एकाधिक मामले का निर्णय

သြစတြေးလျ ရွေးကောက်ပွဲကော်မရှင်၏ မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းများ

ဩစတြေးလျ၏ လွှတ်တော်တွင်း ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမကျင်းပမီ သြစတြေးလျရွေးကောက်ပွဲကော်မရှင်၏ X တွင် တင်ထားသော အချက်အလက်များဖြင့် တူညီသောမျက်နှာပြင်ပုံပါဝင်သော သီးခြား Facebook ပို့စ်နှစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များကို ကြီးကြပ်ရေးဘုတ်အဖွဲ့က မူလအတိုင်း လက်ခံအတည်ပြုခဲ့သည်။

2 इस बंडल में केस शामिल हैं

सही ठहराया

FB-0TGD816L

Facebook ပေါ်က အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်း၊ ရာဇဝတ်မှုကို အားပေးမြှင့်တင်ခြင်းတို့နဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ

प्लैटफ़ॉर्म
Facebook
विषय
ရွေးကောက်ပွဲများ,အစိုးရများ,သတင်းအချက်အလက်အမှား
मानक
အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို ကြော်ငြာခြင်း
जगह
ဩစတြေးလျ
Date
पर प्रकाशित 9 मई 2024
सही ठहराया

FB-8ZQ78FZG

Facebook ပေါ်က အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်း၊ ရာဇဝတ်မှုကို အားပေးမြှင့်တင်ခြင်းတို့နဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ

प्लैटफ़ॉर्म
Facebook
विषय
ရွေးကောက်ပွဲများ,အစိုးရများ,သတင်းအချက်အလက်အမှား
मानक
အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို ကြော်ငြာခြင်း
जगह
ဩစတြေးလျ
Date
पर प्रकाशित 9 मई 2024

အနှစ်ချုပ်

ဩစတြေးလျ၏ လွှတ်တော်တွင်း ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမကျင်းပမီ သြစတြေးလျရွေးကောက်ပွဲကော်မရှင် (AEC) ၏ X တွင်တင်ထားသော အချက်အလက်များဖြင့် တူညီသောမျက်နှာပြင်ပုံပါဝင်သော သီးခြား Facebook ပို့စ်နှစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များကို ကြီးကြပ်ရေးဘုတ်အဖွဲ့က မူလအတိုင်း လက်ခံအတည်ပြုခဲ့သည်။ ပို့စ်နှစ်ခုလုံးသည် မဲပေးသည့်လုပ်ငန်းစဉ်တွင် တရားမဝင် ပါဝင်ရန် တိုက်တွန်းသော အကြောင်းအရာကို တားမြစ်သည့် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းပါ စည်းမျဉ်းကို ချိုးဖောက်ခဲ့သည်။ ဤအမှုများသည် အဆက်အစပ်မရှိသော အချက်အလက်များက ပြည်သူလူထု၏မဲပေးပိုင်ခွင့်အပေါ် မည်သို့သက်ရောက်မှုရှိသည်ကို ဖော်ပြထားသည်။ ဘုတ်အဖွဲ့က Meta အား "တရားမဝင်မဲပေးခြင်း" အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လူသိရှင်ကြား ထုတ်ပြန်၍ မဲလိမ်လည်မှုနှင့်/သို့မဟုတ် သန်းခေါင်စာရင်းလိမ်လည်မှုနှင့်ဆက်စပ်သော ၎င်း၏စည်းမျဉ်းများကို ပို၍နားလည်လွယ်အောင် ရှင်းပြရန် အကြံပြုသည်။

အမှုများအကြောင်း

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်တွင် ဩစတြေးလျသည် လွှတ်‌တော်တွင်း ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခဲ့သည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမကျင်းပမီ ရက်ပိုင်းအလိုက Facebook အသုံးပြုသူတစ်ဦးသည် AEC ၏ တရားဝင်အကောင့်မှ X ပို့စ်တစ်ခု၏ မျက်နှာပြင်ဓာတ်ပုံကို အဖွဲ့တစ်ဖွဲ့တွင် တင်ခဲ့သည်။ ပြထားသည့်အချက်အလက်များတွင် အောက်ပါအတိုင်း ပါဝင်ခဲ့သည်- “If someone votes at two different polling places within their electorate, and places their formal vote in the ballot box at each polling place, their vote is counted.” (တကယ်လို့ လူတစ်ယောက်က သူ့ရဲ့မဲဆန္ဒနယ်အတွင်း မတူညီတဲ့ မဲရုံနှစ်ရုံမှာ မဲပေးပြီး သူ့ရဲ့တရားဝင်မဲကို မဲရုံတစ်ရုံးချင်းစီရဲ့ မဲပုံးထဲထည့်ခဲ့ရင် သူ့မဲကို ထည့်ရေတွက်ပါမယ်။) ထို့အပြင် တူညီသော X ပို့စ်အတွဲမှ အသုံးပြုသူ ယူထားသည့် အခြားမှတ်ချက်၌လည်း မဲပေးလွှာကို လျှို့ဝှက်ထားခြင်းကြောင့် AEC အနေဖြင့် “knowing which ballot paper belongs to which person” (ဘယ်မဲစာရွက်က ဘယ်သူ့ဟာလဲဆိုတာ မသိနိုင်) ဟုလည်း ရှင်းပြထားသည့်အပြင် “the number of double votes received is incredibly low” (လူတစ်ဦးတည်း နှစ်ခါမဲပေးတာကို လက်ခံရရှိတဲ့ အရေအတွက် အလွန့်အလွန်နည်းပါတယ်) ဟုလည်း ပြောထားပါသည်။ သို့သော် အကြိမ်ကြိမ်မဲပေးခြင်းသည် ပြစ်မှုမြောက်သည်ဟူသောအချက်အပါအဝင် AEC က မျှဝေထားသည့် အချက်အလက်အားလုံးကို မျက်နှာပြင်ဓာတ်ပုံ၌ ဖော်ပြထားခြင်း မရှိပါ။ ပို့စ်အတွက် စာတန်းတွင် ဖော်ပြထားသည်မှာ- "vote early, vote often, and vote NO" (စောစောမဲပေးပါ၊ မကြာခဏ မဲပေးပါ၊ ကန့်ကွက်မဲပေးပါ) ဟူ၍ဖြစ်သည်။

အခြား Facebook အသုံးပြုသူတစ်ဦးက မျှဝေသည့် ဒုတိယပို့စ်တွင် တူညီသောမျက်နှာပြင်ဓာတ်ပုံ ပါသော်လည်း ထိုဓာတ်ပုံပေါ်တွင် ဤကဲ့သို့ဖော်ပြချက်ဖြင့် စာတန်းထိုး ပါရှိခဲ့သည်- "so you can vote Multiple times. They are setting us up for a ‘Rigging’ … smash the voting centres … it’s a NO, NO, NO, NO, NO.” (ဒါဆို အကြိမ်ကြိမ် မဲပေးလို့ရတာပေါ့။ သူတို့က 'မဲလိမ်ဖို့' ငါတို့ကို အကွက်ဆင်ထားတာပဲ … မဲစင်တာတွေကို ဖျက်ဆီးကြစို့ … ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ။)

ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် ဩစတြေးလျရှေးလူမျိုးနှင့် တောရက်စ်ရေလက်ကြား ကျွန်းသားများကို လွှတ်တော်အတွင်း ပိုမိုကိုယ်စားပြုမှုပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်၊ မသင့် ဩစတြေးလျပြည်သူများအား မေးမြန်းခဲ့သည်။

ဩစတြေးလျတွင် မဲမပေးမနေရဖြစ်ပြီး ၁၉၂၄ ခုနှစ်ကတည်းက ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတိုင်းတွင် မဲပေးသူရာခိုင်နှုန်း ၉၀ ခန့်ရှိကြောင်း AEC က အစီရင်ခံထားသည်။ အကြိမ်ကြိမ်မဲပေးခြင်းသည် တရားမဝင်ဘဲ ရွေးကောက်ပွဲ လိမ်လည်မှု အမျိုးအစားတစ်ခု ဖြစ်သည်။

Meta ၏ အလိုအလျောက် လုပ်ဆောင်သော စနစ်များက ပို့စ်နှစ်ခုလုံးကို ရှာဖွေတွေ့ရှိပြီးနောက် လူကိုယ်တိုင် စိစစ်သုံးသပ်သူများသည် ထိုပို့စ်နှစ်ခုလုံးကို Meta ၏ အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်း မူဝါဒအား ချိုးဖောက်သည့်အတွက် ဖယ်ရှားခဲ့သည်။ အသုံးပြုသူနှစ်ဦးလုံးက အယူခံဝင်ခဲ့သည်။

အဓိက တွေ့ရှိချက်များ

ပို့စ်နှစ်ခုလုံးသည် "မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်း လုပ်ငန်းစဉ်တွင် တရားမဝင်ပါဝင်ရန် စည်းရုံးလှုံ့ဆော်သော၊ ညွှန်ကြားချက်များပေးသော သို့မဟုတ် ထိုသို့ပါဝင်စေလိုသည့် အတိအလင်း ရည်ရွယ်ချက်ကို ဖော်ပြသော" အကြောင်းအရာကို တားမြစ်သည့် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်း စည်းမျဉ်းကို ချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ပထမအမှုတွင် အကြိမ်ကြိမ်မဲပေးမှုများကို ရေတွက်ခြင်းနှင့်ပတ်သက်သော AEC ၏ အချက်အလက်များနှင့်ပေါင်းစပ်၍ “vote often" (မကြာခဏ မဲပေးပါ) ဟူသော စကားစုကို ဖော်ပြထားခြင်းသည် တရားမဝင် မဲပေးခြင်းတွင် ပါဝင်ဆောင်ရွက်ရန် ရှင်းလင်းသော တိုက်တွန်းမှုတစ်ခု ဖြစ်သည်။ နှစ်ကြိမ်မဲပေးခြင်းသည် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များအရ "တရားမဝင် မဲပေးခြင်း" အမျိုးအစားတစ်ခု ဖြစ်သည်။ ဒုတိယအမှုတွင် အခြားကျန်ရှိသော မျက်နှာပြင်ဓာတ်ပုံပေါ်ရှိ စာတန်းထိုးနှင့်အတူ "smash the voting centres" (မဲစင်တာတွေကို ဖျက်ဆီးကြစို့) ဟူသော စကားစုအသုံးပြုမှုသည် အကြိမ်ကြိမ်မဲပေးခြင်းဖြင့် မဲရုံများတွင် ထိန်းချုပ်မရဖြစ်အောင် ပြုလုပ်ရန် ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်မှုအဖြစ် နားလည်နိုင်သည်။ ပို့စ်နှစ်ခုလုံးသည် ဝေဖန်ရှုတ်ချသော၊ လူများပိုမိုသတိပြုမိစေသော၊ သတင်းအစီရင်ခံသော သို့မဟုတ် ဟာသမြောက်သော သို့မဟုတ် သရော်ထားသော အခြေအနေများအတွက် မူဝါဒခြွင်းချက်များမှ အကျိုးခံစားရမည်မဟုတ်ပါ။ အထူးသဖြင့် ပို့စ်များသည် AEC ၏ X ပို့စ်ကို ဆွေးနွေးသည်ထက် အတိုင်းအတာကျော်လွန်နေပြီး တစ်ကြိမ်ထက်ပို၍ မဲပေးခြင်းကို ခွင့်ပြုသည်ဟု AEC က ပြောထားသယောင် သွယ်ဝိုက်ညွှန်းဆိုရန် အချက်အလက်များကို အဆက်အစပ်မရှိဘဲ တင်ပြသောကြောင့် လူများပိုမိုသတိပြုမိစေခြင်းနှင့်ပတ်သက်သော ဤခြွင်းချက်တွင် အကျုံးမဝင်ပါ။

မဲလိမ်လည်မှုတွင် ပါဝင်ဆောင်ရွက်လာအောင် အခြားသူများအား တိုက်တွန်းခြင်းမပြုရန် အသုံးပြုသူများကို တားမြစ်ထားခြင်းသည် မဲပေးခွင့်ကို ကာကွယ်ခြင်းဟူသည့် တရားဥပဒေနှင့်ညီညွတ်သော ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။ ဘုတ်အဖွဲ့သည် နိုင်ငံရေးစကားကို ဒီမိုကရေစီဝါဒအခြေခံသော လုပ်ငန်းစဉ်များ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူသည်။ ဤအမှုများတွင် အသုံးပြုသူနှစ်ဦးလုံးသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှ အစပျိုးခဲ့သည့် လူထုဆွေးနွေးငြင်းခုံမှုတွင် တိုက်ရိုက်ပါဝင်ခဲ့သော်လည်း တရားမဝင်အပြုအမူတွင် ပါဝင်ဆောင်ရွက်ရန် အခြားသူများအား ၎င်းတို့၏တိုက်တွန်းမှုများသည် ဩစတြေးလျတွင် နေထိုင်သူများ၏ နိုင်ငံရေးအခွင့်အရေးများ၊ အထူးသဖြင့် မဲပေးပိုင်ခွင့်အပေါ် သက်ရောက်မှုရှိခဲ့သည်။ ထို့ကြောင့် "vote No" (ကန့်ကွက်မဲပေးပါ) ဟူသော တိုက်တွန်းချက်များသည် ကာကွယ်ပေးထားသည့် နိုင်ငံရေးစကား ဖြစ်သော်လည်း "vote often" (မကြာခဏ မဲပေးပါ) နှင့် "smash the voting centres" (မဲစင်တာတွေကို ဖျက်ဆီးကြစို့) ဟူသော စကားစုများမှာမူ မတူပါ။ ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အကြံအဖန်လုပ်ထားကြောင်း ပြောဆိုချက်များအား မကြာခဏတွေ့နေရခြင်းကို ထောက်ဆလျှင် Meta သည် ၎င်း၏ပလက်ဖောင်းများတွင် မဲလိမ်လည်ရန်ကြိုးပမ်းမှုများ မပျံ့နှံ့အောင် တားဆီးခြင်းဖြင့် ဒီမိုကရေစီဝါဒအခြေခံသော လုပ်ငန်းစဉ်များကို ကာကွယ်ခြင်းမှာ မှန်ကန်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။

ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ Meta ၏ အားထုတ်မှုများကို ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ ကုမ္ပဏီသည် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းအပြင် သတင်းအချက်အလက်အမှားဆိုင်ရာ လူမှုစံနှုန်းများတွင် ပါရှိသည့် မဲပေးခြင်းအပေါ်နှောင့်ယှက်မှုဆိုင်ရာ စည်းမျဉ်းများအရ ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာကို ကြိုတင်ခွဲခြားဖော်ထုတ်ခဲ့သည်။ "double vote" (လူတစ်ဦးတည်းက နှစ်ခါမဲပေးခြင်း) နှင့် "vote multiple times" (အကြိမ်ကြိမ် မဲပေးခြင်း) ဟူသော စကားစုများသည် ဤအမှုတွင် ကုမ္ပဏီ၏ သော့ချက်စကားလုံးအခြေပြု ရှာဖွေဖော်ထုတ်ရေးစနစ်ကို အသက်ဝင်စေခဲ့သည့် သော့ချက်စကားလုံးများ ဖြစ်ခဲ့သည်။ Meta ၏အဆိုအရ စနစ်ကို ဒေသတွင်း ဆက်စပ်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားသည်။ သော့ချက်စကားလုံးအခြေပြု ‌ရှာဖွေထောက်လှမ်းခြင်းက မည်မျှထိရောက်ကြောင်း အကဲဖြတ်ရာတွင် အောင်မြင်မှုတိုင်းတာရေး မက်ထရစ်ကို တီထွင်ဖန်တီးရန် Meta အား တိုက်တွန်းသော်လည်း မျှဝေထားသည့် အချက်အလက်များပေါ်အခြေခံ၍ ဤကဲ့သို့ ပဏာမလုပ်ငန်းစဉ်များကို တစ်ကမ္ဘာလုံးရှိ ရွေးကောက်ပွဲ ကျင်းပနေသည့် နိုင်ငံများတွင် တစ်သမတ်တည်း အသုံးချသင့်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။

နောက်ဆုံးအနေဖြင့် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းများ၏ အများသူငှာကြည့်ရှုနိုင်သော စည်းမျဉ်းများသည် လုံလောက်စွာ ရှင်းလင်းမှုမရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ၎င်းတို့တွင် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များ၌ စိစစ်သုံးသပ်သူများအတွက် ရရှိနိုင်သည့်အရာများ၊ အတိအကျဆိုရသော် "တရားမဝင် မဲပေးခြင်း" အတွက် ကုမ္ပဏီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ မပါဝင်ပါ။ အသုံးပြုသူများက ဒီမိုကရေစီဝါဒအခြေခံသော ဖြစ်ရပ်များနှင့်ပတ်သက်၍ အများပြည်သူအတွက် အကျိုးရှိသော ကိစ္စရပ်များကို ဆွေးနွေးရာတွင် လူမှုကွန်ရက်ပေါ်၌ ထိတွေ့ဆက်ဆံနိုင်ရန် အရေးပါသောကြောင့် Meta သည် အသုံးပြုသူများအား စည်းမျဉ်းများကို ရှင်းလင်းစွာ အသိပေးရန် လိုအပ်သည်။

ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်

အမှုနှစ်ခုလုံးရှိ အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များကို ကြီးကြပ်ရေးဘုတ်အဖွဲ့က မူလအတိုင်း လက်ခံဆုံးဖြတ်သည်။

ဘုတ်အဖွဲ့က Meta အနေဖြင့် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-

  • အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်း မူဝါဒ၏ "ဝေဖန်ရှုတ်ချသော၊ လူများပိုမိုသတိပြုမိစေသော၊ သတင်းအစီရင်ခံသော သို့မဟုတ် ဟာသမြောက်သော သို့မဟုတ် သရော်သော ဆက်စပ်အခြေအနေများတွင် မျှဝေခြင်းမှလွဲ၍ မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်း လုပ်ငန်းစဉ်တွင် တရားမဝင်ပါဝင်ရန် စည်းရုံးလှုံ့ဆော်သည့်၊ ညွှန်ကြားချက်များပေးသည့် သို့မဟုတ် အတိအလင်းရည်ရွယ်ချက်ကို ဖော်ပြသည့်" အကြောင်းအရာအပေါ် တားမြစ်ချက်ဆိုင်ရာ အများသူငှာဖတ်ရှုနိုင်သော အသုံးအနှုန်းတွင် "တရားမဝင် မဲပေးခြင်း" ဝေါဟာရ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပေါင်းစပ်ထည့်သွင်းပါ။

* အမှုအနှစ်ချုပ်များတွင် အမှုများအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။

အမှုဆုံးဖြတ်ချက် အပြည့်အစုံ

၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်

Twitter အဖြစ် ယခင်ကသိထားသည့် X တွင် ဩစတြေးလျ ရွေးကောက်ပွဲ ကော်မရှင် (AEC) က တင်ထားသော ပို့စ်တစ်ခု၏ မျက်နှာပြင်ဓာတ်ပုံပါသော Facebook ရှိ သီးခြားပို့စ်နှစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များကို ကြီးကြပ်ရေးဘုတ်အဖွဲ့က မူလအတိုင်း လက်ခံဆုံးဖြတ်သည်။ Facebook အသုံးပြုသူများ တင်ခဲ့သည့် AEC ထံမှ မျက်နှာပြင်ဓာတ်ပုံများတွင် အောက်ပါ ပြောစကား ပါဝင်ခဲ့သည်- “If someone votes at two different polling places within their electorate, and places their formal vote in the ballot box at each polling place, their vote is counted.” (တကယ်လို့ လူတစ်ယောက်က သူ့ရဲ့မဲဆန္ဒနယ်အတွင်း မတူညီတဲ့ မဲရုံနှစ်ရုံမှာ မဲပေးပြီး သူ့ရဲ့တရားဝင်မဲကို မဲရုံတစ်ရုံးချင်းစီရဲ့ မဲပုံးထဲထည့်ခဲ့ရင် သူ့မဲကို ထည့်ရေတွက်ပါမယ်။) ပထမ Facebook ပို့စ်တွင် မျက်နှာပြင်ဓာတ်ပုံနှင့်အတူ "vote early, vote often, and vote NO"(စောစောမဲပေးပါ၊ မကြာခဏ မဲပေးပါနှင့် ကန့်ကွက်မဲပေးပါ) ဟု ဖော်ပြထားသည့် စာတန်း ပါရှိခဲ့သည်။ ဒုတိယ Facebook ပို့စ်တွင် မျက်နှာပြင်ဓာတ်ပုံနှင့်အတူ ဓာတ်ပုံပေါ်တွင် ဖော်ပြပါအတိုင်း စာတန်းထိုး ပါရှိခဲ့သည်- “so you can vote Multiple times … they are setting us up for a ‘Rigging’ … smash the voting centres… it’s a NO, NO, NO, NO, NO.” (ဒါဆို အကြိမ်ကြိမ် မဲပေးလို့ရတာပေါ့။ သူတို့က 'မဲလိမ်ဖို့' ငါတို့ကို အကွက်ဆင်ထားတာပဲ … မဲစင်တာတွေကို ဖျက်ဆီးကြစို့… ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ။) စာတန်းတွင် “stop” (ရပ်) ဟူသော အီမိုဂျီတစ်ခုပါရှိကာ ၎င်းနောက်တွင် “Australian Electoral Commission” (ဩစတြေးလျ ရွေးကောက်ပွဲ ကော်မရှင်) ဟူသည့် စကားလုံးများလည်း ပါရှိပါသည်။

ပို့စ်နှစ်ခုလုံးသည် "ဝေဖန်ရှုတ်ချသော၊ လူများပိုမိုသတိပြုမိစေသော၊ သတင်းအစီရင်ခံသော သို့မဟုတ် ဟာသမြောက်သော သို့မဟုတ် သရော်သော ဆက်စပ်အခြေအနေများတွင် မျှဝေခြင်းမှလွဲ၍ မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်း လုပ်ငန်းစဉ်တွင် တရားမဝင်ပါဝင်ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ညွှန်ကြားချက်များပေးခြင်း သို့မဟုတ် အတိအလင်းရည်ရွယ်ချက်ကို ဖော်ပြခြင်း" ကို တားမြစ်သည့် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ခြွင်းချက်တစ်ခုမျှ မသက်ရောက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။

ဤအမှုများသည် ပြည်သူလူထု၏ မဲပေးပိုင်ခွင့်ကို ထိခိုက်နိုင်ခြေရှိသည့်အပြင် ရွေးကောက်ပွဲများနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကဲ့သို့ ဒီမိုကရေစီဝါဒအခြေခံသော လုပ်ငန်းစဉ်များ၏ နောက်ခံဖြစ်ရပ်နှင့်ပတ်သက်၍ အဆက်အစပ်မရှိသော အချက်အလက်များကို မျှဝေခြင်းဆိုင်ရာ ပိုမိုကျယ်ပြန့်သော စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ မည်သည့်အရာက "မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်း လုပ်ငန်းစဉ်တွင် တရားမဝင်ပါဝင်မှု" ဖြစ်ကြောင်း ရှင်းလင်းစေရန်အတွက် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းအောက်တွင် မဲလိမ်လည်မှုနှင့်/သို့မဟုတ် သန်းခေါင်စာရင်းလိမ်လည်မှုနှင့်ဆက်စပ်သော မူဝါဒစာကြောင်းများကို ပိုမိုနားလည်လွယ်အောင် ရှင်းပြရန် ဘုတ်အဖွဲ့က Meta အား အကြံပြုသည်။

၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်တွင် ဩစတြေးလျသည် လွှတ်‌တော်တွင်း ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ (ဤမှစ၍နောင်တွင် "ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ") ကို ကျင်းပခဲ့သည်။ မဲမပေးမီ ရက်ပိုင်းအလိုတွင် Facebook အသုံးပြုသူတစ်ဦးသည် ဩစတြေးလျ ရွေးကောက်ပွဲ ကော်မရှင် (AEC) ၏ တရားဝင်အကောင့်မှ X ပို့စ်တစ်ခု၏ မျက်နှာပြင်ဓာတ်ပုံပါသော ပို့စ်ကို သူစီမံသည့် အဖွဲ့တွင် မျှဝေခဲ့သည်။ X တွင် AEC တင်ထားသောပို့စ်၌ အောက်ပါပြောစကားများ ပါဝင်ခဲ့သည်- “If someone votes at two different polling places within their electorate, and places their formal vote in the ballot box at each polling place, their vote is counted.” (တကယ်လို့ လူတစ်ယောက်က သူ့ရဲ့မဲဆန္ဒနယ်အတွင်း မတူညီတဲ့ မဲရုံနှစ်ရုံမှာ မဲပေးပြီး သူ့ရဲ့တရားဝင်မဲကို မဲရုံတစ်ရုံးချင်းစီရဲ့ မဲပုံးထဲထည့်ခဲ့ရင် သူ့မဲကို ထည့်ရေတွက်ပါမယ်။) မျက်နှာပြင်ဓာတ်ပုံတွင် တူညီသော X ပို့စ်အတွဲမှ အခြားမှတ်ချက်တစ်ခုကိုလည်း ပြသထားပြီး ယင်းမှတ်ချက်၌ မဲပေးလွှာကို လျှို့ဝှက်ထားခြင်းကြောင့် AEC အနေဖြင့် “knowing which ballot paper belongs to which person” (ဘယ်မဲစာရွက်က ဘယ်သူ့ဟာလဲဆိုတာ မသိနိုင်) ဟု ရှင်းပြထားသည့်အပြင် “the number of double votes received is incredibly low” (လူတစ်ဦးတည်း နှစ်ခါမဲပေးတာကို လက်ခံရရှိတဲ့ အရေအတွက် အလွန့်အလွန်နည်းပါတယ်) ဟုလည်း ပြည်သူများစိတ်မပူပန်စေရန် ပြောကြားထားသည်။ သို့သော် အကြိမ်ကြိမ်မဲပေးခြင်းသည် ဩစတြေးလျတွင် ပြစ်မှုမြောက်သည်ဟူသော အချက်အပါအဝင် AEC က မျှဝေထားသည့် အချက်အလက်အားလုံးကို မျက်နှာပြင်ဓာတ်ပုံ၌ ဖော်ပြထားခြင်း မရှိပါ။ ပထမ Facebook ပို့စ်တွင် ပါရှိသည့် စာတန်း၌ "vote early, vote often, and vote NO" (စောစောမဲပေးပါ၊ မကြာခဏမဲပေးပါ၊ ကန့်ကွက်မဲပေးပါ) ဟု ဖော်ပြထားသည်။

X တွင် AEC တင်ထားသောပို့စ်၏ တူညီသောမျက်နှာပြင်ဓာတ်ပုံပါရှိသည့် နောက်ထပ်ပို့စ်တစ်ခုကို နောက်တစ်ရက်အကြာတွင် အခြား Facebook အသုံးပြုသူတစ်ဦးက သူ့ပရိုဖိုင်တွင် မျှဝေခဲ့သည်။ ၎င်းနှင့်အတူ အောက်ပါဖော်ပြချက် ပါဝင်သည့် ဓာတ်ပုံပေါ်ရှိ စာတန်းထိုး ရှိခဲ့သည်- "so you can vote Multiple times. They are setting us up for a ‘Rigging’ ... smash the voting centres ... it’s a NO, NO, NO, NO, NO.” (ဒါဆို အကြိမ်ကြိမ် မဲပေးလို့ရတာပေါ့။ သူတို့က 'မဲလိမ်ဖို့' ငါတို့ကို အကွက်ဆင်ထားတာပဲ ... မဲစင်တာတွေကို ဖျက်ဆီးကြစို့ ... ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ။) စာတန်းတွင် “stop” (ရပ်) ဟူသော အီမိုဂျီတစ်ခုပါရှိကာ ၎င်းနောက်တွင် “Australian Electoral Commission” (ဩစတြေးလျ ရွေးကောက်ပွဲ ကော်မရှင်) ဟူသည့် စကားလုံးများလည်း ပါရှိပါသည်။

ပို့စ်နှစ်ခုလုံးကို Meta က ကြိုတင်တွေ့ရှိခဲ့သည်။ “double vote” (လူတစ်ဦးတည်းက နှစ်ခါမဲပေးခြင်း) နှင့် “vote multiple times” (အကြိမ်ကြိမ်မဲပေးခြင်း) ဟူသော စကားစုများသည် ဤအမှုတွင် ကုမ္ပဏီ၏ “သော့ချက်စကားလုံးအခြေပြု စီစဉ်ဆောင်ရွက်ဆဲ ပဏာမလုပ်ငန်းစဉ်” ကို အသက်ဝင်စေခဲ့သည့် သော့ချက်စကားလုံးများ ဖြစ်ခဲ့သည်။ ဤသော့ချက်စကားလုံးအခြေပြု ရှာဖွေဖော်ထုတ်သည့်နည်းလမ်းသည် "မဲဆန္ဒရှင်မဲပေးခြင်းနှင့် သန်းခေါင်စာရင်းကောက်ခြင်းအပေါ် နှောင့်ယှက်မှုနှင့်ဆိုင်သည့် အကြောင်းအရာများ အကန့်အသတ်မရှိ အပါအဝင် အခြားချိုးဖောက်နိုင်ခြေရှိသည့် အကြောင်းအရာ" ကို ကြိုတင်ခွဲခြားဖော်ထုတ်ရန် Meta က စနစ်တကျသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်သည်။ ထို့နောက် ပို့စ်နှစ်ခုလုံးကို လူကိုယ်တိုင် စိစစ်သုံးသပ်ရန်အတွက် အလိုအလျောက် တန်းစီထားသည်။ လူကိုယ်တိုင် စိစစ်သုံးသပ်မှု ပြုလုပ်ပြီးသည့်နောက် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ မူဝါဒကို ချိုးဖောက်သည့်အတွက် ပို့စ်နှစ်ခုစလုံးကို ဖယ်ရှားခဲ့ပါသည်။ Meta သည် အသုံးပြုသူ ပရိုဖိုင်နှစ်ခုလုံးတွင် ပုံမှန်သတိပေးချက်အပြင် ရက် ၃၀ လုပ်ဆောင်ချက်သုံးခွင့် ကန့်သတ်ချက်ကိုလည်း ချမှတ်ခဲ့ပြီး Facebook အဖွဲ့များတွင် ပို့စ်တင်ခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်း၊ သတင်းအဖွဲ့များ ဖန်တီးခြင်း သို့မဟုတ် Messenger စကားပြောခန်းများတွင် ပါဝင်ခြင်းမှ အသုံးပြုသူများကို တားမြစ်ခဲ့သည်။

