေသများအသီးသီးတွင် နှိုင်းယှဉ်နိုင်သည့်နည်းလမ်းဖြင့် ရလဒ်များပေးလျက် ဤမူဝါဒအရ စည်းကမ်းထိန်းသိမ်းမှုတွင် အသုံးပြုသည့် စိစစ်ခွဲခြားမှုနည်းပညာများ၏ စွမ်းဆောင်ရည် အကဲဖြတ်မှု ရလဒ်များကိုလည်း အခါအားလျော်စွာ မျှဝေသင့်သည်။

၇။ မူဝါဒချိုးဖောက်မှုဆိုင်ရာ ကြိုတင်ခန့်မှန်းချက်များကို ထုတ်ပေးရန် စိစစ်ခွဲခြားမှုနည်းပညာများကို အသုံးပြုပုံနှင့် မည်သည့်အရေးယူမှုမျှ မပြုလုပ်ခြင်း၊ လူကိုယ်တိုင် စိစစ်သုံးသပ်ရန်အတွက် အကြောင်းအရာများကို တန်းစီခြင်း သို့မဟုတ် အကြောင်းအရာများကို ဖယ်ရှားခြင်းအတွက် သတ်မှတ်စံနှုန်းများကို Meta က မည်ကဲ့သို့ ချမှတ်ကြောင်း သေချာနားလည်အောင် ရှင်းပြပေးပါ။ သက်ဆိုင်သူများကို အသိပေးရန်အလို့ငှာ ကုမ္ပဏီ၏ ပွင့်လင်းမြင်သာမှုစင်တာတွင် ဤအချက်အလက်ကို ဖော်ပြသင့်သည်။

မူဝါဒအကြံပေး သဘောထားအမြင်များ အပြည့်အစုံ

၁။ Meta ၏ တောင်းဆိုမှု

၁။ မူဝါဒအကြံပေး သဘောထားအမြင်အား တောင်းဆိုမှု

၁။ Meta က ၎င်း၏ တောင်းဆိုမှု (အင်္ဂလိပ်နှင့် အာရဗီဘာသာစကားဖြင့် ရရှိနိုင်သည်) တွင် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအရ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို ရည်ညွှန်းရန် “shaheed”(شهيد) (ယင်းအပြင် အာရဗီနှင့် အခြားဘာသာစကားများရှိ မွေးစားစကားလုံး မူကွဲများအပါအဝင် ၎င်း၏ ဧကဝုစ်/ဗဟုဝုစ် ပုံစံများ) ကို သုံးထားသည့် အကြောင်းအရာများကို ဆက်လက် ဖယ်ရှားသင့်၊ မသင့် သို့မဟုတ် အခြားသော ကိုင်တွယ်လုပ်ဆောင်ပုံက ကုမ္ပဏီ၏စံတန်ဖိုးများ၊ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ပိုမိုကိုက်ညီနိုင်ခြင်းရှိ၊ မရှိနှင့် ပတ်သက်၍ ဘုတ်အဖွဲ့ကို မေးထားသည်။ နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် အလားတူ အကြောင်းအရာဆိုင်ရာ ကိစ္စရပ်များအတွက်လည်း လမ်းညွှန်ချက်ပေးရန် Meta က တောင်းဆိုခဲ့သည်။

၂။ Meta ၏ ကိုင်တွယ်လုပ်ဆောင်ပုံ

၂။ Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော "ချိုးဖောက်မှုရှိသည့် အကြမ်းဖက်ဆောင်ရွက်ချက်များ" အပြင် "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ချီးကျူးခြင်း၊ အခိုင်အမာ ထောက်ခံခြင်း သို့မဟုတ် ကိုယ်စားပြုခြင်း" ကို ယခင်က တားမြစ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် Meta သည် ချီးကျူးခြင်းဆိုင်ရာ တားမြစ်ချက်ကို ဖယ်ရှားပြီး "အမွှမ်းတင်ခြင်း" နှင့် "မရှင်းလင်းသော ရည်ညွှန်းချက်များ" ဆိုင်ရာ တားမြစ်ချက်များကို ထည့်သွင်းကာ ဤမူဝါဒကို ပြင်ဆင်ခဲ့သည်။ ဘုတ်အဖွဲ့သည် ဤမူဝါဒပြောင်းလဲမှုများကြောင့် ၎င်း၏တွေ့ရှိချက်များနှင့် အကြံပြုချက်များအပေါ် ရှိလာမည့် အကျိုးသက်ရောက်မှုမှန်သမျှကို အကဲဖြတ်ရန် ၎င်း၏ထည့်သွင်းစဉ်းစားမှု အတိုင်းအတာကို တိုးချဲ့ခဲ့သည်။

၃။ ဤမူဝါဒအကြံပေး သဘောထားအမြင်အား တောင်းဆိုမှုသည် အခိုင်အမာ ထောက်ခံခြင်း သို့မဟုတ် ကိုယ်စားပြုခြင်းဆိုင်ရာ အလားတူတားမြစ်ချက်များနှင့်မသက်ဆိုင်ဘဲ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များအား ချီးမွှမ်းခြင်းဆိုင်ရာ တားမြစ်ချက်နှင့် သက်ဆိုင်ခဲ့သည်။ ကိုယ်စားပြုခြင်း၊ အခိုင်အမာ ထောက်ခံခြင်းနှင့်နှိုင်းယှဉ်လျှင် Meta သည် "ချီးကျူးခြင်း" ကို ဆိုးဝါးမှုအနည်းဆုံး ချိုးဖောက်မှုဟု ယူဆခဲ့သည်။ Meta သည် အကြမ်းဖက်အဖွဲ့အစည်းများ၊ အမုန်းတရားဖြန့်သော အဖွဲ့အစည်းများနှင့် ရာဇဝတ်မှုကျူးလွန်သော အဖွဲ့အစည်းများအပါအဝင် အန္တရာယ်အရှိဆုံး အဖွဲ့အစည်းများအတွက် "အဆင့် ၁" ကို သီးသန့်ထားသည်။ Meta က "ချိုးဖောက်မှုရှိသည့် အကြမ်းဖက်ဆောင်ရွက်ချက်" တစ်ခုကို ရွေးချယ်သတ်မှတ်သည့်အခါ အဆိုပါဆောင်ရွက်ချက်များကို ကျူးလွန်သူများကိုလည်း အဆင့် ၁ အန္တရာယ်ရှိသော လူပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပါသည်။ ထို့ကြောင့် အဆိုပါပုဂ္ဂိုလ်များအား အမွှမ်းတင်ခြင်း (ယခင်က "ချီးကျူးခြင်း") ကို တားမြစ်သည်။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ဆောင်ရွက်ချက်များတွင် "အကြမ်းဖက် တိုက်ခိုက်မှုများ၊ အမုန်းတရားအခြေပြု ဖြစ်ရပ်များ၊ နစ်နာသူများစွာရှိသော အကြမ်းဖက်မှု သို့မဟုတ် နစ်နာသူများစွာရှိသော အကြမ်းဖက်မှုကျူးလွန်ရန် ကြံစည်မှု၊ ကွင်းဆက်လူသတ်မှုများ သို့မဟုတ် အမုန်းတရားအခြေပြု ရာဇဝတ်မှုများ" ပါဝင်သည်။ Meta သည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများဆိုင်ရာ အများမြင်မဟုတ်သော ၎င်း၏ကိုယ်ပိုင်စာရင်းတစ်ခုကို ထိန်းချုပ်သော်လည်း ရွေးချယ်သတ်မှတ်မှုများသည် အမေရိကန်ပြည်ထောင်စု၏ ရွေးချယ်သတ်မှတ်မှုစာရင်းများပေါ် တစ်စိတ်တစ်ပိုင်း အခြေခံထားသည် (ဆိုလိုသည်မှာ Meta ၏ ရွေးချယ်သတ်မှတ်မှုစာရင်းသည် အနည်းဆုံးအားဖြင့် ၎င်းဆင့်ပွားယူထားရာ အမေရိကန်ပြည်ထောင်စု အစိုးရ၏ စာရင်းများနည်းတူ ကျယ်ပြန့်ပါမည်)။ အဆင့် ၁ အဖွဲ့အစည်းများတွင် "အထူးအန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားရေး အဓိကအဖွဲ့အစည်းများ (SDNTK များ)၊" "ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းများ (FTO များ)" နှင့် "အထူးအန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်သမားများ" ပါဝင်ကြောင်း လူမှုစံနှုန်းတွင် ရှင်းပြထားသည်။ ဤအမေရိကန်ပြည်ထောင်စု အစိုးရ၏ စာရင်းများကို ဤနေရာဤနေရာနှင့် ဤနေရာ အသီးသီးတွင် အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၄။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် မူဝါဒပြင်ဆင်ခြင်းမတိုင်မီ "ချီးကျူးခြင်း" အတွက် Meta ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း သို့မဟုတ် ဆောင်ရွက်ချက်အကြောင်း အကောင်းဘက်မှ” ပြောဆိုခြင်း၊ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုအား "အောင်မြင်မှုဆွတ်ခူးနိုင်သည့် သဘောထားဖြင့်” ဖော်ပြခြင်း၊ “အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်း၏ အမုန်းပွားသော၊ ကြမ်းကြုတ်သော သို့မဟုတ် ရာဇဝတ်မှုမြောက်သော လုပ်ရပ်ကို ဥပဒေအရ၊ လူ့ကျင့်ဝတ်အရ သို့မဟုတ် အခြားနည်းအားဖြင့် တရားမျှတသည် သို့မဟုတ် လက်ခံနိုင်သည်ဟူသော ပြောဆိုချက်များ ပြုလုပ်ပြီး ၎င်း၏အကြောင်းရင်းကို" တရားဝင်ဖြစ်စေခြင်း" နှင့် “အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း သို့မဟုတ် ဆောင်ရွက်ချက်နှင့် မိမိ၏အယူဝါဒချင်း” ကိုက်ညီမှုရှိကြောင်း ပြသခြင်းတို့ ပါဝင်ခဲ့သည်။ ကျွန်ုပ်တို့၏ ပထမဆုံးအမှုများထဲမှ တစ်ခုတွင် ကြီးကြပ်ရေးဘုတ်အဖွဲ့က အကြံပြုချက်ပေးပြီးနောက် (နာဇီကိုးကားချက် ဆုံးဖြတ်ချက်၊ အကြံပြုချက် နံပါတ် ၂) ပိုမိုရှင်းလင်းမှုရှိစေရန် ဤအဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် ဥပမာများစွာကို မူဝါဒတွင် ထည့်သွင်းခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မူဝါဒကို ပြင်ဆင်ပြီးနောက် "အမွှမ်းတင်ခြင်း" ကို "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု၏ အကြမ်းဖက်သော သို့မဟုတ် အမုန်းပွားသော လုပ်ရပ်များတွင် ၎င်းတို့ကို လက်သင့်ခံစေသည့် သို့မဟုတ် ကျိုးကြောင်းသင့်စေသည့် ကျင့်ဝတ်နှင့်ညီသော၊ နိုင်ငံရေးနှင့်ဆိုင်သော၊ ယုတ္တိကျသော သို့မဟုတ် အခြားသော ကျိုးကြောင်းပြချက်တစ်ခု ရှိကြောင်း အခိုင်အမာဆိုခြင်းဖြင့် အဆိုပါလုပ်ရပ်များကို တရားဝင်စေခြင်း သို့မဟုတ် ခုခံကာကွယ်ခြင်း" သို့မဟုတ် "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု၏ အကြမ်းဖက်မှု သို့မဟုတ် အမုန်းတရားကို အောင်မြင်မှု သို့မဟုတ် ပြီးမြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခြင်း သို့မဟုတ် ဂုဏ်ပြုခြင်း" အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ပို၍ကျယ်ကျယ်ပြန့်ပြန့်ပြောရသော် Meta က ၎င်း၏ မူဝါဒပြင်ဆင်ချက်တွင် ၎င်းသည် "အသုံးပြုသူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြမထားလျှင် မရှင်းလင်းသော သို့မဟုတ် ဆက်စပ်မှုမရှိသော ရည်ညွှန်းပြောဆိုချက်များကို ဖယ်ရှားမည်" ဟု ဆိုထားသည်။ ၎င်းတွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း၏ အကြမ်းဖက်မှု သို့မဟုတ် အမုန်းပွားမှုကို အမွှမ်းမတင်သည့် "မရေရာ မရှင်းလင်းသော ဟာသ"၊ စာတန်းမပါသော သို့မဟုတ် အကောင်းဘက်မှ ရည်ညွှန်းပြောဆိုချက်များ ပါဝင်မည်ဟု မူဝါဒတွင် အတိအကျ ဖော်ပြထားသည်။ သို့သော် မူဝါဒသည် ဤစည်းမျဉ်းကို ချိုးဖောက်မည့် ပို့စ်အမျိုးအစားများ၏ ဥပမာများကို မပေးပါ။ ၎င်းသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို "shaheed" အဖြစ် ရည်ညွှန်းသော အကြောင်းအရာအားလုံးကို ဆက်လက်ဖယ်ရှားကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ ထိုသို့သော ရည်ညွှန်းပြောဆိုချက်များအတွက် ကုမ္ပဏီသည် ဆက်စပ်အခြေအနေအားလုံးတွင် "shaheed" ဟူသော စကားလုံးကို ချိုးဖောက်သည်ဟု ယူဆပြီး အထူးသဖြင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို ရည်ညွှန်းရန် အသုံးပြုသည့်အခါ ဝေါဟာရအပေါ် လုံးဝဥဿုံ တားမြစ်မှု ဖြစ်ပေါ်စေသည်။ ၎င်း၏ကိုယ်ပိုင်ဆင့်ပွားစာရင်းတွင် "shaheed" (သို့မဟုတ် "martyr(အာဇာနည်)" ဟူသော ဝေါဟာရ၏ အခြားသော ဘာသာပြန်ဆိုချက်) အဖြစ် လူပုဂ္ဂိုလ်အားလုံး (နှင့် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များ) ကို ရည်ညွှန်းခြင်းအား Meta ၏မူဝါဒအရ တားမြစ်ထားသဖြင့် ဤတားမြစ်ချက်၏ အတိုင်းအတာကို အထက်ဖော်ပြပါ အမေရိကန်ပြည်ထောင်စု ရွေးချယ်သတ်မှတ်ချက်စာရင်းများမှ အကြံဉာဏ်ရယူပြီး တစ်စိတ်တစ်ပိုင်း သာဓကပြနိုင်သည်။ ၎င်းတွင် တိုက်အသီးသီးရှိ အဖွဲ့အစည်းများ ပါဝင်ပြီး အကြမ်းဖက်အဖွဲ့အစည်းများ သို့မဟုတ် သီးခြားအယူဝါဒတစ်ခုကို ကိုင်စွဲထားသော အဖွဲ့အစည်းများအဖြစ်သာ ကန့်သတ်မထားပါ။

၅။ “shaheed” ဟူသည့် စကားလုံးသည် “ဂုဏ်ပြုချီးမြှောက်သော” ဝေါဟာရတစ်ခုဖြစ်ပြီး ၎င်းကို ယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာနှင့် ဘာသာစကားမျိုးစုံရှိ လူမှုအသိုင်းအဝိုင်းများစွာက အသုံးပြုကြသည်ဟု ကုမ္ပဏီက ဖော်ပြထားသည်။ ထိုဝေါဟာရတွင် “အဓိပ္ပာယ်များစွာ” ရှိပြီး ၎င်းကို “တစ်စုံတစ်ဦး မမျှော်လင့်ဘဲ သို့မဟုတ် အချိန်မတန်မီ သေဆုံးခြင်းကို ဖော်ပြရာတွင် အသုံးပြုသည်၊ တစ်ခါတစ်ရံတွင် တစ်စုံတစ်ဦး မတော်တဆမှုတစ်ခုတွင် သို့မဟုတ် ပဋိပက္ခအတွင်း သို့မဟုတ် စစ်အတွင်း သေဆုံးခြင်းကဲ့သို့ ဂုဏ်ယူဖွယ်ရာ သေဆုံးခြင်းကို ရည်ညွှန်းရာ၌ အသုံးပြုသည်” ဟု ကုမ္ပဏီက လက်ခံခဲ့သည်။ "အင်္ဂလိပ်ဘာသာစကားတွင် ထိုဝေါဟာရနှင့် တိုက်ရိုက်တူညီသော အသုံးအနှုန်းမရှိ" သော်လည်း အတွေ့များသော အင်္ဂလိပ်ဘာသာပြန်ဆိုချက်မှာ "martyr (အာဇာနည်)" ဖြစ်ကြောင်း Meta က ဆိုခဲ့သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ မူဝါဒပြောင်းလဲမှုများမတိုင်မီ ဘုတ်အဖွဲ့ထံ ၎င်း၏တောင်းဆိုမှုကို ပေးပို့ရာတွင် "စကားလုံးသည် 'martyr (အာဇာနည်)' ဟု အဓိပ္ပာယ်ရကြောင်း ကျွန်ုပ်တို့ ယူဆသည်"၊ ထို့အပြင် "ဤအသုံးပြုမှုကြောင့် ထိုဝေါဟာရကို ကျွန်ုပ်တို့၏ [အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ] မူဝါဒအရ ချီးကျူးခြင်းနှင့်ညီမျှသော အသုံးအနှုန်းအဖြစ် အမျိုးအစားခွဲထားသည်" ဟု Meta က ဖော်ပြထားသည်။ အများသူငှာ ဝင်ရောက်ဖတ်ရှုနိုင်သော လူမှုစံနှုန်းများတွင် ဤစည်းမျဉ်းအား တစ်ခုတည်းသော ရည်ညွှန်းချက်မှာ ချီးကျူးခြင်းဆိုင်ရာ တားမြစ်ချက်ကို ချိုးဖောက်ရာရောက်မည့် စကားစုများ၏ ဥပမာတစ်ခုအဖြစ် ဖော်ပြခြင်းဖြစ်သည်။ အခြားဥပမာများထဲတွင် Meta သည် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အမေရိကန်ပြည်ထောင်စု အကြမ်းဖက်သမားတစ်ဦးကို "martyr (အာဇာနည်)" ဟု ခေါ်ခဲ့သည့် စကားစုတစ်ခုကို ထည့်သွင်းခဲ့သည်။ မူဝါဒအတွက် ၎င်း၏ အာရဗီဘာသာဖြင့် ဗားရှင်းတွင် Meta သည် "martyr (အာဇာနည်)" ဟူသော စကားလုံးကို "shaheed" အဖြစ် ဘာသာပြန်ကာ တူညီသောဥပမာကိုပင် အသုံးပြုခဲ့သည်။ "martyr (အာဇာနည်)" / "shaheed" ဥပမာကို အများသူငှာ ဝင်ရောက်ဖတ်ရှုနိုင်သော လူမှုစံနှုန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ပြင်ဆင်ချက်တွင် ဖယ်ရှားခဲ့သည်။ သို့သော်လည်း ၎င်းသည် မူဝါဒအပေါ် ဆက်လက်ချိုးဖောက်ဆဲဖြစ်ပြီး ၎င်းကို ဖယ်ရှားရန် စိစစ်သူများအား ညွှန်ကြားထားကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။

၆။ Meta သည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို ရည်ညွှန်းဖော်ပြရာတွင် "shaheed" ကို အသုံးပြုခြင်းအတွက် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒဆိုင်ရာ ခြွင်းချက်များကို အသုံးမချပါ။ ဤခြွင်းချက်များသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များအကြောင်း "အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်း သို့မဟုတ် ဝေဖန်ရှုတ်ချခြင်း" ကို တစ်နည်းအားဖြင့် ခွင့်ပြုသည်။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို "ချီးကျူးခြင်း" အဖြစ်သုံးသော "shaheed" ပါဝင်သည့် အကြောင်းအရာကို ဖယ်ရှားခြင်းသည် အသုံးပြုသူများအတွက် ပြင်းထန်သည့် "သတိပေးချက်များ" ကို ရရှိစေပြီး ပြင်းထန်သည့် သတိပေးချက်များ စု၍များပြားလာသည့်အခါ အကောင့် သို့မဟုတ် စာမျက်နှာ ဆိုင်းငံ့ခံရခြင်း သို့မဟုတ် ပိတ်ပင်ခံရခြင်းကဲ့သို့ ပိတ်ဆို့အရေးယူမှုများကို ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်လာစေသည်။ "shaheed" နှင့်ပတ်သက်သည့် စည်းမျဉ်းတွင် ခြွင်းချက်များ မကျင့်သုံးနိုင်မှုကို အများသူငှာ ဝင်ရောက်ဖတ်ရှုနိုင်သော လူမှုစံနှုန်းများတွင် မရှင်းပြထားပါ။

၇။ Meta က ဤအကြောင်းအရာသည် ၎င်း၏ အမြင်အရ "ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုကို ဖြစ်ပေါ်စေနိုင်" သောကြောင့် "shaheed" ဟူသည့် အသုံးအနှုန်းအပေါ် ၎င်း၏ကိုင်တွယ်ပုံသည် ၎င်း၏ အန္တရာယ်ကင်းရှင်းရေး အားပေးမြှင့်တင်ခြင်း စံတန်ဖိုးကို မြင့်တက်စေသည်ဟု ရှင်းပြခဲ့သည်။ တစ်ချိန်တည်းတွင် အင်္ဂလိပ်စကားလုံး "martyr (အာဇာနည်)" သည် "shaheed" အတွက် လုံလောက်သော ဘာသာပြန်ဆိုချက် မဟုတ်ကြောင်း Meta က အသိအမှတ်ပြုခဲ့သည်။ "shaheed" ၏ အဓိပ္ပာယ်အမျိုးမျိုးအပြင် ပမာဏများစွာ စိစစ်နေချိန် ဆက်စပ်အခြေအနေနှင့် အသုံးပြုသူများ၏ ရည်ရွယ်ချက်များကို ထည့်တွက်ရာတွင် အခက်အခဲများရှိခြင်းကို ထည့်သွင်းစဉ်းစားလျှင် Meta က ၎င်းသည် "အန္တရာယ်မဖြစ်စေနိုင်သည့်"၊ "အထူးသဖြင့် အာရဗီစကားပြောသူများအကြားတွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို ချီးကျူးရန် မရည်ရွယ်သည့်" စကားကို ဖယ်ရှားနေခဲ့ကြောင်း လက်ခံခဲ့သည်။ ဥပမာပြောရလျှင် "shaheed" ကို အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ၎င်း၏ အပြုအမူကို ချီးကျူးရန် (သို့မဟုတ် အမွှမ်းတင်ရန်) မဟုတ်ဘဲ ၎င်း၏ အချိန်မတန်မီ သေဆုံးခြင်းနှင့်ပတ်သက်၍ သတင်းအစီရင်ခံရာတွင် သို့မဟုတ် ကြားနေသဘောဖြင့် ဆွေးနွေးရန် အသုံးပြုသည့်အချိန်၌ အကြောင်းအရာကို ဖယ်ရှားခြင်း ဖြစ်သည်။

၈။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်တွင် Meta သည် "သတင်းအစီရင်ခံခြင်း"၊ "ကြားနေသဘောဆွေးနွေးခြင်း" နှင့် "ဝေဖန်ရှုတ်ချခြင်း" ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအပြင် ခြွင်းချက်တစ်ခုစီ၏ သာဓကပြ ဥပမာများကို ထည့်သွင်းရန် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒဆိုင်ရာ ခွင့်ပြုချက်ကို ပြင်ဆင်ခဲ့သည်။ တစ်ချိန်တည်းတွင် Meta သည် အသုံးပြုသူများက "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပြောဆိုသည့် အခြေအနေတွင်" အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများကို ရည်ညွှန်းဖော်ပြနိုင်ကြောင်း အသိအမှတ်ပြုရန် ဤခွင့်ပြုချက်အတွက် ၎င်း၏ဖော်ပြချက်ကို အကျယ်ချဲ့ရှင်းပြပေးခဲ့သည်။ ခွင့်ပြုချက်သက်သက်က ဆက်ရှိနေသော်လည်း ခွင့်ပြုထားသော အကြောင်းအရာ၏ သာဓကပြ ဥပမာအားလုံးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ မူဝါဒပြင်ဆင်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖယ်ရှားခဲ့သည် ဥပမာများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် မူဝါဒပြင်ဆင်ချက်တစ်ခု၌ ပြန်လည်ထည့်သွင်းခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ပြင်ဆင်ချက်တွင်လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပြင်ဆင်ချက်တွင်လည်းကောင်း အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများအကြောင်း မရှင်းလင်းသော သို့မဟုတ် ဆက်စပ်မှုမရှိသေ ရည်ညွှန်းပြောဆိုချက်များသည် ပို့စ်ထဲမှာပင် ၎င်းတို့ကို ရှင်းလင်းစွာ ဖော်ပြထားသည့် ရည်ရွယ်ချက်မရှိဟု သတ်မှတ်ထားသောကြောင့် ဤခြွင်းချက်များမှ အကျိုးခံစားရမည်မဟုတ်ကြောင်း ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိပါ။

၉။ ၂၀၂၀ ပြည့်နှစ်တွင် Meta က “shaheed” ဟူသော ဝေါဟာရအတွက် ၎င်း၏ကိုင်တွယ်လုပ်ဆောင်ပုံကို ပြန်လည်သုံးသပ်ရန် မူဝါဒဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ဤလုပ်ငန်းစဉ်တွင် သုတေသနပြု စိစစ်သုံးသပ်ခြင်းအပြင် သက်ဆိုင်ရာပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခြင်း ပါဝင်ခဲ့သည်။ ဤသက်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုမှ အဓိကတွေ့ရှိချက်တစ်ခုအနေဖြင့် “shaheed” ၏ အဓိပ္ပာယ်မှာ ဆက်စပ်အခြေအနေအပေါ် မူတည်ကြောင်းနှင့် "အချို့သော အခြေအနေများတွင် ထိုဝေါဟာရသည် ထိရှလွယ်သည့် အဓိပ္ပာယ်မရှိတော့သလို ချီးကျူးခြင်းနှင့်လည်း မသက်ဆိုင်ကြောင်း" Meta က ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် "shaheed" ကို အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးအား ချီးကျူးခြင်းအဖြစ် သံသယဖြစ်စရာမလိုအောင် ရှင်းလင်းစွာ အသုံးပြုပြီး ထိုသို့နားလည်ထားသည့် ဖြစ်ရပ်များလည်း ရှိပါသည်။ ပို့စ်တစ်ခုအတွင်း ရည်ရွယ်ချက် မတူကွဲပြားမှုများကို စိစစ်ဆုံးဖြတ်ခြင်းသည် အထူးသဖြင့် ပမာဏများပြားသော အကြောင်းအရာများအတွက် ပင်ကိုအားဖြင့် ခက်ခဲသည်။ ဤလုပ်ငန်းစဉ်အတွင်း ၎င်း၏တောင်းဆိုမှုတွင် ဖော်ပြထားသည့်အတိုင်း Meta သည် "shaheed" ဟူသော စကားလုံးအပေါ် ၎င်း၏လက်ရှိမှတ်ယူအသုံးပြုမှုအတွက် အခြားဖြစ်နိုင်ခြေရှိသော နည်းလမ်းများအဖြစ် မူဝါဒရွေးချယ်စရာနှစ်ခုကို ရှာဖွေဖော်ထုတ်ခဲ့သည်။ သို့သော် သက်ဆိုင်ရာပညာရှင်များအကြားတွင် မည်သည့်ရွေးချယ်စရာက ပိုကောင်းသည်နှင့်ပတ်သက်၍ သဘောတူညီမှုမရခဲ့သဖြင့် Meta က ကိုင်တွယ်လုပ်ဆောင်နည်းအသစ်ကို အပြီးသတ် မရွေးချယ်နိုင်ခဲ့ပါ။ ကုမ္ပဏီက ၎င်း၏ပလက်ဖောင်းများပေါ်ရှိ အကြောင်းအရာပမာဏကြောင့် အဓိကလက်တွေ့ကျသော အလေးထားစရာကိစ္စမှာ အကြောင်းအရာ ပမာဏအများအပြားတွင် ပြင်ဆင်ထားသော မူဝါဒတစ်ခုခုကို လိုက်နာမှုရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းက အလုပ်ဖြစ်၊ မဖြစ်ဟူသည့် အချက်ပင်ဖြစ်ကြောင်း အလေးပေးပြောကြားသည်။

၃။ ထည့်သွင်းစဉ်းစားပေးရန် ဘုတ်အဖွဲ့အား Meta က တောင်းဆိုခဲ့သည့် မူဝါဒ ပြောင်းလဲမှုများ

၁၀။ Meta သည် "ချီးကျူးခြင်း" ဆိုင်ရာ တားမြစ်ချက်ကို "အမွှမ်းတင်ခြင်း" နှင့် "မရှင်းလင်းသော ရည်ညွှန်းချက်များ" ဆိုင်ရာ တားမြစ်ချက်ဖြင့် အစားမထိုးမီ ဘုတ်အဖွဲ့မှထည့်သွင်းစဉ်းစားနိုင်စေရန် အောက်ပါမူဝါဒ ရွေးချယ်စရာများကို တင်ပြခဲ့သည်-

၁) အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအောက်တွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်အား ရည်ညွှန်းဖော်ပြရန်အတွက် “shaheed” ကို အသုံးပြုသည့် အကြောင်းအရာအားလုံးကို ဆက်လက်ဖယ်ရှားရန်။

