पलट जाना
မီဒီယာအသုံးချသော လျှို့ဝှက်ပူးပေါင်းကြံစည်ချက် ကာတွန်း
22 नवंबर 2023
"BLM" ဟု အညွှန်းတပ်ထားသော မျောက်တစ်ကောင်က ဂျူးအမျိုးသားတစ်ဦး၏ ပခုံးပေါ်တွင် ထိုင်နေစဉ် "မီဒီယာ" ဟု အညွှန်းတပ်ထားသော တီးလုံးဖွင့်စက်ကို ကိုင်ထားသည့် ထိုဂျူးအမျိုးသား၏ ရုပ်ပြောင်ပုံကို ဖော်ပြထားသော ရုပ်ပုံပါသည့် Facebook မှတ်ချက်တစ်ခုကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။
ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည်။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် ဘုတ်အဖွဲ့က တင်ပြပြီးနောက်တွင် အကြောင်းအရာအစိတ်အပိုင်းတစ်ခုနှင့် ပတ်သက်၍ Meta က ၎င်း၏ မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများအပေါ် ဆန်းစစ်လေ့လာထားပါသည်။ ဤဆုံးဖြတ်ချက်များတွင် Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များ ပါဝင်ပြီး ဘုတ်အဖွဲ့၏ဆောင်ရွက်ချက်နှင့် ပတ်သက်သော အကျိုးသက်ရောက်မှုအကြောင်း အများပြည်သူအား အသိပေးသည်။ ယင်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးကမဟုတ်ဘဲ ဘုတ်အဖွဲ့က ရွေးချယ်ထားသော အဖွဲ့ဝင်တစ်စုက အတည်ပြုပါသည်။ ယင်းတို့တွင် အများမြင်မှတ်ချက် ထည့်သွင်းစဉ်းစားသည့် လုပ်ငန်းစဉ် မပါဝင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသော စံတန်ဖိုးမျိုးလည်း မရှိပါ။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် Meta ၏ အမှားပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာမှုရှိအောင် တင်ပြထားပြီး ကုမ္ပဏီအနေဖြင့် ၎င်း၏မူဝါဒကိုလိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် တိုးတက်အောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ဦးစားပေးဖော်ပြသည်။
အမှုအနှစ်ချုပ်
"BLM" ဟု အညွှန်းတပ်ထားသော မျောက်တစ်ကောင်က ဂျူးအမျိုးသားတစ်ဦး၏ ပခုံးပေါ်တွင် ထိုင်နေစဉ် "မီဒီယာ" ဟု အညွှန်းတပ်ထားသော တီးလုံးဖွင့်စက်ကို ကိုင်ထားသည့် ထိုဂျူးအမျိုးသား၏ ရုပ်ပြောင်ပုံကို ဖော်ပြထားသော ရုပ်ပုံပါသည့် Facebook မှတ်ချက်တစ်ခုကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ပြီး မှတ်ချက်ကို ဖယ်ရှားခဲ့သည်။
အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
၂၀၂၃ ခုနှစ်၊ မေလတွင် မျောက်တစ်ကောင်က ဂျူးအမျိုးသားတစ်ဦး၏ပခုံးပေါ် နားနေစဉ် ရှေးဟောင်းပုံစံ တီးလုံးဖွင့်စက်ကို ကိုင်ထားသည့် ထိုဂျူးအမျိုးသား၏ ရုပ်ပြောင်ပုံကို ဖော်ပြထားသော ရုပ်ပုံပါသည့် မှတ်ချက်တစ်ခုကို အသုံးပြုသူတစ်ဦးက တင်ခဲ့သည်။ ရုပ်ပြောင်ပုံတွင် တမင်ပုံကြီးချဲ့သရုပ်ဖော်ထားသည့် ကောက်နေသောနှာခေါင်းရှိပြီး ဂျူးသုတ်သင်ရေး စီမံကိန်းကာလအတွင်း ဂျူးလူမျိုးများအား အတင်းအကျပ်တပ်ခိုင်းခဲ့သည့် တံဆိပ်များနှင့် ဆင်တူသော "Jude" ဟု ရေးထိုးထားသည့် ခြောက်ထောင့်ကြယ်ပုံဖြင့် အညွှန်းတပ်ထားသည်။ သူ့ပခုံးပေါ်ရှိ မျောက်ကို “BLM” ( “Black Lives Matter”- လူမည်းတွေရဲ့ အသက်ဟာလည်း တန်ဖိုးရှိပါတယ် ဆိုသည့် လှုပ်ရှားမှုအတွက် အတိုကောက်) ဟူ၍ အညွှန်းတပ်ထားစဉ် တီးလုံးဖွင့်စက်ကို "မီဒီယာ" ဟူ၍ အညွှန်းတပ်ထားသည်။ မှတ်ချက်သည် ကြည့်ရှုမှု ၁၀၀ အောက် ရရှိခဲ့သည်။