ဘုတ်အဖွဲ့သည် ဤအမှုများတွင် ၎င်း၏ဆုံးဖြတ်ချက်များကို ချမှတ်ရာ၌ အောက်ဖော်ပြပါ ဆက်စပ်အခြေအနေများကို မှတ်ချက်ပြုခဲ့သည်-

ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် "ဩစတြေးလျရှေးလူမျိုးနှင့် တောရက်စ်ရေလက်ကြား ကျွန်းသားများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လွှတ်တော်နှင့် ဓနသဟာယနိုင်ငံများအဖွဲ့၏ အမှုဆောင်အစိုးရထံ ကိုယ်စားပြုမှုများ ပြုလုပ်နိုင်မည့်" "Aboriginal and Torres Strait Islander Voice ဟုခေါ်သည့် အဖွဲ့တစ်ဖွဲ့ ထူထောင်ခြင်းဖြင့်" ဩစတြေးလျ၏ ပထမဆုံးလူမျိုးများကို အသိအမှတ်ပြုရန် ဩစတြေးလျ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်၊ မသင့် မေးခဲ့သည်။ ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာ နောက်ခံအချက်အလက်များတွင် ဩစတြေးလျရှိ ဩစတြေးလျရှေးလူမျိုးနှင့် တောရက်စ်ရေလက်ကြား ကျွန်းသားများသည် နိုင်ငံတွင်း လူမှုရေးနှင့် စီးပွားရေးအရ အချို့တဲ့ဆုံး အုပ်စုများတွင် ပါဝင်ကာ အလုပ်လက်မဲ့ပမာဏများခြင်း၊ အဆင့်မြင့်ပညာရေးတွင် ပါဝင်သင်ကြားခွင့်နည်းပါးခြင်း၊ ကျန်းမာရေးရလဒ်များညံ့ခြင်း (ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှစ်မျိုးလုံး)၊ အခြားဩစတြေးလျလူမျိုးများထက် သက်တမ်းပိုတိုခြင်းနှင့် ထောင်ချခံရသည့်ပမာဏများခြင်းကို ကြုံတွေ့နေရသည်ဟူသောအချက် ပါဝင်သည်။ ဩစတြေးလျရှေးလူမျိုးနှင့် တောရက်စ်ရေလက်ကြား ကျွန်းသားများသည် ခွဲခြားဆက်ဆံခြင်းကိုလည်း ရင်ဆိုင်ရပြီး ကျား/မအခြေပြုအကြမ်းဖက်မှုနှင့် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုတို့ကြောင့် အချိုးအစားမမျှတစွာ ထိခိုက်ခံရသည်။

ဝန်ကြီးချုပ် Anthony Albanese က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို သဘောတူကြောင်း ("ထောက်ခံသည်" ကို မဲပေးကြောင်း) စည်းရုံးလှုံ့ဆော်ခဲ့သော်လည်း ဩစတြေးလျ၏ အဓိကအတိုက်အခံအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို သဘောမတူကြောင်း ("မထောက်ခံပါ" ကို မဲပေးကြောင်း) စည်းရုံးလှုံ့ဆော်ခဲ့သည်။ အဆိုပြုချက်ကို ပြည်နယ်ခြောက်ခုလုံးတွင် လူအများစုက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပယ်ချခဲ့သည်။ ထို့ကြောင့် ဩစတြေးလျ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်သည့် နှစ်ဆမဲအသာကို မရရှိနိုင်ခဲ့ပါ။

ဩစတြေးလျတွင် မဲမပေးမနေရဖြစ်ပြီး ၁၉၂၄ ခုနှစ်ကတည်းက အထွေထွေရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတိုင်းတွင် မဲပေးသူရာခိုင်နှုန်း ၉၀ ခန့်ရှိခဲ့ကြောင်း AEC က အစီရင်ခံသည်။ ဓနသဟာယ ရွေးကောက်ပွဲအက်ဥပဒေ ၁၉၁၈ ခုနှစ်နှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ (လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ) အက်ဥပဒေ ၁၉၈၄ ခုနှစ်အရ အကြိမ်ကြိမ်မဲပေးခြင်းသည် ပြည်နယ်အဆင့်တွင်ရော ဖက်ဒရယ်အဆင့်တွင်ပါ ရွေးကောက်ပွဲ မသမာမှုအမျိုးအစားတစ်ခု ဖြစ်သည်။ ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် အကြိမ်ကြိမ်မဲပေးသည်ဟူသော စွပ်စွဲချက်များကို တုံ့ပြန်သောအားဖြင့် AEC သည် X တွင် ပို့စ်အတွဲရှည်တစ်ခုကို တင်ခဲ့ပြီး ယင်းတွင် အကြိမ်ကြိမ်မဲပေးခြင်းမှာ "very rare" (အလွန်ရှားပါးသည်) ဟု ပြောထားကာ ထိုအကျင့်ကို တားဆီးရန် AEC တွင် အစီအမံများရှိကြောင်း ဖော်ပြထားသည်။ လူတစ်ဦးတည်းက နှစ်ခါမဲပေးခြင်းကို တုံ့ပြန်ဖြေရှင်းရန် မဲဆန္ဒနယ်တစ်နယ်အတွက် မဲဆန္ဒရှင်အားလုံး၏ တူညီသော အသိအမှတ်ပြုထားသည့် စာရင်းများကို မဲရုံတစ်ခုစီအတွက် ထုတ်ပေးကြောင်း AEC က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ရှင်းပြထားသည်။ မဲဆန္ဒရှင်များကို မဲစာရွက်တစ်စုံ ထုတ်ပေးသည့်အခါ ၎င်းတို့၏အမည်များကို အဆိုပါထုတ်ပေးသည့်နေရာတွင် ထိန်းသိမ်းထားသော အသိအမှတ်ပြုထားသည့် စာရင်းကို အမှတ်ခြစ်ပြီးသားဖြစ်သည်။ မဲဆန္ဒရှင်တစ်ဦးက ပုံမှန်မဲတစ်မဲ ထပ်ပေးရန် အခြားမဲပေးလွှာထုတ်ပေးသည့်နေရာသို့ သွားသည့်အခါ အဆိုပါမဲဆန္ဒနယ်အတွက် အသိအမှတ်ပြုထားသော စာရင်း၏ နောက်ထပ်မိတ္တူတစ်စုံတွင် ထိုလူကို မဲစာရွက်များ ထုတ်ပေးပြီးသွားကြောင်း ဖော်ပြရန် အမှတ်အသားပြုပါမည်။ မဲပေးသည့်နေ့ပြီးလျှင်ပြီးချင်း အမည်မှန်သမျှနှင့်တိုက်ဆိုင်၍ အမှတ်အသားများစွာ ပေးထားသည့် ဖြစ်ရပ်များရှိ၊ မရှိ စစ်ဆေးရန် မဲဆန္ဒနယ်အသီးသီးအတွက် တူညီသော အသိအမှတ်ပြုထားသည့် စာရင်းတစ်ခုစီကို စကန်ဖတ်သည်။ ထို့နောက် AEC သည် အကြိမ်ကြိမ်မဲပေးသည်ဟု သံသယရှိသည့် မဲဆန္ဒရှင်တစ်ဦးစီအား စုံစမ်းစစ်ဆေးပြီး မှတ်တမ်းတင်သည်။ တုံ့ပြန်ဖြေရှင်းပုံမှာ အဆိုပါပြဿနာသည် "မဲရုံအရာရှိ၏ အမှား" သို့မဟုတ် "ဘာသာစကား သို့မဟုတ် စာတတ်မြောက်မှု အခက်အခဲများ" သို့မဟုတ် ထိုလူသည် "သက်ကြီးရွယ်အိုဖြစ်ကာ မဲတစ်ကြိမ် ပေးပြီးသားကို မေ့သွားခြင်းကြောင့် ဇဝေဇဝါဖြစ်ပြီး တစ်ကြိမ်ထက်ပို၍ မဲပေးခဲ့ခြင်း" ရှင်းပြချက်များကဲ့သို့ အကြောင်းရင်းများကြောင့်ဆိုလျှင် ပြဿနာပြေလည်သွားပါမည်။ ၎င်းတို့ကို မဖြေရှင်းနိုင်သည့်အခါ ကျန်ရှိသောအမှုများကို AEC က ထပ်မံစုံစမ်းစစ်ဆေးပြီး ဩစတြေးလျ ဖက်ဒရယ်ရဲဌာနထံသို့ ထည့်သွင်းစဉ်းစားပေးစေရန်အတွက် ထပ်ဆင့်ပို့နိုင်သည်။

၂၀၁၉ ခုနှစ်တွင် အကြိမ်ကြိမ်မဲပေးခြင်းသည် "အလွန်သေးငယ်သော ပြဿနာ" တစ်ခု ဖြစ်ခဲ့ကြောင်း၊ မဲပေးသူ ၉၁.၉% အနက် ၀.၀၃% သာ အကြိမ်များစွာ အမှတ်အသားပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် အကြိမ်ကြိမ်မဲပေးခြင်း ဖြစ်ရပ်အများစုသည် အသက်အရွယ်ကြီးသော၊ စာတတ်မြောက်မှုအားနည်းသော သို့မဟုတ် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နားလည်သဘောပေါက်မှုအားနည်းသော မဲဆန္ဒရှင်များ၏ အမှားများ ဖြစ်ခဲ့ကြောင်း AEC က သက်သေခံခဲ့သည်။ AEC သည် ဘုတ်အဖွဲ့ထံ ၎င်း၏လူထုသဘောထားမှတ်ချက် ပေးပို့မှုတွင် ဩစတြေးလျ၌ အကြိမ်ကြိမ်မဲပေးခြင်း ဖြစ်ရပ်၏ "မပြောပလောက်သော" နှုန်းထားကို ထပ်လောင်းပြောဆိုခဲ့သည်။ AEC ၏ အဆိုအရ ၂၀၂၂ ခုနှစ် ဖက်ဒရယ်ရွေးကောက်ပွဲနှင့်ဆက်စပ်သော အခြေအနေတွင် မဲစုစုပေါင်း ၁၅.၅ သန်းအနက် သိသာထင်ရှားသော အကြိမ်ကြိမ် မဲပေးသူ ၁၃ ဦးကိုသာ ထပ်မံစုံစမ်းစစ်ဆေးရန်အတွက် ဩစတြေးလျ ဖက်ဒရယ်ရဲဌာနသို့ လွှဲပြောင်းပေးခဲ့သည် (PC-၂၅၀၀၆၊ PC- ၂၅၀၀၇ ကိုလည်း ကြည့်ပါ)။

ဘုတ်အဖွဲ့ တိုင်ပင်ဆွေးနွေးခဲ့သည့် ကျွမ်းကျင်သူများ၏ အဆိုအရ #StopTheSteal နှင့် #RiggedReferendum ဟက်ရှ်တပ်ဂ်များပါရှိသည့် ပို့စ်အချို့နှင့်အတူ ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အကြံအဖန်လုပ်ထားကြောင်း ပြောဆိုချက်များ မကြာခဏရှိခဲ့သည်။ ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့်ဆက်စပ်သည့် အခြေအနေတွင် မဲလိမ်လည်မှုများရှိသည်ဟူသော ပြောဆိုချက်များကို တွေ့နေကျဖြစ်ကြောင်း သတင်းစာနယ်ဇင်းအစီရင်ခံချက်တွင်လည်း အလားတူ ဦးစားပေးဖော်ပြခဲ့သည်။ ဘုတ်အဖွဲ့ တိုင်ပင်ဆွေးနွေးခဲ့သည့် ကျွမ်းကျင်သူများက အသုံးချသော လူမှုကွန်ရက် စောင့်ကြည့်ရေး ကိရိယာများပေါ်အခြေခံ၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ X တွင် AEC တင်ထားသောပို့စ်များ၏ မျက်နှာပြင်ဓာတ်ပုံများကို Meta ၏ ပလက်ဖောင်းများတွင် ၄၇၅ ကြိမ်အထက် မျှဝေခဲ့ပြီး ထောင်ပေါင်းများစွာသော တုံ့ပြန်မှုများနှင့် ကြည့်ရှုမှုအကြိမ်ရေ အနည်းဆုံး ၃၀,၀၀၀ ရရှိခဲ့သည်။

၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အကြောင်းအရာ ဖယ်ရှားခံခဲ့ရသူထံမှ အယူခံလွှာကို ရရှိပြီးနောက်တွင် Meta ၏ ချမှတ်ထားသော ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို မူလအတိုင်း လက်ခံဆုံးဖြတ်နိုင် သို့မဟုတ် ပယ်ချနိုင်သည် (ပဋိညာဉ်စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၅)။ ထို့ပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော အခြေအနေရှိသည့် အလားတူ အကြောင်းအရာနှင့်ပတ်သက်၍ ၎င်း၏ဆုံးဖြတ်ချက်ကို အသုံးချနိုင်ခြေရှိ၊ မရှိကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် မဖြစ်မနေ လိုက်နာစရာမလိုသော်လည်း တုံ့ပြန်ရမည့် အကြံပြုချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၄၊ ပိုဒ်ခွဲ ၄)။ Meta က အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကတိကဝတ်ပြုသည့်အခါ ဘုတ်အဖွဲ့က ၎င်းတို့ကို အကောင်အထည်ဖော်မှုအား စောင့်ကြည့်ပါသည်။ ဘုတ်အဖွဲ့က အလားတူ ပြဿနာများကို ဖြစ်ပေါ်စေသည့် အမှုများကို ဖော်ထုတ်တွေ့ရှိသည့်အခါ ၎င်းတို့ကို အတူတကွ ချင့်ချိန်ဆုံးဖြတ်ရန်အတွက် ဆွေးနွေးတိုင်ပင်ရေး အဖွဲ့တစ်ခုထံသို့ ပေါင်းစု၍ တာဝန်ပေးအပ်နိုင်သည်။ အကြောင်းအရာ အစိတ်အပိုင်းတစ်ခုစီနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပါမည်။

၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များနှင့် လမ်းညွှန်ချက်

ဤအမှုများတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ စံနှုန်းများနှင့် သာဓကများဖြင့် အသိပေးတင်ပြခဲ့သည်-

၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ

၂။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ

Meta ၏ အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်း မူဝါဒဆိုင်ရာ သဘောတရားတွင် ၎င်းသည် "လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများ၊ ပိုင်ဆိုင်မှု သို့မဟုတ် တိရစ္ဆာန်များအား ပစ်မှတ်ထားသော ရာဇဝတ်မှုမြောက်သည့် သို့မဟုတ် ထိခိုက်နစ်နာစေနိုင်သည့် လုပ်ဆောင်ချက်အချို့ကို ပံ့ပိုးကူညီသော၊ စီစဉ်သော၊ အားပေးသော သို့မဟုတ် ကျူးလွန်သော" အကြောင်းအရာကို တားမြစ်ခြင်းဖြင့် "ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှုနှင့် လိုက်လံတုပသော အပြုအမူများကို တားဆီးရန်နှင့် ဟန့်တားရန်" ရည်ရွယ်ကြောင်း ဖော်ပြထားသည်။ မူဝါဒသည် "ပြစ်တင်ရှုတ်ချသော၊ လူအများပိုမိုသိရှိစေသော၊ သတင်းအစီရင်ခံသော သို့မဟုတ် ဟာသမြောက်သော သို့မဟုတ် သရော်သော ဆက်စပ်အကြောင်းအရာများဖြင့် မျှဝေခြင်းမှလွဲ၍ မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်း လုပ်ငန်းစဉ်တွင် တရားမဝင် ပါဝင်ရန် စည်းရုံးလှုံ့ဆော်သော၊ ညွှန်ကြားချက်များပေးသော သို့မဟုတ် ထိုသို့ပါဝင်စေလိုသည့် အတိအလင်း ရည်ရွယ်ချက်ကို ဖော်ပြသော" အကြောင်းအရာများကို ပို့စ်တင်ခြင်းမှ အသုံးပြုသူများကို တားမြစ်သည်။

မဲဆန္ဒရှင်မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်းအပေါ် နှောင့်ယှက်မှုနှင့်ဆိုင်သည့် အကြောင်းအရာများတွင် ကျိုးကြောင်းခိုင်လုံကြောင်း ပြသရန် နောက်ထပ်ဆက်စပ်အကြောင်းအရာ ရှိမှသာ မူဝါဒအရ ဖယ်ရှားနိုင်သည့် အမျိုးအစားများလည်း ရှိသည်။ ၎င်းတို့တွင် "တရားဝင်ရွေးကောက်ပွဲ သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်းတွင် လူတစ်ဦး၏ ပါဝင်နိုင်စွမ်း‌အပေါ် သက်ရောက်မည့် ပူးပေါင်းကြံစည်ထားသော နှောင့်ယှက်မှုပြုရန် တိုက်တွန်းနှိုးဆော်မှုများ" အပြင် "ခြိမ်းခြောက်ရန် ရည်ညွှန်းချက်တစ်ခု တွဲ၍ပါဝင်ပါက မဲဆန္ဒရှင်များ သို့မဟုတ် ရွေးကောက်ပွဲအရာရှိများ၏ လုပ်ဆောင်မှုများကို ကြီးကြပ်ရန် သို့မဟုတ် စောင့်ကြည့်ရန် ရွေးကောက်ပွဲနေရာတစ်ခုသို့ သွားမည်ဟု ခြိမ်းခြောက်မှုများ" လည်း ပါဝင်သည်။

Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒသည် Meta ၏ ပလက်ဖောင်းများတွင် တင်ထားသည့် အကြောင်းအရာများနှင့်ဆက်စပ်နိုင်သော "ပြင်ပ ကမ္ဘာတွင် ဖြစ်လာနိုင်သော ထိခိုက်နာကျင်စေမှု" ကို တားဆီးရန် ရည်ရွယ်သည်။ ၎င်းသည် "သေစေနိုင်လောက်သော ခြိမ်းခြောက်မှုများ (နှင့် အခြား ဆိုးရွားပြင်းထန်မှုမြင့်မားသည့် အကြမ်းဖက်မှုပုံစံများ)" အပြင် "မဲရုံများ သို့မဟုတ် မဲများ ရေတွက်ရန် သို့မဟုတ် ရွေးကောက်ပွဲကို စီမံခန့်ခွဲရန် အသုံးပြုသည့် တည်နေရာများ" ကဲ့သို့ " တည်နေရာတစ်ခုသို့ လက်နက်များ ကိုင်ဆောင်သွားရန် သို့မဟုတ် လက်နက်များ ယူဆောင်သွားရန် သို့မဟုတ် တည်နေရာတစ်ခုသို့ အတင်းအဓမ္မ ဝင်ရောက်ရန် ခြိမ်းခြောက်မှုများ" ကိုလည်း တားမြစ်သည်။ ၎င်းသည် "မည်သူမည်ဝါပစ်မှတ်ထားခြင်း မရှိသော်လည်း မဲပေးခြင်း၊ မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း သို့မဟုတ် ရွေးကောက်ပွဲ စီမံခန့်ခွဲခြင်း သို့မဟုတ် ၎င်း၏ရလဒ်နှင့်ဆက်စပ်၍" အကြမ်းဖက်ရန်ခြိမ်းခြောက်မှုများကိုလည်း တားမြစ်သည်။

Meta ၏ သတင်းအချက်အလက်အမှား မူဝါဒသည် သတင်းအချက်အလက်အမှား အမျိုးအစားအမျိုးမျိုးကို ကုမ္ပဏီက မည်သို့ကိုင်တွယ်ဖြေရှင်းကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ဤအမျိုးအစားများမှ တစ်ခုအောက်တွင် Meta သည် " ရွေးကောက်ပွဲနှင့် သန်းခေါင်စာရင်း သမာသမတ်ကျမှုတို့ကို မြှင့်တင်ရန် အားထုတ်မှုအနေဖြင့်" "အဆိုပါ [နိုင်ငံရေး]လုပ်ငန်းစဉ်များတွင် လူများ၏ ပါဝင်ဆောင်ရွက်နိုင်မှုအပေါ် စွက်ဖက်နှောင့်ယှက်နိုင်သည့် အန္တရာယ်ကို တိုက်ရိုက်ဖြစ်စေနိုင်သော သတင်းအချက်အလက်အမှားများ" ကို ဖယ်ရှားပါသည်။ ၎င်းတွင် "မဲပေးနိုင်သူများ၊ မဲပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များ၊ ဆန္ဒမဲကို ထည့်သွင်းရေတွက်ခြင်း ရှိ၊ မရှိနှင့် မဲပေးရန်အတွက် ပေးအပ်ရမည့် အချက်အလက်များ သို့မဟုတ် ပစ္စည်းများအကြောင်း သတင်းအချက်အလက်အမှား" ပါဝင်သည်။

၃။ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများ

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် ထောက်ခံချက်ပေးထားသည့် စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ်ကို ချမှတ်ထားသည်။ ၂၀၂၁ ခုနှစ်တွင် UNGP များနှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို Meta က ကြေညာခဲ့သည်။ ဤအမှုတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ နိုင်ငံတကာ စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည်-

  • လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်- ပိုဒ်ခွဲ ၁၉၊ နိုင်ငံသားများနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR)။ အထွေထွေမှတ်ချက် အမှတ် ၃၄,၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၁၊ လွတ်လပ်စွာ ရှုမြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်၊ အစီရင်ခံစာများ- က/HRC/၃၈/၃၅ (၂၀၁၈) နှင့် က/၇၄/၄၈၆ (၂၀၁၉)။
  • မဲပေးခွင့်နှင့် ပြည်သူ့အရေးကိစ္စများတွင် ပါဝင်ခွင့်- အပိုဒ် ၂၅၊ ICCPR။ အထွေထွေမှတ်ချက် အမှတ် ၂၅၊ လူ့အခွင့်အရေး ကော်မတီ၊ ၁၉၉၆။

၅။ အသုံးပြုသူ၏ တင်ပြချက်များ

ဘုတ်အဖွဲ့ထံ ၎င်းတို့၏ ထွက်ဆိုချက်များတွင် အသုံးပြုသူနှစ်ဦးလုံးက ၎င်းတို့သည် AEC တင်ထားသည့် အချက်အလက်များကို မျှဝေရုံသာဖြစ်ခဲ့ကြောင်း ဆိုခဲ့သည်။ ဒုတိယပို့စ်ကို ဖန်တီးခဲ့သည့် အသုံးပြုသူက သူ့ပို့စ်သည် လူများက ၎င်းတို့၏အမည်များကို စာရင်းတွင် မဲပေးပြီးကြောင်း အမှတ်အသားပြုစေရန် "အိုင်ဒီ ပြရန် မလိုအပ်" သောကြောင့် အကြိမ်ကြိမ် မဲပေးခြင်းကို ခွင့်ပြုသည့်အတွက် "ရွေးကောက်ပွဲသည် မသမာမှုဖြစ်နိုင်" ကြောင်း "အခြားသူများအား သတိပေးခြင်း" ဖြစ်ခဲ့သည်ဟု ထပ်လောင်းအခိုင်အမာဆိုခဲ့သည်။

၆။ Meta ၏ တင်ပြချက်များ

ပို့စ်နှစ်ခုလုံးသည် " အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်း၏ မူဝါဒစာကြောင်းဖြစ်သည့် "မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်း လုပ်ငန်းစဉ်တွင် တရားမဝင်ပါဝင်ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ညွှန်ကြားချက်များပေးခြင်း သို့မဟုတ် ထိုသို့ပါဝင်စေလိုသည့် အတိအလင်း ရည်ရွယ်ချက်ကို ဖော်ပြခြင်း" ကို ချိုးဖောက်ခဲ့ကြောင်း Meta က ဆုံးဖြတ်ခဲ့သည်။ အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များပေါ်အခြေခံ၍ မဲပေးခြင်းအပေါ်နှောင့်ယှက်မှုနှင့်ဆိုင်သော Meta ၏ မူဝါဒများသည် ရွေးကောက်ပွဲများနှင့် "နိုင်ငံတော်မှရွေးချယ်သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့က ကြီးမှူးဆောင်ရွက်သည့် တရားဝင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ" နှစ်မျိုးလုံးပေါ် သက်ရောက်သည်။ "တရားမဝင် မဲပေးခြင်း" ဟူသော ဝေါဟာရတွင် ဖော်ပြပါတို့ ပါဝင်သော်လည်း “၎င်းတို့ဖြင့်သာ ကန့်သတ်မထားပါ” - "(က) နှစ်ကြိမ် မဲပေးခြင်း၊ (ခ) သင် သတ်မှတ်ချက်မပြည့်မီသော နေရာတစ်ခုတွင် မဲပေးရန် မဲပေးသည့်အချက်အလက်ကို မမှန်မကန် ဖန်တီးခြင်း၊ (ဂ) သင်၏ မဲပေးခွင့်ကို မမှန်မကန် ဖန်တီးခြင်းနှင့် (ဃ) မဲပေးလွှာများ ခိုးယူခြင်း။"

ပထမပို့စ်နှင့်စပ်လျဉ်း၍ “vote often” (မကြာခဏ မဲပေးပါ) ဟူသော စကားစုအား "များသောအားဖြင့် ရွေးကောက်ပွဲတစ်ခုတွင် တစ်ကြိမ်ထက်ပို၍ တရားမဝင် မဲပေးခြင်းဟု ဆိုလိုကြောင်း နားလည်သိရှိရသည်" ဟု Meta က အသားပေးပြောခဲ့သည်။ အသုံးပြုသူက ပြည်သူများအား "NO" (ကန့်ကွက်) မဲပေးရန် တိုက်တွန်းနေခဲ့ပြီး Meta ၏ အမြင်တွင် အသုံးပြုသူ၏ နိုင်ငံရေးဆိုင်ရာ ဦးစားပေးနှစ်ခြိုက်မှုကို အားပေးရန် အလေးအနက် ကြိုးပမ်းမှုသဘော သက်ရောက်ခဲ့သောကြောင့် ထိုစကားစုသည် ဟာသ သို့မဟုတ် သရော်စာအဖြစ် မရည်ရွယ်ခဲ့ကြောင်းလည်း ကုမ္ပဏီက တွေ့ရှိခဲ့သည်။ ရွေးကောက်ပွဲများနှင့်ပတ်သက်သည့် အကြောင်းအရာများကို အမြောက်အမြား စိစစ်သုံးသပ်သည့်အခါ သရော်စာဖြစ်နိုင်ခြေရှိသော အကြောင်းအရာကိုတင်သည့် အသုံးပြုသူများ၏ ရည်ရွယ်ချက်ကို အမြဲတမ်း မခန့်မှန်းနိုင်ပါဟုလည်း ကုမ္ပဏီက ဘုတ်အဖွဲ့ကို ဖွင့်ပြောခဲ့သည်။

ဒုတိယပို့စ်နှင့်စပ်လျဉ်း၍ “smash the voting centres” (မဲစင်တာတွေကို ဖျက်ဆီးကြစို့) ဟူသော စကားစုသည် ချိုးဖောက်ထားကြောင်း Meta က တွေ့ရှိခဲ့သည်။ အသုံးပြုသူ၏တိုက်တွန်းချက်ကို "မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်း လုပ်ငန်းစဉ်တွင် တရားမဝင်ပါဝင်ရန် စည်းရုံးလှုံ့ဆော်ခြင်း ..." ကို ဆန့်ကျင်သည့် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ မူဝါဒစာကြောင်းက တားမြစ်ထားသော "နှစ်ကြိမ်မဲပေးခြင်းဖြင့် ရွေးကောက်ပွဲကို လွှမ်းမိုးရန် စည်းရုံးလှုံ့ဆော်မှုအဖြစ် ကောက်ချက်ချနိုင်သည်" ဟု ကုမ္ပဏီက ရှင်းပြခဲ့သည်။

Meta ၏ အဆိုအရ မူဝါဒသည်- (၁) ပစ်မှတ်ထားသည့် နေရာတွင်ရှိနေသည့် မည်သူမဆိုအား သေစေနိုင်သည့် သို့မဟုတ် ပြင်းထန်သော ထိခိုက်ဒဏ်ရာရစေနိုင်သည့် ဆိုးရွားပြင်းထန်မှုမြင့်မားသော ခြိမ်းခြောက်မှုများနှင့် (၂) "ပစ်မှတ်ထားခြင်းမရှိသော်လည်း မဲပေးခြင်း၊ မဲဆန္ဒရှင် စာရင်းသွင်းခြင်း သို့မဟုတ် ရွေးကောက်ပွဲတစ်ခုကို စီမံခန့်ခွဲခြင်း သို့မဟုတ် ရွေးကောက်ပွဲရလဒ်နှင့်ဆက်စပ်သော" အကြမ်းဖက်ခြိမ်းခြောက်မှုများကို တားမြစ်သောကြောင့် မဲစင်တာ အဆောက်အအုံများကို ဖျက်ဆီးရန် တိုက်တွန်းနှိုးဆော်သည်ဟု တိုက်ရိုက်အဓိပ္ပာယ်ကောက်ပါက ထိုစကားစုသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒကို ချိုးဖောက်ပေမည်။ အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်ပေါ်အခြေခံ၍ အကြောင်းအရာတစ်ခုကို ဤမူဝါဒအရ ချိုးဖောက်ထားသည်ဟု ယူဆ‌ရန် နေရာများနှင့်ပတ်သက်သော ခြိမ်းခြောက်မှုများကို “blow up” (ဖောက်ခွဲ)၊ “burn down” (မီးရှို့)၊ “shoot up” (ပစ်ခတ်) ကဲ့သို့ "ရှင်းလင်းတိကျသော ဝေါဟာရများ" အပြင် “attack” (တိုက်ခိုက်)၊ “ambush” (အလစ်အငိုက်ဖမ်းတိုက်ခိုက်)၊ “destroy” (ဖျက်ဆီး) ကဲ့သို့ ယေဘုယျဝေါဟာရများဖြင့်လည်း ဖော်ပြထားရမည်။