၂) အောက်ပါအခြေအနေများနှင့် ကိုက်ညီသည့်အခါတွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်အား “shaheed” ဟု ရည်ညွှန်းသော အကြောင်းအရာများကို ခွင့်ပြုရန်- (၁) အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအရ ခွင့်ပြုထားသော အခြေအနေ (ဥပမာ၊ ဝေဖန်ရှုတ်ချခြင်း၊ သတင်းအစီရင်ခံခြင်း၊ ပညာရေးဆိုင်ရာ ငြင်းခုံဆွေးနွေးခြင်း၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း) တွင် ၎င်းကို အသုံးပြုထားသည်၊ (၂) အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်အား ထပ်ဆောင်းချီးကျူးခြင်း၊ ကိုယ်စားပြုခြင်း သို့မဟုတ် အခိုင်အမာ ထောက်ခံခြင်းမရှိပါ (ဥပမာ၊ ပို့စ်သည် အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူအား တိုက်ရိုက်ချီးကျူးခြင်း သို့မဟုတ် ၎င်းတို့၏ အကြမ်းဖက်မှုကို တရားဝင်ဖြစ်စေခြင်းမရှိပါ)၊ (၃) အကြောင်းအရာတွင် အကြမ်းဖက်မှု အချက်ပြလက္ခဏာများ မရှိပါ။ Meta က အဆိုပြုထားသည့်အတိုင်း ထိုအချက်ပြလက္ခဏာများမှာ- လက်နက်ကြီးတစ်ခုကို ပုံဖော်ခြင်း၊ လက်နက်ကြီး/လက်နက်တစ်ခုကို အသုံးပြုရန် သို့မဟုတ် ကိုင်ဆောင်ရန် ရည်ရွယ်ချက် သို့မဟုတ် ထောက်ခံအားပေးမှုကို ဖော်ပြခြင်း၊ စစ်ဘက်သုံးစကားများကို ရည်ညွှန်းပြောဆိုခြင်း၊ မီးရှို့ခြင်း၊ တိုက်ခိုက်လုယူခြင်း သို့မဟုတ် အခြားသော ပစ္စည်းဥစ္စာဖျက်ဆီးခြင်းကို ရည်ညွှန်းခြင်း၊ သိရှိထားသော လက်တွေ့ကမ္ဘာမှ အကြမ်းဖက်မှုဖြစ်ရပ်များကို ရည်ညွှန်းခြင်းနှင့် လူများအပေါ် အကြမ်းဖက်ရန် ရည်ရွယ်ကြောင်း ရေးသားဖော်ပြချက်များ၊ ထိုသို့လုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်း၊ ထိုသို့အကြမ်းဖက်မှုကို ကိုယ်စားပြုခြင်း၊ ထောက်ခံခြင်း သို့မဟုတ် အားပေးခြင်း။

၃) နောက်ထပ် ချီးကျူးခြင်း၊ ကိုယ်စားပြုခြင်း သို့မဟုတ် အခိုင်အမာထောက်ခံခြင်း သို့မဟုတ် အကြမ်းဖက်မှု အချက်ပြလက္ခဏာများ ရှိသည့်အခါမှသာ Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအောက်တွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်အား ရည်ညွှန်းရန်အတွက် “shaheed” ကို အသုံးပြုထားသည့် အကြောင်းအရာအား ဖယ်ရှားရန်။ ဤအချက်ပြလက္ခဏာများသည် ရွေးချယ်စရာနှစ်အောက်တွင် ဖော်ပြထားသည်များနှင့် အတူတူပင်ဖြစ်သည်။

၁၁။ ဒုတိယနှင့် တတိယ ရွေးချယ်စရာနှစ်ခုလုံးသည် ဆက်စပ်အခြေအနေကို ပိုမိုထည့်သွင်းစဉ်းစား၍ "shaheed" အသုံးပြုမှုကို နားလည်စေရန် ကြိုးစားပြီး ၎င်းတို့၏ ရည်ရွယ်ထားသောရလဒ်များတွင် များစွာကွဲပြားခြားနားဟန်မရှိပါ။ Meta က ၎င်းချမှတ်ထားသည့် ဆက်စပ်အခြေအနေအရ ခြွင်းချက်များ၏ အတိုင်းအတာကို ယေဘုယျအားဖြင့် ချီးကျူးခြင်း (ယခု အမွှမ်းတင်ခြင်း) တားမြစ်ချက်အထိ တိုးချဲ့သက်ရောက်စေသရွေ့ ရွေးချယ်စရာနှစ်ခုက တစ်ခုနှင့်တစ်ခု ပို၍ဆက်စပ်မှုရှိနေသေးဟန်တူသည် (အထက်ပါ အပိုဒ် ၈ ကို ကြည့်ပါ)။ ဤရွေးချယ်စရာနှစ်ခုကို အသုံးချပုံနှင့် ရလဒ်ဆိုင်ရာ ခြားနားချက်များအကြောင်း Meta ကို မေးပြီးနောက် ဘုတ်အဖွဲ့က နားလည်ထားသည့်အတိုင်း အဓိကခြားနားချက်မှာ ဒုတိယရွေးချယ်စရာတွင် Meta သည် ခြွင်းချက်များမှ တစ်ခု (အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်း၊ ဝေဖန်ရှုတ်ချခြင်း) သည် အကြောင်းအရာနှင့် သက်ဆိုင်ကြောင်း ရှာဖွေပြီး အတည်ပြုရန် လိုအပ်မည်ဖြစ်ပြီး တတိယရွေးချယ်စရာသည် အဆိုပါအဆင့်ကို ထည့်မတွက်ဘဲ ပို့စ်တွင် နောက်ထပ် ချီးကျူးခြင်း (ယခု "အမွှမ်းတင်ခြင်း" သို့မဟုတ် "မရှင်းလင်းသော ရည်ညွှန်းချက်များ") သို့မဟုတ် စာရင်းသွင်းထားသော အကြမ်းဖက် အချက်ပြလက္ခဏာခြောက်ခုမှ တစ်ခုလည်း ပါဝင်ခြင်းရှိ၊ မရှိကိုသာ ထည့်သွင်းစဉ်းစားသည်။ Meta ၏ အဆိုပြုထားသော ရွေးချယ်စရာအားလုံးနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်အားဖြင့် မရေရာ သို့မဟုတ် မရှင်းလင်းဘဲ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် လူပုဂ္ဂိုလ်များကို အမည်တပ်ပြောသော သို့မဟုတ် သရုပ်ဖော်သော မည်သည့်အကြောင်းအရာမဆိုကို ပုံသေအားဖြင့် ချိုးဖောက်သည်ဟု သဘောထားပြီး ရည်ရွယ်ချက်ကို ရှင်းလင်းအောင် ဖော်ပြရန် အသုံးပြုသူပေါ်တွင် တာဝန်ရှိစေသည့် နည်းလမ်းဖြင့် မူဝါဒကို ကျင့်သုံးပါမည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ပြောင်းလဲမှုများသည် ဤကျင့်သုံးမှုကို အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ လူမှုစံနှုန်းထဲတွင် ပေါင်းစပ်ထည့်သွင်း၍ အဆင့် ၁ အဖွဲ့အစည်းများနှင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ဆောင်ရွက်ချက်များအတွက် မူဝါဒသည် "မရှင်းလင်းသော သို့မဟုတ် ဆက်စပ်မှုမရှိသော ရည်ညွှန်းပြောဆိုချက်များ" ကို တားမြစ်ပြီး ၎င်းတို့တွင် "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း၏ အကြမ်းဖက်မှု သို့မဟုတ် အမုန်းပွားမှုကို အမွှမ်းတင်ခြင်းမရှိသည့် မရေရာ မရှင်းလင်းသော ဟာသ၊ စာတန်းမပါသော သို့မဟုတ် အကောင်းဘက်မှ ရည်ညွှန်းပြောဆိုချက်များ" ပါဝင်ကြောင်း ရှင်းပြထားသည်။ ဥပမာ၊ နောက်ထပ်စကားလုံးများ သို့မဟုတ် မှတ်ချက်များ မပါသော အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် လူပုဂ္ဂိုလ်တစ်ဦး၏ ဓာတ်ပုံတစ်ပုံတွင် အသုံးပြုသူ၏ ရည်ရွယ်ချက်သည် လုံလောက်စွာ ပြည့်စုံရှင်းလင်းမှု မရှိခဲ့သောကြောင့် မရှင်းလင်းသော ရည်ညွှန်းချက်များကို တားမြစ်သောမူဝါဒအရ ၎င်းကို ဖယ်ရှားပါမည်။

၁၂။ ဘုတ်အဖွဲ့သည် Meta တင်ပြသော ရွေးချယ်စရာများကို ထည့်သွင်းစဉ်းစားစဉ် ၎င်းသည် အခြားအရာများကိုလည်း သုံးသပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက မူဝါဒပြောင်းလဲမှုများကို ထည့်တွက်ခဲ့သည်။ ထို့အပြင် Meta ၏ တောင်းဆိုမှုသည် နောင်တွင် အလားတူစိန်ခေါ်မှုများကို ဖြေရှင်းရန် ဘုတ်အဖွဲ့ထံမှ မူဝါဒအကြံပြုချက်များကို တိုက်ရိုက်တောင်းခံခဲ့သောကြောင့် ဘုတ်အဖွဲ့သည် ဤမူဝါဒအကြံပေး သဘောထားအမြင်တွင် ထင်ရှားမြင်သာသော နယ်ပယ်များ၌ Meta ၏ စည်းကမ်းထိန်းသိမ်းမှုနှင့် ပွင့်လင်းမြင်သာမှု ကျင့်ထုံးများနှင့် ဆက်နွှယ်နေရုံသာမက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပို၍ကျယ်ကျယ်ပြန့်ပြန့်ဆိုရသော် အခြားလူ့အခွင့်အရေးများအတွက်လည်း သက်ရောက်မှုများရှိသော ပြဿနာများကို အကဲဖြတ်ခဲ့သည်။

၄။ ဘုတ်အဖွဲ့က Meta ကို မေးခဲ့သည့် မေးခွန်းများ

၁၃။ ဘုတ်အဖွဲ့သည် မေးခွန်း ၄၁ ခုကို Meta ထံသို့ စာဖြင့်ရေးသား၍ မေးမြန်းခဲ့သည်။ မေးခွန်းများသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ လူမှုစံနှုန်းနောက်ကွယ်ရှိ မူဝါဒဆိုင်ရာ သဘောတရား၊ Meta ၏ ပလက်ဖောင်းများပေါ်တွင် "ချီးကျူးခြင်း" ကို ခွင့်ပြုရာမှ ဖြစ်ပေါ်လာနိုင်သော ထိခိုက်နစ်နာမှု အထောက်အထား၊ Meta ၏ လူကိုယ်တိုင်နှင့် အလိုအလျောက် လုပ်ဆောင်သော စည်းကမ်းထိန်းသိမ်းမှု လုပ်ငန်းစဉ်များ၊ Meta ၏ ရွေးချယ်သတ်မှတ်မှု လုပ်ငန်းစဉ်နှင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ၏ စာရင်း၊ Meta ၏ သတိပေးချက်စနစ်နှင့် မူဝါဒ ရွေးချယ်စရာ နှစ် သို့မဟုတ် သုံးကို လက်ခံကျင့်သုံးရာတွင် သက်ရောက်မှုများနှင့်ဆက်စပ်သည်။ အောက်တိုဘာ ၇ ရက်က အစ္စရေးအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများအပြင် ဆက်လက်ဖြစ်ပေါ်နေသော အစ္စရေး၏ စစ်ရေးအရတုံ့ပြန်မှုနှင့်ဆက်စပ်၍ "shaheed" ဟူသော စကားလုံးအတွက် တွင်ကျယ်စွာ ပျံ့နှံနေသော အကြောင်းအရာများ၊ Meta က ၎င်း၏တောင်းဆိုမှုတွင် ဘုတ်အဖွဲ့ထံ တင်ပြခဲ့သည့် မူဝါဒရွေးချယ်စရာများ ဆန်းစစ်လေ့လာချက်သည် လက်ရှိအရေးအခင်းအရ ပြောင်းလဲသွားခြင်းရှိ၊ မရှိနှင့် ပတ်သက်သည့် နောက်ဆက်တွဲမေးခွန်းများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဘုတ်အဖွဲ့က မေးမြန်းခဲ့သည်။ ဘုတ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်က Meta ၏ မူဝါဒပြင်ဆင်ချက်နှင့်ပတ်သက်၍ ထပ်ဆောင်းမေးခွန်းသုံးခုကို မေးခဲ့သည်။ စုစုပေါင်းမေးခွန်းအခု ၄၀ ကို ဖြေကြားခဲ့ပြီး တစ်ခုကို တစ်စိတ်တစ်ပိုင်း ဖြေကြားခဲ့သည်။ Meta သည် အဆင့် ၁ ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းများ၏ စာရင်းကိုသာ ဘုတ်အဖွဲ့ထံ ပေးခဲ့ပြီး "ချီးကျူးခြင်း" ကို အဆင့် ၁ အား ရည်ညွှန်းချိန်တွင်သာ တားမြစ်ကြောင်း ရှင်းပြကာ အဆင့် ၂ နှင့် ၃ အဖွဲ့အစည်းများအတွက် စာရင်းများကို မမျှဝေခဲ့ပါ။

၂။ သက်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု

၁၄။ ကြီးကြပ်ရေးဘုတ်အဖွဲ့သည် တင်ပြရန်အတွက် စည်းမျဉ်းများနှင့်ကိုက်ညီသော လူထုသဘောထားမှတ်ချက် ၁၀၁ ခုကို လက်ခံရရှိခဲ့သည်။ စုစုပေါင်းမှတ်ချက် ၇၂ ခုကို အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတို့မှ ပေးပို့ခဲ့သည်။ ယင်းမှတ်ချက်များထဲမှ ၁၅ ခုကို အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၊ ရှစ်ခုကို ဥရောပ၊ သုံးခုကို အာရှပစိဖိတ်နှင့် သမုဒ္ဒရာပိုင်း၊ နှစ်ခုကို လက်တင်အမေရိကနှင့် ကာရေဘီယံနှင့် တစ်ခုကို အာရှအလယ်ပိုင်းနှင့် တောင်ပိုင်းတို့မှ အသီးသီး ပေးပို့ခဲ့သည်။ အားလုံးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်မတိုင်မီ လက်ခံရရှိခဲ့သည်။ ထုတ်ပြန်ရန် သဘောတူညီချက်ဖြင့် ပေးပို့ထားသော လူထုသဘောထားမှတ်ချက်များကို ဖတ်ရန် ဤနေရာတွင် နှိပ်ပါ။

၁၅။ တင်ပြချက်များတွင် ကိစ္စရပ်များစွာ ပါဝင်ခဲ့သည်။ တင်ပြချက်အများစုသည် "shaheed" ဟူသော စကားလုံးတွင် အဓိပ္ပာယ်အမျိုးမျိုးရှိပြီး ယင်းအတွက်ကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အထူးသဖြင့် နိုင်ငံရေးစကားနှင့် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတင်ခြင်းနှင့်စပ်လျဉ်း၍ ဤဝေါဟာရကို "ချီးကျူးခြင်း" အဖြစ် Meta ၏ ပုံသေမှတ်ယူမှုသည် ဆိုးရွားသောသက်ရောက်မှုရှိကြောင်း ရှင်းပြထားသည်။ တင်ပြချက်များသည် စည်းကမ်းထိန်းသိမ်းမှုတွင် အလိုအလျောက် စောင့်ကြည့်စနစ် အသုံးပြုမှုအပြင် Meta ၏ ရွေးချယ်သတ်မှတ်မှုစာရင်း၊ ပွင့်လင်းမြင်သာမှု ပြဿနာများနှင့် ရွေးချယ်သတ်မှတ်မှုလုပ်ငန်းစဉ်တွင် ဘက်လိုက်နိုင်ခြေရှိမှုအကြောင်း အလေးထားစရာကိစ္စများနှင့်လည်း ပတ်သက်ဆက်နွှယ်ခဲ့သည်။ အခြားတင်ပြချက်များတွင် မူဝါဒပြောင်းလဲမှုများသည် အကြမ်းဖက်အုပ်စုများကို ပုံမှန်ဖြစ်စေပြီး အထူးသဖြင့် အစ္စရေးနှင့် သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေများတွင် အကြမ်းဖက်မှုကို မြင့်တက်စေနိုင်ကြောင်း စိုးရိမ်မှုကို ဖော်ပြခဲ့ကြသည်။

၁၆။ ဘုတ်အဖွဲ့သည် အနောက်တောင်အာရှနှင့် မြောက်အာဖရိက၊ အာဖရိက ဆာဟာရဒေသငယ်နှင့် အရှေ့တောင်အာရှအတွက် ဒေသဆိုင်ရာ ပညာရှင်များနှင့် ဆွေးနွေးပွဲသုံးခုကို ပြုလုပ်ခဲ့သည်။ ထို့အပြင် အကြောင်းအရာဆိုင်ရာ ဆွေးနွေးပွဲနှစ်ခုလည်း ရှိခဲ့သည်။ တစ်ခုသည် အကြောင်းအရာစိစစ်ခြင်းတွင် အလိုအလျောက် စောင့်ကြည့်စနစ် အသုံးပြုမှုနှင့်ပတ်သက်ပြီး နောက်တစ်ခုသည် တန်ပြန်အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးများနှင့်ပတ်သက်သည်။ "shaheed" ဟူသော စကားလုံးတွင် အဓိပ္ပာယ်မြောက်မြားစွာရှိကြောင်း ပါဝင်သူများက ထောက်ခံခဲ့ကြသည်။ အာဇာနည်အဖြစ်ရှုမြင်ခြင်းသည် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်မှုတွင် လူပုဂ္ဂိုလ်များ၏ သေဆုံးမှုအတွက်အပါအဝင် ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်တစ်ခု ဖြစ်သည်။ သို့သော် "shaheed" ကို အဆိုပါတိုက်ခိုက်မှုများတွင် အကြမ်းဖက်ခံရသူများအား ဖော်ပြရန်အတွက်ကဲ့သို့ အခြားအခြေအနေများတွင်လည်း အသုံးပြုလေ့ရှိကြသည်။ ထိခိုက်ခံရသော အသိုင်းအဝိုင်းအဖွဲ့ဝင်များ၊ တန်ပြန်အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူများနှင့် အကြောင်းအရာ စိစစ်ခြင်း ကျွမ်းကျင်သူများအပါအဝင် ပါဝင်သူများစွာသည် မူဝါဒဘက်လိုက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကို ဖော်ပြခဲ့ကြပြီး ၎င်းက အထူးသဖြင့် အာရဗီစကားပြောသူများနှင့် "shaheed" အသုံးပြုသည့် အခြားအသိုင်းအဝိုင်းများအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် အပျက်သဘော သက်ရောက်ပုံကို ဆွေးနွေးခဲ့ကြသည်။ အခြားဆွေးနွေးမှု အကြောင်းအရာများတွင် နိုင်ငံတော်လုံခြုံရေးနှင့် တန်ပြန်အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူများကလည်း အလေးပေးပြောကြားခဲ့သည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို ရည်ညွှန်းရာတွင် “shaheed” ကို အသုံးပြုမှုနှင့် လက်တွေ့ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုအကြား ကြောင်းကျိုးဆက်နွှယ်မှုကို လက်တွေ့ပြသော အထောက်အထားမရှိခြင်းအကြောင်း ပါဝင်ခဲ့သည်။ အလားတူပင် ဝေါဟာရကို လုံးဝမစိစစ်ခြင်းသည် လူစုဆောင်းရေးနှင့် အခြားအခိုင်အမာ ထောက်ခံမှုပုံစံများအတွက် လူမှုကွန်ရက်ကို အသုံးပြုခဲ့နိုင်သည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ အဖွဲ့အစည်းများအား ပုံမှန်ဖြစ်စေမည့်အပေါ် စိုးရိမ်မှုများလည်း ရှိခဲ့သည်။ နောက်ထပ်ဆွေးနွေးမှု အကြောင်းအရာများတွင် ဝေါဟာရပါအကြောင်းအရာကို စိစစ်ရာတွင် Meta အသုံးပြုသည့် အလိုအလျောက် စောင့်ကြည့်စနစ်၏ အရည်အသွေးနှင့်ပတ်သက်၍ စိုးရိမ်မှုများ၊ ၎င်းကိုအသုံးပြုမှုအပြင် Meta ၏ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ စာရင်းနှင့် ရွေးချယ်သတ်မှတ်မှု လုပ်ငန်းစဉ်များအကြောင်း ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် ပါဝင်သူများထံမှ တောင်းဆိုမှုများ ပါဝင်ခဲ့သည်။

၁၇။ ကျွန်ုပ်တို့၏ သက်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲများအကြောင်း အစီရင်ခံစာအတွက် ဤနေရာကို နှိပ်ပါ (အာရဗီဘာသာဖြင့် ဗားရှင်းအတွက် ဤနေရာကို နှိပ်ပါ)။

၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

၁၈။ Meta သည် ဘုတ်အဖွဲ့ထံမှ မူဝါဒအကြံပေး သဘောထားအမြင်များကို တောင်းဆိုနိုင်သည် (ပဋိညာဉ်စာတမ်း အပိုဒ် ၃၊ ပုဒ်မ ၇.၃)။ ဘုတ်အဖွဲ့သည် Meta ၏ တောင်းဆိုမှုများကို လက်ခံရန် သို့မဟုတ် ပယ်ချရန် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိသည် (နည်းဥပဒေ အပိုဒ် ၂၊ ပုဒ်မ ၂.၁.၃)။ ဤသဘောထားအမြင်များသည် အကြံပြုသည့်သဘောဖြစ်သည် (ပဋိညာဉ်စာတမ်း၊ အပိုဒ် ၃၊ ပုဒ်မ ၇.၃)။ ဤသဘောထားအမြင်ကို ထုတ်ပြန်ပြီး ရက် ၆၀ အတွင်း Meta အနေဖြင့် ၎င်းကို တုံ့ပြန်ရန် လိုအပ်သည် (နည်းဥပဒေ အပိုဒ် ၂၊ ပုဒ်မ ၂.၃.၂)။ ဘုတ်အဖွဲ့သည် Meta က လုပ်ဆောင်ရန် ကတိပြုထားသည့် အကြံပြုချက်များကို အကောင်အထည်ဖော်မှုအား စောင့်ကြည့်ပြီး ၎င်း၏အမှုဆုံးဖြတ်ချက်များတွင် မည်သည့်ယခင်အကြံပြုချက်ကိုမဆို နောက်ဆက်တွဲ လုပ်ဆောင်နိုင်သည်။

၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များနှင့် လမ်းညွှန်ချက်

၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ယခင်ကအကြံပြုထားသည်များ

၁၉။ ယခင်အမှုများတွင် Meta အနေဖြင့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒကို ရှင်းပြပြီး ၎င်း၏အတိုင်းအတာကို စေ့စပ်တိကျအောင် အကျဉ်းချုံ့ပေးရန်၊ စည်းကမ်းထိန်းသိမ်းမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ သင့်လျော်မျှတသော လုပ်ငန်းစဉ်ကို တိုးတက်အောင်လုပ်ပြီး ပိုမိုပွင့်လင်းမှုရှိအောင် ဆောင်ရွက်ပေးရန် ဘုတ်အဖွဲ့က အကြံပြုခဲ့သည်။

၂၀။ မူဝါဒကို ပိုမိုရှင်းလင်းအောင် ပြုလုပ်ခြင်းနှင့် ၎င်း၏အတိုင်းအတာကို စေ့စပ်တိကျအောင် အကျဉ်းချုံ့ပေးခြင်းနှင့်ပတ်သက်၍ ဘုတ်အဖွဲ့က Meta ကို အကြံပြုထားသည်မှာ-

  • စိစစ်သုံးသပ်သူများအတွက် သိထားသောမေးခွန်းများ လမ်းညွှန်ချက်တွင် "ချီးကျူးခြင်း" ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို စေ့စပ်တိကျအောင် အကျဉ်းချုံ့ဖော်ပြပေးပါ (သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းခြင်း၊ အကြံပြုချက် နံပါတ် ၃)။
  • အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒရှိ "အစီရင်ခံခြင်း" ခွင့်ပြုချက်သည် အစီရင်ခံမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများအကြောင်း အကောင်းဘက်မှ ရေးသားပြောဆိုချက်များကို ခွင့်ပြုပေးကြောင်း၊ ၎င်းကို တားမြစ်ထားသော "ချီးကျူးခြင်း" နှင့် မည်သို့ခွဲခြားထားကြောင်း ရှင်းလင်းစေရန်အတွက် ၎င်း၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်ကို ပြန်လည်ပြင်ဆင်ပေးပါ (သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းခြင်း၊ အကြံပြုချက်နံပါတ် ၄)။
  • ကြားနေသဘောဖြင့် ဆွေးနွေးခြင်း၊ ဝေဖန်ရှုတ်ချခြင်းနှင့် သတင်းအစီရင်ခံခြင်းတို့အတွက် ခြွင်းချက်များကို ပိုမိုနားလည်စေရန် ၎င်း၏မူဝါဒတွင် သတ်မှတ်စံနှုန်းနှင့် သာဓကနမူနာများကို ထည့်သွင်းပေးပါ (မျှဝေထားသော Al Jazeera ပို့စ်၊ အကြံပြုချက် နံပါတ် ၁)။
  • လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အခြားလူ့အခွင့်အရေးများကို အလေးထားခြင်းသည် Meta ၏ အန္တရာယ်ကင်းရှင်းရေး စံတန်ဖိုးကို မြှင့်တင်ပေးနိုင်ကြောင်း ထင်ဟပ်စေရန်နှင့် ထုတ်ဖော်ပြောဆိုမှုစံတန်ဖိုး ဖိနှိပ်ခံရချိန်တွင် မူဝါဒက တားဆီး၍ အဟန့်အတားပြုရန် ကြိုးစားသည့် "ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှုများ" အကြောင်း ပိုမိုအသေးစိတ် ဖော်ပြရန် မူဝါဒဆိုင်ရာ သဘောတရားကို ပြင်ဆင်ပေးပါ ( အိုကလန်ကို သီးခြားခွဲ၍ ထိန်းသိမ်းထားခြင်း၊ အကြံပြုချက် နံပါတ် ၄)။
  • အသုံးပြုသူများက ၎င်းတို့၏ပို့စ်များတွင် မူဝါဒဆိုင်ရာခြွင်းချက်များမှ အကျိုးခံစားရနိုင်ရန်အတွက် ၎င်းတို့၏ပို့စ်များ၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို မည်သို့နားလည်လွယ်အောင် ပြုလုပ်နိုင်သည်ကို ရှင်းပြပေးပါ ( အိုကလန်ကို သီးခြားခွဲ၍ ထိန်းသိမ်းထားခြင်း၊ အကြံပြုချက် နံပါတ် ၆)။
  • "ချီးကျူးခြင်း" ၏ အဓိပ္ပာယ်နှင့် အသုံးပြုသူများအား ၎င်းတို့၏ ရည်ရွယ်ချက်ကို ပေါ်လွင်အောင် ပြုလုပ်နည်းနှင့်ပတ်သက်၍ ပိုမိုရှင်းလင်းသော လမ်းညွှန်ချက် ပေးရန်အပါအဝင် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒရှိ အဓိကစည်းမျဉ်းများ ကျင့်သုံးမှုကို ရှင်းပြပြီး ဥပမာများပေးပါ ( နာဇီကိုးကားချက်၊ အကြံပြုချက် နံပါတ် ၂)။

၂၁။ Meta ၏ သတိပေးချက်စနစ်နှင့်ပတ်သက်၍ ဘုတ်အဖွဲ့က Meta အား အကြံပြုထားသည်များမှာ-

  • Facebook နှင့် Instagram ပေါ်ရှိ ပရိုဖိုင်များ၊ စာမျက်နှာများ၊ အဖွဲ့များနှင့် အကောင့်များကို ကန့်သတ်ခြင်းအတွက် ၎င်း၏ သတိပေးချက်များနှင့် ပြစ်ဒဏ်များပေးခြင်း လုပ်ငန်းစဉ်ကို ပြည့်စုံရှင်းလင်းပြီး နားလည်လွယ်သော ပုံစံဖြင့် ရှင်းပြပေးပါ (သမ္မတဟောင်းထရမ့်ကို ဆိုင်းငံ့ထားခြင်း၊ အကြံပြုချက် နံပါတ် ၁၅)။
  • "ပြင်းထန်သော သတိပေးချက်များ" နှင့်ပတ်သက်သည့် ထပ်ဆောင်းနောက်ခံအချက်အလက်ကို ပိုမိုဖော်ပြပေးလျက် ၎င်း၏နှစ်ဆင့်သတိပေးချက်စနစ်ကို ပို၍ပြည့်စုံပြီး နားလည်လွယ်အောင် လူသိရှင်ကြား ရှင်းပြပေးပါ ( သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းခြင်း၊ အကြံပြုချက် နံပါတ် ၂)။
  • အသုံးပြုသူများအား ၎င်းတို့အပေါ် ချမှတ်ထားသည့် ချိုးဖောက်မှုများ၊ သတိပေးချက်များနှင့် ပြစ်ဒဏ်များ၏ အရေအတွက်နှင့် နောင်တွင်ချိုးဖောက်မှုများရှိပါက နောက်ဆက်တွဲဖြစ်လာမည့် အကျိုးဆက်များအကြောင်း နားလည်လွယ်သော အချက်အလက်များကို ပေးပါ ( သမ္မတဟောင်းထရမ့်ကို ဆိုင်းငံ့ထားခြင်း၊ အကြံပြုချက် နံပါတ် ၁၆)။

၂၂။ ပွင့်လင်းမြင်သာမှုနှင့်ဆက်စပ်၍ ဘုတ်အဖွဲ့က Meta ကို အကြံပြုထားသည်များမှာ-

  • ၎င်း၏ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ စာရင်းကို လူသိရှင်ကြား မျှဝေပေးပါ သို့မဟုတ် အနည်းဆုံးအနေဖြင့် သတ်မှတ်ထားသော အဖွဲ့အစည်းများ၏ သာဓကဥပမာများကို ပေးပါ ( နာဇီကိုးကားချက်၊ အကြံပြုချက် နံပါတ် ၃)။
  • အချက်အလက်များကို ဒေသနှင့် နိုင်ငံအလိုက် ခွဲခြားကာ (အကြောင်းအရာကို ဖယ်ရှားရသည့် ဆုံးဖြတ်ချက်များအပြင်) ပရိုဖိုင်၊ စာမျက်နှာနှင့် အကောင့်ကန့်သတ်ချက်များ၏ အရေအတွက်ကို ထည့်သွင်းခြင်းဖြင့် ၎င်း၏စည်းကမ်းထိန်းသိမ်းတင်းကျပ်မှု အစီရင်ခံချက်ကို ပိုကောင်းအောင်လုပ်ပါ (သမ္မတဟောင်းထရမ့်ကို ဆိုင်းငံ့ထားခြင်း၊ အကြံပြုချက် နံပါတ် ၁၇)။
  • အန္တရာယ်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို "ချီးကျူးခြင်း" နှင့် "ထောက်ခံခြင်း" ဆိုင်ရာ စည်းမျဉ်းများကို ပြဋ္ဌာန်း၍ စည်းကမ်းထိန်းသိမ်းရာတွင် မှားယွင်းမှုနှုန်းအကြောင်း နောက်ထပ်ပြည့်စုံသော အချက်အလက်များကို ဒေသနှင့် ဘာသာစကားအလိုက် ခွဲခြား၍ ထည့်သွင်းပေးပါ (အိုကလန်ကို သီးခြားခွဲ၍ ထိန်းသိမ်းထားခြင်း၊ အကြံပြုချက် နံပါတ် ၁၂)။
  • လူမှုစံနှုန်းတစ်ခုစီအတွက် မှားယွင်းမှုနှုန်းများနှင့်ပတ်သက်၍ အများမြင်အချက်အလက်များကို တိုးမြှင့်ပြီး ၎င်းတို့ကို နိုင်ငံနှင့် ဘာသာစကားအလိုက် ကြည့်ရှုနိုင်အောင်လုပ်ပေးပါ ( အိန္ဒိယနိုင်ငံတွင် RSS အပေါ် ပန်ချာပီတို့၏ စိုးရိမ်မှု၊ အကြံပြုချက် နံပါတ် ၃)။

