Overturned
ဘရာဇီးဗိုလ်ချုပ်ကြီး၏ မိန့်ခွန်း
June 22, 2023
ဘရာဇီးဗိုလ်ချုပ်ကြီးက ပြည်သူများအား "အမျိုးသားကွန်ဂရက်လွှတ်တော်နှင့် တရားရုံးချုပ်သို့ သွားရန်" လှုံ့ဆော်ခြင်းကို အသားပေးဖော်ပြသော Facebook ဗီဒီယိုတစ်ခုကို ဆက်လက်ထားရှိခွင့်ပြုရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
အမှုအနှစ်ချုပ်
ဘရာဇီးဗိုလ်ချုပ်ကြီးက ပြည်သူများအား "လမ်းများပေါ်ထွက်ရန်" နှင့် "အမျိုးသားကွန်ဂရက်လွှတ်တော်နှင့် တရားရုံးချုပ်သို့ သွားရန်" လှုံ့ဆော်ခြင်းကို အသားပေးဖော်ပြသည့် Facebook ဗီဒီယိုတစ်ခုကို ဆက်လက်ထားရှိခွင့်ပြုရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ Meta သည် ရွေးကောက်ပွဲအခြေအနေတွင် အကြမ်းဖက်မှုကို လှုံ့ဆော်ရန် ၎င်း၏ ပလက်ဖောင်းများကို အသုံးပြုနိုင်သည့် အလားအလာ အန္တရာယ်ကြောင့် ရွေးကောက်ပွဲများအတွင်းနှင့် ရွေးကောက်ပွဲများပြီးနောက် အန္တရာယ် အကဲဖြတ်မှုနှင့် လျော့ပါးစေရေး ဆောင်ရွက်ချက်များစွာကို သတ်မှတ်လုပ်ဆောင်ထားကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသော်လည်း Meta အနေဖြင့် ဆိုးကျိုးရလဒ်များကို တားဆီးရန်၊ လျှော့ချရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် ၎င်း၏ ကြိုးပမ်းမှုများကို အဆက်မပြတ် မြှင့်တင်သင့်သည်။ Meta အနေဖြင့် ၎င်း၏ ပလက်ဖောင်းများအား နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှုကို အားပေးမြှင့်တင်ရန် အသုံးပြုခြင်းမှ တားဆီးရန် ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများကို အကဲဖြတ်ခြင်းအတွက် မူဘောင်တစ်ရပ် ရေးဆွဲသင့်ကြောင်း ဘုတ်အဖွဲ့က အကြံပြုသည်။
အမှု အကြောင်း
၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဘရာဇီးသမ္မတရွေးကောက်ပွဲများသည် ရွေးကောက်ပွဲများ၏ တရားဝင်မှုကို မေးခွန်းထုတ်သည့် အွန်လိုင်းနှင့် ပြင်ပကမ္ဘာတွင် ပျံ့နှံ့လျက်ရှိသော ပူးပေါင်းကြံစည်ထားသည့် ပြောဆိုမှုများကြောင့် ဆန့်ကျင်ဘက်အစွန်းနှစ်ရပ်သို့ လွန်စွာကွဲထွက်သွားခဲ့သည်။ ၎င်းတို့တွင် စစ်တပ်မှ ဝင်ရောက်စွက်ဖက်ရန်နှင့် အစိုးရသစ်ကူးပြောင်းမှုကို ရပ်တန့်ရန်အတွက် အစိုးရအဆောက်အဦများသို့ ကျူးကျော်ဝင်ရောက်ရန် လှုံ့ဆော်မှုများ ပါဝင်ခဲ့သည်။ လူထုမငြိမ်သက်မှု၊ ဆန္ဒပြမှုများနှင့် စစ်တပ်အခြေစိုက်စခန်းများရှေ့တွင် စခန်းချမှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် အသစ်ရွေးကောက်ခံရသော သမ္မတ Luiz Inácio Lula da Silva ၏ ရာထူးလက်ခံတာဝန်ယူခြင်းနှင့်အတူ အရှိန်မြင့်တက်လာသော နိုင်ငံရေးအကြမ်းဖက်မှုအန္တရာယ်သည် လျော့ပါးသွားခြင်းမရှိခဲ့ပါ။
နှစ်ရက်ကြာပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် Facebook အသုံးပြုသူတစ်ဦးသည် ၂၀၂၂ ဘရာဇီးရွေးကောက်ပွဲများနှင့် ဆက်စပ်သော ဗီဒီယိုတစ်ခုကို တင်ခဲ့သည်။ ပေါ်တူဂီဘာသာဖြင့် စာတန်းတွင် "နောက်ဆုံးရွေးချယ်စရာ" အဖြစ် ဘရာဇီးနိုင်ငံ၏ လွှတ်တော်အား “ဝန်းရံတပ်ချ" ရန် လှုံ့ဆော်မှု ပါဝင်သည်။ ဗီဒီယိုတွင် သမ္မတဟောင်း Jair Bolsonaro အား ပြန်လည်ရွေးကောက်ခြင်းကို ထောက်ခံသည့် ထင်ရှားသော ဘရာဇီးဗိုလ်ချုပ်ကြီးတစ်ဦး၏ မိန့်ခွန်း တစ်စိတ်တစ်ပိုင်းကိုလည်း ပြထားသည်။ ဗီဒီယိုထဲတွင် ယူနီဖောင်းဝတ်ထားသည့် ဗိုလ်ချုပ်ကြီးသည် ပြည်သူများအား “လမ်းများပေါ်ထွက်ရန်" နှင့် အမျိုးသားလွှတ်တော် … [နှင့်] တရားရုံးချုပ်သို့သွားရန်" လှုံ့ဆော်သည်။ ယင်းနောက်တွင် ဘရာဇီးနိုင်ငံ၏ သမ္မတရုံးများ၊ လွှတ်တော်နှင့် တရားရုံးချုပ်တို့ တည်ရှိသည့် ဘရာဇီးလီးယားရှိ Three Powers Plaza တွင် မီးဟုန်းဟုန်း လောင်ကျွမ်းနေသောပုံတစ်ပုံ အပါအဝင် ပုံများကို အစီအစဉ်လိုက်ပြထားသည်။ ပုံပေါ်ရှိ ပေါ်တူဂီဘာသာဖြင့် စာသားတွင် “ဘရာဇီးလီးယားကို လာကြ။ အားနဲ့ဝင်သိမ်းကြမယ်။ three powers မှာ ဝန်းရံတပ်ချကြမယ်” ဟူ၍ ဖော်ပြထားသည်။ နောက်တစ်ပုံပေါ်ရှိစာသားတွင် ဘရာဇီးနိုင်ငံ၏ အီလက်ထရောနစ် မဲပေးစက်များအား ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်သည့် ဆန္ဒပြသူများ၏ ဆောင်ပုဒ်ဖြစ်သော “မူလရင်းမြစ်ကုဒ်ကို ငါတို့ကိုပေး" ဟူ၍ ဖော်ပြထားသည်။
အကြောင်းအရာကို တင်ခဲ့သည့်ရက်တွင်ပင် အသုံးပြုသူတစ်ဦးသည် ထိုအကြောင်းအရာမှာ အန္တရာယ်များသောနေရာများသို့ အတင်းအဓမ္မဝင်ရောက်ရန် လှုံ့ဆော်မှုများကို တားမြစ်သည့် Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်သည့်အတွက် ၎င်းကို တိုင်ကြားခဲ့သည်။ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်ကြားတွင် စုစုပေါင်း အသုံးပြုသူ လေးဦးက ယင်းအကြောင်းအရာကို ခုနစ်ကြိမ်တိုင်ကြားခဲ့သည်။ ပထမတိုင်ကြားမှုအပြီးတွင် အကြောင်းအရာကို အကြောင်းအရာ စိစစ်သုံးသပ်သူတစ်ဦးက စစ်ဆေးခဲ့ပြီး Meta ၏ မူဝါများကို မချိုးဖောက်ကြောင်း တွေ့ရှိခဲ့သည်။ အသုံးပြုသူက ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သော်လည်း ဒုတိယအကြိမ် အကြောင်းအရာ စိစစ်သုံးသပ်သူက ၎င်းကို မူလအတိုင်း လက်ခံဆုံးဖြတ်ခဲ့သည်။ နောက်တစ်ရက်တွင် ကျန်ရှိသည့် တိုင်ကြားမှု ခြောက်ခုကို မတူညီသော စိစစ်သူ ငါးဦးက စိစစ်သုံးသပ်ခဲ့ပြီး ထိုအကြောင်းအရာသည် Meta ၏ မူဝါဒများကို မချိုးဖောက်ကြောင်း စိစစ်သူအားလုံးက တွေ့ရှိခဲ့သည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင် သမ္မတဟောင်း Bolsonaro ၏ ထောက်ခံသူများသည် ဘရာဇီးလီးယားရှိ “Three Powers Plaza” တွင် တည်ရှိသော အမျိုးသားလွှတ်တော်၊ တရားရုံးချုပ်နှင့် သမ္မတရုံးများအတွင်းသို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ရဲများကို ခြိမ်းခြောက်၍ ပစ္စည်းများကို ဖျက်ဆီးခဲ့သည်။ ဇန်နဝါရီလ ၉ ရက်တွင် Meta သည် ဇန်နဝါရီလ ၈ ရက် အဓိကရုဏ်းကို ၎င်း၏ အန္တရာယ်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မူဝါဒအောက်တွင် "အကြမ်းဖက် ဖြစ်ရပ်" တစ်ခုဟု ကြေညာခဲ့ပြီး ၎င်းသည် "ဤလုပ်ရပ်များကို ထောက်ခံ သို့မဟုတ် ချီးမွမ်းသည့် အကြောင်းအရာများ" ကို ဖယ်ရှားမည်ဟု ပြောခဲ့သည်။ ကုမ္ပဏီက ၎င်းသည် "ဘရာဇီးကို ယာယီအန္တရာယ်များသော နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့" ပြီး "လူများအား လက်နက်များကိုင်ဆောင်ရန် သို့မဟုတ် ကွန်ဂရက်လွှတ်တော်၊ သမ္မတအိမ်တော်နှင့် အခြားဖက်ဒရယ် အဆောက်အဦများကို အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ရန် လှုံ့ဆော်သော အကြောင်းအရာများကို ဖယ်ရှားခဲ့သည်" ဟုလည်း ကြေညာခဲ့သည်။
ဘုတ်အဖွဲ့က ဤအမှုကို ရွေးချယ်လိုက်သည့် ရလဒ်အနေဖြင့် Meta သည် အကြောင်းအရာကို Facebook ပေါ်တွင် ဆက်လက်ထားရှိခွင့်ပြုရန် ၎င်း၏ အကြိမ်ကြိမ်ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များမှာ မှားယွင်းကြောင်း ဆုံးဖြတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀ တွင် ဘုတ်အဖွဲ့က ဤအမှုကို ပဏာမအဆင့် ရွေးချယ်ပြီးနောက် Meta သည် အကြောင်းအရာကို ဖယ်ရှားခဲ့သည်။
အဓိက တွေ့ရှိချက်များ
ဤအမှုသည် ဘရာဇီး၏ ၂၀၂၂ အထွေထွေရွေးကောက်ပွဲ အခြေအနေနှင့် အခြားတစ်နေရာရာတွင် Meta ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများ၏ ထိရောက်မှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ ရွေးကောက်ပွဲများ၏ သမာသမတ်ရှိမှုအပေါ် စောဒကတက်ခြင်းအား ယေဘုယျအားဖြင့် ကာကွယ်ထားသော ပြောဆိုမှုဟု ယူဆသော်လည်း အချို့သောအခြေအနေများတွင် ရွေးကောက်ပွဲများကို ထိခိုက်စေရန် ကြိုးပမ်းသည့် ကျယ်ပြန့်သော ပြောဆိုချက်များသည် အကြမ်းဖက်မှုသို့ ဦးတည်သွားနိုင်သည်။ ဤအမှုတွင် ဟောပြောသူ၏ ရည်ရွယ်ချက်၊ ပြောဆိုချက်၏ အကြောင်းအရာနှင့် ၎င်း၏ ပျံ့နှံ့ရောက်ရှိမှုအပြင် ထိုအချိန်က ဘရာဇီး၏ နိုင်ငံရေးအခြေအနေတွင် ထိခိုက်မှုအန္တရာယ် ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်ခြေ အားလုံးသည် ပို့စ်အား ဖယ်ရှားရန် ကျိုးကြောင်းခိုင်လုံခဲ့သည်။
အန္တရာယ်များသောနေရာများသို့ အတင်းအဓမ္မဝင်ရောက်ရန် လှုံ့ဆော်ခြင်းနှင့် ပတ်သက်၍ Meta ၏ စည်းမျဉ်းများကို ပို့စ်တစ်ခုက ချိုးဖောက်ရာရောက်ရန် အဆိုပါနေရာကို "အန္တရာယ်များသည်" ဟု ယူဆထားရမည်ဖြစ်ပြီး ၎င်းသည် "ယာယီ အန္တရာယ်များသောနေရာ" တစ်ခုအဖြစ် သီးခြားသတ်မှတ်ထားသည့် ဒေသ သို့မဟုတ် အနီးဝန်းကျင်တစ်ခုတွင် တည်ရှိရမည်။ ပို့စ်သည် ဘရာဇီးလီးယားရှိ Three Powers Plaza တွင် တည်ရှိသော အစိုးရအဆောက်အဦများ ("ယာယီအန္တရာယ်များသောနေရာ" ဘရာဇီးတွင် တည်ရှိသော "အန္တရာယ်များသောနေရာများ") သို့ အတင်းအကျပ်ဝင်ရောက်ရန် ရှင်းလင်းပြတ်သားသော လှုံ့ဆော်မှုတစ်ခုဖြစ်သောကြောင့် နိုင်ငံရေးအကြမ်းဖက်မှု အရှိန်မြင့်တက်နေချိန်အတွင်း ဤအကြောင်းအရာကို ဆက်လက်ထားရှိခွင့်ပြုရန် Meta ၏ ကနဦးဆုံးဖြတ်ချက်များသည် ၎င်း၏ ကိုယ်ပိုင်စည်းမျဉ်းများမှ ရှင်းလင်းစွာ ကွဲထွက်နေကြောင်း ကိုယ်စားပြုခဲ့သည်။
အကြောင်းအရာကို တင်ခဲ့သည့်အချိန်က ဘရာဇီးရှိ လူထုမငြိမ်သက်မှုနှင့် ဇန်နဝါရီ ၈ ရက် အဓိကရုဏ်းများမတိုင်မီ သီတင်းပတ်များနှင့် လများတွင် အလားတူအကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့ပွားလာမှု ရှိစေကာမူ Meta ၏ အကြောင်းအရာ စိစစ်သူများသည် ဤအကြောင်းအရာကို ချိုးဖောက်ထားခြင်းမရှိအဖြစ် ထပ်ခါတလဲလဲ အကဲဖြတ်ခဲ့ပြီး နောက်ထပ်စိစစ်သုံးသပ်မှုအတွက် ၎င်းကို အရှိန်မြှင့်တင်ရန် ပျက်ကွက်ခဲ့သည်ကို ဘုတ်အဖွဲ့က အထူးစိုးရိမ်ပူပန်လျက်ရှိသည်။ ထို့အပြင် ဘုတ်အဖွဲ့သည် Meta အား ဘရာဇီးရွေးကောက်ပွဲများ မတိုင်မီ၊ ရွေးကောက်ပွဲများအတွင်းနှင့် ရွေးကောက်ပွဲများပြီးနောက်တွင် ၎င်း၏ ပလက်ဖောင်းပေါ်ရှိ သီးခြား ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုချက်များနှင့်ပတ်သက်သော အချက်အလက်များကို တောင်းဆိုခဲ့သော်လည်း ၎င်းတွင် ယင်းကဲ့သို့ပြောဆိုချက်များ၏ ပျံ့နှံ့မှုနှင့်ပတ်သက်၍ အချက်အလက်မရှိကြောင်း ကုမ္ပဏီက ရှင်းပြခဲ့သည်။ နောက်ဆုံးတွင် ဤအမှုရှိအကြောင်းအရာအား နှစ်ပတ်ကျော်ကြာပြီးနောက် ဖယ်ရှားခဲ့သည်။ ထိုအချိန်တွင် ၎င်းခေါ်ဆိုခဲ့သည့် အကြမ်းဖက် ဖြစ်ရပ်သည် ဖြစ်ပွားခဲ့ပြီးဖြစ်ကာ ဘုတ်အဖွဲ့က အမှုကို Meta သတိပြုမိအောင် တင်ပြပြီးနောက်တွင်ပင် ထိုသို့ဖြစ်ခဲ့သည်။
ဘုတ်အဖွဲ့ထံမှ မေးခွန်းတစ်ခုကို တုံ့ပြန်သည့်အနေဖြင့် Meta က ၎င်းသည် ယေဘုယျအားဖြင့် ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများ၏ အောင်မြင်မှုကို တိုင်းတာခြင်းအတွက် မည်သည့်သီးခြားမက်ထရစ်ကိုမျှ လက်ခံကျင့်သုံးခြင်းမရှိကြောင်း ပြောခဲ့သည်။ ထို့ကြောင့် Meta အနေဖြင့် ကုမ္ပဏီ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများကို အကဲဖြတ်ခြင်းအတွက်နှင့် ထိုအကြောင်းအရာနှင့်ပတ်သက်၍ အများပြည်သူကို အစီရင်ခံခြင်းအတွက် မူဘောင်တစ်ရပ်ကို ရေးဆွဲသင့်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ယင်းမူဘောင်သည် ကုမ္ပဏီအား ၎င်း၏စိစစ်ရေးစနစ်တစ်ခုလုံးကို မြှင့်တင်ရန်နှင့် ရွေးကောက်ပွဲအခြေအနေများတွင် ၎င်း၏ ရင်းမြစ်များအား မည်ကဲ့သို့ အကောင်းဆုံးအသုံးချရမည်ကို ဆုံးဖြတ်ရန်အတွက် သက်ဆိုင်ရာအချက်အလက်များ ပံ့ပိုးပေးရန် ရည်ရွယ်သည်။ ဤအချက်အလက်မျိုး မရှိလျှင် ဘုတ်အဖွဲ့ဖြစ်စေ၊ အများပြည်သူဖြစ်စေ Meta ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများ၏ ထိရောက်မှုကို ပိုမိုကျယ်ပြန့်စွာ အကဲဖြတ်နိုင်မည်မဟုတ်ပါ။
ကြီးကြပ်ရေး ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ပို့စ်ကို ဆက်လက်ထားရှိခွင့်ပြုရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
ဘုတ်အဖွဲ့က Meta အနေဖြင့်လည်း လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-
- ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများကို အကဲဖြတ်ခြင်းအတွက် မူဘောင်တစ်ရပ် ရေးဆွဲရန်။ ၎င်းတွင် Meta က ၎င်း၏ အကြောင်းဆိုင်ရာမူဝါဒများနှင့် ကြော်ငြာများအတွက် ၎င်း၏ ကိုင်တွယ်ဖြေရှင်းနည်းကို ကျင့်သုံးခြင်းနှင့်ဆက်စပ်သော မက်ထရစ်များအပါအဝင် အောင်မြင်သော ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများအတွက် မက်ထရစ်များကို ဖန်တီးခြင်းနှင့် မျှဝေခြင်း ပါဝင်သည်။