Meta သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ဘလော့ဂ် ပို့စ်တစ်ခု၌ ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် ကုမ္ပဏီ၏ သမာသမတ်ရှိရေး အားထုတ်မှုများအကြောင်း ထုတ်ပြန်ခဲ့သည်။ Meta က ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် ပြင်ဆင်မှုများကို စတင်ရန် နယ်ပယ်ပေါင်းစုံ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ခဲ့ကြောင်း ဘုတ်အဖွဲ့အား ထပ်လောင်းပြောပြခဲ့သည်။ အဖွဲ့တွင် အမျိုးသားရွေးကောက်ပွဲများအတွက် စံသတ်မှတ်ထားသော ကျင့်ထုံးနှင့်အညီ ဆောင်ရွက်သော အာရှပစိဖိတ်အခြေစိုက်အဖွဲ့များ ပါဝင်ခဲ့သည်။ Meta သည် အခြေအနေတင်းမာနိုင်ဖွယ်ရှိသည့် ကာလတစ်ခုအတွင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အာရုံစိုက်ရန်အလို့ငှာ မဲမပေးမီ စည်းရုံးလှုံ့ဆော်သည့် နောက်ဆုံးအပတ်အတွင်း အွန်လိုင်း သမာသမတ်ရှိမှုဆိုင်ရာ ထုတ်ကုန်လုပ်ငန်းဆောင်ရွက်ရေးစင်တာ (IPOC) တစ်ခုကိုလည်း ဖွဲ့စည်းခဲ့သည်။ IPOC တွင် မဲပေးသည့်ရက်မတိုင်မီ ဖြစ်ပေါ်ခဲ့သည့် အလေးထားတင်ပြမှုများနှင့် စိုးရိမ်စရာအန္တရာယ်များကို အမြန်တုံ့ပြန်ရန် နောက်ထပ် လုပ်ငန်းစဉ်အဖွဲ့များ ပါဝင်ခဲ့သည်။ Meta သည် ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် အရေးအခင်းကာလ မူဝါဒဆိုင်ရာ ပရိုတိုကော သို့မဟုတ် အခြားမူဝါဒဆိုင်ရာ ဆောင်ရွက်ချက်တစ်ခုခုကို ကျင့်သုံးခြင်းမပြုခဲ့ပါ။

စာသားထဲတွင်ဖြစ်စေ၊ မျက်နှာပြင်ဓာတ်ပုံများကဲ့သို့ ရုပ်ပုံများထဲတွင်ဖြစ်စေ သော့ချက်စကားလုံးများ ပါဝင်သည့် ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာကို ခွဲခြားဖော်ထုတ်ပြီး "သီးခြားသော့ချက်စကားလုံးများကို စကန်ဖတ်သည့် အထူးဒစ်ဂျစ်တယ်လုပ်ငန်းစဉ်" မှတစ်ဆင့် လူကိုယ်တိုင် စိစစ်သုံးသပ်မှုအတွက် ကြည့်ရှုမည့်စာရင်းတွင် အလိုအလျောက်ထည့်သည့် ကုမ္ပဏီ၏ "သော့ချက်စကားလုံးအခြေပြု စီစဉ်ဆောင်ရွက်ဆဲ ပဏာမလုပ်ငန်းစဉ်" ကိုလည်း Meta က ရှင်းပြခဲ့သည်။ ထိုစာရင်းတွင် Meta ၏ သတင်းအချက်အလက်အမှားနှင့် ဒေသဆိုင်ရာ အဖွဲ့များမှ ဖန်တီးထားသည့် စကားလုံးများနှင့် စကားစုများစွာ ပါဝင်ကြောင်း Meta က ဘုတ်အဖွဲ့အား ပြောပြခဲ့သည်။ ဤသော့ချက်စကားလုံးအခြေပြု ရှာဖွေဖော်ထုတ်ရေးစနစ်၏ အဓိကလုပ်ဆောင်ချက်မှာ "သက်ဆိုင်ရာအကြောင်းအရာများကို စနစ်တကျခွဲခြားဖော်ထုတ်ပြီး လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း" ဖြင့် ရွေးကောက်ပွဲများနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို "သမာသမတ်ရှိကြောင်း သေချာစေ" ရန် ဖြစ်သည်။ ဤအမှုတွင် ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် ဖွဲ့စည်းထားသည့် အွန်လိုင်း IPOC ကြောင့် သော့ချက်စကားလုံးအခြေပြု ရှာဖွေဖော်ထုတ်ရေးစနစ်ကို အသက်သွင်းခဲ့သည်။ Meta သည် ပဏာမလုပ်ငန်းစဉ်ကို တစ်ကမ္ဘာလုံးတွင် အကောင်အထည်ဖော်သည်။ ၎င်းကို သီးခြားနိုင်ငံများ သို့မဟုတ် ဒေသများတွင် ကန့်သတ်မထားဘဲ ဒေသဆိုင်ရာ ဆက်စပ်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်သည်။ Meta ၏ အဆိုအရ သော့ချက်စကားလုံးစာရင်းမှာ "အမြဲပြောင်းလဲလျက်ရှိသည်"။ ထို့ကြောင့် ၎င်းကို "ဖြစ်ရပ်တစ်ခုချင်းစီ၏ သဘောသဘာဝအလိုက်" ပြောင်းလဲပြင်ဆင်ကောင်း ပြင်ဆင်နိုင်သည်။

ပဏာမလုပ်ငန်းစဉ်သည် Meta ၏ လူမှုစံနှုန်းများပါ အောက်ပါကဏ္ဍများကို အင်တိုက်အားတိုက် စည်းကမ်းထိန်းသိမ်းရန် ကြိုးပမ်းသည်- (၁) "ငွေသားလက်ဆောင်များဖြင့် မဲများ ဝယ်ရန် သို့မဟုတ် ရောင်းရန် ကမ်းလှမ်းချက်များနှင့် မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်း လုပ်ငန်းစဉ်များတွင် တရားမဝင် ပါဝင်ရန် စည်းရုံးလှုံ့ဆော်သော သို့မဟုတ် ညွှန်ကြားချက်များပေးသော ဖော်ပြချက်များအပါအဝင် မဲလိမ်လည်မှုနှင့်/သို့မဟုတ် သန်းခေါင်စာရင်းလိမ်လည်မှု" ကို ကိုင်တွယ်ဖြေရှင်းသည့် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ မူဝါဒနှင့် (၂) "မဲပေးသည့် သို့မဟုတ် သန်းခေါင်စာရင်းကောက်သည့် ရက်စွဲများ၊ တည်နေရာများ၊ အချိန်များ၊ နည်းလမ်းများ၊ မဲဆန္ဒရှင် အရည်အချင်းသတ်မှတ်ချက်များ၊ မဲရေတွက်ခြင်း၊ လိုအပ်သော မဲပေးသည့်အချက်အလက်များနှင့်ဆိုင်သော သတင်းအချက်အလက်အမှားများ" အပါအဝင် မဲဆန္ဒရှင်မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်းအပေါ် နှောင့်ယှက်မှုကို ဝင်ရောက်စွက်ဖက်မှုကို အလေးပေးသည့် သတင်းအချက်အလက်အမှား မူဝါဒ။ ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် သော့ချက်စကားလုံးအခြေပြု ရှာဖွေဖော်ထုတ်ရေးစနစ်အား ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းအောက်ရှိ မူဝါဒများကဲ့သို့ ရွေးကောက်ပွဲများ သို့မဟုတ် မဲပေးခြင်းနှင့်သက်ဆိုင်သော အခြားအကြောင်းအရာဆိုင်ရာ မူဝါဒများကို အင်တိုက်အားတိုက် စည်းကမ်းထိန်းသိမ်းရန် ရည်ရွယ်ဖန်တီးခဲ့ခြင်းမဟုတ်ပါ။ သို့သော် ပဏာမလုပ်ငန်းစဉ်က သတိပေးအမှတ်အသားပြုထားသည့် အကြောင်းအရာသည် အခြားလူမှုစံနှုန်းများကိုလည်း ချိုးဖောက်ပါက ၎င်းကို လူကိုယ်တိုင် စိစစ်သုံးသပ်ပြီးနောက် စည်းကမ်းထိန်းသိမ်းမှု ဆောင်ရွက်သည်။

ဤအမှုအကြောင်းအရာနှင့်စပ်လျဉ်း၍ “double vote” (လူတစ်ဦးတည်းက နှစ်ခါမဲပေးခြင်း) နှင့် “vote multiple times” (အကြိမ်ကြိမမဲပေးခြင်း) ဟူသော စကားစုများသည် Meta ၏ ရှာဖွေဖော်ထုတ်ရေးစနစ်ကို အသက်ဝင်စေခဲ့သည့် သော့ချက်စကားလုံးများ ဖြစ်ခဲ့သည်။ “double vote” (လူတစ်ဦးတည်းက နှစ်ခါမဲပေးခြင်း) ဟူသော ဝေါဟာရကို Facebook ပို့စ်များတွင် တိုက်ရိုက်အသုံးမပြုခဲ့သော်လည်း X တွင် AEC တင်ထားသောပို့စ်၏ မျက်နှာပြင်ဓာတ်ပုံတွင် မြင်ရသည်။ စာသားအဖြစ်ဖြစ်စေ၊ မျက်နှာပြင်ဓာတ်ပုံကဲ့သို့ ရုပ်ပုံများထဲတွင်ဖြစ်စေ ဤသော့ချက်စကားလုံးများ ပါဝင်သည့် မည်သည့်အကြောင်းအရာကိုမဆို " မဲဆန္ဒရှင်များ မဲမပေးဖြစ်စေရန် ဖိနှိပ်ခြင်းနှင့်ဆက်စပ်သော ပြောဆိုမှုဟုတ်၊ မဟုတ် ကြိုတင်စောင့်ကြည့်ရန် အလိုအလျောက် သတိပေးအမှတ်အသားပြုပြီး လူကိုယ်တိုင် စိစစ်သုံးသပ်မှုအတွက် ကြည့်ရှုမည့်စာရင်းတွင် ထည့်သည်။"

ဘုတ်အဖွဲ့သည် မေးခွန်း ၁၂ ခုကို Meta ထံသို့ စာဖြင့်ရေးသား၍ မေးခဲ့သည်။ မေးခွန်းများသည် မဲပေးခြင်းအပေါ် နှောင့်ယှက်မှုနှင့်ပတ်သက်သော Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ သော့ချက်စကားလုံးအခြေပြု ရှာဖွေဖော်ထုတ်ရေးစနစ်နှင့် ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့်ဆက်စပ်သော အကြောင်းအရာများကို စောင့်ကြည့်ရန် Meta လက်ခံကျင့်သုံးသော ပရိုတိုကောများနှင့် သက်ဆိုင်ခဲ့သည်။ Meta သည် မေးခွန်းအားလုံးကို ဖြေကြားခဲ့သည်။

၇။ လူထုသဘောထားမှတ်ချက်များ

ကြီးကြပ်ရေးဘုတ်အဖွဲ့သည် တင်ပြရန်အတွက် စည်းမျဉ်းများနှင့်ကိုက်ညီသော လူထုသဘောထားမှတ်ချက် ငါးခုကို လက်ခံရရှိခဲ့သည်။ မှတ်ချက်များအနက် သုံးခုကို အာရှပစိဖိတ်နှင့် အိုရှန်းနီးယားဒေသ (အားလုံး ဩစတြေးလျမှ)၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ တစ်ခုနှင့် ဥရောပမှ တစ်ခု အသီးသီး ပေးပို့ခဲ့သည်။ ထုတ်ပြန်ကြေညာရန် သဘောတူညီချက်ဖြင့် ပေးပို့သော လူထုသဘောထားမှတ်ချက်များကို ဖတ်ရန် ကျေးဇူးပြု၍ ဤနေရာတွင် နှိပ်ပါ။

ပေးပို့မှုများတွင် အောက်ပါအကြောင်းအရာများ ပါဝင်ခဲ့သည်- ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဖြစ်ပေါ်စေသည့် လူမှုရေးသမိုင်းဆိုင်ရာ ဆက်စပ်အခြေအနေ၊ ဩစတြေးလျရှိ မဲလိမ်လည်မှု သမိုင်းကြောင်း၊ ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွင်း နားလည်မှုလွဲစေပြီး အဆက်အစပ်မရှိသော အချက်အလက်များ ပျံ့နှံ့မှုနှင့် သတင်းအချက်အလက်အမှားအပေါ် Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများနှင့် ပို၍ယေဘုယျကျစွာ စည်းကမ်းထိန်းသိမ်းမှု ဆောင်ရွက်ချက်များ။

၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်

Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် စံတန်ဖိုးများကို ဆန်းစစ်လေ့လာပြီး ဤပို့စ်များကို ဖယ်ရှားသင့်၊ မသင့် ဘုတ်အဖွဲ့က စစ်ဆေးခဲ့သည်။ အကြောင်းအရာ ထိန်းချုပ်ရေးအတွက် Meta ၏ ပိုမိုကျယ်ပြန့်သော ကိုင်တွယ်ဖြေရှင်းနည်းအပေါ် ဤအမှု၏ နောက်ဆက်တွဲသက်ရောက်မှု အကျိုးဆက်များကိုလည်း ဘုတ်အဖွဲ့က အကဲဖြတ်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း ရွေးကောက်ပွဲများ စံချိန်တင် အများဆုံးရှိသည်နှင့်အညီ နားလည်မှုလွဲစေသော သို့မဟုတ် အဆက်အစပ်မရှိသော မဲပေးခြင်းအချက်အလက်များအပြင် မဲလိမ်လည်မှုများနှင့်ပတ်သက်၍ Meta ၏ အကြောင်းအရာ စိစစ်မှု မူဝါဒများနှင့် စည်းကမ်းထိန်းသိမ်းမှု ဆောင်ရွက်ချက်များကို ဆန်းစစ်ရန်အတွက် ဤအမှုများကို ဘုတ်အဖွဲ့က ရွေးချယ်ခဲ့ပါသည်။ ဤအမှုများသည် ဘုတ်အဖွဲ့၏ ရွေးကောက်ပွဲများနှင့် ပြည်သူများ လွတ်လပ်စွာစုဝေးရာနေရာနှင့်စပ်လျဉ်းသော မဟာဗျူဟာမြောက် ဦးစားပေးမှုထဲတွင် အကျုံးဝင်သည်။