၂၃။ အလိုအလျောက် စောင့်ကြည့်စနစ်နှင့်ဆက်စပ်၍ ဘုတ်အဖွဲ့က Meta ကို အကြံပြုထားသည်များမှာ-

  • အသုံးပြုသူများ၏ အကြောင်းအရာအပေါ် စည်းကမ်းထိန်းသိမ်းမှုအရ အရေးယူဆောင်ရွက်သည့်အခါ အလိုအလျောက် စောင့်ကြည့်စနစ်ကို မည်သည့်အချိန်တွင် အသုံးပြုကြောင်း၊ ၎င်းက မည်သည်ကိုဆိုလိုကြောင်း နားလည်လွယ်သော ဖော်ပြချက်များ အပါအဝင် အသုံးပြုသူများအား အသိပေးပါ ( ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ်၊ အကြံပြုချက် နံပါတ် ၃)။
  • လူမှုစံနှုန်းအရ အလိုအလျောက် လုပ်ဆောင်သော ဖယ်ရှားမှု ဆုံးဖြတ်ချက်များ၏ အရေအတွက်နှင့် လူကိုယ်တိုင် စိစစ်သုံးသပ်ပြီး နောက်ပိုင်းတွင် ပြောင်းလဲဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက် အချိုးအစားနှင့်ပတ်သက်၍ အချက်အလက်များကို ထုတ်ဖော်ရန် ပွင့်လင်းမြင်သာမှု အစီရင်ခံချက်ကို တိုးချဲ့ပါ ( ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ်၊ အကြံပြုချက် နံပါတ် ၆)။
  • ၎င်း၏ပွင့်လင်းမြင်သာမှု အစီရင်ခံချက်တွင် အကြောင်းအရာမူဝါဒအလိုက် ပိုင်းခြား၍ ချိုးဖောက်ထားသည့် အကြောင်းအရာဆိုင်ရာ မီဒီယာပုံစံတူတွဲဖက်ကြည့်ရေး ဝန်ဆောင်မှုစနစ်များတွင် မှားယွင်းစွာထည့်သွင်းထားသော အကြောင်းအရာအတွက် မှားယွင်းမှုနှုန်းကို ထုတ်ပြန်ပေးပါ။ ဤအစီရင်ခံချက်တွင် အကြောင်းအရာက ပုံစံတူတွဲဖက်ကြည့်ရေးစနစ်များထဲ မည်သို့ဝင်ရောက်သွားပုံနှင့် လုပ်ငန်းစဉ်အတွင်း အမှားများကို လျှော့ချရန် ကုမ္ပဏီ၏ကြိုးပမ်းမှုများအကြောင်း အချက်အလက်များ ပါဝင်သင့်သည် ( ကိုလံဘီယာရဲတပ်ဖွဲ့ ကာတွန်း၊ အကြံပြုချက် နံပါတ် ၃)။
  • အယူခံလွှာများကို အလိုအလျောက် ဦးစားပေးခြင်း၊ ပိတ်သိမ်းခြင်းအကြောင်း အများသိရှိနိုင်သော ရှင်းလင်းချက်တစ်ခုကို ပေးပါ ( အီရန်ဆန္ဒပြကြွေးကြော်သံ၊ အကြံပြုချက် နံပါတ် ၇)။

၂၄။ ဤသဘောထားအမြင်ကို အပြီးသတ်ခဲ့ချိန်တွင် အဆိုပါယခင်အကြံပြုချက်များ၏ အကောင်အထည်ဖော်မှု အခြေအနေကို ကြည့်ရှုရန် ဤနေရာကို နှိပ်ပါ (အာရဗီဘာသာဖြင့် ဗားရှင်းအတွက် ဤနေရာကို နှိပ်ပါ)။

၂။ Meta ၏ စံတန်ဖိုးများနှင့် လူ့အခွင့်အရေး တာဝန်ဝတ္တရားများ

၂၅။ ဤမူဝါဒအကြံပေး သဘောထားအမြင်များတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်နှင့် အကြံပြုချက်များကို Meta၏ စံတန်ဖိုးများနှင့် လူ့အခွင့်အရေး တာဝန်ဝတ္တရားများဖြင့် အသိပေးတင်ပြခဲ့သည်။

၂၆။ Meta က သဘောထားထုတ်ဖော်ခွင့်ကို "ပဓာန" စံတန်ဖိုးအဖြစ် ဖော်ပြပြီး အခြားစံတန်ဖိုးလေးခုကို အသုံးချရာတွင် ၎င်းသည် အကန့်အသတ်ရှိနိုင်သည်။ ဤမူဝါဒအကြံပေး သဘောထားအမြင်များအတွက် အသက်ဆိုင်ဆုံး စံတန်ဖိုးမှာ အန္တရာယ်ကင်းရှင်းရေးဖြစ်သည်။ အန္တရာယ်ကင်းရှင်းရေး စံတန်ဖိုးကို ကာကွယ်ရန် Meta သည် “လူပုဂ္ဂိုလ်များ၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာကို ဖယ်ရှားပါသည်။” "လူထုကို ခြိမ်းခြောက်သည့် အကြောင်းအရာ" သည် "အခြားသူများကို ခြိမ်းခြောက်နိုင်သည့်၊ ဖယ်ကြဉ်ထားနိုင်သည့် သို့မဟုတ် နှုတ်ဆိတ်နေစေနိုင်သည့် အလားအလာရှိသောကြောင့်" ၎င်းအကြောင်းအရာကိုလည်း ခွင့်မပြုပါ။

၂၇။ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်တွင် Meta သည် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို ကြေညာခဲ့ပြီး ထိုမူဝါဒထဲတွင် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ လမ်းညွှန်အခြေခံမူများ (UNGP များ) နှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်ကို ဖော်ပြထားပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် ထောက်ခံအတည်ပြုပေးထားသည့် UNGP များတွင် ပုဂ္ဂလိကလုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ်ကို ချမှတ်ထားသည်။ ဤတာဝန်ဝတ္တရားများသည် အခြားအရာများအနက် ကုမ္ပဏီများအနေဖြင့် “အခြားသူများ၏ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းမှ ရှောင်ကြဉ်သင့်ပြီး ၎င်းတို့နှင့်ပတ်သက်နေသည့် ဆိုးရွားသော လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းသင့်သည်” ဟု ဆိုလိုပါသည် (အခြေခံမူ ၁၁၊ UNGP များ)။ ကုမ္ပဏီများအနေဖြင့် “(က) ၎င်းတို့၏ ကိုယ်ပိုင် လုပ်ငန်းဆောင်ရွက်ချက်များကြောင့် ဆိုးရွားသော လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို ဖြစ်စေခြင်း သို့မဟုတ် ပေါ်ပေါက်လာခြင်းမရှိအောင် ရှောင်ကြဉ်ရန်နှင့် ၎င်းတို့ဖြစ်ပေါ်လာသည့်အခါတွင် ယင်းကဲ့သို့သော သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ (ခ) ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ၎င်းတို့၏လုပ်ငန်းဆက်ဆံရေးအရ ပံ့ပိုးထားသည့် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများက အဆိုပါသက်ရောက်မှုများကို မဖြစ်စေသည့်တိုင် ၎င်းတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည့် ဆိုးရွားသော လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို တားဆီးရန် သို့မဟုတ် လျော့ပါးစေရန်အတွက် ကြိုးပမ်းမည်" ဟု မျှော်လင့်သည် (အခြေခံမူ ၁၃၊ UNGP များ)။

၂၈။ ဘုတ်အဖွဲ့ထံ Meta ၏ တောင်းဆိုမှုတွင် အသိအမှတ်ပြုထားသည့်အတိုင်း ၎င်း၏အကြောင်းအရာစိစစ်ခြင်း ကျင့်ထုံးများတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ဆိုးရွားသော သက်ရောက်မှုများ ရှိနိုင်သည်။ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICCPR) ၏ အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၂ တွင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်မှုအတွက် ဤအခွင့်အရေး၏အရေးပါမှုကြောင့် ယင်းအတွက် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်မှုပေးထားပြီး လူ့အခွင့်အရေးကော်မတီကလည်း ၎င်းသည် လွန်စွာစိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည့် ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်ပေးကြောင်း မှတ်ချက်ပြုခဲ့သည် ( အထွေထွေမှတ်ချက် နံပါတ် ၃၄၊ ပိုဒ်ခွဲ ၁၁၊ ၁၃ နှင့် ၃၈)။ ပြည်နယ်တစ်ခုက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များကို ချမှတ်သည့်အခါ ၎င်းတို့သည် တရားဥပဒေနှင့်ညီညွတ်မှု၊ တရားဝင် ရည်ရွယ်ချက်၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် (အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃၊ ICCPR)။ ဤသတ်မှတ်ချက်များကို "အပိုင်းသုံးပိုင်းခွဲ စမ်းသပ်မှု" အဖြစ် ရည်ညွှန်းလေ့ရှိသည်။ ဘုတ်အဖွဲ့သည် စိစစ်သုံးသပ်နေဆဲ သီးခြားအကြောင်းအရာအလိုက် ဆုံးဖြတ်ချက်နှင့် အကြောင်းအရာထိန်းချုပ်မှုအပေါ် Meta ၏ ပိုမိုကျယ်ပြန့်သော ကိုင်တွယ်လုပ်ဆောင်ပုံ နှစ်ခုစလုံးနှင့်ဆက်စပ်၍ Meta ၏ ဆန္ဒအလျောက်ပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ကတိပြုချက်များကို အဓိပ္ပာယ်ကောက်ယူရန် ဤမူဘောင်ကို အသုံးပြုသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ဆိုထားသည့်အတိုင်း "ကုမ္ပဏီများသည် အစိုးရများ၏ တာဝန်ဝတ္တရားများ မရှိသော်လည်း ၎င်းတို့အသုံးပြုသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ခြင်းအကြောင်း တူညီသောမေးခွန်းများကို ဆန်းစစ်ရန် လိုအပ်သည့်ကိစ္စမျိုးတွင် ၎င်းတို့အပေါ် သက်ရောက်မှုရှိသည်" ဟု ဆိုသည် (အစီရင်ခံစာ က/၇၄/၄၈၆၊ အပိုဒ် ၄၁)။

၂၉။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးကို လူတိုင်းတန်းတူရရှိကြောင်း အာမခံပါသည်။ ဤအခွင့်အရေးအပေါ် မည်သည့်ကန့်သတ်ချက်မဆိုသည် ကိုးကွယ်ရာဘာသာ သို့မဟုတ် ယုံကြည်ချက်၊ ပြောဆိုသော ဘာသာစကား သို့မဟုတ် နိုင်ငံဇာတိပေါ်အခြေခံ၍ အပါအဝင် မည်သို့သော ခွဲခြားဆက်ဆံခြင်းမျှ မရှိရပါ (အပိုဒ် ၂ နှင့် ၂၆၊ ICCPR)။

တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)

၃၀။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်မှန်သမျှသည် အသုံးပြုသူများနှင့် အကြောင်းအရာ စိစစ်သုံးသပ်သူများအား ခွင့်ပြုထားသောအရာနှင့် ခွင့်မပြုထားသောအရာတို့ကို လမ်းညွှန်ပေးရန်အတွက် အတိုင်းအတာ၊ အဓိပ္ပာယ်နှင့် သက်ရောက်မှုတို့တွင် နားလည်ရလွယ်ကူပြီး လုံလောက်သော ရှင်းလင်းပြတ်သားမှု ရှိသင့်သည်။ ရှင်းလင်းပြတ်သားမှု သို့မဟုတ် တိကျမှုမရှိခြင်းသည် စည်းမျဉ်းများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရာတွင် တစ်သမတ်တည်းမဖြစ်ဘဲ ထင်သလိုဆောင်ရွက်စေနိုင်သည် (ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ် အစီရင်ခံချက် က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၆)။ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒတွင် ရှင်းလင်းပြတ်သားမှုမရှိခြင်းကို ဘုတ်အဖွဲ့အနေဖြင့် ယခင်က ဝေဖန်သုံးသပ်ခဲ့ပြီး Meta အား ၎င်း၏မူဝါဒကို တိုးတက်စေရန်အတွက် အကြံပြုချက်များ ပေးခဲ့သည် ( အိုကလန်ကို သီးခြားခွဲ၍ ထိန်းသိမ်းထားခြင်း၊ အကြံပြုချက် နံပါတ် ၄ နှင့် နံပါတ် ၆၊ မျှဝေထားသော Al Jazeera ပို့စ်၊ အကြံပြုချက် နံပါတ် ၁၊ သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းခြင်း၊ အကြံပြုချက် နံပါတ် ၃ နှင့် နံပါတ် ၄)။ Meta သည် ချီးကျူးခြင်းအတွက် ၎င်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းဖော်ပြရန် ဘုတ်အဖွဲ့၏အကြံပြုချက်များကို နောက်ပိုင်းတွင် အကောင်အထည်ဖော်ခဲ့သည်။

၃၁။ သို့သော် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက Meta ပြုလုပ်ခဲ့သော ပြင်ဆင်ချက်သည် တရားဥပဒေနှင့်ညီညွတ်မှုဆိုင်ရာ အလေးထားစရာကိစ္စအသစ်များကို အစပျိုးစေသည်။ Meta က "ကိုယ်စားပြုခြင်း၊" "ထောက်ခံခြင်း" နှင့် "အမွှမ်းတင်ခြင်း" တားမြစ်ချက်ကို ချိုးဖောက်သည့် ပို့စ်များ၏ ဥပမာများကို ပေးသော်လည်း ချိုးဖောက်နေသည့် "မရှင်းလင်းသော ရည်ညွှန်းချက်များ" ကို ဥပမာများ မပေးပါ။ ဤမူဝါဒအကြံပေး သဘောထားအမြင်များတွင် ဘုတ်အဖွဲ့၏ အကြံပြုချက်များသည် Meta ၏ စည်းမျဉ်းများ၏ ပိုမိုရှင်းလင်းပြတ်သား၍ နားလည်ရလွယ်စေရန်အတွက် ရည်ရွယ်သည်။

တရားဝင် ရည်ရွယ်ချက်

၃၂။ ထုတ်ဖော်ပြောဆိုခွင့်အပေါ် မည်သည့်ကန့်သတ်ချက်မဆိုသည် အခြားသူများ၏ အခွင့်အရေးများအပြင် နိုင်ငံတော်လုံခြုံရေးကဲ့သို့ ပိုမိုကျယ်ပြန့်သော လူ့အဖွဲ့အစည်း အကျိုးစီးပွားများကို ကာကွယ်ပေးခြင်းပါဝင်သည့် တရားဝင်ရည်ရွယ်ချက်တစ်ခုကို လက်ကိုင်ပြုရမည်ဟု အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၃၊ ICCPR တွင် ပြဋ္ဌာန်းထားသည် (အထွေထွေမှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၂၁ နှင့် ၃၀ ကိုလည်း ကြည့်ပါ)။ Meta သည် "လက်တွေ့ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုကို တားဆီးရန်နှင့် အဟန့်အတားပြုရန်" ကြိုးစားကြောင်း အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ လူမှုစံနှုန်းအတွက် ၎င်း၏ မူဝါဒဆိုင်ရာ သဘောတရားတွင် ရှင်းပြထားသည်။ အမှုအမျိုးမျိုးတွင် ၎င်းသည် အသက်ရှင်ရပ်တည်ခွင့် (အပိုဒ် ၆၊ ICCPR) အပါအဝင် အခြားသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးခြင်းဟူသော တရားဝင်ရည်ရွယ်ချက်နှင့် ကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိခဲ့သည်။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများကို ချီးကျူးခြင်းသည် အခြားသူများ၏ အခွင့်အရေးများကို ထိခိုက်နိုင်ခြေရှိကြောင်းနှင့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ လူမှုစံနှုန်းရှိ ချီးကျူးခြင်းဆိုင်ရာ တားမြစ်ချက်ဖြင့် အဆိုပါထိခိုက်နစ်နာမှုများကို လျှော့ချရန် ကြိုးပမ်းခြင်းတွင် တရားဝင်ရည်ရွယ်ချက်တစ်ခု ရှိကြောင်းလည်း ဘုတ်အဖွဲ့အနေဖြင့် ယခင်က အသိအမှတ်ပြုခဲ့သည် ( သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းခြင်း)။

လိုအပ်မှုနှင့် အချိုးကျတရားမျှတမှု

၃၃။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်မှုမဆိုသည် "၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည် ဖြစ်သကဲ့သို့ ၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည့် အရာများအနက် စွက်ဖက်မှု အနည်းဆုံး နည်းလမ်းလည်း ဖြစ်ရမည့်အပြင် အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်" ( အထွေထွေမှတ်ချက် ၃၄၊ အပိုဒ် ၃၄)။

၃၄။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၆၂၄ (၂၀၀၅) တွင် အစိုးရများအား လိုအပ်မှုရှိပြီး သင့်တော်သည့်အတိုင်း နိုင်ငံတကာဥပဒေအောက်ရှိ ၎င်းတို့၏ တာဝန်ဝတ္တရားများနှင့်အညီ "အကြမ်းဖက်လုပ်ရပ် သို့မဟုတ် လုပ်ရပ်များကို ကျူးလွန်ရန် လှုံ့ဆော်မှုကို ဥပဒေအရ တားမြစ်ရန်" တိုက်တွန်းပြီး (ပိုဒ်ခွဲ ၁-က) နောက်ဆက်တွဲ ဆုံးဖြတ်ချက်များတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ အင်တာနက် အသုံးပြုမှုနှင့်ပတ်သက်၍ စိုးရိမ်မှုကို ဖော်ပြခဲ့သည် (UNSC ဆုံးဖြတ်ချက် ၂၁၇၈ (၂၀၁၄) နှင့် UNSC ဆုံးဖြတ်ချက် ၂၃၉၆ (၂၀၁၇))။ အစိုးရများသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ ၎င်းတို့၏ တာဝန်ဝတ္တရားများနှင့်အညီ အကြမ်းဖက်မှုများကို ဖြေရှင်းပြီး တားမြစ်သင့်ကြောင်း ဤဆုံးဖြတ်ချက်များက ထပ်လောင်းအတည်ပြုသော်လည်း အကြမ်းဖက်မှုကို တန်ပြန်တုံ့ပြန်စဉ် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အားပေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က အွန်လိုင်းတွင် ထုတ်ဖော်ပြောဆိုခွင့်နှင့်ဆက်စပ်သောအရာများအပါအဝင် ၎င်းတို့၏ တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းသော ဥပဒေများ၏ မသဲကွဲမှုနှင့် ပြောသူ၏ရည်ရွယ်ချက် သို့မဟုတ် အခြားသူများအပေါ် ထိုစကား၏ သက်ရောက်မှုထက် ပြောဆိုသည့် အကြောင်းအရာပေါ် ၎င်းတို့၏ ဦးစားပေးမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကို ဖော်ထုတ်ပြောခဲ့သည် (အစီရင်ခံချက် က/HRC/၄၀/၅၂၊ ပိုဒ်ခွဲ ၃၇)။ အကြမ်းဖက်ဝါဒဖြန့်ခြင်းကို ပြစ်မှုအဖြစ် ဥပဒေပြဋ္ဌာန်းသတ်မှတ်ရန် "ရည်ညွှန်းပါ ထုတ်ဖော်ပြောဆိုမှုသည် အကြမ်းဖက်လုပ်ရပ်တစ်ခုကို လှုံ့ဆော်ရာတွင် အထမြောက်စေပြီး ဤနည်းအားဖြင့် တားမြစ်ပိတ်ပင်ထားသောရလဒ်နှင့် ကြောင်းကျိုးဆက်နွှယ်မှု သို့မဟုတ် ၎င်းကို အမှန်တကယ်ဖြစ်စေနိုင်သည့် အန္တရာယ်အတိုင်းအတာတစ်ခုရှိသော ကျိုးကြောင်းသင့်သော ဖြစ်နိုင်ခြေကို လိုအပ်သည်" ဟု အထူးသတင်းထောက်ကိုယ်စားလှယ်က ကောက်ချက်ချခဲ့သည် ( ibid.)။ ရည်ညွှန်းပါပြောဆိုမှုသည် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ဆောင်ရွက်ရန် အခြားသူများအား ရည်ရွယ်ချက်ရှိရှိ တိုက်ရိုက်တိုက်တွန်းသည့်သဘော သက်ရောက်ပြီး အကြမ်းဖက်လုပ်ရပ်တစ်ခု ပေါ်ပေါက်နိုင်ခြေကို တိုက်ရိုက်မြင့်တက်စေကြောင်း ရှင်းရှင်းလင်းလင်း သက်သေမပြဘဲ အစိုးရတစ်ရပ်အနေဖြင့် ဒဏ်ခတ်သော အစီအမံများဖြင့် ထိုပြောဆိုမှုကို ကန့်သတ်အရေးယူခြင်းမပြုရပါဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်၊ မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ OSCE ကိုယ်စားလှယ်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ OAS အထူးသတင်းထောက် ကိုယ်စားလှယ်တို့၏ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ အင်တာနက်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး စီမံဆောင်ရွက်ချက်များဆိုင်ရာ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည် (စာမျက်နှာ ၃၉)။ "(က) ထုတ်ဖော်ပြောဆိုမှုက ဖြစ်အံ့ဆဲဆဲ အကြမ်းဖက်မှုကို လှုံ့ဆော်ရန် ရည်ရွယ်သည့်အခါ၊ (ခ) ထိုသို့သောအကြမ်းဖက်မှုကို လှုံ့ဆော်နိုင်ဖွယ်ရှိသည့်အခါ၊ (ဂ) ထုတ်ဖော်ပြောဆိုမှုနှင့် ထိုသို့သောအကြမ်းဖက်မှု ဖြစ်နိုင်ခြေ သို့မဟုတ် ဖြစ်ပွားမှုအကြား တိုက်ရိုက်လက်ငင်း ဆက်စပ်မှုရှိသည့်အခါ နိုင်ငံတော်လုံခြုံရေး သို့မဟုတ် တန်ပြန်အကြမ်းဖက်မှု ရည်ရွယ်ချက်များအတွက်သာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သင့်သည်ဟု မှတ်ချက်ပြုလျက် အစီရင်ခံစာ က/HRC/၁၇/၂၇ (၂၀၁၁ ခုနှစ်၊ မေလ ၁၆ ရက်၊ ပိုဒ်ခွဲ ၃၆) တွင် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးသတင်းထောက် ကိုယ်စားလှယ်က မြင့်မားသော စံနှုန်းတစ်ရပ်ကိုလည်း သတ်မှတ်ခဲ့သည်။ လူ့အခွင့်အရေး ကော်မတီ၏ အဆိုအရ တန်ပြန်အကြမ်းဖက်မှု စီမံဆောင်ရွက်ချက်များက အချို့သောပြောဆိုမှုများကို တားမြစ်သည့်အခါ "တိုတ်တွန်းအားပေးခြင်း"၊ "အမွှမ်းတင်ခြင်း" နှင့် "ချီးကျူးခြင်း" ကဲ့သို့ ဝေါဟာရများကို "စေ့စပ်သေချာတိကျမှုရှိအောင် အဓိပ္ပာယ်ဖွင့်ဆို" ရမည်ဖြစ်ပြီး "အကြမ်းဖက်လုပ်ရပ်များအကြောင်း လူထုကို အသိပေးရာတွင် မီဒီယာ၏ အရေးပါသောအခန်းကဏ္ဍကို လွန်လွန်ကဲကဲ ကန့်သတ်ခြင်း" မရှိရပါ (အထွေထွေမှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၃၀ နှင့် ၄၆)။

၃၅။ ဤအခြေခံမူများနှင့် စံနှုန်းများသည် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်အတွက် အရေးကြီးသော စမှတ်တစ်ခုဖြစ်သော်လည်း အစိုးရများအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေက ချမှတ်သည့် တာဝန်ဝတ္တရားများနှင့် ကန့်သတ်ချက်များသည် ဤနယ်ပယ်တွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခု၌ ရှိနိုင်သည့် တာဝန်ဝတ္တရားများ၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ထပ်တူမဖြစ်ပါ။ အစိုးရတစ်ရပ်က ရာဇဝတ်မှုဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ကျင့်သုံးခြင်းသည် လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုတွင် အကြောင်းအရာစိစစ်ခြင်းနှင့် မတူညီဘဲ အစိုးရတစ်ရပ်ထက် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအဖြစ် Meta သည် ၎င်း၏ ကုမ္ပဏီစံတန်ဖိုးများ (အထက်ပါပိုဒ်ခွဲ ၂၇ - ၂၈ ကို ကြည့်ပါ) နှင့် အကြောင်းအရာပမာဏများစွာကို စိစစ်ခြင်း၏ ခြားနားသိသာစေသော စိန်ခေါ်မှုများကို ထည့်တွက်ကာ အစိုးရတစ်ရပ်က လျော်ကန်မည်ဟု သတ်မှတ်ထားသည်ထက် ပို၍ကန့်သတ်မှုရှိသော ထုတ်ဖော်ပြောဆိုခွင့်အပေါ် ချဉ်းကပ်မှုကို လုပ်ဆောင်နိုင်ပြီး တစ်ခါတစ်ရံတွင်လည်း လုပ်ဆောင်လေ့ရှိကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်၏ အဆိုအရ- "ကုမ္ပဏီစည်းမျဉ်းများနှင့် နိုင်ငံတကာစံနှုန်းများအကြား ကွဲလွဲနေသည့်အခါ ကုမ္ပဏီများသည် ကွဲလွဲမှုကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောသည့်နည်းလမ်းဖြင့် မူဝါဒကွဲပြားမှုအတွက် ကျိုးကြောင်းသင့်သော ရှင်းလင်းချက်ကို ကြိုတင်ပေးအပ်သင့်သည်" (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးသတင်းထောက်ကိုယ်စားလှယ်၏ အွန်လိုင်းအမုန်းစကားဆိုင်ရာ အစီရင်ခံချက်၊ (က/၇၄/၄၈၆၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ ပိုဒ်ခွဲ ၄၈)။ ၎င်း၏ ယခင်ဆုံးဖြတ်ချက်များစွာတွင် ဘုတ်အဖွဲ့သည် ဤမူဝါဒအကြံပေး သဘောထားအမြင်ဖြင့်လည်း ဖြစ်မြောက်ရန် ကြိုးစားစဉ် အချိုးကျမျှတမှု လိုအပ်ချက်ကို အကဲဖြတ်သည့်အခါ အစိုးရများအတွက် ရည်ရွယ်ထားသော နိုင်ငံတကာစံနှုန်းများကို ကုမ္ပဏီတစ်ခု၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများအဖြစ် သင့်လျော်စွာ အကောင်အထည်ဖော်နည်းကို စူးစမ်းရှာဖွေခဲ့သည်။

၃၆။ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ လူမှုစံနှုန်းဆိုင်ရာ ဘုတ်အဖွဲ့၏ ယခင်ဆုံးဖြတ်ချက်များသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများကို "ချီးကျူးခြင်း" နှင့်ပတ်သက်၍ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကိုလည်း စစ်ဆေးခဲ့သည်။ အကြမ်းဖက်မှုကို လှုံ့ဆော်ရန်နှင့် လူစုဆောင်းရန် သို့မဟုတ် အခြားသော ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့မှု ပုံစံများတွင် ပါဝင်ဆောင်ရွက်ရန် ကြိုးစားသည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ၏ Meta ပလက်ဖောင်းများအား အလွဲသုံးစားပြုခြင်းကို တားမြစ်ခြင်းသည် တရားဝင်ရည်ရွယ်ချက်တစ်ခု ဖြစ်သော်လည်း "ချီးကျူးခြင်း" ဆိုင်ရာ တားမြစ်ချက်၏ ကျယ်ပြန့်မှု သို့မဟုတ် မတိကျမှုက အသုံးပြုသူ၏ ထုတ်ဖော်ပြောဆိုခွင့်ကို မလိုအပ်ဘဲ အချိုးမညီမျှစွာ ကန့်သတ်ခဲ့သည့် ဖြစ်ရပ်အမျိုးမျိုးကို ဘုတ်အဖွဲ့က တွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ ပညာရေးကို ပြန်လည်ထူထောင်ရန် အစီအစဉ်များနှင့်ပတ်သက်၍ တာလီဘန်တို့၏ ကြေညာချက်အကြောင်း အူရဒူဘာသာဖြင့် သတင်းစာပို့စ်သည် "ချီးကျူးခြင်း" မဟုတ်ခဲ့ကြောင်း တွေ့ရှိပြီး ၎င်းကို ဖယ်ရှားခြင်းအား ဘုတ်အဖွဲ့က ပယ်ဖျက်ခဲ့သည် ( သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းခြင်း)။ ပို့စ်သည် နာဇီအယူဝါဒကို ချီးကျူးခြင်းမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုနှင့် ပတ်သက်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်စေရန်အတွက် ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာ မလုံလောက်ခဲ့သောကြောင့် Joseph Goebbels အား ကိုးကားချက်တစ်ခုကို မှားယွင်းစွာဖော်ပြထားသော အသုံးပြုသူတစ်ဦး၏ ပို့စ်တစ်ခုအား Meta ၏ ဖယ်ရှားမှု (နာဇီ ကိုးကားချက်) ကိုလည်း အလားတူ ပြောင်းလဲဆုံးဖြတ်ခဲ့သည်။ ဘုတ်အဖွဲ့သည် ပလက်ဖောင်းပေါ်တွင် ဆက်ရှိခဲ့သင့်သည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့တစ်ဖွဲ့၏ အကြမ်းဖက်ရန် ခြိမ်းခြောက်မှုကို အစီရင်ခံသော Al Jazeera သတင်းဆောင်းပါးတစ်ခုကို မျှဝေသည့် ပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကိုလည်း ပယ်ချခဲ့ပြီး Meta မူဝါဒများ၏ ခွဲခြားဆက်ဆံမှုဖြစ်နိုင်ဖွယ်ရှိသော သက်ရောက်မှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများကို တင်ပြခဲ့သည် (မျှဝေထားသော Al Jazeera ပို့စ်)။ အနှစ်ချုပ်နှင့် အမြန်ချမှတ်သော ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့သည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို ချီးကျူးခြင်းအဖြစ် အစပိုင်းက ဖယ်ရှားခံခဲ့ရသည့် Facebook နှင့် Instagram ပို့စ်များနှင့်ပတ်သက်၍ Meta ၏ ဖယ်ရှားရန် ဆုံးဖြတ်ချက်များစွာကိုလည်း ပြောင်းလဲဆုံးဖြတ်ခဲ့သည် သို့မဟုတ် ပြောင်းလဲဆုံးဖြတ်ရန် နှိုးဆော်ခဲ့သည် ( ကိုလိုနီဆန့်ကျင်ရေး ခေါင်းဆောင် Amílcar Cabralလက်ဘနွန် တက်ကြွလှုပ်ရှားသူဂျူးမုန်းတီးရေးဝါဒကို တုံ့ပြန်ခြင်းနိုင်ဂျီးရီးယားရှိ ဖက်ဒရယ် မဲဆန္ဒနယ်အာဖဂန်နစ္စတန်ရှိ မိန်းကလေးများ၏ ပညာသင်ကြားခွင့်Al-Shabaab ကို ရည်ညွှန်းဖော်ပြခြင်းအလ္လာအရှင်မြတ်၏ ကျေးဇူးတော်ကြောင့်ပါနှင့် အစ္စရေးမှ ပြန်ပေးဆွဲခံရသော ဓားစာခံများ)။ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒတွင် Meta အနေဖြင့် မကြာသေးမီက ပြောင်းလဲမှုများ ပြုလုပ်ထားလင့်ကစား ဤဆုံးဖြတ်ချက်များမှ အများစုသည် သက်ဆိုင်နေဆဲဖြစ်သည်။ ဘုတ်အဖွဲ့သည် အမွှမ်းတင်ခြင်းနှင့် "မရှင်းလင်းသော ရည်ညွှန်းချက်များ" ဆိုင်ရာ ပြဋ္ဌာန်းချက်အသစ်များနှင့်ဆက်စပ်၍ အပါအဝင် နောင်အမှုများတွင် ဤမူဝါဒကို ဆက်လက်စစ်ဆေးသွားပါမည်။

