Overturned
FDA ၏ ခွင့်ပြုချက်ရမထားသော ကုသမှုများအတွက် Ketamine ကို ကြော်ငြာခြင်း
August 17, 2023
စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါအတွက် ကုသမှုအဖြစ် ကက်တမင်း အသုံးပြုခြင်းနှင့် ပတ်သက်သော ၎င်း၏အတွေ့အကြုံများကို ဆွေးနွေးသည့် အသုံးပြုသူတစ်ဦး၏ Instagram ပို့စ်ကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
အမှု အနှစ်ချုပ်
စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါအတွက် ကုသမှုအဖြစ် ကက်တမင်း အသုံးပြုခြင်းနှင့် ပတ်သက်သော ၎င်း၏အတွေ့အကြုံများကို ဆွေးနွေးသည့် အသုံးပြုသူတစ်ဦး၏ Instagram ပို့စ်ကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ အကြောင်းအရာသည် Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ (Meta က ကြော်ငြာများကို အသုံးပြုသူများအား ပြသရန် အခကြေးငွေရရှိသည့် ကြော်ငြာခြင်းနှင့် တခြားစီဖြစ်သည့် ဖန်တီးသူများက ကြားခံပြင်ပ "လုပ်ငန်းမိတ်ဖက်" ထံမှ အခကြေးငွေလက်ခံရရှိသည့် အကြောင်းအရာများအပေါ် သက်ရောက်သည်) နှင့် ကုမ္ပဏီ၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ထားကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဆေးဝါးများကို ကြော်ငြာပြီး ဆေးဝါးများကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းသည့် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာများအပေါ် ချမှတ်ထားသည့် Meta ၏ ပြင်းထန်သော ကန့်သတ်ချက်များကို လိုက်နာအောင် တစ်သမတ်တည်းမဟုတ်ဘဲ စည်းကမ်းထိန်းသိမ်းနေနိုင်ကြောင်း ဤအမှုက ညွှန်ပြသည်။
အမှု အကြောင်း
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် အတည်ပြုစစ်ဆေးပြီးသော Instagram အသုံးပြုသူတစ်ဦးသည် ပို့စ်တစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်စပ်ပုံ ၁၀ ပုံကို စာတန်းနှင့်တွဲ၍ တင်ခဲ့သည်။ လူသိများသော ကက်တမင်း ကုထုံးဝန်ဆောင်မှုပေးသူတစ်ဦးအား "အခပေး ပူပေါင်းဆောင်ရွက်မှု" အဖြစ် အညွှန်းတပ်ထားခဲ့သည့် ပို့စ်၏ ပူးတွဲရေးသားသူအဖြစ် အမည်ကတ်တွဲထားသည်။ Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများအရ Meta ၏ လုပ်ငန်းမိတ်ဖက်များသည် ကြားခံပြင်ပအဖွဲ့အစည်းတစ်ခုနှင့် စီးပွားရေးဆိုင်ရာဆက်ဆံမှုကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောရန် ၎င်းတို့၏ အကြောင်းအရာများတွင် ထိုကဲ့သို့အညွှန်းများကို ထည့်သွင်းရမည်။
ကက်တမင်းကုထုံး ဝန်ဆောင်မှုပေးသူ၏ အမေရိကန်ပြည်ထောင်စုရှိ ရုံးခန်းတည်နေရာနှစ်ခုတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါအတွက် ကုသမှုအဖြစ် ၎င်းအား ကက်တမင်း ပေးခဲ့ကြောင်း စာတန်းတွင် အသုံးပြုသူက ဖော်ပြထားသည်။ အသုံးပြုသူက ကက်တမင်းကို ဆေးအဖြစ် ဖော်ပြထားသော်လည်း ပို့စ်တွင် ကျွမ်းကျင်ပညာရှင်၏ ဆေးစစ်တမ်း ဖော်ပြချက်၊ လိုင်စင်ရဆေးခန်းတစ်ခုတွင် ကုသမှုလုပ်ခဲ့ကြောင်း ရှင်းလင်းသော အထောက်အထားနှင့် ကုသမှုကို ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် ဆောင်ရွက်ခဲ့ကြောင်း ပြသသည့် မည်သည့်အရာမျှ မပါရှိခဲ့ပါ။ အသုံးပြုသူခံယူသည့် ကုသမှုကို "အခြားကမ္ဘာတစ်ခုထဲ မှော်ဆန်ဆန် ရောက်ရှိသွားစေခြင်း" အဖြစ် ပို့စ်တွင်ဖော်ပြထားသည်။ "စိတ်လှည့်စားမှု ဖြစ်ပေါ်စေသော ဆေးများ" (ကက်တမင်းပါဝင်သည်ဟု ပို့စ်အရ ရည်ညွှန်းထားသည့် အမျိုးအစား) သည် အရေးပါထင်ရှားသော စိတ်ကျန်းမာရေးဆေးတစ်မျိုး ဖြစ်သည်ဟု ယုံကြည်ချက်ကိုလည်း ပို့စ်တွင် ဖော်ပြထားသည်။ စိတ်လှည့်စားမှု ဖြစ်ပေါ်စေသော ဆေးပုံအချို့ပါဝင်သည့် ပုံဆယ်ပုံတွင် အသုံးပြုသူ၏ အတွေ့အကြုံကို ဇာတ်ကြောင်းပြော ပုံပြဇယားပုံစံဖြင့် သရုပ်ဖော်ထားပြီး အသုံးပြုသူသည် "သမားရိုးကျ ကုသမှုကို တုံ့ပြန်မှုမရှိသည့် အပြင်းစား စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှု" အတွက် "ကုထုံးခံယူချိန်" အများအပြားကို လက်ခံရရှိခဲ့သည်ဟု ဖော်ပြထားသည်။ အတွေ့အကြုံကို ဖော်ပြသော အသုံးပြုသူ၏ အကောင့်တွင် စောင့်ကြည့်သူ ၂၀၀,၀၀၀ ခန့်ရှိပြီး ပို့စ်ကို အကြိမ်ပေါင်း ၈၅,၀၀၀ ခန့် ကြည့်ခဲ့သည်။
အသုံးပြုသူသုံးဦးက ပို့စ်တွင် ပါဝင်သော ပုံများထဲမှ တစ်ပုံ သို့မဟုတ် တစ်ပုံထက်မကအား တိုင်ကြားခဲ့ပြီး အကြောင်းအရာကို Meta ၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းအရ သုံးကြိမ်တိုင်အောင် ဖယ်ရှားခဲ့ပြီးနောက် ပြန်ထည့်သွင်းပေးခဲ့သည်။ ပို့စ်ကို တတိယအကြိမ် ဖယ်ရှားပြီးနောက် အကြောင်းအရာ ဖန်တီးသူသည် ၎င်းကို Meta သတိပြုမိအောင် တင်ပြခဲ့သည်။ ထို့နောက် အကြောင်းအရာကို ထပ်ဆောင်းစိစစ်သုံးသပ်မှုအတွက် မူဝါဒ သို့မဟုတ် အကြောင်းအရာ ကျွမ်းကျင်သူများထံ အလေးထားတင်ပြခဲ့ပြီး ၎င်းကို မူလတင်ခဲ့သည့်အချိန်မှ ခြောက်လခန့်ကြာပြီးနောက် ပြန်ထည့်သွင်းပေးခဲ့သည်။ ထို့နောက် Meta သည် အမှုကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ "အစီအမံအတိုင်း တိုက်ရိုက်လွှင့်သည့် ပါတနာ" အဖြစ် အကြောင်းအရာဖန်တီးသူ၏ အခြေအနေက Meta အတွင်း ပို့စ်ကို အလေးထားတင်ပြရာ၌ အထောက်အကူဖြစ်စေခဲ့သည်။ “အစီအမံအတိုင်း တိုက်ရိုက်လွှင့်သည့် ပါတနာများ” သည် နာမည်ကြီးများကဲ့သို့ လူပုဂ္ဂိုလ်များနှင့် လုပ်ငန်းများ သို့မဟုတ် ပရဟိတအဖွဲ့များကဲ့သို့ အဖွဲ့အစည်းများအပါအဝင် နယ်ပယ်အမျိုးမျိုးမှ အဖွဲ့အစည်းများဖြစ်သည်။ ၎င်းတို့သည် သီးသန့်မိတ်ဖက်မန်နေဂျာသို့ ဝင်ရောက်အသုံးပြုခွင့် အပါအဝင် အဆင့်မြင့် ပံ့ပိုးကူညီမှု အဆင့်အမျိုးမျိုးကို လက်ခံရရှိသည်။
အဓိက တွေ့ရှိချက်များ
အောက်တွင် ပို၍အပြည့်အစုံ ရှင်းပြထားသည့်အတိုင်း ဆေးဝါးများကို ကြော်ငြာပြီး ဆေးဝါးများကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းသည့် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာများအပေါ် ချမှတ်ထားသည့် Meta ၏ ပြင်းထန်သော ကန့်သတ်ချက်များကို လိုက်နာစေရန် တစ်သမတ်တည်းမဟုတ်ဘဲ စည်းကမ်းထိန်းသိမ်းနေနိုင်ကြောင်း ဤအမှုက ညွှန်ပြနေသည်။
ဤအမှုရှိ အကြောင်းအရာကို အခပေး ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တင်ခဲ့သောကြောင့် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာ မူဝါဒများက သက်ရောက်သင့်သည်။ Meta က အမှုနှင့်ပတ်သက်သော ဤလက္ခဏာသွင်ပြင်ကို ၎င်း၏လွှဲပြောင်းမှု သို့မဟုတ် ကနဦးတင်သွင်းချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မဖော်ပြခဲ့သည်ကို ဘုတ်အဖွဲ့က စိုးရိမ်သည်။ ယင်းအစား ဘုတ်အဖွဲ့သည် ကုမ္ပဏီထံ မေးခွန်းများ ပေးပို့ပြီးနောက်တွင်သာ ပို့စ်၏ အခပေး သဘောသဘာဝအကြောင်း သိရှိခဲ့ရသည်။ Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများတွင် "တရားမဝင်သော သို့မဟုတ် အပန်းဖြေမှုဆိုင်ရာ မူးယစ်ဆေးဝါးများအပါအဝင် မူးယစ်ဆေးများနှင့် မူးယစ်ဆေးနှင့်သက်ဆိုင်သော ထုတ်ကုန်များ" အပါအဝင် "အချို့သောထုတ်ကုန်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အမှတ်တံဆိပ်များအား အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာနှင့်အတူ ကြော်ငြာ၍မရနိုင်ပါ" ဟု ဖော်ပြထားသည်။ ဤအမှုရှိ အကြောင်းအရာသည် "အခပေး ပူးပေါင်းဆောင်ရွက်မှု" ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီး ကက်တမင်းသုံးစွဲမှုကို ရှင်းလင်းစွာ ကြော်ငြာထားကာ ခြွင်းချက်တစ်ခုတွင် အကျုံးမဝင်သဖြင့် ၎င်းသည် ဤမူဝါဒများကို ချိုးဖောက်ခဲ့သည်။ ဘုတ်အဖွဲ့၏ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် "အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်းပါသော အကြောင်းအရာအားလုံးကို ၎င်း၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများနှင့် တိုက်ဆိုင်၍ စိစစ်သုံးသပ်ခြင်းမပြုကြောင်း၊ အကြောင်းအရာမြောက်မြားစွာကို စိစစ်သုံးသပ်သော စိစစ်သူများသည် ဤအညွှန်းကို မမြင်နိုင်ကြောင်းနှင့် ၎င်းတို့သည် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရန် တာဝန်ရှိသော အထူးအဖွဲ့ထံ အကြောင်းအရာကို လမ်းကြောင်းပြောင်းပို့၍ မရနိုင်ကြောင်း Meta က လက်ခံခဲ့သည်။ ယင်းအချက်က ဤကဲ့သို့အကြောင်းအရာမျိုးကို စည်းကမ်းထိန်းသိမ်းမှု အားနည်းနိုင်ခြေ အန္တရာယ်ကို အလွန်မြင့်တက်စေသည်။ ထို့ကြောင့် ဘုတ်အဖွဲ့သည် Meta အား ၎င်းအနေဖြင့် အကြောင်းအရာများကို ၎င်း၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများအပါအဝင် သက်ဆိုင်ရာမူဝါဒအားလုံးနှင့် တိုက်ဆိုင်၍ စိစစ်သုံးသပ်ကြောင်း သေချာစေရန် တိုက်တွန်းသည်။
အကြောင်းအရာသည် ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကိုလည်း ချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ၎င်းသည် "ဆေးကုသမှုဆိုင်ရာ ဆေးဝါးများ" ("ဆေးစာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက စီမံပေးအပ်ရန် လိုအပ်သည့် ဆေးဝါးများ") ကို ကြော်ငြာခြင်းအား ခွင့်ပြုသော်လည်း "ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဝါးများ" ("ရည်ရွယ်ထားသော ဆေးဘက်ဆိုင်ရာကိစ္စရပ်အတွက် သုံးစွဲခြင်းမဟုတ်သော သို့မဟုတ် ယစ်မူးစေရန် သုံးစွဲသော ဆေးများ သို့မဟုတ် ပစ္စည်းများ") ကို ကြော်ငြာခြင်းအား တားမြစ်သည်။ သို့ရာတွင် ဤအမှုက ညွှန်ပြထားသည့်အတိုင်း အချို့သောဆေးများသည် အမျိုးအစားနှစ်ခုလုံးတွင် အကျုံးဝင်သည်။ ဆေးညွှန်ကြားပေးခြင်း သို့မဟုတ် ဆေးပေးခြင်းတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍကို အလေးပေးခြင်းဖြင့် ဤအားပြိုင်မှုကို အကောင်းဆုံးဖြေရှင်းပါမည်။ ရှေ့အပိုဒ်တွင် ဖော်ပြထားသည့်အတိုင်း အခပေးအကြောင်းအရာသည် ပို၍ပင် တင်းကျပ်သောစံနှုန်းတစ်ခုကို လိုက်နာရသည်။ ဤအမှုရှိ အကြောင်းအရာတွင် "ယစ်မူးစေရန်" ဆေးတစ်မျိုး သုံးစွဲမှုကို အခိုင်အမာ ဖော်ပြထားသော်လည်း ဆေးစစ်တမ်းကို ရည်ညွှန်းခြင်းဖြစ်စေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ (ဥပမာ "ဆရာဝန်"၊ "သူနာပြု"၊ "စိတ်ကျန်းမာရေးအထူးကုဆရာဝန်") တို့ကို ရည်ညွှန်းခြင်းများဖြစ်စေ တိုက်ရိုက်ပြုလုပ်ထားခြင်းမရှိသော ဖော်ပြချက်များ ပါဝင်ခဲ့သဖြင့် ဤအမှုရှိ အသုံးပြုသူသည် ကက်တမင်းသုံးစွဲမှုကို ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် လုပ်ဆောင်ခဲ့ကြောင်း အလုံအလောက် သက်သေမပြနိုင်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ထို့ကြောင့် အကြောင်းအရာသည် ဤလူမှုစံနှုန်းကို ချိုးဖောက်ပြီး ၎င်းကို ဖယ်ရှားသင့်သည်။
ဆေးများနှင့်ဆက်စပ်သော Meta ၏ မူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရာတွင် တစ်သမတ်တည်းမဖြစ်နိုင်ခြေနှင့် ပတ်သက်၍လည်း ဘုတ်အဖွဲ့က စိုးရိမ်သည်။ ၂၀၂၂ ခုနှစ်နှောင်းပိုင်း၌ လေးပတ်တာ ကာလတစ်ခုကြာ ကြော်ငြာများအား စိစစ်သုံးသပ်မှုပေါ်အခြေခံသည့် Wall Street Journal ၏ မကြာသေးမီက စုံစမ်းစစ်ဆေးမှု တစ်ခုတွင် အန္တရာယ်များကို ကိုးကားခြင်းမရှိဘဲ ဆေးစာဖြင့်ဝယ်ယူရသော ဆေးများ၏ အကျိုးကျေးဇူးများကို ဖော်ပြခဲ့သည့်၊ ဆေးများကို ခွင့်ပြုမထားသော သုံးစွဲမှုများအတွက် ကြော်ငြာခဲ့သည့် သို့မဟုတ် သရုပ်ဆောင်များထံမှဖြစ်စေ၊ ကုမ္ပဏီဝန်ထမ်းများထံမှဖြစ်စေ ရရှိခဲ့ခြင်းဟုတ်၊ မဟုတ် ထုတ်ပြောခြင်းမရှိဘဲ ထောက်ခံချက်များကို အသားပေးဖော်ပြခဲ့သည့် Facebook နှင့် Instagram ရှိ ကြော်ငြာ ၂,၁၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အမျိုးသားဆေးဆိုင်ဘုတ်အဖွဲ့ (NABP) ထံမှ ဘုတ်အဖွဲ့ လက်ခံရရှိခဲ့သည့် အများမြင်မှတ်ချက်တစ်ခုတွင်လည်း Meta ၏ ပလက်ဖောင်းများပေါ်ရှိ Meta ၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းအား ရှင်းရှင်းလင်းလင်း ချိုးဖောက်မှုများမှာ တွေ့နေကျဖြစ်နိုင်ကြောင်းလည်း မှတ်ချက်ပြုသည်။ "သာမန်ကာလျှံကာ တစ်ကြိမ်ရှာဖွေရုံဖြင့် ၁ မိနစ်မပြည့်ခင်အတွင်း" ၎င်းတို့သည် အပန်းဖြေခြင်းဆိုင်ရာ သုံးစွဲမှုအတွက် ရှင်းရှင်းလင်းလင်း အမှတ်အသားပြုထားပြီး ကက်တမင်းကို အသားပေးဖော်ပြထားသော ပို့စ်များစွာကို တွေ့ရှိခဲ့ကြောင်း NABP က မှတ်ချက်ပြုခဲ့သည်။
ကြီးကြပ်ရေး ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ဤအကြောင်းအရာကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချပြီး ပို့စ်ကို ဖယ်ရှားပေးရန် တောင်းဆိုသည်။
ဘုတ်အဖွဲ့က Meta အနေဖြင့် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-
- အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာကို စိစစ်သုံးသပ်သည့် လုပ်ငန်းစဉ်တွင်အပါအဝင် "အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်းများကို ဖော်ပြထားသည့်နေရာတိုင်း၌ ထိုအညွှန်း၏ အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြပေးပါ။ ၎င်းတွင် အခပေးအကြောင်းအရာကို ခွင့်ပြုရာတွင်နှင့် "အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်းများကို ထည့်သွင်းရာတွင် လုပ်ငန်းမိတ်ဖက်များ၏ အခန်းကဏ္ဍကို ရှင်းပြခြင်း ပါဝင်သည်။
- သုံးစွဲမှုသည် "ကြီးကြပ်ထားသော ဆေးဘက်ဆိုင်ရာနေရာ" တစ်ခုတွင်သာ "ယစ်မူးခြင်း" ကို ဖြစ်ပေါ်စေနိုင်လျှင် "ဆေးကုသမှုနှင့်ဆိုင်သော ဆေးဝါးများအား သုံးစွဲနေခြင်းကို ဝန်ခံသည့် သို့မဟုတ် သုံးစွဲမှုကို ကြော်ငြာသည့်" အကြောင်းအရာကို ခွင့်ပြုသည်ဟူ၍ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်း၏ အသုံးအနှုန်းတွင် ရှင်းလင်းပေးပါ။
- အခပေး ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖန်တီးထားသော အကြောင်းအရာကို သက်ဆိုင်ရာမူဝါဒအားလုံး (ဆိုလိုသည်မှာ လူမှုစံနှုန်းများနှင့် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ) နှင့် တိုက်ဆိုင်၍ စိစစ်သုံးသပ်ကြောင်း သေချာစေရန် ၎င်း၏ စိစစ်သုံးသပ်မှု လုပ်ငန်းစဉ်ကို တိုးတက်အောင်လုပ်ဆောင်ပါ။ မူဝါဒနှင့်ငြိစွန်းသည့်အခါ Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို ကျင့်သုံးနိုင်ပြီး ထိုသို့ကျင့်သုံးနိုင်စေရန် လေ့ကျင့်ပေးထားသည့် စိစစ်သုံးသပ်သူများ သို့မဟုတ် အလိုအလျောက်စနစ်များသို့ အကြောင်းအရာကို ပေးပို့ကြောင်း Meta က သေချာအောင် လုပ်သင့်သည်။
- ဆေးများရောင်းချခြင်း နှင့်/သို့မဟုတ် ဆေးများကို အခပေးကြော်ငြာခြင်းနှင့် သက်ဆိုင်သည့် ၎င်း၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများနှင့် ကန့်သတ်ထားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းမှ မူဝါဒသဘောထားများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းမှုအား စစ်ဆေးပါ။ ထို့နောက်တွင် Meta သည် စည်းကမ်းထိန်းသိမ်းမှု၌ တွေ့ရှိရသော မည်သည့်ဟာကွက်ကိုမဆို ဖြေရှင်းသင့်သည်။
* အမှုအနှစ်ချုပ်များတွင် အမှုအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။
အမှုအပေါ် ဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