၈.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း

၁။ အကြောင်းအရာဆိုင်ရာ စည်းမျဉ်းများ

ပို့စ်နှစ်ခုလုံးသည် မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်း လုပ်ငန်းစဉ်များတွင် တရားမဝင် ပါဝင်ရန် စည်းရုံးလှုံ့ဆော်မှုကို တားမြစ်သည့် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ မူဝါဒကို ချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ အကြိမ်ကြိမ်မဲပေးမှုများကို ရေတွက်ခြင်းနှင့်ပတ်သက်ပြီး X တွင် AEC တင်ထားသောပို့စ်နှင့်တွဲ၍ မျှဝေသည့်အခါ ပထမပို့စ်ရှိ “vote often” (မကြာခဏမဲပေးပါ) ဟူသော စကားစုသည် ထိုသို့သောဆောင်ရွက်ချက်တွင် ပါဝင်စေရန် ရှင်းလင်းသော တိုက်တွန်းနှိုးဆော်မှုတစ်ခု ဖြစ်သည်။ အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များအရ "နှစ်ကြိမ်မဲပေးခြင်း" သည် "တရားမဝင်မဲပေးခြင်း" ပုံစံတစ်ခု ဖြစ်သည်။

ဒုတိယပို့စ်သည် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ မူဝါဒကိုလည်း ချိုးဖောက်သည်။ ၎င်းတွင် X ပို့စ်၏ မျက်နှာပြင်ဓာတ်ပုံ ပါဝင်ခဲ့ပြီး မျက်နှာပြင်ဓာတ်ပုံပေါ်တွင် “so you can vote multiple times” (ဒါဆို အကြိမ်ကြိမ် မဲပေးလို့ရတာပေါ့) ဟု ပြောထားသည့် စာတန်းထိုးလည်း ပါရှိခဲ့သည်။ ၎င်းသည် “smash the voting centres” (မဲစင်တာများကို ဖျက်ဆီးကြစို့) ဟူ၍ ပြည်သူများအား တိုက်တွန်းထားသည်။ AEC က "vote multiple times" (အကြိမ်ကြိမ်မဲပေးခြင်း) ကို ပြည်သူများအား ခွင့်ပြုသည်ဟု ယူဆရသည့်အတွက် ၎င်းအပေါ် အသုံးပြုသူအနေဖြင့် စိတ်ပျက်မိကြောင်း ရိုးရိုးတန်းတန်း ဖော်ပြရန် ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် AEC က အကြိမ်ကြိမ်မဲပေးခြင်းကို လျစ်လျူရှုခဲ့သည်ဟု အခိုင်အမာဆိုပြီး "rigging" (မဲလိမ်ခြင်း) ပြုလုပ်ရန် ပြည်သူများကို အကွက်ဆင်နေသည်ဟု စွပ်စွဲထားသော မျက်နှာပြင်ဓာတ်ပုံပေါ်ရှိ အခြားကျန်ရှိသော စာတန်းထိုးနှင့်တွဲပြီး ထိုစကားစုကို ဖတ်ရှုသည့်အခါ အကြိမ်ကြိမ်မဲပေးခြင်းဖြင့် မဲရုံများတွင် ထိန်းချုပ်မရဖြစ်အောင် ပြုလုပ်ရန် ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်မှုအဖြစ် ပို၍ကျိုးကြောင်းသင့်စွာ နားလည်နိုင်သည်။ မဲမပေးမနေရဟု သတ်မှတ်ပြဋ္ဌာန်းထားပြီး မဲပေးသူရာခိုင်နှုန်း ၉၀ ကျော်သည့် ဩစတြေးလျရွေးကောက်ပွဲများနှင့်ဆိုင်သည့် အခြေအနေတွင် တစ်ကြိမ်သာမဲပေးရန် ပြည်သူလူထုအား တိုက်တွန်းနှိုးဆော်မှုသည် အထူးသဖြင့် ယင်းတိုက်တွန်းမှုနောက်တွင် ပြည်သူလူထုသည် "can vote multiple times" (အကြိမ်ကြိမ်မဲပေးနိုင်သည်) ဟူသော ပြောဆိုချက် ပါသည့်အခါ “smash the voting centres” (မဲစင်တာတွေကို ဖျက်ဆီးကြစို့) ၏ အဓိပ္ပာယ်ကောက်ယူချက် ဖြစ်နိုင်ဖွယ်မရှိပါ။ ထပ်တလဲလဲ “No” (ကန့်ကွက်) မဲပေးရန် (“NO, NO, NO, NO, NO”) (“ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ၊ ကန့်ကွက်ကြ”) ဟူ၍ ပြည်သူလူထုအ‌ပေါ် အသုံးပြုသူ၏ မေတ္တာရပ်ခံချက်ဖြင့် ဤအချက်ကို ထပ်မံသက်သေပြသည်။ ပို့စ်တစ်ခုလုံးကို ဩစတြေးလျရွေးကောက်ပွဲများနှင့်ဆက်စပ်၍ ဖတ်ရှုသည့်အခါ ပို့စ်သည် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ မူဝါဒက တားမြစ်သည့် "တရားမဝင် မဲပေးခြင်း" သဘောသက်ရောက်သည့် မဲနှစ်ကြိမ်ပေးရန် တိုက်တွန်းမှုဖြစ်နေသည်။

ပို့စ်များကို သရော်သည့်အနေဖြင့် ဖန်တီးခဲ့နိုင်ခြေ ရှိသော်ငြားလည်း ၎င်းတို့၏ သရော်သည့်သဘောဖြင့် ဖော်ပြသော ရည်ရွယ်ချက်မှာ ရှင်းလင်းပြတ်သားမှုမရှိသည်ကို ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ စာတန်းများ၏ အသုံးအနှုန်းနှင့် ရုပ်ပုံများပေါ်ရှိ စာတန်းထိုးအပေါ်အခြေခံ၍ ပို့စ်များသည် သွယ်ဝိုက်သောသဘောဖြင့် ထေ့ငေါ့သရော်ထားခြင်းဖြစ်သည်ဟု ဘုတ်အဖွဲ့က မယူဆပါ။ လုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း တိကျသေချာမှုအတိုင်းအတာသည် ပို့စ်နှစ်ခုလုံးအတွက် ကွဲပြားသော်လည်း ၎င်းတို့တစ်ခုစီတွင် အကြိမ်ကြိမ်မဲပေးရန် မေတ္တာရပ်ခံချက် ပါဝင်နေသောကြောင့် "တရားမဝင်" မဲပေးရန် တိုက်တွန်းခြင်းသဘော သက်ရောက်ပါသည်။ ရွေးကောက်ပွဲ အခြေအနေများတွင် မဲလိမ်လည်ရန် ကြိုးပမ်းမှုများနှင့်ဆက်စပ်သော အန္တရာယ်များကို ထည့်သွင်းစဉ်းစားပါက Meta ၏ ဟာသ သို့မဟုတ် သရော်စာအဖြစ် ထားရှိပေးသည့် ခြွင်းချက်သည် ထိုသို့သောအခြေအနေများတွင် ရှင်းရှင်းလင်းလင်း ဟာသမြောက်သော အကြောင်းအရာများအပေါ်သာ သက်ရောက်သင့်ကြောင်း ဘုတ်အဖွဲ့က ယူဆသည်။ ထို့ကြောင့် ပို့စ်နှစ်ခုလုံးသည် ဤခြွင်းချက်အတွက် သတ်မှတ်ချက်မပြည့်မီပါ။

ပို့စ်များသည် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ မူဝါဒအရ လူများပိုမိုသတိပြုမိစေခြင်း ခြွင်းချက်အတွက်လည်း သတ်မှတ်ချက်မပြည့်မီပါ။ မျက်နှာပြင်ဓာတ်ပုံများနှင့် အသုံးပြုသူဖန်တီးထားသည့် အကြောင်းအရာအများစုသည် AEC ၏ ထုတ်ပြန်ချက်ပေါ်အခြေခံ၍ မဲလိမ်လည်မှုဖြစ်နိုင်ခြေကို အာရုံစိုက်စေရန် ရည်ရွယ်ခဲ့သည်။ သို့သော် ၎င်းတို့သည် X တွင် AEC တင်ထားသော ပို့စ်များကို ဆွေးနွေးခြင်းသက်သက်မဟုတ်ဘဲ ယင်းထက်အတိုင်းအတာ ကျော်လွန်သွားပြီး ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် အကြိမ်ကြိမ်မဲပေးခြင်းဖြင့် တရားမဝင်ပါဝင်ရန် အခြားသူများအား အင်တိုက်အားတိုက် တိုက်တွန်းခဲ့သည်။ ပို့စ်များတွင် အကြိမ်ကြိမ် မဲပေးခြင်းသည် ဩစတြေးလျတွင် ပြစ်မှုမြောက်ကြောင်း X ရှိ တူညီသော ပို့စ်တွဲတွင် AEC ဖော်ပြထားသည့် နောက်ထပ်ဆက်စပ်အကြောင်းအရာ မပါရှိခဲ့ပါ။ ထို့ကြောင့် အကြိမ်ကြိမ် မဲပေးနိုင်ခြေနှင့်ပတ်သက်၍ လူများပိုမိုသတိပြုမိစေခြင်းထက် ပို့စ်နှစ်ခုလုံးသည် AEC က တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ပြုနိုင်ကြောင်း ပြောနေသယောင် သွယ်ဝိုက်ညွှန်းဆိုရန် AEC ၏ ဆက်သွယ်ပြောကြားချက်မှ အချက်အလက်အချို့အား ထိမ်ချန်၍ အဆက်အစပ်မရှိအောင်ပြုလုပ်ခဲ့သည်။

Meta နှင့်မတူသည်မှာ ဘုတ်အဖွဲ့သည် ထိုဦးတည်ချက်သို့ ညွှန်ပြသည့် အချက်ပြများ (ဥပမာ- အကြမ်းဖက်မှုကို တိုက်ရိုက်လှုံ့ဆော်သည့် အကြောင်းအရာများ တွင်ကျယ်စွာ ပျံ့နှံ့လျက် ပဋိပက္ခ သို့မဟုတ် ပိုမိုမြင့်တက်လာသည့် တင်းမာမှုများနှင့်ဆက်စပ်သော အခြေအနေ) မရှိခြင်းကြောင့် ဤအမှုတွင် "smash" ဟူသော စကားလုံး (အဆောက်အအုံများကို ဖျက်ဆီးခြင်းဟု အဓိပ္ပာယ်ရသည်) ကို ပို၍တိုက်ရိုက်ကျကျ ဖတ်ရှုသင့်သည်ဟု ဘုတ်အဖွဲ့က ယူဆခြင်းမရှိပါ။ ထို့ကြောင့် ဒုတိယပို့စ်သည် Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒကို မချိုးဖောက်ကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။

အကြောင်းအရာနှစ်ခုလုံးက AEC ၏ ဆက်သွယ်ပြောကြားချက်မှ အချက်အလက်အချို့အား ထိမ်ချိန်၍ အဆက်အစပ်မရှိအောင်ပြုလုပ်ခဲ့သည်ကို ထည့်သွင်းစဉ်းစားကာ ဘုတ်အဖွဲ့သည် ၎င်းတို့ကို Meta ၏ သတင်းအချက်အလက်အမှား မူဝါဒနှင့်လည်း တိုက်ဆိုင်၍ အကဲဖြတ်ခဲ့သည်။ သို့သော် အသုံးပြုသူနှစ်ဦးလုံးသည် မဲလိမ်လည်မှုတွင် ပါဝင်ရန် အခြားသူများအား တိုက်တွန်းနေသောကြောင့် ဤအမှုတွင် အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းသည် သက်ဆိုင်သော မူဝါဒဖြစ်ကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချခဲ့သည်။

၂။ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်

Meta က လက်ခံကျင့်သုံးသည့် သော့ချက်စကားလုံးအခြေပြု ရှာဖွေဖော်ထုတ်ရေးစနစ်အပါအဝင် ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် Meta ၏ သမာသမတ်ရှိရေး အားထုတ်မှုများကို ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းအပြင် သတင်းအချက်အလက်အမှားဆိုင်ရာ လူမှုစံနှုန်းများတွင် ပါရှိသည့် မဲပေး‌ခြင်းအပေါ်နှောင့်ယှက်မှုဆိုင်ရာ မူဝါဒစာကြောင်းများအရ ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာကို ကြိုတင်ခွဲခြားဖော်ထုတ်ခြင်းအတွက် စနစ်ကို အသုံးချခဲ့ကြောင်း ကုမ္ပဏီက ရှင်းပြခဲ့သည်။ Meta ၏ အဆိုအရ သော့ချက်စကားလုံးအခြေပြု ရှာဖွေဖော်ထုတ်ရေးစနစ်ကို ဒေသတွင်း ဆက်စပ်အခြေအနေများနှင့် လိုက်လျောညီထွေရှိအောင် ပြင်ဆင်ထားပြီး ၎င်းတွင် ဈေးကွက်အလိုက် တိကျသောစည်းမျဉ်းများ ပါရှိသည်။ ပဏာမလုပ်ငန်းစဉ်တစ်ရပ် ဆောင်ရွက်ပုံနှင့်ပတ်သက်၍ ဘုတ်အဖွဲ့အား Meta မျှဝေခဲ့သည့် အချက်အလက်များပေါ်အခြေခံ၍ သော့ချက်စကားလုံးအခြေပြု ရှာဖွေဖော်ထုတ်ရေးစနစ် အသုံးချခဲ့ခြင်းကို ဘုတ်အဖွဲ့က သဘောကျပြီး ဤအမှုတွင် အလုပ်ဖြစ်ခဲ့သည်ဟုထင်ရသည်။ ဤတစ်ခုကဲ့သို့ ပဏာမလုပ်ငန်းစဉ်များကို ကမ္ဘာတစ်ဝန်းလုံးရှိ ရွေးကောက်ပွဲများနှင့် အခြားဒီမိုကရေစီဝါဒအခြေခံသော လုပ်ငန်းစဉ်များ လုပ်ဆောင်နေဆဲ နိုင်ငံအားလုံးတွင် တစ်သမတ်တည်း အသုံးချရန် လိုအပ်သည်။ ဤပဏာမလုပ်ငန်းစဉ်သည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းအောက်ရှိ မဲပေးခြင်းအပေါ်နှောင့်ယှက်မှုနှင့် ဆက်စပ်မူဝါဒများကို အကျုံးဝင်စေသင့်သည်ဟုလည်း ဘုတ်အဖွဲ့က ယူဆသည်။