၆။ အကြံပြုချက်များနှင့် ဆန်းစစ်လေ့လာချက်

၃၇။ ကြီးကြပ်ရေးဘုတ်အဖွဲ့သည် အကြောင်းအရာဆိုင်ရာ မူဝါဒ၊ စည်းကမ်းထိန်းသိမ်းမှုနှင့် ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ Meta အတွက် အကြံပြုချက်ခုနစ်ခုကို ထုတ်ပြန်သည်။ ဤအကြံပြုချက်များကို ပမာဏများပြားသော အကြောင်းအရာများတွင်လည်း အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပြီး ၎င်းတို့သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အခြားလူ့အခွင့်အရေးများအပြင် ပွင့်လင်းမြင်သာမှုအတွက် Meta ၏ အလေးထားမှုကို မြှင့်တင်လျက် ၎င်း၏သဘောထားထုတ်ဖော်ခွင့်နှင့် အန္တရာယ်ကင်းရှင်းရေး စံတန်ဖိုးများအား ၎င်း၏လိုက်နာမှုကို တိုးတက်စေမည်ဟု ဘုတ်အဖွဲ့က ယုံကြည်သည်။

၆.၁ Meta ၏ "Shaheed" မူဝါဒ

အကြံပြုချက် ၁ – အကြောင်းအရာဆိုင်ရာ မူဝါဒ- အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ၏ အမည်မသိအဖွဲ့ဝင်များကို ရည်ညွှန်းရန် အသုံးပြုသည့်အခါ "shaheed" ဟူသော စကားလုံးသည် အမြဲတမ်း ချိုးဖောက်ပြီး မူဝါဒခြွင်းချက်များအတွက် သတ်မှတ်ချက်မပြည့်မီပါဟု Meta အနေဖြင့် ယူဆခြင်းကို ရပ်သင့်သည်။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို "shaheed" အဖြစ် ရည်ညွှန်းသော အကြောင်းအရာအား အခြေအနေနှစ်ခုတွင်သာ "မရှင်းလင်းသော ရည်ညွှန်းချက်" အဖြစ် ဖယ်ရှားသင့်သည်။ ပထမတစ်ခုမှာ အကြမ်းဖက်မှု အချက်ပြလက္ခဏာသုံးခုအနက် တစ်ခု သို့မဟုတ် ထို့ထက်ပို၍ ပါရှိနေသည့်အခါ- လက်နက်ကြီး/လက်နက်တစ်ခုကို ပုံဖော်ခြင်း လက်နက်ကြီး/လက်နက်တစ်ခုကို အသုံးပြုရန် သို့မဟုတ် ကိုင်ဆောင်ရန် ရည်ရွယ်ချက် သို့မဟုတ် ထောက်ခံအားပေးမှုကို ဖော်ပြခြင်း သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ဆောင်ရွက်ချက်တစ်ခုကို ရည်ညွှန်းခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ အကြောင်းအရာက Meta ၏ မူဝါဒများကို အခြားတစ်နည်းအားဖြင့် ချိုးဖောက်သည့်အခါ (ဥပမာ- အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို အမွမ်းတင်ခြင်းကြောင့် သို့မဟုတ် ထိုရည်ညွှန်းချက်သည် "shaheed" ဟူသော စကားလုံးကို အသုံးပြုမှုအပြင် အခြားအကြောင်းရင်းများအတွက်ပါ မရှင်းလင်းဘဲရှိနေသောကြောင့်) ဖြစ်သည်။ မည်သည့်အခြေအနေတွင်မဆို အကြောင်းအရာသည် "အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်းနှင့် ဝေဖန်ရှုတ်ချခြင်း" ခြွင်းချက်များအတွက် သတ်မှတ်ချက်ပြည့်မီနေသင့်သည်။

Meta က စာရင်းသွင်းထားသော အကြမ်းဖက်မှု အချက်ပြလက္ခဏာသုံးခုအနက် တစ်ခု သို့မဟုတ် ထို့ထက်ပို၍ ရှိနေသည့်အခါ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို "shaheed" အဖြစ် ရည်ညွှန်းခြင်းများကို ခွင့်မပြုကြောင်း သတ်မှတ်ဖော်ပြရန် ၎င်း၏လူမှုစံနှုန်းများကို လူသိရှင်ကြား ပြင်ဆင်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။

အကြံပြုချက် ၂ – အကြောင်းအရာဆိုင်ရာ မူဝါဒ- "မရှင်းလင်းသော ရည်ညွှန်းချက်များ" တားမြစ်ချက်ကို ရှင်းပြရန်အတွက် Meta သည် အကြံပြုချက်နံပါတ် ၁ တွင် သတ်မှတ်ထားသော အကြမ်းဖက်မှု အချက်ပြလက္ခဏာသုံးခုအနက် တစ်ခု သို့မဟုတ် ထို့ထက်ပို၍ ပေါင်းစပ်ပါရှိလျက် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို "shaheed" ဟု ရည်ညွှန်းထားသော ပို့စ်တစ်ခု အပါအဝင် ချိုးဖောက်သော အကြောင်းအရာ ဥပမာအချို့ကို ထည့်သွင်းသင့်သည်။

Meta က "မရှင်းလင်းသော ရည်ညွှန်းချက်များ" ၏ ဥပမာများထည့်သွင်း၍ ၎င်း၏လူမှုစံနှုန်းများကို လူသိရှင်ကြား ပြင်ဆင်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။

အကြံပြုချက် ၃ – စည်းကမ်းထိန်းသိမ်းမှု- အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို "shaheed" အဖြစ် ရည်ညွှန်းခြင်းသည် အကြမ်းဖက်မှု အချက်ပြလက္ခဏာများ အတူပါရှိသည့်အခါမှလွဲ၍ အခြားအချိန်များတွင် မချိုးဖောက်ကြောင်းနှင့် အဆိုပါအချက်ပြလက္ခဏာများ ရှိသည့်အခါတွင်ပင် အကြောင်းအရာသည် "အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်း သို့မဟုတ် ဝေဖန်ရှုတ်ချခြင်း" ခြွင်းချက်များမှ အကျိုးရရှိနိုင်ဆဲဖြစ်ကြောင်း ရှင်းလင်းအောင်လုပ်ရန် Meta ၏ ကုမ္ပဏီတွင်း မူဝါဒလမ်းညွှန်ချက်ကိုလည်း အပ်ဒိတ်လုပ်သင့်သည်။

Meta က အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်း သို့မဟုတ် ဝေဖန်ရှုတ်ချခြင်း ခြွင်းချက်များမှ အကျိုးရရှိစေရန် "shaheed" ကို ခွင့်ပြုထားကြောင်း စိစစ်သုံးသပ်သူများအတွက် ၎င်း၏လမ်းညွှန်ချက်ကို ပြင်ဆင်ပြီး ဤပြင်ဆင်ထားသော လမ်းညွှန်ချက်ကို ဘုတ်အဖွဲ့နှင့် မျှဝေသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။

၃၈။ အကြမ်းဖက်သမားတို့၏ အကြမ်းဖက်မှုလုပ်ရပ်များအား သွေးထိုးလှုံ့ဆော်ရန်အတွက် ၎င်း၏ပလက်ဖောင်းများကို အသုံးပြုခြင်းမရှိအောင် တားမြစ်ရန် Meta က ၎င်း၏ အကြောင်းအရာစိစစ်ရေး မူဝါဒများ၏ တရားဝင်ရည်ရွယ်ချက်တစ်ခုအဖြစ်ကြိုးပမ်းခြင်းမှာ အရေးကြီးသော်လည်း Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများအရ ထုတ်ဖော်ပြောဆိုခွင့်အပေါ် မည်သည့်ကန့်သတ်ချက်မဆိုသည် အချိုးကျ မျှတမှုရှိရန်၊ အထူးသဖြင့် အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရသည့် အသိုင်းအဝိုင်းများရှိ လူများ၏သဘောထားကို လေးစားရန် လိုအပ်သည်။ shaheed ၏ အဓိပ္ပာယ်တစ်ခုသည် အင်္ဂလိပ်စကားလုံး "martyr (အာဇာနည်)" နှင့် ကိုက်ညီမှုရှိပြီး ၎င်းကို ထိုသဘောဖြင့် အသုံးပြုထားသော်လည်း အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို ရည်ညွှန်းသည့်အခါ "shaheed" ဟူသော စကားလုံးကို အသုံးပြုမှုသက်သက်အတွက် အကြောင်းအရာအားလုံးကို Meta က ဖယ်ရှားခြင်းသည် မလိုအပ်ကြောင်း သို့မဟုတ် အချိုးမညီမျှကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ အကြောင်းမှာ ပြတ်သားတိကျသော တားမြစ်ချက်သည် ဝေါဟာရ၏ ဘာသာစကားနှင့်ဆိုင်သော ရှုပ်ထွေးမှုကို ထည့်တွက်ခြင်းမရှိဘဲ စကားအသုံးနှုန်းအား အလွန်အကျွံဖယ်ရှားမိစေနိုင်ပြီး မီဒီယာလွတ်လပ်ခွင့်နှင့် အများပြည်သူနေရာကို လွန်လွန်ကဲကဲ ကန့်သတ်ကာ တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေးအပေါ် ဆိုးရွားသည့် အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် ဤအကြံပြုချက်ကို လက်ခံပြီး အကောင်အထည်ဖော်ပါက ယေဘုယျအားဖြင့် "အမွှမ်းတင်ခြင်း"နှင့် "မရှင်းလင်းသော ရည်ညွှန်းချက်များကို တားမြစ်သော Meta ၏ မူဝါဒဆိုင်ရာ အသေးစိတ်အချက်အလက်များသည် ဆက်လက်သက်ရောက်နေပါမည်။ ထို့ကြောင့် Meta သည် "shaheed" ဟူသော စကားလုံး တည်ရှိမှုတစ်ခုတည်း‌ပေါ်အခြေခံ၍ အကြောင်းအရာများ ဖယ်ရှားခြင်းကို ရပ်စဲသင့်သည်။ ယင်းအစား Meta သည် ဆက်စပ်အခြေအနေကို ပို၍ထည့်သွင်းစဉ်းစားသည့် ကိုင်တွယ်လုပ်ဆောင်ပုံကို ရွေးချယ်သင့်ပြီး "shaheed" ကို အန္တရာယ်ရှိသည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်စေမည့် အကြမ်းဖက်မှု အချက်ပြလက္ခဏာများကို ရှင်းလင်းစွာနှင့် စေ့စပ်တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုသင့်သည်။ အောက်တွင်ရှင်းပြထားသည့်အတိုင်း ဘုတ်အဖွဲ့သည် Meta က ၎င်း၏ တောင်းဆိုမှုတွင် အဆိုပြုထားသည့် အချက်ပြလက္ခဏာခြောက်ခုမှ နှစ်ခုကိုသာ အပြည့်အဝ ထောက်ခံချက်ပေးပြီး တတိယတစ်ခုကို စေ့စပ်တိကျအောင် အကျဉ်းချုံ့ပေးရန် အကြံပြုသည်။ Meta က အဆိုပြုခဲ့ပြီး – သီးခြားရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအရ စည်းကမ်းထိန်းသိမ်းသော စိစစ်သုံးသပ်သူများအတွက် လမ်းညွှန်ချက်အဖြစ် ပံ့ပိုးပေးသည့် – အခြားသုံးခုသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒ၏ ရည်ရွယ်ချက်များအတွက် ကျယ်ပြန့်လွန်းသည်။ တစ်ချိန်တည်းတွင် ဘုတ်အဖွဲ့သည် Meta အား အကြမ်းဖက်မှု အချက်ပြလက္ခဏာများ ရှိသည့်အခါ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုအကြောင်း အစီရင်ခံသော၊ ဝေဖန်ရှုတ်ချသော သို့မဟုတ် ကြားနေသဘောဖြင့် ဆွေးနွေးသော အကြောင်းအရာအတွက် ခြွင်းချက်များကို ကျင့်သုံးရန် အကြံပြုသည်။ အထက်ပါအကြံပြုချက်များသည် "shaheed" ၏ ဧကဝုဒ်နှင့် ဗဟုဝုဒ်ပုံစံများနှင့် "shaheed" ကို လက်ခံအသုံးပြုသည့် ဘာသာစကားများစွာရှိ ယင်းဝေါဟာရ၏ မူကွဲများနှင့် သက်ဆိုင်သည်။

၃၉။ ဘုတ်အဖွဲ့သည် Meta ၏ ပလက်ဖောင်းများတွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများကို ရည်ညွှန်းရန် "shaheed" ဟူသော ဝေါဟာရကို အသုံးပြုသည့် အကြောင်းအရာအား ခွင့်ပြုခြင်းမှ ဖြစ်လာနိုင်ခြေရှိသော အန္တရာယ်များကို အကဲဖြတ်ရန် ကျွမ်းကျင်သူများ၊ သက်ဆိုင်ရာပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ Meta ၏ ပလက်ဖောင်းများက အကြမ်းဖက်သမားများ၏ ဝါဒဖြန့်မှုနှင့် လူသစ်စုဆောင်းမှု ကြိုးပမ်းမှုများကို လွယ်ကူချောမွေ့အောင် ကူညီပေးသည့်အပြင် ဂျူးလူမျိုးများအပေါ်ဆန့်ကျင်ရေး အပါအဝင် ခွဲခြားဆက်ဆံမှု သို့မဟုတ် အကြမ်းဖက်မှုကို အားပေးမြှင့်တင်မည်ကို သက်ဆိုင်ရာပညာရှင်အချို့က စိုးရိမ်ခဲ့သည် (လူထုသဘောထားမှတ်ချက်များ၊ ဥပမာ- PC-၁၁၁၂၃ – CyberWell Ltd၊ PC-၁၁၁၅၃ – ဂျူးမုန်းတီးရေးဝါဒ ယခုပပျောက်စေရေး၊ PC-၁၁၁၉၄ – အရှေ့အလယ်ပိုင်းရှိ တိကျမှန်ကန်မှုဆိုင်ရာ ကော်မတီ၊ PC-၁၁၀၆၈ – ကနေဒါ ဂျူးမုန်းတီးရေးဝါဒ ပညာပေးဖောင်ဒေးရှင်းတို့ကို ကြည့်ပါ)။ “shaheed” နှင့် ယင်းကဲ့သို့ အကြမ်းဖက်မှု သို့မဟုတ် ခွဲခြားဆက်ဆံမှု မြင့်တက်ခြင်းအကြား ခိုင်လုံသောကြောင်းကျိုးဆက်နွှယ်မှုကို သက်သေပြသည့် သုတေသနလေ့လာချက် မရှိသော်လည်း (စာမျက်နှာ ၁၀ ရှိ Meta ၏ လွှဲပြောင်းမှုတွင် ယခင်က မှတ်ချက်ပြုထားသည့်အတိုင်းနှင့် Meta ကိုယ်၌က မူဝါဒအကြံပေး သဘောထားအမြင်ကို မတောင်းဆိုမီ ပြုလုပ်ခဲ့သည့် သက်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုပြီးနောက်) အာဇာနည်အဖြစ်ရှုမြင်လိုသည့်ဆန္ဒနှင့် အကြမ်းဖက်လုပ်ရပ်များအကြား ဆက်နွှယ်နေသည့် သီးခြားကိစ္စရပ်များ ရှိပါသည်။ ပို၍ ယေဘုယျဆိုရသော် လူသစ်စုဆောင်းရန်နှင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခြင်းကို အားပေးရန်၊ အကြမ်းဖက်ဝါဒကို ပုံမှန်ဖြစ်စေရန်နှင့် အစွန်းရောက်ဝါဒကို ဖြစ်မြောက်အောင် ပံ့ပိုးကူညီရန် အကြမ်းဖက်အဖွဲ့အစည်းများက လူမှုကွန်ရက်ကို အသုံးပြုနိုင်သည့် စိုးရိမ်မှုများက ပျံ့နှံ့နေသည်။ တန်ပြန်အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူများနှင့် ဆွေးနွေးပွဲ အပါအဝင် ဘုတ်အဖွဲ့က လုပ်ဆောင်ခဲ့သော သက်ဆိုင်ရာပညာရှင်များစွာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ကျွမ်းကျင်သူများထံမှ အကြံဉာဏ်ရယူမှုများ (ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲများကို ကြည့်ပါ) သည် ဤယူဆချက်များနှင့် စိုးရိမ်မှုများကို အတည်ပြုပေးခဲ့သည်။

၄၀။ ဘုတ်အဖွဲ့ထံ ပေးပို့ထားသည့် ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာပညာရှင်များ၏ တင်ပြချက်များစွာတွင်လည်း "shaheed" ဟူသော ဝေါဟာရကို အသုံးပြုသည့် အကြောင်းအရာကို ဖယ်ရှားခြင်းကြောင့် ဖြစ်ပေါ်လာသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် အပျက်သဘော သက်ရောက်မှုများကို ဖော်ပြထားသည် (လူထုသဘောထားမှတ်ချက်များ၊ ဥပမာ၊ PC-၁၁၁၉၆ – သမာသမတ်ရှိစေရေး အဖွဲ့အစည်း၊ PC-၁၁၁၆၄– SMEX၊ PC-၁၁၁၈၃ ECNL EFF၊ PC-၁၁၁၉၀ – Brennan စင်တာ၊ PC-၁၁၁၈၈ – ဒစ်ဂျစ်တယ် အခွင့်အရေးများဆိုင်ရာ ဖောင်ဒေးရှင်းတို့ကို ကြည့်ပါ)။ ၎င်းတွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများကို ချီးကျူးရန် သို့မဟုတ် အမွှမ်းတင်ရန် မဟုတ်ဘဲ အကြမ်းဖက်သမား သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အခြားအဖွဲ့အစည်းများက ကျူးလွန်သော အကြမ်းဖက်မှုအကြောင်း အစီရင်ခံရန် သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များနှင့်ပတ်သက်၍ နိုင်ငံရေး သို့မဟုတ် ပညာရေးဆိုင်ရာ ကြားနေဆွေးနွေးမှုတွင် ပါဝင်ရန် "shaheed" ဟူသော ဝေါဟာရကို အသုံးပြုသည့် ပြောဆိုမှုကို ဖယ်ရှားခြင်း ပါဝင်သည်။

၄၁။ အောက်ပါဥပမာများသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို "shaheed" အဖြစ် ရည်ညွှန်းသော အကြောင်းအရာကို ဖယ်ရှားသည့်အခါ Meta ၏ ကိုင်တွယ်လုပ်ဆောင်ပုံကို သာဓကပြနိုင်သည်-

  • အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦး၏အမည်နှင့်တွဲ၍ ဂုဏ်ပြုချီးမြှောက်သော ဝေါဟာရဖြစ်သည့် "shaheed" ကို အသုံးပြုကာ ထိုပုဂ္ဂိုလ်၏သေဆုံးမှုကို အတည်ပြုသည့် Meta ပလက်ဖောင်းများပေါ်ရှိ သတင်းစာနယ်ဇင်းထုတ်ပြန်ချက်ကို အစိုးရက မျှဝေထားသည်။ ဤပို့စ်သည် ကြားနေဆွေးနွေးမှုဖြစ်ကြောင်း ညွှန်ပြသည့် အခြေအနေကို ထည့်သွင်းမစဉ်းစားဘဲ "shaheed" ဟူသော ဝေါဟာရကို ချိုးဖောက်သည်ဟု Meta က ယူဆသဖြင့် ၎င်းသည် ဖယ်ရှားခံရပါမည်။
  • အသုံးပြုသူတစ်ဦးသည် ဆန္ဒပြပွဲ၏ ရည်ရွယ်ချက်ကို ရှင်းပြထားသည့် ရှင်းလင်းသော စာတန်းမပါဘဲ သူအတူလိုက်ပါနေသော ဆန္ဒပြပွဲတစ်ခု၏ ဓာတ်ပုံတစ်ပုံကို မျှဝေသည်။ လက်ကိုင်ပိုစတာများစွာတွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ကွယ်လွန်သွားသူတစ်ဦးကို "shaheed" ဟူသော စကားစုနှင့်တွဲ၍ အမည်တပ်ဖော်ပြထားသည်။ "shaheed" ဟူသော ဝေါဟာရနှင့် ပေါင်းစပ်ထားပြီး အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်ကို အမည်တပ်ထားသည့် လက်ကိုင်ပိုစတာများကို အသားပေးပြထားသော ရုပ်ပုံကို ချိုးဖောက်သည်ဟု Meta က ယူဆသဖြင့် ဤပို့စ်သည် ဖယ်ရှားခံရပါမည်။
  • လူ့အခွင့်အရေးကာကွယ်သူတစ်ဦးသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို အစိုးရက ကွပ်မျက်မိန့်ချခဲ့ကြောင်း ဖော်ပြချက် ပါဝင်သော ပို့စ်တစ်ခုကို မျှဝေသည်။ ထိုပို့စ်တွင် သူသည် အဆိုပါပုဂ္ဂိုလ်ကို "shaheed" အဖြစ် ရည်ညွှန်းပြီး အစိုးရ၏ တန်ပြန်အကြမ်းဖက်မှု မူဝါဒကို ဝေဖန်ရှုတ်ချထားသည်။ အစီရင်ခံသည့် အခြေအနေကို ထည့်သွင်းမစဉ်းစားဘဲ "shaheed" ဟူသော ဝေါဟာရကို ချိုးဖောက်သည်ဟု Meta က ယူဆသဖြင့် ဤပို့စ်သည် ဖယ်ရှားခံရပါမည်။
  • သက်ဆိုင်ရာ အသိုင်းအဝိုင်းအဖွဲ့ဝင်တစ်ဦးသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦး၏ အမည်ကိုအစွဲပြု၍ မှည့်ခေါ်ထားသည့် ဒေသတွင်းလမ်းတစ်ခု၏ အခြေအနေအကြောင်း တိုင်ကြားချက်တစ်ခုကို ပို့စ်တင်ပြီး ဂုဏ်ပြုချီးမြှောက်သော ဝေါဟာရဖြစ်သည့် "shaheed" ကို ထည့်သွင်းထားသည်။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်ကို ရည်ညွှန်းဖော်ပြခြင်းသည် ဒေသတွင်းကိစ္စရပ်များအကြောင်း ဆွေးနွေးမှုအတွက် နောက်ဆက်တွဲ အဆွယ်အပွားဖြစ်လင့်ကစား "shaheed" ဟူသော ဝေါဟာရကို ချိုးဖောက်သည်ဟု Meta က ယူဆသဖြင့် ၎င်းသည် ဖယ်ရှားခံရပါမည်။
  • မိသားစုဝင်တစ်ဦးသည် အကြမ်းဖက်တိုက်ခိုက်ခံရမှုတစ်ခုတွင် သေဆုံးသွားခဲ့ရသည့် ချစ်ခင်ရသူတစ်ဦးကို "shaheed" အဖြစ် ရည်ညွှန်းပြီး အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များဖြစ်သည့် တိုက်ခိုက်သူများကို ဝေဖန်ရှုတ်ချသည်။ ဤပို့စ်သည် မချိုးဖောက်သော်လည်း ကျူးလွန်သူများကိုလည်း အမည်တပ်ထားသည့် အခြေအနေတစ်ခုတွင် "shaheed" ကို ပေါင်းစပ်အသုံးပြုခြင်းသည် Meta ၏ ပြတ်သားတိကျသော ကိုင်တွယ်လုပ်ဆောင်ပုံကြောင့် မှားယွင်းဖယ်ရှားမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရာမျိုး၏ သာဓကပြဥပမာ ဖြစ်သည်။

၄၂။ ပမာဏအများအပြားဖြင့် စိစစ်ရသည့်အခါ "shaheed" အသုံးပြုမှုအပေါ် ကန့်သတ်မှုပိုနည်းသော ကိုင်တွယ်ဖြေရှင်းပုံသည် အကြမ်းဖက်ဝါဒကို ပုံမှန်ဖြစ်စေသည့် တစ်စတစ်စ ဆိုးရွားလာသော သက်ရောက်မှု ရှိနိုင်သည်ကို စိုးရိမ်ကြောင်း သက်ဆိုင်ရာပညာရှင်တချို့က ဖော်ပြခဲ့သည်။ အချို့သောကိစ္စရပ်များတွင် "shaheed" သည် လူပုဂ္ဂိုလ်တစ်ဦးနှင့် သူ၏ အကြမ်းဖက်လုပ်ရပ်များကို သဘောတူခြင်း သို့မဟုတ် ထောက်ခံခြင်းသဘောသက်ရောက်ပြီး ထိုသို့ရည်ရွယ်ထားသည်ကို ငြင်း၍မရနိုင်သော်လည်း ဘုတ်အဖွဲ့သည် ထိုစကားလုံးအပေါ် မူဝါဒ၏ လုံးဝဥဿုံ တားမြစ်မှုသည် ထိုအကြောင်းများဖြင့် လျော်ကန်သင့်မြတ်သည်ဟု မယူဆပါ။ တန်ပြန်အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူများအပါအဝင် သက်ဆိုင်ရာပညာရှင်များအပြင် Meta ၏ ယခင်သုတေသနလေ့လာချက်၊ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများမှ ဘုတ်အဖွဲ့ လက်ခံရရှိသည့် အချက်အလက်များအရ ထိုသို့သောကိစ္စရပ်များတွင် သိသိသာသာ တစ်စတစ်စတိုးများလာသည့် အန္တရာယ်ရှိသော သက်ရောက်မှု ဖြစ်နိုင်ခြေများအပေါ် စိုးရိမ်မှုများထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် လက်ရှိမူဝါဒ၏ အလွန်လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အပျက်သဘော သက်ရောက်မှုက အလေးသာကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။ ထိုသို့ကောက်ချက်ချရသည့် အကြောင်းရင်းမှာ အထူးသဖြင့် ဘုတ်အဖွဲ့၏ အကြံပြုချက်များကို အကောင်အထည်ဖော်သည့်တိုင် အကြမ်းဖက်မှုအပြင် အကြမ်းဖက်သမားများနှင့် ၎င်းတို့ကိုထောက်ခံသူများအား Meta ၏ ပလက်ဖောင်းများကို လွတ်လပ်စွာ အသုံးပြုခွင့်ပေးခြင်းမှ ဖြစ်ပေါ်လာသည့် အခြားအန္တရာယ်များကို တားဆီးရန် ရည်ရွယ်ချက်များအား ရှေ့ဆက်ဆောင်ရွက်နိုင်ရေးအတွက် ချမှတ်ထားသည့် ထင်ရှားသော အကာအကွယ်များ ရှိနေပါသည်။

၄၃။ "shaheed" တွင် အဓိပ္ပာယ်အမျိုးမျိုးရှိပြီး အကြမ်းဖက်မှု သို့မဟုတ် အမုန်းတရားကို လှုံ့ဆော်ရန် မဟုတ်ဘဲ ပြည်သူ့အကျိုးစီးပွား ကိစ္စရပ်များနှင့်ပတ်သက်၍ အစီရင်ခံရန် နည်းလမ်းများဖြင့် ၎င်းကို မကြာခဏ အသုံးပြုလေ့ရှိသည်ဟုလည်း ဘုတ်အဖွဲ့က ယူဆခဲ့သည်။ လုံးဝဥဿုံ တားမြစ်မှုတစ်ခုကို သက်ရောက်ပြဋ္ဌာန်းခြင်းသည် Meta ၏ မူဝါဒများက လျော့ပါးစေရန် ကြိုးပမ်းလျက်ရှိသည့် အန္တရာယ်များကို မဖြစ်ပေါ်စေသော အကြောင်းအရာများစွာကိုပင် ဖယ်ရှားခြင်း သဘောရှိသည်။ အကြောင်းအရာပမာဏအများအပြားကို စိစစ်သည့်အခါ တစ်ခါတစ်ရံတွင် စည်းကမ်းထိန်းသိမ်းမှု အမှားများရှိတတ်သည့် ရာခိုင်နှုန်းတစ်ခုကို လက်သင့်ခံရန် လိုအပ်သော်လည်း Meta အနေဖြင့် ၎င်း၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများပေါ်အခြေခံ၍ အတိုးအလျှော့ ချိန်ညှိရန် တာဝန်ရှိသည်။ ဤထည့်သွင်းစဉ်းစားမှုအားလုံးပေါ် အခြေခံပြီး ၎င်း၏အဆိုပြုထားသော ကိုင်တွယ်လုပ်ဆောင်ပုံသည် Meta ၏ အလုံးစုံသော လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် အကောင်းဆုံး လိုက်လျောညီထွေမှုရှိကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။