အမေရိကန်ပြည်ထောင်စုရှိ ကက်တမင်းကုထုံး ဝန်ဆောင်မှုပေးသူ၏ ရုံးခန်းများတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါအတွက် ကုသမှုအဖြစ် ကက်တမင်း အသုံးပြုခြင်းနှင့် ပတ်သက်သော ၎င်း၏အတွေ့အကြုံများကို ဆွေးနွေးသည့် အသုံးပြုသူတစ်ဦး၏ Instagram ပို့စ်ကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ပို့စ်တွင် အသုံးပြုသူက ပို့စ်အတွက် ကြားခံပြင်ပ "လုပ်ငန်းမိတ်ဖက်" ထံမှ အခကြေးငွေရရှိခဲ့ကြောင်း ပြသသည့် "အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်းတစ်ခု ပါဝင်ခဲ့သည်။ ထိုကဲ့သို့ပို့စ်များသည် Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများနှင့် ကိုက်ညီရမည်။ ယင်းမူဝါဒများသည် တင်းကျပ်သော သတ်မှတ်ချက်များအောက်တွင် ဆေးဆိုင်များနှင့် ဆေးစာဖြင့်ဝယ်ယူရသော ဆေးများကို ကြော်ငြာခြင်းမှလွဲ၍ "တရားမဝင်နှင့် အပန်းဖြေမှုဆိုင်ရာ ဆေးများအပါအဝင် ဆေးဝါးများနှင့် ဆေးဝါးနှင့် သက်ဆိုင်သော ထုတ်ကုန်များ" အား ကြော်ငြာခြင်းကို တားမြစ်ပြီး ဤအမှုတွင် ဘုတ်အဖွဲ့ တွေ့ရှိခဲ့သည့် ဆေးဝါးကြော်ငြာမှုများမှာ အဆိုပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိခဲ့ပါ။ ဤအတွက်ကြောင့် ပို့စ်သည် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို ချိုးဖာက်ခဲ့ကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။
အကယ်၍ ဤပို့စ်က အခပေး ပူးပေါင်းဆောင်ရွက်မှု မဟုတ်ခဲ့လျှင်ပင် ၎င်းသည် Meta ၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်လိမ့်မည်ဟု ဘုတ်အဖွဲ့က ယူဆပါသည်။ ထိုစံနှုန်းသည် အသုံးပြုသူများအား ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို ကြော်ငြာခွင့်ပြုသော်လည်း "ယစ်မူးစေရန်" သုံးစွဲသော ဆေးဝါးများအား ကြော်ငြာခြင်းမှ တားမြစ်သည်။ ကက်တမင်းသည် "ယစ်မူးခြင်း" ကိုလည်း ဖြစ်ပေါ်စေနိုင်သည့် ဆေးကုသမှုဆိုင်ရာ ဆေးဝါးတစ်ခုဖြစ်သည်။ ၎င်းတွင် အရေးကြီးသော ကုထုံးဆိုင်ရာသုံးစွဲမှုများနှင့် တွေ့ရများသော အပန်းဖြေမှုဆိုင်ရာသုံးစွဲမှုများ နှစ်မျိုးလုံးရှိသည်။ "ယစ်မူးခြင်း" ကို ဖြစ်စေသည့်အခါတွင်ပင် ကက်တမင်းကို ကြော်ငြာသော ပို့စ်များကို ခွင့်ပြုသော်လည်း ၎င်းကို ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် ပေးခဲ့ကြောင်း ပို့စ်က ရှင်းလင်းစေသည့်အခါမှသာ ထိုသို့ခွင့်ပြုကြောင်း အဆိုပါစံနှုန်းကို အဓိပ္ပာယ်ကောက်သင့်သည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဤအမှုတွင် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှု ရှိခြင်းကို လက်တွေ့ပြသရန် အထောက်အထား အလုံအလောက် မရှိခဲ့ကြောင်း ဘုတ်အဖွဲ့က ဆုံးဖြတ်သည်။
Meta ၏ ဆုံးဖြတ်ချက်ကို ပယ်ချသည့်အပြင် ဘုတ်အဖွဲ့သည် Meta အား "အခပေး ပူးပေါင်းဆောင်ရွက်မှု" ၏ အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြရန်အတွက် ၎င်း၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို ပြန်လည်ပြင်ဆင်ရန်နှင့် သက်ဆိုင်သည့်နေရာတွင် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရန် အကြောင်းအရာ စိစစ်သုံးသပ်သူများ၌ အချက်အလက် အပြည့်အစုံရှိကြောင်း သေချာအောင်လုပ်ရန် အကြံပြုသည်။ ဆေးဝါးကို ဆေးဘက်ဆိုင်ရာအတွက် အသုံးပြုရာတွင် "ယစ်မူးခြင်း" ကိုလည်း ဖြစ်ပေါ်စေသည့်အခါ ခိုင်မာသော ဆေးဘက်ဆိုင်ရာကြီးကြပ်မှု အထောက်အထားရှိသည့် သုံးစွဲမှုများကို ဆွေးနွေးသည့်အခါမှသာ ဆေးကိုကြော်ငြာသော ပို့စ်များအား ခွင့်ပြုနိုင်ကြောင်း ထည့်သွင်းဖော်ပြရန်အတွက် Meta အနေဖြင့် ၎င်း၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းတွင် ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဝါးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းဖော်ပြရန်လည်း ဘုတ်အဖွဲ့က အကြံပြုသည်။ နောက်ဆုံးအနေဖြင့် ဘုတ်အဖွဲ့သည် ဤအမှုတွင်သာမက Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများတွင် ၎င်း၏ ထဲထဲဝင်ဝင် စိတ်ဝင်စားမှုကို ဖော်ပြပြီး အဆိုပါမူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းမှု နှင့်/သို့မဟုတ် လုပ်ငန်းမိတ်ဖက်များနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို သက်ဆိုင်လျှင် ဘုတ်အဖွဲ့နှင့် မျှဝေပေးရန် Meta အား တောင်းဆိုထားပါသည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် အတည်ပြုစစ်ဆေးပြီးသော Instagram အသုံးပြုသူတစ်ဦးသည် ပို့စ်တစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်စပ်ပုံ ၁၀ ပုံတွဲကို စာတန်းနှင့်တွဲ၍ တင်ခဲ့သည်။ လူသိများသော ကက်တမင်း ကုထုံးဝန်ဆောင်မှုပေးသူအား ပို့စ်၏ ပူးတွဲရေးသားသူအဖြစ် အမည်ကတ်တွဲထားသည်။ ဆိုလိုသည်မှာ ပို့စ်ကို အကောင့်နှစ်ခုလုံး၏ စောင့်ကြည့်သူများအား မျှဝေပြီး အကောင့်နှစ်ခုလုံးတွင် အမြဲတမ်းပို့စ်တစ်ခုအဖြစ် မြင်နိုင်သည်။ ပို့စ်ကို "အခပေး ပူးပေါင်းဆောင်ရွက်မှု" အဖြစ် အညွှန်းတပ်ထားသည်။ Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများအရ Meta ၏ လုပ်ငန်းမိတ်ဖက်များသည် ကြားခံပြင်ပအဖွဲ့အစည်းတစ်ခုနှင့် စီးပွားရေးဆိုင်ရာဆက်ဆံမှုကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောရန် ၎င်းတို့၏ အကြောင်းအရာများတွင် ထိုကဲ့သို့အညွှန်းများကို ထည့်သွင်းရမည်။ ဤအညွှန်းများသည် လုပ်ငန်းမိတ်ဖက်၏ အမည်နောက်တွင် "နှင့် အခပေး ပူးပေါင်းဆောင်ရွက်မှု" ဟု ဖော်ပြထားသော စာသားအဖြစ် အကြောင်းအရာကို တင်သော အသုံးပြုသူ၏ အသုံးပြုသူအမည်အောက်တည့်တည့်၌ ပေါ်သည်။
ကက်တမင်းကုထုံး ဝန်ဆောင်မှုပေးသူ၏ အမေရိကန်ပြည်ထောင်စုရှိ ရုံးခန်းတည်နေရာနှစ်ခု၌ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါအတွက် ကုသမှုအဖြစ် ၎င်းအား ကက်တမင်း ပေးခဲ့ကြောင်း ပုံအတွဲအောက်ရှိ စာတန်းတစ်ခုတွင် အသုံးပြုသူက ဖော်ပြထားသည်။ အဆိုပါဝန်ဆောင်မှုပေးသူ၏ Instagram အကောင့်ကို စာတန်းတွင် ထပ်မံ၍ အမည်ကတ်တွဲထားသောကြောင့် အသုံးပြုသူများသည် ကလစ်နှိပ်ပြီး အကောင့်သို့ သွားရောက်နိုင်သည်။ အသုံးပြုသူက ကက်တမင်းကို ဆေးအဖြစ် ဖော်ပြထားသော်လည်း ပို့စ်တွင် ကျွမ်းကျင်ပညာရှင်၏ ဆေးစစ်တမ်းအကြောင်း ဖော်ပြချက်၊ လိုင်စင်ရဆေးခန်းတစ်ခုတွင် ကုသမှုပြုလုပ်ခဲ့ကြောင်း ရှင်းလင်းသော အထောက်အထားနှင့် ကုသမှုကို ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် ဆောင်ရွက်ခဲ့ကြောင်း ပြသသည့် မည်သည့်အရာမျှ မပါရှိခဲ့ပါ။ အသုံးပြုသူခံယူသည့် ကုသမှုကို "အခြားကမ္ဘာတစ်ခုထဲ မှော်ဆန်ဆန် ရောက်ရှိသွားစေခြင်း" အဖြစ် ပို့စ်တွင်ဖော်ပြထားသည်။ "စိတ်လှည့်စားမှု ဖြစ်ပေါ်စေသော ဆေးများ" (ကက်တမင်းပါဝင်သည်ဟု ပို့စ်အရ ရည်ညွှန်းထားသည့် အမျိုးအစား) သည် အရေးပါထင်ရှားသော စိတ်ကျန်းမာရေးဆေးဝါးများစွာထဲမှ တစ်မျိုး ဖြစ်သည်ဟု ယုံကြည်ချက်ကိုလည်း ပို့စ်တွင် ဖော်ပြထားသည်။
အတွဲရှိ ပုံ ၁၀ ပုံသည် ကျွမ်းကျင်အရည်အသွေးပြည့်မီသော ပုံများဖြစ်ပြီး တစ်ပုံစီတွင် ဝန်ဆောင်မှုပေးသူထံ၌ အသုံးပြုသူ၏ ကုသမှုအတွေ့အကြုံကို သိရှိစေသော စာသားထပ်၍ပြသမှု ပါရှိသည်။ ပုံများသည် ကုသမှုအတွေ့အကြုံကို ဇာတ်ကြောင်းပြော ပုံပြဇယားပုံစံဖြင့် အစဉ်လိုက်သရုပ်ဖော်ထားပြီး အသုံးပြုသူသည် "သမားရိုးကျ ကုသမှုကို တုံ့ပြန်မှုမရှိသည့် အပြင်းစား စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှု" အတွက် "ကုထုံးခံယူချိန်" အများအပြားကို လက်ခံရရှိခဲ့သည်ဟု ဖော်ပြထားသည်။ ပုံအချို့တွင် သက်တံများ၊ ကြယ်များနှင့် အခြားအရာဝတ္ထုများက ခေါင်းမှထွက်ပေါ်လာခြင်းအပြင် ပြင်ပအာကာသနောက်ခံ၌ ပေါ်နေသော နေ့စဉ်သုံးအရာဝတ္ထုများကဲ့သို့ စိတ်လှည့်စားမှု ဖြစ်ပေါ်စေသောရုပ်ပုံများ ပါဝင်သည်။ ပုံတွဲ၏ တစ်စိတ်တစ်ပိုင်းသည် ကုထုံးခံယူနေစဉ် တစ်ချိန်တည်းတွင် ဖြစ်ပျက်ခဲ့သည့် ထိုပုဂ္ဂိုလ်၏ ဘဝရှိ ခက်ခဲသော ကာလအမျိုးမျိုးကို ထင်ဟပ်စေခဲ့သည်။ အခြားပုံများသည် ကုသမှုအတွက် ပြင်ဆင်မှု (ဖြေလျှော့မှု လုပ်ငန်းစဉ်ပါဝင်ခဲ့သည်)၊ ကုသမှု (ကက်တမင်းနှစ်ကြိမ်ပေးခြင်း ပါဝင်ခဲ့သည်) နှင့် "ပြန်လည်ပေါင်းစပ်ခြင်း" (ကုသမှုခံယူပြီးနောက် အလေးအနက်စဉ်းစားခြင်း လုပ်ငန်းစဉ် ပါဝင်ခဲ့သည်) တို့ကို အစဉ်လိုက်ဖော်ပြထားသည်။ ပုံတွဲ၏ အခြားတစ်ပိုင်းသည် “ကျွန်တော့်ရဲ့ စိတ်အတွင်းပိုင်း အဓိကဗဟိုချက်နဲ့ ပိုနီးကပ်လာရုံသာမက ကျွန်တော့်ကိုယ်ထဲကနေ ဆွဲထုတ်သွားသလို ခံစားချက်” ဟူသော ဖော်ပြချက်အပါအဝင် ကုသမှုကို ချီးမွမ်းထားသည်။ အသုံးပြုသူသည် ကုသမှုကို "ခရီးကောင်းတစ်ခုခု" နှင့် ခိုင်းနှိုင်းဖော်ပြခဲ့သည်။ Meta ၏ လွှဲပြောင်းပေးမှုအတွက် အဓိကပုံဖြစ်ခဲ့သော ပုံတစ်ပုံသည် အသုံးပြုသူကို ပံ့ပိုးကူညီခဲ့သည့် "အံ့မခန်း ဝန်ထမ်းများ" ဟူသော ထောက်ခံချက်တစ်ခုနှင့်အတူ ရုံးအကြောင်း အပြုသဘောဆောင်သော သရုပ်ဖော်မှုနှင့် စာဖြင့်ဖော်ပြချက် ဖြစ်ခဲ့သည်။ သို့ရာတွင် ပုံတွဲသည် တရားဝင် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုတစ်ခုကိုမျှ မဖော်ပြထားပါ—ဥပမာအားဖြင့် ၎င်းသည် စိတ်ကျရောဂါ သို့မဟုတ် စိုးရိမ်ပူပန်မှုနှင့် ပတ်သက်သော ဆေးစစ်တမ်း သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ဆောင်ရွက်သော ကုသမှုကို တိုက်ရိုက်ရည်ညွှန်းခြင်းမပြုခဲ့ပါ။ ၎င်းသည် ကုသမှုပေးသူက လိုင်စင်ရ ကျန်းမာရေးဆေးခန်းတစ်ခုဟုတ်၊ မဟုတ်ကိုလည်း မဖော်ပြခဲ့ပါ။
ပို့စ်တွင် နှစ်သက်မှုပေါင်း ၁၀,၀၀၀ ခန့်၊ မှတ်ချက် ၁,၀၀၀ အောက် ရရှိခဲ့ပြီး ၎င်းကို ၈၅,၀၀၀ ဝန်းကျင်ခန့် ကြည့်ရှုခဲ့ကြသည်။ မိမိ၏အတွေ့အကြုံကို ပြောပြခဲ့သော အသုံးပြုသူ၏ အကောင့်တွင် စောင့်ကြည့်သူပေါင်း ၂၀၀,၀၀၀ ခန့် ရှိသည်။
စုစုပေါင်း အသုံးပြုသူသုံးဦးက ပို့စ်တွင် ပါဝင်သော ပုံ ၁၀ ပုံထဲမှ တစ်ပုံ သို့မဟုတ် တစ်ပုံထက်မကအား တိုင်ကြားခဲ့ပြီး အကြောင်းအရာကို Meta ၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဆိုင်ရာ လူမှုစံနှုန်းအရ သုံးကြိမ်တိုင်အောင် ဖယ်ရှားခဲ့ပြီးနောက် ပြန်ထည့်သွင်းပေးခဲ့သည်။ ပထမအကြိမ် တိုင်ကြားပြီးနောက် မိနစ် ၃၀ မပြည့်ခင်တွင် အကြောင်းအရာကို လူကိုယ်တိုင် စိစစ်သုံးသပ်မှုမှတစ်ဆင့် ဖယ်ရှားခဲ့သည်။ အကြောင်းအရာကို တင်ခဲ့သည့် အသုံးပြုသူက ဖယ်ရှားမှုကို အယူခံဝင်ခဲ့သည်။ အယူခံဝင်သည့်အခါ လူကိုယ်တိုင် စိစစ်သုံးသပ်သူတစ်ဦးက ၎င်းကို မူလကဖယ်ရှားပြီးနောက် ငါးနာရီမပြည့်ခင်မှာပင် အကြောင်းအရာကို ပြန်ထည့်သွင်းပေးခဲ့သည်။ တစ်နာရီခန့်ကြာပြီးနောက် အကြောင်းအရာကို ဒုတိယအကြိမ်တိုင်ကြားခဲ့ပြီး ချက်ချင်းနီးပါး ဖယ်ရှားခဲ့ကာ နာရီဝက်မပြည့်ခင်မှာပင် ထပ်မံပြန်ထည့်သွင်းခဲ့သည်။ အားလုံးကို လူကိုယ်တိုင် စိစစ်သုံးသပ်မှုမှတစ်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သီတင်းပတ်များစွာကြာပြီးနောက် အကြောင်းအရာကို နောက်တစ်ကြိမ် ထပ်မံ၍တိုင်ကြားခဲ့သည်။ ဤတတိယအကြိမ်တိုင်ကြားမှုကို အကြောင်းအရာ စိစစ်သူများက ချမှတ်ထားပြီးဖြစ်သော ယခင်ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ၎င်း၏အရေးယူမှုများကို လုပ်ဆောင်သည့် အလိုအလျောက်စနစ်တစ်ခုက စည်းကမ်းထိန်းသိမ်းခဲ့သည်။ အလိုအလျောက်စနစ်က အကြောင်းအရာသည် Instagram ၏ လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များ၊ အထူးသဖြင့် ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ခဲ့သည်ဟု ဆုံးဖြတ်ပြီးနောက် ၎င်းကို ဖယ်ရှားခဲ့သည်။
ဖယ်ရှားမှုများသည် Meta ၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းပေါ်တွင်သာ အခြေခံခဲ့သည်။ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများသည် "အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်းပါသော အကြောင်းအရာ အစိတ်အပိုင်းအားလုံးအပေါ် သက်ရောက်သင့်ကြောင်း ဤမူဝါဒများနှင့်ပတ်သက်၍ ရနိုင်သော အများဖတ်ရှုနိုင်သည့် အချက်အလက်များက ဖော်ပြထားသည့်အတိုင်း ဆေးများကို အခပေးကြော်ငြာခြင်းအပေါ် အဆိုပါမူဝါဒများ၏ တားမြစ်ချက်ကို ချိုးဖောက်မှုအဖြစ် အကြောင်းအရာအား ဖယ်ရှားခြင်းမပြုခဲ့သည့် အကြောင်းရင်းကို ဘုတ်အဖွဲ့က Meta ကို မေးမြန်းခဲ့သည်။ ကုမ္ပဏီသည် အဆိုပါမူဝါဒများအား "အမှတ်တံဆိပ် ပါတနာက အမှန်တကယ် စိစစ်သုံးသပ်ပြီး အတည်ပြုထားသည့် ကျွန်ုပ်တို့၏ 'အခပေး ပူးပေါင်းဆောင်မှု' အညွှန်းမှတစ်ဆင့် ထုတ်ဖော်ပြောထားသော အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာအပေါ်" သာ ကျင့်သုံးသောကြောင့် ယင်းအကြောင်းအရာတွင် ထိုမူဝါဒများကို မကျင့်သုံးခဲ့ကြောင်း Meta က တုံ့ပြန်ခဲ့သည်။ အမှတ်တံဆိပ်များသည် "(ပို့စ်တစ်ခုစီအတွက် အမည်ကတ်များကို ခွင့်ပြုရန် လိုအပ်ချက်ကို ဖယ်ရှားလျက်) အချို့သောဖန်တီးသူများအား အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာတွင် ၎င်းတို့ကို အမည်ကတ်တွဲရန် အကောင့်အဆင့် ခွင့်ပြုချက်များ ပေးအပ်နိုင်သည်" ဟုလည်း Meta က ထပ်မံရှင်းပြခဲ့သည်။ ဆိုလိုသည်မှာ သက်ဆိုင်ရာ အမှတ်တံဆိပ်မိတ်ဖက်၏ စိစစ်သုံးသပ်မှုတစ်မျိုးမျိုးမရှိဘဲ အမည်ကတ်များကို အလိုအလျောက်ခွင့်ပြုနိုင်သည်။ အဆိုပါဖြစ်ရပ်များတွင် အကြောင်းအရာကို Meta ၏ အထူးအဖွဲ့များက အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများနှင့်တိုက်ဆိုင်၍ စိစစ်သုံးသပ်ခြင်းမပြုပါ။ သို့ဖြစ်စေကာမူ Meta ၏ အဆိုအရ အကြောင်းအရာကို စိစစ်သုံးသပ်ရန်အတွက် အထူးအဖွဲ့များထံ လမ်းကြောင်းပြောင်းပို့ပေး၍ မရနိုင်သည့် အကြောင်းအရာ အမြောက်အမြား စိစစ်သုံးသပ်သူများသည် "အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်းအား မမြင်ရသောကြောင့် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာမူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းမှုတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုကြပါ။
ပို့စ်ကို တတိယအကြိမ် ဖယ်ရှားပြီးနောက် အကြောင်းအရာ ဖန်တီးသူသည် ၎င်းကို Meta သတိပြုမိအောင် တင်ပြခဲ့သည်။ ထို့နောက် အကြောင်းအရာကို ထပ်ဆောင်းစိစစ်သုံးသပ်မှုအတွက် မူဝါဒ သို့မဟုတ် အကြောင်းအရာ ကျွမ်းကျင်သူများထံ အလေးထားတင်ပြခဲ့ပြီး ပြန်ထည့်သွင်း၍ ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ အကြောင်းအရာကို တတိယအကြိမ် ပြန်ထည့်သွင်းပေးခြင်းအား ၎င်းကိုမူလတင်ခဲ့ပြီး ခြောက်လခန့်အကြာတွင် လုပ်ဆောင်ခဲ့သည်။
"အစီအမံအတိုင်း တိုက်ရိုက်လွှင့်သည့် ပါတနာ" အဖြစ် ဖန်တီးသူ၏ အခြေအနေက ဤအလေးထားတင်ပြမှုကို လွယ်ကူချောမွေ့စေခဲ့သည်။ “အစီအမံအတိုင်း တိုက်ရိုက်လွှင့်သည့် ပါတနာများ” သည် နာမည်ကြီးများကဲ့သို့ လူပုဂ္ဂိုလ်များနှင့် လုပ်ငန်းများ သို့မဟုတ် ပရဟိတအဖွဲ့များကဲ့သို့ အဖွဲ့အစည်းများအပါအဝင် နယ်ပယ်အမျိုးမျိုးမှ အဖွဲ့အစည်းများဖြစ်သည်။ ထိုကဲ့သို့အဖွဲ့အစည်းများသည် Meta ၏ ထုတ်ကုန်များကို အသုံးပြုနည်းဆိုင်ရာ လေ့ကျင့်မှုနှင့် "ဤပတ်သက်မှုများသည် အစီအမံအတိုင်း တိုက်ရိုက်လွှင့်သည့် ပါတနာများနှင့် Meta တို့၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များကို ဖြည့်ဆည်းပေးကြောင်း သေချာစေရန် အွန်လိုင်းပေါ်တွင် ၎င်းတို့ကို ပိုမိုမြင်တွေ့ရအောင် ဆောင်ရွက်ပေးပြီး Meta ၏ ပလက်ဖောင်းများနှင့် ဝန်ဆောင်မှုများမှ ၎င်းတို့ ပေးစွမ်းသည့် တန်ဖိုးကို အမြင့်ဆုံးဖြစ်စေရန်" ၎င်းတို့နှင့်လက်တွဲ အလုပ်လုပ်နိုင်သည့် သီးသန့်မိတ်ဖက်မန်နေဂျာတစ်ဦး အပါအဝင် Meta ထံမှ အဆင့်မြင့်အထောက်အကူ အဆင့်အမျိုးမျိုးကို လက်ခံရရှိသည်။
ဆေးဘက်ဆိုင်ရာ ကုသမှု၊ ကိုယ်အားကိုယ်ကိုးခြင်းနှင့် အပန်းဖြေမှုတို့ကြား ပြတ်ပြတ်သားသား မခွဲခြားနိုင်သော စိတ်လှည့်စားမှု ဖြစ်ပေါ်စေသော ဆေးများအကြောင်း အမေရိကန်ပြည်ထောင်စုရှိ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများနှင့် သုံးစွဲမှုမြင့်တက်လာခြင်းတို့ကြောင့် ဤအမှုသည် အရေးပါကြောင်း ဖော်ပြလျက် Meta သည် အမှုကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ Meta ၏ အဆိုအရ ထိုကဲ့သို့ မရေရာမပြတ်သားခြင်းက ဤအကြောင်းအရာသည် Meta ၏ ပလက်ဖောင်းများပေါ်တွင် ယေဘုယျအားဖြင့် ခွင့်ပြုထားသည့် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို ကြော်ငြာနေခြင်း ဟုတ်၊ မဟုတ်သော်လည်းကောင်း၊ ယေဘုယျအားဖြင့် ခွင့်မပြုထားသည့် ဆရာဝန်ညွှန်ကြားချက်မပါသော ကိစ္စရပ်များအတွက် သို့မဟုတ် "ယစ်မူးစေရန်" အတွက် ဆေးများသုံးစွဲမှုကို ဖော်ပြနေခြင်း ဟုတ်၊ မဟုတ်သော်လည်းကောင်း လေ့လာစိစစ်ရန် ခက်ခဲစေသည်။