အန္တရာယ်ရှိသော အကြောင်းအရာ ရှာဖွေ‌ဖော်ထုတ်ခြင်းအတွက် သော့ချက်စကားလုံးအခြေပြု ကိုင်တွယ်ဆောင်ရွက်ပုံများ၏ ကန့်သတ်ချက်များကြောင့် ဘုတ်အဖွဲ့သည် အခြားရွေးကောက်ပွဲနှင့်ဆက်စပ်သော အမှုများတွင် Meta ၏စနစ်က ထိရောက်မှုရှိ၊ မရှိကို ဆက်လက်အကဲဖြတ်သွားပါမည်။ ယင်းနှင့်စပ်လျဉ်း၍ ဘုတ်အဖွဲ့သည် Meta အား ရွေးကောက်ပွဲနှင့်သက်ဆိုင်သော မူဝါများအရ ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာများကို ခွဲခြားဖော်ထုတ်ရာတွင် အခြားရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု အားထုတ်မှုများနှင့်အတူ သော့ချက်စကားလုံးအခြေပြု ရှာဖွေဖော်ထုတ်ရေးစနစ်က မည်မျှထိရောက်သည်ကို အကဲဖြတ်ခြင်းအတွက် အောင်မြင်မှုတိုင်းတာရေး မက်ထရစ်များကို ဖန်တီးရန် တိုက်တွန်းသည်။ ၎င်းသည် Meta အနေဖြင့် "ကုမ္ပဏီ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု အားထုတ်မှုများကို အကဲဖြတ်ခြင်းအတွက် မူဘောင်တစ်ရပ် ရေးဆွဲ" ရန် ဘရာဇီးဗိုလ်ချုပ်ကြီး၏ မိန့်ခွန်း ဆုံးဖြတ်ချက်တွင် ဘုတ်အဖွဲ့ပေးအပ်ထားသော အကြံပြုချက်နှင့်အညီဖြစ်ပါမည်။

၈.၂ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (အပိုဒ် ၁၉ ICCPR)

နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ် (ICCPR) ၏ အပိုဒ် ၁၉ တွင် ထုတ်ဖော်ပြောဆိုမှု "အမျိုးအစားအားလုံး" အတွက် ကျယ်ပြန့်သော ကာကွယ်မှု ပံ့ပိုးပေးသည်။ ဤအခွင့်အရေးတွင် “သတင်းအချက်အလက်နှင့် စိတ်ကူးစိတ်သန်း အမျိုးမျိုးကို လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံပိုင်ခွင့်နှင့် ဖြန့်ဝေပေးအပ်ပိုင်ခွင့်” တို့ ပါဝင်သည်။ နိုင်ငံရေးကိစ္စရပ်များ၊ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များအကြောင်း ဆွေးနွေးရာတွင် ထုတ်ဖော်ပြောဆိုမှု၏ တန်ဖိုးသည် အထူးမြင့်မားကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မတီက မီးမောင်းထိုးပြခဲ့သည်။ (အထွေထွေမှတ်ချက်အမှတ် ၃၄၊ ပိုဒ်ခွဲ ၁၃)။ ၎င်းတွင် ပြည်သူ့အဖွဲ့အစည်းများနှင့် ထင်မြင်ချက်များကို ဝေဖန်သော "လွန်စွာစိတ်အနှောင့်အယှက်ဖြစ်စေသည့်"၊ မှားယွင်းနေသော ထုတ်ဖော်ပြောဆိုမှု ပါဝင်သည် (အထွေထွေမှတ်ချက်အမှတ် ၃၄၊ ပိုဒ်ခွဲ ၁၁၊ ၃၈ နှင့် ၄၉)။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ပြည်သူ့ရေးရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခွင့်နှင့် မဲပေးပိုင်ခွင့်ကို ထိရောက်စွာအသုံးချခြင်အတွက် မရှိမဖြစ် လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အလေးပေးပြောခဲ့သည် (အထွေထွေမှတ်ချက်အမှတ် ၃၄၊ ပိုဒ်ခွဲ ၂၀)။ နိုင်ငံသားများအကြား ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အချက်အလက်နှင့် စိတ်ကူးအကြံဉာဏ်များကို လွတ်လပ်စွာ ပြောဆိုဆက်သွယ်နိုင်မှုသည် ပြည်သူ့ရေးရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခွင့်နှင့် မဲပေးပိုင်ခွင့်တို့ ရရှိရန်အတွက် မရှိမဖြစ် လိုအပ်ကြောင်း ကော်မတီက ထပ်လောင်းပြောကြားသည်၊ အပိုဒ် ၂၅ ICCPR (အထွေထွေမှတ်ချက် ၂၅၊ ပိုဒ်ခွဲ ၂၅)။ ဤအမှုတွင် အသုံးပြုသူနှစ်ဦးလုံးသည် ရလဒ်က မည်သို့ဖြစ်သင့်သည်ဟူသော ၎င်းတို့၏အမြင်များကို မျှဝေရန် အများပြည်သူအတွက် အကျိုးရှိသည့်ကိစ္စရပ်တစ်ခုဖြစ်သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ ထိတွေ့ဆက်ဆံပြောဆိုခဲ့သဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်က အစပျိုးခဲ့သည့် လူထုဆွေးနွေးငြင်းခုံမှုတွင် တိုက်ရိုက်ပါဝင်နေခဲ့သည်။

ပြည်နယ်တစ်ခုက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များကို ချမှတ်သည့်အခါ ၎င်းတို့သည် တရားဥပဒေနှင့်ညီညွတ်မှု၊ တရားဝင် ရည်ရွယ်ချက်၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် (အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၃၊ ICCPR)။ ဤသတ်မှတ်ချက်များကို "အပိုင်းသုံးပိုင်းခွဲ စမ်းသပ်မှု" အဖြစ် ရည်ညွှန်းလေ့ရှိသည်။ ဘုတ်အဖွဲ့သည် စိစစ်သုံးသပ်နေဆဲ သီးခြားအကြောင်းအရာအလိုက် ဆုံးဖြတ်ချက်နှင့် အကြောင်းအရာထိန်းချုပ်မှုအပေါ် Meta ၏ ပိုမိုကျယ်ပြန့်သော ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ၎င်းက ဆိုလိုသည့်အရာ နှစ်ခုစလုံးနှင့်ဆက်စပ်၍ Meta ၏ ဆန္ဒအလျောက်ပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို အဓိပ္ပာယ်ကောက်ယူရန် ဤမူဘောင်ကို အသုံးပြုသည်။ ယခင်အမှုများ (ဥပမာ- အာဇာဘိုင်ဂျန်ရှိ အာမေးနီးယန်းများအာမေးနီးယန်း စစ်သုံ့ပန်း ဗီဒီယို) တွင်ကဲ့သို့ “ကုမ္ပဏီများသည် အစိုးရတာဝန်ဝတ္တရားများ မရှိကြသော်လည်း ၎င်းတို့၏ အသုံးပြုသူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ခြင်းနှင့်ပတ်သက်၍ အလားတူမေးခွန်းများကို ဆန်းစစ်ရန် လိုအပ်သည့် ကိစ္စမျိုးတွင် ၎င်းတို့အပေါ်သက်ရောက်မှုရှိသည်” (က/၇၄/၄၈၆၊ စာပိုဒ် ၄၁) ဟူသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်၏အဆိုကို ဘုတ်အဖွဲ့က သဘောတူညီပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ပုဂ္ဂလိက လူမှုကွန်ရက်ကုမ္ပဏီတစ်ခု၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများသည် အစိုးရတစ်ရပ်က ၎င်း၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ခြင်းနှင့် ကွဲပြားနိုင်သော နည်းလမ်းများကို သတိထားရန် ဘုတ်အဖွဲ့က ကြိုးပမ်းသည်။

၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)

ထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်သော စည်းမျဉ်းများအား ရှင်းလင်းစွာ သတ်မှတ်ပြီး စည်းမျဉ်းများကို ပြဋ္ဌာန်းသည့်သူများကိုရော၊ ထိုစည်းမျဉ်းများကြောင့် သက်ရောက်မှုရှိသောသူများကိုပါ ဆက်သွယ်ပြောပြပေးသင့်သည် (အထွေထွေမှတ်ချက် အမှတ် ၃၄၊ ပိုဒ်ခွဲ ၂၅)။ အသုံးပြုသူများသည် Facebook နှင့် Instagram တွင် အကြောင်းအရာများတင်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကြိုတင်ခန့်မှန်းနိုင်သင့်သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က အကြောင်းအရာ စိစစ်ခြင်း မူဝါဒများတွင် "ရှင်းလင်းမှုနှင့် တိကျမှု" လိုအပ်နေကြောင်း ဦးစားပေး‌ဖော်ပြခဲ့သည် (က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၆)။

အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်း၏ အများဖတ်ရှုနိုင်သော အသုံးအနှုန်းသည် အသုံးပြုသူအတွက် လုံလောက်စွာ ရှင်းလင်းမှုမရှိပါ။ ဒီမိုကရေစီဝါဒအခြေခံသော ဖြစ်ရပ်များနှင့်ဆက်စပ်ပြီး အများပြည်သူအတွက်အကျိုးရှိသော ကိစ္စရပ်များအကြောင်း ဆွေးနွေးရန် လူမှုကွန်ရက်ပေါ်တွင် အသုံးပြုသူများ ထိတွေဆက်ဆံနိုင်ခြင်း၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားလျှင် Meta အနေဖြင့် အသုံးပြုသူများအား သက်ဆိုင်သောစည်းမျဉ်းများကို ရှင်းလင်းစွာ အသိပေးကြောင်း သေချာအောင်လုပ်ရန် လိုအပ်သည်။ ၎င်းသည် အသုံးပြုသူများအား ၎င်းတို့တင်မည့် အကြောင်းအရာက ချိုးဖောက်နိုင်ခြေရှိ၊ မရှိ ကြိုတင်ခန့်မှန်းနိုင်စေပါမည်။ ယင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များရှိ "တရားမဝင် မဲပေးခြင်း" အဓိပ္ပာယ်အကြောင်း ရှင်းလင်းဖော်ပြချက်ကို အများကြည့်ရှုနိုင်သော အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်းတွင် ထည့်သွင်းသင့်ကြောင်း ဘုတ်အဖွဲ့က ယူဆသည်။

၂။ တရားဝင်ရည်ရွယ်ချက်

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များသည် "ပြည်သူလူထုငြိမ်ဝပ်ပိပြားရေး" နှင့် "အခြားသူများ၏ အခွင့်အရေးများ" ကို ကာကွယ်ရန်အပါအဝင် တရားဝင်ရည်ရွယ်ချက်တစ်ခု (အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၃၊ ICCPR) ကို လက်ကိုင်ပြုရမည်။

အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်း မူဝါဒသည် "ရာဇဝတ်မှုမြောက်သည့် သို့မဟုတ် ထိခိုက်နစ်နာစေနိုင်သည့် လုပ်ဆောင်ချက်အချို့ကို ပံ့ပိုးကူညီသော၊ စီစဉ်သော၊ အားပေးသော သို့မဟုတ် ကျူးလွန်သော" အကြောင်းအရာကို ဖယ်ရှားခြင်းဖြင့် "ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှုနှင့် လိုက်လံတုပသော အပြုအမူများကို တားဆီးရန်နှင့် ဟန့်တားရန်" ရည်ရွယ်သည်။

မဲပေးခွင့်နှင့် ပြည်သူ့ရေးရာကိစ္စများတွင် ပါဝင်ဆောင်ရွက်ခွင့်ကို ကာကွယ်ခြင်းသည် အထူးသဖြင့် ရွေးကောက်ပွဲများနှင့်ဆက်စပ်သော အခြေအနေများတွင် Meta ၏ အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ မူဝါဒက တရားဝင်လက်ကိုင်ပြုထားနိုင်သည့် ရည်ရွယ်ချက်တစ်ခု ဖြစ်သည် (အပိုဒ် ၂၅၊ ICCPR)။ မဲလိမ်လည်မှုတွင် ပါဝင်ဆောင်ရွက်လာအောင် အခြားသူများအား တိုက်တွန်းခြင်းမပြုရန် အသုံးပြုသူများကို တားမြစ်ထားခြင်းသည် မဲပေးခွင့်ကို ကာကွယ်ခြင်းဟူသည့် တရားဥပဒေနှင့်ညီညွတ်သော ရည်ရွယ်ချက်တစ်ခု ဖြစ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ "မဲဆန္ဒရှင်အားလုံးအနေဖြင့် မဲပေးလွှာလုံခြုံမှုနှင့် မဲပေးလွှာရေတွက်မှုအပေါ် ယုံကြည်စိတ်ချထားနိုင်စေရန်" အလို့ငှာ "မဲပေးခြင်းနှင့် ရေတွက်ခြင်း လုပ်ငန်းစဉ်အား သီးခြားစေ့စပ်စွာ စစ်ဆေးမှုရှိသင့်ကြောင်း မဲပေးခွင့်ဆိုင်ရာ အထွေထွေမှတ်ချက်အမှတ် ၂၅ တွင် ဖော်ပြထားသည် (ပိုဒ်ခွဲ ၂၀)။ ထို့အပြင် "အခြေခံစည်းမျဉ်းအရ လူတစ်ဦးလျှင် မဲတစ်မဲသာ ပေးရမည်"။ "မဲဆန္ဒရှင်တစ်ဦး၏ မဲတစ်ပြားနှင့် အခြားသူတစ်ဦး၏ မဲတစ်ပြား တန်းတူဖြစ်သည်" ဟု ဆိုလိုသည် (ပိုဒ်ခွဲ ၂၁)။ ပို၍အကျယ်တဝင့်ဆိုရသော် မူဝါဒသည် မဲရုံများနှင့် ဒီမိုကရေစီဝါဒအခြေခံသော လုပ်ငန်းစဉ်များတွင် မဲဆန္ဒရှင်များမဲပေးခြင်းအပေါ် နှောင့်ယှက်မှုမရှိစေရန် ကာကွယ်ခြင်းဖြင့် "ပြည်သူလူထုငြိမ်ဝပ်ပိပြားရေး" ကို ကူညီထိန်းသိမ်းသည်ဟုလည်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။

၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု

ICCPR အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၃ အရ လိုအပ်ချက်နှင့် အချိုးကျမျှတမှုတွင် ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် ကန့်သတ်ချက်များသည် "၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည် ဖြစ်သကဲ့သို့ အကာအကွယ်ပေးရမည့် အကျိုးစီးပွားများအတွက် အချိုးကျမှုလည်း ရှိရမည်" ဟု သတ်မှတ်ပြဋ္ဌာန်းသည် (အထွေထွေမှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၃၄)။ လူမှုကွန်ရက် ကုမ္ပဏီများသည် ၎င်းတို့၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကန့်သတ်ချက်များကို စေ့စေ့စပ်စပ် အံဝင်ခွင်ကျဖြစ်အောင် စီမံထားကြောင်း သေချာစေရန် ပြဿနာရှိသော အကြောင်းအရာအတွက် ဖျက်သိမ်းခြင်းအပြင် အခြားဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှုအမျိုးမျိုးကို ထည့်သွင်းစဉ်းစားသင့်သည် ( က/၇၄/၄၈၆၊ ပိုဒ်ခွဲ ၅၁)။