"shaheed" ၏ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အရေးပါမှုနှင့် အဓိပ္ပာယ်များ၏ မတူကွဲပြားမှု

၄၄။ “Shaheed” သည် မတူညီသော အခြေအနေများစွာတွင် အသုံးပြုသည့် ယဉ်ကျေးမှုနှင့် ဘာသာရေးအရ အရေးကြီးသော ဝေါဟာရတစ်ခု ဖြစ်ပြီး ၎င်းတွင် အဓိပ္ပာယ်အမျိုးမျိုးရှိသည်။ ဘုတ်အဖွဲ့ထံ ပေးပို့သော လူထုသဘောထားမှတ်ချက်များနှင့် ဘုတ်အဖွဲ့က လုပ်ဆောင်စေခဲ့သည့် သုတေသနပြုလေ့လာချက်သည် ဝေါဟာရနှင့်ပတ်သက်၍ နောက်ထပ်အသေးစိတ် အချက်အလက်များကို ဖော်ပြပေးခဲ့သည်။ "Shaheed" သည် "သက်သေခံရန်" နှင့် "သက်သေထွက်ဆိုရန်" ဟု ဆိုလိုနိုင်သည်။ ၎င်းကို အစ္စလာမ်ဘာသာဝင်တို့၏ အမည်ပထမစာလုံးအဖြစ်နှင့် အာရှအနောက်ပိုင်းနှင့် မြောက်အာဖရိကအပါအဝင် အချို့သောဒေသများတွင် အမည်နောက်ဆုံးစာလုံးအဖြစ်လည်း အသုံးပြုသည် (လူထုသဘောထားမှတ်ချက်များ၊ ဥပမာ၊ PC-၁၁၁၉၆ – သမာသမတ်ရှိစေရေး အဖွဲ့အစည်း၊ PC-၁၁၁၆၄ – SMEX တို့ကိုလည်း ကြည့်ပါ)။ "Shaheed" ကို ဘာသာရေးတာဝန်တစ်ခု ထမ်းဆောင်စဉ် သေဆုံးသွားသူများကို ရည်ညွှန်းရန်လည်း အသုံးပြုသည်။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များ ပါဝင်ပတ်သက်နေသည့် ဖြစ်ရပ်များအပါအဝင် လက်နက်ကိုင်ပဋိပက္ခများ သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုများတွင် လူများသည် တစ်ခါတစ်ရံတွင် အကြမ်းဖက်မှုနှင့် အကြမ်းဖက်ဝါဒကြောင့် ထိခိုက်ခံစားရသူများကို "shaheed" ဟု ရည်ညွှန်းခြင်းဖြင့် ၎င်းတို့ကို ဂုဏ်ပြုကြသည် (လူထုသဘောထားမှတ်ချက်များ၊ ဥပမာ၊ PC-11164 – SMEX၊ Christchurch ပစ်ခတ်မှုတွင် နစ်နာသူများအား "shaheed" ၏ ဗဟုဝုစ်ပုံစံဖြစ်သည့် "shuhada" အဖြစ် အသိအမှတ်ပြုခဲ့သည့် နယူးဇီလန် အစိုးရက ပေးပို့ခဲ့သော PC-၁၁၁၉၇၊ ဘာသာရေး သို့မဟုတ် ယုံကြည်မှုအပေါ် အခြေခံသော နှိပ်ကွပ်မှုကြောင့် မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရသည့် ဒုက္ခသည်များကဲ့သို့ အချို့သော နိုင်ငံများရှိ ရိုဟင်ဂျာ အပါအဝင် အဖယ်ကြဉ်ခံ မွတ်ဆလင်အသိုင်းအဝိုင်းများကို "shaheed" အဖြစ် ရည်ညွှန်းကြောင်း ဦးစားပေးဖော်ပြသည့် သမာသမတ်ရှိစေရေး အဖွဲ့အစည်းထံမှ PC-၁၁၁၉၆ တို့ကို ကြည့်ပါ)။ ဘုတ်အဖွဲ့က ခိုင်းစေခဲ့၍ Mematica မှ ပြုလုပ်ခဲ့သော လေ့လာချက်ဖြစ်သည့် Meta ၏ ပလက်ဖောင်းများပေါ်တွင် တင်ထားပြီး ဆက်ရှိနေသည့် အကြောင်းအရာများအပေါ် အရေအတွက်ဆိုင်ရာ သုတေသနအရ "shaheed" ကို မိမိ၏နိုင်ငံအတွက် အမှုထမ်းစဉ်၊ မိမိ၏အ‌ရေးကိစ္စကို ထမ်းဆောင်စဉ် သေဆုံးသွားသူများ သို့မဟုတ် လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှု သို့မဟုတ် သဘာဝအဖြစ်ဆိုးကို မမျှော်လင့်ဘဲခံစားရသည့် နစ်နာသူတစ်ဦးအဖြစ် ရည်ညွှန်းရန် တွင်ကျယ်စွာ အသုံးပြုသည်ဟု ဖော်ပြထားသည်။ အဆိုပါပို့စ်များသည် "shaheed" ကို အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးနှင့် သေချာပေါက် ဆက်စပ်ဖော်ပြခဲ့ခြင်း မရှိသော်လည်း အစောပိုင်းက ကိုးကားထားသည့် ဥပမာများ (စာပိုဒ် ၄၁ ကို ကြည့်ပါ) တွင် "shaheed" ၏ အဓိပ္ပာယ်နှင့် အသုံးပြုမှုများစွာက အဆိုပါအခြေအနေတွင်လည်း သက်ဆိုင်ပုံကို သာဓကပြထားသည်။

၄၅။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ဟားမတ်စ်ဦးဆောင်သည့် အစ္စရေးအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အကျိုးဆက်ဖြစ်ပေါ်သော ဂါဇာရှိ အစ္စရေး၏ စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်မှုအပြီးတွင် ဘုတ်အဖွဲ့သည် "shaheed" အသုံးပြုမှုနှင့်ပတ်သက်၍ တွင်ကျယ်စွာပျံ့နှံ့နေသော အကြောင်းအရာများကို နောက်ထပ်သုတေသနပြုခြင်း လုပ်ဆောင်စေခဲ့သည်။ ဤဆန်းစစ်လေ့လာမှုတွင် စိစစ်သုံးသပ်ခဲ့သည့် အများမြင်ပို့စ် ၁၂,၀၀၀ ကျော်အနက် နှစ်ခုကသာ ဟားမတ်စ်ကို ထောက်ခံခဲ့သည်။ အသုံးပြုမှုအားလုံးနီးပါးသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကို ရည်ညွှန်းဖော်ပြခြင်းမရှိဘဲ ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းပြည်သူတို့၏ သေကျေဒဏ်ရာရမှုများအကြောင်း ဖော်ပြချက်များနှင့် သက်ဆိုင်ခဲ့သည်။ ပို့စ်များတွင် ပါလက်စတိုင်းပြည်သူများက ၎င်းတို့၏ချစ်ရသူ ဆုံးရှုံးမှုအတွက် ဝမ်းနည်းပူဆွေးနေကြခြင်း ပါဝင်ပြီး အခြားပို့စ်များတွင်မူ ဒဏ်ရာရ ပါလက်စတိုင်း ကလေးငယ်များနှင့်/သို့မဟုတ် ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက်ဆက်တွဲအခြေအနေကို ပြသခဲ့ကြသည်။ တွင်ကျယ်စွာပျံ့နှံ့နေသော အကြောင်းအရာများကို သုတေသီများအား ဝင်ရောက်ကြည့်ရှုခွင့်ပေးရာတွင် ပလက်ဖောင်းများပေါ်၌ ဆက်ရှိနေသည့် အများမြင်အကြောင်းအရာများကိုသာ ကြည့်ခွင့်ပြုရန် ကန့်သတ်ထားပြီး ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒကို ချိုးဖောက်ခြင်းကြောင့် Meta က ဖယ်ရှားခဲ့သည့် အကြောင်းအရာများ မပါဝင်သဖြင့် Meta အား နောက်ထပ်မေးခွန်းများ မေးမြန်းခဲ့ပါသည်။ Meta ၏ တုံ့ပြန်မှုသည် သုတေသနတွေ့ရှိချက်များကို အားဖြည့်ပေးခဲ့သည်။ ကုမ္ပဏီ၏ အမြင်တွင် အရေးအခင်းကာလအတွင်း တွင်ကျယ်စွာပျံ့နှံ့နေသော အကြောင်းအရာများသည် ဤဖြစ်ရပ်များမတိုင်မီအချိန်နှင့် နှိုင်းယှဉ်လျှင် "shaheed" ဟူသော စကားလုံးကို အသုံးပြုမှု သို့မဟုတ် နားလည်မှုတွင် မည်သည့်ပြောင်းလဲမှုကိုမျှ မပြသခဲ့ပါ။

၄၆။ ဤအဓိပ္ပာယ်အမျိုးမျိုးရှိသည့်အချက်ကို ထောက်ဆ၍ "shaheed" ဟူသော စကားလုံးကို အသုံးပြုမှုသည် ချိုးဖောက်ရာရောက်ပြီး လက်တွေ့ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုကို ဖြစ်ပေါ်စေသည့်အတွက်ကြောင့် အမြဲဖယ်ရှားသင့်ကြောင်း Meta ၏ ပုံသေယူဆမှုသည် ကမ္ဘာတစ်ဝန်းလုံးတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်နစ်နာစေကာ ယင်းကိစ္စကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ဖော်ပြသည်။ Meta က "shaheed" သည် ၎င်း၏ပလက်ဖောင်းများတွင် အများဆုံးစိစစ်ရသည့် စကားလုံးဖြစ်နိုင်ခြေရှိကြောင်း ရှင်းပြခဲ့ပြီး အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ၊ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အစီရင်ခံသော အကြောင်းအရာကို Meta က ဖယ်ရှားလေ့ရှိကြောင်း သက်ဆိုင်ရာပညာရှင်အမျိုးမျိုးက လေ့လာတွေ့ရှိခဲ့သည် (စာမျက်နှာ ၃ ရှိ မူဝါဒအကြံပေး သဘောထားအမြင်များ တောင်းဆိုမှု)။ "shaheed" ဟူသော စကားလုံးကို ဤကဲ့သို့ ကိုင်တွယ်ခြင်းသည် ကုမ္ပဏီက ပမာဏများစွာကို စည်းကမ်းထိန်းသိမ်းရာတွင် ထင်ရှားသော (သိသာသော) ခြားနားချက်များကို ဦးစားပေးကြောင်း ဥပမာတစ်ခုဖြစ်သည်။ အကြောင်းအရာပမာဏအများအပြားကို စိစစ်သည့်အခါ အတိုးအလျှော့ချိန်ညှိရာ၌ ခက်ခဲလေ့ရှိသောကြောင့် အခြေခံမူအရ ထိုသို့သောခြားနားချက်များသည် တစ်ခါတစ်ရံတွင် သင့်လျော်နိုင်သော်လည်း အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးနှင့်ဆက်စပ်၍ "shaheed" ကို အမြဲတမ်း ဖယ်ရှားရမည်ဟူသော ပုံသေယူဆချက်သည် မလျော်ကန်၍ ရုပ်သိမ်းသင့်ကြောင်း ဤအမှုတွင် ဘုတ်အဖွဲ့က ကောက်ချက်ချသည်။ Meta က ဝန်ခံထားသည့်အတိုင်း ၎င်း၏ကိုင်တွယ်လုပ်ဆောင်ပုံသည် ဘာသာစကားနှင့်ဆိုင်သော၊ ယဉ်ကျေးမှုနှင့်ဆိုင်သော အခြေအနေကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းစဉ်းစားခြင်းမပြု၍ သိသာထင်ရှားသော စည်းကမ်းထိန်းသိမ်းမှုလွန်ကဲခြင်းကို နည်းလမ်းနှစ်မျိုးဖြင့် ဖြစ်ပေါ်စေသည်။ ပထမတစ်နည်းမှာ ချီးကျူးခြင်း သို့မဟုတ် အမွှမ်းတင်ခြင်းအဖြစ် မရည်ရွယ်သော်လည်း Meta က "shaheed" ကို အမြဲတမ်း ချိုးဖောက်သည်ဟု ယူဆရန် ရွေးချယ်ထားသောကြောင့် မူဝါဒကို မည်သို့ပင်ဖြစ်စေ ချိုးဖာက်သည်ဟု သဘောထားကာ အကြောင်းအရာဖယ်ရှားမှုကို ဖြစ်ပေါ်စေသည်။ ဒုတိယတစ်နည်းမှာ ကိုင်တွယ်လုပ်ဆောင်ပုံသည် ပြတ်သားတိကျသော နည်းလမ်းတစ်ခုအပေါ် ခိုင်မာစွာ အမြစ်တွယ်နေပြီး ဆက်စပ်အခြေအနေကို ပိုမိုထည့်သွင်းစဉ်းစား၍ အကဲဖြတ်မှုများကို ဟန့်တားထားသောကြောင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ် မဟုတ်သူများနှင့်ဆက်စပ်၍ "shaheed" ကို အသုံးပြုသည့် အကြောင်းအရာများကို မှားယွင်းဖယ်ရှားမှုနှုန်းများအား မြင့်တက်စေသည်။

၄၇။ "shaheed" ဟူသော စကားလုံးတွင် အဓိပ္ပာယ်အမျိုးမျိုးရှိသော်လည်း Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား "ချီးကျူးခြင်း" တားမြစ်ချက်အောက်တွင် ယခင်ကထည့်သွင်းခဲ့သော ဥပမာများသည် မတူညီသော ဈေးကွက်များအတွက် ဆက်စပ်အခြေအနေကို စဉ်းစားခဲ့ခြင်းမရှိဘဲ အဆိုပါဥပမာများ၏ ဘာသာပြန်ဆိုမှုများသည် လွယ်သယောင်ပြုထားသော တိုက်ရိုက်ကျလွန်းသည့် ဘာသာဆိုပြန်ဆိုချက်များဖြစ်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ "shaheed" ဟူသော စကားလုံးပါဝင်နေသည့် အကြောင်းအရာအပေါ် Meta ၏ ကိုင်တွယ်လုပ်ဆောင်ပုံနှင့်ပတ်သက်၍ လူမှုစံနှုန်းများတွင် ဖော်ပြထားသော တစ်ခုတည်းသော အရိပ်အမြွက်မှာ ၎င်း၏ ပို၍ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသော ချီးကျူးခြင်းဆိုင်ရာ တားမြစ်ချက်အရ စာရင်းသွင်းထားသည့် ပြစ်ဒဏ်ချမှတ်ခံထားရသော အကြမ်းဖက်သမားတစ်ဦးကို "martyr (အာဇာနည်)" ဟု ခေါ်သည့် စကားစုတစ်ခု၏ ဥပမာ ဖြစ်ခဲ့သည်။ ဤတူညီသောဥပမာကို ဘာသာစကားအသီးသီးတွင် အသုံးပြုခဲ့ပြီး ဝေါဟာရအဓိပ္ပာယ်ချင်း သေချာပေါက် မတူညီလင့်ကစား အာရဗီဘာသာစကားအတွက် "shaheed" ဟု ဘာသာပြန်ဆိုခဲ့သည်။ ဤဥပမာကို မူဝါဒ၏ ၂၀၂၃ ဒီဇင်ဘာ ပြင်ဆင်ချက်တွင် ဖယ်ရှားခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ဤဥပမာရှိ ဘာသာပြန်ဆိုချက်သည် သေချာပေါက် မတိကျသော်လည်း "shaheed" သည် အမြဲတမ်း "martyr (အာဇာနည်" ဟူသော ဝေါဟာရနှင့် တူညီကြောင်း အခိုင်အမာဆိုရန် ဥပမာတစ်ခုတည်းကို အသုံးပြုခြင်းသည် မှန်ကန်မှုမရှိပါ။

၄၈။ ပြောင်းပြန်အားဖြင့် အလားတူအကြောင်းရင်းများကြောင့် ဤမူဝါဒအကြံပေး သဘောထားအမြင်တွင် "shaheed" ဟူသော ဝေါဟာရအပေါ် ဘုတ်အဖွဲ့၏ကောက်ချက်ချမှုများကို "martyr (အာဇာနည်)" ဟူသော ဝေါဟာရနှင့် အဆိုပါဝေါဟာရ၏ အခြားဘာသာစကားများအတွက် ဘာသာပြန်ဆိုချက်အားလုံးသို့ အလိုအလျောက် မပြောင်းလဲသင့်ပါ။ "Martyr (အာဇာနည်)" နှင့် "shaheed" တို့သည် တိုက်ရိုက်မတူညီကြပါ။ ရှေ့တစ်လုံးသည် အင်္ဂလိပ်ဘာသာစကားတွင်၊ အင်္ဂလိပ်စကားပြောသော ဒေသများအတွင်းနှင့် အင်္ဂလိပ်စကားပြောသော ဒေသအသီးသီးတွင် ဝေါဟာရအဓိပ္ပာယ်အရ ပြောင်းလဲနိုင်မှုနည်းသောကြောင့် ဖြစ်သည်။ ဘာသာစကားအသီးသီးတွင် Meta သည် ဤမူဝါဒအကြံပေး သဘောထားအမြင်တွင် ဖော်ပြထားသည့် လမ်းညွှန်ချက်ကို သတိပြုပြီး "အမွှမ်းတင်ခြင်း" အတွက် မည်သည့်ဝေါဟာရများက Meta ၏ သတ်မှတ်အဆင့်နှင့် ကိုက်ညီသည်ကို အကဲဖြတ်ရပါမည်။ မည်သည့်ကိစ္စရပ်တွင်မဆို ဘုတ်အဖွဲ့သည် "shaheed" ဟူသော ဝေါဟာရအသုံးပြုမှုအား ၎င်းကိုအသုံးပြုထားသည့် ပို့စ်များ၏ ပိုမိုကျယ်ပြန့်သော ဆက်စပ်အခြေအနေမှ သီးခြားခွဲထုတ်ပြီး ဟန့်တားသည့် လုံးဝဥဿုံ တားမြစ်မှုများကို မထောက်ခံပါ။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ယခင်သာဓကပြထားသည်များနှင့်အညီဤပို့စ်များကို ၎င်း၏အလုံးစုံအကြောင်းရင်းအား ထည့်သွင်းစဉ်းစားပြီး အကဲဖြတ်သင့်သည်။ ထို့အပြင် ၎င်း၏ အများသူငှာ ဝင်ရောက်ဖတ်ရှုနိုင်သော မူဝါဒများနှင့်အညီ Meta အနေဖြင့် မူဝါဒဆိုင်ရာခြွင်းချက်များသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များနှင့်ပတ်သက်၍ "အစီရင်ခံရန်၊ ဝေဖန်ရှုတ်ချရန် သို့မဟုတ် ကြားနေသဘောဖြင့် ဆွေးနွေးရန်" "martyr (အာဇာနည်)" ဟူသော ဝေါဟာရကို အသုံးပြုသည့်အခါ (နှင့် အမွှမ်းတင်ခြင်းနှင့် အမှန်တကယ် ကိုက်ညီသော ဝေါဟာရများ သို့မဟုတ် အခြားဘာသာစကားများဖြင့် အကောင်းဘက်မှ ရည်ညွန်းချက် ဖြစ်သည့်အခါ) ထိုသို့အသုံးပြုခြင်းကို လူများအား ခွင့်ပြုထားကြောင်း သေချာအောင်လုပ်သင့်သည်။ ၎င်းသည် စိစစ်သုံးသပ်နေသည့် ဘာသာစကား၏ ဒေသဆိုင်ရာ ဆက်စပ်အခြေအနေနှင့် ဘာသာစကားနှင့်ဆိုင်သော တိကျမှုများကို စိစစ်သုံးသပ်သူများက လိုက်လျောညီထွေရှိအောင် ပြင်ဆင်ညှိနှိုင်းခြင်းအတွက် ကုမ္ပဏီတွင်း လမ်းညွှန်ချက်၏ အရေးပါမှုကို မီးမောင်းထိုးပြသည် (ထိုအမှုတွင် အကြံပြုချက် နံပါတ် ၁ အတွက် အခြေခံအကြောင်းရင်း ဖြစ်ခဲ့သည့် ဘုတ်အဖွဲ၏ မြန်မာဘော့ ဆုံးဖြတ်ချက်တွင် ဖော်ပြခဲ့သော အလားတူစိုးရိမ်ဖွယ်ကိစ္စများကို ကြည့်ပါ)။

၄၉။ အမှုများစွာတွင် ဘုတ်အဖွဲ့သည် ပမာဏအများအပြားအတွက် စည်းကမ်းထိန်းသိမ်းနိုင်သည့် ထင်ရှားပြတ်သားသော စည်းမျဉ်းများရှိခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အသုံးပြုသူ သဘောထားထုတ်ဖော်ခွင့်ကို အလေးပေးသော စည်းကမ်းထိန်းသိမ်းမှုအတွက် ဆက်စပ်အခြေအနေကို ပို၍သတိပြုရသည့် မူဝါဒများအကြား အတိုးအလျှော့လုပ်ရမည့်အရာကို ပြန်လည်ချိန်ညှိရန် Meta ကို တိုက်တွန်းခဲ့သည် (ဥပမာ- အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့်ပတ်သက်၍ အစီရင်ခံခြင်းကို အလေးထားရန် သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းခြင်းနှင့် မျှဝေထားသော Al Jazeera ပို့စ်ကို ကြည့်ပါ)။ ယခင်အမှုများသည် "shaheed" အသုံးပြုမှုနှင့် တိုက်ရိုက်မသက်ဆိုင်ခဲ့သော်လည်း ဘုတ်အဖွဲ့သည် လူများက အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများကို ရည်ညွှန်းသည့်အခါ မကောင်းသောရည်ရွယ်ချက်ဖြင့် ယူဆချက်များကို မပြုလုပ်ရန် သတိပေးခဲ့သည် (နာဇီကိုးကားချက်ကို ကြည့်ပါ)။ "shaheed" သည် အမြဲတမ်း "ချီးကျူးခြင်း" နှင့်ညီမျှသော အသုံးအနှုန်းဖြစ်ကြောင်း Meta ၏ ယူဆချက်အရ ပမာဏအများအပြားဖြင့် စိစစ်ချိန်တွင် စိစစ်သူများ သို့မဟုတ် အလိုအလျောက် စောင့်ကြည့်စနစ်က အမှားများပြုလုပ်မိပြီး ယင်းကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရသူများအား ဂုဏ်ပြုသော လူများအပေါ် စည်းကမ်းထိန်းသိမ်းမှုလွန်ကဲခြင်းကို ဖြစ်ပေါ်စေကြောင်း လူထုသဘောထားမှတ်ချက် အမျိုးမျိုးက ဦးစားပေးဖော်ပြသည် (လူထုသဘောထားမှတ်ချက်များ၊ ဥပမာ၊ PC-၁၁၁၆၄ – SMEX၊ စာမျက်နှာ ၁၊ နယူးဇီလန် အစိုးရ၏ မှတ်ချက် PC- ၁၁၁၉၇ ကို ကြည့်ပါ)။ ထိုသို့သောအကြောင်းအရာများကို ဖယ်ရှားခြင်းသည် အကြမ်းဖက်သမားတို့၏ အကြမ်းဖက်မှုလုပ်ရပ်အကြောင်း ဆွေးနွေးမှုနှင့် ထိုသို့သော အကြမ်းဖက်မှုများ၏ နောက်ကွယ်ရှိ သဘောတရားများကို တန်ပြန်ရန် အားထုတ်မှုများကို တားဆီးနိုင်သောကြောင့် ထိုသို့လုပ်ခြင်းသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒ၏ ရည်ရွယ်ချက်များနှင့်ပင် ဆန့်ကျင်နိုင်သည် (ဥပမာ၊ PC-၁၁၁၆၄ – SMEX ကို ကြည့်ပါ)။

မီဒီယာလွတ်လပ်ခွင့်နှင့် အများပြည်သူနေရာအား အလေးထားမှု

၅၀။ Meta ၏ ကိုင်တွယ်လုပ်ဆောင်ပုံသည် စာနယ်ဇင်းပညာနှင့် ပြည်သူလူထုအကြား ဆွေးနွေးဖလှယ်ခြင်းကို ထိခိုက်စေကြောင်း ဘုတ်အဖွဲ့က အထူးစိုးရိမ်သည်။ ဤသက်ရောက်မှုများသည် အကြမ်းဖက်သမားများ သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အခြားအဖွဲ့အစည်းများ၏ အကြမ်းဖက်မှုများ ပိုမိုပျံ့နှံ့နေသော တည်နေရာများနှင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများက နယ်မြေထိန်းချုပ်မှုရှိသော သို့မဟုတ် အခြားတစ်နည်းအားဖြင့် နိုင်ငံရေးအာဏာစွဲကိုင်ထားသော နေရာများတွင် အထူးစိုးရိမ်ဖွယ်ရာဖြစ်သည်။ လူထုသဘောထားမှတ်ချက် အမျိုးမျိုးတွင် ဤစိုးရိမ်မှုများကို တင်ပြခဲ့ကြသည် (လူထုသဘောထားမှတ်ချက်များ၊ ဥပမာ၊ PC- ၁၁၁၉၆ – သမာသမတ်ရှိစေရေး အဖွဲ့အစည်း၊ PC-၁၁၁၅၇ – လူထုသံတမန်ရေးရာ ပါလက်စတိုင်း အဖွဲ့အစည်းကို ကြည့်ပါ)။ မီဒီယာအဖွဲ့အစည်းများနှင့် အခြားသော တိုက်ရိုက်ထုတ်လွှင့်အစီရင်ခံသူများသည် စာမျက်နှာများ သို့မဟုတ် အဖွဲ့များကို ဖယ်ရှားခြင်း သို့မဟုတ် အကောင့်များကို ပိတ်ခြင်းအပါအဝင် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာဖယ်ရှားမှုများကို ရှောင်ရှားလိုသောကြောင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများအကြောင်း အစီရင်ခံခြင်းကို သတိရှိနိုင်သည်။ အချို့သောကိစ္စရပ်များတွင် ယင်းသည် ကြိုတင်ခန့်မှန်း၍မရနိုင်ပါ – ဥပမာအားဖြင့် အစိုးရတစ်ခု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များအတွက် ထောက်ခံကြောင်း လက္ခဏာများကို ပြသနေသည့်အချိန်အတွင်းတွင် ထိုအစိုးရအပေါ် ဆန္ဒပြမှုနှင့်ပတ်သက်၍ အစီရင်ခံခြင်းဖြစ်သည်။ "shaheed" အား အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်စဉ် သေဆုံးသွားသူများအပါအဝင် ဤအခြေအနေများတွင် အသတ်ခံရသူများကို ရည်ညွှန်းရန် အသုံးပြုကြောင်း ဘာသာစကား၊ ယဉ်ကျေးမှု သို့မဟုတ် ဘာသာရေးဆိုင်ရာ လုပ်ရိုးလုပ်စဉ်များက ဆုံးဖြတ်ပေးနိုင်သည်။

၅၁။ လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်ပသိမ်းပိုက်မှုကို ခုခံခြင်းနှင့် ပြည်တွင်းမငြိမ်မသက်မှုအဖြစ် ယူဆနိုင်သည့် အခြေအနေများတွင်အပါအဝင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများက အကြမ်းဖက်မှုတွင် ပါဝင်နိုင်သည့် အခြေအနေများ၏ ရှုပ်ထွေးမှုကို သတိပြုရန် အရေးကြီးသည်။ သတင်းဌာနများသည် Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကိုလည်း လိုက်နာလျက် ဒေသတွင်း ဘာသာစကား၊ ယဉ်ကျေးမှု သို့မဟုတ် ဘာသာရေး အစဉ်အလာများကို သတိထားဆင်ခြင်ရန် လိုအပ်သဖြင့် မီဒီယာသည် အဆိုပါအခြေအနေများနှင့်ပတ်သက်၍ အစီရင်ခံရာတွင် သိသာသော စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်သည်။ Meta ၏ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ စာရင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ထိုစာရင်းတွင် မည်သူတို့ ပါဝင်ကြောင်း အသုံးပြုသူများ အမှန်တကယ် မသိရှိရခြင်းကြောင့် အဆိုပါစိုးရိမ်စရာများကို ပိုမိုဆိုးရွားစေသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ အစီရင်ခံခြင်းတွင် သတင်းအစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်း သို့မဟုတ် ဝေဖန်ရှုတ်ချခြင်း ခြွင်းချက်များနှင့်ဆက်စပ်သည်ထက် ပိုမိုကျော်လွန်သော မူဝါဒချိုးဖောက်မှု၏ လက္ခဏာတစ်ခုဖြစ်နိုင်သည့် လက်နက်ကြီးဖော်ပြချက်ကဲ့သို့ အကြမ်းဖက်မှု အချက်ပြလက္ခဏာများ ပါဝင်နိုင်သည်။ ထို့ကြောင့် Meta အနေဖြင့် အကြောင်းအရာက အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုနှင့်ပတ်သက်၍ အစီရင်ခံသည့်၊ ကြားနေသဘောဖြင့် ဆွေးနွေးသည့် သို့မဟုတ် ဝေဖန်ရှုတ်ချသည့် ဖြစ်ရပ်များတွင် မူဝါဒဆိုင်ရာခြွင်းချက်တစ်ခုကို ကျင့်သုံးရန် အရေးကြီးသည်။

၅၂။ ထိုတားမြစ်ချက်သည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများက လှုပ်ရှားဆောင်ရွက်နေသည့် သို့မဟုတ် နိုင်ငံရေးအာဏာစွဲကိုင်ထားသည့် အခြေအနေများတွင် နေထိုင်ရချိန်တွင် အသုံးပြုသူများအနေဖြင့် ၎င်းတို့၏အမြင်များနှင့် ဝေဖန်မှုကို ထုတ်ဖော်ပြရန်လည်း ပိုမိုခက်ခဲစေနိုင်သည်။ တိုက်ရိုက်ထိပ်တိုက်တွေ့ခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးအပေါ် ထိခိုက်မှုများကို ရှောင်ရှားနိုင်ရန်အလို့ငှာ ဤအခြေအနေများတွင် အသုံးပြုသူများသည် ချီးကျူးခြင်းအဖြစ် သေချာပေါက် အဓိပ္ပာယ်မသက်ရောက်စေသည့် အလေးထားသော နည်းလမ်းဖြင့် မိမိတို့၏သဘောထားမှတ်ချက်ကို စီကုံးရေးသားနိုင်ပါသည်။ လူမှုကွန်ရက်သည် အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာနယ်မြေများနှင့် သတင်းမီဒီယာလွတ်လပ်ခွင့် ကန့်သတ်ခံထားရသော နိုင်ငံများတွင် အပြန်အလှန်ဆွေးနွေးမှုအတွက် အရေးကြီးသော လူအများစုဝေးရာနေရာတစ်ခုကို ပံ့ပိုးပေးသဖြင့် ထိုသို့သောပြောဆိုမှုကို ပိတ်ဆို့အရေးယူခြင်းသည် အထူးစိုးရိမ်စရာ ဖြစ်သည်။

တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေး

၅၃။ အထူးသဖြင့် အာရဗီစကားပြောသူများနှင့် "shaheed" မွေးစားစကားလုံးများရှိသည့် အခြားဘာသာစကားများကို ပြောဆိုသူများ (မွတ်ဆလင်ဘာသာဝင်အများစု) အကြားတွင် "shaheed" ဟူသော စကားလုံးကို အဓိပ္ပာယ်အမျိုးမျိုးပြောင်းလဲ၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုကြောင့် Meta ၏ မူဝါဒသည် ဤအသိုင်းအဝိုင်းများပေါ် အချိုးမညီမျှသော သက်ရောက်မှုရှိသည်။ ယင်းသည် မိမိတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို ကျင့်သုံးရာတွင် အသုံးပြုသူတိုင်း ရထိုက်သည့် တန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုမရှိရေး အခွင့်အရေးများကို အလေးထားရန် ကုမ္ပဏီ၏တာဝန်ဝတ္တရားနှင့်စပ်လျဉ်း၍ သိသာထင်ရှားသော စိုးရိမ်စရာများကို ဖြစ်ပေါ်စေသည်။ ၎င်းသည် လူထုသဘောထားမှတ်ချက်များစွာ၏ အဓိကအာရုံစိုက်ရာ ဖြစ်ခဲ့သည် (ဥပမာ၊ PC-၁၁၁၈၃ ECNL EFF၊ PC-၁၁၁၉၀ – Brennan စင်တာ၊ PC-၁၁၁၈၈ – ဒစ်ဂျစ်တယ် အခွင့်အရေးများဆိုင်ရာ ဖောင်ဒေးရှင်း၊ PC-၁၁၁၉၆ – သမာသမတ်ရှိစေရေး အဖွဲ့အစည်းကို ကြည့်ပါ။ အစ္စရေးနှင့် ပါလက်စတိုင်းတို့အပေါ် Meta ၏ သက်ရောက်မှုဆိုင်ရာ BSR အစီရင်ခံစာကိုလည်း ကြည့်ပါ)။ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) သည် ၎င်း၏ “ အစွန်းရောက်ဝါဒလမ်းစဉ် ပပျောက်စေရေး” အစီရင်ခံချက်တွင် အစွန်းရောက်အကြမ်းဖက်မှုများကို အဓိကစေ့ဆော်ပေးသည့်အရာများမှာ အခြားသော အရင်းခံအကြောင်းရင်းများအနက် "မညီမျှမှု၊ ဖယ်ကြဉ်မှု၊ အခွင့်အလမ်းနည်းပါးမှုနှင့် မတရားမှုဟု ထင်မြင်ယူဆချက်များ" ဖြစ်ကြောင်း ဦးစားပေးဖော်ပြသည်။ Meta ၏ မူဝါဒအရ ကိုင်တွယ်လုပ်ဆောင်ပုံသည် အချို့သောအသိုင်းအဝိုင်းများ ခံစားနေရသည့် ဖယ်ကြဉ်ခြင်းနှင့် ချန်လှပ်ထားမှု အတွေ့အကြုံများကို ပိုဆိုးစေနိုင်ပြီး အကြမ်းဖက်မှု လျှော့ချရေးဟူသော ရည်ရွယ်ချက်နှင့်ပင် ဆန့်ကျင်ဘက်ဖြစ်နိုင်ကြောင်း ဘုတ်အဖွဲ့က စိုးရိမ်သည်။ အွန်လိုင်းပလက်ဖောင်းများတွင် အကြောင်းအရာစိစစ်ခြင်းနှင့်ဆက်စပ်၍ ကုမ္ပဏီများအနေဖြင့် အကြမ်းဖက်အစွန်းရောက်ဝါဒ တားဆီးရေးလုပ်ငန်းစဉ်သည် "လူပုဂ္ဂိုလ်များအပေါ် မရည်ရွယ်ဘဲ ကဲ့ရဲ့အပြစ်ဆိုခြင်းနှင့် ပစ်မှတ်ထားခြင်းကို မဖြစ်ပေါ်စေကြောင်း" သေချာအောင်လုပ်သင့်သည်ဟု UNDP က ဦးစားပေးဖော်ပြသည်။

အနှောင့်အယှက်ဖြစ်စေမှုနည်းသည့် အန္တရာယ်တားဆီးရေး နည်းလမ်းများ

၅၄။ မူဝါဒ၏ လိုအပ်မှုနှင့် အချိုးကျတရားမျှတမှုအပေါ် အကဲဖြတ်မှုသည် အဆိုပါတရားဝင်ရည်ရွယ်ချက် အထမြောက်စေရန်အတွက် ကန့်သတ်မှုနည်းသော နည်းလမ်းများရှိ၊ မရှိ ဆန်းစစ်လေ့လာမှုလည်း လိုအပ်သည်။ အကောင်အထည်ဖော်ပြီးပါက ဤသဘောထားအမြင်တွင် ဘုတ်အဖွဲ့၏ အကြံပြုချက်များအရ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို ရည်ညွှန်းရန် "shaheed" အသုံးပြုမှုအားလုံးကို ပြတ်သားတိကျစွာ ဖယ်ရှားနေခြင်းကို Meta အနေဖြင့် ရပ်တန့်ရန် လိုအပ်သည်။ မည်သို့ပင်ဆိုစေကာမူ အန္တရာယ်နှင့်ဆက်နွှယ်မှုက ဒွိဟဖြစ်မှုလျော့နည်းပြီး သိသာမှုပိုရှိသည့် ပိုမိုစေ့စပ်သေချာသော အခြေအနေများတွင် ဤအသုံးအနှုန်းကို အသုံးပြုထားသည့် အကြောင်းအရာကို ဖယ်ရှားနိုင်ဆဲဖြစ်သည်။ အကြံပြုချက်များသည် အခြားသော မူဝါဒချိုးဖောက်မှုများ (ဥပမာ၊ အမွှမ်းတင်ခြင်း သို့မဟုတ် မရှင်းလင်းသော ရည်ညွှန်းချက်များ) အတူပါရှိသည့်အခါ သို့မဟုတ် အကြောင်းအရာတွင် အကြမ်းဖက်မှု အချက်ပြလက္ခဏာများ ပါဝင်သည့်အခါ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များကို "shaheed" အဖြစ် ရည်ညွှန်းသော အကြောင်းအရာကို ဆက်လက်ဖယ်ရှားရန် Meta အား ခွင့်ပြုပါမည်။ ၎င်းသည် သီးခြားဘာသာစကားနှင့် ဘာသာရေးအဖွဲ့များအပေါ် စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်းအပါအဝင် မူဝါဒ၏ ဆိုးရွားသောသက်ရောက်မှုများကို လျှော့ချစဉ် အရေးပါသော ကန့်သတ်မှုကို ဆက်လက်ဆောင်ရွက်ပေးပါမည်။

၅၅။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို "shaheed" ဟု ရည်ညွှန်းခြင်းနှင့်အတူ အကြမ်းဖက်မှု အချက်ပြလက္ခဏာများ ရှိနေခြင်းသည် (အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်း သို့မဟုတ် ဝေဖန်ရှုတ်ချခြင်းအတွက် ခြွင်းချက်များ မသက်ရောက်ခဲ့လျှင်) အကြမ်းဖက်မှုကိစ္စရပ်နှင့် ထိုပုဂ္ဂိုလ်၏ဆက်စပ်မှုကြောင့် ထိုသူအား အကောင်းဘက်မှရည်ညွှန်းရန် ပို့စ်ကိုရည်ရွယ်ကြောင်း ပို၍ရှင်းရှင်းလင်းလင်း ဖော်ပြပေးသည်။ Meta က ၎င်း၏ တောင်းဆိုမှုတွင် ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအတွက် ကုမ္ပဏီတွင်း လမ်းညွှန်ချက်မှ ရယူအသုံးပြုထားသော အောက်ပါအကြမ်းဖက်မှု အချက်ပြလက္ခဏာများကို အဆိုပြုခဲ့သည်- (၁) လက်နက်ကြီးတစ်ခုကို ပုံဖော်ခြင်း။ (၂) လက်နက်ကြီး/လက်နက်တစ်ခုကို အသုံးပြုရန် သို့မဟုတ် ကိုင်ဆောင်ရန် ရည်ရွယ်ချက် သို့မဟုတ် ထောက်ခံအားပေးမှုကို ဖော်ပြခြင်း။ (၃) စစ်ဘက်သုံးစကားကို ရည်ညွှန်းခြင်း။ (၄) မီးရှို့ခြင်း၊ လုယက်ခြင်း သို့မဟုတ် အခြားဥစ္စာပစ္စည်းများကို ဖျက်ဆီးခြင်းကို ရည်ညွှန်းခြင်း။ (၅) သိထားသော လက်တွေ့ကမ္ဘာ အကြမ်းဖက်ဖြစ်ရပ်များကို ရည်ညွှန်းခြင်းနှင့် (၆) လူများအပေါ် အကြမ်းဖက်မှုကျူးလွန်ရန် ရည်ရွယ်ချက်ကို ဖော်ပြခြင်း၊ ထိုအကြမ်းဖက်မှု လုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်း၊ ထိုအကြမ်းဖက်မှုကို ကိုယ်စားပြုခြင်း၊ ထောက်ခံခြင်း သို့မဟုတ် အားပေးခြင်း။ ဤအချက်ပြလက္ခဏာများထဲမှအချို့သည် "shaheed" အသုံးပြုမှုတစ်ခုတည်းမှ ယူဆ၍မရနိုင်သော အန္တရာယ်ကို ဖြစ်စေသည့် အကြောင်းအရာများ၏ အထောက်အကူပြုသော အညွှန်းများကို ဖော်ပြပေးကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ သို့သော် ဤနေရာတွင် အခြားအချက်ပြလက္ခဏာများကို ထိုသို့အထောက်အကူပြုသည်ဟု မယူဆပါ။ အများသူငှာ ဝင်ရောက်ဖတ်ရှုနိုင်သော ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒသည် "အရှိန်မြင့်လာသော အကြမ်းဖက်မှုအန္တရာယ်တစ်ခု၏ ယာယီအချက်ပြလက္ခဏာများ" ကို သုံးကြိမ်ရည်ညွှန်းသည်။ တစ်ခုစီသည် သီးခြားတည်နေရာများ၊ မဲရုံများနှင့် ဆန္ဒပြပွဲများတွင်ကဲ့သို့ တိကျသည့် အချိန်သတ်မှတ်ချက်ရှိသော ဖြစ်ရပ်များတွင် အကြမ်းဖက်မှုအန္တရာယ်များကို ဖြေရှင်းရန် ရေးဆွဲထားသော စည်းမျဉ်းများနှင့်ဆက်စပ်သည်။ အန္တရာယ်ဖြစ်နိုင်ခြေက နှိုင်းယှဉ်နိုင်လောက်အောင် ဖြစ်နိုင်ဖွယ်မရှိသော သို့မဟုတ် ဖြစ်အံ့ဆဲဆဲမဟုတ်သော ဆက်စပ်အခြေအနေအားလုံးတွင် "shaheed" ရည်ညွှန်းချက်များအား စည်းကမ်းထိန်းသိမ်းမှုကို လမ်းညွှန်ရန် ဤအချက်ပြလက္ခဏာအားလုံးကို အစုလိုက်အသုံးချခြင်းသည် အချိုးမညီမျှသော စည်းကမ်းထိန်းသိမ်းမှု အန္တရာယ်ကို ဖြစ်စေသည်။

၅၆။ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒ၏ ပိုမိုကျယ်ပြန့်သော အခြေအနေတွင် ပိုမိုစေ့စပ်တိကျသော အချက်ပြလက္ခဏာ အစုအဝေးတစ်ခုက သင့်လျော်သည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။ လက်နက်ကြီးတစ်ခုကို ပုံဖော်ခြင်းဟူသော အချက်ပြလက္ခဏာနှင့် လက်နက်ကြီး သို့မဟုတ် လက်နက်တစ်ခုကို အသုံးပြုရန် သို့မဟုတ် ကိုင်ဆောင်ရန် ရည်ရွယ်ချက် သို့မဟုတ် ထောက်ခံအားပေးမှုကို ဖော်ပြခြင်းဟူသော အချက်ပြလက္ခဏာ နှစ်ခုလုံးကို အန္တရာယ်ဖြစ်နိုင်ခြေပိုများသော အကြောင်းအရာများ၏ ညွှန်ပြချက်များအဖြစ် ယူဆသင့်သည်။ "သိထားသော လက်တွေ့ကမ္ဘာရှိ အကြမ်းဖက်မှုဖြစ်ရပ်များကို ရည်ညွှန်းခြင်း" ဟူသော အချက်ပြလက္ခဏာသည် ကျယ်ပြန့်လွန်းသော်လည်း အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များ၏ အကြမ်းဖက်မှုမှ ဖယ်ရှားထားသည့် အခြေအနေများစွာကို အကျုံးဝင်စေကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ထို့ကြောင့် ၎င်းကို ပို၍စေ့စပ်တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုသင့်ပြီး "အကြမ်းဖက် တိုက်ခိုက်မှုများ၊ အမုန်းတရားအခြေပြု ဖြစ်ရပ်များ၊ နစ်နာသူများစွာရှိသော အကြမ်းဖက်မှု သို့မဟုတ် နစ်နာသူများစွာရှိသော အကြမ်းဖက်မှုကျူးလွန်ရန် ကြံစည်မှု၊ ကွင်းဆက်လူသတ်မှုများနှင့် အမုန်းတရားအခြေပြု ရာဇဝတ်မှုများ" ပါဝင်သည့် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအောက်တွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ဆောင်ရွက်ချက်များအဖြစ်သာ ကန့်သတ်ဖော်ပြသင့်သည်။ ဘုတ်အဖွဲ့က အကြံပြုသည့် အချက်ပြလက္ခဏာသုံးခုသည် အကြမ်းဖက်သမားတို့၏ အကြမ်းဖက်မှုလုပ်ရပ်များကို ပို၍အတိအလင်း ရည်ညွှန်းသည့် ဒွိဟဖြစ်မှုပိုနည်းသော "shaheed" အသုံးပြုမှုများကို ဖယ်ရှားဆဲဖြစ်ကြောင်း သေချာစေရန် ဆက်စပ်အခြေအနေကို ပို၍ထည့်သွင်းစဉ်းစားသော မသိမသာ ကွဲပြားချက်ကို ထည့်တွက်သည်။

၅၇။ Meta က အဆိုပြုထားသည့် ကျန်ရှိသော အချက်ပြလက္ခဏာများဖြစ်သည့် "စစ်ဘက်အသုံးအနှုန်းကို ရည်ညွှန်းခြင်းများ" နှင့် "မီးရှို့ခြင်း၊ လုယက်ခြင်း သို့မဟုတ် အခြားဥစ္စာပစ္စည်းများကို ဖျက်ဆီးခြင်းကို ရည်ညွှန်းခြင်း" သည် ကျယ်ပြန့်လွန်း၍ မတိကျသော စည်းကမ်းထိန်းသိမ်းမှုကို ဖြစ်ပေါ်စေပါမည်။ နောက်ဆုံးအဆိုပြုထားသော အချက်ပြလက္ခဏာဖြစ်သည့် "လူများအပေါ် အကြမ်းဖက်ရန်အတွက် ရည်ရွယ်ချက်ကို ဖော်ပြခြင်း၊ ထိုသို့အကြမ်းဖက်စေရန် ဖိတ်ခေါ်ခြင်း၊ ထိုအကြမ်းဖက်မှုကို ကိုယ်စားပြုခြင်း၊ ထောက်ခံခြင်း သို့မဟုတ် အားပေးခြင်း" သည် သီးခြားစီဆိုလျှင် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်သော အကြောင်းအရာ ဖြစ်စေမည်ဖြစ်ပြီး ထို့အတွက်ကြောင့် အကြမ်းဖက်မှု အချက်ပြလက္ခဏာတစ်ခု ပါဝင်လျှင် ထပ်တူဖြစ်ခြင်းနှင့် မလိုအပ်ခြင်းကို ဖြစ်စေပါမည်။

၅၈။ Meta ၏ တတိယ မူဝါဒရွေးချယ်စရာနှင့် ကွဲပြားလျက် ဤအကြမ်းဖက်မှု အချက်ပြလက္ခဏာများနှင့်အတူ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များအား ရည်ညွှန်းမှုများ ပြုလုပ်သည့်အခါတွင်ပင် ၎င်းတို့သည် အဆိုပါလူပုဂ္ဂိုလ်များ သို့မဟုတ် ၎င်းတို့၏လုပ်ရပ်များကို အမွှမ်းတင်ရန် မရည်ရွယ်နိုင်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ (စာမျက်နှာ ၉ - ၁၀ ရှိ) ၎င်း၏တောင်းဆိုမှုတွင် Meta သည် ပါကစ္စတန်ရှိ မီဒီယာသတင်းအစီရင်ခံခြင်း ဆောင်ရွက်ချက်များကို ကိုးကားလျက် စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်းဖြစ်နိုင်ခြေအကြောင်း ရှင်းပြသည်။ ဘုတ်အဖွဲ့၏ အမြင်တွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦး၏ သေဆုံးမှုကို ရည်ညွှန်းရာတွင် မီဒီယာက လက်နက်ကြီးများနှင့်အတူ သူ့ကိုပြထားသော ရုပ်ပုံကို ထည့်သွင်းခြင်းနှင့်/သို့မဟုတ် အဆိုပါလုပ်ရပ်များကို အမွှမ်းမတင်သော်လည်း သူ့ကြောင့်ဖြစ်ပွားခဲ့သည့် ပျက်စီးမှု၏ ရုပ်ပုံကို ပြသခြင်းသည် ပုံမှန်ဖြစ်ပါမည်။ ဤအကြောင်းကြောင့် အဖွဲ့အစည်းနှင့်ပတ်သက်၍ အစီရင်ခံရန်၊ ဝေဖန်ရှုတ်ချရန် သို့မဟုတ် ကြားနေသဘောဖြင့် ဆွေးနွေးရန် ရှင်းလင်းသော ရည်ရွယ်ချက်ရှိလျှင် အကြောင်းအရာကို ခွင့်ပြုပေးရန်အတွက် ပမာဏအများအပြား စိစစ်သုံးသပ်သူများအား လေ့ကျင့်သင်ကြားပေးရန် လိုအပ်သည်။

၅၉။ ထို့အပြင် ဘုတ်အဖွဲ့၏ အကြံပြုထားသော မူဝါဒပြောင်းလဲမှုများသည် အကြမ်းဖက်သမားများနှင့် ၎င်းတို့ကိုထောက်ခံသူများက လက်တွေ့ကမ္ဘာတွင် ထိခိုက်နာကျင်မှု ဖြစ်ပွားစေရန် Meta ၏ ပလက်ဖောင်းများကို အသုံးပြုခြင်းမရှိအောင် ကာကွယ်ရန် အခြားအကြောင်းအရာဆိုင်ရာ မူဝါဒမြောက်မြားစွာကို ပကတိအတိုင်း ဆက်ရှိစေပါမည်။ အဆင့် ၁ အဖြစ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို ရည်ညွှန်းသည့်အနေဖြင့် "shaheed" ကို ထည့်သွင်းဖော်ပြထားသော ပို့စ်များကို အောက်ပါအခြေအနေများတွင် ဖယ်ရှားပါမည်-

  • အထက်ဖော်ပြပါ အကြမ်းဖက်မှု အချက်ပြလက္ခဏာသုံးခုအနက် တစ်ခု သို့မဟုတ် ထို့ထက်ပို၍ ပူးတွဲပါရှိသည့်အခါ။
  • ပို့စ်တွင် (ဥပမာ- အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စားပြုခြင်း၊ ထောက်ခံခြင်း သို့မဟုတ် အမွှမ်းတင်ခြင်းဖြင့်) အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒကို အခြားချိုးဖောက်မှုတစ်ခုခု ပါရှိသည့်အခါ။ ဥပမာအားဖြင့် အမွှမ်းတင်ခြင်းတွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦး၏ အကြမ်းဖက်သော သို့မဟုတ် အမုန်းပွားသော လုပ်ရပ်များကို တရားဝင်ဖြစ်စေခြင်း သို့မဟုတ် ခုခံကာကွယ်ခြင်း သို့မဟုတ် သူ၏အကြမ်းဖက်မှု သို့မဟုတ် အမုန်းတရားကို အောင်မြင်မှုတစ်ခုအဖြစ် ဂုဏ်ပြုခြင်း ပါဝင်ပါမည်။
  • ပို့စ်တွင် အမုန်းစကား သို့မဟုတ် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုကြောင့် အပါအဝင် အခြားမူဝါဒချိုးဖောက်မှုတစ်ခုခု ပါဝင်သည့်အခါ။
  • ပို့စ်တွင် "မရှင်းလင်းသော သို့မဟုတ် ဆက်စပ်မှုမရှိသော" ရည်ညွှန်းချက်များ ရှိသည့်အခါ။ ၎င်းတွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း၏ အကြမ်းဖက်မှု သို့မဟုတ် အမုန်းပွားမှုကို အမွှမ်းမတင်ထားသည့် "မရေရာ ရှင်းလင်းသော ဟာသ၊ စာတန်းမပါသော သို့မဟုတ် အကောင်းဘက်မှ ရည်ညွှန်းပြောဆိုချက်များ" ပါဝင်သည်။

၆၀။ ထို့ကြောင့် ဘုတ်အဖွဲ့၏ အကြံပြုချက်များသည် အဆင့် ၁ အဖြစ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို "shaheed" အဖြစ် ရည်ညွှန်းသည့်အခါ အသုံးပြုသူများအနေဖြင့် ၎င်းတို့ပို့စ်များ၏ ရည်ရွယ်ချက်ကို ရှင်းလင်းအောင် သေချာလုပ်ရန် သတ်မှတ်ထားခြင်းမှ Meta အား တားမြစ်မည် မဟုတ်ပါ။ ၎င်းသည် "shaheed" ဟူသော အသုံးအနှုန်းတစ်ခုတည်းကို အမှီပြု၍ ပို့စ်ကို ချိုးဖောက်သည်ဟု အခိုင်အမာဆိုခြင်းမှသာ Meta အား တားမြစ်ပါမည်။ အကြမ်းဖက်မှု တန်ပြန်ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ဖိုရမ်တွင် Meta ၏ တက်ကြွစွာပါဝင်မှုနှင့် ၎င်း၏ ဟက်ရှ်ကီးသွင်းပုံစံတူတွဲဖက်ကြည့်ခြင်း ဒေတာဘေ့စ် အသုံးပြုမှုသည်လည်း လက်တွေ့ကမ္ဘာတွင် ထိခိုက်နာကျင်မှု ဖြစ်စေနိုင်သည့် အကြောင်းအရာများကို ဖယ်ရှားကြောင်း သေချာစေသည်။ ဘုတ်အဖွဲ့၏ အကြံပြုချက်များသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ခွဲခြားဆက်ဆံမှုမရှိရေးကို ပိုမိုအလေးထားလျက် အကြမ်းဖက်မှုအန္တရာယ်များကို မြင့်တက်စေနိုင်သည့် အကြောင်းအရာများပေါ် ပိုမိုရှင်းလင်းသော၊ ဆက်စပ်အခြေအနေကို ပို၍ထည့်သွင်းစဉ်းစားသော၊ အချိုးကျမျှတသော စည်းကမ်းထိန်းသိမ်းမှုကို ဖြစ်ပေါ်စေပါမည်။

အခြားသော မူဝါဒရွေးချယ်စရာများကို အကဲဖြတ်ခြင်း

၆၁။ ဤအကြောင်းများကြောင့် ဘုတ်အဖွဲ့ထည့်သွင်းစဉ်းစားရန် ရွေးချယ်စရာတစ်ခုအဖြစ် Meta က တင်ပြခဲ့သည့် မူဝါဒ၏ လက်ရှိအခြေအနေအတိုင်း ဆက်သွားခြင်းသည် အာရဗီစကားပြောသူများ၊ သက်ဆိုင်ရာ ဘာသာစကားကိုပြောဆိုသော အသိုင်းအဝိုင်းများနှင့် မွတ်ဆလင်ဘာသာဝင်များအပေါ် အချိုးမညီမျှစွာ ထိခိုက်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် တရားမျှတမှုမရှိသော ကန့်သတ်မှုများကို ခိုင်မာစွာ အမြစ်တွယ်စေမည်ဟု ဘုတ်အဖွဲ့က ကောက်ချက်ချသည်။ Meta ၏ ဒုတိယအဆိုပြုထားသော မူဝါဒရွေးချယ်စရာသည် "shaheed" ဟူသော စကားလုံး အသုံးပြုမှုကို ဆက်စပ်စဉ်းစားရန်နှင့် အန္တရာယ်ရှိသော လူပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ထိုစကားလုံးကို နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုခွင့်ပေးရန် ၎င်းက ကြိုးစားနေသရွေ့ ဘုတ်အဖွဲ့က အကြံပြုသည့် ၎င်း၏တတိယရွေးချယ်စရာနှင့် ဆင်တူပါသည်။ အမှန်တကယ်တွင် Meta ၏ အဆိုအရ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်က မူဝါဒတွင် ပြုလုပ်ထားသော ပြောင်းလဲမှုများသည် ငြိမ်းချမ်းရေးသဘောတူညီချက်များ ရွေးကောက်ပွဲများ၊ လူ့အခွင့်အရေးနှင့်ဆက်စပ်သော ကိစ္စရပ်များ၊ သတင်းအစီရင်ခံခြင်း၊ ပညာရေးဆိုင်ရာ၊ ကြားနေသဘောနှင့် ဝေဖန်ရှုတ်ချသော ဆွေးနွေးမှုများနှင့်ဆက်စပ်၍ အပါအဝင် အချို့သောဖြစ်ရပ်များတွင် နောက်ထပ်လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်မှုကို ခွင့်ပြုသည်။ ၎င်းသည် ဒုတိယနှင့် တတိယရွေးချယ်စရာများမှ ရရှိစေသည့် မူဝါဒရလဒ်များကို ပို၍ပင်နီးစပ်စေသည်။ ၎င်းတို့အကြား အသိသာဆုံးခြားနားချက်သည် ပမာဏအများအပြားအတွက် နည်းပညာဆိုင်ရာ ဖြစ်နိုင်ခြေနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်မှုတို့ ဖြစ်သည်။ ဒုတိယရွေးချယ်စရာအရ Meta သည် ပထမဦးစွာ ခွင့်ပြုထားသော ခြွင်းချက်များမှ တစ်ခု သက်ရောက်ကြောင်း အခိုင်အမာ သက်သေပြပြီးနောက် ၎င်းတွင် မူဝါဒချိုးဖောက်မှုများ သို့မဟုတ် အကြမ်းဖက်မှု အချက်ပြလက္ခဏာများ ပါ၊ မပါ စစ်ဆေးရန် လိုအပ်သည်။ တတိယရွေးချယ်စရာမှာမူ မူဝါဒချိုးဖောက်မှုများ သို့မဟုတ် အကြမ်းဖက်မှု အချက်ပြလက္ခဏာများ ရှိ၊ မရှိ စစ်ဆေးခြင်းအဆင့်သို့ တိုက်ရိုက်သွားသည်။ Meta ၏ အဆိုအရ ဒုတိယရွေးချယ်မှုသည် ဖြစ်နိုင်ခြေရှိသော ခြွင်းချက်များစွာ (မကြာသေးမီက မူဝါဒပြောင်းလဲမှုများ ပြုလုပ်ပြီးနောက်တွင် ပို၍ပင် ကျယ်ပြန့်လာသည်) ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး ၎င်းတို့တစ်ခုစီသည် ဆက်စပ်အကြောင်းအရာ အကဲဖြတ်မှုအပေါ် များစွာမူတည်သဖြင့် နည်းပညာပိုင်းအရ စီစဉ်ရေးဆွဲရန်နှင့် အကောင်အထည်ဖော်ရန် သိသိသာသာ ပိုမိုခက်ခဲမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် အဆိုပါ အကဲဖြတ်ချက်များကို တိကျစွာနှင့် တစ်သမတ်တည်းပြုလုပ်ရန် ခက်ခဲခြင်းသည် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းကို ပိုမိုလိုအပ်နိုင်ပြီး စည်းကမ်းထိန်းသိမ်းမှု အမှားအယွင်းများစွာကို သိသိသာသာ ပိုမိုများပြားလာစေသည်ဟု ဆိုလိုသည်။