ဘုတ်အဖွဲ့သည် ဤအမှုတွင် ၎င်း၏ဆုံးဖြတ်ချက်ကို ချမှတ်ရာ၌ အောက်ဖော်ပြပါ ဆက်စပ်အကြောင်းအရာများကို မှတ်ချက်ပြုခဲ့သည်-
- အမေရိကန်ပြည်ထောင်စုတွင် ထိုကဲ့သို့ကက်တမင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ထုံဆေးအဖြစ်သာ ခွင့်ပြုထားကြောင်း ဘုတ်အဖွဲ့က ဆွေးနွေးတိုင်ပင်ခဲ့သည့် ကျွမ်းကျင်သူများက ရှင်းပြခဲ့သည်။ သို့ရာတွင် အခြားဆေးများစွာကဲ့သို့ပင် ဖက်ဒရယ်နှင့် ပြည်နယ်အဆင့် စည်းမျဉ်းများက ပြဋ္ဌာန်းထားသော ကန့်သတ်ချက်များဖြင့် သမားတော်များနှင့် အခြားဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အညွှန်းတွင်ခွင့်ပြုမထားသည့် အခြားသော ရည်ရွယ်ချက် အမျိုးမျိုးအတွက် ၎င်းကို တရားဝင်ပေးနိုင်သည်။
- ကက်တမင်း၏ နှာခေါင်းဖြန်းဆေးပုံစံတစ်ခုဖြစ်သည့် အက်စကက်တမင်း (၎င်း၏ အမှတ်တံဆိပ်အမည်အဖြစ် "Spravato" ဟု ရည်ညွှန်းလေ့ရှိသည်) ကို စိတ်ကျရောဂါအတွက် ကုသမှုတစ်ခုအဖြစ် FDA က အတည်ပြုထားသည်။ အမှတ်တံဆိပ်မပါသော ကက်တမင်းဆေးဝါးများ၏ ကြော်ငြာနှင့်မတူဘဲ Spravato ဆေးဝါးကြော်ငြာကို FDA က တိုက်ရိုက်စည်းမျဉ်းထိန်းချုပ်သည်။ ဆိုလိုသည်မှာ ၎င်းသည် သတ်မှတ်ချက်အမျိုးမျိုးကို လိုက်နာရသည်။ ဥပမာအားဖြင့် Spravato ကဲ့သို့ ဆေးစာဖြင့်ဝယ်ယူရသော ဆေးများ၏ ကြော်ငြာများတွင် "ဆေးသုံးစွဲခြင်း၏ အန္တရာယ်အားလုံးကို" ဖော်ပြရမည်ဟု FDA က သတ်မှတ်ထားသည်။ Spravato ဝက်ဘ်စာမျက်နှာ၏ အောက်ခြေတွင် အလွန်အကျွံသုံးစွဲခြင်းနှင့် တလွဲသုံးခြင်းနှင့် ပတ်သက်သည့် သတိပေးချက်များအပါအဝင် သတိပေးချက်စာရင်းပါသည့် ဖယ်ရှား၍မရသော ပေါ့ပ်အပ်တစ်ခုရှိသည်။ ထိုကဲ့သို့သတ်မှတ်ချက်များတွင် ဆေးများကို ကြော်ငြာခြင်းနှင့် ပတ်သက်၍ FDA က စိုးရိမ်ပူပန်နေသည့် ကိစ္စရပ်များကို ထည့်သွင်းဖော်ပြထားသည်။ အဆိုပါစိုးရိမ်မှုများက ဆေးဝါးကြော်ငြာများ သဘောသက်ရောက်သော ပို့စ်များကို ဘုတ်အဖွဲ့အနေဖြင့် ကိုင်တွယ်ဖြေရှင်းသင့်သည့်ပုံစံအား အသိပေးတင်ပြခဲ့သည်။
- ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းသည် စိတ်ကျရောဂါနှင့် အခြားသောစိတ်ခံစားမှုဆိုင်ရာ ပြဿနာများအတွက် အလားအလာရှိသော ကုသမှုတစ်ခုအဖြစ် အညွှန်း၌ဖော်ပြမထားသော ကက်တမင်းသုံးစွဲမှုနှင့်ပတ်သက်၍ အရေးကြီးသောဆွေးနွေးမှုတွင် ပါဝင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ လက်ရှိဖြစ်ပွားနေဆဲ စိတ်ကျန်းမာရေး အခက်အခဲ အကြားတွင် စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများအတွက် ကက်တမင်းကို ကုသမှုအဖြစ် အသုံးပြုနိုင်ခြေနှင့် ပတ်သက်၍ နယ်ပယ်တူ ကျွမ်းကျင်သူများ စိစစ်သုံးသပ်သော သုတေသနလေ့လာမှု ပမာဏများ တိုးများလာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က စိတ်ကျရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ချို့ယွင်းချက်/အားနည်းချက်များကို ဖြစ်စေသည့် အဓိကအကြောင်းရင်း ဖြစ်သည်ကို တွေ့ရှိထားသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအဖြစ် လူပေါင်း ၇၀၀,၀၀၀ ကျော်သည် နှစ်စဉ် မိမိကိုယ်ကိုသတ်သေခြင်းကြောင့် သေဆုံးကြပြီး အသက် ၁၅ နှစ်မှ ၂၉ နှစ်အရွယ်များအတွင်း စတုတ္ထအများဆုံး သေဆုံးရသည့် အကြောင်းရင်းဖြစ်စေကာ မကုသဘဲထားသော စိတ်ကျရောဂါသည် မိမိကိုယ်ကိုသတ်သေနိုင်သည့် အဓိကအန္တရာယ်အချက်တစ်ခု ဖြစ်ကြောင်း WHO ၏ မိမိကိုယ်ကိုသတ်သေခြင်းဆိုင်ရာ အချက်အလက်စာရွက်တွင် ရှင်းပြထားသည်။
- ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းကလည်း ကက်တမင်းကို ကုထုံးအဖြစ်အသုံးပြုမှုကြောင့် ဖြစ်ပေါ်စေသော အန္တရာယ်များကို အမှတ်အသားပြုထားပါသည်။ ကက်တမင်း အလွန်အကျွံသုံးစွဲခြင်းကြောင့် မှတ်ဥာဏ်ချို့ယွင်း၍ ဆီးလမ်းကြောင်း ပျက်စီးစေနိုင်ကြောင်း အမေရိကန်ဆေးပညာအသင်း (JAMA) ၏ ဂျာနယ်တွင် ထုတ်ဝေထားသော ၂၀၁၇ ဘုံသဘောတူညီချက် ထုတ်ပြန်ချက်တွင် အသားပေးဖော်ပြထားသည်။ ၂၀၂၂ စာပေသုံးသပ်ချက်အရ "ကက်တမင်းကို တလွဲသုံးခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များသည် စိတ်ကြွဆေးများ သို့မဟုတ် ဘန်ဇိုဒိုင်ရာစီပင်များကဲ့သို့ အလွန်အကျွံသုံးနိုင်ခြေရှိသည့် အခြားသော လူသိများသည့်၊ အများအားဖြင့် ဆေးညွှန်းလေ့ရှိသော ပစ္စည်းများကြောင့် ဖြစ်နိုင်သည့်အန္တရာယ်များနှင့် မကွဲပြားပုံပေါ်သော်လည်း" ဤအချက်က သမားတော်များအား သင့်လျော်သည့်နေရာတွင် ကက်တမင်း ဆေးညွှန်းခြင်းမှ မဟန့်တားသင့်ပါဟုလည်း လေ့လာမှုက မှတ်ချက်ပြုပြီး "ဆေးညွှန်းခြင်းအားလုံးကို ဟန့်တားမည့်အစား သင့်လျော်သည့်နေရာတွင် သတိထား၍ဆေးညွှန်းခြင်းဖြင့် အလားတူဖြေရှင်းနည်း" ကို အသုံးပြုသင့်သည်ဟု တိုက်တွန်းသည်။ ကက်တမင်း အဆိပ်အာနိသင်ဆိုင်ရာ ၂၀၂၃ ကျွမ်းကျင်သူ သုံးသပ်ချက် တစ်ခုအရ ကက်တမင်းဆေးချိန်လွန်ခြင်းမှာ အတော်ရှားပါးပုံရသည်။ အမေရိကန်ပြည်ထောင်စုရှိ ကုထုံးဆောင်ရွက်ပေးသော နေရာတစ်ခုတွင် စိတ်ကျရောဂါကို ကုသရန် ကက်တမင်းသုံးစွဲမှုကြောင့် ဆေးချိန်လွန်ခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ရပ်များ မရှိဟု အခြားလေ့လာမှုတစ်ခုက မှတ်ချက်ပြုထားသည်။
- ဘုတ်အဖွဲ့က ဆွေးနွေးတိုင်ပင်သော ကျွမ်းကျင်သူများသည် ကက်တမင်း၏ ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော သုံးစွဲမှုကြောင့် ဖြစ်ပေါ်သောအန္တရာယ်များကို မှတ်ချက်ပြုခဲ့သည်။ ကက်တမင်း သို့မဟုတ် အပန်းဖြေမှုဆိုင်ရာ ကိစ္စရပ်အတွက် သုံးစွဲသူများအကြား အရပ်သုံးအဖြစ် သိထားသည့် “အထူးကေ” ဆေးဝါးသည် နိုက်ကလပ်များနှင့် ဘားများတွင် လူကြိုက်များသော မူးယစ်ဆေးတစ်ခုဖြစ်နေသည်မှာ ဆယ်စုနှစ်ချီနေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့သည်။ ကက်တမင်း တလွဲသုံးခြင်းသည် အတော်နည်းသော အတိုင်းအတာဖြင့် ရှိနေသည်ဟု သိထားသော်လည်း ၎င်းသည် တိုးလည်းတိုးလာနိုင်ကြောင်း ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။ နယူးယောက် တက္ကသိုလ်မှ မေလ ၂၀၂၃ လေ့လာမှုတစ်ခုက "ဆေးဘက်ဆိုင်ရာမဟုတ်သော အပန်းဖြေမှုဆိုင်ရာ သုံးစွဲမှု မြင့်တက်လာမှုကို ညွှန်ပြနိုင်သည့်" ၂၀၁၇ မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ မူးယစ်ဆေးဝါးနှိမ်နင်းမှုမှ တရားမဝင်ကက်တမင်း ဖမ်းဆီးရရှိမှုတွင် ၃၄၉ ရာခိုင်နှုန်း မြင့်တက်လာမှုကို တွေ့ရှိခဲ့သည်။" "မကြာသေးမီနှစ်များအတွင်း ဆေးစာဖြင့်ဝယ်ယူရသော ကက်တမင်းကို မီဒီယာနှင့် ဆေးဘက်ဆိုင်ရာ ကြော်ငြာခြင်းသည် မှောင်ခိုဈေးကွက် အသုံးပြုမှုနှင့် ရရှိနိုင်မှုကို လှုံ့ဆော်ပေးနေသည်" ဟုလည်း လေ့လာမှုက သတိပေးသည်။
- မကြာသေးမီနှစ်များအတွင်း ကက်တမင်းအသုံးပြုသော ဆေးခန်းများ တစ်ဟုန်ထိုး တိုးပွားလာသည်။ အစွဲအလမ်းလွန်စိတ်ဝေဒနာ၊ ဆေးစွဲခြင်း၊ အစာစားခြင်း မူမမှန်မှုပြဿနာများ အပါအဝင် အခြေအနေအမျိုးမျိုးအတွက် ကက်တမင်း၏ အစွမ်းထက်မှုကို အမွှမ်းတင်သော ဆေးခန်းများသည် ပြင်ပကမ္ဘာတွင်သာမက အွန်လိုင်းတွင်လည်း အလွန်အမင်း များပြားလာကြောင်း ဘုတ်အဖွဲ့က တိုင်ပင်ဆွေးနွေးခဲ့သည့် ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။ သို့ရာတွင် ယနေ့အထိ ပြုလုပ်ခဲ့သော သုတေသနလေ့လာမှု အများစုသည် စိတ်ကျဝေဒနာခံစားနေရသော လူများကို အဓိကအာရုံစိုက်ခဲ့သည်။
- ကက်တမင်းအသုံးပြုသော ဆေးခန်းအချို့သည် COVID-19 ကမ္ဘာ့ကပ်ရောဂါအခြေအနေတွင် တရားဝင်ခွင့်ပြုထားသည့် တယ်လီကျန်းမာရေး ဝန်ဆောင်မှုပေးသူများအဖြစ် လုပ်ဆောင်ကြကြောင်း အခြားကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။ ထိုကဲ့သို့ကက်တမင်းအသုံးပြုသော ဆေးခန်းများသည် ကက်တမင်းကို လူနာများထံ စာတိုက်မှ ပေးပို့နိုင်သည်။ သို့ရာတွင် တယ်လီကျန်းမာရေး ဝန်ဆောင်မှုပေးသူများအဖြစ် လုပ်ဆောင်ရန် ဆေးခန်းများအတွက် ပေးအပ်ထားသော ဤတရားဝင်ခွင့်ပြုချက်ကို COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ လတ်တလောတိုးတက်မှုများကြောင့် မကြာမီရပ်စဲနိုင်ခြေရှိသည်။ ၂၀၂၃ ခုနှစ်မှ ယနေ့အထိ မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနသည် စာတိုက်မှ မှာယူနိုင်သော ရောင်းချမှုများနှင့် ဆက်စပ်နိုင်ဖွယ်ရှိသည့် ကက်တမင်းကုထုံးဝန်ဆောင်မှုပေးသူ အနည်းဆုံးတစ်ဦးကို ပိတ်ပင်ခဲ့သည်။
- ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကုမ္ပဏီသည် "ဆေးစာဖြင့်ဝယ်ယူရသော ဆေးများနှင့်ဆက်စပ်သော ကျွန်ုပ်တို့၏ [ကြော်ငြာ] မူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းမှုအား ပိုမိုရှင်းလင်းစေပြီး ခိုင်မာစေရန် အပ်ဒိတ်များ ပြုလုပ်နေခဲ့သည်" ဟု Meta က ကြေညာခဲ့သည်။ ဤအပ်ဒိတ်များသည် "အွန်လိုင်းဆေးဆိုင်များ၊ ဆေးစာဖြင့်ဝယ်ယူရသော ဆေးများ နှင့် အန္တရာယ်မကင်းသော ပစ္စည်းများ ကြော်ငြာခြင်း" နှင့်ပတ်သက်သော သီးခြားမူဝါဒအသစ်များ ဖန်တီးခြင်းဖြင့် တရားမဝင်ဆေးများနှင့် အခြားအန္တရာယ်မကင်းသော ပစ္စည်းများနှင့် ခွင့်ပြုထားသောကြော်ငြာသူများ၏ ဆေးစာဖြင့်ဝယ်ယူရသော ဆေးများ ကြော်ငြာမှုအပေါ် ကန့်သတ်ခြင်းတို့အကြား ကွဲပြားခြားနားမှုကို နှိုင်းယှဉ်နိုင်လိမ့်မည်" ဟု Meta က ဆိုခဲ့သည်။ ဆေးစာဖြင့်ဝယ်ယူရသော ဆေးများအား တယ်လီကျန်းမာရေးနှင့် အွန်လိုင်းဆေးဆိုင်တွင် ကြော်ငြာခြင်းအတွက် ၎င်း၏ မကြာသေးမီက လိုအပ်သော အထောက်အထားပြခြင်းကို လွယ်ကူချောမွေ့စေရန် LegitScript နှင့် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း Meta က ကြေညာခဲ့သည်။
- အင်တာနက်ခေတ် ဆေးဘက်ဆိုင်ရာ သုတေသနလေ့လာမှု ဂျာနယ် တွင် ထုတ်ဝေခဲ့သော မတ်လ ၂၀၂၂ ဆောင်းပါးတစ်ခုက "လူနာများအား ဆေးပညာအသိမျှဝေပေးသော ဩဇာလွှမ်းမိုးသူများ" တိုးများလာမှုကို မှတ်ချက်ပြုသည်။ လူနာများအား ဆေးပညာအသိမျှဝေပေးသော ဩဇာလွှမ်းမိုးသူများသည် "၎င်းတို့၏ နာမကျန်းမှုနှင့် ရောဂါ အတွေ့အကြုံဆိုင်ရာ အစီစဉ်တကျ စုစည်းတင်ဆက်သော စာများကို မျှဝေခြင်းဖြင့် စောင့်ကြည့်သူများနှင့် စိတ်ခံစားမှုပိုင်း အချိတ်အဆက်မိစေရန် ကြိုးပမ်းသည့်" အမာခံစောင့်ကြည့်သူများရှိသော လူမှုကွန်ရက် အသုံးပြုသူများ ဖြစ်သည်။ ၎င်းတို့ကို ဆေးဝါး သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကုမ္ပဏီများက ငွေပေးချေနိုင်ပြီး ထိုကဲ့သို့ ငွေရေးကြေးရေး ဆက်ဆံရေးများသည် တစ်ခါတစ်ရံတွင် ၎င်းတို့၏ အကြောင်းအရာများကို ကြည့်ရှုသည့် အသုံးပြုသူများအနေဖြင့် ထင်ထင်ရှားရှား မသိရပါ။ ဩဇာလွှမ်းမိုးသူ၏ အချက်အလက်မျှဝေ ဈေးကွက်ရှာဖွေမှုတွင် ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များနှင့် သတင်းအချက်အလက်အမှား ဖြစ်နိုင်ခြေတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ဆောင်းပါးတွင် အလေးပေးဖော်ပြခဲ့သည်။ လူနာများအား ဆေးပညာအသိမျှဝေပေးသော ဩဇာလွှမ်းမိုးသူများနှင့် ပြုလုပ်သည့် အင်တာဗျူးများ ပါဝင်သော မတ်လ ၂၀၂၃ လေ့လာမှုတစ်ခုက ဤအလားအလာရှိသော ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန် လိုအပ်မှုကို ထပ်လောင်းပြောဆိုခဲ့သည်။
- အခပေးနှင့် အခမဲ့ အကြောင်းအရာအကြား ခြားနားချက်သည် စည်းကမ်းထိန်းသိမ်းသူများထံမှ ပိုမိုသတိပြုမှုကိုလည်း ရရှိစေသည်။ ဤအမှုဖြစ်ပေါ်ခဲ့သည့် အမေရိကန်ပြည်ထောင်စုတွင် ဖက်ဒရယ် ကုန်သွယ်မှုကော်မရှင်သည် ပိုမိုတိကျသော ထုတ်ဖော်ပြောမှု သတ်မှတ်ချက်များအပါအဝင် ဩဇာလွှမ်းမိုးသူများအပေါ် ပိုမိုတင်းကျပ်သော သတ်မှတ်ချက်များ ချမှတ်ရန် ၎င်း၏ လူမှုကွန်ရက်တွင် ဩဇာလွှမ်းမိုးသူ လမ်းညွှန်ချက်များ ကို မကြာသေးမီက ပြန်လည်ပြင်ဆင်ထားသည်။ ငွေကြေးပိုင်းဆိုင်ရာ အခကြေးငွေပေးခြင်းက ပြောဆိုသည့်စကား၏ လက္ခဏာကို သိသာထင်ရှားသော နည်းလမ်းများဖြင့် ပြောင်းလဲသွားစေသောကြောင့် သုံးစွဲသူများအနေဖြင့် ၎င်းကို "အခပေး ပူးပေါင်းဆောင်ရွက်မှု" ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖန်တီးထားကြောင်း သိခွင့်ရှိသင့်သည်ဟူသော ရှုမြင်ချက်ကို အဆိုပါစည်းမျဉ်းစည်းကမ်းတွင် ထည့်သွင်းဖော်ပြပြီး အားဖြည့်ပေးထားသည်။
၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
Meta က သုံးသပ်ရန်အတွက် ပေးပို့ထားသည့် ဆုံးဖြတ်ချက်များကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့်ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ အပိုဒ် ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၁)။ ဘုတ်အဖွဲ့သည် Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ စံတန်ဖိုးများနှင့်အညီ အကြောင်းအရာကို စိစစ်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချမှတ်ပါမည် (ပဋိညာဉ်စာတမ်း ၂)။ နည်းဥပဒေများသည် "Meta မူဝါဒများ" အား "ပလက်ဖောင်းပေါ်ရှိ အကြောင်းအရာများကို ထိန်းချုပ်သည့် Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ (ဥပမာ လူမှုစံနှုန်းများ သို့မဟုတ် လူမှုအဖွဲ့အစည်းဆိုင်ရာလမ်းညွှန်ချက်များ)" အဖြစ် သတ်မှတ်သည်။ Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများသည် "Meta မူဝါဒများ" ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း အကျုံးဝင်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို မူလအတိုင်း လက်ခံဆုံးဖြတ်နိုင်သည် သို့မဟုတ် ပယ်ဖျက်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၅)။ ထို့ပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော ဆက်စပ်အခြေအနေရှိသည့် အလားတူ အကြောင်းအရာနှင့် ပတ်သက်၍ ၎င်း၏ဆုံးဖြတ်ချက်ကို အသုံးချနိုင်ခြေကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် မဖြစ်မနေ လိုက်နာစရာမလိုသော်လည်း တုံ့ပြန်ရမည့် အကြံပြုချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၄၊ အပိုဒ်ခွဲ ၄)။ Meta က အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကတိကဝတ်ပြုလျှင် ဘုတ်အဖွဲ့သည် ၎င်းတို့၏ အကောင်အထည်ဖော်မှုကို စောင့်ကြည့်သည်။
၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များနှင့် လမ်းညွှန်ချက်
ဤအမှုတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ စံနှုန်းများနှင့် သာဓကများဖြင့် အသိပေးတင်ပြခဲ့သည်-
၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အသက်ဆိုင်ဆုံး ယခင်ဆုံးဖြတ်ချက်များတွင် အောက်ပါတို့ ပါဝင်သည်-
- သီရိလင်္ကာ ဆေးဝါးများ (အမှုဆုံးဖြတ်ချက် ၂၀၂၂-၀၁၄-FB-MR)
- Adderall ® ကို တောင်းဆိုခြင်း (အမှုဆုံးဖြတ်ချက် ၂၀၂၁-၀၁၅-FB-UA)
- Ayahuasca ဆေးဖျော်ရည် (အမှုဆုံးဖြတ်ချက် (၂၀၂၁-၀၁၃-IG-UA)
၂။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ
ဤအမှုတွင် Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာ မူဝါဒများအပြင် Instagram လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် Facebook လူမှုစံနှုန်းများ ပါဝင်ပတ်သက်နေပါသည်။ Meta ၏ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွက် လူမှုစံနှုန်း ထိန်းသိမ်းတင်းကျပ်ရေးဆိုင်ရာ အစီရင်ခံစာ တွင် ဖော်ပြထားသည်မှာ "Facebook နှင့် Instagram တို့၌ အကြောင်းအရာဆိုင်ရာ မူဝါဒများ တူညီကြသည်။ ဆိုလိုသည်မှာ အကြောင်းအရာကို Facebook တွင် ချိုးဖောက်သည်ဟု လက်ခံယူဆလျှင် ၎င်းကို Instagram တွင်လည်း ချိုးဖောက်သည်ဟု လက်ခံယူဆသည်။"