- အရေးအခင်းကာလ မူဝါဒ လုပ်ထုံးလုပ်နည်းအပြင် ကုမ္ပဏီသည် ရွေးကောက်ပွဲအခြေအနေများ သို့မဟုတ် အခြားအန္တရာယ်များသော ဖြစ်ရပ်များတွင် ပေါ်ပေါက်လာသော အန္တရာယ်ဖြစ်နိုင်ခြေကို တားဆီးပြီး ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းအားထုတ်ရာတွင် အခြားလုပ်ထုံးလုပ်နည်းများကိုလည်း လုပ်ဆောင်ကြောင်း ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် ရှင်းလင်းဖော်ပြရန်။
* အမှုအနှစ်ချုပ်များတွင် အမှုအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။
အမှုအပေါ် ဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
ဘရာဇီးဗိုလ်ချုပ်ကြီးက ပြည်သူများအား "လမ်းများပေါ်ထွက်ရန်" နှင့် "အမျိုးသားကွန်ဂရက်လွှတ်တော်နှင့် တရားရုံးချုပ်သို့ သွားရန်" လှုံ့ဆော်ခြင်းကို အသားပေးဖော်ပြသော Facebook ဗီဒီယိုတစ်ခုကို ဆက်လက်ထားရှိခွင့်ပြုရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဤလှုံ့ဆော်မှုများနောက်တွင် မီးလောင်နေသော အစိုးရအဆောက်အဦများ တည်ရှိသည့် ဘရာဇီးလီးယားရှိ Three Powers Plaza ၏ ပုံတစ်ပုံရှိခဲ့ပြီး ပုံပေါ်ရှိစာသားတွင် “ဘရာဇီးလီးယားကို လာကြ။ အားနဲ့ဝင်သိမ်းကြမယ်။ three powers မှာ ဝန်းရံတပ်ချကြမယ်” ဟူ၍ ဖော်ပြထားသည်။ Bolsonaro ထောက်ခံသူများက ရွေးကောက်ပွဲရလဒ်များကို အငြင်းပွားပြီး အစိုးရကူးပြောင်းရေး ဖြစ်စဉ်ကို ရပ်တန့်ရန် စစ်တပ်၏ စွက်ဖက်မှုကို လှုံ့ဆော်သည့် အခြေအနေတွင် ဤကြေညာချက်များသည် ဤအဆောက်အဦများကို ကျူးကျော်ဝင်ရောက်ပြီး ထိန်းချုပ်ရန် ရှင်းလင်းပြီး ပြတ်သားသော လှုံ့ဆော်မှုများဖြစ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဘုတ်အဖွဲ့က ဤပို့စ်ကို စိစစ်သုံးသပ်ရန် ပဏာမ ရွေးချယ်ပြီးနောက် Meta သည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ပြီး အဆိုပါပို့စ်ကို Facebook မှ ဖယ်ရှားခဲ့သည်။
အမှုသည် ဘရာဇီး၏ ၂၀၂၂ အထွေထွေရွေးကောက်ပွဲ အခြေအနေနှင့် အခြားတစ်နေရာရာတွင် Meta ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများ၏ ထိရောက်မှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ ရွေးကောက်ပွဲများ၏ သမာသမတ်ရှိမှုအပေါ် စောဒကတက်ခြင်းအား ယေဘုယျအားဖြင့် ကာကွယ်ထားသော ပြောဆိုမှုဟု ယူဆသော်လည်း အချို့သောအခြေအနေများတွင် ဤအမှုရှိပြောဆိုချက်များကဲ့သို့ ရွေးကောက်ပွဲများကို ထိခိုက်စေရန် ကြိုးပမ်းသည့် အွန်လိုင်းနှင့် ပြင်ပကမ္ဘာရှိ ကျယ်ပြန့်သော ပြောဆိုချက်များသည် ပြင်ပကမ္ဘာတွင်အကြမ်းဖက်မှုသို့ ဦးတည်သွားနိုင်သည်။ ဘရာဇီးတွင် ယင်းကဲ့သို့အကြမ်းဖက်မှု ဖြစ်ပေါ်မည်ဆိုသည့် သတိပေးအချက်ပြတိုင်း ရှိနေခဲ့သည်။ Meta သည် ရွေးကောက်ပွဲအခြေအနေတွင် အကြမ်းဖက်မှုကို လှုံ့ဆော်ရန် ၎င်း၏ ပလက်ဖောင်းများကို အသုံးပြုနိုင်သည့် အလားအလာ အန္တရာယ်ကြောင့် ရွေးကောက်ပွဲများအတွင်းနှင့် ရွေးကောက်ပွဲများပြီးနောက် အန္တရာယ် အကဲဖြတ်မှုနှင့် လျော့ပါးစေရေး ဆောင်ရွက်ချက်များစွာကို သတ်မှတ်လုပ်ဆောင်ထားကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသော်လည်း Meta အနေဖြင့် ဆိုးကျိုးရလဒ်များကို တားဆီးရန်၊ လျှော့ချရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် ၎င်း၏ ကြိုးပမ်းမှုများကို အဆက်မပြတ် မြှင့်တင်သင့်သည်။ အာဏာအကူးအပြောင်း အခြေအနေတစ်ခုတွင် အကြမ်းဖက်မှုအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် ရွေးကောက်ပွဲလွန်အဆင့်ကို Meta ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများဖြင့် ကာကွယ်ထားသင့်သည်။
ထို့ကြောင့် Meta အနေဖြင့် ကုမ္ပဏီ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများကို အကဲဖြတ်ခြင်းအတွက်နှင့် ထိုအကြောင်းအရာနှင့်ပတ်သက်၍ အများပြည်သူကို အစီရင်ခံခြင်းအတွက် မူဘောင်တစ်ရပ် ရေးဆွဲရန် ဘုတ်အဖွဲ့က အကြံပြုသည်။ ယင်းကဲ့သို့ မူဘောင်တွင် ကုမ္ပဏီအား အမှားများကို ခွဲခြားဖော်ထုတ်ပြီး ပြောင်းလဲဆုံးဖြတ်နိုင်စေရုံသာမက အရေးကြီးသောအခြေအနေများတွင် ၎င်း၏ ဆောင်ရွက်ချက်များက မည်မျှထိရောက်ကြောင်းကိုလည်း စောင့်ကြည်နိုင်စေသည့် Meta ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများ၏ သက်ဆိုင်မှုအရှိဆုံးကဏ္ဍများရှိ အောင်မြင်မှုဆိုင်ရာ မက်ထရစ်များ ပါဝင်သင့်သည်။ Meta အနေဖြင့် ရွေးကောက်ပွဲအခြေအနေများနှင့် အခြားအန္တရာယ်များသော ဖြစ်ရပ်များတွင် ပေါ်ပေါက်လာသော အန္တရာယ်ဖြစ်နိုင်ခြေကို တားဆီးပြီး ကိုင်တွယ်ဖြေရှင်းရန် ၎င်းတွင်ရှိသည့် မတူညီသော လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဖော်ပြချက်ကိုလည်း ပေးရန် ဘုတ်အဖွဲ့က အကြံပြုသည်။ ၎င်းတွင် ယင်းကဲ့သို့ လုပ်ထုံးလုပ်နည်းများ၊ ၎င်းတို့၏ ရည်မှန်းချက်၊ ၎င်းတို့အကြား ချိတ်ဆက်မှုများ၊ ၎င်းတို့တစ်ခုနှင့်တစ်ခု ခြားနားပုံတို့ကို အမည်ပေးဖော်ပြခြင်း ပါဝင်သည်။ ယင်းကဲ့သို့ လုပ်ထုံးလုပ်နည်းများသည် ပို၍ထိရောက်ရန်၊ ရှင်းလင်းသော ညွှန်ကြားမှုကွင်းဆက်ရှိရန်နှင့် အထူးသဖြင့် နိုင်ငံရေးအကြမ်းဖက်မှုအန္တရာယ် အရှိန်မြင့်တက်နေသော ရွေးကောက်ပွဲအခြေအနေတစ်ခုတွင် လုပ်ဆောင်သည့်အခါ ဝန်ထမ်း အလုံလောက်ထားရှိရန် လိုအပ်သည်။ ဤအကြံပြုချက်များသည် ၎င်း၏ ပလက်ဖောင်းများအား နိုင်ငံရေးအကြမ်းဖက်မှုကို အားပေးရန် အသုံးပြုခြင်းမှ တားဆီးရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုအတွက် ၎င်း၏ တုံ့ပြန်မှုများကို ပို၍ယေဘုယျကျကျ တိုးတက်အောင် ဆောင်ရွက်ရန် Meta ကို ပိုကောင်းသော အနေအထားတွင် ရှိစေခြင်းဖြင့် ကုမ္ပဏီ၏ အကြောင်းအရာ စိစစ်ရေးစနစ်တစ်ရပ်လုံးကို ကူညီမြှင့်တင်ပေးပါလိမ့်မည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် Facebook အသုံးပြုသူတစ်ဦးသည် ၂၀၂၂ ဘရာဇီးရွေးကောက်ပွဲများနှင့် ဆက်စပ်သော ဗီဒီယိုတစ်ခုကို တင်ခဲ့သည်။ ပေါ်တူဂီဘာသာဖြင့် စာတန်းတွင် "နောက်ဆုံးရွေးချယ်စရာ" အဖြစ် ဘရာဇီးနိုင်ငံ၏ လွှတ်တော်အား “ဝန်းရံတပ်ချ" ရန် လှုံ့ဆော်မှု ပါဝင်သည်။ တစ်မိနစ်နှင့် ၃၂ စက္ကန့်ကြာသော ဗီဒီယိုတွင် သမ္မတဟောင်း Jair Bolsonaro အား ပြန်လည်ရွေးကောက်ခြင်းကို ထောက်ခံသူဖြစ်သည့် ထင်ရှားသော ဘရာဇီးဗိုလ်ချုပ်ကြီးတစ်ဦး၏ မိန့်ခွန်း တစ်စိတ်တစ်ပိုင်းကိုလည်း ပြထားသည်။ ဗီဒီယိုထဲတွင် ယူနီဖောင်းဝတ်ထားသည့် ဗိုလ်ချုပ်ကြီးသည် ပြည်သူများအား “လမ်းများပေါ်ထွက်ရန်" နှင့် အမျိုးသားလွှတ်တော် … [နှင့်] တရားရုံးချုပ်သို့သွားရန်" လှုံ့ဆော်သည်။ ယင်းနောက်တွင် ဘရာဇီးနိုင်ငံ၏ သမ္မတရုံးများ၊ လွှတ်တော်နှင့် တရားရုံးချုပ်တို့ တည်ရှိသည့် ဘရာဇီးလီးယားရှိ Three Powers Plaza တွင် မီးဟုန်းဟုန်း လောင်ကျွမ်းနေသောပုံတစ်ပုံ အပါအဝင် ပုံများကို အစီအစဉ်လိုက်ပြထားသည်။ ပုံပေါ်ရှိ ပေါ်တူဂီဘာသာဖြင့် စာသားတွင် “ဘရာဇီးလီးယားကို လာကြ။ အားနဲ့ဝင်သိမ်းကြမယ်။ three powers မှာ ဝန်းရံတပ်ချကြမယ်” ဟူ၍ ဖော်ပြထားသည်။ နောက်တစ်ပုံပေါ်ရှိစာသားတွင် ဘရာဇီးနိုင်ငံ၏ အီလက်ထရောနစ် မဲပေးစက်များအား ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်သည့် ဆန္ဒပြသူများ၏ ဆောင်ပုဒ်ဖြစ်သော “မူလရင်းမြစ်ကုဒ်ကို ငါတို့ကိုပေး" ဟူ၍ ဖော်ပြထားသည်။ ဗီဒီယိုကို အကြိမ်ပေါင်း ၁၈,၀၀၀ ကျော် ဖွင့်ကြည့်ခဲ့ပြီး မျှဝေခြင်းမရှိခဲ့ပါ။
အကြောင်းအရာကိုမတင်မီ နှစ်ရက်က Bolsonaro ၏ ရွေးကောက်ပွဲပြိုင်ဘက် Luiz Inácio Lula da Silva သည် မဲများ၏ ၅၀.၉ ရာခိုင်နှုန်းဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ တွင် တစ်ကျော့ပြန် သမ္မတရွေးကောက်ပွဲကို အနိုင်ရပြီးနောက် ဘရာဇီး သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ မဲပေးမှု နှစ်ကျော့မတိုင်မီ၊ ယင်းလုပ်ငန်းစဉ်အတွင်းနှင့် ယင်းလုပ်ငန်းစဉ်နောက်ပိုင်း ကာလများကို ရွေးကောက်ပွဲ မသမာမှုဖြစ်မည် ဟူသော ပြောဆိုချက်များကြောင့် နိုင်ငံရေးအကြမ်းဖက်မှု အန္တရာယ် အရှိန်မြင့်တက်လာသည်ဟု အမှတ်အသားပြုခဲ့သည်။ ၎င်းသည် ဘရာဇီး၏ အီလက်ထရောနစ် မဲပေးစက်များမှာ ဟက်ခံရရန် အားနည်းချက်ရှိကြောင်း စွပ်စွဲချက်ပေါ် အခြေခံခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီ သမ္မတဟောင်း Bolsonaro သည် သက်သေအထောက်ထားမပါဘဲ မသမာမှုဟု စွပ်စွဲပြီး အီလက်ထရောနစ် မဲပေးစက်များသည် ယုံကြည်စိတ်ချမှုမရှိကြောင်း ဆိုကာ ရွေးကောက်ပွဲစနစ်တွင် မယုံကြည်မှုကို မီးလောင်ရာလေပင့်ခဲ့သည်။ အချို့သော စစ်တပ်အရာရှိများသည် ရွေးကောက်မှု မသမာမှုနှင့် အလားတူသော ပြောဆိုချက်များကို သံယောင်လိုက်ခဲ့ပြီး ရွေးကောက်ပွဲ အငြင်းပွားမှုများတွင် စစ်တပ်ကို အဆုံးအဖြတ်ပေးသူအဖြစ် အသုံးပြုရန် ထောက်ခံပြောခဲ့သည်။ Meta ၏ ပလက်ဖောင်းများပေါ်ရှိ ရွေးကောက်ပွဲများ၏ တရားဝင်မှုကို တိုက်ခိုက်သော နိုင်ငံရေးကြော်ငြာ အများအပြားသည် တိုင်ကြားခံခဲ့ရသည်။ ၎င်းတို့တွင် တရားစီရင်ရေး အာဏာပိုင်များကို တိုက်ခိုက်ပြီး စစ်တပ်အာဏာသိမ်းမှုကို အားပေးမြှင့်တင်သော ပို့စ်များနှင့် ဗီဒီယိုများ ပါဝင်ခဲ့သည်။ ထို့အပြင် Global Witness သည် လူမှုစံနှုန်းများကို ချိုးဖောက်သည့် နိုင်ငံရေးကြော်ငြာများကို ကုမ္ပဏီက ခွင့်ပြုထားပြီး Meta ၏ ပလက်ဖောင်းများပေါ်တွင် ပျံ့နှံ့နေခဲ့ပုံကို ဖော်ပြသော အစီရင်ခံစာကို ဘရာဇီးတွင် ထုတ်ပြန်ခဲ့သည်။ တွေ့ရှိချက်များသည် မြန်မာနှင့် ကင်ညာကဲ့သို့ အခြားနိုင်ငံများနှင့်ပတ်သက်သော အဖွဲ့အစည်းမှ အလားတူအစီရင်ခံစာများကို ခြေရာခံခဲ့သည်။
ရွေးကောက်ပွဲအလွန်ကာလနှင့်အတူ ရွေးကောက်ပွဲရလဒ်များကို ပယ်ချရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့များကို တောင်းဆိုရန် စစ်တပ်အခြေစိုက်စခန်းများ၏ အရှေ့တွင် ဆန္ဒပြမှုများ၊ လမ်းပိတ်ဆို့မှုများနှင့် စခန်းချခြင်းအပါအဝင် လူထုမငြိမ်သက်မှု လိုက်ပါလာခဲ့သည်။ ဘုတ်အဖွဲ့က တိုင်ပင်ဆွေးနွေးခဲ့သော ကျွမ်းကျင်သူများ၏အဆိုအရ ဤအမှုရှိ ဗီဒီယိုသည် ရွေးကောက်ပွဲရလဒ်များကို သိရှိပြီး မကြာမီ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အွန်လိုင်း၌ ပထမဆုံး ပေါ်ထွက်လာခဲ့သည်။ အလားတူအကြောင်းအရာသည် ဇန်နဝါရီ ၈ ရက် အဓိကရုဏ်းအထိ အခြားလူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင် ဆက်ရှိနေခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ Lula ၏ အောင်ပွဲကို အထက်တန်းရွေးကောက်ပွဲခုံရုံးက အတည်ပြုသည့်နေ့တွင် Bolsonaro ကို ထောက်ခံသော ဆန္ဒပြသူတစ်ဖွဲ့သည် ဘရာဇီးလီးယားရှိ ဖက်ဒရယ်ရဲဌာနချုပ်သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။ ရမ်းကားဖျက်ဆီးခြင်း လုပ်ရပ်များစွာ ဖြစ်ပွားခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် ဘရာဇီးလီးယားရှိ နိုင်ငံ၏ နိုင်ငံတကာလေဆိပ်အနီးတွင် ဗုံးခွဲရန် ကြိုးပမ်းမှု ရှိခဲ့သည်။ တိုက်ခိုက်မှုအတွက် တာဝန်ရှိသောလူသည် အဖမ်းခံခဲ့ရပြီး သူ့ရည်မှန်းချက်သည် ၎င်းတို့၏ အာဏာသိမ်းမှုကို လိုလားသော ရည်မှန်းချက်ဆန္ဒအတွက် အာရုံစိုက်မှုရယူရန် ဖြစ်ကြောင်း ဝန်ခံခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ အသစ်ရွေးကောက်ခံ သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲနှင့်အတူ ဘရာဇီးရှိ အရှိန်မြှင့်တက်လာသော နိုင်ငံရေးအကြမ်းဖက်မှုအန္တရာယ်သည် မလျော့ကျခဲ့ပါ။ ဘုတ်အဖွဲ့က တာဝန်ပေး လုပ်ဆောင်ခိုင်းသည့် သုတေသနအပေါ်အခြေခံ၍ ပထမအကျော့နှင့် ဒုတိယအကျော့ မဲပေးပြီးနောက်နှင့် ထပ်မံ၍ Lula ၏ အောင်ပွဲအပြီး ရက်သတ္တပတ်များတွင် မဲပေးစက်များနှင့်ပတ်သက်သည့် မှားယွင်းသောပြောဆိုချက်များသည် Meta ပလက်ဖောင်းများပေါ်တွင် လူစိတ်အဝင်စားဆုံးဖြစ်လာခဲ့သည်။ ထို့အပြင် ဇန်နဝါရီ ၈ ရက်အထိ ရက်များတွင် Bolsonaro ထောက်ခံသူများသည် အစိုးရအဆောက်အဦများအပေါ် အထူးသဖြင့်အာရုံစိုက်ခဲ့သည့် ဘရာဇီးလီးယားရှိ ဆန္ဒပြပွဲများကို အားပေးမြှင့်တင်ရန် စာဝှက်ဖြင့်ရေးထားသော ကြွေးကြော်သံများစွာကို အသုံးပြုခဲ့သည်။ ထောက်ပံ့ပို့ဆောင်ရေး အဖွဲ့အစည်းအများစုသည် Facebook မှတစ်ပါး အခြားဆက်သွယ်ရေး ချန်နယ်များမှတစ်ဆင့် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပုံရသည်။
