Anulado

အယ်လ်ရှီဖာ ဆေးရုံ

အကြောင်းအရာကို Instagram မှ ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ "စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု မှတ်သားမည့်အရာများ" သတိပေးချက် မျက်နှာပြင်ဖြင့် အကြောင်းအရာကို ပလက်ဖောင်းတွင် ပြန်ထည့်သွင်းခြင်းသည် Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ စံတန်ဖိုးများနှင့် လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ကိုက်ညီသည်ဟု ၎င်းက တွေ့ရှိသည်။

Tipo de decisión

Expedited

Políticas y temas

Tema
Seguridad, Violencia, Guerras y conflictos
Estándar comunitario
Contenido violento y gráfico

Regiones/Países

Ubicación
Israel, Territorios Palestinos

Plataforma

Plataforma
Instagram

ဤဆုံးဖြတ်ချက်ကို ထုတ်ဝေပြီးနောက် သီတင်းပတ်အနည်းငယ်တွင် ကျွန်ုပ်တို့သည် ဤနေရာတွင် ဟီဘရူးဘာသာဖြင့် ဘာသာပြန်ဆိုချက်ကို အပ်လုဒ်တင်မည်ဖြစ်ပြီး ဤမျက်နှာပြင်၏ ထိပ်ဆုံးရှိ မီနူးတွင် ဝင်ရောက်သုံးစွဲနိုင်သော 'ဘာသာစကား' တဘ်မှတစ်ဆင့် အာရဘီဘာသာပြန်ဆိုချက်ကို ရရှိလာပါမည်။

לקריאת החלטה זו בעברית יש ללחוץ כאן

၁။ အနှစ်ချုပ်

ဤအမှုတွင် တိုက်ခိုက်မှုကို ရှုတ်ချသော စာတန်းတစ်ခုနှင့်အတူ အစ္စရေး၏ မြေပြင်ထိုးစစ်အတွင်း ဂါဇာရှိ Al-Shifa ဆေးရုံအပေါ် သို့မဟုတ် ယင်းအနီးတွင် စီးနင်းတိုက်ခိုက်မှု နောက်ဆက်တွဲ၏ အလွန်စိတ်ထိခိုက်ဖွယ်ကောင်းသော ဗီဒီယိုတစ်ခု ပါဝင်သည်။ Meta ၏ အလိုအလျောက် လုပ်ဆောင်သော စနစ်များသည် ပို့စ်ကို ၎င်း၏ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်သည့်အတွက် ဖယ်ရှားခဲ့ပါသည်။ ဤဆုံးဖြတ်ချက်မှာ မမှန်ကန်ကြောင်း Meta ထံ ကန့်ကွက်ပြောဆိုရာတွင် မအောင်မြင်ပြီးနောက် အသုံးပြုသူသည် ကြီးကြပ်ရေးဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အမှုကို စိစစ်သုံးသပ်ရန် ရွေးထုတ်ပြီးနောက်တွင် Meta သည် ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲဆုံးဖြတ်ခဲ့ပြီး သတိပေးချက် မျက်နှာပြင်ဖြင့် အကြောင်းအရာကို ပြန်ထည့်သွင်းခဲ့သည်။ အကြောင်းအရာကို ဖယ်ရှားရန် မူလဆုံးဖြတ်ချက်သည် Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ သို့မဟုတ် ကုမ္ပဏီ၏ လူ့အခွင့်အရေးတာဝန်များနှင့် မကိုက်ညီခဲ့ကြောင်း ဘုတ်အဖွဲ့က ယူဆသည်။ ဘုတ်အဖွဲ့သည် အကြောင်းအရာကို သတိပေးချက် မျက်နှာပြင်ဖြင့် ပြန်ထည့်သွင်းရန် ဆုံးဖြတ်ချက်ကို ခွင့်ပြုသော်လည်း အကြောင်းအရာကို အကြံပြုချက်များမှ ပိတ်ပင်သော ဆက်စပ်အဆင့်လျှော့ချခြင်းကိုမူ သဘောမတူပါ။ အစ္စရေးမှ ပြန်ပေးဆွဲခံရသော ဓားစာခံများ ( ၂၀၂၃-၀၅၀-IG-UA) အမှုနှင့်အတူ ဤအမှုသည် ၎င်း၏ အမြန်စိစစ်သုံးသပ်မှု လုပ်ငန်းစဉ်များအောက်တွင် ဆုံးဖြတ်သော ဘုတ်အဖွဲ့၏ ပထမဆုံးအမှုများ ဖြစ်သည်။