Instagram အသိုင်းအဝိုင်းဆိုင်ရာ လမ်းညွှန်ချက်များ တွင် "ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော သို့မဟုတ် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းအား ခွင့်မပြုပါ" ဟု ဖော်ပြထားသည်။ ၎င်းတွင် ထပ်မံ၍ဖော်ပြထားသည်မှာ- "ဆေးဘက်ဆိုင်ရာသုံး မဟုတ်သော ဆေးဝါးများကို အရောင်းအဝယ်လုပ်ရန်၊ ညှိနှိုင်းရောင်းဝယ်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသော အကြောင်းအရာအပြင် တစ်ကိုယ်ရေ သုံးစွဲနိုင်ကြောင်း (နာလန်ပြန်ထူသည့် အခြေအနေတွင် သုံးစွဲခြင်းမှအပ) ပြောဆိုထားသော အကြောင်းအရာ သို့မဟုတ် ဆေးဘက်ဆိုင်ရာသုံး မဟုတ်သော ဆေးဝါးများကို အသုံးပြုရန် ညှိနှိုင်းဆောင်ရွက်သော သို့မဟုတ် အားပေးသော အကြောင်းအရာကိုလည်း ဖယ်ရှားပါသည်။" လမ်းညွှန်ချက်များတွင် ဆက်လက်ဖော်ပြထားသည်မှာ- "အခြားကန့်သတ်ကုန်ပစ္စည်းများကို ရောင်းချရန် သို့မဟုတ် ဝယ်ယူရန် ကမ်းလှမ်းသောအခါ ဥပဒေကို အမြဲတမ်း လေးစားလိုက်နာရန် မမေ့ပါနှင့်။" ထို့နောက် လမ်းညွှန်ချက်များကို ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ Facebook ၏ လူမှုစံနှုန်းနှင့် ဆက်စပ်ဖော်ပြထားသည်။
Facebook ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းသည် "အချို့သော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို လူပုဂ္ဂိုလ်များ၊ ထုတ်လုပ်သူများနှင့် လက်လီရောင်းချသူများက ဝယ်ယူရန်၊ ရောင်းချရန်၊ ကံစမ်းမဲဖောက်ရန်၊ လက်ဆောင်ပေးရန်၊ လွှဲပြောင်းရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းမှုများကို တားမြစ်သည်။" ကန့်သတ်ထားသော ထုတ်ကုန်များတွင် "ဆေးကုသမှုဆိုင်ရာ ဆေးဝါးများ (ဆေးစာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက စီမံပေးအပ်ရန် လိုအပ်သည့် ဆေးဝါးများ)" နှင့် "ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဝါးများ (ရည်ရွယ်ထားသော ဆေးဘက်ဆိုင်ရာကိစ္စရပ်အတွက် သုံးစွဲခြင်းမဟုတ်သော သို့မဟုတ် ယစ်မူးစေရန် သုံးစွဲသော ဆေးများ သို့မဟုတ် ပစ္စည်းများ)" ပါဝင်သည်။ နာလန်ထူခြင်း၊ ကုသခြင်း သို့မဟုတ် ဆေးသုံးစွဲမှုတိုက်ဖျက်ရေးအတွက် အခြားသောအကူအညီများအား အသိအမှတ်ပြုခြင်း သို့မဟုတ် ရည်ညွှန်းကိုးကားခြင်းမရှိဘဲ ကိုယ်ရေးကိုယ်တာအရ အသုံးပြုကြောင်း ဝန်ခံသည့် "ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးများ" နှင့်ပတ်သက်သည့် အကြောင်းအရာများကို Meta က ဖယ်ရှားသည်။ ဤအကြောင်းအရာသည် ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဝါးများအကြောင်း အပြုသဘောဆန်စွာ ပြောဆိုခြင်း၊ အသုံးပြုမှုကို အားပေးခြင်း သို့မဟုတ် ၎င်းတို့ကို ပြုလုပ်ရန် သို့မဟုတ် သုံးစွဲရန် ညှိနှိုင်းဆောင်ရွက်ခြင်း သို့မဟုတ် လမ်းညွှန်ချက်များပေးခြင်းတို့ မပြုရပါ။ မူဝါဒဆိုင်ရာ သဘောတရားအရ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းသည် "အန္တရာယ်ကင်းရှင်းရေးကို အားပေးရန်နှင့် အန္တရာယ်ရှိနိုင်ဖွယ် လှုပ်ရှားဆောင်ရွက်မှုများကို ဟန့်တားရန်" ရည်ရွယ်သည်။
Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ သည် "ကျွန်ုပ်တို့၏ လူမှုစံနှုန်းများ သို့မဟုတ် လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များအား ချိုးဖောက်မှုများ" ကို တားမြစ်သည်။ "တားမြစ်ထားသော အကြောင်းအရာ" စာရင်းတွင် "တရားမဝင်သော သို့မဟုတ် အပန်းဖြေမှုဆိုင်ရာ ဆေးဝါးများ" အပါအဝင် "ဆေးများနှင့် ဆေးနှင့်သက်ဆိုင်သော ထုတ်ကုန်များ" အပြင် "အန္တရာယ်မကင်းသော ထုတ်ကုန်များနှင့် ဖြည့်စွက်စာများ" ပါဝင်သည်။ ထို့အပြင် "ဆေးဆိုင်များ" နှင့် "ဆေးစာဖြင့်ဝယ်ယူရသည့် ဆေးများ" ကို ကြော်ငြာသော အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာများအတွက် "အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာကို ငွေကြေးထောက်ပံ့ထားသော လုပ်ငန်းမိတ်ဖက်သည် ၎င်းတို့၏ ဝန်ဆောင်မှုများကို ကြော်ငြာရန်အတွက် ခွင့်ပြုချက်ရရှိထားရန် လိုအပ်သည်။" "ဆေးဆိုင်များ" နှင့်စပ်လျဉ်းသော ခွင့်ပြုချက်အတွက် "လုပ်ငန်းမိတ်ဖက်သည် ဆေးဆိုင်များကို ကြော်ငြာရန် LegitScript ထံမှ အသိအမှတ်ပြုခံရပြီး Facebook ထံမှ စာဖြင့် ခွင့်ပြုချက် ကို ရရှိရမည်။ "ဆေးစာဖြင့်ဝယ်ယူရသော ဆေးများ" နှင့်စပ်လျဉ်းသည့် ခွင့်ပြုချက်အတွက် "လုပ်ငန်းမိတ်ဖက်သည် ဆေးစာဖြင့်ဝယ်ယူရသော ဆေးများကို ကြော်ငြာရန် Facebook ထံ လျှောက်ထားရမည်။" "အွန်လိုင်းဆေးဆိုင်များ၊ တယ်လီကျန်းမာရေး ဝန်ဆောင်မှုပေးသူများနှင့် ဆေးဝါးထုတ်လုပ်သူများ" သည် Facebook ထံမှ ခွင့်ပြုချက်ကို သတ်မှတ်ချက်ပြည့်မီသော အဖွဲ့အစည်းများ ဖြစ်သည်။ ထို့အပြင် ဆေးစာဖြင့်ဝယ်ယူရသော ဆေးများကို ကြော်ငြာသည့် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာပို့စ်များကို "အသက် ၁၈ နှစ်နှင့်အထက် ပြည့်ပြီးသူများသာ ကြည့်ရှုနိုင်စေရန်နှင့် အမေရိကန်ပြည်ထောင်စု၊ နယူးဇီလန် သို့မဟုတ် ကနေဒါတွင်သာ ထိုသို့ကြည့်ရှုနိုင်ရန် ကန့်သတ်ထားရမည်။ ဆေးစာဖြင့်ဝယ်ယူရသောဆေးဝါး ကြော်ငြာကို ဤတည်နေရာများ၏ ပြင်ပတွင် တားမြစ်ထားသည်။" ကြော်ငြာသူများက ရရှိသည့် အခကြေးငွေအတွက် အလဲအလှယ်အဖြစ် Meta က အသုံးပြုသူများအား ပြသသည့် အကြောင်းအရာများအပေါ် သက်ရောက်သည့် Meta ၏ ကြော်ငြာစံနှုန်းများနှင့် ဆန့်ကျင်သော ကြားခံပြင်ပ "လုပ်ငန်းမိတ်ဖက်" ထံမှ အကြောင်းအရာ ဖန်တီးသူများက အခကြေးငွေ ("ငွေပေးချေမှု သို့မဟုတ် အခမဲ့လက်ဆောင်များ") ကို လက်ခံရရှိသည့် အကြောင်းအရာများအပေါ် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ သက်ရောက်ကြောင်း သတိပြုရန် အရေးကြီးသည်။
အကြောင်းအရာမူဝါဒများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာမှုကို ကုမ္ပဏီက "ပဓာန" အဖြစ် ဖော်ပြထားသော Meta ၏ "သဘောထားထုတ်ဖော်ခွင့်" အတွက် စံတန်ဖိုး အပြင် ၎င်း၏ "အန္တရာယ်ကင်းရှင်းရေး" နှင့် "ဂုဏ်သိက္ခာ" ဆိုင်ရာ စံတန်ဖိုးများဖြင့် အသိပေးတင်ပြခဲ့သည်။
၃။ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် အတည်ပြုပေးထားသည့် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ် ချမှတ်ထားသည်။ ၂၀၂၁ ခုနှစ်တွင် UNGP များနှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို Meta က ကြေညာခဲ့သည်။ ဤအမှုတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ နိုင်ငံတကာ စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည်-
- လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်- အပိုဒ် ၁၉၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ် ( ICCPR)၊ အထွေထွေ မှတ်ချက် အမှတ် ၃၄၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၁။ အပိုဒ် ၂၁၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ( CRPD)။
- ကျန်းမာရေးဆိုင်ရာ အခွင့်အရေး- အပိုဒ် ၁၂၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်စာချုပ် (ICESCR)၊ အထွေထွေမှတ်ချက် အမှတ် ၁၄၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ ကော်မတီ (၂၀၀၀)။
၅။ အသုံးပြုသူ၏ တင်ပြချက်များ
ဘုတ်အဖွဲ့၏ စိစစ်သုံးသပ်မှုအကြောင်း ပို့စ်ရေးသားသူအား အသိပေးခဲ့ပြီး ဘုတ်အဖွဲ့ထံ ရှင်းလင်းချက် ပေးပို့ရန် အခွင့်အရေးတစ်ကြိမ် ပေးခဲ့သည်။ အသုံးပြုသူသည် ရှင်းလင်းချက်ကို တင်သွင်းခြင်း မရှိခဲ့ပါ။
၆။ Meta ၏ တင်ပြချက်များ
ဤအမှုကို ဘုတ်အဖွဲ့သို့ လွှဲပြောင်းပေးသည့်အခါ စိတ်ပြောင်းလဲစေသော ပစ္စည်းများကို ဆေးဘက်ဆိုင်ရာကြီးကြပ်မှုအောက်တွင် သုံးစွဲမှု တိုးလာသည်နှင့်အမျှ ၎င်း၏ မူဝါဒသဘောထားသည် "ကျွန်ုပ်တို့၏ ပလက်ဖောင်းများပေါ်တွင် တရားဝင်ဆေးများ သုံးစွဲစဉ် အတွေ့အကြုံများအကြောင်း ပြောပြလိုသည့်လူများ ပိုများလာသည်နှင့်အမျှ ယုတ္တိတန်မှု ပိုနည်းလာနိုင်သည်" ဟု Meta က အခိုင်အမာဆိုခဲ့သည်။ ဤတစ်ခုကဲ့သို့ နောင်အမှုများကို ခန့်မှန်းတွက်ဆလျက် Meta သည် "ဤနယ်ပယ်တွင် ရှေ့ဆက်ရမည့် သင့်တော်သော လမ်းကြောင်းကို ရှာဖွေရာတွင် ဘုတ်အဖွဲ့၏ အကူအညီ" ကို တောင်းခံခဲ့သည်။
ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ ၎င်း၏ လူမှုစံနှုန်းတွင် "စိတ်အခြေအနေကို ပြောင်းလဲစေခြင်းက ဆေးကိုအသုံးပြုရသော ရည်ရွယ်ချက်ဖြစ်နိုင်သည့် စိတ်ရောဂါကုသခြင်းအတွက် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက ဆေးကို တရားဝင်ပေးသည့်အခါ" "ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဝါးများ" နှင့် "ဆေးကုသမှုဆိုင်ရာ ဆေးဝါးများ" ၏ အဓိပ္ပာယ်သတ်မှတ်ချက်များသည် ကွဲလွဲသည်ဟု Meta က ရှင်းပြခဲ့သည်။ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို ကျင့်သုံးနည်းဆိုင်ရာ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များသည် အသုံးပြုသူတစ်ဦးက ကြီးကြပ်ထားသော ဆေးဘက်ဆိုင်ရာနေရာတစ်ခုတွင် ဆေးကုသမှုဆိုင်ရာ ဆေးများအား သုံးစွဲခြင်းကို ဝန်ခံသည့် သို့မဟုတ် သုံးစွဲမှုကို ကြော်ငြာသည့် အကြောင်းအရာများကို ခွင့်ပြုသည်။ Meta ၏ အဆိုအရ ဤအမှုရှိ အသုံးပြုသူ၏ အကြောင်းအရာသည် "စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှုအတွက် အန္တရာယ်ကင်းသော၊ တရားဝင်သော၊ ဆေးဘက်ဆိုင်ရာကုသမှု" ကို ၎င်းခံယူခဲ့သည့် အတွေ့အကြုံအကြောင်း ဆွေးနွေးထားသည်။ Meta ၏ အဆိုအရ ပို့စ်၏ အပိုင်းသုံးပိုင်းသည် "ယစ်မူးစေရန်" သို့မဟုတ် "စိတ်အခြေအနေ ပြောင်းလဲစေရန်" ဆေးတစ်မျိုးသုံးစွဲမှုကို ဖော်ပြထားသည်- ၁) ကက်တမင်းကုသမှုကို "အခြားကမ္ဘာတစ်ခုထဲ မှော်ဆန်ဆန် ရောက်ရှိသွားစေခြင်း" ကို ပေးစွမ်းမှုအဖြစ် ဖော်ပြချက်၊ ၂) “ကျွန်တော့်ရဲ့ စိတ်အတွင်းပိုင်း အဓိကဗဟိုချက်နဲ့ ပိုနီးကပ်လာရုံသာမက ကျွန်တော့်ကိုယ်ထဲကနေ ဆွဲထုတ်သွားသလို ခံစားချက်” ဟူသော ဖော်ပြချက်နှင့် ၃) ကုသမှုကို "ခရီးစဉ်ကောင်း" တစ်ခုအဖြစ် ဖော်ပြချက်။
အသုံးပြုသူက ဖော်ပြထားသော အတွေ့အကြုံသည် အထက်ဖော်ပြပါ "ဆေးကုသမှုဆိုင်ရာ ဆေးဝါးများ" နှင့် "ဆေးကုသမှုနှင့်မဆိုင်သော ဆေးဝါးများ" ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအကြား "ကွဲလွဲမှု" ကို ဥပမာပေးသည်ဟု Meta က ယုံကြည်သည်။ အထူးသဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားပြီးနောက်တွင် ကမ္ဘာတစ်ဝန်း စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှုတို မြင့်တက်လာသည့်နှုန်းကို ထည့်သွင်းစဉ်းစားကာ ကုသမှုအသစ်များအကြောင်း ဆွေးနွေးသော အကြောင်းအရာ၏ အရေးပါမှုကို Meta က အလေးပေးခဲ့သည်။ စိတ်ကျရောဂါကို ကုသရန် ကက်တမင်းအပါအဝင် စိတ်ချောက်ချားဆေးများ သုံးစွဲမှုအပေါ် သိပ္ပံနည်းကျနှင့် စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ တုံ့ပြန်မှုများ လျင်မြင်စွာ တိုးတက်လာပုံကို Meta က အလေးပေးပြောခဲ့သည်။ Meta က ကိုးကားခဲ့သည့် ၂၀၂၂ စိစစ်သုံးသပ်ချက် အရ အမေရိကန်ပြည်ထောင်စုရှိ ကုထုံးဆောင်ရွက်ပေးသော နေရာတစ်ခုတွင် စိတ်ကျရောဂါကုသဆေးအဖြစ် ကက်တမင်းသုံးစွဲမှုကြောင့် ဆေးချိန်လွန်ခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ရပ်များကို မကြားဖူးပါ။ Meta အတွက် အကြောင်းအရာသည် "ကျွန်ုပ်တို့၏မူဝါဒအောက်တွင် ကျွန်ုပ်တို့ခွင့်ပြုလိုသည့် အကြောင်းအရာအမျိုးအစားအတွင်း အတိအကျ အကျုံးဝင်သည်။" သို့ရာတွင် "တရားဝင်ကက်တမင်းသုံးစွဲမှုအပေါ် ထောက်ခံချက်သည် လူ့အချို့အား ကက်တမင်းကို တရားမဝင်စမ်းသုံးရန် ဆွဲဆောင်နိုင်ခြေရှိသည်" ကို ကုမ္ပဏီက သိရှိနားလည်သည်။
"ဆေးကုသမှုအတွက်ပေးသော ကက်တမင်း" ကို သုံးစွဲဖူးသော အတွေ့အကြုံအကြောင်း အသုံးပြုသူ၏ ဖော်ပြချက်သည် ၎င်း၏ အန္တရာယ်ကင်းရှင်းရေး သို့မဟုတ် အခြားသူများ၏ အန္တရာယ်ကင်းရှင်းရေးအပေါ် ခြိမ်းခြောက်မှု မဖြစ်ပေါ်စေခဲ့ပါ" ဟု Meta က ကောက်ချက်ချခဲ့သည်။ ထို့အတွက်ကြောင့် အကြောင်းအရာသည် ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို မချိုးဖောက်ခဲ့ဟု Meta က ဆုံးဖြတ်ခဲ့သည်။ ဤအမှုတွင် ၎င်း၏ ဆုံးဖြတ်ချက်သည် "ယစ်မူးစေရန် သို့မဟုတ် စိတ်အခြေအနေ ပြောင်းလဲစေရန်" ဆေးများသုံးစွဲမှု (ဆေးကုသမှုဆိုင်ရာဆေးဖြစ်စေ၊ ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဖြစ်စေ) ကို ကြော်ငြာသည့် အကြောင်းအရာအပေါ် စံနှုန်း၏ ယေဘုယျတားမြစ်ချက်နှင့် အားပြိုင်နေကြောင်း Meta က ဝန်ခံခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ဆုံးဖြတ်ချက်ကို စံနှုန်း၏ ရည်ရွယ်ချက်နှင့် တစ်သမတ်တည်းဖြစ်သည်ဟု ယူဆခဲ့သည်။ "ကက်တမင်းကို ဆေးကုသမှုအတွက် ပေးသော ဆေးအဖြစ် ဝန်ခံခြင်း သို့မဟုတ် ကြော်ငြာခြင်းသည် ဆေးကုသမှုအကြောင်း ဆွေးနွေးမှုကို ကြော်ငြာခြင်းဆိုင်ရာ [ကုမ္ပဏီ၏] အလုံးစုံမူဝါဒနှင့် ကိုက်ညီသောကြောင့် ၎င်းကို ခွင့်ပြုသည်" ဟု Meta က ထပ်မံရှင်းပြခဲ့သည်။ Meta ၏ အဆိုအရ အကြောင်းအရာကို Instagram ပေါ်တွင် ဆက်ထားရန် ဆုံးဖြတ်ချက်သည် "မူဝါဒ၏ ခြွင်းချက်၊ ပယ်ဖျက်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းတစ်ခု" မဟုတ်ပါ။ ထို့အပြင် ၎င်းသည် အကြောင်းအရာကို အမြောက်အမြား စိစစ်အကဲဖြတ်သည်ဖြစ်စေ၊ အလေးထားတင်ပြချိန်မှ စိစစ်အကဲဖြတ်သည်ဖြစ်စေ "မည်သည့်စိစစ်သုံးသပ်သူမဆို ချမှတ်မည်" ဟု ကုမ္ပဏီက မျှော်လင့်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။
ဘုတ်အဖွဲ့သည် မေးခွန်း ၂၂ ခုကို Meta ထံသို့ စာဖြင့်ရေးသား၍ မေးခဲ့သည်။ အစီအမံအတိုင်း တိုက်ရိုက်လွှင့်သည့် ပါတနာ၏ အခြေအနေနှင့် စိစစ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို အယူခံဝင်ရန် သုံးနိုင်သော ချန်နယ်များ၊ အသုံးပြုသူနှင့် ကက်တမင်းဆေးခန်းအကြား ပူးပေါင်းဆောင်ရွက်မှု၏ သဘောသဘာဝ၊ သက်ဆိုင်ရာ အကြောင်းအရာ မူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းမှုတွင် အလိုအလျောက် စောင့်ကြည့်စနစ်၏ အခန်းကဏ္ဍ၊ သက်ဆိုင်ရာ အကြောင်းအရာ မူဝါဒများကို ထည့်သွင်းစဉ်းစား၍ အကြောင်းအရာနှင့် ဆက်စပ်အကြောင်းအရာကို Meta ၏ အကဲဖြတ်မှု၊ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်နှင့် Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများနှင့်သက်ဆိုင်သော မေးခွန်းများ။ Meta သည် မေးခွန်းအားလုံးကို ဖြေကြားခဲ့သည်။
၇။ အများမြင် မှတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ဤအမှုနှင့်သက်ဆိုင်သော အများမြင်မှတ်ချက် ငါးခုကို လက်ခံရရှိခဲ့သည်။ ၎င်းတို့အားလုံးကို အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတို့မှ ပေးပို့ခဲ့သည်။ မှတ်ချက်သုံးခုသည် ကက်တမင်းကုထုံး၏ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများနှင့် Meta ၏ ပလက်ဖောင်းများပေါ်တွင် ၎င်းအကြောင်း ဆွေးနွေးမှုများကို ခွင့်ပြုခြင်း၏ အရေးပါမှုကို အာရုံစိုက်ခဲ့သည်။ နှစ်ခုသည် အပန်းဖြေမှုဆိုင်ရာ ကက်တမင်းသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို အလေးပေးခဲ့သည်။