Organization of American States နှင့် Carter Center ကဲ့သို့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး မစ်ရှင်များက မသမာမှုအတွက် ခိုင်မာသောအထောက်အထား မရှိခဲ့ကြောင်းနှင့် မဲဆန္ဒရှင်များအား ဆန့်ကျင်ဘက်အစွန်းနှစ်ရပ်သို့ လွန်စွာကွဲထွက်သွားစေသည့် ဖိအားများရှိစေကာမူ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသောပုံစံဖြင့် ဆောင်ရွက်ခဲ့ကြောင်း အစီရင်ခံခဲ့သည်။ ဘရာဇီး ကာကွယ်ရေး ဝန်ကြီးဌာနသည်လည်း ရွေးကောက်ပွဲကို တရားဝင်စောင့်ကြည့်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့များသည် "မသမာမှုဖြစ်နိုင်ခြေကို ထည့်မတွက်ထဲ မထားပါ" ဟူသော အငြင်းပွားမှုနှင့်ဆိုင်သော ကြေညာချက် ကို နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော်လည်း နည်းလမ်းမကျမှုများ သို့မဟုတ် မသမာမှုများနှင့်ပတ်သက်သော မည်သည့်အထောက်အထားကိုမျှ အစီရင်မခံခဲ့ပါ။ ဘရာဇီးတွင် ကာကွယ်ရေးဝန်ကြီးဌာနသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်ဆောင်မှုကို ကြီးကြပ်သည်။
ဤအမှုအကြောင်းအရာတွင် ရည်ညွှန်းဖော်ပြထားသည့်အတိုင်း သမ္မတဟောင်း Bolsonaro ၏ ထောက်ခံသူများသည် ဘရာဇီးလီးယားရှိ “Three Powers Plaza” တွင် တည်ရှိသော အမျိုးသားလွှတ်တော်၊ တရားရုံးချုပ်နှင့် သမ္မတရုံးများအတွင်းသို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ရဲများကို ခြိမ်းခြောက်၍ ပစ္စည်းများကို ဖျက်ဆီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ဇန်နဝါရီ ၈ ရက် အဓိကရုဏ်းတွင် ပါဝင်သည့်အတွက် လူ ၁,၄၀၀ ခန့် အဖမ်းခံခဲ့ရပြီး ၆၀၀ ခန့်သည် အချုပ်ခန်းထဲတွင် ရှိနေသေးသည်။
ဇန်နဝါရီ ၈ ရက် ဖြစ်ရပ်များအပြီးတွင် ကုလသမဂ္ဂက "၎င်းသည် ဒီမိုကရေစီ ရွေးကောက်ပွဲများ၏ ရလဒ်များကို ငြင်းဆိုခြင်းဖြင့် မယုံကြည်မှု၊ ခွဲထွက်ခြင်းနှင့် ဖျက်ဆီးခြင်း အငွေ့အသက်ကို မီးလောင်ရာလေပင့်ခဲ့သည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး အင်အားစုများ၏ ဖြစ်ရပ်မှန်များကို စဉ်ဆက်မပြတ် လိုရာဆွဲ၍ မမှန်မကန်ပြောခြင်းနှင့် အကြမ်းဖက်မှုနှင့် အမုန်းတရားကို လှုံ့ဆော်ခြင်း၏ အထွတ်အထိပ်" ဖြစ်ခဲ့သည်ဟု ပြောကာ အကြမ်းဖက်မှု ကျင့်သုံးခြင်းကို ရှုံ့ချခဲ့သည်။ ၎င်းသည် ဘရာဇီး၏ ဒီမိုကရက်တစ်အဖွဲ့အစည်းများအပေါ် ၎င်း၏ ကတိကဝတ်နှင့် ယုံကြည်စိတ်ချမှုကို ထပ်လောင်းပြောခဲ့သည်။ ဘရာဇီးရွေးကောက်ပွဲစနစ်၏ သမာသမတ်ရှိမှုအပေါ် ကြိုတင်သံသယဖြစ်သည့် ပြောဆိုချက်များတွင် နိုင်ငံရေး ဆန့်ကျင်ဘက်အစွန်းနှစ်ရပ်အဖြစ် ကွဲထွက်ခြင်းကို တွန်းပို့ပြီး ပြင်ပကမ္ဘာ နိုင်ငံရေးအကြမ်းဖက်မှုကို ဖြစ်ပေါ်စေသည့် အန္တရာယ်များသော သက်ရောက်မှုကို အများမြင်မှတ်ချက်များသာမက ဘုတ်အဖွဲ့က တိုင်ပင်ဆွေးနွေးခဲ့သော ကျွမ်းကျင်ပညာရှင်များကပါ ထောက်ပြခဲ့သည် (အန္တရာယ်များသော ပြောဆိုချက် ပရောဂျက် [PC-၁၁၀၁၀]၊ LARDEM - Clínica de Direitos Humanos da Pontifícia Universidade Católica do Paraná [PC-၁၁၀၁၁]၊ Instituto Vero [PC-၁၁၀၁၅]၊ ModeraLab [PC-၁၁၀၁၆]၊ စည်းရုံးလှုံ့ဆော်ရေး ဥပဒေစင်တာ [PC-၁၁၀၁၇]၊ ဒီမိုကရေစီနှင့်နည်းပညာစင်တာ [PC-၁၁၀၁၈]၊ InternetLab [PC-၁၁၀၁၉] နှင့် Coalizão Direitos na Rede [PC-၁၁၀၂၀] မှ အများမြင်မှတ်ချက်များကို ကြည့်ပါ။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် Meta သည် ဇန်နဝါရီလ ၈ ရက် အဓိကရုဏ်းကို အန္တရာယ်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မူဝါဒအောက်တွင် "အကြမ်းဖက် ဖြစ်ရပ်" တစ်ခုဟု ကြေညာခဲ့ပြီး ၎င်းသည် "ဤလုပ်ရပ်များကို ထောက်ခံ သို့မဟုတ် ချီးမွမ်းသည့် အကြောင်းအရာများ" ကို ဖယ်ရှားမည်ဟု ပြောခဲ့သည်။ ကုမ္ပဏီက ၎င်းသည် "[ရွေး]ကောက်ပွဲမတိုင်မီ" "ဘရာဇီးကို ယာယီအန္တရာယ်များသော နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့" ပြီး "လူများအား လက်နက်များကိုင်ဆောင်ရန် သို့မဟုတ် ကွန်ဂရက်လွှတ်တော်၊ သမ္မတအိမ်တော်နှင့် အခြားဖက်ဒရယ် အဆောက်အဦများကို အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ရန် လှုံ့ဆော်သော အကြောင်းအရာများကို ဖယ်ရှားခဲ့သည်" ဟုလည်း ကြေညာခဲ့သည်။
ဇန်နဝါရီလ ၃ ရက်၊ အကြောင်းအရာကို ပို့စ်တင်ခဲ့သည့် ရက်တွင်ပင် အသုံးပြုသူတစ်ဦးက အဆိုပါအကြောင်းအရာသည် “အကြမ်းဖက်မှု သို့မဟုတ် ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှု အန္တရာယ်မြင့်မားသည့် ယာယီ အရိပ်လက္ခဏာများရှိနေသော ... နေရာများကို အဓမ္မဝင်ရောက်” ရန် လှုံ့ဆော်မှုကို တားမြစ်ထားသော Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ခြင်းကြောင့် ၎င်းကို တိုင်ကြားခဲ့သည်။ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်ကြားတွင် စုစုပေါင်း အသုံးပြုသူ လေးဦးက ယင်းအကြောင်းအရာကို ခုနစ်ကြိမ်တိုင်ကြားခဲ့သည်။ ပထမတိုင်ကြားမှုအပြီးတွင် အကြောင်းအရာကို လူကိုယ်တိုင် စိစစ်သုံးသပ်သူတစ်ဦးက စစ်ဆေးခဲ့ပြီး Meta ၏ မူဝါဒများကို မချိုးဖောက်ကြောင်း တွေ့ရှိခဲ့သည်။ အသုံးပြုသူက ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သော်လည်း ၎င်းကို ဒုတိယအကြိမ် လူကိုယ်တိုင် စိစစ်သုံးသပ်သူက မူလအတိုင်း လက်ခံဆုံးဖြတ်ခဲ့သည်။ နောက်တစ်ရက်တွင် ကျန်ရှိသည့် တိုင်ကြားမှု ခြောက်ခုကို မတူညီသော စိစစ်သူ ငါးဦးက စိစစ်သုံးသပ်ခဲ့ပြီး ထိုအကြောင်းအရာသည် Meta ၏ မူဝါဒများကို မချိုးဖောက်ကြောင်း စိစစ်သူအားလုံးက တွေ့ရှိခဲ့သည်။ အကြောင်းအရာကို နောက်ထပ်စိစစ်သုံးသပ်ရန်အတွက် မူဝါဒ သို့မဟုတ် အကြောင်းအရာဆိုင်ရာ ကျွမ်းကျင်သူများထံ မတင်ပြခဲ့ပါ။ ဘုတ်အဖွဲ့ထံမှ မေးခွန်းတစ်ခုကို တုံ့ပြန်သည့်အနေဖြင့် အကြောင်းအရာကို စိစစ်သုံးသပ်ခဲ့သည့်လူခုနစ်ဦးသည် ဥရောပတွင် အခြေစိုက်နေထိုင်သူများဖြစ်ကြောင်း Meta က ရှင်းလင်းခဲ့သည်။ Meta ၏ အဆိုအရ ၎င်းတို့အားလုံးသည် ပေါ်တူဂီဘာသာစကား ကျွမ်းကျင်ပြီး ဘရာဇီးအကြောင်းအရာကို စိစစ်သုံးသပ်ရန် ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်မှုရှိခဲ့သည်။
ဘုတ်အဖွဲ့က ဤအမှုကို ရွေးချယ်လိုက်သည့် ရလဒ်အနေဖြင့် Meta သည် အကြောင်းအရာကို Facebook ပေါ်တွင် ဆက်လက်ထားရှိခွင့်ပြုရန် ၎င်း၏ အကြိမ်ကြိမ်ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များမှာ မှားယွင်းကြောင်း ဆုံးဖြတ်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့၊ ဘုတ်အဖွဲ့က အမှုကို ပဏာမရွေးချယ်ပြီးနောက် Meta သည် အကြောင်းအရာကို ဖယ်ရှားခဲ့ပြီး အကြောင်းအရာဖန်တီးသူ၏ အကောင့်ကို သတိပေး၍ ၂၄ နာရီ လုပ်ဆောင်ချက်ကန့်သတ်မှု အသုံးချကာ ထိုအချိန်ကာလအတွင်း အကြောင်းအရာအသစ် ဖန်တီးခြင်းကို တားမြစ်ခဲ့သည်။ Meta အနေဖြင့် အရေးယူဆောင်ရွက်ထားသည်ဟု ဆိုသော်လည်း ဤအမှုကို ဘုတ်အဖွဲ့က Meta သတိပြုမိအောင် တင်ပြပြီးနောက်တွင်ပင် အလားတူအကြောင်းအရာများသည် Facebook ပေါ်တွင် ဆက်ရှိနေခဲ့ကြောင်း ဘုတ်အဖွဲ့ထံ အရပ်ဘက်လူမှုရေးအဖွဲ့ Ekō ၏ အများမြင်မှတ်ချက် ပေးပို့မှုနှင့် အခြားတိုင်စာများက အသားပေးဖော်ပြခဲ့သည် (PC-၁၁၀၀၀)။
၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
ဆက်လက်ထားရှိရန် ခွင့်ပြုထားသော အကြောင်းအရာကို ယခင်က တိုင်ကြားထားသည့်ပုဂ္ဂိုလ်က အယူခံဝင်ပြီးနောက် ချမှတ်ထားသော Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့တွင် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။ ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင် သို့မဟုတ် ပယ်ဖျက်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၅)။ ထို့ပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော ဆက်စပ်အခြေအနေရှိသည့် အလားတူ အကြောင်းအရာနှင့် ပတ်သက်၍ ၎င်း၏ဆုံးဖြတ်ချက်ကို အသုံးချနိုင်ခြေကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် မဖြစ်မနေ လိုက်နာစရာမလိုသော်လည်း တုံ့ပြန်ရမည့် အကြံပြုချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၄၊ အပိုဒ်ခွဲ ၄)။ Meta က အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကတိကဝတ်ပြုလျှင် ဘုတ်အဖွဲ့သည် ၎င်းတို့ကို အကောင်အထည်ဖော်မှုအပေါ် စောင့်ကြည့်သည်။
Meta က ၎င်းအနေဖြင့် အမှားတစ်ခုလုပ်ခဲ့ကြောင်း နောက်ပိုင်းတွင် အသိအမှတ်ပြုသည့် ဤတစ်ခုကဲ့သို့ အမှုများကို ဘုတ်အဖွဲ့က ရွေးချယ်သည့်အခါ ဘုတ်အဖွဲ့သည် အမှားကို ဖြစ်ပေါ်စေခဲ့သည့် မူဝါဒ သတ်မှတ်ချက်ဘောင်များနှင့် အကြောင်းအရာ စိစစ်ခြင်း လုပ်ငန်းစဉ်များကို ပိုမိုနားလည်စေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်သည်။ ထို့နောက် ဘုတ်အဖွဲ့သည် Meta ၏ အခြေခံ မူဝါဒများ သို့မဟုတ် လုပ်ငန်းစဉ်များဖြင့် ၎င်းခွဲခြားဖော်ထုတ်သည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားသည်။ ဘုတ်အဖွဲ့သည် စည်းကမ်းထိန်းသိမ်းရာတွင် ပိုမိုတိကျစေရန်နှင့် ရှေ့လျှောက်တွင် အသုံးပြုသူများကို မျှတစွာ ဆက်ဆံရန် Meta အတွက် အကြံပြုချက်များကို ထုတ်ပြန်ရန်လည်း ရည်ရွယ်သည်။
၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များနှင့် လမ်းညွှန်ချက်
ဤအမှုတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ စံနှုန်းများနှင့် သာဓကများဖြင့် အသိပေးတင်ပြခဲ့သည်-
၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အသက်ဆိုင်ဆုံး ယခင်ဆုံးဖြတ်ချက်များတွင် အောက်ပါတို့ ပါဝင်သည်-
- “သမ္မတဟောင်းထရမ့်ကို ဆိုင်းငံ့ခြင်း” (အမှုဆုံးဖြတ်ချက် ၂၀၂၁-၀၀၁-FB-FBR)- ရွေးကောက်ပွဲအခြေအနေများတွင် Meta ၏ လူ့အခွင့်အရေး တာဝန်များသည် အခြားလူ့အခွင့်အရေးများအတွက် ပြင်းထန်သောအန္တရာယ်များကို ရှောင်ရှားစဉ် နိုင်ငံရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုကို ခွင့်ပြုရန် လိုအပ်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုခဲ့သည်။
- “မြန်မာဘော့” (အမှုဆုံးဖြတ်ချက် ၂၀၂၁-၀၀၇-FB-UA)- ဘုတ်အဖွဲ့သည် နိုင်ငံရေးဆိုင်ရာ အရေးအခင်းကာလများအတွင်း နိုင်ငံရေးမိန့်ခွန်းအား ကာကွယ်ခြင်း၏ အရေးပါမှုကို ဦးစားပေးဖော်ပြခဲ့သည်။
- "တီဂရေး ဆက်သွယ်ရေးရာ အစိုးရဌာန" (အမှုဆုံးဖြတ်ချက် ၂၀၂၂-၀၀၆-FB-MR)- ၎င်း၏ ပလက်ဖောင်းများကို သုံး၍ အကြမ်းဖက်မှု လှုံ့ဆော်နိုင်ခြေ အန္တရာယ်အား လျှော့ချရန်အတွက် ပဋိပက္ခနယ်မြေများရှိ အကြောင်းအရာကို စိစစ်ရာတွင် အခြေခံမူအရ ပွင့်လင်းမြင်သာသော စနစ်တစ်ခုကို ပြဋ္ဌာန်းရန် Meta ၏ တာဝန်ကို ဘုတ်အဖွဲ့က ဦးစားပေးဖော်ပြခဲ့သည်။
- "Knin ကာတွန်း" (အမှု ဆုံးဖြတ်ချက် ၂၀၂၂-၀၀၁-FB-UA)- ဘုတ်အဖွဲ့သည် အကြောင်းအရာကို အကြောင်းအရာကျွမ်းကျင်သူများထံ တင်ပြပုံနှင့်ပတ်သက်၍ နောက်ထပ်ရှင်းလင်းချက်ပေးရန် Meta အား တိုက်တွန်းခဲ့သည်။
၂။Meta ၏ လက်ရှိမူဝါဒများ-
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်း
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်း အောက်တွင် Meta သည် "အကြမ်းဖက်မှု သို့မဟုတ် ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှု ဖြစ်နိုင်ခြေအန္တရာယ်မြင့်မားကြောင်း ယာယီအချက်ပြမှုများရှိသည့် (ဝတ်ပြုဆုတောင်းသော နေရာများ၊ ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ မဲပေးရာနေရာများ သို့မဟုတ် မဲရေတွက်ရန်ဖြစ်စေ၊ ရွေးကောက်ပွဲတစ်ခုကို စီမံခန့်ခွဲရန်ဖြစ်စေ အသုံးပြုသည့် နေရာများ အပါအဝင် အခြားကန့်သတ်မထားသော) နေရာများသို့ အတင်းအဓမ္မဝင်ရောက်ရန် ရည်ရွယ်သော သို့မဟုတ် ထောက်ခံအားပေးသော ဖော်ပြချက်များ၊ လုပ်ဆောင်ရန် ဖိတ်ခေါ်ချက်များ သို့မဟုတ် ရည်မှန်းချက်ကိုဖြစ်စေ အခြေအနေကိုဖြစ်စေ ရည်ညွှန်းသော ဖော်ပြချက်များ" ကို ခွင့်မပြုပါ။ ဤလူမှုစံနှုန်းအတွက် မူဝါဒဆိုင်ရာ သဘောတရားမှာ Meta ၏ ပလက်ဖောင်းများတွင် ပေါ်လာသော"အကြောင်းအရာနှင့် ဆက်စပ်နိုင်သည့် အလားအလာရှိသော ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုကို တားဆီး" ရန် ဖြစ်သည်။ တစ်ချိန်တည်းတွင် "လူများသည် ပေါ့ပျက်ပျက်သဘောသက်ရောက်သော နည်းလမ်းများဖြင့် အကြမ်းဖက်ရန် ခြိမ်းခြောက်ခြင်း သို့မဟုတ် နှိုးဆော်ခြင်းဖြင့် အထင်အမြင်သေးသိမ်မှု သို့မဟုတ် သဘောထားကွဲလွဲမှုတို့ကို ထုတ်ဖော်ပြတတ်ကြသည်" ကို Meta က သိနားလည်ထားပါသည်။ ထို့ကြောင့် "အများပြည်သူ အန္တရာယ်ကင်းရှင်းရေးအတွက် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု သို့မဟုတ် တိုက်ရိုက်ခြိမ်းခြောက်မှုများ အမှန်တကယ်ဖြစ်နိုင်ခြေရှိသည်" ဟု ကုမ္ပဏီက ယူဆသည့်အခါ Meta သည် အကြောင်းအရာကို ဖယ်ရှားသည်။ ခြိမ်းခြောက်မှုတစ်ခု ခိုင်လုံမှုရှိ၊ မရှိကို ဆုံးဖြတ်ရာတွင် Meta သည် "ဘာသာစကားနှင့် အကြောင်းအရာ" ကိုလည်း ထည့်သွင်းစဉ်းစားသည်။
ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို "ပဓာန" အဖြစ် ကုမ္ပဏီက ဖော်ပြသည့် Meta ၏ "သဘောထားထုတ်ဖော်ခွင့်" သန္နိဋ္ဌာန်နှင့် ၎င်း၏ "အန္တရာယ်ကင်းရှင်းရေး" စံတန်ဖိုးဖြင့်လည်း အသိပေးတင်ပြခဲ့သည်။
၃။ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် ထောက်ခံချက်ပေးထားသည့် စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ကုမ္ပဏီများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ် ထည့်သွင်းဖန်တီးထားသည်။ ၂၀၂၁ ခုနှစ်တွင် UNGP များနှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို Meta က ကြေညာခဲ့သည်။
ဤအမှုတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ နိုင်ငံတကာ စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည်-
- လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်- အပိုဒ် ၁၉ နှင့် ၂၀၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး အပြည်ပြည်ဆိုင်ရာ ပဋိညာဉ် ( ICCPR)၊ အထွေထွေ မှတ်ချက် အမှတ် ၃၄၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၁။ ဒစ်ဂျစ်တယ်ခေတ်ရှိ ရွေးကောက်ပွဲများဆိုင်ရာ သုတေသနစာတမ်း ၁/၂၀၁၉ (၂၀၁၉)- "လွတ်လပ်စွာ ရှုမြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက်ကိုယ်စားလှယ်၊ အစီအရင်ခံစာများ- က/HRC/၃၈/၃၅ (၂၀၁၈) နှင့် က/၇၄/၄၈၆ (၂၀၁၉)၊ Rabat အရေးယူဆောင်ရွက်ချက် အစီအစဉ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အစီရင်ခံစာ- က/HRC/၂၂/၁၇/ဖြည့်စွက်ချက် ၄ (၂၀၁၃)။
- ငြိမ်းချမ်းစွာ စုဝေးပိုင်ခွင့်- အပိုဒ် ၂၁၊ ICCPR။ အထွေထွေမှတ်ချက် အမှတ် ၃၇၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၂၀။
- အသက်ရှင်ရပ်တည်ခွင့်- အပိုဒ် ၆၊ ICCPR။
- ပြည်သူ့အရေးကိစ္စများတွင် ပါဝင်ခွင့်နှင့် မဲပေးခွင့်- အပိုဒ် ၂၅၊ ICCPR။
၅။ အသုံးပြုသူ၏ တင်ပြချက်များ
အကြောင်းအရာကို တိုင်ကြားခဲ့သည့် အသုံးပြုသူက ဘုတ်အဖွဲ့ထံ ၎င်း၏ အယူခံဝင်စာထဲတွင် သူသည် "ဤဗီဒီယိုနှင့် အခြားမရေမတွက်နိုင်သော ဗီဒီယိုများကို Facebook သို့ တိုင်ကြားခဲ့ပြီးဖြစ်ကာ ယင်းတို့သည် လူမှုစံနှုန်းများကို မချိုးဖောက်ပါဟူ၍ အဖြေသည် အမြဲအတူတူဖြစ်သည်" ဟု ဆိုထားသည်။ အသုံးပြုသူသည် “ရွေးကောက်ပွဲများ၏ ရလဒ်ကို လက်မခံနိုင်သော” ဘရာဇီးရှိ ပြည်သူများ၏ လှုပ်ရှားမှုတွင် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်နိုင်သည့် အကြောင်းအရာ၏ အလားအလာရှိမှုကို ထပ်မံ၍ဆက်စပ်ဖော်ပြခဲ့သည်။
၆။ Meta ၏ တင်ပြချက်များ
ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့သည့်အခါ ကုမ္ပဏီက အကြောင်းအရာကို ဆက်လက်ထားရှိခွင့်ပြုရန် ၎င်း၏ မူလဆုံးဖြတ်ချက်သည် မှားယွင်းခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ Meta သည် ဤအမှုတွင် အကြောင်းအရာ ဖယ်ရှားခြင်းကို လျော်ကန်စေရန် သမ္မတရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲအတွင်းနှင့် ရွေးကောက်ပွဲပြီးနောက်တွင် ဘရာဇီး၏ လူမှုရေးနှင့် နိုင်ငံရေးအခြေအနေဆိုင်ရာ ကျယ်ပြန့်သော ဆန်းစစ်လေ့လာချက်ကို ဘုတ်အဖွဲ့အား ပံ့ပိုးပေးခဲ့သည် – သို့သော်ငြားလည်း အချိန်နှောင်းခဲ့သည်။ ၎င်းသည် နောက်ပိုင်းတွင် ထပ်တလဲလဲ စည်းကမ်းထိန်းသိမ်းမှု အမှားကို "ဖြစ်ပေါ်စေခဲ့နိုင်"ခြေရှိသော အချက်များကို ဘုတ်အဖွဲ့အား ပံ့ပိုးပေးခဲ့သည်။
"စာတန်းနှင့် ဗီဒီယိုရှိ အန္တရာယ်များသောနေရာများကို 'ဝန်းရံတပ်ချခြင်း' အား ရည်ညွှန်းချက်များစွာသည် [ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု] မူဝါဒအောက်တွင် 'အတင်းအဓမ္မ ဝင်ရောက်မှု' အဆင့်သို့ သီးခြားမြင့်တက်မသွားစေပါ" ဟု Meta က ၎င်း၏အမြင်ကို ဆိုခဲ့သည်။ သို့သော် "‘ဘရာဇီးလီးယားကို လာကြ။ အားနဲ့ဝင်သိမ်းကြမယ်။ three powers မှာ ဝန်းရံတပ်ချကြမယ်’ ဟူ၍ လူများအား လှုံ့ဆော်ခြင်းကို မီးလောင်နေသော Three Powers Plaza နောက်ခံပုံနှင့် ပေါင်းစပ်မှုသည် ဤထင်ရှားသောနေရာများသို့ အတင်းအဓမ္မ ဝင်ရောက်ရန် ရည်ရွယ်ချက်ကို ရှင်းလင်းစေသည်။"
Meta ၏ အဆိုအရ ၎င်း၏ ပလက်ဖောင်းများသည် "အထူးသဖြင့် ရွေးကောက်ပွဲများနှင့်ပတ်သက်လျှင် နိုင်ငံရေး ထုတ်ဖော်ပြောကြားမှုအတွက် အရေးကြီးသောနေရာများ" ဖြစ်ကြောင်း ၎င်းက အသိအမှတ်ပြုခဲ့သော်လည်း အကြောင်းအရာသည် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်အတွက် အရည်အချင်း မပြည့်မီခဲ့ပါ။ ဤအမှုတွင် ၎င်း၏ "အကြမ်းဖက်မှုကို အတိအလင်း လှုံ့ဆော်မှု" နှင့် "ဘရာဇီး သမ္မတရွေးကောက်ပွဲနှင့် Lula ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အရှိန်မြင့်တက်လာသော ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှု အန္တရာယ်" ကို ထည့်သွင်းစဉ်းစားလျှင် အကြောင်းအရာ၏ အများပြည်သူ အကျိုးစီးပွားတန်ဖိုးသည် အန္တရာယ်ဖြစ်နိုင်ခြေထက် အလေးမသာခဲ့ပါ။ အကြမ်းဖက်မှု လှုံ့ဆော်ခြင်းကို ရှုတ်ချရန် သို့မဟုတ် အသိပညာပေးရန် အကြောင်းအရာကို မျှဝေခဲ့သည့် အရိပ်အယောင်တစ်ခုကိုမျှ Meta က မတွေ့ခဲ့ပါ။ အကြောင်းအရာကို ဖယ်ရှားရန် ၎င်း၏ မူရင်းဆုံးဖြတ်ချက်သည် ၎င်း၏ စံတန်ဖိုးများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် တစ်သမတ်တည်းဖြစ်ကြောင်း ကုမ္ပဏီက ခံယူထားသည်။
ရွေးကောက်ပွဲများနှင့် အခြားအရေးအခင်းကာလ အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် Meta သည် မတူညီသောအဖွဲ့များက လုပ်ဆောင်ပြီး တစ်ပြိုင်နက်ဖြစ်စေ၊ သီးခြားစီဖြစ်စေ ကျင့်သုံးနိုင်သည့် အန္တရာယ်အကဲဖြတ်မှုနှင့် လျော့ပါးရေး ဆောင်ရွက်ချက်များစွာကို ပြုလုပ်ထားသည်။ တစ်ခုစီတွင် သက်ဆိုင်ရာ အန္တရာယ်အကဲဖြတ်မှုပေါ်မူတည်၍ မတူညီသော ပြင်းထန်မှု "သတ်မှတ်အဆင့်များ" သို့မဟုတ် "အဆင့်များ" ရှိသည်-
- Meta အတွင်းရှိ ထုတ်ကုန်အဖွဲ့က လုပ်ဆောင်သည့် သမာသမတ်ရှိမှု နိုင်ငံအလိုက် ဦးစားပေးသတ်မှတ်ခြင်း မူဝါဒ (အန္တရာယ်ရှိမှုအလိုက် အဆင့်သတ်မှတ်ခြင်း စနစ်ဟုလည်း သိထားသည်) သည် ထုတ်ကုန်ရင်းမြစ် ရင်းနှီးမြှုပ်နှံမှုများအား ရေရှည်ဦးစားပေးသတ်မှတ်ခြင်းအတွက် မူဘောင်တစ်ရပ်ကို ပံ့ပိုးသည်။ Meta က ဤလုပ်ငန်းစဉ်ကို ရေတိုအကျပ်အတည်းများအား တုံ့ပြန်ခြင်းမရှိဟု ဖော်ပြထားသော်လည်း ၎င်းသည် ပေါ်ပေါက်လာသော အန္တရာယ်များ/ခြိမ်းခြောက်မှုများအတွက် တစ်နှစ်လျှင် နှစ်ကြိမ် နိုင်ငံအားလုံးကို အကဲဖြတ်သည်။
- ထုတ်ကုန်သမာသမတ်ရှိမှု လုပ်ငန်းဌာန (IPOCs) သည် "ဖြစ်နိုင်ခြေရှိသော ပြဿနာများနှင့် အလားအလာများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်" ရန် ကုမ္ပဏီအနှံ့မှ အကြောင်းအရာကျွမ်းကျင်သူများ ပါဝင်သော နယ်ပယ်ပေါင်းစုံ အဖွဲ့တစ်ဖွဲ့ကို စုစည်းထားသည်။ ကြီးမားသော ကိစ္စရပ်များကို အမြန်စိစစ်သုံးသပ်ရန်၊ အန္တရာယ်များကို ခွဲခြားဖော်ထုတ်ရန်နှင့် အရေးအခင်းကာလ အခြေအနေ သိုမဟုတ် အန္တရာယ်များသော အခြေအနေတွင် ၎င်းတို့ကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်အား ဆုံးဖြတ်ရန် IPOCs ကို ဖွဲ့စည်းထားသည်။ ရွေးကောက်ပွဲများအပေါ် အထူးသဖြင့်အလေးပေးသည့်အခါ IPOCs ကို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဌာနများဟု ခေါ်သည်။
- ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဌာနများ သည် "လူများကို မဲပေးခြင်းမှ တားဆီးရန် ကြိုးပမ်းမှုများ၊ အမှိုက်စာ တိုးလာခြင်း၊ အလားအလာရှိသော နိုင်ငံရပ်ခြားမှ စွက်ဖက်မှု သို့မဟုတ် [Meta ၏] မူဝါဒများကို ချိုးဖောက်သည့် အကြောင်းအရာကို တိုင်ကြားခြင်းကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ အဓိကပြဿနာများအား အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ခြင်း" ကို စီမံလုပ်ဆောင်ပြီး "အခြားလူမှုကွန်ရက်များနှင့် သမာရိုးကျ မီဒီယာတို့တွင် သတင်းပေးပို့ချက်နှင့် ရွေးကောက်ပွဲနှင့်ဆက်စပ်သော လှုပ်ရှားဆောင်ရွက်မှုကို စောင့်ကြည့်သည်။" အဆိုပါဌာနများသည် Meta အား ဤခြိမ်းခြောက်မှုများအတွက် ကုမ္ပဏီ၏ တုံ့ပြန်ချိန်ကို "အရှိန်မြှင့်တင်ရန်" "စုပေါင်းအမြင်တစ်ခုကို ပေးပြီး အင်တာနက်တစ်ခွင် ပျံ့နှံ့သွားနိုင်သည့် အကြောင်းအရာအမျိုးအစားကို စောင့်ကြည့်စစ်ဆေးရာတွင် ကူညီပေးသည်။" ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဌာန ပြင်ဆင်ခြင်း၏ တစ်စိတ်တစ်ပိုင်းတွင် "အလားအလာရှိသော ခြိမ်းခြောက်မှုများ – ထိပါးနှောင့်ယှက်ခြင်းမှ မဲဆန္ဒရှင်များ မဲမပေးဖြစ်စေရန် ဖိနှိပ်ခြင်းအထိ – ကို တွန်းလှန်ရန်နှင့် ထိရောက်စွာတုံ့ပြန်ရန် စနစ်များနှင့် လုပ်ထုံးလုပ်နည်းများကို ကြိုတင်ရေးဆွဲထားရန် ကျယ်ပြန့်သော စိတ်မှန်းအနာဂတ်ဖြစ်နိုင်ခြေ-အစီအစဉ်ရေးဆွဲခြင်းပါဝင်သည်။
- နောက်ဆုံးအနေဖြင့် အရေးအခင်းကာလ မူဝါဒ လုပ်ထုံးလုပ်နည်း သည် ပေါ်ပေါက်လာသော အရေးအခင်းဖြစ်ရပ်တစ်ခုအတွက် အချိန်အကန့်အသတ်ရှိသော မူဝါဒအလိုက် တုံ့ပြန်မှုများကို ဖော်ဆောင်ရန် Meta က လက်ခံကျင့်သုံးသည့် မူဘောင်ဖြစ်သည်။ Meta သည် သမ္မတဟောင်း ထရမ့်အား ဆိုင်းငံ့ထားခြင်း အမှု မှ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အကြံပြုချက်ကို တုံ့ပြန်သောအားဖြင့် ဤလုပ်ထုံးလုပ်နည်းကို ဖန်တီးခဲ့သည်။ ဤလုပ်ထုံးလုပ်နည်းအောက်တွင် Meta သည် အန္တရာယ်များကို လျှော့ချရန် ကုမ္ပဏီက လက်ခံကျင့်သုံးသည့် ဆောင်ရွက်ချက်အစုစုအပေါ် အခြေခံ၍ အရေးအခင်းကာလ အမျိုးအစားသုံးရပ်ကို သတ်မှတ်ပြဋ္ဌာန်းသည်။ အမျိုးအစား ၁ အရေးအခင်းကာလသည် ဥပမာအားဖြင့် "အရှိန်မြင့်တက်လာသော ဥပဒေစိုးမိုးရေး သို့မဟုတ် စစ်ရေးလှုပ်ရှားမှုများ" သို့မဟုတ် "စီစဉ်ထားသည့် အန္တရာယ်များသော ရွေးကောက်ပွဲ သို့မဟုတ် ပေါက်ကွဲလုနီးပါးဖြစ်ရပ်" တစ်ခုကြောင့် အစပျိုးသည်။
၂၀၂၂ ခုနှစ် ဘရာဇီး အထွေထွေရွေးကောက်ပွဲအတွက် အကျုံးဝင်သော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဌာနသည် ရွေးကောက်ပွဲ၏ ပထမနှင့် ဒုတိယအကျော့များအတွင်း အပါအဝင် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း အချိန်အမျိုးမျိုးတွင် လည်ပတ်ဆောင်ရွက်ခဲ့သည်။ သို့သော် အကြောင်းအရာကို တင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဌာန (သို့မဟုတ် IPOC) မရှိခဲ့ပါ။ Meta သည် အကြောင်းအရာ၏ ဖြစ်နိုင်ခြေအန္တရာယ်များကို အကောင်းဆုံးလျှော့ချနည်းအား အကဲဖြတ်ရာတွင် ကုမ္ပဏီကို ကူညီရန် အရေးအခင်းကာလဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်းအောက်တွင် "ရွေးကောက်ပွဲအလွန် မငြိမ်သက်မှု" ကို အရေးအခင်းကာလ ဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
ဘရာဇီး ရွေးကောက်ပွဲများ မတိုင်မီ၊ ရွေးကောက်ပွဲများကျင်းပနေစဉ်နှင့် ရွေးကောက်ပွဲများအပြီးတွင် Meta ၏ ပလက်ဖောင်းများပေါ်ရှိ ဒစ်ဂျစ်တယ်အလားအလာများနှင့် စပ်လျဉ်း၍ ဘုတ်အဖွဲ့ထံမှ မေးခွန်းတစ်ခုကို တုံ့ပြန်သောအားဖြင့် ကုမ္ပဏီသည် ၎င်း၏ "ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်း လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဖွဲ့များစွာသည် ရွေးကောက်ပွဲနှင့်ဆက်စပ်သော အကြောင်းအရာ အလားအလာများကို ခွဲခြားဖော်ထုတ်ပြီး ၎င်းတို့ကို [၎င်းတို့၏] အန္တရာယ်လျှော့ချရေး နည်းဗျူဟာထဲသို့ ပေါင်းစပ်ခဲ့သည်" ဟု ဆိုခဲ့သည်။ ယင်းတို့တွင်- " အန္တရာယ်ရှိသော အကြောင်းအရာဖြင့် ကြော်ငြာကို အလွဲသုံးစားလုပ်နိုင်ခြေနှင့် ဆက်စပ်သော အန္တရာယ်များ... သို့မဟုတ် လူထုငြင်းခုံခြင်းကို ကြိုးကိုင်သည့် သို့မဟုတ် အကျင့်ပျက်စေသည့်နည်းလမ်းများဖြင့် စည်းရှုံးလှုံ့ဆော်မှုများ ဆောင်ရွက်ရန် ကြိုးပမ်းမှုများ ပါဝင်သည့် (၁) အကြမ်းဖက်ရန် လှုံ့ဆော်မှု သို့မဟုတ် ခြိမ်းခြောက်မှုများ ပျံ့နှံ့မှုနှင့် ဆက်စပ်သော အန္တရာယ်များ၊ (၂) သတင်းအချက်အလက်အမှားနှင့် (၃) လုပ်ငန်း သမာသမတ်ရှိမှု" တို့ ပါဝင်ခဲ့သည်။ "အခြားအချက်များအကြားမှ ရလဒ်များသည် ထုတ်ကုန်နှင့် မူဝါဒဆိုင်ရာ လျော့ပါးသက်သာရေး ဆောင်ရွက်ချက်များစွာကို အသိပေးတင်ပြရန် ကူညီခဲ့သည်" ဟု Meta က ဆိုခဲ့သည်။ သို့သော် Meta တွင် သီးခြားပြောဆိုချက်များ (ဥပမာ- ရွေးကောက်မှု မသမာမှု၊ ဘရာဇီးလီးယားသို့ သွားရန် သို့မဟုတ် ဖက်ဒရယ်အစိုးရအဆောက်အဦများကို အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ရန် လှုံ့ဆော်မှုများ၊ စစ်တပ်စွက်ဖက်ခြင်းအတွက် လှုံ့ဆော်မှုများ) နှင့်ပတ်သက်၍ "ပျံ့နှံ့မှု အချက်အလက်" မရှိပါ။ အဘယ်ကြောင့်ဆိုသော် ယေဘုယျအားဖြင့် ကုမ္ပဏီ၏ စည်းကမ်းထိန်းသိမ်းမှု စနစ်များအား "၎င်းတို့ချိုးဖောက်သည့် မူဝါဒများပေါ်အခြေခံ၍ စိစစ်ပြီး ခြေရာခံရန် ထည့်သွင်းထားသောကြောင့် ဖြစ်သည်။"