၂။ ဆက်စပ်အကြောင်းအရာနှင့် Meta ၏ တုံ့ပြန်မှု

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းအောက်တွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဆင့် ၁ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဟားမတ်စ်သည် ဂါဇာမှ အစ္စရေးကို မကြုံစဖူး အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ခန့်မှန်းခြေ လူပေါင်း ၁,၂၀၀ သေဆုံးကာ လူပေါင်း ၂၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အစ္စရေးအစိုးရ)။ အစ္စရေးသည် တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ချက်ချင်းဆိုသလို ဂါဇာတွင် စစ်ရေးလှုပ်ရှားမှု လုပ်ခဲ့သည်။ နှစ်ဖက်လုံးက နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲခံထားရသည့် ပဋိပက္ခတစ်ခုတွင်၊ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကြောင့် ၂၀၂၃ ဒီဇင်ဘာလလယ်အထိ ဂါဇာတွင် လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့သည် (ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၊ ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာနမှ အချက်အလက်များ ရယူ၍)။ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အစ္စရေး၏ နောက်ဆက်တွဲ စစ်ဆေးလှုပ်ရှားမှုများ နှစ်မျိုးလုံးသည် ကမ္ဘာတစ်ဝန်းတွင် သတင်းပြန်ကြားရေး ပုဂ္ဂိုလ်များ၏ အပြင်းအထန် အာရုံစူးစိုက်မှု၊ ငြင်းခုံဆွေးနွေးခြင်း၊ စေ့စေ့စပ်စပ် စစ်ဆေးခြင်းနှင့် အငြင်းပွားစရာ၏ အကြောင်းကိစ္စများ ဖြစ်ခဲ့ပြီး အများစုသည် Instagram နှင့် Facebook အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းများပေါ်တွင် ဖြစ်ပွားခဲ့သည်။

Meta သည် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအရ အောက်တိုဘာ ၇ ရက် အဖြစ်အပျက်များကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ချက်ချင်းသတ်မှတ်ခဲ့သည်။ ယင်းသည် ၎င်း၏ လူမှုစံနှုန်းများအရ Meta အနေဖြင့် ၎င်း၏ ပလက်ဖောင်းများပေါ်တွင် ရှိနေသော အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများ သို့မဟုတ် ၎င်းတို့ကို ကျူးလွန်သူများအား "ချီးမွမ်းသည့်၊ သိသိသာသာ ထောက်ခံသည့် သို့မဟုတ် ကိုယ်စားပြုသည့်" မည်သည့်အကြောင်းအရာကိုမဆို ဖယ်ရှားမည်ဟု ဆိုလိုသည်။