ဘုတ်အဖွဲ့သည် ပြည်နယ်ဆေးဆိုင် ဘုတ်အဖွဲ့ ၅၀ မှ အဖွဲ့ဝင်များအပြင် ကိုလံဘီယာခရိုင်၊ ဂူအမ်၊ ပေါ်တိုရီကို၊ ဗာဂျင်ကျွန်းစု၊ ဘဟားမားနှင့် ကနေဒါစီရင်စု ၁၀ ခုမှ ဆေးဆိုင်စည်းကမ်းထိန်းသိမ်းသူများ ပါဝင်သော အမေရိကန်ပြည်ထောင်စုအခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုင်ငံတော်ဆေးဆိုင်ဘုတ်အဖွဲ့များ အသင်း (NABP) ထံမှ မှတ်ချက်တစ်ခု ရရှိခဲ့သည်။ "သာမန်ကာလျှံကာ တစ်ကြိမ်ရှာဖွေရုံဖြင့် ၁ မိနစ်မပြည့်ခင်အတွင်း" "အပန်းဖြေခြင်းဆိုင်ရာ သုံးစွဲမှုအတွက် ရှင်းရှင်းလင်းလင်း အမှတ်အသားပြုထားပြီး ကက်တမင်း" ကို အသားပေးဖော်ပြထားသော ပို့စ်များစွာကို တွေ့ရှိခဲ့ကြောင်း အဖွဲ့အစည်းက မှတ်ချက်ပြုခဲ့သည်။ NABP သည် ဘုတ်အဖွဲ့၏ Adderall ကို တောင်းဆိုခြင်း အမှု (PC-၁၁၂၃၅) တွင် ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းအား ပြတ်ပြတ်သားသား ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်မှုနှင့်ပတ်သက်၍ အလားတူထောက်ပြမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ထိုနေရာတွင် ၎င်းက "[Adderall နှင့် Xanax] တို့ကို ရောင်းချရန် ကြိုးပမ်းသော အကြောင်းအရာများသည် Facebook တွင် ကျန်ရှိနေသော ဖြစ်ရပ်များ" ကို မှားနေကြောင်း အမှတ်အသားပြုခဲ့သည်။ ဤအမှုတွင် အဖွဲ့အစည်းသည် Meta အား ဤတစ်ခုကဲ့သို့ 'ပုံမှန်ထက်ကန့်သတ်ချက်များပြီး မရေရာသော အမှုများတွင် အချိန်ကုန်၊ အင်အားကုန်ခံပြီး ဖြုန်းတီးမည့်အစား ရှင်းလင်းပြတ်သားသော အမှုများတွင် အရေးယူဆောင်ရွက်ခြင်းကို ဦးစားပေးရန်" တိုက်တွန်းခဲ့သည်။
ဘုတ်အဖွဲ့သည် အမေရိကန်ပြည်ထောင်စုရှိ စိတ်ကျန်းမာရေး ပြဿနာ အတိုင်းအတာနှင့်ပတ်သက်၍ ကက်တမင်းကုထုံး ဝန်ဆောင်မှုပေးသူ Mindbloom (PC-၁၁၂၃၄) ထံမှ မှတ်ချက်တစ်ခုကိုလည်း ရရှိခဲ့သည်။ Mindbloom ၏ မှတ်ချက်သည် စိတ်ကျရောဂါအတွက် လက်ရှိကုသမှုများ၏ ထိရောက်မှုမရှိခြင်းနှင့် ပတ်သက်သော သုတေသန လေ့လာမှုကို မှတ်ချက်ပြုခဲ့သည်။ သိသာထင်ရှားသော ထုတ်ပြန်ထားသည့် သုတေသန ရှိသော်လည်း ကက်တမင်းကုထုံးသည် ရွေးချယ်စရာတစ်ခုဖြစ်ကြောင်း လူများစွာက မသိရှိသောကြောင့် ကက်တမင်းကဲ့သို့ ကုသမှုအသစ်များနှင့်ပတ်သက်သည့် အချက်အလက်များကို မျှဝေနိုင်ခြင်းသည် မရှိမဖြစ်လိုအပ်သည်ဟုလည်း ၎င်းက မှတ်ချက်ပြုထားသည်။
ဤအမှုအတွက် ပေးပို့ထားသော အများမြင်မှတ်ချက်များကို ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်
အထူးသဖြင့် ဆေးကုသမှုဆိုင်ရာ သုံးစွဲမှုများအတွက် အချို့သောဆေးများအား တရားဝင်ဖြစ်စေခြင်းနှင့် ပုံမှန်ဖြစ်စေခြင်း ဆက်စပ်အကြောင်းအရာတွင် ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ Meta ၏ မူဝါဒကို စစ်ဆေးရန်နှင့် ရှင်းလင်းဖော်ပြရန် အခွင့်အရေးတစ်ခုအဖြစ် Meta က လွှဲပြောင်းပေးထားသော ဤအမှုကို ဘုတ်အဖွဲ့က ရွေးချယ်ခဲ့သည်။ နောက်ထပ်စိစစ်သုံးသပ်ပြီးနောက် အမှုသည် ဆေးဝါးများ ကြော်ငြာခြင်းနှင့်ဆက်နွှယ်သော "အခပေး ပူးပေါင်းဆောင်ရွက်မှု" အကြောင်းအရာ ပါဝင်သည့် အရေးကြီးသော ကိစ္စရပ်များကိုလည်း ပေါ်ပေါက်စေခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိခဲ့သည်။
Meta ၏ စံတန်ဖိုးများနှင့် လူ့အခွင့်အရေး တာဝန်များအပြင် ကုမ္ပဏီ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ Instagram လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် Facebook လူမှုစံနှုန်းများ ပါဝင်သည့် Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို ဆန်းစစ်လေ့လာခြင်းဖြင့် ဤအကြောင်းအရာကို ဖယ်ရှားသင့်၊ မသင့် ဘုတ်အဖွဲ့က စစ်ဆေးခဲ့သည်။
၈.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း
၁။ အကြောင်းအရာဆိုင်ရာ စည်းမျဉ်းများ
အကြောင်းအရာသည် "အခပေး ပူးပေါင်းဆောင်ရွက်မှု" ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါက သက်ရောက်သည့် Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို ဤအမှုရှိ အကြောင်းအရာက ချိုးဖောက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
ဤအကြောင်းအရာသည် "အခပေး ပူပေါင်းဆောင်ရွက်မှု" ၏ တစ်စိတ်တစ်ပိုင်း မဟုတ်ခဲ့လျှင်ပင် ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်လိမ့်မည်ဟုလည်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ
ဤအမှုရှိ အကြောင်းအရာကို "အခပေး ပူးပေါင်းဆောင်ရွက်မှု" ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တင်ခဲ့သောကြောင့် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ သက်ရောက်ခဲ့သင့်သည်။ Meta က အမှုနှင့်ပတ်သက်သော ဤလက္ခဏာသွင်ပြင်ကို ၎င်း၏လွှဲပြောင်းမှု သို့မဟုတ် ကနဦးတင်သွင်းချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မဖော်ပြခဲ့သည်ကို ဘုတ်အဖွဲ့က စိုးရိမ်သည်။ ယင်းအစား ဘုတ်အဖွဲ့သည် အကြိမ်ကြိမ်မေးမြန်းခြင်းဖြင့် ပို့စ်၏ အခပေးသဘောသဘာဝနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို နှိုက်ယူပြီးနောက်တွင်သာ အမှု၏ ဤရှုထောင့်နှင့်ပတ်သက်သည့် အချက်အလက်များကို ရရှိခဲ့သည်။ ဘုတ်အဖွဲ့သည် အဆိုပါမေးခွန်းများတွင် Meta ၏ ပါဝင်မှုအတွက် ကျေးဇူးတင်ပြီး ဆေးကုသမှုများကို အခပေးကြော်ငြာခြင်းတွင် ပါဝင်ဆောင်ရွက်ရန်အတွက် အစီအမံအတိုင်း တိုက်ရိုက်လွှင့်သည့် ပါတနာများ၏ Instagram အသုံးပြုမှုအား ကိုင်တွယ်ဖြေရှင်းရန် အခွင့်အရေးကို ကြိုဆိုသည်။ အထက်ပါ ကဏ္ဍ ၂ အောက်တွင် ဖော်ပြထားသည့်အတိုင်း ဆေးဝါးများကို ကြော်ငြာသော အခပေးအကြောင်းအရာများက ဖြစ်ပေါ်စေသည့် အထူးစိန်ခေါ်မှုများသည် ဆေးဘက်ဆိုင်ရာနှင့် ဥပဒေရေးရာ အသိုင်းအဝိုင်းနှစ်မျိုးလုံးတွင် အာရုံစိုက်လာစေခဲ့သည်။ ဘုတ်အဖွဲ့သည် ဤအကြောင်းအရာများနှင့် ပတ်သက်သည့် နောက်ထပ်အမှုများတွင် စိတ်ဝင်စားမှုကို ဖော်ပြပြီး အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ နှင့်/သို့မဟုတ် သက်ဆိုင်လျှင် လုပ်ငန်းမိတ်ဖက်များနှင့် ပတ်သက်သည့် အချက်အလက်များအပါအဝင် ဘုတ်အဖွဲ့က ရွေးချယ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ အချက်အလက်အားလုံးကို မျှဝေပေးရန် Meta အား တောင်းဆိုသည်။
"အချို့သောထုတ်ကုန်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အမှတ်တံဆိပ်များကို အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာအဖြစ် ကြော်ငြာ၍မရနိုင်ပါ" ဟု Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာများဆိုင်ရာ မူဝါဒများတွင် ဖော်ပြထားသည်။ မူဝါဒများတွင် "တရားမဝင် သို့မဟုတ် အပန်းဖြေမှုဆိုင်ရာ ဆေးဝါးများအပါအဝင် ဆေးများနှင့် ဆေးနှင့်သက်ဆိုင်သော ထုတ်ကုန်များ" ကို တားမြစ်ထားသော ထုတ်ကုန်များအဖြစ် စာရင်းသွင်းဖော်ပြထားသည်။ ဤအမှုရှိ အကြောင်းအရာသည် ကက်တမင်းသုံးစွဲမှုကို ရှင်းရှင်းလင်းလင်း ကြော်ငြာခဲ့သည်။ အသုံးပြုသူ ဖော်ပြခဲ့သည့် အတွေ့အကြုံနှင့် ကုသမှုတို့သည် အမေရိကန်ပြည်ထောင်စုတွင် တရားဝင်ပုံရသော်လည်း ထိုကဲ့သို့အကြောင်းအရာများကို အခပေး ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကြော်ငြာ၍မရနိုင်ကြောင်း Meta ၏ မူဝါဒများက ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ဤဆက်စပ်အကြောင်းအရာတွင် "ဆေးကုသမှုဆိုင်ရာ" ဆေးဝါး သို့မဟုတ် "ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော" ဆေးဝါးတစ်ခုအဖြစ် ကက်တမင်း၏ အခြေအနေသည် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ၏ ရည်ရွယ်ချက်အတွက် ဆီလျော်မှုမရှိပါ။ ထို့ကြောင့် Meta က ဤသီးခြားအမှုတွင် ၎င်း၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းရှိ အားပြိုင်မှုကို ရောထွေးစရာမလိုဘဲ အကြောင်းအရာဖယ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။
"ဆေးဆိုင်များ" သို့မဟုတ် "ဆေးစာဖြင့်ဝယ်ယူရသော ဆေးများ" ကို ကြော်ငြာသည့်အရာများအပါအဝင် အကြောင်းအရာအမျိုးအစား အချို့အတွက် အကြောင်းအရာကို ငွေကြေးထောက်ပံ့သော လုပ်ငန်းမိတ်ဖက်သည် ၎င်းတို့၏ ဝန်ဆောင်မှုများကို ကြော်ငြာရန်အတွက် Meta ၏ "ခွင့်ပြုချက်ရယူ" ရန် လိုအပ်ကြောင်း အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများက မှတ်ချက်ပြုသည်။ ဤသီးခြားအပိုင်းသည် အမေရိကန်ပြည်ထောင်စုအပါအဝင် တရားစီရင်ပိုင်ခွင့်နယ်မြေ အနည်းစုတွင်သာ သက်ရောက်ပြီး အွန်လိုင်းဆေးဆိုင်များ၊ တယ်လီကျန်းမာရေး ဝန်ဆောင်မှုပေးသူများနှင့် ဆေးဝါးထုတ်လုပ်သူများကသာ ထိုကဲ့သို့ခွင့်ပြုချက်အတွက် လျှောက်ထားနိုင်သည်။ ဤအမှုတွင် အကြောင်းအရာကို ငွေကြေးထောက်ပံ့သော လုပ်ငန်းမိတ်ဖက်တွင် ဤခွင့်ပြုချက် မရှိခဲ့ကြောင်း Meta က အတည်ပြုခဲ့သည်။ ထို့ကြောင့် ပို့စ်ကို အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများအရ "ဆေးဆိုင်များ" သို့မဟုတ် "ဆေးစာဖြင့်ဝယ်ယူရသော ဆေးများ" အား ကြော်ငြာခြင်းအပေါ် အထွေထွေတားမြစ်ချက်အတွက် ကန့်သတ်ထားသော ခြွင်းချက်များနှင့်အညီ သင့်လျော်စွာ ခွင့်ပြုထားခြင်းမရှိခဲ့သောကြောင့် ၎င်းသည် ချိုးဖောက်မှုရှိပါသည်။
ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်း
Meta က ဝန်ခံထားသည့်အတိုင်း ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းတွင် အားပြိုင်မှုတစ်ခု ပါရှိသည်။ တစ်ဖက်တွင် ၎င်းသည် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများအား ကြော်ငြာခြင်းကို ခွင့်ပြုသည်။ အခြားတစ်ဖက်တွင် ၎င်းသည် "ယစ်မူးစေရန်" သို့မဟုတ် စိတ်အခြေအနေ ပြောင်းလဲစေရန် အသုံးပြုသော ဆေးဝါးများအား ကြော်ငြာခြင်းကို တားမြစ်သည်။ ဆေးကုသမှုဆိုင်ရာ ဆေးဝါးတစ်ခုက "ယစ်မူးခြင်း" ကို ဖြစ်ပေါ်စေသည့်အခါ ဤစံနှုန်းများသည် ဆန့်ကျင်ဘက်ဦးတည်ရာသို့ ရောက်သွားသည်။ ဤအမှုတွင် အခပေး ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အကြောင်းအရာဖန်တီးခြင်းနှင့် ပတ်သက်သည့် ပြဿနာများကို ဘေးဖယ်ထားပြီး နည်းပါးသော အန္တရာယ်ဖြစ်နိုင်ခြေနှင့်အတူရှိနေသည့် ၎င်း၏ "သဘောထားထုတ်ဖော်ခွင့်" စံတန်ဖိုးသည် ဤအမှုကို ခွင့်ပြုထားသည့် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများအကြောင်း ဆွေးနွေးမှုအဖြစ် သဘောထားခြင်းကို ထောက်ခံကြောင်း Meta က တင်ပြခဲ့သည်။
အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များအရ "ကြီးကြပ်ထားသော ဆေးဘက်ဆိုင်ရာနေရာ" တစ်ခုကို ရည်ညွှန်းချက်ထည့်သွင်းပေးလျှင် ဤအခြေအနေများရှိ အားပြိုင်မှုကို အကောင်းဆုံးဖြေရှင်းနိုင်လိမ့်မည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။ Meta ၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းတွင် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို "ဆေးညွှန်းစာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက စီမံပေးရန် လိုအပ်သော ဆေးဝါးများ" အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ၎င်းသည် "ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဝါးများ" အား "ရည်ရွယ်ထားသော ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်တစ်ခုအတွက် အသုံးပြုခြင်းမဟုတ်သော သို့မဟုတ် ယစ်မူးစေရန်သုံးစွဲသော ဆေးဝါးများ သို့မဟုတ် ပစ္စည်းများ" အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်များအရ ဆေးညွှန်းပေးခြင်းဖြင့်ဖြစ်စေ၊ အဆိုပါနေရာတွင် စီမံပေးခြင်းဖြင့်ဖြစ်စေ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်က ဆေးသုံးစွဲမှုကို ကြီးကြပ်ခြင်းသည် ဤဆေးဝါးအမျိုးအစားနှစ်ခုအကြား အဓိကခြားနားချက်ဖြစ်သည်။ သေချာစေရန်အတွက် "ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဝါးများ" ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် တစ်ခုမဟုတ်တစ်ခုကိုပြသော ဝိဘတ်ဖြစ်သည့် "သို့မဟုတ်" ကို အသုံးပြုခြင်းသည် "ယစ်မူးစေရန်" သုံးစွဲနိုင်သော မည်သည့်ပစ္စည်းမဆိုသည် "ဆေးကုသမှုဆိုင်ရာဆေးဝါး" တစ်ခုလည်း ဖြစ်နေသည့်တိုင် ၎င်းကို "ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဝါး" တစ်ခုအဖြစ် ဖော်ပြနေနိုင်သည်ဟု ဆိုလိုသည်။ သို့သော်လည်း "ဆေးကုသမှုဆိုင်ရာ" နှင့် "ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော" ဆေးဝါးများ၏ အမျိုးအစားများသည် သဘောတရားအားဖြင့် ခြားနားသည်ဟု အဓိပ္ပာယ်သက်ရောက်ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်၏ ကြီးကြပ်မှုဖြင့် ၎င်းတို့ကို ခွဲခြားသိမြင်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဤအမြင်၏ ကျိုးကြောင်းဆီလျော်သော အကျိုးဆက်မှာ "ယစ်မူးစေရန်" သုံးစွဲနိုင်သောဆေးများအား အသုံးပြုခြင်းကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်က ကြီးကြပ်လျှင် ၎င်းတို့ကို "ဆေးကုသမှုဆိုင်ရာ ဆေးဝါးများ" ဟု ဆက်လက်ယူဆသင့်ခြင်းဖြစ်သည်။
Meta အနေဖြင့် ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို ဤဆုံးဖြတ်ချက်နှင့်အညီ ပြင်ဆင်ခြင်းဖြင့် ၎င်းစံနှုန်းထဲရှိ ကွဲလွဲမှုကို ဖြေရှင်းသင့်သည်။ စံနှုန်းသည် "ယစ်မူးခြင်း" ကို ဖြစ်ပေါ်စေသည့် ဆေးများကို ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် စီမံပေးနေသရွေ့ ထိုကဲ့သို့ဆေးများ သုံးစွဲမှုကို ဝန်ခံသော အခမဲ့အကြောင်းအရာများကို ပိုမိုရှင်းလင်းစွာ ခွင့်ပြုသင့်သည်။ ဆေးစစ်တမ်းတစ်ခုကို တိုက်ရိုက်ဖော်ပြခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုပေးသူ၏ လိုင်စင် သို့မဟုတ် ဆေးဘက်ဆိုင်ရာဝန်ထမ်းကို ရည်ညွှန်းမှုကဲ့သို့ အချက်ပြများဖြင့် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုကို ထင်ရှားစေနိုင်သည်ဟု စံနှုန်းက ရှင်းပြသင့်သည်။
ထိုစံနှုန်းကို ဤအကြောင်းအရာတွင် ကျင့်သုံးလျှင် အကြောင်းအရာကို ဖြုတ်ချသင့်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဤသို့ပြုလုပ်ခြင်းသည် အသုံးပြုသူတစ်ဦးက ကြီးကြပ်ထားသော ဆေးဘက်ဆိုင်ရာနေရာတစ်ခုတွင် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများသုံးစွဲခြင်းကို ဝန်ခံသည့် သို့မဟုတ် သုံးစွဲမှုကို ကြော်ငြာသည့် အကြောင်းအရာကိုသာ ခွင့်ပြုသည်ဟူ၍ စိစစ်သုံးသပ်သူများထံ ပေးထားသည့် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်နှင့် "ယစ်မူးစေခြင်း" သို့မဟုတ် "စိတ်အခြေအနေ ပြောင်းလဲစေခြင်း" ကို ပေးစွမ်းသည့် ဆေးများကို ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဝါးများအဖြစ် သဘောထားရန် လမ်းညွှန်ချက်တို့နှင့် တစ်သမတ်တည်းဖြစ်ပါမည်။ Meta သည် ဘုတ်အဖွဲ့ထံ ၎င်း၏တင်ပြချက်များတွင် ဤအမှုရှိ အသုံးပြုသူသည် "ဆေးကုသမှုအတွက် စီမံပေးသော ကက်တမင်း" ကို အသုံးပြုခဲ့သည့် ၎င်း၏အတွေ့အကြုံကို ဖော်ပြခဲ့သည်ဟု အခိုင်အမာဆိုခဲ့သည်။ သို့ရာတွင် ဤအမှုတွင် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်၌ ကက်တမင်းသုံးစွဲခဲ့ခြင်းဟုတ်/မဟုတ်၊ ဆိုလိုသည်မှာ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တစ်ဦးက ဆေးကိုစီမံပေးခဲ့ခြင်းဟုတ်/မဟုတ် အတည်ပြုရန် ပို့စ်တွင် လုံလောက်သော အချက်ပြများကို မတွေ့ရှိခဲ့သောကြောင့် ဘုတ်အဖွဲ့က Meta နှင့် သဘောမတူပါ။ အထူးသဖြင့် ပို့စ်ထဲ၌ အသုံးပြုသူသည် စိတ်ကျရောဂါအတွက် ဆေးစစ်တမ်းကို ရရှိခဲ့ကြောင်း သို့မဟုတ် ရုံးခန်းသည် စိတ်ကျရောဂါအတွက် ကုသမှုအဖြစ် ကက်တမင်းစီမံပေးခြင်းအတွက် လိုင်စင်ရဆေးခန်းတစ်ခုဖြစ်ခဲ့ကြောင်း သို့မဟုတ် ကုသမှုကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြုလုပ်ခဲ့ကြောင်း ("ဆရာဝန်များ"၊ "သူနာပြုများ"၊ "စိတ်ကျန်းမာရေး အထူးကုဆရာဝန်များ" အား တိုက်ရိုက်ရည်ညွှန်းမှုများ မရှိဘဲ "ဝန်ထမ်းများ" သာ ရှိခဲ့သည်) လုံလောက်သောအချက်ပြများ မရှိခဲ့ပါ။ Meta အနေဖြင့် Meta ၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းသော အကြောင်းအရာ စိစစ်သုံးသပ်သူများအား ဤထပ်ဆောင်းလမ်းညွှန်ချက်ကို ပံ့ပိုးပေးရန် အရေးကြီးမည်ဟု ဘုတ်အဖွဲ့က ယူဆသည်။