ဘုတ်အဖွဲ့သည် Meta အား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဌာန အလုပ်လုပ်ပုံနှင့်ပတ်သက်၍ နှုတ်ဖြင့်အကျဉ်းချုပ်ရှင်းလင်းချက်၏ နောက်ဆက်တွဲအဖြစ် ၅ ခုအပါအဝင် စာဖြင့် မေးခွန်း ၁၅ ခုကို မေးခဲ့သည်။ မေးခွန်းများသည် အောက်ပါတို့နှင့် ဆက်စပ်ခဲ့သည်- Meta ၏ ပလက်ဖောင်းများပေါ်တွင် ပူးပေါင်းကြံစည်ထားသည့် အပြုအမူကို ကိုင်တွယ်ဖြေရှင်းရန် ရရှိနိုင်သော မူဝါဒလမ်းခွဲများ၊ ၂၀၂၂ ဘရာဇီးရွေးကောက်ပွဲများ မတိုင်မီ ခွဲခြားဖော်ထုတ်ထားသော အန္တရာယ်များ၊ ဘရာဇီး ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဌာနနှင့် အရေးအခင်းကာလဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်းအကြား ဆက်စပ်မှု၊ တရားဝင်နိုင်ငံရေးစည်းရုံးမှုနှင့် အန္တရာယ်ရှိသော ပူးပေါင်းကြံစည်သည့် လုပ်ရပ်အကြား ခွဲခြားသည့်အခါ Meta က ကန့်သတ်ချက် သတ်မှတ်ပုံ၊ ရွေးကောက်ပွဲများ မတိုင်မီ၊ ရွေးကောက်ပွဲများအတွင်းနှင့် ရွေးကောက်ပွဲများပြီးနောက်တွင် Meta ၏ ပလက်ဖောင်းများပေါ်ရှိ ဒစ်ဂျစ်တယ် အလားအလာနှင့် အမှုအကြောင်းအရာကို စိစစ်သုံးသပ်ခဲ့သည့် အကြောင်းအရာ စိစစ်သူများ၏ ဘာသာစကားစွမ်းရည်များ။
Meta သည် မေးခွန်း ၁၃ ခုကို ဖြေကြားခဲ့သည်။ Meta သည် မေးခွန်းနှစ်ခုကို မဖြေကြားခဲ့ပါ။ ယင်းထဲမှ တစ်ခုသည် နိုင်ငံရေးကြော်ငြာနှင့် သတင်းအချက်အလက်အမှားအကြား ဆက်စပ်မှုနှင့် သက်ဆိုင်ပြီး အခြားတစ်ခုသည် ၂၀၂၂ ဘရာဇီးရွေးကောက်ပွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဌာနကို ထားရှိခဲ့စဉ်တွင် ဖယ်ရှားခဲ့သည့် စာမျက်နှာနှင့် အကောင့် အရေအတွက်နှင့် သက်ဆိုင်သည်။ ကုမ္ပဏီတွင် လူသိရှင်ကြား မျှဝေထားပြီးဖြစ်သော အကြောင်းအရာ ဖြုတ်ချမှု အရေအတွက်အပြင် ဘုတ်အဖွဲ့နှင့် အဆင်သင့်မျှဝေနိုင်သော ဘရာဇီး၏ ၂၀၂၂ ရွေးကောက်ပွဲအခြေအနေရှိ အကြောင်းအရာ စိစစ်ခြင်းဆိုင်ရာ ပို၍ယေဘုယျကျသော အချက်အလက် မရှိခဲ့ကြောင်းကိုလည်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ ကုမ္ပဏီသည် ရွေးကောက်ပွဲအခြေအနေတွင် အောင်မြင်မှုနှင့် စံအမှတ်များဆိုင်ရာ သတ်မှတ်မက်ထရစ်များပေါ်မူတည်၍ ၎င်း၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်းမရှိကြောင်း Meta က ထပ်မံရှင်းပြခဲ့သည်။ Meta သည် ဘုတ်အဖွဲ့၏ မေးခွန်းများကို တုံ့ပြန်သည့်အခါ ရင်းမြစ်များကို ဦးစားပေးရန် လိုအပ်ချက်ကို ဖော်ထုတ်ခဲ့ပြီး အမှုကို ဆုံးဖြတ်ရာတွင် သတ်မှတ်အချိန်အတွင်း တောင်းဆိုထားသော အချက်အလက်ကို ပံ့ပိုးပေးခြင်းသည် ဖြစ်နိုင်မည်မဟုတ်ကြောင်း ပြောခဲ့သည်။
၇။ အများမြင် မှတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ဤအမှုနှင့် စပ်လျဉ်း၍ အများမြင် မှတ်ချက် ၁၈ ခုကို လက်ခံရရှိခဲ့သည်။ ယင်းမှတ်ချက်များထဲမှ ဆယ့်တစ်ခုကို လက်တင်အမေရိကနှင့် ကာရေဘီယံမှ ပေးပို့ထားခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ သုံးခု၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ နှစ်ခု၊ အရှ့ပစိဖိတ်နှင့် သမုဒ္ဒရာပိုင်းမှ တစ်ခုနှင့် အာရှအလယ်ပိုင်းနှင့် တောင်ပိုင်းမှ တစ်ခု အသီးသီး ပေးပို့ခဲ့ကြသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဘုတ်အဖွဲ့သည် "အကြောင်းအရာ စိစစ်ခြင်းနှင့် နိုင်ငံရေးအကူးအပြောင်းများ" ခေါင်းစဉ်ဖြင့် ဘရာဇီးနှင့် လက်တင်အမေရိကမှ ကျွမ်းကျင်သူများနှင့် စကားဝိုင်းတစ်ခုကို စီစဉ်ခဲ့သည်။
ပေးပို့မှုများတွင် အောက်ပါအကြောင်းအရာများ ပါဝင်ခဲ့သည်- ရွေးကောက်ပွဲ မသမာမှုနှင့်ပတ်သက်၍ အန္တရာယ်ရှိသော ပြောဆိုချက်များကို စုဆောင်းခြင်းနှင့် ၂၀၂၂ ဘရာဇီး ရွေးကောက်ပွဲများမတိုင်မီ၊ ရွေးကောက်ပွဲများအတွင်းနှင့် ရွေးကောက်ပွဲများပြီးနောက်တွင် လူမှုကွန်ရက် ပလက်ဖောင်းများတွင် စစ်တပ်အာဏာသိမ်းရန် တောင်းဆိုမှုများ၊ ရွေးကောက်ပွဲနှင့်ပတ်သက်သော လုပ်ကြံသတင်းများ၊ Meta ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများ၊ ဒီမိုကရေစီ အာဏာအကူးအပြောင်း အခြေအနေတွင် အသုံးပြုသူများ၏ အခွင့်အရေးများကို ကာကွယ်ရန် Meta ၏ တာဝန်၊ ရွေးကောက်ပွဲအပေါ် ငြင်းဆိုခြင်းနှင့် နိုင်ငံရေး အကြမ်းဖက်မှုအကြား ဆက်စပ်မှုနှင့် ဒေသတွင်း နိုင်ငံရေးအခြေအနေကို အကြောင်းအရာစိစစ်သုံးသပ်သူများ အကျွမ်းဝင်ခြင်း၏ အရေးပါမှု။
ဤအမှုအတွက် ပေးပို့ထားသော အများမြင်မှတ်ချက်များကို ဖတ်ရှုရန် ကျေးဇူးပြု၍ ဤနေရာ ကို နှိပ်ပါ။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်
Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် စံတန်ဖိုးများကို ဆန်းစစ်လေ့လာခြင်းဖြင့် ဤအကြောင်းအရာအား ဖယ်ရှားသင့်၊ မသင့်ကို ဘုတ်အဖွဲ့က စစ်ဆေးခဲ့သည်။ ဤအမှုတွင် အထူးသဖြင့် အာဏာအကူးအပြောင်း အခြေအနေအတွင်း Meta က ၎င်း၏ ပလက်ဖောင်းများပေါ်၌ ငြိမ်းချမ်းစွာ စည်းရုံးရေးကို အကြမ်းဖက်လုပ်ရပ် လှုံ့ဆော်ခြင်း သို့မဟုတ် ပူးပေါင်းကြံစည်ခြင်းမှ ခွဲခြားပုံကို ဘုတ်အဖွဲ့အနေဖြင့် အကဲဖြတ်နိုင်သောကြောင့် ၎င်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲ အလွန်ကာလများသည် ရွေးကောက်ပွဲတစ်ခု၏ သမာသမတ်ရှိမှုကို ခုခံပြောဆိုရန်နှင့် တရားဝင်သော ရွေးကောက်ပွဲရလဒ်များကို လေးစားကြောင်း အာမခံရန် အရေးပါလှသော ကာလများဖြစ်သည်ဟူသောအချက်ကို ထည့်သွင်းစဉ်းစားလျှင် အဆိုပါအမှုတွင် ပို၍ယေဘုယျကျကျနှင့် ဘရာဇီးတွင် ပို၍တိကျစွာဖြင့် Meta ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးစားအားထုတ်မှုများကို ဘုတ်အဖွဲ့အနေဖြင့် စစ်ဆေးနိုင်စေသည်။ ထို့ကြောင့် Meta ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုယ်၌နှင့် ရွေးကောက်ပွဲ အလွန်ကာလ နှစ်ခုလုံးကို ခြုံငုံသင့်ပြီး ဒုတိယတစ်ခုသည် ကြိုးကိုင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်အမှားနှင့် အကြမ်းဖက်ခြိမ်းခြောက်မှုများအပေါ် ခုခံနိုင်စွမ်းအားနည်းသည်ကိုလည်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဤအမှုသည် ဘုတ်အဖွဲ့၏ “ရွေးကောက်ပွဲများနှင့် ပြည်သူများ လွတ်လပ်စွာစုဝေးရာ နေရာ” ဆိုင်ရာ မဟာဗျူဟာမြောက် ဦးစားပေးမှုထဲတွင် အကျုံးဝင်သည်။
၈.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း
၁။ အကြောင်းအရာ စည်းမျဉ်းများ
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု
ဤအမှုရှိ အကြောင်းအရာသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်း၏ အချို့သော အန္တရာယ်များသည့်နေရာများသို့ အတင်းအဓမ္မ ဝင်ရောက်ရန် လှုံ့ဆော်သော အကြောင်းအရာအား တားမြစ်ခြင်းကို ချိုးဖောက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ Meta ၏ စံတန်ဖိုးဖြစ်သည့် "သဘောထားထုတ်ဖော်ခွင့်" သည် ရွေးကောက်ပွဲ အလွန်ကာလအပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အထူးသဖြင့် သက်ဆိုင်သော်လည်း Meta ၏ စံတန်ဖိုးဖြစ်သည့် "အန္တရာယ်ကင်းရှင်းရေး" ကို မြှင့်တင်ရန် အကြောင်းအရာကို ဖယ်ရှားခြင်းသည် ဤအမှုတွင် လိုအပ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
အန္တရာယ်များသောနေရာများသို့ အတင်းအဓမ္မဝင်ရောက်ရန် လှုံ့ဆော်မှုများကို ဆန့်ကျင်သည့် မူဝါဒသဘောတရားကို ချိုးဖောက်ရာရောက်ရန် "အန္တရာယ်များသော" သတ်မှတ်ချက်နှစ်ခု လိုအပ်သည်။ ပထမတစ်ချက်မှာ တည်နေရာကို "အန္တရာယ်များသည်" ဟု ယူဆထားရမည်ဖြစ်ပြီး ဒုတိယအချက်မှာ ၎င်းသည် ယာယီ အန္တရာယ်များသောနေရာ တစ်ခုအဖြစ် သီးခြားသတ်မှတ်ထားသည့် ဒေသ သို့မဟုတ် အနီးဝန်းကျင်တစ်ခုတွင် တည်ရှိရမည်။ အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက် Meta ၏ သီးခြားညွှန်ကြားချက်များသည် "လုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်း၊ ရည်ရွယ်ချက်ကို ဖော်ပြမှုများ၊ ထောက်ခံပြောဆိုမှုများနှင့် ယာယီ အန္တရာယ်များသော တည်နေရာတစ်ခုအတွင်းရှိ အန္တရာယ်များသောနေရာများသို့ အတင်းအဓမ္မဝင်ရောက်ရန် မျှော်မှန်းချက်ကို ဖော်ပြမှုများကို [ဖ]ယ်ရှားရန်" ဖြစ်သည်။
Meta သည် "အန္တရာယ်များသောနေရာ" ကို "အကြမ်းဖက်မှုပစ်မှတ် ဖြစ်နိုင်ခြေကြောင့် အန္တရာယ်များသည်ဟု ယူဆရသည့် အမြဲတမ်း သို့မဟုတ် ယာယီတည်နေရာ" တစ်ခုအဖြစ် သတ်မှတ်သည်။ အမြဲတမ်း အန္တရာယ်များသောနေရာများတွင် "အန္တရာယ်ကြုံရနိုင်ခြေများသော လူပုဂ္ဂိုလ်များ သို့မဟုတ် ၎င်းတို့မိသားစုများ၏ အလုပ်ခွင်များ သို့မဟုတ် နေထိုင်ရာနေရာများ (ဥပမာ- သတင်းအဖွဲ့အစည်းတစ်ခုအတွက် ဌာနချုပ်များ၊ ဆေးကုသမှုစင်တာများ၊ ဓာတ်ခွဲခန်းများ၊ ရဲဌာနများ၊ အစိုးရရုံးများစသဖြင့်)၊ ပြည်တွင်း၊ ဒေသဆိုင်ရာနှင့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများအတွင်း မဲဆန္ဒရှင် စာရင်းသွင်းစင်တာ၊ မဲရုံတည်နေရာ၊ မဲရေတွက်သည့်နေရာအဖြစ် အသုံးပြုသော အဆောက်အအုံများ (ဥပမာ- ဒေသတွင်း စာကြည့်တိုက်၊ အစိုးရအဆောက်အဦ၊ ရပ်ရွာ သို့မဟုတ် ရပ်ရွာစင်တာစသဖြင့်) သို့မဟုတ် ရွေးကောက်ပွဲ စီမံခန့်ခွဲရာတွင် အသုံးပြုသည့် နေရာ" တို့ ပါဝင်သည်။ Meta ၏ အဆိုအရ ဘရာဇီး အမျိုးသားလွှတ်တော်၊ တရားရုံးချုပ်နှင့် သမ္မတရုံးအားလုံးသည် အန္တရာယ်ကြံရနိုင်ခြေများသော လူပုဂ္ဂိုလ်များ သို့မဟုတ် ၎င်းတို့မိသားစုများ၏ အလုပ်ခွင်များ သို့မဟုတ် နေထိုင်ရာနေရာများ ဖြစ်ခြင်းကြောင့် အမြဲတမ်း "အန္တရာယ်များသောတည်နေရာများ" ဖြစ်သည်။
ပိုမိုကျယ်ပြန့်သော ဧရိယာ သို့မဟုတ် အနီးဝန်းကျင်အတွက် နောက်ထပ် "ယာယီအန္တရာယ်များသောနေရာ" သတ်မှတ်ချက်တွင် "အချိန်ကန့်သတ်ထားသော ကာလတစ်ခုကြာ [Meta] က ယာယီသတ်မှတ်ထားသည့် တည်နေရာ" မှန်သမျှ ပါဝင်သည်။ နေရာတစ်ခုကို အချက်များစွာပေါ်အခြေခံ၍ ယာယီအန္တရာယ်များသောနေရာတစ်ခုအဖြစ် သတ်မှတ်သည်။ ယင်းအချက်များတွင်- "လွန်ခဲ့သော ၇ ရက်အတွင်း ထိုနေရာရှိ ဆန္ဒပြပွဲတစ်ခုတွင် ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်းရှိ၊ မရှိ၊" "ထိုနေရာတွင် လူထုမငြိမ်သက်မှု သို့မဟုတ် အငြင်းပွားဖွယ် တရားရုံးဆုံးဖြတ်ချက်နှင့် ဆက်စပ်သည့် အကြမ်းဖက်မှုဖြစ်နိုင်ခြေ ပိုများလာကြောင်း အထောက်အထား၊" "ထိုနေရာတွင် ဖြစ်အံ့ဆဲဆဲအကြမ်းဖက်မှု ပေါ်ပေါက်နိုင်ဖွယ်ရှိကြောင်း တရားဥပဒေစိုးမိုးရေး၊ ကုမ္ပဏီတွင်း လုံခြုံရေးအစီရင်ခံစာများ သို့မဟုတ် ယုံကြည်ရသောပါတနာထံမှ အကဲဖြတ်ချက်"၊ "ထိုနေရာတွင် စီစဉ်ထားသော သို့မဟုတ် တက်ကြွသော ဆန္ဒပြမှု သို့မဟုတ် စီစဉ်သူက လက်နက်ကြီးများကို အသုံးပြုရန် သို့မဟုတ် ဆန္ဒပြသည့်နေရာသို့ ယူဆောင်လာရန် လှုံ့ဆော်သည့် နေရာရှိ စီစဉ်ထားသော သို့မဟုတ် တက်ကြွသော ဆန္ဒပြမှု၏ အထောက်အထား" နှင့် "အန္တရာယ်ကင်းရှင်းရေး စိုးရိမ်မှုများက မိမိကိုယ်ကို ကာကွယ်ခြင်းနှင့် မိမိတို့ဘာသာ ရွေးကောက်တင်မြှောက်ပိုင်ခွင့်ဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုအပေါ် အလားအလာရှိသော သက်ရောက်မှုထက် ပိုမိုအလေးသာကြောင်း ကုမ္ပဏီတွင်းအဖွဲ့များ၏ အကဲဖြတ်ချက်" တို့ ပါဝင်သည်။ ယာယီအန္တရာယ်များသော နေရာတစ်ခုကို သတ်မှတ်ပြီးသည်နှင့် အဆိုပါသတ်မှတ်ချက်ကို Meta ၏ ကုမ္ပဏီတွင်းအဖွဲ့များနှင့် မျှဝေသည်။ ယင်းကဲ့သို့ သတ်မှတ်ချက်များကို အချိန်ကန့်သတ်ထားသော်လည်း ကုမ္ပဏီသည် ရံဖန်ရံခါ သက်တမ်းတိုးပေးသည်။ Meta ၏ အဆိုအရ ယာယီအန္တရာယ်များသောနေရာ သတ်မှတ်ချက်သည် "အသုံးပြုသူများက [၎င်းကို] မတိုင်ကြားမီ" အကြောင်းအရာကို ကြိုတင်လက်ဦးမှုယူ၍ စိစစ်သုံးသပ်နိုင်စေသည်။