အကြောင်းအရာသည် Meta ၏ အမုန်းစကား မူဝါဒပါ သီးခြားအစိတ်အပိုင်းနှစ်ရပ်ကို ချိုးဖောက်သည်။ Meta ၏ အမုန်းစကား မူဝါဒသည် "ဂျူးလူမျိုးများက ဘဏ္ဍာရေး၊ နိုင်ငံရေး သို့မဟုတ် မီဒီယာ အဖွဲ့အစည်းများကို ထိန်းချုပ်သည်ဟူသော ပြောဆိုချက်များ" ကဲ့သို့ "ခြိမ်းခြောက်ခြင်းနှင့် သမိုင်းကြောင်းအရ ဆက်စပ်သည့် ထိခိုက်နစ်နာစေသော ပုံသေကားကျ ထင်မြင်ယူဆချက်များ" အား ရည်ညွှန်းပြောဆိုသည့် အကြောင်းအရာများကို တားမြစ်သည်။ ထို့အပြင် Meta ၏ အမုန်းစကား မူဝါဒသည် "လူမည်းများနှင့် မျောက်ဝံများ သို့မဟုတ် မျောက်ဝံနှင့်တူသော သက်ရှိသတ္တဝါများ" နှင့် တူညီကြောင်း ပြောဆိုသမုတ်သည့် အကြောင်းအရာများကဲ့သို့ လူသားအဖြစ်မှ နှိမ့်ချသော ပုံရိပ်ကို တားမြစ်သည်။ ဤအကြောင်းအရာသည် ဂျူးလူမျိုးများက မီဒီယာ အဖွဲ့အစည်းများကို ထိန်းချုပ်သည်ဟု စောင်းမြောင်းပြီး "BLM" ကို မျောက်တစ်ကောင်နှင့် တူညီသည်ဟု ပြောဆိုသမုတ်သဖြင့် ၎င်းသည် အစိတ်အပိုင်းနှစ်ရပ်လုံးကို ချိုးဖောက်သည်။ အကြောင်းအရာကို တိုင်ကြားခဲ့သော အသုံးပြုသူက ဘုတ်အဖွဲ့ထံ သူ၏အယူခံလွှာတွင် အကြောင်းအရာသည် ဂျူးမုန်းတီးရေးဖြစ်ပြီး လူမည်းများအား လူမျိုးရေးခွဲခြားကြောင်း ဆိုခဲ့သည်။
အစပိုင်းက Meta သည် အဆိုပါအကြောင်းအရာကို Facebook တွင် ဆက်လက်ထားရှိခဲ့သည်။ ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့သည့်အခါ ပို့စ်သည် ၎င်း၏ အမုန်းစကား မူဝါဒကို ချိုးဖောက်ခဲ့ကြောင်းနှင့် အကြောင်းအရာကို ခွင့်ပြုပေးရန် ၎င်း၏ မူလဆုံးဖြတ်ချက်သည် မှားယွင်းခဲ့ကြောင်း ကုမ္ပဏီက ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ကုမ္ပဏီသည် အကြောင်းအရာကို Facebook မှ ဖယ်ရှားလိုက်သည်။
ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
ထိုအချိန်တွင် ခွင့်ပြုပေးခဲ့သော အကြောင်းအရာကို တိုင်ကြားခဲ့သူမှ အယူခံဝင်ပြီးနောက် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့တွင် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။
Meta က ၎င်းသည် ဘုတ်အဖွဲ့စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်သည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် ပါဝင်ပတ်သက်ခဲ့သော အကြောင်းအရာ စိစစ်သည့် လုပ်ငန်းစဉ်များကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram အသုံးပြုသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်သည်။
အမှု၏ အရေးပါမှု