၂။ စည်းကမ်းထိန်းသိမ်းမှု
Meta ၏ အဆိုအရ တတိယမြောက် အသုံးပြုသူက တိုင်ကြားမှု ပြုလုပ်ပြီးသည့်နောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် အကြောင်းအရာကို အကဲဖြတ်ပြီး ၎င်းက ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည့် အလိုအလျောက်စောင့်ကြည့်စနစ် ကိရိယာသည် "ဤအကြောင်းအရာအပေါ် ယခင် စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်များပေါ် [အခြေခံ၍]" ၎င်း၏ အကဲဖြတ်ချက်ကို ပြုလုပ်ခဲ့သည်။ ဤအမှုရှိ အဆိုပါ အလိုအလျောက် စောင့်ကြည့်စနစ်သည် “ကန့်သတ်ထားသော ထုတ်ကုန်များနှင့် ကန့်သတ်ကုန်ပစ္စည်းများ" ဆိုင်ရာ စိစစ်ခွဲခြားမှုနည်းပညာ ဖြစ်ကြောင်း Meta က ဆိုခဲ့သည်။ စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်း စိစစ်ခွဲခြားမှုနည်းပညာအား Meta ၏ လူမှုစံနှုန်းများအပေါ် ချိုးဖောက်မှုများကို ခွဲခြားဖော်ထုတ်နိုင်ရန်အတွက် လေ့ကျင့်ပေးထားသည်။
Meta က ၎င်းတို့၏ “ကန့်သတ်ထားသော ထုတ်ကုန်များနှင့် ကန့်သတ်ကုန်ပစ္စည်းများ” ဆိုင်ရာ စိစစ်ခွဲခြားမှုနည်းပညာများအား "အယူခံရလဒ်များကို ထည့်သွင်းစဉ်းစားသည့် နောက်ဆုံးရ လေ့ကျင့်မှုအချက်အလက်အစုစု" ကို အသုံးပြု၍ ခြောက်လတစ်ကြိမ် ပြန်လည်လေ့ကျင့်ပေးသည်ဟု ဘုတ်အဖွဲ့ကို ရှင်းပြခဲ့သည်။ ဤအမှုတွင် အမှုအကြောင်းအရာကို ချိုးဖောက်မထားဟု အကဲဖြတ်ခဲ့သည့် Meta ၏ စိစစ်ခွဲခြားမှုနည်းပညာများအား အယူခံရလဒ်များဖြင့် ပြန်လည်လေ့ကျင့်ခြင်း မပြုလုပ်ရသေးပါ။ ထို့အတွက်ကြောင့် အောင်မြင်သောအယူခံလွှာများသည် အကြောင်းအရာကို ဖယ်ရှားရန် အလိုအလျောက် စောင့်ကြည့်စနစ်၏ ဆုံးဖြတ်ချက်တွင် မပါဝင်ခဲ့ပါ။ အစောပိုင်းဖြုတ်ချမှု ဆုံးဖြတ်ချက်များတွင်မူ ပါဝင်ခဲ့သည်ဟု Meta က ဆိုထားသည်။
ဘုတ်အဖွဲ့သည် ခြောက်လတိုင်အောင် နှောင့်နှေးကြန့်ကြာမှုကို စိုးရိမ်ပူပန်လျက် မှတ်ချက်ပြုပြီး Meta အား ၎င်း၏ အလိုအလျောက်စနစ်သုံး လုပ်ငန်းစဉ်များသည် ဒေတာအစုစု၏ တိကျပြည့်စုံ၍ တစ်သမတ်တည်းရှိမှုကို ထိန်းသိမ်းထားစဉ် အောင်မြင်သောအယူခံလွှာများကို တတ်နိုင်သမျှမြန်မြန် ထည့်သွင်းစဉ်းစားကြောင်း သေချာအောင်လုပ်ရန် တိုက်တွန်းသည်။ အလိုအလျောက်စောင့်ကြည့်စနစ်က ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်း ကျင့်သုံးမှုဆိုင်ရာ ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာမှုနှင့်အညီ နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချခဲ့သော်လည်း ထိုဆုံးဖြတ်ချက်သည် ဆုံးဖြတ်ချက်ကို ချခဲ့ချိန်က မူဝါဒကို Meta ၏ ကိုယ်ပိုင်အဓိပ္ပာယ်ကောက်ယူမှုနှင့်အညီ မဟုတ်ခဲ့ပါ။
Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို ကျင့်သုံးနိုင်မှုနှင့်ပတ်သက်၍ ဘုတ်အဖွဲ့၏ မေးခွန်းများကို တုံ့ပြန်သည့်အချိန်တွင် "အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်းပါသော အကြောင်းအရာအားလုံးကို ၎င်း၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများနှင့် တိုက်ဆိုင်၍ စိစစ်သုံးသပ်ခြင်းမပြုကြောင်း၊ အကြောင်းအရာအမြောက်အမြားကို ကိုင်တွယ်ရသော လူကိုယ်တိုင် စိစစ်သူများသည် ဤအညွှန်းကို မြင်ပင်မမြင်ရကြောင်းနှင့် ၎င်းတို့သည် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရန် တာဝန်ရှိသော အထူးအဖွဲ့ထံ အကြောင်းအရာကို လမ်းကြောင်းပြောင်းပေးပို့၍မရနိုင်ကြောင်း ကုမ္ပဏီက ဝန်ခံခဲ့သည်။ အကြောင်းအရာတွင် တပ်ထားသော "အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်းကို ယခင်က စိစစ်သုံးသပ်ပြီး အမှတ်တံဆိပ်မိတ်ဖက်က ခွင့်ပြုထားခြင်း မရှိသည့်အခါ ၎င်းအကြောင်းအရာကို အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများအရ အကဲမဖြတ်ကြောင်း Meta က ရှင်းပြခဲ့သည်။ ၎င်း၏ စည်းကမ်းထိန်းသိမ်းမှု လုပ်ငန်းစဉ်များတွင် သက်ဆိုင်သည့်နေရာ၌ Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများအပါအဝင် သက်ဆိုင်ရာမူဝါဒအားလုံးနှင့် တိုက်ဆိုင်၍ အကြောင်းအရာကို စိစစ်သုံးသပ်ရန် အလိုအလျောက်စနစ်သာမက အကြောင်းအရာမြောက်မြားစွာကို ကိုင်တွယ်ရသော လူကိုယ်တိုင် စိစစ်သူများကို အပြည့်အစုံထားရှိကြောင်း သေချာအောင်လုပ်ရန် ဘုတ်အဖွဲ့က Meta ကို တိုက်တွန်းသည်။
ဤအမှုသည် ကက်တမင်းကို ကြော်ငြာသော အခပေးအကြောင်းအရာနှင့်စပ်လျဉ်း၍ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရန် ပျက်ကွက်ခြင်းနှင့်သက်ဆိုင်သည်။ သို့ရာတွင် ပို၍ယေဘုယျဆိုရလျှင် ဤအမှုသည် Meta ၏ ဆေးဝါးမူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းမှုအားနည်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပုံရသည်ဟု ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ၂၀၂၂ ခုနှစ်နှောင်းပိုင်း၌ လေးပတ်တာ ကာလတစ်ခုကြာ ကြော်ငြာများအား စိစစ်သုံးသပ်မှုပေါ်အခြေခံသည့် Wall Street Journal ၏ မကြာသေးမီက စုံစမ်းစစ်ဆေးမှု တစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းတွင် အန္တရာယ်များကို ကိုးကားခြင်းမရှိဘဲ ဆေးစာဖြင့်ဝယ်ယူရသော ဆေးများ၏ အကျိုးကျေးဇူးများကို ဖော်ပြခဲ့သည့်၊ ဆေးများကို ခွင့်ပြုမထားသော သုံးစွဲမှုများအတွက် ကြော်ငြာခဲ့သည့် သို့မဟုတ် သရုပ်ဆောင်များထံမှဖြစ်စေ၊ ကုမ္ပဏီဝန်ထမ်းများထံမှဖြစ်စေ ရရှိခဲ့ခြင်းဟုတ်၊ မဟုတ် ထုတ်ပြောခြင်းမရှိဘဲ ထောက်ခံချက်များကို အသားပေးဖော်ပြခဲ့သည့် Facebook နှင့် Instagram ရှိ ကြော်ငြာ ၂,၁၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အမျိုးသားဆေးဆိုင်ဘုတ်အဖွဲ့ (NABP) ထံမှ ဘုတ်အဖွဲ့ လက်ခံရရှိခဲ့သည့် မှတ်ချက်တစ်ခုတွင်လည်း Meta ၏ ပလက်ဖောင်းပေါ်ရှိ Meta ၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းအပေါ် ချိုးဖောက်မှုများမှာ တွေ့နေကျဖြစ်နိုင်ကြောင်းလည်း မှတ်ချက်ပြုသည်။ ဤအမှုတွင် NABP က "အပန်းဖြေမှုဆိုင်ရာ သုံးစွဲမှုအတွက် အတိအလင်း ဈေးကွက်တင်ထားသည့် ကက်တမင်းကို Instagram ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်သေးသည်" ဟု ထောက်ပြခဲ့သည်။ ထို့အပြင် NABP က ဤစိုးရိမ်မှုကို ထုတ်ဖော်ခဲ့ခြင်းမှာ ၎င်းက ပထမဆုံးအကြိမ် မဟုတ်ပါ။ ၂၀၂၁ ခုနှစ် Adderall ကို တောင်းဆိုခြင်း အမှုတွင် NABP က "[Adderall နှင့် Xanax] တို့ကို ရောင်းချရန် ကြိုးပမ်းသော အကြောင်းအရာများသည် Facebook ပေါ်တွင် ဆက်ရှိနေသည်" ဟု ထောက်ပြခဲ့သည်။ နောက်ဆုံးအနေဖြင့် အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနက မူးယစ်ဂိုဏ်းများသည် ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချရန် လူမှုကွန်ရက် ပလက်ဖောင်းများကို အသုံးပြုနေကြောင်း မကြာသေးမီက မှတ်ချက်ပြုခဲ့သည်။ သို့ဖြစ်၍ Meta အနေဖြင့် ဆေးဝါးများ ရောင်းချခြင်း သို့မဟုတ် ဆေးဝါးများကို အခပေးကြော်ငြာခြင်းနှင့်စပ်လျဉ်း၍ ၎င်း၏မူဝါဒများကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းခြင်းအား အနီးကပ်စစ်ဆေးသင့်သည်ဟူသော အဓိကအချက် ပေါ်ပေါက်လာပေသည်။
၃။ ပွင့်လင်းမြင်သာမှု
ဤအမှုရှိ အကြောင်းအရာကို အမှတ်တံဆိပ်ဖြင့် ကိုယ်စားပြုထားခြင်းရှိ၊ မရှိ နားလည်ရန် ကြိုးပမ်းရာတွင် ဘုတ်အဖွဲ့သည် အသေးစိတ်ရှင်းလင်းခိုင်းသော မေးခွန်းများစွာကို Meta အား မေးခဲ့ပြီး ၎င်းတို့မှတစ်ဆင့် ဤအကြောင်းအရာသည် "အခပေး ပူးပေါင်းဆောင်ရွက်မှု" ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိခဲ့ရသည်။ "ပို့စ်သည် ဖန်တီးသူကို လုပ်ငန်းမိတ်ဖက်က ငွေ သို့မဟုတ် တန်ဖိုးရှိသောအခြားတစ်စုံတစ်ရာဖြင့် အခကြေးငွေပေးသည့် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဖြစ်သည်" ဟု "အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်းက ဖော်ပြကြောင်း Meta က ရှင်းပြခဲ့သည်။ ဖန်တီးသူတစ်ဦးက တင်သည်ဖြစ်စေ၊ လုပ်ငန်းက တင်သည်ဖြစ်စေ၊ ကိုယ်ပိုင်အကောင့်က တင်သည်ဖြစ်စေ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာကို တင်သည့်အခါ ဖန်တီးသူများသည် သက်ဆိုင်ရာအမှတ်တံဆိပ် သို့မဟုတ် လုပ်ငန်းမိတ်ဖက်ကို အမည်ကတ်တွဲရမည်။"
သို့ရာတွင် ထပ်မံမေးမြန်းပြီးနောက် အမည်ကတ်တွဲထားသော လုပ်ငန်းမိတ်ဖက်သည် "(ပို့စ်တစ်ခုစီအတွက် အမည်ကတ်များကို ခွင့်ပြုရန် လိုအပ်ချက်ကို ဖယ်ရှားလျက်) အချို့သောဖန်တီးသူများအား အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာတွင် ၎င်းတို့ကို အမည်ကတ်တွဲရန် အကောင့်အဆင့် ခွင့်ပြုချက်များ ပေးအပ်နိုင်" သောကြောင့် "အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်းတစ်ခု ရှိနေရုံဖြင့် ထိုလုပ်ငန်းမိတ်ဖက်က အညွှန်းကို သေချာပေါက် ခွင့်ပြုခဲ့သည်ဟု မဆိုကြောင်း Meta က ရှင်းလင်းဖော်ပြခဲ့သည်။ ၎င်းက အသုံးပြုသူများအတွက် ရှုပ်ထွေးစေနိုင်သည်။ Meta သည် ဘုတ်အဖွဲ့အား ဤအကြောင်းအရာနှင့် ပတ်သက်သည့် Meta စီးပွားရေးလုပ်ငန်း အကူအညီစင်တာ ဆောင်းပါး သို့ ညွှန်းပေးခဲ့သော်လည်း Instagram ၏ မူဝါဒများမှ ဤဆောင်းပါးကို ရှာတွေ့ရန် အဆင့်များစွာ လိုအပ်ပြီး Instagram အကူအညီစင်တာရှိ "အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်း အသုံးပြုနည်း" ၏ ရှင်းလင်းဖော်ပြချက်က အညွှန်းအားလုံးကို ခွင့်ပြုကြောင်း သွယ်ဝိုက်ညွှန်းဆိုနေသည်။ ဘုတ်အဖွဲ့သည် Meta အား ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာ၊ အကူအညီစင်တာ ဆောင်းပါးများနှင့် Meta ၏ မူဝါဒများကို အသုံးပြုသူများအား ရှင်းပြသည့် အခြားနေရာအားလုံးတွင် အခပေး ပူးပေါင်းဆောင်ရွက်မှု အညွှန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းပြီး နားလည်လွယ်သော အသုံးအနှုန်းဖြင့် ရှင်းပြရန် အကြံပြုသည်။
၈.၂Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း
ဆေးများကို ကြော်ငြာသော အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာများအပေါ်နှင့် ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဝါးများကို ဝယ်ယူရန်၊ ရောင်းချရန်၊ အရောင်းအဝယ်လုပ်ရန်၊ ရောင်းဝယ်မှုကို ညှိနှိုင်းဆောင်ရွက်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသော အကြောင်းအရာများအပေါ် Meta ၏ ပြင်းထန်သော ကန့်သတ်ချက်များသည် UNGP များ (အခြေခံမူ ၁၃) အရ "လူ့အခွင့်အရေး ထိခိုက်မှုများကို ဖြစ်စေခြင်း သို့မဟုတ် အထောက်အကူပြုခြင်းကို ရှောင်ရှား"ရန်နှင့် "ဆိုးဝါးသော လူ့အခွင့်အရေး ထိခိုက်မှုများကို ကြိုးစား၍ တားဆီးရန် သို့မဟုတ် လျှော့ချရန်" ကုမ္ပဏီ၏ လူ့အခွင့်အရေး တာဝန်များနှင့် ကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိခဲ့သည်။ ဆန်းစစ်လေ့လာနေသည့်တစ်ခုကဲ့သို့ ပို့စ်များက ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများနှင့် ကျန်းမာရေးနှင့်ဆက်စပ်သော ကိစ္စရပ်များနှင့်ပတ်သက်၍ အချက်အလက်များ ရပိုင်ခွင့်ကို ကိုယ်စားပြုသည့် အန္တရာယ်ကို ထည့်သွင်းစဉ်းစားလျှင် ၎င်းသည် အထူးသဖြင့် သက်ဆိုင်မှုရှိပါသည်။ အောက်ပါဆန်းစစ်လေ့လာမှုတွင် ဘုတ်အဖွဲ့သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (ICCPR၊ အပိုဒ် ၁၉) ကို ကာကွယ်ရန် Meta ၏ တာဝန်အရ ဤပြောဆိုမှုအပေါ် ကန့်သတ်မှုကို အကဲဖြတ်သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (ICCPR အပိုဒ် ၁၉)
ICCPR ၏ အပိုဒ်ခွဲ ၁၉၊ အပိုဒ်၂ တွင် ထုတ်ဖော်ပြောဆိုခွင့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်မှုကို ဖော်ပြထားသည်။ ဤအခွင့်အရေးတွင် “အချက်အလက်နှင့် ထင်မြင်ချက်မျိုးစုံကို လွတ်လပ်စွာ တောင်းခံခွင့်၊ လက်ခံရယူခွင့်နှင့် ပေးပိုင်ခွင့်” တို့ ပါဝင်သည်။ အထွေထွေမှတ်ချက်အမှတ် ၃၄ တွင် လူ့အခွင့်အရေးကော်မတီက အပိုဒ် ၁၉ အောက်တွင်ပါဝင်သော သီးခြားထုတ်ဖော်ပြောဆိုခွင့်ပုံစံများကို စာရင်းပြုစုထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွင် "စီးပွားရေးကြော်ငြာလည်း ပါဝင်နိုင်သည်" ဟု မှတ်ချက်ပြုထားသည် (ပိုဒ်ခွဲ ၁၁၊ အလေးပေးဖော်ပြချက် ထည့်သွင်းထားသည်)။ ဤအမှုရှိ အကြောင်းအရာ၏ အခပေးသဘောသဘာဝသည် ကြော်ငြာခြင်းနှင့် ဆင်တူယိုးမှားဖြစ်စေကြောင်းနှင့် Meta အနေဖြင့် ၎င်း၏ လူ့အခွင့်အရေးတာဝန်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကြော်ငြာခြင်းနှင့် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာ နှစ်မျိုးလုံးအပါအဝင် အခပေးအကြောင်းအရာကို အလေးထား စဉ်းစားသင့်သည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။
CRPD ၏ အပိုဒ်ခွဲ ၂၁ သည် အပိုဒ်ခွဲ ၁ အရ "ရေရှည်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ဆိုင်ရာ သို့မဟုတ် အာရုံခံစားမှုဆိုင်ရာ ချို့ယွင်းချက်များကြောင့် လူအများနှင့် အပြန်အလှန်ဆက်ဆံရာတွင် အခက်အခဲအမျိုးမျိုးရှိပြီး အခြားသူများနှင့် တန်းတူ လူ့အဖွဲ့အစည်းတွင် အပြည့်အဝနှင့် ထိရောက်စွာ ပါဝင်ဆောင်ရွက်မှုတွင် အဟန့်အတားရှိနိုင်သူများ" ဖြစ်သော မသန်စွမ်းသူများအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကာကွယ်ပေးမှုများကို သတ်မှတ်ထားသည်။ ၎င်းတို့သည် “အခြားသူများနှင့် တန်းတူ ၎င်းတို့ရွေးချယ်ထားသော ဆက်သွယ်ပြောဆိုမှုပုံစံအားလုံးဖြင့်” ဤလွတ်လပ်ခွင့်ကို ကျင့်သုံးနိုင်စေရန် CRPD က အာမခံပါသည် (အပိုဒ်ခွဲ ၂၁၊ CRPD)။ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကော်မတီက “ကျန်းမာရေးဆိုင်ရာ အသိပညာနှင့် သတင်းအချက်အလက်များကို ရယူခွင့်” သည် ICESCR ၏ အပိုဒ်ခွဲ ၁၂ တွင် ပြဋ္ဌာန်းထားသော ကျန်းမာရေးဆိုင်ရာ အခွင့်အရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ရှင်းလင်းစေသည် (အထွေထွေ မှတ်ချက်အမှတ် ၁၄၊ အပိုဒ် ၁၁)။ ကမ္ဘာတစ်ဝန်းတွင် စိတ်ကျရောဂါနှင့် အခြားစိတ်ကျန်းမာရေး အခြေအနေများ ဖြစ်ပွားမှုနှုန်း တိုးပွားလာသည့်အခြေအနေတွင် ၎င်းသည် အထူးအရေးကြီးသည်။ ယခင်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က မှတ်ချက်ပြုထားသည့်အတိုင်း လူမှုကွန်ရက် ကုမ္ပဏီများသည် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာသုံးမဟုတ်သော ဆေးဝါးများနှင့်ပတ်သက်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးထားသင့်သည် (သီရိလင်္ကာ ဆေးဝါးများ၊ Adderall ® ကို တောင်းဆိုခြင်း၊ Ayahuasca ဆေးဖျော်ရည်ကို ကြည့်ပါ)။
ပြည်နယ်တစ်ခုက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များ ချမှတ်ထားလျှင် ၎င်းတို့သည် တရားဥပဒေနှင့်ညီညွတ်မှု၊ တရားဝင် ရည်ရွယ်ချက်၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် (အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃၊ ICCPR)။ ဤသတ်မှတ်ချက်များကို "အပိုင်းသုံးပိုင်း စမ်းသပ်ချက်" အဖြစ် ရည်ညွှန်းလေ့ရှိပြီး ၎င်းတို့သည် စီးပွားရေးဆိုင်ရာ ပြောဆိုမှု သို့မဟုတ် ကြော်ငြာခြင်းအပေါ်လည်း ကန့်သတ်ချက်များ သက်ရောက်စေသည်။ ဘုတ်အဖွဲ့သည် စိစစ်သုံးသပ်နေဆဲ သီးခြားအကြောင်းအရာအလိုက် ဆုံးဖြတ်ချက်နှင့် အကြောင်းအရာထိန်းချုပ်မှုအပေါ် Meta ၏ ပိုမိုကျယ်ပြန့်သော ကိုင်တွယ်ဖြေရှင်းမှု နှစ်ခုစလုံးနှင့်ဆက်စပ်၍ Meta ၏ ဆန္ဒအလျောက် ချမှတ်ထားသော လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို အဓိပ္ပာယ်ကောက်ယူရန် ဤမူဘောင်ကို အသုံးပြုသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ပြောထားသည့်အတိုင်းပင် “ကုမ္ပဏီများသည် အစိုးရတာဝန်ဝတ္တရားများ မရှိကြသော်လည်း ၎င်းတို့အသုံးပြုသူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ခြင်းနှင့် ပတ်သက်၍ အလားတူမေးခွန်းများကို ဆန်းစစ်ရန် လိုအပ်သည့် ကိစ္စမျိုးတွင် ၎င်းတို့အပေါ် သက်ရောက်မှုရှိပါသည်” (က/၇၄/၄၈၆၊ အပိုဒ် ၄၁)။
၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် စည်းမျဉ်းများသည် ရှင်းလင်း၍ အများနားလည်ရ လွယ်ကူရမည်ဖြစ်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေအောက်ရှိ တရားဥပဒေနှင့်ညီညွတ်မှုဆိုင်ရာ အခြေခံမူတွင် သတ်မှတ်ထားသည် (အထွေထွေမှတ်ချက် အမှတ် ၃၄၊ ပိုဒ်ခွဲ ၂၅)။ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ကန့်သတ်သည့် စည်းမျဉ်းများမှာလည်း “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်းအတွက် [၎င်းတို့ကို] အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသူများအား စည်းကမ်းမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပေးအပ်၍မရနိုင်ပါ"။ ထို့အပြင် “မည်သည့် ထုတ်ဖော်ပြောဆိုမှုမျိုးကို သင့်တင့်လျောက်ပတ်စွာ ကန့်သတ်ထားပြီး မည်သည့်ထုတ်ဖော်ပြောဆိုမှုမျိုးကို ကန့်သတ်ထားခြင်းမရှိကြောင်း သေချာအောင် လေ့လာစိစစ်နိုင်စေရန်အတွက် ၎င်းတို့အား အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသူတို့ကို လုံလောက်သော လမ်းညွှန်မှု ပံ့ပိုးပေးရမည်" (Ibid)။ အွန်လိုင်းရှိပြောဆိုမှုများကို ထိန်းချုပ်သည့် စည်းမျဉ်းများကို ကျင့်သုံးရာတွင် ၎င်းတို့သည် ရှင်းလင်းပြီး တိကျသင့်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ဆိုခဲ့သည် ( က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၆)။ Meta ၏ ပလက်ဖောင်းများကို အသုံးပြုနေသူများသည် စည်းမျဉ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး နားလည်နိုင်သင့်ကာ အကြောင်းအရာ စိစစ်သုံးသပ်သူများတွင် ၎င်းတို့၏ စည်းကမ်းထိန်းသိမ်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းသော လမ်းညွှန်ချက် ရှိထားသင့်သည်။
အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ
Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများသည် "အခပေး ပူးပေါင်းဆောင်ရွက်မှုများ" တွင် ပါဝင်လိုသော အသုံးပြုသူများအတွက် လုံလောက်စွာ ရှင်းလင်းပြီး နားလည်ရလွယ်သောကြောင့် ၎င်းကို ခွင့်ပြုသည့် အခြေအနေများကို သေသေချာချာ နားလည်သဘောပေါက်စေကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ "ဆေးများနှင့် ဆေးနှင့်သက်ဆိုင်သော ထုတ်ကုန်များ" အတွက် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာအပေါ် တားမြစ်ချက်တွင် ဆေးများကို စီမံပေးသည့် ဝန်ဆောင်မှုများကို အကျုံးဝင်စေမည်ဖြစ်ကြောင်း ဘုတ်အဖွဲ့အနေဖြင့် ရှင်းရှင်းလင်းလင်း သိနားလည်ရပါသည်။ စိတ်ကျခြင်းအတွက် ကတ်တမင်းသုံး၍ ကုသမှု အရှိန်အဟုန်ဖြင့် မြင့်တက်လာမှုကို ထည့်သွင်းစဉ်းစားပါက ဆေးဝါးသုံး၍ ကုသမှုများနှင့် ကုထုံးများကို “အခပေး ပူးပေါင်းဆောင်ရွက်မှု” အကြောင်းအရာမှ တားမြစ်ထားကြောင်း သတ်မှတ်ခြင်းဖြင့် ပိုမိုရှင်းလင်းအောင် ဆောင်ရွက်နိုင်သည်။
“လုပ်ငန်းမိတ်ဖက်အား ၎င်းတို့၏ဝန်ဆောင်မှုများကို ကြော်ငြာရန် ခွင့်ပြုချက်ပေး” မှသာ ဆေးစာဖြင့်ဝယ်ယူရသည့် ဆေးများနှင့် ဆေးဆိုင်များသည် အခပေး ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာတွင် ပါဝင်နိုင်ကြောင်းကိုလည်း မူဝါဒတွင် ရှင်းလင်းစွာဖော်ပြထားသည်။ စာရင်းသည် အကန့်အသတ်ဖြင့် သတ်မှတ်ထားပြီး ရှင်းလင်းသည့်တိုင် အထွေထွေစည်းမျဉ်းနှင့် ဤသိသာထင်ရှားသော ခြွင်းချက်အကြား ဆက်စပ်မှုကို ပိုမိုကောင်းမွန်စွာ ရှင်းပြနိုင်ပါသည်။ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ၏ ဗားရှင်းနှစ်ခုကို အွန်လိုင်းပေါ်တွင် ပြသထားကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ တစ်ခုကို Facebook နှင့် Instagram နှစ်ခုလုံးပေါ် သက်ရောက်ပုံရသည့် Meta ၏ “လုပ်ငန်း အကူအညီစင်တာ" (ပွင့်လင်းမြင်သာမှုစင်တာရှိ အကြောင်းအရာ မူဝါဒများ၏ စာရင်းမှ လင့်ခ်ချိတ်ထားသည်) တွင် ပြသထားပြီး ဒုတိယတစ်ခုကို Instagram ပေါ် သက်ရောက်ပုံရသည့် Instagram ၏ အကူအညီစာမျက်နှာတွင် ပြသထားသည်။ ဤစည်းမျဉ်းများသည် တစ်သမတ်တည်းဖြစ်ပုံရသော်လည်း ဤပုံစံတူထပ်နေခြင်းကို ဖယ်ရှားခြင်းက ပို၍ရှင်းလင်းစေပါမည်။
“အခပေး ပူးပေါင်းဆောင်ရွက်မှု” အကြောင်းအရာကို အကဲဖြတ်သည့်အခါ အကြောင်းအရာများစွာကို စိစစ်သုံးသပ်သူများအနေဖြင့် ထိုအကြောင်းအရာသည် “အခပေး ပူးပေါင်းဆောင်ရွက်မှု” တစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း မသိမည်ကို ဘုတ်အဖွဲ့က အလွန်စိုးရိမ်သည်။ ဤအတွက်ကြောင့် စိစစ်သုံးသပ်သူများအနေဖြင့် အကြောင်းအရာ အစိတ်အပိုင်းတစ်ခုသည် လူမှုအဖွဲ့အစည်း စံနှုန်းများအခြေခံ အကဲဖြတ်မှုအပြင် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများဖြင့် အကဲဖြတ်မှုကို လိုအပ်ခြင်းရှိ၊ မရှိ မဆုံးဖြတ်နိုင်ပါ။ ဤကိုင်တွယ်သည့်နည်းလမ်းက Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို ကျင့်သုံးရာတွင် အားပျော့ခြင်းကို ပို၍ပင် ဖြစ်နိုင်ခြေပိုများစေသည်။ အကြောင်းအရာကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ နှောင်းပိုင်းတွင် ပထမဆုံးအကြိမ် တိုင်ကြားခဲ့ချိန်က အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများနှင့် တိုက်ဆိုင်၍ သေချာစွာ စိစစ်သုံးသပ်ခဲ့မည်ဆိုပါက ဤအမှုတွင် အကြောင်းအရာဖန်တီးသူက တွေ့ကြုံခဲ့သည့် လပေါင်းများစွာ အဆင်မပြေဖြစ်ရသော အခြေအနေကို ရှောင်ရှားနိုင်ခဲ့ပေမည်။ ဆေးဝါးများ ကြော်ငြာခြင်းအခြေအနေတွင် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာအားလုံးကို မတင်မီ သို့မဟုတ် တင်ပြီးနောက်မကြာမီ ကြိုကြိုတင်တင် အကဲဖြတ်သင့်သည်။
ကန့်သတ်ထားသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒ
ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒက လက်ခံကျင့်သုံးသော “ဆေးကုသမှုနှင့်မဆိုင်သော ဆေးဝါးများ” နှင့် “ဆေးကုသမှုဆိုင်ရာ ဆေးဝါးများ” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ဥပဒေနှင့်ညီညွတ်ခြင်း လိုအပ်ချက်နှင့် မကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ အထက်တွင် အကြမ်းဖျင်းဖော်ပြထားသည့်အတိုင်း စည်းမျဉ်းနှစ်ရပ်သည် “ယစ်မူးခြင်း” သို့မဟုတ် “စိတ်အခြေအနေပြောင်းလဲခြင်း” ဖြစ်စေနိုင်သည့် ဆေးစာဖြင့်ဝယ်ယူရသည့် ဆေးများကို ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုဖြင့် သုံးစွဲမှုအပေါ် ကျင့်သုံးသည့်အခါ တစ်ခုနှင့်တစ်ခု ကွဲလွဲပုံပေါ်သည်။ “ဆေးကုသမှုဆိုင်ရာ ဆေးဝါးများ” အတွက် စည်းမျဉ်းများသည် ထိုကဲ့သို့အကြောင်းအရာကို ခွင့်ပြုပုံရပြီး “ဆေးကုသမှုနှင့်မဆိုင်သော ဆေးဝါးများ” အတွက် စည်းမျဉ်းများမှာမူ အလားတူ အကြောင်းအရာကို တားမြစ်ပုံပေါ်သည်။
စည်းမျဉ်းများသည် မရှင်းလင်းကြောင်းနှင့် စိစစ်သုံးသပ်သူများအတွက် ပိုကောင်းသော လမ်းညွှန်ချက်လိုအပ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ရှင်းလင်းသော စည်းမျဉ်းများသည် ပြောဆိုခွင့် ကန့်သတ်ခံထားရနိုင်သည့် လူများအတွက် အဓိကအားဖြင့် အရေးကြီးသော်လည်း ၎င်းတို့သည် စည်းမျဉ်းများကို ချမှတ်ရမည့်သူများအတွက်လည်း အရေးကြီးသည်။ ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန် ချမှတ်ရမည့် စိစစ်သုံးသပ်သူများအား ယုံကြည်ချက်ရှိရှိဖြင့် ၎င်းတို့ကျင့်သုံးနိုင်သည့် စည်းမျဉ်းများကို ချပေးထားရမည်။
ဆေးကုသမှုနှင့်မဆိုင်သော သို့မဟုတ် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို “ဝယ်ယူရန်၊ ရောင်းဝယ်ရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းမှုများ” ကို ယေဘုယျအားဖြင့် တားမြစ်သည့် Meta ၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများဆိုင်ရာ လူမှုအဖွဲ့အစည်းစံနှုန်း၏ စည်းကမ်းထိန်းသိမ်းမှု တစ်သမတ်တည်းမဖြစ်နိုင်ခြေနှင့် ပတ်သက်၍လည်း ဘုတ်အဖွဲ့က အလွန်စိုးရိမ်သည်။ ဘုတ်အဖွဲ့က ၎င်း၏ Adderall ကို တောင်းဆိုခြင်း အမှုတွင် ဦးစားပေးဖော်ပြထားသည့်အတိုင်း မူဝါဒချိုးဖောက်ထားသည့် အကြောင်းအရာကို အွန်လိုင်းတွင် ဆက်ထားရှိသည့်အခါ “စည်းကမ်းထိန်းသိမ်းမှုတွင် တစ်သမတ်တည်းမဖြစ်ခြင်းက Facebook တွင် ခွင့်ပြုထားသည်များနှင့်ပတ်သက်၍ ရှုပ်ထွေးမှုကို ဖြစ်စေနိုင်သည်။”
၂။ တရားဝင် ရည်ရွယ်ချက်
ICCPR ၏ အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၃ အောက်တွင် အတိအကျသတ်မှတ်ဖော်ပြ၍ ကန့်သတ်ထားသော အကြောင်းရင်းစာရင်း တစ်ခုအရ ပြောဆိုမှုကို ကန့်သတ်ထားနိုင်သည်။ ဤအမှုတွင် ဆေးကုသမှုနှင့်မဆိုင်သော ဆေးဝါးများကို ကြော်ငြာခြင်းနှင့် ဆေးကုသမှုနှင့်မဆိုင်သော ဆေးဝါးနှင့် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများနှင့် ကန့်သတ်ထားသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများဆိုင်ရာ လူမှုအဖွဲ့အစည်းစံနှုန်း မူဝါဒတွင် ဖော်ပြထားသည့်အပိုဒ်များသည် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ခြင်းဆိုင်ရာ တရားဝင်ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ၎င်းတို့သည် ကျန်းမာရေး စောင့်ရှောက်မှုရပိုင်ခွင့်နှင့် ကျန်းမာရေးနှင့်ဆက်စပ်သော ကိစ္စရပ်များနှင့်ပတ်သက်သည့် အချက်အလက်များ ရပိုင်ခွင့်အပါအဝင် အခြားသူများ၏ အခွင့်အရေးများကိုလည်း ကာကွယ်ပေးသည် (သီရိလင်္ကာ ဆေးဝါးများ အမှုကို ကြည့်ပါ)။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
လိုအပ်မှုနှင့် အချိုးကျမျှတမှု အခြေခံမူတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ထားရှိသည့် မည်သည့်ကန့်သတ်ချက်မဆိုသည် “၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည်။ ၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည့် ဆောင်ရွက်ချက်များအနက် စွက်ဖက်မှု အနည်းဆုံး ဆောင်ရွက်ချက်လည်း ဖြစ်ရမည့်[အပြင်] အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်” ဟု သတ်မှတ်ပြဋ္ဌာန်းထားသည် ( အထွေထွေမှတ်ချက် နံပါတ် ၃၄၊ ပိုဒ်ခွဲ ၃၄)။
အထက်ပါ ကဏ္ဍ ၂ အောက်တွင် ရှင်းပြထားသည့်အတိုင်း စိတ်ကျရောဂါ ခံစားရမှုများသည် ကမ္ဘာတစ်ဝန်း မြင့်တက်လာသည်။ ၎င်းကိုတုံ့ပြန်ဖြေရှင်းခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စိတ်ကျခြင်းကို ကုသရန် ကတ်တမင်းသုံးစွဲမှုသည်လည်း မြင့်တက်လာသည်။ ဤကုသမှုများသည် အလားအလာရှိသော်လည်း ခုမှအစပျိုးစသာရှိသေးသည်။ ထို့အပြင် စိတ်အပန်းဖြေ ရည်ရွယ်ချက်များအတွက် ကတ်တမင်း တလွဲသုံးခြင်းသည်လည်း ပိုမိုမြင့်တက်လာနေပုံရသည်။ ဤအခြေအနေတွင် အကြောင်းအရာကို ဖယ်ရှားခြင်းသည် ပြည်သူ့ကျန်းမာရေးနှင့် လူအများ၏ ကျန်းမာရေး စောင့်ရှောက်မှုရပိုင်ခွင့်နှင့် ကျန်းမာရေးနှင့်ဆက်စပ်သော ကိစ္စရပ်များနှင့်ပတ်သက်သည့် အချက်အလက်များ ရပိုင်ခွင့်တို့ကို ကာကွယ်ရန်အတွက် လိုအပ်ပြီး ထုတ်ဖော်ပြောဆိုခွင့်အပေါ် အချိုးကျမျှတစွာ ကန့်သတ်ခြင်းလည်း ဖြစ်သည်။
အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ
WHO ၏ ဆေးဝါးကြော်ငြာခြင်းအတွက် ကျင့်ဝတ်စံနှုန်းများတွင် ဤအကြောင်းအရာများကို ရှင်းလင်းဖော်ပြထားကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ “ဆေးစွဲခြင်းနှင့် ဆေးဝါးအပေါ်မှီခိုနေရခြင်းကို တိုက်ဖျက်ရန်” ဆေးများ (အထူးသဖြင့် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးများ) ကို “အများပြည်သူအား မကြော်ငြာသင့်ပါ” ဟု ဤသတ်မှတ်စံနှုန်းများတွင် ဖော်ပြထားသည် (ပိုဒ်ခွဲ ၁၄)။ ၎င်းတို့က လူမှုကွန်ရက်ထက် ဆယ်စုနှစ်ပေါင်းများစွာ အလျင်ကျသော်လည်း ဤသတ်မှတ်စံနှုန်းများသည် ယနေ့ခေတ်တွင် ပို၍ပင် သက်ဆိုင်မှုရှိပုံပေါ်သည်။ အမေရိကန်ပြည်ထောင်စုမှ နောက်ထပ်ဆက်စပ်အကြောင်းအရာသည် ဘုတ်အဖွဲ့က ဆေးကြော်ငြာခြင်းအပေါ် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများအရ တားမြစ်ချက်ပြုလုပ်ရန် လိုအပ်မှုနှင့် တားမြစ်ချက်၏ အချိုးကျမျှတမှုကို ဆင်ခြင်သုံးသပ်ရန် အထောက်အကူပြုခဲ့သည်။ Wall Street Journal ၏ သတင်းတင်ပြချက် တစ်ခုအရ Meta ပလက်ဖောင်းပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာလေ့ရှိခဲ့သည့် တယ်လီကျန်းမာရေးကုမ္ပဏီနှစ်ခုသည် “ဆေးခန်းဆရာဝန်အချို့က စိတ်ကြွဆေးများကို ညွှန်းပေးရန် ၎င်းတို့ကို ဖိအားပေးခံရသည်ဟု ခံစားခဲ့ရကြောင်း” နှင့် လူနာနှင့် ဝန်ထမ်းအချို့က “ထိုကုမ္ပဏီနှစ်ခု၏ ဈေးကွက်ရှာဖွေရေး လုပ်ရပ်များသည် ထိန်းချုပ်ထားသော ဆေးဝါးများကို တလွဲသုံးခြင်းဖြစ်ပွားစေခဲ့သည်ဟု ပြောခဲ့ကြောင်း” Journal က သတင်းတင်ပြပြီးနောက်တွင် အမေရိကန် တရားရေးဌာန၏ စုံစမ်းစစ်ဆေးမှုများကို ခံခဲ့ရသည်။
ထို့ကြောင့် Facebook နှင့် Instagram အသုံးပြုသူများအကြား စိတ်အပန်းဖြေ ကတ်တမင်းသုံးစွဲမှုကို ကြော်ငြာခြင်း၏ အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် ကတ်တမင်းကုထုံးအကြောင်း “အခပေး ပူးပေါင်းဆောင်ရွက်မှု” ဖြင့် ကြော်ငြာခြင်းကို ကန့်သတ်ခြင်းသည် လိုအပ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ကျန်းမာရေးအချက်အလက်ပါဝင်သော အခပေး ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာသည်၊ အထူးသဖြင့် ၎င်းသည် အလွယ်တကူ တလွဲသုံးနိုင်သော ဆေးများနှင့် ဆက်စပ်နေချိန်တွင် အသုံးပြုသူ၏ ကျန်းမာရေးအချက်အလက် ရပိုင်ခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်မှုရပိုင်ခွင့်ကို လျော့ပါးစေနိုင်သည့် အလားအလာရှိသည်။ လူမှုကွန်ရက်တွင် ကုမ္ပဏီများက ထိခိုက်လွယ်သော ကျန်းမာရေး အခြေအနေများ ရှိနေနိုင်သည့် ကျယ်ပြန့်သောပရိသတ်များထံ ပျံ့နှံ့ရောက်ရှိစေရန် ဩဇာလွှမ်းမိုးသူများအား ကြီးမားသော မက်လုံးများကို ကမ်းလှမ်းသည့်အခါ ဤအန္တရာယ်များသည် ပိုများလာသည်။ အခပေး ကြော်ငြာမှုတွင် အမှန်တကယ်လိုအပ်သော ဆေးကုသမှုကိုဖြစ်စေ ဥပဒေက ခွင့်မပြုသော စိတ်အပန်းဖြေ ဆေးဝါးသုံးစွဲမှုများကိုဖြစ်စေ ထည့်သွင်းဖော်ပြသည့်အခါ Meta တွင် ၎င်း၏ ပလက်ဖောင်းကို တလွဲသုံးမှုဖြစ်နိုင်ခြေကို သတိပြုမိရန် တာဝန်ရှိသည်။ ဘုတ်အဖွဲ့၏ အမြင်တွင် ဆေးဝါး သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ကြော်ငြာသော ကြော်ငြာပြောဆိုမှုနှင့် ကြော်ငြာမဟုတ်သော ပြောဆိုမှုအကြား ခွဲခြားသိမြင်သင့်သည်။ "ဆေးကုသမှုဆိုင်ရာ" နှင့် "ဆေးကုသမှုနှင့်မဆိုင်သော" ဆေးဝါးများအကြောင်း ဆွေးနွေးသော အခမဲ့အကြောင်းအရာအတွက် အချိုးကျမျှတခြင်းမရှိဟု ယူဆနိုင်သည့် ကန့်သတ်ချက်များသည် အလားတူ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ကြော်ငြာသော အခပေးအကြောင်းအရာတွင် ကျင့်သုံးသည့်အခါ အချိုးကျမျှတနိုင်သည်။
အရက်နှင့် ဆေးလိပ်ဆေးရွက်ကြီး (လူတို့၏ စိတ်အခြေအနေများကိုလည်း ပြောင်းလဲစေသည့် ပစ္စည်းများ) အတွက် Meta က ပြုလုပ်သည့်အတိုင်း သတ်မှတ်အသက်အရွယ်ပြည့်ပြီးသော အသုံးပြုသူများသာ ကြည့်ရှုခွင့်ပေးရန် ကန့်သတ်ခြင်းကဲ့သို့ စွက်ဖက်မှုနည်းသော နည်းလမ်းများဖြင့် ဤကဲ့သို့ အခပေးအကြောင်းအရာ အမျိုးအစားကို ကန့်သတ်ခြင်းသည် ပို၍ အချိုးကျမျှတနိုင်ခြင်းရှိ၊ မရှိ ဘုတ်အဖွဲ့က ထည့်သွင်းစဉ်းစားခဲ့သည် ။ သို့ရာတွင် ဤအကြောင်းအရာ အမျိုးအစားနှင့်ဆက်စပ်သော အန္တရာယ်များသည် လူငယ် ပရိသတ်များတွင်သာ ဖြစ်နိုင်သည်ဟု မကန့်သတ်ထားပါ။ လူကြီးသူမများသည်လည်း "ဩဇာလွှမ်းမိုးသူ လူနာ" ၏ ထောက်ခံချက်များကို ယုံလွယ်နိုင်သည်။ အထူးသဖြင့် ထိုသူက လူအားလုံးအတွက် မသင့်လျော်နိုင်သည့် ကုထုံးအချို့ကို အလွန်အမွှမ်းတင်ထားသည့်အခါ၊ သင့်လျော်သော အန္တရာယ်ကင်းရှင်းရေး သတိပေးချက်များ မရှိသည့်အခါ သို့မဟုတ် အန္တရာယ်များကို လျှော့ပြောထားသည့်အခါ ပိုမိုယုံလွယ်နိုင်သည်။ WHO ၏ ကျင့်ဝတ်စံနှုန်းကို လေးစားလိုက်နာသောအားဖြင့် ဤအမှုရှိ အကြောင်းအရာအတွက် “အခပေး ပူးပေါင်းဆောင်ရွက်မှုများ” အပေါ် Meta ၏ ပြင်းထန်သော ကန့်သတ်ချက်များသည် အချိုးကျမျှတကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