၂၀၂၂ ရွေးကောက်ပွဲများအတွက် Meta သည် ဘရာဇီးတစ်နိုင်ငံလုံးကို ယာယီအန္တရာယ်များသောနေရာအဖြစ် သတ်မှတ်ခဲ့သည်။ ဆက်လက်ဖြစ်ပွားနေသော လူထုနှင့် ရွေးကောက်ပွဲဆိုင်ရာ မငြိမ်သက်မှုနှင့်ဆက်စပ်သည့် အကြမ်းဖက်မှုအန္တရာယ် မြင့်တက်လာကြောင်း Meta ၏ အကဲဖြတ်ချက်ပေါ်အခြေခံ၍ သတ်မှတ်ချက်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် ကနဦးသတ်မှတ်ခဲ့သည်။ ၂၀၂၂ အောက်တိုဘာ ရွေးကောက်ပွဲနှင့် ၎င်း၏ နောက်ဆက်တွဲကို အကျုံးဝင်စေရန် သတ်မှတ်ချက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်အထိ သက်တမ်းတိုးခဲ့သည်။ အမှုအကြောင်းအရာကို တင်ခဲ့သည့်အချိန်တွင် သတ်မှတ်ချက် ရှိခဲ့သည်။
Meta ၏ အဆိုအရ ဆန်းစစ်လေ့လာနေသည့်ပို့စ်အတွက် အဓိကဖြစ်သည့် အကြောင်းအရာတစ်ခုက မူဝါဒကို ချိုးဖောက်ရာရောက်ရန်အတွက် သတ်မှတ်ချက်နှစ်ခုလုံး ရှိရမည်။ Meta ၏ အဆိုအရ အဆိုပါသတ်မှတ်ချက်နှစ်ရပ်သည် ဆန္ဒပြရန် လှုံ့ဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် မဖိနှိပ်ကြောင်းနှင့် အကြမ်းဖက်မှုဖြစ်စေနိုင်သည့် အကြောင်းအရာကိုသာ ဖယ်ရှားမည်ဖြစ်ကြောင်း သေချာစေသည်။
အထက်ဖော်ပြပါတို့ကို ထည့်သွင်းစဉ်းစားပါက အကြောင်းအရာသည် "ယာယီအန္တရာယ်များသောနေရာ" ဘရာဇီးတွင် တည်ရှိသော "အန္တရာယ်များသောနေရာများ" ဖြစ်သည့် ဘရာဇီးလီးယားရှိ Three Powers Plaza အတွင်းမှ အစိုးရအဆောက်အဦများသို့ အတင်းအဓမ္မဝင်ရောက်ရန် ရှင်းလင်းပြတ်သားသော လှုံ့ဆော်မှုတစ်ခု ဖြစ်ခဲ့သောကြောင့် နိုင်ငံရေးအကြမ်းဖက်မှု အန္တရာယ် အရှိန်မြင့်တက်နေချိန်အတွင်း ဤအကြောင်းအရာကို ဆက်လက်ထားရှိခွင့်ပြုရန် Meta ၏ ကနဦးဆုံးဖြတ်ချက်များသည် ၎င်း၏ကိုယ်ပိုင်စည်းမျဉ်းများမှ ရှင်းလင်းစွာ ကွဲထွက်နေကြောင်း ဘုတ်အဖွဲ့က သတိပြုမိသည်။
၂။ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်
Meta ၏ အဆိုအရ လိုအပ်သော ဘာသာဗေဒနှင့် ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်မှုရှိခဲ့သော လူကိုယ်တိုင် စိစစ်သူခုနစ်ဦးက အကြောင်းအရာကို စိစစ်သုံးသပ်ခဲ့သည်။ Meta သည် အတိုင်းအတာဖြင့် စိစစ်သုံးသပ်သူများအား ဆုံးဖြတ်ချက်များချခြင်းအတွက် ၎င်းတို့၏ အကြောင်းရင်းများကို မှတ်တမ်းတင်ထားရန် မညွှန်ကြားပါ။ ဘုတ်အဖွဲ့က ဤအမှုကို ရွေးချယ်ခဲ့သည့်အခါ Meta ၏ ကုမ္ပဏီတွင်းအဖွဲ့များသည် ဖြစ်နိုင်သောအချက်သုံးချက်က ထပ်တလဲလဲ စည်းကမ်းထိန်းသိမ်းမှု အမှားကို "ဖြစ်ပေါ်စေခဲ့နိုင်"ကြောင်း ကောက်ချက်ချခဲ့သည့် ဆန်းစစ်လေ့လာချက်တစ်ခုကို ဆောင်ရွက်ခဲ့သည်- (၁) ပုဒ်ဖြတ်ပုဒ်ရပ်မရှိသောကြောင့် စိစစ်သုံးသပ်သူများသည် အသုံးပြုသူ၏ ရည်ရွယ်ချက် (လုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်း) ကို နားလည်မှုလွဲခဲ့ကာ ဖြစ်ရပ်နှင့်ပတ်သက်ပြီး ကြားနေမှတ်ချက်တစ်ခုအဖြစ် အကြောင်းအရာကို အဓိပ္ပာယ်ကောက်လွဲခဲ့ခြင်း ဖြစ်နိုင်သည် သို့မဟုတ် (၂) စိစစ်သုံးသပ်သူများသည် ရင်းမြစ်အမျိုးမျိုးမှ အန္တရာယ်များသောဖြစ်ရပ်များနှင့် ဆက်စပ်သည့် အကြောင်းအရာကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်သော အပ်ဒိတ်များစွာကြောင့် မှန်ကန်သောလမ်းညွှန်ချက်များ ရှိစေကာမူ မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့သည် သို့မဟုတ် (၃) စိစစ်သုံးသပ်သူများသည် ဗီဒီယိုထဲတွင် ချိုးဖောက်မှုကို မတွေ့ခဲ့ခြင်းဖြစ်နိုင်သည်။
အကြောင်းအရာတွင် ပါရှိခဲ့သည့် Meta ၏ မူဝါဒများအား ချိုးဖောက်နိုင်ခြေ အလားအလာသည် ရှင်းလင်းခဲ့သဖြင့် စိစစ်သူများသည် ထိုအကြောင်းအရာကို ဂရုတစိုက် စိစစ်သုံးသပ်ခြင်းဖြစ်စေ၊ ဗီဒီယိုကို အပြည့်အစုံ ကြည့်ရှုခြင်းဖြစ်စေ မလုပ်ခဲ့ကြောင်း အချက် ၁ နှင့် ၃ က ညွှန်ပြသည်။ သို့သော် Meta သည် အကြောင်းအရာအား ထပ်မံဆန်းစစ်လေ့လာရန် အကြောင်းအရာနှင့် မူဝါဒ ကျွမ်းကျင်သူများထံသို့ အရှိန်မြှင့်ဆောင်ရွက်ခြင်းမပြုရသည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ မည်သည့်ရှင်းလင်းဖော်ပြချက်ကိုမျှ မပေးပါ။ အကြောင်းအရာကို တင်ပြီး တိုင်ကြားခဲ့သည့်အချိန်တွင် ယင်းအကြောင်းအရာသည် သတ်မှတ်ချက်ရှိသည့်အခါမှသာ အသက်ဝင်သည့် မူဝါဒသဘောတရားနှင့်သက်ဆိုင်သည့် "ယာယီအန္တရာယ်များသောနေရာ" တစ်ခုအဖြစ် သတ်မှတ်ခံရသော နိုင်ငံတစ်ခုမှ ဖြစ်ခဲ့သော်လည်း ၎င်းကို မရှိန်မမြှင့်တင်ခဲ့ပါ။ ဘရာဇီးရှိ အွန်လိုင်းနှင့် ပြင်ပကမ္ဘာ၏ အလုံးစုံအခြေအနေမှာ ထိုသို့ဖြစ်စေကာမူ အကြောင်းအရာကို အရှိန်မမြှင့်တင်ခဲ့ပါ (ကဏ္ဍ ၂ ကို ကြည့်ပါ)။
အကြောင်းအရာ စိစစ်သုံးသပ်သူများသည် ဗီဒီယိုများကို အမြဲတမ်း စဆုံးမကြည့်နိုင်ကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးထားပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သီးခြားမူဝါဒလမ်းခွဲများကို စတင်ဆောင်ရွက်စေခဲ့သည့် အကြမ်းဖက်မှုအန္တရာယ် မြင့်တက်နေသော အခြေအနေများတွင် အကြောင်းအရာ စိစစ်သုံးသပ်သူများအနေဖြင့် ဗီဒီယိုများကို စဆုံးကြည့်ရှုရန် ဦးစားပေး၍ ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာကို အရှိန်မြှင့်တင်ပြရန် ဘုတ်အဖွဲ့က မျှော်လင့်သည်။
အချက် ၂ နှင့်စပ်လျဉ်း၍ Meta က ၎င်းသည် အတိုင်းအတာဖြင့် စိစစ်သုံးသပ်သူများအား ယာယီအန္တရာယ်များသောနေရာ သတ်မှတ်ချက်များကို အသိပေးကြောင်း ဆိုထားသော်လည်း ကုမ္ပဏီသည် ဤတစ်ခုနှင့် အခြား ရွေးကောက်ပွဲဆိုင်ရာ အန္တရာယ်လျော့ပါးစေရေး ဆောင်ရွက်ချက်များနှင့် အကျွမ်းတဝင်ဖြစ်အောင် လေ့လာရာတွင် ဖြစ်နိုင်ခြေရှိသော အားနည်းချက်များကို အသိအမှတ်ပြုသည်။ ဤအချက်အလက်မျိုးနှင့် အကျွမ်းတဝင်ဖြစ်အောင် လေ့လာခြင်းဖြင့် အကြောင်းအရာ စိစစ်သုံးသပ်သူများသည် ဤအမှုရှိ ဗီဒီယိုကဲ့သို့ ပြဿနာရှိသော အကြောင်းအရာကို ရှာဖွေခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် အရှိန်မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ ထိုအချိန်တွင် ဘရာဇီး၌ မတူညီသော အကဲဖြတ်မှုနှင့် လျော့ပါးစေရေး ဆောင်ရွက်ချက်များရှိခဲ့သည်ဟူသောအချက်က ကုမ္ပဏီ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများကို ပိုမိုထိရောက်စေရန် ၎င်းတို့ကို ပို၍ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုရန်နှင့် ပိုမိုရှင်းလင်းသော ညွှန်ကြားချက်ကွင်းဆက်တစ်ခု ရှိရန် လိုအပ်နိုင်ခြေရှိကြောင်း ညွှန်ပြသည်။
Meta ၏ နောက်ဆုံးဆုံးဖြတ်ချက်မှာ အကြောင်းအရာကို ဖြုတ်ချရန် ဖြစ်သော်ငြားလည်း အကြောင်းအရာကို တင်ခဲ့သည့်အချိန်က ဘရာဇီးရှိ လူထုမငြိမ်သက်မှုနှင့် ဇန်နဝါရီ ၈ ရက် အဓိကရုဏ်းများမတိုင်မီ သီတင်းပတ်များနှင့် လများတွင် အလားတူအကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့ပွားလာမှု ရှိစေကာမူ Meta ၏ အကြောင်းအရာ စိစစ်သူများသည် ဤအကြောင်းအရာကို ချိုးဖောက်ထားခြင်းမရှိဟု ထပ်ခါတလဲလဲ အကဲဖြတ်ခဲ့ပြီး နောက်ထပ်စိစစ်သုံးသပ်မှုအတွက် ၎င်းကို အရှိန်မြှင့်တင်ရန် ပျက်ကွက်ခဲ့သည်ကို ဘုတ်အဖွဲ့က အထူးစိုးရိမ်ပူပန်လျက်ရှိသည်။ ဘုတ်အဖွဲ့က Meta အား ဘရာဇီးရွေးကောက်ပွဲများ မတိုင်မီ၊ ရွေးကောက်ပွဲများအတွင်းနှင့် ရွေးကောက်ပွဲများပြီးနောက်တွင် ၎င်း၏ ပလက်ဖောင်းပေါ်ရှိ သီးခြား ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုချက်များနှင့်ပတ်သက်သော အချက်အလက်များကို တောင်းဆိုခဲ့သော်လည်း ၎င်းတွင် ပျံ့နှံ့မှုနှင့်ပတ်သက်၍ အချက်အလက်မရှိကြောင်း ကုမ္ပဏီက ရှင်းပြခဲ့သည့်အချက်က ဤစိုးရိမ်မှုများကို ပိုဆိုးစေသည် (အပိုင်း ၆ ကို ကြည့်ပါ)။ နောက်ဆုံးတွင် ဤအမှုရှိအကြောင်းအရာအား နှစ်ပတ်ကျော်ကြာပြီးနောက် ဖယ်ရှားခဲ့သည်။ ယင်းသည် ၎င်းခေါ်ဆိုခဲ့သည့် အကြမ်းဖက် ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး ဘုတ်အဖွဲ့က အမှုကို Meta သတိပြုမိအောင် တင်ပြပြီးနောက်မှသာ ဖြစ်သည်။
Meta သည် ပထမဦးစွာ အကြောင်းအရာကို မတင်မီ၊ တင်နေစဉ်နှင့် တင်ပြီးနောက်တွင် အန္တရာယ်အကဲဖြတ်မှု ဆောင်ရွက်ချက်အမျိုးမျိုးကို ပြုလုပ်ခြင်းဖြင့်သာမက ကုမ္ပဏီက နောက်ဆုံးတွင် အကြောင်းအရာကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည့်အခါ ဘုတ်အဖွဲ့ထံသို့ တိုက်ရိုက်လုပ်ဆောင်ခြင်းဖြင့်လည်း ဘရာဇီးတွင် အကြမ်းဖက်မှုအန္တရာယ် မြင့်တက်လာကြောင်း အသိအမှတ်ပြုခဲ့သည်။ သို့တိုင် ကုမ္ပဏီ၏ စိစစ်သုံးသပ်သူများသည် ၎င်း၏ လူမှုစံနှုန်းများ၊ အထူးသဖြင့် ယာယီအန္တရာယ်များသောနေရာ သတ်မှတ်ချက်တစ်ခုက အစပျိုးခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်း၏ မူဝါဒသဘောတရားသီးသန့်ကို လုံလုံလောက်လောက် ပြဋ္ဌာန်းရန် ထပ်တလဲလဲ ပျက်ကွက်ခဲ့သည်။ ချိုးဖောက်နိုင်ခြေသည် ရှင်းလင်းသော်ငြားလည်း ဘုတ်အဖွဲ့က မရွေးချယ်မီ အကြောင်းအရာကို အရှိန်မမြှင့်တင်ခဲ့ဘဲ Facebook တွင် ပျံ့နှံ့နေသော အလားတူအကြောင်းအရာရှိခဲ့သည့် (အပိုင်း ၂ နှင့် ၈.၂ ကို ကြည့်ပါ) အချက်က အရှိန်မြှင့်တင်ရေးချန်နယ်များသည် လုံလောက်စွာ ရှင်းလင်းမှုနှင့် ထိရောက်မှုမရှိနိုင်ကြောင်း ညွှန်ပြရာရောက်သည် (Knin ကာတွန်းအမှုကို ကြည့်ပါ)။ ၎င်းသည် Meta အနေဖြင့် ရွေးကောက်ပွဲများနှင့်ပတ်သက်ပြီး ၎င်း၏ အကာအကွယ်များကို မြှင့်တင်ရန် လိုအပ်ချက်ကိုလည်း ထင်ရှားစေသည်။ ယခင်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က မှတ်ချက်ပြုထားသည့်အတိုင်း အတိုင်းအတာဖြင့် စိစစ်သုံးသပ်သူများတွင် လုံလောက်သော ဘာသာဗေဒနှင့် အကြောင်းအရာဆိုင်ရာ ဗဟုသုတရှိပြီး ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာကို အရှိန်မြှင့်တင်ပြရန် လိုအပ်သော ကိရိယာများနှင့် ချန်နယ်များ အပြည့်အစုံရှိရန်မှာ မရှိမဖြစ်အရေးကြီးသည်။
၃။ ပွင့်လင်းမြင်သာမှု
Meta သည် ၂၀၂၂ ဘရာဇီးရွေးကောက်ပွဲများ၏ သမာသမတ်ရှိမှုကို ကာကွယ်ရန် အရေးကြီးသော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့သည်ကို ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ မဲဆွယ်စည်းရုံးရေး ကာလ တရားဝင်စတင်ခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် Meta သည် ထိုနိုင်ငံတွင် ၎င်း၏ ရွေးကောက်ပွဲနှင့်ဆက်စပ်သော ပဏာမခြေလှမ်းများကို လူသိရှင်ကြား ကြေညာခဲ့သည်။ ကုမ္ပဏီသည် "လူများအား ရွေးကောက်ပွဲ တရားမျှတမှု ဝက်ဘ်ဆိုက်ရှိ ယုံကြည်စိတ်ချရသော အချက်အလက်များသို့ လမ်းညွှန်သည့်" Facebook နှင့် Instagram ပေါ်ရှိ ရွေးကောက်ပွဲများနှင့်ပတ်သက်သော ပို့စ်များတွင် အညွှန်းစာသားတစ်ခု ထည့်သွင်းရန် ဘရာဇီး၏ အထက်တန်းရွေးကောက်ပွဲခုံရုံးနှင့်အတူ လုပ်ဆောင်ခဲ့သည်။ Meta ၏ အဆိုအရ ယင်းကြောင့် ဝက်ဘ်ဆိုက်သို့ ဝင်ကြည့်မှု "၁၀ ဆ" တိုးလာခဲ့သည်။ ပူးတွဲဆောင်ရွက်မှုကြောင့် အထက်တန်းရွေးကောက်ပွဲခုံရုံးသည် ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာကို Meta ထံ တိုက်ရိုက်တိုင်ကြားခြင်းလည်း လုပ်နိုင်ခဲ့သည်။ Meta သည် ကုမ္ပဏီ၏ လူမှုစံနှုန်းများနှင့် Facebook နှင့် Instagram ပေါ်ရှိ သတင်းအချက်အလက်အမှားအား ကိုင်တွယ်ဖြေရှင်းပုံကို ရှင်းပြရန် ဘရာဇီးနိုင်ငံတစ်ဝန်းတွင် ရွေးကောက်ပွဲအရာရှိများအတွက် သင်တန်းအချိန်များကို ဦးစီးပြုလုပ်ပေးခဲ့သည်။ Meta သည် "လာမည့်ရွေးကောက်ပွဲ၏ တရားဝင်မှုကို မေးခွန်းထုတ်သော" အခပေး ကြော်ငြာကိုလည်း တားမြစ်ခဲ့သည်။ ထို့အပြင် ကုမ္ပဏီသည် တစ်ကြိမ်လျှင် WhatsApp အဖွဲ့တစ်ခုသို့သာ မက်ဆေ့ထပ်ဆင့်ပို့နိုင်စေရန် WhatsApp ထပ်ဆင့်ပို့ ကန့်သတ်အရေအတွက်ကိုလည်း အကောင်အထည်ဖော်ခဲ့သည်။ နောက်ဆုံးတွင် Meta သည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု၊ အမုန်းစကား၊ အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းဆိုင်ရာ မူဝါဒများကဲ့သို့ အမျိုးမျိုးသော လူမှုစံနှုန်းများအရ ဖယ်ရှားခဲ့သော အကြောင်းအရာအစိတ်အပိုင်း အရေအတွက်အပြင် ဘရာဇီးရွေးကောက်ပွဲများနှင့် ပတ်သက်သော ယုံကြည်စိတ်ချရသည့် အချက်အလက်များသို့ အသုံးပြုသူများအား ညွှန်းပို့ပေးသည့် ရွေးကောက်ပွဲဆိုင်ရာ အညွှန်းစာသားများကို ကလစ်နှိပ်သည့် စုစုပေါင်းအကြိမ်ရေတို့ကိုလည်း အစီရင်ခံတင်ပြခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ၂၀၂၂ ဘရာဇီးရွေးကောက်ပွဲများ အခြေအနေတွင် ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများနှင့်ပတ်သက်၍ ဘုတ်အဖွဲ့က မေးသည့်အခါ ကုမ္ပဏီသည် အကြောင်းအရာ ဖြုတ်ချခြင်းများ၊ ကြည့်ရှုမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ အညွှန်းစာသားများပေါ် နှိပ်ချက်အရေအတွက်များဆိုင်ရာ အချက်အလက်ကို အစီရင်ခံခြင်းထက်ကျော်လွန်၍ ယေဘုယျအားဖြင့် ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများ၏ အောင်မြင်မှုကို တိုင်းတာခြင်းအတွက် မည်သည့်သီးခြားမက်ထရစ်ကိုမျှ အသုံးမပြုခဲ့ကြောင်း Meta က ဆိုခဲ့သည်။ ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် Meta ၏ ထုတ်ဖော်ပြောမှုများနှင့် ဘုတ်အဖွဲ့နှင့် အပြန်အလှန်ပြောဆိုမှုများဖြင့် ကုမ္ပဏီ၏ မတူညီသော အန္တရာယ်အကဲဖြတ်မှု ဆောင်ရွက်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ (အထက်ပါ ကဏ္ဍ ၆ ကို ကြည့်ပါ) က မည်ကဲ့သို့ အမှီအခိုကင်းစွာ သို့မဟုတ် အပြိုင်လုပ်ဆောင်ကြောင်း လုံးလုံးလျားလျား ရှင်းလင်းမှုမရှိကြောင်းကိုလည်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ Meta အနေဖြင့် ဤမတူညီသော လုပ်ထုံးလုပ်နည်းများအကြား ချိတ်ဆက်မှုများကို ရှင်းလင်းပြီး ၎င်းတို့ တစ်ခုနှင့်တစ်ခု ခြားနားပုံနှင့် ၎င်းတို့ကြောင့် အကြောင်းအရာဆိုင်ရာ မူဝါဒများ၏ ပြဋ္ဌာန်းမှုအပေါ် သက်ရောက်ပုံအတိအကျကို ပိုမိုကောင်းမွန်စွာ ရှင်းပြသင့်သည်။