Meta က အကြောင်းအရာနှစ်ခုလုံးကို Facebook မှ ဖယ်ရှားလိုက်ခြင်းသည် လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ အထူးသဖြင့် ဩစတြေးလျရှေးလူမျိုးနှင့် တောရက်စ်ရေလက်ကြား ကျွန်းသားများအတွက် ဩစတြေးလျရှိ အရေးပါသော ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုတစ်ခုကို အမှတ်အသားပြုခဲ့သည့် လာမည့်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတစ်ခု မကျင်းပမီ ရက်ပိုင်းအလိုတွင် အကြောင်းအရာကို တင်ခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ အခြားတစ်ဖက်တွင်မူ နိုင်ငံရေးစကားသည် ဒီမိုကရေစီဝါဒအခြေခံသော လုပ်ငန်းစဉ်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသုံးပြုသူနှစ်ဦးလုံးသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှ အစပျိုးခဲ့သည့် လူထုဆွေးနွေးငြင်းခုံမှုတွင် တိုက်ရိုက်ပါဝင်ခဲ့သည်။ သို့သော်ငြားလည်း အသုံးပြုသူများက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့်ဆက်စပ်ပြီး တရားမဝင် အပြုအမူတွင် ပါဝင်ဆောင်ရွက်ရန် အခြားသူများအား တိုက်တွန်းနှိုးဆော်ခြင်းများသည် ဩစတြေးလျတွင် နေထိုင်သူများ၏ နိုင်ငံရေးအခွင့်အရေးများ၊ အထူးသဖြင့် မဲပေးပိုင်ခွင့်နှင့် ပြည်သူ့ရေးရာကိစ္စများတွင် ပါဝင်ဆောင်ရွက်ခွင့်အပေါ် သက်ရောက်မှုရှိခဲ့သည်။

ဤစံနှုန်းများကို အမှုအကြောင်းအရာတွင် ကျင့်သုံးခြင်းဖြင့် ပို့စ်နှစ်ခုလုံးရှိ “vote No” (ကန့်ကွက်မဲပေးပါ) ဟူသော တိုက်တွန်းမှုများသည် အကာအကွယ်ပေးထားသော နိုင်ငံရေးစကားဖြစ်ကြောင်း ရှင်းလင်းပါသည်။ သို့သော်လည်း သက်ဆိုင်ရာစကားစုများသည် အကြိမ်ကြိမ်မဲပေးခြင်းဖြင့် ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ တရားမဝင် ပါဝင်ကြရန် အခြားသူများကို အင်တိုက်အားတိုက် အားပေးခဲ့သည်ဟူသော အချက်ကြောင့် ပထမပို့စ်တွင် “vote often” (မကြာခဏမဲပေးပါ) ဟူသော စကားစုနှင့် ဒုတိယပို့စ်ရှိ “smash the voting centres” (မဲစင်တာတွေကို ဖျက်ဆီးကြစို့) ဟူသော စကားစုသည် အထက်ပါ အပိုင်း ၈.၁ အရ ပို၍အသေးစိတ်ကျစွာ ရှင်းပြထားသည့်အတိုင်း မတူညီသော ကိစ္စတစ်ခုဖြစ်သည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အကြံအဖန်လုပ်ထားသည်ဟူသော ပြောဆိုချက်များကို မကြာခဏတွေ့ခဲ့ရကြောင်း ဘုတ်အဖွဲ့ တိုင်ပင်ဆွေးနွေးခဲ့သော ကျွမ်းကျင်သူများက မှတ်ချက်ပြုပြီး သတင်းစာနယ်ဇင်းအစီရင်ခံချက်တွင်မူ လိမ်လည်မဲပေးမှုများရှိသည်ဟူသော ပြောဆိုချက်များကို အများအားဖြင့် တွေ့ခဲ့ရကြောင်း ဦးစားပေးဖော်ပြခဲ့သည်။ ထို့ကြောင့် Meta ၏ ပလက်ဖောင်းများပေါ်တွင် မဲလိမ်လည်ရန်ကြိုးပမ်းမှုများ မပျံ့နှံ့အောင် တားဆီးခြင်းဖြင့် ဒီမိုကရေစီဝါဒအခြေခံသော လုပ်ငန်းစဉ်များကို ကာကွယ်ရန် Meta က အလေးပေးခဲ့သည်မှာ မှန်ကန်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိရသည် (အထွေထွေမှတ်ချက် နံပါတ်၂၅)။ မဲလိမ်လည်မှုနှင့်ပတ်သက်သော အကြောင်းအရာများ ပျံ့နှံ့မှုသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၏ သမာသမတ်ရှိမှုကို ထိခိုက်နိုင်သည့် အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော် Meta သည် “ထုတ်ဖော်ပြောဆိုမှုနှင့် ခြိမ်းခြောက်မှုအကြား တိုက်ရိုက်ဖြစ်စေ၊ ချက်ချင်းလက်ငင်းဖြစ်စေ ဆက်နွှယ်မှု" တစ်စုံတစ်ရာကို ဖော်ထုတ်နိုင်ခြင်းမရှိသောကြောင့် “smash the voting centres” (မဲစင်တာတွေကို ဖျက်ဆီးကြစို့) ဟူ၍ ပြည်သူများကို တိုက်တွန်းထားသည့် ပို့စ်အား ဖယ်ရှားခြင်းသည် လိုအပ်မှုနှင့် အချိုးကျမျှတမှု စစ်ဆေးချက်အား မအောင်မြင်ကြောင်း ဘုတ်အဖွဲ့ဝင်အနည်းစုက တွေ့ရှိရသည် (အထွေထွေမှတ်ချက် နံပါတ် ၃၄၊ စာပိုဒ် ၃၅)။ အသုံးပြုသူက “smash the voting centres” (မဲစင်တာတွေကို ဖျက်ဆီးကြစို့) ဟူ၍ ပြည်သူများကို တိုက်တွန်းမှုသည် လူများအကြိမ်ကြိမ်မဲပေးစေရန် ဒွိဟဖြစ်စေသော နှိုးဆော်မှုဖြစ်သဖြင့် မဲလိမ်လည်ရန် ခြိမ်းခြောက်မှုနှင့် တိုက်ရိုက်အားဖြင့်လည်းကောင်း၊ လက်ငင်းအားဖြင့်လည်းကောင်း ဆက်စပ်မှုမရှိပေ။

ခြွင်းချက်များကို ကျင့်သုံးသည့်အခါ အသုံးပြုသူများထံမှ အကြောင်းအရာနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း အသိပေးမှုကို ရရှိရန် လိုလားသည့် Meta ၏ ကိုင်တွယ်ပုံနည်းလမ်းသည် အကြောင်းအရာအား ပြစ်တင်ရှုတ်ချသော၊ ပိုမိုသတိပြုမိစေသော၊ သတင်းအစီရင်ခံသော သို့မဟုတ် ဟာသမြောက်သော သို့မဟုတ် သရော်စာဆန်သော ဆက်စပ်အကြောင်းအရာဖြင့် မျှဝေထားခြင်း ရှိ၊ မရှိ အကဲဖြတ်ရန် သင့်တင့်လျောက်ပတ်သော ကိုင်တွယ်ပုံနည်းလမ်းဖြစ်ကြောင်း ဘုတ်အဖွဲ့က ယူဆသည်။ ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်အရ ပို့စ်များရှိ “vote often” (မကြာခဏမဲပေးပါ) နှင့် “smash the voting centres” (မဲစင်တာတွေကို ဖျက်ဆီးကြစို့) ဟူသော စကားစုများသည် ဌာနေတိုင်းရင်းသားအသိအမှတ်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ သမာသမတ်ရှိမှုကို ထိခိုက်စေနိုင်သော လုပ်ဆောင်မှုဖြစ်သည့် အကြိမ်ကြိမ်မဲပေးခြင်းကို ရှင်းလင်းစွာ ထောက်ခံအားပေးခြင်း မဟုတ်ဘဲ တင်စားသုံးနှုန်းခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိပေ။ ထို့ကြောင့် အကြောင်းအရာ ဖယ်ရှားမှု နှစ်ခုစလုံးသည် လိုအပ်ပြီး အချိုးကျမျှတသော Meta ၏ တုံ့ပြန်မှုများဖြစ်သည်။

ထို့အပြင် အကြောင်းအရာအား ဖယ်ရှားခြင်းသည် မဲလိမ်လည်မှုနှင့်ပတ်သက်သည့် ထုတ်ဖော်ပြောဆိုမှုကို ကိုင်တွယ်ဖြေရှင်းရန် Meta အတွက် စွက်ဖက်မှုအနည်းဆုံး နည်းလမ်းဖြစ်ကြောင်း ဘုတ်အဖွဲ့ရှိ လူနည်းစုက မယုံကြည်ကြဘဲ Meta ၏ အခြားနည်းဖြင့် သက်သေပြရန် ပျက်ကွက်ခြင်းသည် လိုအပ်မှုနှင့် အချိုးကျမျှတမှု သတ်မှတ်ချက်ကို ဖြည့်ဆည်းမပေးကြောင်း တွေ့ရှိကြသည်။ "အစိုးရများက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်ထားခြင်းသည် ကန့်သတ်မှုအနည်းဆုံး ကိုင်တွယ်ပုံနည်းလမ်း ဟုတ်၊ မဟုတ် အကဲဖြတ်သင့်သကဲ့သို့ ကုမ္ပဏီများသည်လည်း ဤကဲ့သို့ အကဲဖြတ်မှုအမျိုးအစားကို ဆောင်ရွက်သင့်သည်။ ထို့အပြင် အကဲဖြတ်မှုကို ဆောင်ရွက်ရာတွင် ကုမ္ပဏီများသည် လုပ်ဆောင်ရန်လိုအပ်မှုနှင့် အချိုးကျမျှတမှုကို အများသိအောင် သက်သေပြသည့် တာဝန်ကိုယူသင့်သည်" ဟု အထူးသတင်းထောက်ကိုယ်စားလှယ်က ဆိုခဲ့သည်။ ( က/၇၄/၄၈၆၊ စာပိုဒ် ၅၁)။ ဤလူနည်းစုကမူ Meta က အဆိုပါပို့စ်များကို ဖယ်ရှားခြင်းသည် မဲလိမ်လည်မှုကဲ့သို့ အချိန်တိုအတွင်း ထိခိုက်နိုင်ခြေရှိသော အန္တရာယ်များကို ရှောင်ရှားရန် ၎င်းတွင်ရှိသော နည်းလမ်းများစွာအနက် စွက်ဖက်မှုအနည်းဆုံး နည်းလမ်းဖြစ်ကြောင်း အများသိအောင် သက်သေပြသင့်သည်ဟု ယူဆသည်။ ထိုသို့သော ကျိုးကြောင်းပြချက်ကို မပေးနိုင်ပါက Meta အနေဖြင့် ၎င်း၏ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ စည်းမျဉ်းများသည် ကုလသမဂ္ဂလူ့အခွင့်အရေး စံနှုန်းများနှင့် သွေဖည်ကြောင်း ဝန်ခံပြီး ထိုသို့သွေဖည်ခြင်းအတွက် အများသိစေရန် ကျိုးကြောင်းပြချက်ကို တင်ပြရာတွင် ပွင့်လင်းမြင်သာမှုရှိသင့်သည်။ ထိုအခါ ဘုတ်အဖွဲ့အနေဖြင့် Meta ၏ အများသိစေရန် ကျိုးကြောင်းပြချက်ကို စဉ်းစားသုံးသပ်နိုင်မည်ဖြစ်ပြီး လက်ရှိ ကုလသမဂ္ဂလူ့အခွင့်အရေး စံနှုန်းများကို ထိခိုက်ပျက်ယွင်းမသွားစေဘဲ အများပြည်သူ ဆွေးနွေးပြောဆိုမှုများ ပြုလုပ်နိုင်မည်ဟု လူနည်းစုက ယုံကြည်ပါသည်။

၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်

ကြီးကြပ်ရေးဘုတ်အဖွဲ့သည် အကြောင်းအရာနှစ်ခုလုံးကို ဖြုတ်ချရန် Meta ၏ ဆုံးဖြတ်ချက်များကို မူလအတိုင်း လက်ခံဆုံးဖြတ်သည်။

၁၀။ အကြံပြုချက်များ

အကြောင်းအရာဆိုင်ရာ မူဝါဒ

၁။ အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်းဆိုင်ရာ လူမှုစံနှုန်း၏ "မဲလိမ်လည်မှုနှင့်/သို့မဟုတ် သန်းခေါင်စာရင်း လိမ်လည်မှု" ကဏ္ဍအောက်ရှိ တားမြစ်ထားသော အကြောင်းအရာအမျိုးအစားများအကြောင်း သုံးစွဲသူများအား အပြည့်အဝ အသိပေးထားကြောင်း သေချာစေရန် Meta သည် "တရားမဝင် မဲပေးခြင်း" ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို- "ပြစ်တင်ရှုတ်ချသော၊ ပိုမိုသတိပြုမိစေသော၊ သတင်းအစီရင်ခံသော သို့မဟုတ် ဟာသမြောက်သော သို့မဟုတ် သရော်‌သော အခြေအနေများတွင် မျှဝေခြင်းမှလွဲ၍ မဲပေးခြင်း သို့မဟုတ် သန်းခေါင်စာရင်း လုပ်ငန်းစဉ်တွင် တရားမဝင်ပါဝင်ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ညွှန်ကြားချက်များပေးခြင်း သို့မဟုတ် ထင်ရှားသော ရည်ရွယ်ချက်ကို ပြသခြင်း" အား တားမြစ်ထားသော မူဝါဒ၏ အများဖတ်ရှုနိုင်သော အသုံးအနှုန်းတွင် ထည့်သွင်းဖော်ပြသင့်သည်။

Meta သည် ထိုပြောင်းလဲပြင်ဆင်ချက်ကို ထည့်သွင်းဖော်ပြရန်အတွက် ၎င်း၏ အများဖတ်ရှုနိုင်သော အန္တရာယ်ပြုရန် ပူးပေါင်းကြံစည်ခြင်းနှင့် ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုခြင်း လူမှုစံနှုန်းကို အပ်ဒိတ်လုပ်သောအခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။

*လုပ်ထုံးလုပ်နည်းဆိုင်ရာ မှတ်ချက်-

ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစုက ထောက်ခံအတည်ပြုထားသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို မဖြစ်မနေ ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။

ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား လွတ်လပ်သော သုတေသနလေ့လာမှုတစ်ခု ပြုလုပ်စေခဲ့ပါသည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် အန္တရာယ်ကင်းရှင်းရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers က ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့တွင်ကျယ်နေသည့် အရာများနှင့်ပတ်သက်၍ အများသိရှိနိုင်သော အချက်အလက်များအပေါ် သုတေသနလေ့လာမှု ပြုလုပ်ရာတွင် ပါဝင်သည့် အဖွဲ့အစည်း Memetica သည်လည်း လေ့လာဆန်းစစ်မှုကို ဆောင်ရွက်ပေးခဲ့ပါသည်။

मामले के निर्णयों और नीति सलाहकार राय पर लौटें