ပို့စ်ကို “အခပေး ပူးပေါင်းဆောင်ရွက်မှု” အဖြစ် ခွင့်မပြုပေးခဲ့သင့်ဟု ဘုတ်အဖွဲ့က တွေ့ရှိသော်လည်း အကြောင်းအရာက ဆေးဝါးများ သို့မဟုတ် ဆေးစာဖြင့်ဝယ်ယူရသည့် ဆေးများကို ကြော်ငြာနိုင်သည့် အခြေအနေအနည်းငယ်တွင် ထိုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုများကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍လည်း ၎င်းတွင် စိုးရိမ်မှုများရှိသည်။ အထူးသဖြင့် ဤအခြေအနေတွင် “အခပေး ပူးပေါင်းဆောင်ရွက်မှု” အညွှန်းတစ်ခုအတွက် လုပ်ရန်လိုအပ်သည့်အရာမှာ စီးပွားဖြစ်ဆက်ဆံရေးကို ထုတ်ဖော်ပြောရန်ဖြစ်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ဩဇာလွှမ်းမိုးသူတစ်ဦးက ကုထုံးအသစ် သို့မဟုတ် စမ်းသပ်လေ့လာနေဆဲ ကုထုံးတစ်ခုတွင် သုံးသည့်အတိုင်း စားသောက်ဆိုင်အသစ် ကြော်ငြာသည့်ပို့စ်တွင် အလားတူအညွှန်းကိုပင် သုံးကောင်းသုံးနိုင်သည်။ ဆေးကုသမှုအခြေအနေတွင် ဤအညွှန်းများကို အသားပေးမှုမရှိခြင်းနှင့် အန္တရာယ်များကို ဦးစားပေးဖော်ပြရန် သို့မဟုတ် အဆိုပါအန္တရာယ်များနှင့်ဆက်စပ်သော နောက်ထပ်မှီငြမ်းစရာများကို ညွှန်ပြရန် ချိန်ညှိထားသောအချက်အလက်များ မရှိခြင်းတို့နှင့်ပတ်သက်၍ ဘုတ်အဖွဲ့က စိုးရိမ်သည်။
"အခပေး ပူးပေါင်းဆောင်ရွက်မှု" အညွှန်းများကို ကိုင်တွယ်ပုံနည်းလမ်းသည် ကျန်းမာရေး သတင်းအချက်အလက်အမှား အမျိုးအစားအချို့နှင့်ပတ်သက်၍ "ကုသမှုများကို အသိပေးခြင်း" အတွက် Meta ၏ ကိုင်တွယ်ပုံနည်းလမ်းနှင့် လုံးလုံးလျားလျား ဆန့်ကျင်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ အဆိုပါအညွှန်းများသည် အချက်အလက်စစ်ဆေးသူများ သို့မဟုတ် ပြည်သူ့ကျန်းမာရေး အာဏာပိုင်များထံမှ နောက်ထပ်မှီငြမ်းစရာ အချက်အလက်များနှင့် လင့်ခ်ချိတ်ထားသည်။ ဥပမာအတွက် (COVID-19 သတင်းအချက်အလက်အမှားအပေါ် မူဝါဒအကြံပေး သဘောထားအမြင်များကို ကြည့်ပါ)။ အသုံးပြုသူများအား ထိုကဲ့သို့ပို့စ်များတွင် နှစ်သက်ရန်နှင့် မှတ်ချက်ပေးရန် ခွင့်ပြုခြင်းသည် ၎င်းတို့ကို Meta ၏ ပလက်ဖောင်းများပေါ်တွင် တရားမဝင်သော ကတ်တမင်း သို့မဟုတ် အခြားဆေးဝါးများကို ရောင်းချသူများ၏ ပစ်မှတ်ထားခံရသည့် အန္တရာယ်နှင့် ကြုံတွေ့ရစေနိုင်သည်ဟု ဘုတ်အဖွဲ့က ဆက်လက်၍ မှတ်ချက်ပြုသည်။ ဤပုဂ္ဂိုလ်များမှ အချို့သည် စိတ်ကျရောဂါကို ခံစားရနေနိုင်သည်/သို့မဟုတ် ထိရောက်သောကုသမှုများကို ရယူနိုင်မှု နည်းပါးသည်။ ထို့ကြောင့် ၎င်းတို့သည် ဤအသုံးချအမြတ်ထုတ်ခြင်းကို အထူးသဖြင့် အလွယ်တကူ ခံရနိုင်သည်။
ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်း
ဘုတ်အဖွဲ့အနေဖြင့် လူမှုအဖွဲ့အစည်းစံနှုန်းကို ၎င်း၏နားလည်မှုအရ ဆေးဝါးတလွဲသုံးခြင်းကို တားမြစ်ရန် ၎င်း၏ ရည်ရွယ်ချက်အတွက် လိုအပ်ပြီး အချိုးကျမျှတသော ပြောဆိုမှုအပေါ် ကန့်သတ်ချက်ထားရှိထားကြောင်း တွေ့ရှိသည်။ ဘုတ်အဖွဲ့က ဤအမှုနှင့် ၎င်း၏ ယခင် Adderall ကို တောင်းဆိုခြင်း အမှုတို့အကြား ခြားနားချက်ကို ပြထားသည်။ Adderall ကို တောင်းဆိုခြင်း အမှုတွင် အကြောင်းအရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေအကြား တိုက်ရိုက် သို့မဟုတ် ချက်ချင်း ဆက်စပ်ချိတ်ဆက်မှု မရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိခဲ့သည်။ အဆိုပါဒုတိယအမှုတွင် အသုံးပြုသူသည် ကုသမှုတစ်ခုနှင့်ပတ်သက်ပြီး ၎င်း၏ဆရာဝန်နှင့် မည်သို့ ဆွေးနွေးပြောဆိုရမည့်အကြောင်း အကြံဉာဏ်ကိုသာ အလိုရှိခဲ့ပြီး Adderall ကို ရောင်းချရန်၊ တရားမဝင်ရယူရန် သို့မဟုတ် ကြော်ငြာရန် ရည်ရွယ်ချက်မရှိခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့် ဤအမှုတွင် အသုံးပြုသူသည် ဆေးဘက်ဆိုင်ရာကြီးကြပ်မှု လိုအပ်ခြင်းကို အလေးပေးမပြောဘဲ ကတ်တမင်းသုံးစွဲမှုကို ကြော်ငြာရန် တက်ကြွစွာကြိုးပမ်းနေသည်။ ၎င်းသည် အထူးသဖြင့် အလားတူအကြောင်းအရာ များစွာ စုလာသည့်အခါ အသုံးပြုသူများ၏ အန္တရာယ်ကင်းရှင်းရေးအတွက် သိသာထင်ရှားသော အန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သည်။ Meta ၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများဆိုင်ရာ လူမှုအဖွဲ့အစည်းစံနှုန်းသည် ကတ်တမင်းသုံးစွဲမှုကို ဖော်ပြသော အကြောင်းအရာကို ခွင့်ပြုသင့်သော်လည်း ထိုသုံးစွဲမှုသည် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် ဖြစ်ပွားသည့်အခါမှသာ ခွင့်ပြုပေးသင့်သည်။ Meta နှင့်မတူဘဲ ဘုတ်အဖွဲ့သည် ကတ်တမင်း သုံးစွဲမှုက ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် ဖြစ်ပွားခဲ့ကြောင်း အတည်ပြုရန် ဤအမှုရှိ ပို့စ်၏ စာကိုယ်ပိုင်းတွင် လုံလောက်သော ညွှန်ပြချက်များကို မတွေ့ခဲ့ပါ။
"ကုထုံးဆိုင်ရာ" ကြီးကြပ်မှုအောက်တွင် ဆေးဝါးအသုံးပြုမှုအကြောင်း ဖော်ပြသော အကြောင်းအရာကို ခွင့်ပြုပေးရန် ထိုကန့်သတ်မှုကို ပို၍ ဖြေလျှော့ပေးသင့်၊ မသင့် ဘုတ်အဖွဲ့က စဉ်းစားခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ "ကုထုံးဖြင့်ကုသပေးရာနေရာ"တစ်ခုတွင် စိတ်ကျမှုကုသဆေးအဖြစ် ကတ်တမင်းသုံးစွဲမှုကြောင့် ဖြစ်ပွားခဲ့သည့် ဆေးချိန်လွန်ခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ရပ်များ မရှိခဲ့ပါဟု အစီရင်ခံသော Meta က ကိုးကားခဲ့သည့် စိစစ်သုံးသပ်ချက်ကို ၎င်းက သတိပြုအာရုံစိုက်ခဲ့သည်။ သို့ရာတွင် ဘုတ်အဖွဲ့သည် အကြောင်းပြချက်အချို့ကြောင့် အဆိုပါပိုမိုဖြေလျှော့ပေးသော ရပ်တည်ချက်ကို ငြင်းပယ်သည်။ ပထမဦးစွာ ကတ်တမင်း တရားမဝင် သုံးစွဲမှု မြင့်တက်လာနေသည့် အထောက်အထားကို ၎င်းက လေ့လာတွေ့ရှိသည့်အတွက်၂၀၂၂ ခုနှစ်ရှိ ထိုရှိရင်းစွဲ အခြေအနေသည် ဆေးဝါးတလွဲသုံးခြင်းကို တိုက်ဖျက်နည်းနှင့်ပတ်သက်၍ စဉ်းစားရန် အားကိုး၍မရသော အခြေခံမျဉ်းတစ်ခု ဖြစ်လာသည်။ ဒုတိယအနေဖြင့် "ကုထုံးဆိုင်ရာ" ဟူသော စကားလုံး၏ အဓိပ္ပာယ်ကျယ်ပြန့်မှုသည် မူဝါဒကို ကျင့်သုံးရန် စိစစ်သုံးသပ်သူများအတွက် ခက်ခဲစေမည်ဟု ၎င်းက မှတ်ချက်ပြုသည်။ နောက်ဆုံးအနေဖြင့် ဘုတ်အဖွဲ့သည် အထက်ပါ ကဏ္ဍ ၈.၁ အောက်တွင် ရှင်းပြထားသည့်အတိုင်း "ဆေးကုသမှုဆိုင်ရာ"နှင့် "ဆေးကုသမှုနှင့်မဆိုင်သော" ဆေးဝါးများအတွက် Meta ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် သွယ်ဝိုက်ညွှန်းဆိုထားသည့် ဆေးဘက်ဆိုင်ရာ ပညာရှင်များအပေါ် မှီခိုအားထားမှုကို အလေးပေးသည်။
ဘုတ်အဖွဲ့သည် "ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှု" ကန့်သတ်ချက်က Ayahuasca ဖျော်ရည် အမှုရှိ ဘုတ်အဖွဲ့၏ ယခင်ဆုံးဖြတ်ချက်နှင့် ကွဲလွဲမှုရှိ၊ မရှိကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်တွင် ဆေးကုသမှုနှင့်မဆိုင်သော ဆေးဝါးများကို ရိုးရာ သို့မဟုတ် ဘာသာရေးအရ အသုံးပြုမှုများနှင့်ပတ်သက်၍ အပြုသဘောဆောင်သော နည်းလမ်းဖြင့် အသုံးပြုသူများအား ဆွေးနွေးခွင့်ပြုရန် Meta အနေဖြင့် ၎င်း၏ စည်းမျဉ်းများကို ပြောင်းလဲသင့်ကြောင်း ဘုတ်အဖွဲ့က အကြုံပြုထားသည်။ ဆေးအသုံးပြုမှုသည် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုရှိနေချိန်တွင် ဖြစ်ပွားခဲ့ရမည်ဟု ဘုတ်အဖွဲ့က မသတ်မှတ်ခဲ့ပါ။
"ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှု" ကန့်သတ်ချက်သည် Ayahuasca ဖျော်ရည် အမှုရှိ ဆန်းစစ်လေ့လာချက်နှင့် ကိုက်ညီသည်ဟု ကျွန်ုပ်တို့ တွေ့ရှိသည်။ ဆေးတစ်မျိုးကို ရိုးရာနှင့် ဘာသာရေးအရ အသုံးပြုမှုများတွင် များသောအားဖြင့် အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် အချက်အဖြစ် မှတ်ယူလက်ခံနိုင်သည့် ၎င်းတို့နောက်ကွယ်ရှိ သမိုင်းကြောင်းတစ်ခုရှိသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ "ရိုးရာ လူမျိုးစု ရုက္ခဗေဒနှင့်စပ်လျဉ်း၍ နှစ်ကာလများစွာ အစဉ်အဆက် သုံးစွဲမှုသမိုင်းကြောင်းအရ အန္တရာယ်ကင်းရှင်းရေးနှင့် အာနိသင်ထိရောက်မှုကို လက်တွေ့ပြထားသည်။" ထို့အပြင် Ayahuasca ဖျော်ရည် အမှုတွင် ဘုတ်အဖွဲ့က အသိပေးခဲ့သည့်အတိုင်း ဤရိုးရာဓလေ့များသည် သီးခြားလူမှုအဖွဲ့အစည်းများ၏ ဘာသာရေးနှင့် ရိုးရာဆိုင်ရာ ကိုယ်ပိုင်လက္ခဏာနှင့် ချိတ်ဆက်မှုရှိသောကြောင့် ၎င်းတို့တွင် ဂုဏ်ယူအလေးအမြတ်ထားမှုဆိုင်ရာ လက္ခဏာရပ်တစ်ခုရှိသည်။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ဤအခပေး ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချပြီး ပို့စ်ကို ဖယ်ရှားရန် သတ်မှတ်လိုက်သည်။
၁၀။ အကြံပြုချက်များ
အကြောင်းအရာဆိုင်ရာ မူဝါဒ
၁။ Meta အနေဖြင့် ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာနှင့် Instagram ၏ အကူအညီစင်တာတို့တွင် "အခပေး ပူးပေါင်းဆောင်ရွက်မှု" label များ၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးသင့်သည်။ ၎င်းတွင် "အခပေး ပူးပေါင်းဆောင်ရွက်မှု" label များကို ခွင့်ပြုရာတွင် လုပ်ငန်းမိတ်ဖက်များ၏ အခန်းကဏ္ဍကို ရှင်းပြခြင်း ပါဝင်သည်။ ဤရှင်းလင်းချက်များကို ထင်ဟပ်စေရန် Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို ပြင်ဆင်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၂။ အသုံးပြုမှုက "ကြီးကြပ်မှုရှိသော ဆေးဘက်ဆိုင်ရာနေရာတစ်ခု" တွင် "ယစ်မူးအရှိန်တက်ခြင်း" ကို ဖြစ်ပေါ်စေနိုင်သည့်တိုင် "ဆေးဝါးထုတ်ကုန်များအား သုံးစွဲနေကြောင်း ဝန်ခံသည့် သို့မဟုတ် သုံးစွဲကြရန် ကြော်ငြာသည့်" အကြောင်းအရာကို ခွင့်ပြုကြောင်း ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်း၏ အသုံးအနှုန်းတွင် Meta အနေဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်သည်။ Meta အနေဖြင့် "ကြီးကြပ်မှုရှိသော ဆေးဘက်ဆိုင်ရာနေရာ" ၏ အဓိပ္ပါယ်ကိုလည်း ဖွင့်ဆိုသင့်ပြီး ဆေးစစ်တမ်းကို တိုက်ရိုက်ဖော်ပြခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုပေးသူ၏ လိုင်စင် သို့မဟုတ် ဆေးဘက်ဆိုင်ရာဝန်ထမ်းသို့ ရည်ညွှန်းခြင်းကဲ့သို့ အချက်ပြများဖြင့် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင်ရှိကြောင်း အထင်အရှားပြသနိုင်သည်ဟု ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းအောက်တွင် ရှင်းပြသင့်သည်။ ဤရှင်းလင်းချက်များကို ထင်ဟပ်စေရန် Meta ၏ ကန့်သတ်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို ပြင်ဆင်ပြီးသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
စည်းကမ်းထိန်းသိမ်းမှု
၃။ Meta က အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများအရ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာအားလုံးကို လောလောဆယ် စိစစ်သုံးသပ်ခြင်းမပြုသည့်အချက်ကို ထည့်သွင်းစဉ်းစားပါက "အခပေး ပူးပေါင်းဆောင်ရွက်မှု" ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖန်တီးထားသော အကြောင်းအရာကို သက်ဆိုင်ရာမူဝါဒအားလုံး (ဆိုလိုသည်မှာ လူမှုစံနှုန်းများနှင့် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများ) နှင့် တိုက်ဆိုင်၍ သေချာစိစစ်သုံးသပ်ကြောင်း သေချာစေရန် ၎င်း၏ စိစစ်သုံးသပ်မှု လုပ်ငန်းစဉ်ကို Meta အနေဖြင့် မြှင့်တင်သင့်သည်။ အထူးသဖြင့် ငြိစွန်းလာသည့်အခါမျိုးတွင် အကြောင်းအရာအများအပြား စိစစ်သုံးသပ်သူများအနေဖြင့် အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာများအား Meta ၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို ကျင့်သုံးနိုင်ပြီး ထိုသို့ကျင့်သုံးတတ်ရန် လေ့ကျင့်ပေးထားသည့် Meta ၏ အထူးပြုအဖွဲ့များ သို့မဟုတ် အလိုအလျောက်စနစ်များသို့ လွှဲပေးနိုင်မည့် လမ်းကြောင်းတစ်ခုကို Meta က သတ်မှတ်ထားရှိသင့်သည်။ အထက်ဖော်ပြပါမူဝါဒများအနက် တစ်ခုခုကို ချိုးဖောက်နိုင်သည့် အလားအလာမြင့်ချိန်တွင် သက်ဆိုင်ရာပလက်ဖောင်း/အကြောင်းအရာ မူဝါဒအားလုံးအား ကျင့်သုံးရန် ၎င်းက မည်သို့မည်ပုံခွင့်ပြုထားကြောင်း ပြသလျက်ရှိသည့် ပိုမိုတိုးတက်လာသော စိစစ်သုံးသပ်နိုင်ရေး လွှဲပြောင်းပေးနည်းစနစ်ကို Meta က တင်ပြနိုင်သည့်အခါ ဤအချက်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၄။ Meta သည် ၎င်း၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများမှ မူဝါဒ စာကြောင်း ("ဖော်ပြပါတို့အတွက် ကြော်ငြာအစီအစဉ်ကို ကျွန်ုပ်တို့ တားမြစ်ထားသည် [...] 4.တရားမဝင် သို့မဟုတ် စိတ်အပန်းဖြေသည့် မူးယစ်ဆေးဝါးများအပါအဝင် ဆေးဝါးထုတ်ကုန်များနှင့် ဆေးဝါးထုတ်ကုန်နှင့်ပတ်သက်သော ကုန်ပစ္စည်းများ”) နှင့် ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းမှ မူဝါဒစာကြောင်း (“ဆေးဘက်ဆိုင်ရာသုံးမဟုတ်သည့် ဆေးဝါးများကို ဝယ်ရန်၊ ရောင်းရန်၊ အလဲအလှယ်လုပ်ရန်၊ အလဲအလှယ်လုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းခံရန် ကြိုးစားနေသည့် အကြောင်းအရာများကို ပို့စ်မတင်ရ”) အတိုင်း စည်းကမ်းထိန်းသိမ်းနေမှုကို စစ်ဆေးသင့်သည်။ Meta တွင် (၎င်း၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများအရ) ဆေးများကို အခပေးကြော်ငြာခြင်းနှင့် ဆေးများကို ဝယ်ယူရန်၊ ရောင်းချရန် သို့မဟုတ် အရောင်းအဝယ်လုပ်ရန် ကြိုးပမ်းမှုများ (၎င်း၏ ကန့်သတ်ထားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းအရ) အပေါ် ပြင်းထန်သော ကန့်သတ်ချက်များ ချမှတ်သည့် ရှင်းလင်းပြီး ခုခံကာကွယ်နိုင်သော ကိုင်တွယ်ဖြေရှင်းနည်းများရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ သို့ရာတွင် ဤမူဝါဒများကို လိုက်နာစေရန်အတွက် တစ်သမတ်တည်းမဟုတ်ဘဲ စည်းကမ်းထိန်းသိမ်းနေနိုင်သည့် အချက်ပြအချို့ကို ဘုတ်အဖွဲ့က တွေ့ရှိရသည်။ Meta က ဤစစ်ဆေးမှု၏ နည်းစနစ်နှင့် ရလဒ်များကို မျှဝေပြီး အဆိုပါစစ်ဆေးမှုက ထုတ်ဖော်ထားသည့် စည်းကမ်းထိန်းသိမ်းမှုရှိ မည်သည့်ဟာကွက်မှုမဆို ကိုင်တွယ်ဖြေရှင်းပုံကို ထုတ်ဖော်ပြောသည့်အခါ ၎င်းကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။ ထို့နောက်တွင် ၎င်းသည် စည်းကမ်းထိန်းသိမ်းမှု၌ တွေ့ရှိရသော မည်သည့်ဟာကွက်ကိုမဆို ဖြေရှင်းသင့်သည်။ Meta က ဤစစ်ဆေးမှု၏ နည်းစနစ်နှင့် ရလဒ်များကို မျှဝေပြီး အဆိုပါစစ်ဆေးမှုက ထုတ်ဖော်ထားသည့် စည်းကမ်းထိန်းသိမ်းမှုရှိ မည်သည့်ဟာကွက်ကိုမဆို ဖြေရှင်းမည့်နည်းလမ်းအား ထုတ်ဖော်ပြောသည့်အခါ ၎င်းကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
*လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစု၏ သဘောတူညီမှုကို ရယူထားပါသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား လွတ်လပ်သော သုတေသနလေ့လာမှုတစ်ခု ပြုလုပ်စေခဲ့ပါသည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် အန္တရာယ်ကင်းရှင်းရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers က ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။ လူမှုကွန်ရက် အလားအလာများအပေါ် အခမဲ့ရရှိသော အရင်းအမြစ်သုံး သုတေသနတွင် ပါဝင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Memetica ကလည်း လေ့လာဆန်းစစ်ချက်ကို ပံ့ပိုးခဲ့သည်။