၆၂။ Meta သည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ "shaheed" ၏ အသုံးပြုမှုအားလုံးကို လက်ရှိ ခြွင်းချက်များထက် ကျော်လွန်၍ ပိုမိုတစ်သမတ်တည်း စစ်ဆေးသည့် နည်းလမ်းကို အားကိုးရန်နှင့် အခြား မူဝါဒချိုးဖောက်မှုများ သို့မဟုတ် အကြံပြုချက်နံပါတ် ၁ တွင် ဖော်ပြထားသော အကြမ်းဖက်မှု အချက်ပြလက္ခဏာ သုံးခုအနက်မှ တစ်ခုပါဝင်သောအခါ ထိုအသုံးပြုမှုများကို ဖယ်ရှားရန် ပိုမိုသင့်တော်ကြောင်း ဘုတ်အဖွဲ့က လက်ခံစဉ်းစားသည်။ ဘုတ်အဖွဲ့က အကြံပြုထားသည့်အတိုင်း အခြားမူဝါဒချိုးဖောက်မှုများ သို့မဟုတ် အကြမ်းဖက်မှုဆိုင်ရာ သီးခြားအချက်ပြလက္ခဏာများ ရှိနေမှသာ “shaheed” ကို တားမြစ်ထားသော ရည်ညွှန်းချက်အဖြစ် သဘောထားရန်ဟူသော Meta ၏ တတိယမြောက် အဆိုပြုထားသည့် ရွေးချယ်စရာနှင့် ပိုမိုနီးစပ်သော ရပ်တည်ချက်ကို လက်ခံကျင့်သုံးရန် မူဝါဒအား ပြောင်းလဲခြင်းသည် စည်းကမ်းမချိုးဖောက်သည်ဟု ချိုးဖောက်သည်ဟု မှားယွင်းဆုံးဖြတ်မှုများ (ချိုးဖောက်ခြင်းမရှိသည့် အကြောင်းအရာများကို မှားယွင်းစွာ ဖယ်ရှားခြင်းများ) ကို ကူညီလျှော့ပေးမည်ဖြစ်ပြီး အများပြည်သူ အကျိုးစီးပွား၊ မီဒီယာလွတ်လပ်ခွင့်နှင့် ပြည်သူလူထုအကြား ဆွေးနွေးဖလှယ်ခြင်းကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်မည်ဖြစ်ပြီး ထိခိုက်ခံစားရသော အုပ်စုများအကြား တန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုမရှိစေရေးအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက အစ္စရေးနိုင်ငံအပေါ် ဟားမတ်စ်ဦးဆောင်သော တိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲ ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း ဘုတ်အဖွဲ့၏ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါဖြစ်ရပ်များသည် ၎င်း၏တောင်းဆိုမှုတွင် ကနဦးတင်ပြခဲ့သည့် ရွေးချယ်စရာများအား အတိုင်းအတာ အတိုးအလျှော့လုပ်နိုင်စွမ်းအပေါ် ၎င်း၏ဆန်းစစ်ချက်ကို ပြောင်းလဲစေခြင်းမရှိကြောင်း Meta က အတည်ပြုပြောကြားခဲ့သည်။ ဘုတ်အဖွဲ့၏အမြင်တွင် Meta ၏ တတိယရွေးချယ်စရာအပေါ်အခြေခံ၍ အဆိုပြုထားသော အကြံပြုချက်များသည် "အစီရင်ခံခြင်း၊ ကြားနေဆွေးနွေးခြင်းနှင့် ဝေဖန်ရှုတ်ချခြင်း" အတွက် မူဝါဒဆိုင်ရာခြွင်းချက်များကို အသုံးပြုနိုင်ပါက ဤကဲ့သို့ အတိုင်းအတာရှိသော အရေးအခင်းကိစ္စတစ်ခု ပေါ်ပေါက်လာသောအခါ အမှားအယွင်းဖြစ်နိုင်ခြေများကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်းအရှိဆုံး ဖြစ်ပါလိမ့်မည်။ ဤမူဝါဒဆိုင်ရာခြွင်းချက်များကို အသုံးပြုနိုင်အောင် လုပ်ပေးခြင်းသည် Meta ၏ တတိယရွေးချယ်စရာက အဆိုပြုထားသော မူဝါဒအတိုင်းအတာ အတိုးအလျှော့လုပ်နိုင်စွမ်းကို အနည်းငယ်ပို၍ ရှုပ်ထွေးစေကြောင်း ဘုတ်အဖွဲ့က သိရှိနားလည်သော်လည်း ၎င်းတို့သည် “shaheed” ဟူသော စကားလုံးကို သုံးထားသည့် အကြောင်းအရာများကို စိစစ်ခြင်းနှင့်စပ်လျဉ်း၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လုံလောက်သော ကာကွယ်ပေးမှုအတွက် မရှိမဖြစ် လိုအပ်သည်ဟု ကောက်ချက်ချသည်။

၆၃။ ဘုတ်အဖွဲ့ဝင်အနည်းစုက ဤကောက်ချက်ချမှုကို သဘောမတူဘဲ လက်ရှိအနေအထားအတိုင်း ဆက်ထားရန် သို့မဟုတ် Meta က ဒုတိယအဆိုပြုထားသည့် ရွေးချယ်စရာကို လက်ခံကျင့်သုံးရန် လိုလားကြသည်။ “shaheed” ဟူသော စကားလုံးသည် အမှန်အားဖြင့် အကြမ်းဖက်အဖွဲ့အစည်းများက အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသူများကို ချီးကျူးခြင်းနှင့် အမွှမ်းတင်ခြင်း အဓိပ္ပာယ်ဆောင်ရန် အသုံးပြုသည့် စကားလုံးဖြစ်ပြီး ၎င်းသည် အစွန်းရောက်ခြင်းနှင့် လူသစ်စုဆောင်းခြင်းအတွက် အားပေးမှုတစ်ခုဖြစ်နိုင်ကြောင်း အချို့က အလေးပေးဖော်ပြသည်။ ဤအချက်အလက်များသီးသန့်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် သိရှိနားလည်ထားသည့် ထိခိုက်နစ်နာမှု ဖြစ်သော်ငြားလည်း လက်ရှိပြတ်သားတိကျသော တားမြစ်ချက်ကို ဆက်လက်ထားရှိရန် အကြောင်းခိုင်လုံစေသော ပြင်ပကမ္ဘာရှိ ထိခိုက်နစ်နာမှု၏ ကြီးမားသော အန္တရာယ်ကို ကိုယ်စားပြုကြောင်း ထိုဘုတ်အဖွဲ့ဝင်များက ယူဆပါသည်။ Meta ၏ ပလက်ဖောင်းများတွင် “shaheed” ကို အသုံးပြုခြင်းနှင့်ဆက်စပ်နိုင်သည့် ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်မှု အတိုင်းအတာ၊ မူဝါဒအရ လွန်ကဲစွာစည်းကမ်းထိန်းသိမ်းမှုကို တွေ့ရများလာခြင်းနှင့်ပတ်သက်ပြီး အချက်အလက် အလုံအလောက်မရှိခြင်းသည် ပို၍အန္တရာယ်ကင်းရှင်းမှုကို ဦးစားပေးလျက် ပိုမိုသတိထားရမည့် ချဉ်းကပ်နည်းကို ကျင့်သုံးရသည့် အကြောင်းရင်းအဖြစ် အခြားသူများက ရှုမြင်ကြသည်။ ပမာဏအမြောက်အမြား စိစစ်ရသည့်အခါ နည်းပညာဆိုင်ရာ အခက်အခဲများနှင့် အကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေတို့၏ နောက်ဆက်တွဲသက်ရောက်မှုများ မည်သို့ပင်ရှိလင့်ကစား သီးခြားခွင့်ပြုနိုင်သော ခြွင်းချက်များကို အသုံးပြုနိုင်ကြောင်း ဦးစွာတွေ့ရှိသောအခါတွင် Meta သည် "shaheed" ၏ အဓိပ္ပာယ်နှင့် အသုံးပြုမှုကိုသာ ထည့်သွင်းစဉ်းစားမည့် ဒုတိယရွေးချယ်စရာမှာ ပို၍စေ့စပ်တိကျစွာ အံဝင်ခွင်ကျဖြစ်စေရန် အတိုးအလျှော့လုပ်နိုင်သည့် အနေအထားတစ်ခုဟုလည်း တချို့ဘုတ်အဖွဲ့ဝင်များက ယုံကြည်ကြသည်။ ဘုတ်အဖွဲ့သည် ဤအခြားရွေးချယ်စရာများကို အကျယ်တဝင့် လက်ခံစဉ်းစားပြီး ဆွေးနွေးခဲ့သည်။ အထက်ပါအပိုင်းများတွင် ဖော်ပြခဲ့ပြီးသော အကြောင်းရင်းများအတွက် Meta ၏ တတိယရွေးချယ်စရာအပေါ် အခြေခံသော အကြံပြုချက်များသည် ပိုမိုသင့်လျော်သော ဟန်ချက်ညီမှုရှိကြောင်း ဘုတ်အဖွဲ့ဝင်အများစုက ကောက်ချက်ချကြသည်။

သတိပေးချက်များနှင့် ပြစ်ဒဏ်များ

၆၄။ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအရ အခြားကန့်သတ်ချက်များကို ဆက်လက်ထိန်းသိမ်းထားရှိခြင်းသည် ကျိုးကြောင်းလျော်ကန်နိုင်သော်လည်း Meta သည် ဤကန့်သတ်ချက်များနှင့် ချိုးဖောက်မှုအတွက် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများသည် အချိုးကျမျှတမှုရှိကြောင်း သေချာစေရမည်။ Meta သည် ၎င်း၏ “ချီးမွမ်းခြင်း” ဆိုင်ရာ ယခင်တားမြစ်ချက် အပါအဝင် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအား ချိုးဖောက်မှုအားလုံးအတွက် ပြင်းထန်သော သတိပေးချက်များကို အမြဲတမ်းသက်ရောက်စေကြောင်း ဘုတ်အဖွဲ့အား ယခင်က အသိပေးထားသည်။ ပြင်းထန်သော သတိပေးချက်များသည် အချိန်အကန့်အသတ်ဖြင့် လုပ်ဆောင်ချက် ကန့်သတ်ခံရမှုများ၊ အကောင့်ဆိုင်းငံ့ခံရခြင်းနှင့် ပရိုဖိုင်များ သို့မဟုတ် စာမျက်နှာများကို အမြဲတမ်း ပိတ်သိမ်းခြင်းကဲ့သို့သော အကောင့်အဆင့် ပြစ်ဒဏ်များဆီသို့ ပိုမိုလျင်မြန်စွာ ရောက်ရှိသွားစေနိုင်သည်။ ဤအစီအမံများသည် အသုံးပြုသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို ပြင်းထန်စွာ ကန့်သတ်နိုင်သည် (လူထုသဘောထားမှတ်ချက်များတွင်လည်း အလေးပေးထားသည်၊ ဥပမာ PC-၁၁၁၉၀ – Brennan စင်တာကို ကြည့်ပါ)။ Meta သည် ၎င်း၏ သတိပေးချက်စနစ်ကို ပိုမိုရှင်းလင်း၍ ပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ဆောင်သင့်ကြောင်း ဘုတ်အဖွဲ့က ယခင်က အကြံပြုထားသည် ( သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းခြင်း၊ အကြံပြုချက်နံပါတ် ၂၊ သမ္မတဟောင်းထရမ့်ကို ဆိုင်းငံ့ခြင်း၊ အကြံပြုချက်နံပါတ် ၁၅ )။ တုံ့ပြန်မှုအနေဖြင့် Meta သည် ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် သတိပေးချက်စနစ်ဆိုင်ရာ အချက်အလက်များကို ဖော်ပြပေးပြီး အသုံးပြုသူများအား ၎င်းတို့၏အကောင့်များတွင် Meta က ကျင့်သုံးခဲ့သော ပြစ်ဒဏ်များကို ပြန်လည်စိစစ်ခွင့်ပြုပါသည်။ Meta သည် ၎င်း၏ ပုံမှန်သတိပေးချက်များကို ပို၍အချိုးကျမျှတမှုရှိစေရန်အတွက် မကြာသေးမီက ၎င်း၏စနစ်ကို အပ်ဒိတ်လုပ်ခဲ့သော်လည်း "ပြင်းထန်သော သတိပေးချက်များ" နှင့်စပ်လျဉ်းသည့် Meta ၏ ကိုင်တွယ်လုပ်ဆောင်ပုံကို လိုက်လျောညီထွေ ပြင်ဆင်ခဲ့ခြင်းရှိ၊ မရှိ အများပြည်သူ ရှင်းရှင်းလင်းလင်း မသိရပါ။

၆၅။ ၎င်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက မူဝါဒပြင်ဆင်ချက်ပါ ရှင်းလင်းချက်သည် ၎င်း၏ စည်းကမ်းထိန်းသိမ်းမှုစနစ်တွင် ပြောင်းလဲမှုရှိခဲ့၊ မရှိခဲ့ သို့မဟုတ် ပြောင်းလဲမည်၊ မပြောင်းလဲမည်ကို ရှင်းပြမထားသော်လည်း အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒနှင့်ဆိုင်သည့် စည်းကမ်းထိန်းသိမ်းမှုစနစ်တွင် ပြောင်းလဲမှုများ လုပ်ဆောင်နေကြောင်း Meta က မျှဝေခဲ့သည်။ ယခင်က ဘုတ်အဖွဲ့၏ အကြံပြုချက်များနှင့်အညီ ၎င်းသည် ချိုးဖောက်သည်ဟု အတိအကျသတ်မှတ်ထားသော အကြောင်းအရာအတွက် ပိုမိုအချိုးကျမျှတမှုရှိသော ပြစ်ဒဏ်များကို ဖြစ်ပေါ်စေပါက ဘုတ်အဖွဲ့သည် စည်းကမ်းထိန်းသိမ်းရေးစနစ်ရှိ ပြောင်းလဲမှုများကို ကြိုဆိုပါသည်။ ပြင်းထန်သော သတိပေးချက်များသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအ‌ပေါ် သိပ်မဆိုးရွားသော၊ ဝေါဟာရအဓိပ္ပာယ်အရ မပြတ်သားသော ချိုးဖောက်မှုများအတွက် အချိုးမညီမျှသော ပြစ်ဒဏ်များဖြစ်ပြီး ရလဒ်အနေဖြင့် မူဝါဒသည် အသုံးပြုသူများအပေါ် စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်းနှင့် မမျှတသော ဆက်ဆံမှုနှုန်းကို ဆက်လက်၍ မြင့်မားစေသည်။

၆.၂ စာရင်းကို ပိုမိုပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ခြင်းနှင့် စာရင်းစစ်ဆေးခြင်း

အကြံပြုချက် ၄ – ပွင့်လင်းမြင်သာမှု- ၎င်း၏ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့် ဆောင်ရွက်ချက်များ စာရင်းကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် Meta သည် အဖွဲ့အစည်းများနှင့် ဆောင်ရွက်ချက်များကို သတ်မှတ်သည့် လုပ်ထုံးလုပ်နည်းကို ပို၍အသေးစိတ် ရှင်းပြသင့်သည်။ ၎င်း၏စာရင်းပါ အဆင့်တစ်ခုစီရှိ အဖွဲ့အစည်းများ၏ စုစုပေါင်းအရေအတွက်နှင့် လွန်ခဲ့သည့်နှစ်က အဆင့်တစ်ခုစီသို့ ထည့်သွင်းခဲ့သည့် အရေအတွက်နှင့် အဆင့်တစ်ခုစီမှ ဖယ်ရှားခဲ့သည့် အရေအတွက်အပါအဝင် ၎င်း၏ ရွေးချယ်သတ်မှတ်မှုစာရင်းတွင် စုစည်းထားသော အချက်အလက်များကိုလည်း ပုံမှန်ထုတ်ပြန်ပေးသင့်သည်။

Meta သည် ၎င်း၏ ပွင့်လင်းမြင်သာမှု စင်တာတွင် တောင်းဆိုထားသော အချက်အလက်များကို ထုတ်ပြန်သည့်အခါ ၎င်းကို အကောင်အထည်ဖော်ပြီး ဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။

အကြံပြုချက် ၅ – စည်းကမ်းထိန်းသိမ်းမှု- အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အချက်အလက်စာရင်းသည် အပ်ဒိတ်ဖြစ်ပြီး ၎င်းတွင် Meta ၏ ရွေးချယ်သတ်မှတ်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မကိုက်ညီတော့သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆောင်ရွက်ချက်များ မပါဝင်တော့ကြောင်း သေချာစေရန် ကုမ္ပဏီသည် ရွေးချယ်သတ်မှတ်ချက်များကို ပုံမှန်စာရင်းစစ်ဆေးခြင်းနှင့် ထုတ်ပြန်ထားသောစံနှုန်းနှင့် မကိုက်ညီတော့သည်များကို ဖယ်ရှားခြင်းအတွက် ရှင်းလင်းပြတ်သားပြီး ထိရောက်သော လုပ်ငန်းစဉ်ကို စတင်၍ အကောင်အထည်ဖော်သင့်သည်။

Meta သည် ထိုသို့သော စာရင်းစစ်ဆေးခြင်း လုပ်ငန်းစဉ်ကို ရေးဆွဲဖန်တီးပြီး ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် လုပ်ငန်းစဉ်အကြောင်း ရှင်းပြသည့်အခါ ၎င်းကို အကောင်အထည်ဖော်ပြီး ဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။

၆၆။ Meta ၏ ယခင်က အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအရ (အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော “ချိုးဖောက်မှုရှိသည့် အကြမ်းဖက်ဆောင်ရွက်ချက်များ" ကို ကျူးလွန်သူများ အပါအဝင်) Meta က အဆင့် ၁ အန္တရာယ်ရှိသော လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသောအရာကို ရည်ညွှန်းမှသာလျှင် "ချီးမွမ်းခြင်း" နှင့် “shaheed” ဟူသော အသုံးအနှုန်းအား အသုံးပြုခြင်းကို တားမြစ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြင်ဆင်ပြီးသည့်နောက် မူဝါဒသည် ယခုအခါတွင် အဆင့် ၁ အဖြစ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းအားလုံးကို "မရှင်းလင်းသော ရည်ညွှန်းချက်များ" နှင့် အမွှမ်းတင်ခြင်းကို တားမြစ်ပါသည်။ “မရှင်းလင်းသော ရည်ညွှန်းချက်များ” တွင် “အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း၏ အကြမ်းဖက်မှု သို့မဟုတ် အမုန်းပွားမှုကို အမွှမ်းမတင်သည့် မရေရာမရှင်းလင်းသော ဟာသ၊ ဆက်စပ်မှုမရှိသော ရည်ညွှန်းချက်များနှင့် အကောင်းဘက်မှ ရည်ညွှန်းပြောဆိုမှုများ” ပါဝင်နိုင်သည်။ ထိုသို့သော တားမြစ်ချက်များကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကျရောက်နိုင်ဖွယ်ရှိသည့် ဆိုးရွားသော သက်ရောက်မှုများသည် Meta က မည်သည့်အဖွဲ့များကို အဆင့် ၁ အဖွဲ့အစည်းများအဖြစ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ကြောင်းနှင့် မည်ကဲ့သို့သော "ချိုးဖောက်မှုရှိသည့် အကြမ်းဖက်ဆောင်ရွက်ချက်များ" ကို အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားကြောင်းအပေါ် လွန်စွာမူတည်ပါသည်။ ဆွေးနွေးပွဲများနှင့် လူထုသဘောထားမှတ်ချက်များတွင် သက်ဆိုင်ရာပညာရှင်အများအပြားက စာရင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဥပဒေနှင့်အညီ သင့်လျော်မျှတသော လုပ်ငန်းစဉ် မရှိခြင်းကို ဝေဖန်ကြပြီး Meta က ၎င်းကို ထုတ်ပြန်ပေးသင့်သည်ဟု စောဒကတက်ကြသည် (လူထုသဘောထားမှတ်ချက်များ၊ ဥပမာ PC-၁၁၁၆၄ – SMEX၊ စာမျက်နှာ ၃၊ PC-၁၁၁၅၇ – လူထုသံတမန်ရေးရာ ပါလက်စတိုင်း အဖွဲ့အစည်းကို ကြည့်ပါ)။ သက်ဆိုင်ရာပညာရှင်တစ်ဦးကမူ စာရင်းကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေခြင်းအပေါ် စိုးရိမ်ပူပန်ခဲ့ပြီး ၎င်းသည် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စိုးရိမ်ဖွယ်ကိစ္စများကို ဖြစ်စေနိုင်သည်ဟု စောဒကတက်ခဲ့သည်။ စာရင်းသည် Meta ၏ မူဝါဒများနှင့်ဆိုင်သော အတိုင်းအတာနယ်ပယ်ကို နားလည်သဘောပေါက်စေရန် အလွန်သက်ဆိုင်မှုရှိသောကြောင့် ကုမ္ပဏီသည် ဘုတ်အဖွဲ့အား ၎င်း၏ အဆင့် ၁ အဖြစ် သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များစာရင်းအပြင် အောက်တွင်ဆွေးနွေးထားသည့်အတိုင်း ဘုတ်အဖွဲ့က အသေးစိတ် လေ့လာထားသည့် ၎င်း၏ ရွေးချယ်သတ်မှတ်မှု လုပ်ငန်းစဉ်များအတွက် ရှင်းလင်းချက်တစ်ခု ပေးအပ်ခဲ့သည်။

၆၇။ အထက်တွင် မှတ်ချက်ပြုထားသည့်အတိုင်း Meta ၏ အဆင့် ၁ သတ်မှတ်ချက်များအား ဆင့်ပွားရယူထားသည့် စာရင်းအများစုကို အမေရိကန်ပြည်ထောင်စု အစိုးရက လူသိရှင်ကြား ထုတ်ပြန်ထားသည်။ ၎င်းတို့တွင် "အထူးအန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားရေး အဓိကအဖွဲ့အစည်းများ (SDNTK များ)၊" "ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းများ (FTO များ)" နှင့် "အထူးအန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်သမားများ" ပါဝင်သည်။ ဤစာရင်းများသည် တိုက်ကြီးအများအပြားရှိ နိုင်ငံရေးဆန်လွန်းသည့် အခြေအနေများတွင် ပါဝင်နေသော အဖွဲ့အစည်းများ (နှင့် ၎င်းတို့၏အဖွဲ့ဝင်များ) ပါဝင်ပြီး အကြမ်းဖက်အဖွဲ့များအတွက်သာ ကန့်သတ်မထားဘဲ ကျယ်ပြောလှပါသည်။ ဤသို့ကျယ်ပြန့်မှုနှင့် ကွဲပြားမှုသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ပုဂ္ဂိုလ်များကို ရည်ညွှန်းသည့် "shaheed" ဟူသော စကားလုံးအပေါ် ပိုမိုတိကျပြတ်သားသော တားမြစ်မှု အပါအဝင် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒဆိုင်ရာ တားမြစ်ချက်များ ရောက်ရှိနိုင်သည့် အတိုင်းအတာနှင့် ၎င်းတို့၏သက်ရောက်မှုကို ညွှန်ပြသည်။

၆၈။ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များစာရင်းတွင် ထည့်သွင်းရမည့် အရာများအား စိစစ်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း လုပ်ငန်းစဉ်သည် "ကုမ္ပဏီတွင်း ကျွမ်းကျင်သူများစွာနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ကုမ္ပဏီတွင်းအချက်အလက်နှင့် ပြင်ပသုတေသနလေ့လာချက်များကို အကဲဖြတ်ခြင်းအပေါ် မူတည်သည်" ဟု Meta က ရှင်းပြခဲ့သည်။ Meta တွင် "နောက်ထပ်အဖွဲ့ဝင်များ၊ အမည်ပွားများ၊ သင်္ကေတများ၊ ကြွေးကြော်သံများ၊ အဖွဲ့ခွဲများ သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားပြီးသား အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်ဆိုင်သည့် မီဒီယာအဆွယ်အပွားများ" ကို မှတ်တမ်းတင်ရန်အတွက်လည်း လုပ်ငန်းစဉ်တစ်ခုရှိသည်။ ၎င်း၏ ပလက်ဖောင်းများတွင် သက်ရောက်စေသည့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ခြိမ်းခြောက်မှုများအပေါ် Meta ၏ အကဲဖြတ်မှုကို အခြေခံ၍ ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီသည် အဖွဲ့အစည်းပေါင်း ၁,၀၀၀ အောက်ကိုသာ ရွေးချယ်သတ်မှတ်ထားသည်။ ရာဇ၀တ်မှုကျူးလွန်သော အဖွဲ့အစည်းများသည် အန္တရာယ်ရှိသည်ဟု ရွေးချယ်သတ်မှတ်ခံရမှု အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် ကပ်လျက်ရှိနေသည်မှာ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ပြီး ၎င်းနောက်တွင်ရှိသည်မှာ အမုန်းတရားအခြေပြု အဖွဲ့အစည်းများဖြစ်ပါသည်။ အဖွဲ့အစည်းတစ်ခုက အန္တရာယ်ရှိသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ရွေးချယ်သတ်မှတ်ခြင်းဆိုင်ရာ မူဝါဒသတ်မှတ်စံနှုန်းနှင့် ဆက်လက်ကိုက်ညီခြင်းရှိ၊ မရှိကို ယေဘုယျအားဖြင့် စစ်ဆေးသည့် စာရင်းမှထုတ်ပယ်ခြင်း မူဝါဒလုပ်ငန်းစဉ်တစ်ခုကို Meta တွင် ထားရှိပြီး "အဖွဲ့အစည်းတစ်ခုက အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်၍ ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင်ခဲ့သည့် တက်ကြွသောခြေလှမ်းများ" ကို လက်ခံစဉ်းစားပါသည်။ အဆိုပါလုပ်ငန်းစဉ်ကို လက်ရှိတွင် ပြန်လည်မွမ်းမံမှု ပြုလုပ်နေသော်လည်း ၂၀၂၂ ခုနှစ်အတွင်း ၎င်းကို ၁၀ ကြိမ်အောက် အသုံးချခဲ့ပြီးဖြစ်သည်။ Meta သည် ယခင်သတ်မှတ်ချက်များကို တတ်နိုင်သမျှ အပ်ဒိတ်ဖြစ်နေစေရန်နှင့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ခြိမ်းခြောက်မှုများကို တိကျမှန်ကန်စွာ ထပ်ဟပ်စေရန် စဉ်ဆက်မပြတ် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းတို့ကို စစ်ဆေးခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

၆၉။ Meta သည် ၎င်း၏ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ သို့မဟုတ် ဆောင်ရွက်ချက်များ စာရင်းကို လူသိရှင်ကြား မျှဝေခြင်း သို့မဟုတ် အဖွဲ့အစည်းများကို စာရင်းတွင် ထည့်သွင်းသည့်အခါ ၎င်းတို့အား အသိပေးခြင်းသည် စည်းကမ်းထိန်းသိမ်းရာတွင် ထိရောက်မှုနှင့် Meta ရှိ ဝန်ထမ်းများ၏ အန္တရာယ်ကင်းရှင်းရေးအတွက် ထိခိုက်နိုင်ခြေအနည်းငယ် ရှိစေနိုင်ကြောင်း ရှင်းပြခဲ့သည်။ အဖွဲ့အစည်းများအား အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားပြီး ၎င်းတို့က ဤကိစ္စကို သိရှိသည့်အခါ အချို့က Meta ကို တရားစွဲရန် ပြုလုပ်ခဲ့ကြသည် ( Facebook နှင့် CasaPound အမှု၊ ဧပြီလ ၂၉ ရက်၊ ၂၀၂၀ ခုနှစ်၊ ရောမတရားရုံး၊ အီတလီနှင့် လေ့လာဆန်းစစ်ချက်ကို ဤနေရာတွင် ကြည့်ပါ)။ အချို့ကိစ္စများတွင် Meta သည် မီဒီယာမေးမြန်းချက်များအား တုံ့ပြန်သည့်အနေဖြင့် အချို့သောအဖွဲ့များအား ရွေးချယ်သတ်မှတ်ထားမှုများကို ထုတ်ဖော်ခဲ့ပြီး ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များမှတစ်ဆင့် ရွေးချယ်သတ်မှတ်ချက်များကို မျှဝေထားကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုပါသည်။

၇၀။ Meta သည် ၎င်း၏ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ၏ စာရင်းကို လူသိရှင်ကြားမျှဝေရန် သို့မဟုတ် အနည်းဆုံးအနေဖြင့် သာဓကပြဥပမာများပေးရန် ဘုတ်အဖွဲ့အနေဖြင့် ယခင်က အကြံပြုထားခဲ့သည် ( နာဇီကိုးကားချက်၊ အကြံပြုချက်နံပါတ် ၃)။ Meta သည် စာရင်းကို ထုတ်ပြန်ခြင်းမရှိသည့်အပြင် ဖြစ်နိုင်ခြေကို အကဲဖြတ်ပြီးသည့်နောက် ဤအကြံပြုချက်၏ လက်ရှိအခြေအနေများကိုလည်း ဖော်ပြမပေးပါ။ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ရန် Meta က ဆက်လက်ငြင်းဆိုနေပါက ၎င်းသည် စာရင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် အခြားအစီအမံများကို အနည်းဆုံးအနေဖြင့် ပြုလုပ်သင့်သည်။ စုစည်းထားသော အချက်အလက်ကို ဖြန့်ချိခြင်း၊ ရွေးချယ်သတ်မှတ်ခြင်း လုပ်ငန်းစဉ်အပေါ် ပိုမိုပွင့်လင်းမြင်သာမှုရှိစေခြင်းနှင့် ရွေးချယ်သတ်မှတ်ချက် ပြန်ဖြုတ်ခြင်း လုပ်ငန်းစဉ်ကို ပိုမိုထိရောက်မှုရှိအောင် လုပ်ဆောင်ခြင်းဖြင့် Meta ၏ စည်းမျဉ်းများနှင့် လုပ်ငန်းစဉ်များအား အသုံးပြုသူများ၏ သိရှိနားလည်မှုကို မြှင့်တင်ပေးနိုင်သည်။ ၎င်းသည် Meta ၏ အန္တရာယ်ရှိသည်ဟု ရွေးချယ်သတ်မှတ်ချက်များ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အခြားလူ့အခွင့်အရေးများအတွက် အကျိုးဆက်များကို ပိုမိုစိစစ်ပြီး ပိုမိုတာဝန်ခံရန်အတွက်လည်း အထောက်အကူဖြစ်စေပါမည်။ Meta သည် စာရင်းကို ဆက်လက်၍ လျှို့ဝှက်ထားရှိလျက် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် သုတေသနပညာရှင်များ၏ အချက်အလက် ဝင်ရောက်ကြည့်ရှုခွင့်ကို လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပေးရန်လည်း ထည့်သွင်းစဉ်းစားနိုင်သည်။

၆.၃ စိစစ်ခွဲခြားမှု နည်းပညာများ၏ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ တိကျမှန်ကန်မှုကို အကဲဖြတ်ရန် အချက်အလက်များနှင့် ထိုနည်းပညာများအား စမ်းသပ်စစ်ဆေးခြင်း

အကြံပြုချက် ၆ – ပွင့်လင်းမြင်သာမှု- စျေးကွက်များနှင့် ဘာသာစကားများအကြား ဒေသဆိုင်ရာ ကွဲပြားမှုများအပါအဝင် Meta ၏ စည်းကမ်းထိန်းသိမ်းမှုအား ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်အတွက် Meta သည် ၎င်း၏အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒကို စည်းကမ်းထိန်းသိမ်းရာတွင် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း၏ မှန်ကန်မှုနှင့် အလိုအလျောက် လုပ်ဆောင်သော စနစ်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရန် ၎င်းအသုံးပြုသည့် နည်းလမ်းများကို ရှင်းပြသင့်သည်။ ၎င်းသည် တူညီသောမူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် အသုံးပြုသည့် စိစစ်ခွဲခြားမှုနည်းပညာများ၏ စွမ်းဆောင်ရည် အကဲဖြတ်ချက် ရလဒ်ကို အခါအားလျော်စွာ မျှဝေပေးသင့်ပြီး အဆိုပါအကဲဖြတ်ချက်များကို ဘာသာစကားနှင့်/သို့မဟုတ် ဒေသအမျိုးမျိုးနှင့် နှိုင်းယှဉ်နိုင်စေမည့် နည်းလမ်းဖြင့် ရလဒ်များကို ပေးဆောင်သင့်သည်။