အကြမ်းဖက်တိုက်ခိုက်မှုများနှင့် စစ်ရေးတုံ့ပြန်မှုအပြီး ၎င်း၏ပလက်ဖောင်းများတွင် တင်သည့် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း အကြောင်းအရာတွင် ထူးထူးကဲကဲ တစ်ရှိန်ထိုးမြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် အကြောင်းအရာကို ခွဲခြားဖော်ထုတ်ပြီး ဖယ်ရှားရန် ၎င်း၏ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း အကြောင်းအရာ အလိုအလျောက် ခွဲခြားမှု စနစ် (စိစစ်ခွဲခြားမှုနည်းပညာများ) အတွက် ယုံကြည်စိတ်ချရမှု သတ်မှတ်အဆင့်များကို လျှော့ချခြင်းအပါအဝင် Meta သည် ယာယီစီမံချက်အချို့ကို လုပ်ဆောင်ခဲ့သည်။ ဤစီမံချက်များသည် ဘာသာစကားအားလုံးဖြင့် အစ္စရေးနှင့် ဂါဇာမှ အစပြုပေါ်ပေါက်လာသော အကြောင်းအရာများပေါ် သက်ရောက်ခဲ့ကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ ဤစိစစ်ခွဲခြားမှုနည်းပညာများတွင် ပြောင်းလဲမှုများသည် Meta ၏ မူဝါဒများကို ချိုးဖောက်သည့် အကြောင်းအရာများအတွက် ယုံကြည်စိတ်ချရမှုရမှတ် ပိုနိမ့်သည့် အကြောင်းအရာများအား အလိုအလျောက်ဖယ်ရှားခြင်းကို မြင့်တက်စေခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် Meta သည် ၎င်း၏မူဝါဒများကို ချိုးဖောက်နိုင်သည့် အကြောင်းအရာများကို ဖယ်ရှားရန် ၎င်း၏ အလိုအလျောက် လုပ်ဆောင်သော ကိရိယာများကို ပို၍ပြင်းထန်စွာ အသုံးပြုခဲ့သည်။ Meta သည် အောက်တိုဘာ ၇ ရက်မတိုင်မီ ထားရှိသည့် ပိုမြင့်သော ယုံကြည်စိတ်ချရမှု သတ်မှတ်အဆင့်အောက်တွင် ဖယ်ရှားခဲ့သည်ထက် ပိုများသော အကြောင်းအရာများကို ဖယ်ရှားခြင်းဖြင့် ၎င်း၏ အန္တရာယ်ကင်းရှင်းရေး စံတန်ဖိုးကို ဦးစားပေးရန် ထိုသို့လုပ်ခဲ့သည်။ ယင်းသည် Meta က အခြားတစ်နည်းအားဖြင့် ရှာဖွေတွေ့ရှိမှုကို ရှောင်တိမ်းနိုင်သည့် သို့မဟုတ် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် လုပ်နိုင်စွမ်း အကန့်အသတ်ရှိခဲ့သည့် ချိုးဖောက်ထားသော အကြောင်းအရာကို ဖယ်ရှားရန် ပျက်ကွက်မည့် ဖြစ်နိုင်ခြေကို လျှော့ချခဲ့သော်လည်း ၎င်းသည် ပဋိပက္ခနှင့်ဆက်စပ်သည့် ချိုးဖောက်ထားခြင်း မရှိသော အကြောင်းအရာများကို Meta က မှားယွင်းစွာ ဖယ်ရှားခြင်း၏ ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေခဲ့သည်။

အထက်သို့တင်ပြသည့် အဖွဲ့များက ဗီဒီယိုများကို ၎င်း၏ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း၊ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုနှင့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒများကို ချိုးဖောက်သည်အဖြစ် အကဲဖြတ်ခဲ့ချိန်တွင် Meta သည် ကိုက်ညီသည့် ဗီဒီယိုများကို အလိုအလျောက်ဖယ်ရှားရန် မီဒီယာပုံစံတူ ဝန်ဆောင်မှု သိုလှောင်စနစ်များပေါ် အမှီပြုခဲ့သည်။ ဤကိုင်တွယ်နည်းသည် Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို အကြိမ်များစွာ ချိုးဖောက်ပြီးနောက် အသုံးပြုသူများ၏ အကောင့်များတွင် ကန့်သတ်မှုများ သို့မဟုတ် ဆိုင်းငံ့မှုများ (တစ်ခါတစ်ရံတွင် "Facebook အကျဉ်းချခြင်း" ဟု ရည်ညွှန်းသည်) ကို ခံရခြင်း အပါအဝင် စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်းဆိုင်ရာ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုစိုးရိမ်ပူပန်မှုကို လျှော့ချရန် Meta သည် မီဒီယာပုံစံတူ ဝန်ဆောင်မှု သိုလှောင်စနစ်များ (Meta က ၎င်း၏ သတင်းခန်း ပို့စ်တွင် ကြေညာခဲ့သည့်အတိုင်း) ပေါ်အခြေခံ၍ အလိုအလျောက် လုပ်ဆောင်မည့် အကြောင်းအရာပို့စ် ဖယ်ရှားမှုများ သာမန်အားဖြင့် တွဲလျက်ပါလာမည့် "သတိပေးချက်များ" ကို မချမှတ်ဘဲနေခဲ့သည်။