ဘရာဇီးရှိ ရွေးကောက်ပွဲများကို ကာကွယ်ရန် ကုမ္ပဏီ၏ ကြိုးပမ်းအားထုတ်မှုများသည် မလုံလောက်ခဲ့ကြောင်း ဘုတ်အဖွဲ့က လက်ခံရရှိခဲ့သည့် အများမြင်မှတ်ချက်များစွာ (Ekō [PC-၁၁၀၀၀]၊ အန္တရာယ်များသော ပြောဆိုချက် ပရောဂျက် [PC-၁၁၀၁၀]၊ ModeraLab [PC-၁၁၀၁၆]၊ စည်းရုံးလှုံ့ဆော်ရေး ဥပဒေစင်တာ [PC-၁၁၀၁၇]၊ InternetLab [PC-၁၁၀၁၉] နှင့် Coalizão Direitos na Rede [PC-၁၁၀၂၀]) က ဖော်ပြခဲ့သည်။ စိန်ခေါ်မှုများသည် အတိုင်းအတာဖြင့် အကြောင်းအရာ စိစစ်ခြင်းတွင် ရှိရင်းစွဲဖြစ်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသော်လည်း ဆိုးရွားသော လူ့အခွင့်အရေးအပေါ် သက်ရောက်မှုများကို တားဆီးရန်၊ လျှော့ချရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် Meta ၏ တာဝန်သည် ရွေးကောက်ပွဲနှင့် အခြားအန္တရာယ်များသော အခြေအနေများတွင် မြင့်တက်လာပြီး ကုမ္ပဏီအနေဖြင့် ၎င်းတို့အား တားမြစ်ရေးအတွက် ထိရောက်သော ကာကွယ်ရေးစနစ်များ ထားရှိရန် လိုအပ်သည်။ ဤအမှုရှိ စည်းကမ်းထိန်းသိမ်းမှုအမှားသည် သီးခြားမတော်တဆကိစ္စတစ်ရပ် ဖြစ်ဟန်မတူပါ။ Ekō (PC-၁၁၀၀၀) အရ အလားတူအကြောင်းအရာသည် ဇန်နဝါရီ ၈ ရက် အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက်တွင်ပင် Facebook ပေါ်၌ ဆက်ရှိနေခဲ့သည်။
ရွေးကောက်ပွဲအခြေအနေတစ်လျှောက် Meta ၏ ဆောင်ရွက်ချက်များက ပြည့်စုံပြီး လုံလောက်မှုရှိ၊ မရှိ အကဲဖြတ်ရန်အတွက် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်။ ဘုတ်အဖွဲ့အတွက် လုံလောက်သော အချက်အလက်မရှိခြင်းသည် ဤအမှုရှိ စည်းကမ်းထိန်းသိမ်းမှုအမှားများနှင့် မတူညီသောကျွမ်းကျင်သူများက တင်ပြခဲ့သည့် စိုးရိမ်မှုများမှာ ကုမ္ပဏီ၏ မူဝါဒများနှင့် စည်းကမ်းထိန်းသိမ်းမှု လုပ်ထုံးလုပ်နည်းများအတွင်း စနစ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု၏ အရိပ်အယောင်ဟုတ်၊ မဟုတ် ပြည့်စုံစွာအကဲဖြတ်ရန် ဘုတ်အဖွဲ့၏ လုပ်ဆောင်နိုင်စွမ်းကို လျော့ပါးစေခဲ့သည်။ ၎င်းသည် Meta အတွက် ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများကို ကမ္ဘာတစ်ဝန်းတွင် နောက်ထပ်တိုးတက်အောင် ဆောင်ရွက်ပုံနှင့် ပတ်သက်၍ ဘုတ်အဖွဲ့၏ ပိုမိုတိကျသော အကြံပြုချက်များ ထုတ်ပြန်နိုင်စွမ်းကိုလည်း ထိခိုက်စေခဲ့သည်။
အဓိကအားဖြင့် အကြောင်းအရာ ဖြုတ်ချခြင်းများနှင့်ပတ်သက်၍ Meta ၏ လက်ရှိ အချက်အလက် ထုတ်ဖော်ချက်များသည် သတ်မှတ်ဈေးကွက်တစ်ခုတွင် ၎င်းထားရှိသည့် ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ဆောင်ရွက်ချက်များ၏ ရလဒ်ကို ရုပ်လုံးအပြည့်အစုံ မပေါ်စေပါ။ ဥပမာအားဖြင့် ၎င်းတို့တွင် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်းကဲ့သို့ ရွေးကောက်ပွဲအခြေအနေများတွင် အရေးကြီးသောမူဝါဒများနှင့်ဆက်စပ်၍ စည်းကမ်းထိန်းသိမ်းမှု တိကျမှုအပြင် Meta က ကနဦးခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏ မူဝါဒများကို ချိုးဖောက်ကြောင်း တွေ့ရှိခဲ့သည့် နိုင်ငံရေးကြော်ငြာများ၏ ရာခိုင်နှုန်းလည်း မပါဝင်ပါ။ ဤကဲ့သို့ မက်ထရစ်များသုံး၍ ကိန်းဂဏန်းအချက်အလက် စာရင်းစစ်ခြင်းကို ဆောင်ရွက်ခြင်းဖြင့် Meta သည် အမှားများကို ပြောင်းလဲဆုံးဖြတ်နိုင်ရုံသာမက အရေးကြီးဆုံးဖြစ်သော မှန်ကန်စွာ နားလည်သဘောပေါက်မှု ရရှိသည့်အခါ ၎င်း၏ ဆောင်ရွက်ချက်များက မည်မျှထိရောက်ကြောင်းကိုလည်း စောင့်ကြည့်မှတ်တမ်းတင်နိုင်ပါမည်။
ဤအချက်အလက်မျိုး မရှိလျှင် ဘုတ်အဖွဲ့ဖြစ်စေ၊ အများပြည်သူဖြစ်စေ Meta ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများ၏ ထိရောက်မှုကို ပိုမိုကျယ်ပြန့်စွာ အကဲဖြတ်နိုင်မည်မဟုတ်ပါ။ ပြင်ပ ကမ္ဘာတွင် အကြမ်းဖက်မှုကို ရှေ့ပြေးဖြစ်စေသည့် သို့မဟုတ် အတူပေါ်ပေါက်လာစေသည့် အန္တရာယ်ရှိသော အကြောင်းအရာက အွန်လိုင်းပေါ်တွင် ဆက်ရှိနေခဲ့သည့် ရွေးကောက်ပွဲနှင့်ဆက်စပ်သော အငြင်းပွားမှုများကြောင့် နိုင်ငံရေးအကြမ်းဖက်မှု ဖြစ်ရပ်များစွာ ဖြစ်ပွားလေ့ရှိသည် သို့မဟုတ် ပြင်းထန်လာလေ့ရှိသည်ကို ထည့်သွင်းစဉ်းစားလျှင် ၎င်းသည် အရေးကြီးသည် ( "မြန်မာဘော့" (၂၀၂၁-၀၀၇-FB-UA)၊ "တီဂရေး ဆက်သွယ်ရေးရာ အစိုးရဌာန" (၂၀၂၂-၀၀၆-FB-MR) နှင့် "သမ္မတဟောင်း ထရမ့်အား ဆိုင်းငံ့ခြင်း" (၂၀၂၁-၀၀၁-FB-FBR) ကို ကြည့်ပါ)။
ထို့ကြောင့် Meta အနေဖြင့် ကုမ္ပဏီ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများကို အကဲဖြတ်ခြင်းအတွက်နှင့် ထိုအကြောင်းအရာနှင့်ပတ်သက်၍ အများပြည်သူကို အစီရင်ခံခြင်းအတွက် မူဘောင်တစ်ရပ်ကို ရေးဆွဲသင့်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ယင်းမူဘောင်သည် ကုမ္ပဏီအား ၎င်း၏စိစစ်ရေးစနစ်တစ်ခုလုံးကို မြှင့်တင်ရန်နှင့် ရွေးကောက်ပွဲအခြေအနေများတွင် ၎င်း၏ ရင်းမြစ်များအား မည်ကဲ့သို့ အကောင်းဆုံးအသုံးချရမည်ကို ဆုံးဖြတ်ရန်အတွက် သက်ဆိုင်ရာအချက်အလက်များ ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ ၎င်းသည် ဒေသဆိုင်ရာ ဗဟုသုတကို ထိရောက်စွာ ထုတ်သုံးရန်နှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များကို နှောင့်ယှက်ရန် ရည်ရွယ်သည့် အွန်လိုင်းနှင့် ပြင်ပကမ္ဘာရှိ ကြိုတင်ကြံစည်ထားသော စည်းရုံးလှုံ့ဆော်မှုများကို ခွဲခြားဖော်ထုတ်ပြီး အကဲဖြတ်ရန်လည်း Meta ကို ကူညီသင့်သည်။ ထို့အပြင် ဤမူဘောင်သည် အမြဲတမ်း သဘောထားမှတ်ချက် ချန်နယ်များကို သတ်မှတ်ထားရန်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ တရားဝင်ပြီးပြတ်ပြီးနောက် နိုင်ငံရေးအကြမ်းဖက်မှု ဆက်ရှိသည့်အခါ ကျင့်သုံးရမည့် ဆောင်ရွက်ချက်များကို ဆုံးဖြတ်ရန် Meta အတွက် အသုံးဝင်သင့်သည်။ ထို့အပြင် အထက်တွင်ရှင်းပြထားသည့်အတိုင်း ရွေးကောက်ပွဲနှင့်ဆက်စပ်သော အခြေအနေများတွင် IPOC များ၊ သမာသမတ်ရှိမှု နိုင်ငံအလိုက် ဦးစားပေးသတ်မှတ်ခြင်း မူဝါဒနှင့် အရေးအခင်းကာလဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်း (အထက်ပါ ကဏ္ဍ ၆ ကို ကြည့်ပါ) ကဲ့သို့ Meta ၏ မတူညီသော အန္တရာယ်အကဲဖြတ်မှု ဆောင်ရွက်ချက်များနှင့် လုပ်ထုံးလုပ်နည်းများအကြား ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်းကို စိစစ်သုံးသပ်ပြီး အများပြည်သူအား ပိုမိုကောင်းမွန်စွာ ရှင်းပြရန် လိုအပ်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။
၈.၂ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (ICCPR အပိုဒ် ၁၉)
လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်သည် “ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ၏ ဗဟိုမဏ္ဍိုင်ဖြစ်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် အဓိပ္ပာယ်ပြည့်ဝပြီး ကိုယ်စားပြုသော လူထုနှင့် နိုင်ငံရေး ထုတ်ဖော်ချက်၏ အာမခံပေးသည့်အရာ” ဖြစ်သည် (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက်ကိုယ်စားလှယ်၊ သုတေသနစာတမ်း ၁/၂၀၁၉၊ စာမျက်နှာ ၂)။ ICCPR ၏ အပိုဒ် ၁၉ တွင် အထူးသဖြင့် နိုင်ငံရေးမိန့်ခွန်းအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးမှုအကြောင်း ဖော်ပြထားသည်။ ပြည်နယ်တစ်ခုက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များ ထားရှိလျှင် ၎င်းတို့သည် ဥပဒေနှင့်လျော်ညီမှု၊ တရားဝင်မှု၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် (အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃၊ ICCPR)။ ဤသတ်မှတ်ချက်များကို "အပိုင်းသုံးပိုင်းခွဲ စမ်းသပ်မှု" အဖြစ် ရည်ညွှန်းလေ့ရှိသည်။ ဘုတ်အဖွဲ့သည် Meta ၏ ဆန္ဒအလျောက်လိုက်နာနိုင်သော လူ့အခွင့်အရေးဆိုင်ရာ သန္နိဋ္ဌာန်များကို ရှင်းလင်းရန် ဤမူဘောင်ကို အသုံးပြုသည်။
၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအရ တရားဝင်အခြေခံမူသည် ထုတ်ဖော်ပြောဆိုချက်များကို ရှင်းရှင်းလင်းလင်းနှင့် အများနားလည်ရလွယ်အောင် ကန့်သတ်ထားသည့် စည်းမျဉ်းများကို လိုအပ်သည် (ပိုဒ်ခွဲ ၂၅ ရှိ အထွေထွေမှတ်ချက် အမှတ် ၃၄)။ လူမှုကွန်ရက် ကုမ္ပဏီများ၏ စည်းမျဉ်းများကို ကျင့်သုံးရာတွင် ၎င်းတို့သည် ရှင်းလင်းပြီး တိကျသင့်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ဆိုခဲ့သည် ( က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၆)။ Meta ၏ ပလက်ဖောင်းများကို အသုံးပြုနေသူများသည် စည်းမျဉ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး နားလည်နိုင်သင့်ကာ အကြောင်းအရာ စိစစ်သုံးသပ်သူများတွင် ၎င်းတို့၏ စည်းကမ်းထိန်းသိမ်းမှုအတွက် ရှင်းလင်းသော လမ်းညွှန်ချက် ရှိသင့်သည်။
ဤအမှု၏ ဖြစ်ရပ်မှန်များနှင့် သက်ဆိုင်သည့်အတိုင်း အချို့သော အန္တရာယ်များသည့်နေရာများသို့ အတင်းအဓမ္မဝင်ရောက်ရန် လှုံ့ဆော်သော အကြောင်းအရာအား Meta ၏ တားမြစ်မှုကို ရှင်းလင်းစွာဖော်ပြထားပြီး ထိုတားမြစ်ချက်ကို အစပျိုးစေသည့် တိကျသောအခြေအနေများကိုလည်း အလားတူ ရှင်းလင်းစွာသိနိုင်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ အထူးသဖြင့် ဘရာဇီးနိုင်ငံ၏ လူထုမငြိမ်မသက်မှု အကြောင်းအရာတွင် အသုံးပြုသူနှင့် အကြောင်းအရာ စိစစ်သုံးသပ်သူ နှစ်ဦးစလုံးက အမှုအကြောင်းအရာမှာ ချိုးဖောက်ခြင်းဖြစ်သည်ဟု အလွယ်တကူနားလည်နိုင်သည်။ ထို့ကြောင့် တရားဝင်မှုသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိခဲ့သည်ဟု ဘုတ်အဖွဲ့က ယူဆသည်။
၂။ တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်မှုများ (အပိုဒ် ၁၉၊ ICCPR) သည် တရားဥပဒေနှင့်လျော်ညီသော ရည်ရွယ်ချက်အတိုင်း လိုက်နာရမည်။ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းသည် "ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု သို့မဟုတ် အများပြည်သူ အန္တရာယ်ကင်းရှင်းရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုများ အမှန်တကယ် ဖြစ်နိုင်ခြေ" ကျရောက်စေသည့် အကြောင်းအရာများကို ဖယ်ရှားခြင်းဖြင့် "အလားအလာရှိသော ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုကို တားဆီး" ရန် ရည်ရွယ်သည်။ ဤမူဝါဒသည် အသက်ရှင်ရပ်တည်ခွင့် (အပိုဒ် ၆၊ ICCPR) နှင့် အများပြည်သူ ငြိမ်ဝပ်ပိပြားရေးနှင့် နိုင်ငံတော်လုံခြုံရေး (အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၃၊ ICCPR) ကဲ့သို့သော အခြားသူများ၏ အခွင့်အရေးများကို ကာကွယ်ရန် တရားဥပဒေနှင့်ကိုက်ညီသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပါသည်။ ရွေးကောက်ပွဲအခြေအနေများတွင် ဤမူဝါဒသည် အခြားသူများ၏ မဲပေးခွင့်နှင့် ပြည်သူ့ရေးရာများတွင် ပါဝင်ခွင့်ကို ကာကွယ်ခြင်း၏ တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်ကိုလည်း လိုက်နာရနိုင်သည် (အပိုဒ် ၂၅၊ ICCPR)။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
လိုအပ်မှုနှင့် အချိုးကျမျှတမှု အခြေခံမူတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်ချက်မဆိုသည် "၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည်။ ၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည့် ဆောင်ရွက်ချက်များအနက် စွက်ဖက်မှု အနည်းဆုံး ဆောင်ရွက်ချက်လည်း ဖြစ်ရမည့်[အပြင်] အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်" ဟု သတ်မှတ်ပြဋ္ဌာန်းသည် ( အထွေထွေမှတ်ချက်အမှတ် ၃၄၊ ပိုဒ်ခွဲ ၃၃ နှင့် ၃၄)။ အကြမ်းဖက်ရန် လှုံ့ဆော်မှုပါဝင်သော ယခင်အမှုများတွင်ကဲ့သို့ ကုလသမဂ္ဂ Rabat အရေးယူဆောင်ရွက်ချက် အစီအစဉ် ၏ အချက်ခြောက်ချက်သည် ကန့်သတ်မှု၏ လိုအပ်မှုနှင့် အချိုးကျမျှတမှုကို ဆုံးဖြတ်ရာတွင် သက်ဆိုင်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည် (ဥပမာအနေဖြင့်- သမ္မတဟောင်း ထရမ့်ကို ဆိုင်းငံ့ခြင်း အမှု ကို ကြည့်ပါ)။