အမှုသည် Meta က ၎င်း၏ အမုန်းစကား မူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် ဟာကွက်များရှိကြောင်းကို ဦးစားပေးဖော်ပြထားပြီး ထိုဟာကွက်များသည် ထိခိုက်နစ်နာစေသော ပုံသေကားကျ ထင်မြင်ယူဆချက်များနှင့် လူသားအဖြစ်မှ နှိမ့်ချသည့် ပုံရိပ်ကို အားပေးမြှင့်တင်သည့် အကြောင်းအရာများကို ပျံ့နှံ့သွားစေနိုင်သည်။ ဖယ်ကြဉ်ခံရသောအုပ်စုများကို ပစ်မှတ်ထားသည့် အကြောင်းအရာများနှင့်ဆက်စပ်သော ထိခိုက်နစ်နာမှုဖြစ်နိုင်ခြေကို လျော့ပါးစေရန် Meta လုပ်ဆောင်ရမည့် တာဝန်ကို ထည့်သွင်းစဉ်းစားလျှင် ဤကဲ့သို့သော စည်းကမ်းထိန်းသိမ်းမှု အမှားများကို ပြင်ဆင်ရန် လိုအပ်သည်။
အသုံးပြုသူအကြောင်းအရာသည် ကုမ္ပဏီ၏ စံနှုန်းများကို ရှင်းရှင်းလင်းလင်း ချိုးဖောက်မှုများရှိနေကြောင်း ပေါ်လွင်စေကာမူ Meta ၏ အမုန်းစကား မူဝါဒကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းမှုတွင် အားနည်းနေခြင်းအပေါ် ဘုတ်အဖွဲ့အနေဖြင့် ယခင်က ဆန်းစစ်လေ့လာခဲ့သည်။ "ရည်ညွှန်းချက်ကို ကျိုးကြောင်းသင့်စွာ နားလည်သည့်အခါ ကာကွယ်ပေးထားသည့် အဖွဲ့များအား သွယ်ဝိုက်ရည်ညွှန်းချက်များကိုပင် မူဝါဒက တားမြစ်ထားကြောင်း ရှင်းပြလျက် အမုန်းစကား လူမှုစံနှုန်းနှင့် စိစစ်သုံးသပ်သူများကို ပေးအပ်သည့် လမ်းညွှန်ချက်ကို Meta အနေဖြင့် ရှင်းလင်းဖော်ပြသင့်သည်" ဟု ဘုတ်အဖွဲ့က Meta ကို အကြံပြုခဲ့သည် (Knin ကာတွန်း ဆုံးဖြတ်ချက်၊ အကြံပြုချက် နံပါတ် ၁)။ Meta သည် ဤအကြံပြုချက်ကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်ခဲ့သည်။
ဘုတ်အဖွဲ့သည် စည်းကမ်းထိန်းသိမ်းမှု အမှားအယွင်းများ၏ အရေအတွက်ကို လျှော့ချရန် ရည်ရွယ်သည့် အကြံပြုချက်များကိုလည်း ထုတ်ပြန်ခဲ့သည်။ စည်းကမ်းထိန်းသိမ်းမှု အမှားများကို ပြောင်းလဲဆုံးဖြတ်ပြီး ထိုအမှားများမှ သင်ခန်းစာယူရန်အလို့ငှာ အလိုအလျောက် စောင့်ကြည့်စနစ်သုံး အကြောင်းအရာ ဖယ်ရှားမှု ဆုံးဖြတ်ချက်များ၏ အမျိုးအစားပေါင်းစုံကို ကိုယ်စားပြုသော ကိန်းဂဏန်းအချက်အလက်အရ နမူနာတစ်ခုကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ်ရန်အတွက် ကုမ္ပဏီတွင်း စာရင်းစစ်ခြင်း လုပ်ငန်းစဉ်တစ်ခုကို အကောင်အထည်ဖော်ရန်" ဘုတ်အဖွဲ့က Meta အား အကြံပြုခဲ့သည် (ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ် ဆုံးဖြတ်ချက်၊ အကြံပြုချက် နံပါတ် ၅)။ ဤအကြံပြုချက်သည် Meta လုပ်ဆောင်ထားပြီးဖြစ်သည့် အလုပ်ဖြစ်ကြောင်း Meta က ဆိုသော်လည်း ၎င်းကို လက်တွေ့ပြရန် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိပါ။
အထက်ပါအကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်စေသော ပုံသေကားကျ ထင်မြင်ယူဆချက်များနှင့် လူသားအဖြစ်မှ နှိမ့်ချသည့် ပုံရိပ်ကို အားပေးမြှင့်တင်သည့် အကြောင်းအရာများ ပျံ့နှံ့မှုကို လျော့နည်းစေကာ အမုန်းစကား မူဝါဒအရ စည်းကမ်းထိန်းသိမ်းမှု အမှားများကို လျှော့ချရန် အထောက်အကူဖြစ်မည်ဟု ဘုတ်အဖွဲ့က ထပ်လောင်းပြောဆိုသည်။
ဆုံးဖြတ်ချက်
အကြောင်းအရာကို ခွင့်ပြုပေးရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြပြီးသည်နှင့် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ပြီဖြစ်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။