Meta သည် ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာနှင့် လူမှုစံနှုန်း ထိန်းသိမ်းတင်းကျပ်ရေးဆိုင်ရာ အစီရင်ခံစာများတွင် ဤအချက်အလက်ကို ထည့်သွင်းသည့်အခါ ၎င်းကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။

အကြံပြုချက် ၇ – ပွင့်လင်းမြင်သာမှု- သက်ဆိုင်သူများကို အသိပေးရန်အလို့ငှာ Meta သည် မူဝါဒချိုးဖောက်မှုများဆိုင်ရာ ကြိုတင်ခန့်မှန်းချက်များကို ထုတ်ပေးရန်အတွက် စိစစ်ခွဲခြားမှုနည်းပညာများကို မည်သို့အသုံးပြုကြောင်း နားလည်လွယ်သော အသုံးအနှုန်းဖြင့် ရှင်းလင်းချက်များ ပေးသင့်သည်။ Meta သည် မည်သည့် အရေးယူမှုမျှ မပြုလုပ်ခြင်း၊ လူကိုယ်တိုင် စိစစ်သုံးသပ်ရန်အတွက် အကြောင်းအရာများကို တန်းစီခြင်း သို့မဟုတ် အကြောင်းအရာကို ဖယ်ရှားခြင်းအတွက် သတ်မှတ်စံနှုန်းများအား မည်သို့ချမှတ်ထားကြောင်းကို ယင်းသို့ချမှတ်သည့် လုပ်ငန်းစဉ်များအား ဖော်ပြ၍လည်း ရှင်းပြပေးသင့်သည်။ ဤအချက်အလက်ကို ကုမ္ပဏီ၏ ပွင့်လင်းမြင်သာမှု စင်တာတွင် ဖော်ပြပေးသင့်သည်။

Meta သည် ၎င်း၏ ပွင့်လင်းမြင်သာမှု စင်တာတွင် တောင်းဆိုထားသော အချက်အလက်များကို ထုတ်ပြန်သည့်အခါ ၎င်းကို အကောင်အထည်ဖော်ပြီး ဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။

၇၁။ ဆွေးနွေးပွဲများနှင့် လူထုသဘောထားမှတ်ချက်များတွင် သက်ဆိုင်ရာပညာရှင်အများအပြားက Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအပေါ် ၎င်း၏စည်းကမ်းထိန်းသိမ်းမှု၊ လူကိုယ်တိုင်စိစစ်သုံးသပ်မှုနှင့် အလိုအလျောက် လုပ်ဆောင်သော စိစစ်သုံးသပ်မှု နှစ်ခုစလုံးတွင် "shaheed" ဟူသော စကားလုံးအပေါ် မှတ်ယူသဘောထားမှုသည် မွတ်ဆလင်ဘာသာဝင်များနှင့် သက်ဆိုင်ရာ ဘာသာစကားကို ပြောဆိုသော အသိုင်းအဝိုင်းများအပေါ် အချိုးမညီမျှစွာ သက်ရောက်မှုရှိစေသော စည်းကမ်းထိန်းသိမ်းမှုအမှားများကို ဖြစ်ပေါ်စေသည်ဟု အခိုင်အမာပြောဆိုခဲ့ကြသည် (လူထုသဘောထားမှတ်ချက်များ၊ ဥပမာ၊ PC-၁၁၁၈၃ ECNL EFF၊ PC-၁၁၁၉၀ – Brennan စင်တာ၊ PC-၁၁၁၈၈ – ဒစ်ဂျစ်တယ် အခွင့်အရေးများဆိုင်ရာ ဖောင်ဒေးရှင်း၊ PC-၁၁၁၉၆ – သမာသမတ်ရှိစေရေး အဖွဲ့အစည်းကို ကြည့်ပါ။ အစ္စရေးနှင့် ပါလက်စတိုင်းတို့အပေါ် Meta ၏ သက်ရောက်မှုဆိုင်ရာ BSR အစီရင်ခံစာကိုလည်း ကြည့်ပါ)။ ယင်းသည် "shaheed" ဟူသော စကားလုံးအပေါ် ၎င်း၏မူဝါဒဆိုင်ရာ အကျိုးဆက်သက်ရောက်မှုဖြစ်ကြောင်း Meta က ၎င်း၏တောင်းဆိုမှုတွင်လည်း အသိအမှတ်ပြုခဲ့သည်။ Meta ၏ လူကိုယ်တိုင်နှင့် အလိုအလျောက် လုပ်ဆောင်သော စည်းကမ်းထိန်းသိမ်းမှု လုပ်ငန်းစဉ်များ၏ ပွင့်လင်းမြင်သာမှု၊ တိကျမှုနှင့် တရားမျှတမှုတို့ကို မြှင့်တင်ရန်အတွက် ဘုတ်အဖွဲ့သည် အထက်ဖော်ပြပါ အကြံပြုချက်နှစ်ခုကို ပေးအပ်ထားပါသည်။

၇၂။ Meta က ၎င်းသည် လူကိုယ်တိုင်နှင့် အလိုအလျောက် လုပ်ဆောင်သော စည်းကမ်းထိန်းသိမ်းမှု၏ တိကျမှန်ကန်မှုကို ပုံမှန်တိုင်းတာအကဲဖြတ်ကြောင်း ရှင်းပြခဲ့သည်။ လူကိုယ်တိုင် စိစစ်သုံးသပ်သူများကို ပြင်ပမှခန့်အပ်ထားသော Meta ၏ လုပ်ငန်းမိတ်ဖက်များက အချိန်အခါအလိုက် စစ်ဆေးမှုများ ပြုလုပ်သည့်အပြင် အဆိုပါစစ်ဆေးမှုများကို Meta ၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်အဖွဲ့က ထပ်ဆောင်းအကဲဖြတ်မှု ပြုလုပ်သည်။

၇၃။ ( အိုကလန်ကို သီးခြားခွဲ၍ ထိန်းသိမ်းထားခြင်း၊ အကြံပြုချက်နံပါတ် ၁၂ အရ) အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား "ချီးကျူးခြင်း"၊ "ထောက်ခံခြင်း" နှင့်စပ်လျဉ်း၍အပြင် ( အိန္ဒိယရှိ RSS အပေါ် ပန်ချာပီတို့၏ စိုးရိမ်မှု၊ အကြံပြုချက်နံပါတ် ၃ အရ) လူမှုစံနှုန်းတစ်ခုစီအတွက် ဤအချက်အလက်ကို နိုင်ငံနှင့် ဘာသာစကားအလိုက် ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးခြင်းဖြင့် အမှားအယွင်းနှုန်းများနှင့်ဆိုင်သော အများမြင် အချက်အလက်ကို တိုးမြှင့်ရန် ၎င်း၏ပွင့်လင်းမြင်သာမှု အစီရင်ခံချက်ကို ပိုကောင်းအောင် လုပ်ဆောင်သင့်သည်ဟု ဘုတ်အဖွဲ့အနေဖြင့် ယခင်က အကြံပြုထားသည်။ Meta သည် ဖြစ်နိုင်ခြေ အကဲဖြတ်မှု ပြုလုပ်ပြီးသည့်နောက် ၎င်းသည် ဤအကြံပြုချက် (အိုကလန်ကို သီးခြားခွဲ၍ ထိန်းသိမ်းထားခြင်း၊ အကြံပြုချက်နံပါတ် ၁၂၊ စာမျက်နှာ ၂၁ ရှိ ကြီးကြပ်ရေးဘုတ်အဖွဲ့ထံ Meta ၏ ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ် နောက်ဆုံးရအချက်အလက်) ကို အကောင်အထည်ဖော်ရန် ငြင်းဆိုခဲ့ပြီး တိကျမှန်ကန်မှု မက်ထရစ်များကို ဘာသာစကားထက် ပရိုဖိုင်၊ စာမျက်နှာ၊ အကောင့်ကန့်သတ်ချက်များနှင့် တည်နေရာကိုအခြေခံ၍ သတ်မှတ်ရန် ရေရှည်ကြိုးပမ်းမှုများဆီသို့ ပြောင်းလဲအလေးပေးခဲ့ကြောင်း ရှင်းပြခဲ့သည် (အိန္ဒိယရှိ RSS အပေါ် ပန်ချာပီတို့၏ စိုးရိမ်မှု၊ အကြံပြုချက်နံပါတ် ၃၊ စာမျက်နှာ ၅၉ ရှိ ကြီးကြပ်ရေးဘုတ်အဖွဲ့ထံ Meta ၏ ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ် နောက်ဆုံးရအချက်အလက်။) "shaheed" ဟူသော စကားလုံးအပေါ် Meta ၏ ရှုမြင်ပုံကို ထောက်ပြထားသည့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒအား အချိုးမညီမျှသော စည်းကမ်းထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ နေရာအနှံ့အပြားတွင် ပေါ်ပေါက်လာသော စိုးရိမ်ပူပန်မှုများနှင့် Meta ၏ အသုံးဝင်သော စည်းကမ်းထိန်းသိမ်းမှု အချက်အလက်များကို ထုတ်ဖော်ရာတွင် လုံလောက်မှုမရှိခြင်းကို သတိချပ်လျက် ဘုတ်အဖွဲ့သည် ဤအကြံပြုချက်များအပြင် တည်နေရာအလိုက် စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုပွင့်လင်းမြင်သာအောင် ကုမ္ပဏီက လုပ်ဆောင်ပေးရန် အရေးပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

၇၄။ Meta က ၎င်း၏ ပွင့်လင်းမြင်သာမှု စင်တာတွင် လက်ရှိမျှဝေထားသော အချက်အလက်သည် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း၏ တိကျမှုနှင့် အလိုအလျောက် လုပ်ဆောင်သော စနစ်များ၏ စွမ်းဆောင်ရည်အပေါ် လုံလောက်သော အသေးစိတ်အချက်အလက်များကို ဖော်ပြမပေးပါ။ ၎င်း၏ နည်းလမ်းများကို စိစစ်နိုင်စေရန် Meta သည် ၎င်း၏အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း၏ တိကျမှုနှင့် အလိုအလျောက် လုပ်ဆောင်သော စနစ်များ၏ စွမ်းဆောင်ရည်အား ၎င်း၏အကဲဖြတ်ပုံကို ရှင်းပြရမည်ဖြစ်သည်။ စိစစ်ခွဲခြားမှုနည်းပညာများ၏ စွမ်းဆောင်ရည်အပေါ် ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် Meta သည် (ချိုးဖောက်သည်ဟု အမှတ်အသားပြုထားသော အကြောင်းအရာအားလုံးမှ ချိုးဖောက်ကြောင်း မှန်ကန်စွာ ခွဲခြားသတ်မှတ်ထားသော အကြောင်းအရာ အချိုးအစားကို ညွှန်ပြလျက်) တိကျမှန်ကန်မှုနှင့် (ရှိနှင့်ပြီးသော ချိုးဖောက်သည့် အကြောင်းအရာအားလုံးမှ စိစစ်ခွဲခြားမှုနည်းပညာက ချိုးဖောက်ခြင်းဟု သတ်မှတ်သည့် စည်းကမ်းချိုးဖောက်သော အကြောင်းအရာ ရာခိုင်နှုန်းကို ညွှန်ပြလျက်) သိရှိမှတ်သားမှုတို့ ပါဝင်သော မက်ထရစ်များကို မျှဝေသင့်သည်။ မတူညီသော ဒေသအသီးသီးတွင် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း၏ တိကျမှုနှင့် မတူညီသော ဘာသာစကားများတွင် စိစစ်ခွဲခြားမှုနည်းပညာများ၏ စွမ်းဆောင်ရည်ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ခြင်းသည် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် တာဝန်ခံမှုရှိစေနိုင်သည်။ ထို့ကြောင့် ဘုတ်အဖွဲ့သည် ၎င်း၏ယခင်အကြံပြုချက်များကို ထပ်လောင်းပြောကြားပြီး အဆိုပြုထားသော ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် Meta အား တိုက်တွန်းထားသည်။

၇၅။ Meta သည် ၎င်း၏ လူမှုစံနှုန်းများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရန် စိစစ်ခွဲခြားမှုနည်းပညာများ အပါအဝင် အလိုအလျောက် လုပ်ဆောင်သော စနစ်များအပေါ်တွင် မှီခိုအားထားသည်။ စိစစ်ခွဲခြားမှုနည်းပညာ မော်ဒယ်များသည် လေ့ကျင့်ရေးဒေတာ အုပ်စုတစ်စုအပေါ်အခြေခံ၍ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော "အမျိုးအစား" (ဥပမာ- ချိုးဖောက်ခြင်း သို့မဟုတ် မချိုးဖောက်ခြင်း) အဖြစ် အချက်အလက်များကို အလိုအလျောက်ခွဲခြားပေးသည်။ အကြောင်းအရာမြောက်မြားစွာကို Meta ၏ စိစစ်ပုံအား အကဲဖြတ်ရာတွင် ဤစနစ်များ၏ လုပ်ဆောင်ပုံနှင့် ၎င်းတို့က မည်မျှတိကျသည်ကို နားလည်ရန် အရေးကြီးသည်။ Meta သည် ၎င်း၏ ပွင့်လင်းမြင်သာမှု စင်တာရှိ စည်းကမ်းထိန်းသိမ်းမှု ကဏ္ဍတွင် ချိုးဖောက်ထားသည့် အကြောင်းအရာများကို ရှာဖွေရန် အလိုအလျောက်လုပ်ဆောင်သော စနစ်များအား အသုံးပြုပုံ အခြေခံအချက်အလက်အချို့ကို ပေးထားပြီး လုပ်ဆောင်ချက်များ ကဏ္ဍတွင် အကြောင်းအရာကို အဆင့်သတ်မှတ်ပုံနှင့် စီမံပုံတို့ကို Meta က ရှင်းပြထားသည်။ Meta သည် အကြောင်းအရာကို တိုင်ကြားခြင်းမပြုမီက ၎င်းကဖယ်ရှားလိုက်သော (ဆိုလိုသည်မှာ အလိုအလျောက် ရှာဖွေဖော်ထုတ်စနစ်အပေါ် အခြေခံ၍ ဖယ်ရှားသော) အကြောင်းအရာ ရာခိုင်နှုန်း အချက်အလက်များကို ၎င်း၏ လူမှုစံနှုန်း ထိန်းသိမ်းတင်းကျပ်ရေးဆိုင်ရာ အစီရင်ခံစာများတွင် ထုတ်ပြန်ထားပြီးဖြစ်သည်။ ဤအချက်အလက်သည် အလိုအလျောက် ရှာဖွေဖော်ထုတ်စနစ်၏ အရေးပါမှုကို ညွှန်ပြသော်လည်း အထူးသဖြင့် အလိုအလျောက် လုပ်ဆောင်သော ဖယ်ရှားမှုများတွင် Meta ၏ အလိုအလျောက်စနစ်များ အသုံးပြုမှုနှင့် တိကျမှုဆိုင်ရာ အသေးစိတ် မက်ထရစ်များကို ဖော်ပြရန် လိုအပ်နေပါသေးသည်။ ဤအကြံပြုချက်အစုစုသည် Meta ၏ အယ်လ်ဂိုရီသမ်များ အသုံးပြုခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု ပိုမိုရှိစေရန် ရည်ရွယ်သည်။

၇၆။ ဘုတ်အဖွဲ့က မေးထားသော မေးခွန်းများကို တုံ့ပြန်ဖြေဆိုရာတွင် Meta က "အထွေထွေ ဘာသာစကား - အာရဗီ" အတွက် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ စိစစ်ခွဲခြားမှုနည်းပညာသည် Meta ၏ မူဝါဒများအပေါ်အခြေခံ၍ စည်းကမ်းထိန်းသိမ်းရန် ကနဦးစိစစ်သုံးသပ်မှုကို လုပ်ဆောင်ကြောင်း ရှင်းပြခဲ့သည်။ စိစစ်ခွဲခြားမှုနည်းပညာများသည် အဆိုပါမူဝါဒများကို ချိုးဖောက်နိုင်သည့် အကြောင်းအရာများကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်သည်။ Meta သည် ၎င်း၏ယခင်ဆုံးဖြတ်ချက်များနှင့်အညီ ၎င်း၏အသုံးပြုသူများအား ပွင့်လင်းမြင်သာမှုစင်တာ၏ စည်းကမ်းထိန်းသိမ်းမှု ကဏ္ဍတွင် စိစစ်ခွဲခြားမှုနည်းပညာများအပေါ် မှီခိုအားထားမှုအကြောင်း အသေးစိတ်ရှင်းပြသင့်သည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည် (ရင်သားကင်ဆာ လက္ခဏာများနှင့် အဖော်အချွတ်၊ အကြံပြုချက်နံပါတ် ၃၊ ကိုလံဘီယာ ရဲတပ်ဖွဲ့ ကာတွန်း၊ အကြံပြုချက်နံပါတ် ၃ ကို ကြည့်ပါ)။ အထူးသဖြင့် အကြောင်းအရာများကို အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် အရေးယူဆောင်ရွက်မှုမပြုခြင်း၊ ၎င်းကို လူကိုယ်တိုင်စိစစ်သုံးသပ်ရန်အတွက် တန်းစီထားခြင်း (တန်းစီစာရင်းတွင် ထည့်ခြင်း) အတွက် အနီးစပ်ဆုံး ယုံကြည်စိတ်ချရမှု သတ်မှတ်စံနှုန်းများအပြင် အဆိုပါရမှတ်များကို အဆုံးအဖြတ်ပေးသည့် ထည့်သွင်းစဉ်းစားစရာများ သို့မဟုတ် အကြောင်းအချက်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရန် အရေးကြီးသည်။

၇၇။ Meta က ၎င်း၏တိကျမှုစစ်ဆေးခြင်းသည် မူဝါဒထဲရှိ ချိုးဖောက်မှု အမျိုးအစားတစ်ခုချင်းစီကို အာရုံစိုက်ခြင်းမဟုတ်ဘဲ မူဝါဒနယ်ပယ်တစ်ခုလုံးရှိ တိကျမှုနှုန်းထားများကို ခြုံငုံအာရုံစိုက်ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ Meta က ၎င်းသည် "ပုံမှန် မက်ထရစ်များကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် စာရင်းစစ်တိကျမှုနှုန်းများကို လိုအပ်သော အတိုင်းအတာဖြင့် လုပ်ဆောင်သည်" ဟု မျှဝေခဲ့သည်။ လူမှုစံနှုန်းများအား လိုက်နာစေရန် Meta ၏ စည်းကမ်းထိန်းသိမ်းမှု စွမ်းဆောင်ရည်ကို အလုံးစုံခြုံငုံ၍ အကဲဖြတ်ရန် ၎င်းသည် မလုံလောက်ကြောင်း ဘုတ်အဖွဲ့အနေဖြင့် ယခင်က ရှင်းပြခဲ့ဖူးသည် (Wampum ခါးပတ် ဆုံးဖြတ်ချက်ကို ကြည့်ပါ)။ ပျမ်းမျှအားဖြင့် ကောင်းစွာလုပ်ဆောင်နိုင်သော စနစ်များသည် "shaheed" ဟူသည့် ဝေါဟာရကို အသုံးပြုသော အကြောင်းအရာကဲ့သို့ အကြောင်းအရာအမျိုးအစားခွဲများကို အတန်ငယ်ညံ့ဖျင်းစွာ စိစစ်သုံးသပ်နိုင်ခြေရှိပြီး ယင်းကြောင့် မှားယွင်းသော ဆုံးဖြတ်ချက်များ ချမှတ်မိကာ လူ့အခွင့်အရေးအပေါ် အထူးသိသာထင်ရှားသော သက်ရောက်မှုများ ရှိစေနိုင်သည်။ ထို့ကြောင့် Meta သည် ၎င်းအသုံးပြုသောစနစ်များ၏ လူ့အခွင့်အရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများကို ဖော်ထုတ်၍ လျှော့ချရန်အတွက် လုံ့လဝီရိယရှိရှိ လုပ်ဆောင်ကြောင်း သက်သေပြပြီး ယင်းသက်ရောက်မှုများကို စိစစ်နိုင်စေသည့် အချက်အလက်များအား မျှဝေရန် အရေးကြီးသည်။

၇၈။ Meta ၏ အယ်လ်ဂိုရီသမ်ဖြင့် စည်းကမ်းထိန်းသိမ်းမှု စနစ်များသည် ဆက်စပ်အကြောင်းအရာကို ထည့်သွင်းတွက်ချက်ခြင်းမပြုခဲ့ဘဲ အင်္ဂလိပ်ဘာသာမဟုတ်သော အခြားဘာသာစကားများတွင် တိကျမှု ပိုမိုနည်းပါးပြီး ၎င်းသည် မွတ်ဆလင်လူမှုအသိုင်းအဝိုင်းအား ခွဲခြားသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သည်ဟု သက်ဆိုင်ရာပညာရှင်အများအပြားက စောဒကတက်ခဲ့ကြသည် (လူထုသဘောထား မှတ်ချက်များ၊ ဥပမာ၊ PC-၁၁၁၉၀ – Brennan စင်တာကို ကြည့်ပါ)။

၇၉။ အလိုအလျောက်စောင့်ကြည့်စနစ်သည် ဆက်စပ်အခြေအနေကို ယနေ့အချိန်အထိ ယေဘုယျအားဖြင့် ထည့်သွင်းစဉ်းစားခြင်းမရှိသောကြောင့် Meta သည် "shaheed" ဟူသော ဝေါဟာရကို အလုံးစုံ စိစစ်အကဲဖြတ်ရန်အတွက် အလိုအလျောက်စောင့်ကြည့်စနစ်ကို အသုံးပြုခြင်းအား ရပ်တန့်ရန် သက်ဆိုင်ရာပညာရှင်အချို့က အကြံပြုထားသည် (လူထုသဘောထားမှတ်ချက်များ၊ ဥပမာ၊ PC-၁၁၁၆၄ – SMEX၊ စာမျက်နှာ ၄၊ PC-၁၁၁၅၇ – လူထုသံတမန်ရေးရာ ပါလက်စတိုင်း အဖွဲ့အစည်းကို ကြည့်ပါ)။ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒကို ချိုးဖောက်သည့် အကြောင်းအရာအတွက် ပြင်းထန်သော ပြစ်ဒဏ်များကို စဉ်းစားသည့်အခါ အလိုအလျောက်စောင့်ကြည့်စနစ်ကို အကြောင်းအရာအား စိစစ်သုံးသပ်ရန်အတွက် တန်းစီပေးရန်သာ အသုံးပြုသင့်ပြီး အကြောင်းအရာကို အလိုအလျောက် ဖယ်ရှားရန်အတွက် အသုံးမပြုသင့်ကြောင်း အခြားသူများက စောဒကတက်ခဲ့သည် (ဥပမာ PC-၁၁၁၈၃ ECNL EFF၊ စာမျက်နှာ ၄-စ ကို ကြည့်ပါ)။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ပုဂ္ဂိုလ်တစ်ဦးကို ရည်ညွှန်းရန် “shaheed” ကို အသုံးပြုသည့် မည်သည့်ပို့စ်ကိုမဆို "ပို့စ်စတင်ပေါ်ပေါက်ရာ ဒေသ၏ ဆက်စပ်အခြေအနေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသော လူကိုယ်တိုင်စိစစ်သူများက ပြန်လည်စိစစ်သည်မှာ အကောင်းဆုံးဖြစ်သည်"ဟု သက်ဆိုင်ရာပညာရှင်များက အကြံပြုထားသည်၊ (PC-၁၁၁၈၈– ဒစ်ဂျစ်တယ် အခွင့်အရေးများဆိုင်ရာ ဖောင်ဒေးရှင်း၊ စာမျက်နှာ ၂ ကို ကြည့်ပါ)။ အကြောင်းအရာကို မြေပြင်တည်နေရာအလိုက် အမည်ကတ်တွဲပေးသင့်ကြောင်းနှင့် ထိုသို့ပြုလုပ်ခြင်းက လူကိုယ်တိုင်နှင့် အလိုအလျောက် လုပ်ဆောင်သော စိစစ်သုံးသပ်မှုများတွင် ဆက်စပ်အခြေအနေကို ပိုမိုကောင်းမွန်စွာ ထည့်သွင်းစဉ်းစားစေနိုင်ကြောင်း အချို့က အကြံပြုထားသည် (ဥပမာ PC-၁၁၁၆၅ – Taraaz၊ စာမျက်နှာ ၁ ကို ကြည့်ပါ)။ သက်ဆိုင်ရာပညာရှင်များက Meta အား ၎င်း၏ အလိုအလျောက် လုပ်ဆောင်သော စည်းကမ်းထိန်းသိမ်းမှု၏ တိကျသေချာမှု အချက်အလက်များကို ပိုမိုဖော်ပြပေးရန်နှင့် ၎င်း၏ အလိုအလျောက်လုပ်ဆောင်သော စနစ်များကို အင်္ဂလိပ်ဘာသာမဟုတ်သည့် အခြားဘာသာစကားများတွင် ပိုမိုတိုးတက်မှုရှိလာအောင် ငွေကြေးပိုမိုရင်းနှီးမြုပ်နှံပေးရန်လည်း တောင်းဆိုခဲ့သည် (ဥပမာ PC-၁၁၁၆၄ – SMEX၊ စာမျက်နှာ ၅၊ PC-၁၁၁၉၀ – Brennan စင်တာကို ကြည့်ပါ)။ သူတို့က Meta အား ၎င်း၏အကြောင်းအရာစိစစ်ရေး လုပ်ဆောင်ချက်များကို "အသုံးပြုသူ အစီရင်ခံစာများ၊ အရေးယူဆောင်ရွက်မှုနှုန်း၊ အရေးယူဆောင်ရွက်မှု အမျိုးအစားများ၊ လျှော့ချရေးနည်းစနစ်များ၏ ထိရောက်မှု၊ လေ့ကျင့်ရေး အချက်အလက်များနှင့် အယူခံဝင်နှုန်းများအတွက် ပြည့်စုံသောအချက်အလက်တို့ အပါအဝင် ဘာသာစကားအားလုံးတွင် တစ်သမတ်တည်း အစီရင်ခံရန်" လည်း တွန်းအားပေးခဲ့သည် (ဥပမာ PC-၁၁၁၉၆ – သမာသမတ်ရှိစေရေး အဖွဲ့အစည်းကို ကြည့်ပါ)။

၈၀။ ပလက်ဖောင်းမှ အကြောင်းအရာများကို ဖယ်ရှားရန် အလိုအလျောက်လုပ်ဆောင်သော စနစ်များအတွက် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုနှင့်ဆက်စပ်၍ "shaheed" ကို တစ်ခုတည်းသော ရည်ညွှန်းချက်အဖြစ် အသုံးပြုခြင်းကို ကျွမ်းကျင်သူအချို့က သဘောမတူကြသော်လည်း စိစစ်မှုဆိုင်ရာ ပိုမိုအဆင့်ဆင့်လုပ်ဆောင်သော ကိုင်တွယ်ဖြေရှင်းနည်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုဝေါဟာရကို အသုံးပြုခြင်းကိုမူ အားပေးပါလိမ့်မည် (ဥပမာ Meta ၏မူဝါဒများကို ပြန်လည်သုံးသပ်ရန်အတွက် တန်းစီစာရင်းထဲထည့်မည့် အကြောင်းအရာ၏ အချက်ပြတစ်ခုအနေဖြင့် လက်ခံသော်လည်း ဤရည်ညွှန်းချက် ပါဝင်ခြင်းတစ်ခုတည်းအတွက်ကြောင့် မဖယ်ရှားပါ)။

၈၁။ အကြောင်းအရာမြောက်မြားစွာကို စိစစ်ရာတွင် အယ်လ်ဂိုရီသမ်စနစ်များကို မှီခိုအားထားရန် လိုအပ်ကြောင်းနှင့် ဤအဆိုပြုထားသော ကိုင်တွယ်ဖြေရှင်းနည်းများသည် အကြောင်းအရာမြောက်မြားစွာတွင် အလိုအလျောက်စောင့်ကြည့်စနစ်ကို အသုံးမပြုဘဲ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ဘုတ်အဖွဲ့က သိရှိနားလည်ပါသည်။ သို့သော် အဆိုပါစနစ်များကို ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှု ရှိစေရန်အတွက် Meta သည် အထက်တွင်အကြံပြုထားသည်များ အပါအဝင် နောက်ထပ်အဆင့်များကို လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဘုတ်အဖွဲ့က ကောက်ချက်ချပါသည်။

*လုပ်ထုံးလုပ်နည်းဆိုင်ရာ မှတ်ချက်-

ကြီးကြပ်ရေးဘုတ်အဖွဲ့၏ မူဝါဒအကြံပေး သဘောထားအမြင်များကို အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးပြီး ဘုတ်အဖွဲ့၏ အဖွဲ့ဝင်အများစုက အတည်ပြုသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို မဖြစ်မနေ ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။

ဤမူဝါဒအကြံပေး သဘောထားအမြင်အတွက် ဘုတ်အဖွဲ့ကိုယ်စား လွတ်လပ်သော သုတေသနကို ဆောင်ရွက်ရန် တာဝန်ပေးခဲ့သည်။ ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားပြီး တိုက်ကြီး ခြောက်တိုက်မှ လူမှုရေးသိပ္ပံပညာရှင်ပေါင်း ၅၀ ကျော်အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃,၂၀၀ ကျော် ပါဝင်သော အဖွဲ့ဖြစ်သည့် လွတ်လပ်သော သုတေသနအဖွဲ့အစည်းတစ်ခုက ဘုတ်အဖွဲ့ကို ကူညီပေးခဲ့သည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် အန္တရာယ်ကင်းရှင်းရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers ကလည်း ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့တွင်ကျယ်နေသည့်အရာများနှင့် ပတ်သက်၍ အများသိရှိနိုင်သော အချက်အလက်များအပေါ်အခြေခံသော သုတေသနလေ့လာမှုတွင် ပါဝင်သည့် အဖွဲ့အစည်း Memetica သည်လည်း လေ့လာဆန်းစစ်မှုကို ဆောင်ရွက်ပေးခဲ့ပါသည်။ ဘာသာစကားပေါင်း ၃၅၀ ကျော်ကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ကမ္ဘာတစ်လွှားရှိ မြို့ကြီးပေါင်း ၅,၀၀၀ ကျော်မှ အလုပ်လုပ်ပေးနေသည့် ကျွမ်းကျင်ပညာရှင်များကို ပိုင်ဆိုင်ထားသော Lionbridge Technologies, LLC က ဘာသာစကားပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ဆောင်မှုကို ပေးအပ်ခဲ့ပါသည်။

Return to Case Decisions and Policy Advisory Opinions