နိုင်ငံရေးရပ်ဝန်းများစွာတွင် ရွေးကောက်ပွဲများ၏ သမာသမတ်ရှိမှု သို့မဟုတ် ရွေးကောက်ပွဲစနစ်ကို စောဒကတက်ခြင်းသည် သီးခြားအကြမ်းဖက်ဖြစ်ရပ်များ ရှိလျှင်ပင် လူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဆန္ဒပြခွင့်ကို တရားဝင်ကျင့်သုံးခြင်းဖြစ်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ ၎င်းတို့၏ နိုင်ငံရေးသတင်းစကားကြောင့် ၎င်းတို့အား မြင့်မားသော ကာကွယ်မှုအဆင့်ကို ပေးအပ်ထားပါသည် (အထွေထွေမှတ်ချက်အမှတ် ၃၇၊ ပိုဒ်ခွဲ ၁၉ နှင့် ၃၂)။ သို့သော် ဤနေရာတွင် ထိုသို့မဟုတ်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ကာကွယ်ပေးထားသော နိုင်ငံရေးမိန့်ခွန်းနှင့် တရားဝင်သော လူထုရွေးကောက်ပွဲတစ်ခု၏ ရလဒ်များကို ပြောင်းလဲပစ်စေရန်အတွက် အကြမ်းဖက်ရန် လှုံ့ဆော်မှုအကြား ခွဲခြားထားသည့် အရေးကြီးသော ကန့်သတ်ချက်မျဉ်းတစ်ရပ်ရှိသည်။ Rabat အရေးယူဆောင်ရွက်ချက် အစီအစဉ်တွင် ဖော်ပြထားသည့် အချက်အလက်များအပေါ် အခြေခံ၍ ဤအမှုတွင် ပြောဆိုချက်ကို ကန့်သတ်ရန်စံနှုန်းနှင့် ရှင်းလင်းစွာ ကိုက်ညီမှုရှိခဲ့သည်။ အမှုအကြောင်းအရာရှိ ဖော်ပြပါ အစိတ်အပိုင်းများစွာသည် ၎င်း၏ လေ့လာဆန်းစစ်ချက်နှင့် သက်ဆိုင်မှုရှိသည်ကို ဘုတ်အဖွဲ့က တွေ့ရှိသည်- "နောက်ဆုံးရွေးချယ်စရာ" အဖြစ် ဘရာဇီးနိုင်ငံ၏ ကွန်ဂရက်လွှတ်တော်ကို "ဝန်းရံတပ်ချရန်" နှင့် “three powers” ကို “အားနှင့်ဝင်သိမ်းရန်” လှုံ့ဆော်မှုများ၊ "လမ်းများပေါ်ထွက်ရန်" နှင့် "အမျိုးသားလွှတ်တော် … [နှင့်] တရားရုံးချုပ်သို့ သွားရန် ထင်ရှားသော ဘရာဇီးဝန်ကြီးချုပ်ထံမှ လှုံ့ဆော်မှုပါသော ဗီဒီယို၊ နောက်ခံမြင်ကွင်းတွင် မီးလောင်ကျွမ်းနေသော ဖက်ဒရယ်အစိုးရအဆောက်အဦများ၏ ပုံနှင့် မူလရင်းမြစ်ကုဒ်အား တောင်းဆိုမှု။ Bolsonaro ထောက်ခံသူများက ရွေးကောက်ပွဲရလဒ်များကို နှောင့်ယှက်ပြီး စစ်တပ်အာဏာသိမ်းမှုကို တောင်းဆိုသော ပိုမိုကျယ်ပြန့်သည့် ဘရာဇီးနိုင်ငံအခြေအနေတွင် ၎င်းတို့အားလုံးသည် အစိုးရအဆောက်အဦများကို ကျူးကျော်ဝင်ရောက်ပြီး ထိန်းချုပ်ရန် ရှင်းလင်းပြတ်သားသော လှုံ့ဆော်မှုဖြစ်သည်။ ဟောပြောသူ၏ ရည်ရွယ်ချက်၊ ပြောဆိုချက်၏ အကြောင်းအရာနှင့် ၎င်း၏ ပျံ့နှံ့ရောက်ရှိမှုအပြင် ထိုအချိန်က ဘရာဇီး၏ နိုင်ငံရေးအခြေအနေတွင် ထိခိုက်မှုအန္တရာယ် ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်ခြေ အားလုံးသည် ပို့စ်အား ဖယ်ရှားရန် ကျိုးကြောင်းခိုင်လုံခဲ့သည်။
အကြောင်းအရာအား ရွေးကောက်ပွဲရလဒ်များကို မှောက်လှန်ရန် လက်နက်ကိုင်တပ်ဖွဲ့များကို ကျယ်ကျယ်ပြန့်ပြန့် အဆက်မပြတ် တောင်းဆိုနေမှုများနှင့်အတူ နိုင်ငံရေးအကြမ်းဖက်မှု အန္တရာယ်မြင့်တက်နေသော အခြေအနေတွင် တင်ခဲ့သည်။ တစ်ချိန်တည်းတွင် အထူးသဖြင့် ဘရာဇီးလီးယားရှိ အစိုးရအဆောက်အဦများကို အဓိကထား၍ ဆန္ဒပြမှုများကို အားပေးမြှင့်တင်ရန် စာဝှက်ဖြင့်ရေးထားသော ကြွေးကြော်သံများကို အသုံးပြုခဲ့သည် (ကဏ္ဍ ၂ ကို ကြည့်ပါ)။ ယင်းနှင့်စပ်လျဉ်း၍ ITS Rio – Modera Lab (PC-၁၁၀၁၆)၊ Coalizão Direitos na Rede (PC-၁၁၀၂၀)၊ InternetLab (PC-၁၁၀၁၉) နှင့် Ekō (PC-၁၁၀၀၀) အပါအဝင် အများမြင်မှတ်ချက်များစွာမှတစ်ဆင့် ဘုတ်အဖွဲ့က ရရှိခဲ့သည့် အချက်အလက်အားလုံးက ဘုတ်အဖွဲ့တာဝန်ပေးထားသည့် သုတေသနကို ပံ့ပိုးကူညီခဲ့သည့်အပြင် အလားတူအကြောင်းအရာများသည် ဇန်နဝါရီ ၈ ရက် ဖြစ်ရပ်များအထိ လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့ကြောင်း ထိုမှတ်ချက်အားလုံးက ပြသသည်။ ၎င်းတို့သည် Bolsonaro ထောက်ခံသူများက Three Powers Plaza ရှိ အဆောက်အဦများကို အားနှင့်ဝင်သိမ်းပြီး စစ်တပ်အာဏာသိမ်းမှုမှတစ်ဆင့် အပါအဝင် ဝင်ရောက်စွက်ဖက်ရန် စစ်တပ်ကို တွန်းအားပေးလုနီးပါးကိုလည်း မီးမောင်းထိုးပြသည်။
အထက်ပါအချက်များကို ထည့်သွင်းစဉ်းစားပါက အကြောင်းအရာကိုဖယ်ရှားခြင်းသည် ၎င်း၏လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ပြည်သူ့အရာရှိများနှင့် ဘရာဇီးရှိ လူထု ငြိမ်ဝပ်ပိပြားရေးအပါအဝင် အများပြည်သူ၏ အသက်ရှင်ရပ်တည်ခွင့်ကို ကာကွယ်ရန် အကြောင်းအရာကို ဖယ်ရှားခြင်းသည် လိုအပ်ပြီး အချိုးကျမျှတသော တုံ့ပြန်မှုတစ်ခုဖြစ်သည်။ ဒီမိုကရေစီ အာဏာအကူးအပြောင်းတစ်ခုကို ပျက်ပြားစေရန် ကြိုးပမ်းမှုများ ဆောင်ရွက်နေသည့် အခြေအနေတွင် ဘရာဇီးပြည်သူများ၏ မဲပေးခွင့်နှင့် ပြည်သူ့ရေးရာများတွင် ပါဝင်ခွင့်ကို ကာကွယ်ရန် ဤတစ်ခုနှင့် အလားတူအကြောင်းအရာများကို ဖယ်ရှားခြင်းသည်လည်း လိုအပ်ပြီး အချိုးကျမျှတသည်။
ဗီဒီယိုထဲရှိ ချိုးဖောက်မှုကို မှန်ကန်စွာခွဲခြားရန် သို့မဟုတ် ထပ်မံစိစစ်သုံးသပ်မှုအတွက် ၎င်းကို အရှိန်မြှင့်တင်ရန်နှင့် အမှုအကြောင်းအရာကို ဖယ်ရှားရန် Meta ၏ စိစစ်သုံးသပ်မှုစနစ်များ၏ ထပ်လဲလဲပျက်ကွက်မှုသည် စိုးရိမ်စရာတစ်ခုဖြစ်ပြီး ကုမ္ပဏီက အောက်ပါအကြံပြုချက်များကို အကောင်အထည်ဖော်လျှင် Meta သည် ထိုစိုးရိမ်စရာကို ကိုင်တွယ်ဖြေရှင်းရန် ပိုကောင်းသော အနေအထားတွင် ရှိမည်ဟု ဘုတ်အဖွဲ့က ယူဆသည်။ Meta က ဘရာဇီးရှိ ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ရန် အပြုသဘောဆောင်သော အဆင့်များကို လုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့သည် ဘရာဇီးတွင် တွေ့ရသည့်အရာကဲ့သို့ ကြိုတင်ကြံစည်ထားသော စည်းရုံးလှုံ့ဆော်မှုများမှတစ်ဆင့် ၎င်း၏ ပလက်ဖောင်းများအား အလွဲသုံးစားပြုနိုင်ခြေကို ကိုင်တွယ်ဖြေရှင်းရန် မလုံလောက်ခဲ့ပါ။ ဤအမှုတွင် ဆက်လက်ထားရှိခွင့်ပြုပြီး ကျယ်ပြန့်စွာ မျှဝေထားသော အကြောင်းအရာသည် ထိုအချိန်က ဘရာဇီးတွင် Meta ၏ ပလက်ဖောင်းများပေါ်၌ ပျံ့နှံ့နေကြောင်း အစီရင်ခံခဲ့သည့် သတင်းအချက်အလက်အမှားနှင့် လှုံ့ဆော်မှုမျိုးဖြစ်ခဲ့ပုံရသည်။ Meta ၏ ပလက်ဖောင်းများပေါ်ရှိ သိသိသာသာ စည်းရုံးနိုင်စွမ်းအားကောင်းသည့် လူသိများသောအကောင့်များသည် အကြမ်းဖက်မှုကို အားပေးမြှင့်တင်ရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ကြောင်း ပြောဆိုချက်များကို ၎င်းက ထပ်လောင်း အထောက်အထားခိုင်ခိုင်လုံလုံ တင်ပြသည်။ ဘုတ်အဖွဲ့က လက်ခံရရှိခဲ့သော အများမြင်မှတ်ချက်များ (Instituto Vero [PC-၁၁၀၁၅]၊ ModeraLab [PC-၁၁၀၁၆]၊ InternetLab [PC-၁၁၀၁၉]၊ Instituto de Referência em Internet e Sociedade [PC-၁၁၀၂၁] ကို ကြည့်ပါ) တွင် အခိုင်အမာဆိုထားသည့်အတိုင်း အကြောင်းအရာက ဒီမိုကရက်တစ် လုပ်ငန်းစဉ်များကို နှောင့်ယှက်ရန် ရည်ရွယ်သော စည်းရုံးလှုံ့ဆော်ပြီး ပူးပေါင်းကြံစည်သည့် လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အခါ Meta ၏ ပလက်ဖောင်းများမှ ယင်းကဲ့သို့ အကြောင်းအရာအစိတ်အပိုင်း တစ်ခုစီကို စိစစ်သုံးသပ်ခြင်းနှင့် ဖယ်ရှားနိုင်ခြေ အလားအလာမှာ လုံလောက်မှုမရှိသည့်အပြင် ထိရောက်မှုလည်း သိပ်ရှိမည်မဟုတ်ပါ။ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုနှင့် အရေးအခင်းကာလဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် ဤကျယ်ပြန့်သော ဒစ်ဂျစ်တယ်အလားအလာများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။
၈.၃ တူညီသော ဆက်စပ်အခြေအနေရှိသည့် ထပ်တူကျသော အကြောင်းအရာ
ဘရာဇီးနိုင်ငံရှိ ဇန်နဝါရီ ၈ ရက် အဓိကရုဏ်းများမတိုင်မီ လများအတွင်း လေ့လာဆန်းစစ်လျက်ရှိသော အကြောင်းအရာတစ်ခုနှင့် အလားတူသော အကြောင်းအရာများ ပျံ့ပွားလာခြင်းနှင့် ပတ်သက်၍ ဘုတ်အဖွဲ့က စိုးရိမ်ကြောင်း ဖော်ပြသည်။ ဤအကြောင်းအရာအစိတ်အပိုင်းကို ချိုးဖောက်မှုအဖြစ် ခွဲခြားဖော်ထုတ်ရာတွင် Meta ၏ ထပ်ခါတလဲလဲ မအောင်မြင်မှုကို ထောက်ဆလျက် ဘုတ်အဖွဲ့သည် ဗိုလ်ချုပ်ကြီး၏ မိန့်ခွန်းနှင့် ဘရာဇီးလီးယားရှိ Three Powers Plaza အဆောက်အဦများကို ဝင်သိမ်းရန် လှုံ့ဆော်မှုများနှင့် ပတ်သက်၍ ရှုတ်ချရန် သို့မဟုတ် လူပိုသိစေရန် မျှဝေသည့်အခါမှလွဲ၍ ကုမ္ပဏီ၏ ပလက်ဖောင်းများတွင် ကျန်ရှိနေသော တူညီသော ဆက်စပ်အခြေအနေရှိသည့် ထပ်တူအကြောင်းအရာအပေါ် Meta ၏ ဆုံးဖြတ်ချက် ချမှတ်မှုကို အထူးအာရုံစိုက်ပါမည်။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့ ၏ ဆုံးဖြတ်ချက်
အကြောင်းအရာကို ဆက်လက်ထားရှိခွင့်ပြုရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
၁၀။ အကြံပြုချက်များ
က။ စည်းကမ်းထိန်းသိမ်းမှု
- Meta အနေဖြင့် ကုမ္ပဏီ၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများကို အကဲဖြတ်ခြင်းအတွက် မူဘောင်တစ်ရပ်ကို ရေးဆွဲသင့်သည်။ ၎င်းတွင် Meta က ၎င်း၏ အကြောင်းဆိုင်ရာမူဝါဒများနှင့် ကြော်ငြာများအတွက် ကုမ္ပဏီ၏ ကိုင်တွယ်ဖြေရှင်းနည်းကို ကျင့်သုံးခြင်းနှင့်ဆက်စပ်သော မက်ထရစ်များအပါအဝင် အောင်မြင်သော ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများအတွက် မက်ထရစ်များကို ဖန်တီးခြင်းနှင့် မျှဝေခြင်း ပါဝင်သည်။ Meta က (မက်ထရစ်များအကြောင်း ဖော်ပြချက်နှင့် အဆိုပါမက်ထရစ်များအတွက် ရည်မှန်းချက်များ အပါအဝင်) ဤမူဘောင်ကို ရေးဆွဲသည့်အခါ၊ ၎င်းကို ကုမ္ပဏီ၏ ပွင့်လင်းမြင်သာမှုစင်တာတွင် ထုတ်ဖော်ပြောကြားသည့်အခါ၊ နိုင်ငံအလိုက် အစီရင်ခံစာများတွင် စတင်ဖြန့်ချိသည့်အခါနှင့် ဤအကဲဖြတ်ချက်၏ ရလဒ်အနေဖြင့် ၎င်း၏အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှု ကြိုးပမ်းအားထုတ်မှုများတွင် ပြုလုပ်သမျှ ပြောင်းလဲမှုများကို လူသိရှင်ကြား ပြောကြားသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
ခ။ ပွင့်လင်းမြင်သာမှု
- Meta အနေဖြင့် အရေးအခင်းကာလ မူဝါဒ လုပ်ထုံးလုပ်နည်းအပြင် ကုမ္ပဏီသည် ရွေးကောက်ပွဲအခြေအနေများ သို့မဟုတ် အခြားအန္တရာယ်များသော ဖြစ်ရပ်များတွင် ပေါ်ပေါက်လာသော အန္တရာယ်ဖြစ်နိုင်ခြေကို တားဆီးပြီး ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းအားထုတ်ရာတွင် အခြားလုပ်ထုံးလုပ်နည်းများကိုလည်း လုပ်ဆောင်ကြောင်း ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် ရှင်းလင်းဖော်ပြသင့်သည်။ ယင်းကဲ့သို့ လုပ်ထုံးလုပ်နည်းများကို အမည်ပေးဖော်ပြခြင်းအပြင် ကုမ္ပဏီသည် ၎င်းတို့၏ ရည်မှန်းချက်၊ မတူညီသော လုပ်ထုံးလုပ်နည်းများအကြား ချိတ်ဆက်မှုများ၊ ၎င်းတို့တစ်ခုနှင့်တစ်ခု ခြားနားပုံတို့ကိုလည်း အကျဉ်းချုပ်ရှင်းပြသင့်သည်။ Meta က အချက်အလက်များကို ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် ထုတ်ပြန်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က မှတ်ယူပါမည်။
* လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစု၏ သဘောတူညီမှုကို ရယူထားပါသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား သီးခြားလွတ်လပ်သော သုတေသနလေ့လာမှုတစ်ခု ပြုလုပ်စေခဲ့ပါသည်။ ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားပြီး တိုက်ကြီး ခြောက်တိုက်မှ လူမှုရေးသိပ္ပံပညာရှင်ပေါင်း ၅၀ ကျော်အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃,၂၀၀ ကျော် ပါဝင်သော အဖွဲ့ဖြစ်သည့် လွတ်လပ်သော သုတေသနအဖွဲ့အစည်းတစ်ခုက ဘုတ်အဖွဲ့ကို ကူညီပေးခဲ့သည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် အန္တရာယ်ကင်းရှင်းရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers ကလည်း ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။ လူမှုကွန်ရက် အလားအလာများအပေါ် အခမဲ့ရင်းမြစ်သုံး သုတေသနတွင် ပါဝင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Memetica သည်လည်း လေ့လာဆန်းစစ်ချက်ကို ပံ့ပိုးခဲ့သည်။ ဘာသာစကားပေါင်း ၃၅၀ ကျော်ကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ကမ္ဘာတစ်လွှားရှိ မြို့ကြီးပေါင်း ၅,၀၀၀ ကျော်မှ အလုပ်လုပ်ပေးနေသည့် ကျွမ်းကျင်ပညာရှင်များကို ပိုင်ဆိုင်ထားသော Lionbridge Technologies, LLC က ဘာသာစကားပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ပါသည်။