Meta သည် အစ္စရေး-ဂါဇာ ပဋိပက္ခအတွက်သာ စိစစ်ခွဲခြားမှုနည်းပညာ ယုံကြည်စိတ်ချရမှု သတ်မှတ်အဆင့်နှင့် ၎င်း၏ သတိပေးချက် မူဝါဒတွင် ပြောင်းလဲမှုများကို လုပ်ဆောင်ထားပြီး ထိုပြောင်းလဲမှုများမှာ ယာယီအဖြစ် ရည်ရွယ်ထားသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ Meta သည် ယုံကြည်စိတ်ချရမှု သတ်မှတ်အဆင့်များကို အောက်တိုဘာ ၇ ရက်မတိုင်မီ အဆင့်များသို့ ပြန်မထားရသေးပါ။

၃။ အမှု ရှင်းလင်းဖော်ပြချက်

ဤအမှုရှိ အကြောင်းအရာတွင် နိုဝင်ဘာလ ဒုတိယပတ်၌ Instagram တွင် တင်ခဲ့သည့် ဗီဒီယိုတစ်ခု ပါဝင်ပြီး ယင်းတွင် ဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်းရှိ အစ္စရေး၏ မြေပြင်ထိုးစစ်အတွင်း ဂါဇာမြို့ရှိ Al-Shifa ဆေးရုံအပေါ် သို့မဟုတ် ၎င်းအနီး စီးနင်းတိုက်ခိုက်မှု၏ နောက်ဆက်တွဲဖြစ်ပုံရသည့်အရာကို ပြထားသည်။ ဤအမှုရှိ Instagram ပို့စ်တွင် မြေကြီးပေါ် လဲလျောင်းနေသည့် သေဆုံးနေသော သို့မဟုတ် ဒဏ်ရာရပြီး ငိုကြွေးနေသော ကလေးများအပါအဝင် လူများကို ပြထားသည်။ ကလေးတစ်ဦးသည် ပြင်းထန်သော ဦးခေါင်းဒဏ်ရာတစ်ခုဖြင့် သေဆုံးနေပုံပေါ်သည်။ ဗီဒီယိုအောက်ရှိ အာရဗီနှင့် အင်္ဂလိပ်ဘာသာဖြင့် စာတန်းတစ်ခုတွင် အစ္စရေးစစ်တပ်ကို ရည်ညွှန်းလျက် ဆေးရုံသည် "မတရားကျူးကျော် တပ်စွဲခြင်း" ခံခဲ့ရကြောင်း ဖော်ပြထားပြီး လူ့အခွင့်အရေးနှင့် သတင်းဌာန အဖွဲ့အစည်းများကို အမည်ကတ်တွဲထားသည်။

Facebook နှင့် Instagram ပေါ်ရှိ အကြောင်းအရာများအပေါ် သက်ရောက်သည့် Meta ၏ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ လူမှုစံနှုန်းသည် "ဗီဒီယိုများတွင် [မြင်]သာထင်ရှားသော ကိုယ်တွင်းအင်္ဂါများကို ပြသထားပါက … ဆေးဘက်ဆိုင်ရာမဟုတ်သော ပတ်ဝန်းကျင်များရှိ လူများ သို့မဟုတ် လူသေအလောင်းများပါသည့် [ဗီ]ဒီယိုများ" ကို တားမြစ်သည်။ ပို့စ်တင်သည့်အချိန်တွင် မူဝါဒသည် အကြောင်းအရာကို "စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု မှတ်သားမည့်အရာများ" သတိပေးချက် မျက်နှာပြင်နောက်တွင် ထားပြီး အသက် ၁၈ နှစ်အထက် လူများသာ မြင်နိုင်မှသာ "မတော်တဆ သို့မဟုတ် လူသတ်မှုကြောင့် လူတစ်ဦး သို့မဟုတ် လူများ ဆိုးဝါးပြင်းထန်စွာ သေဆုံးမှုကို ပြသည့် [ရုပ်]ပုံ" ကို ခွင့်ပြုခဲ့သည်။ ဤအမှုရှိ အကြောင်းအရာကို ပြန်ထည့်သွင်းပြီးနောက် ဤစည်းမျဉ်းသည် "သေဆုံးသည့်အခိုက်အတန့် သို့မဟုတ် သေဆုံးပြီး နောက်ဆက်တွဲ" အပြင် "အသက်အန္တရာယ်ခြိမ်းခြောက်မှုရှိသော အဖြစ်အပျက်တစ်ခုကို တွေ့ကြုံရသော လူတစ်ဦး" ၏ ရုပ်ပုံအပေါ်လည်း သက်ရောက်ကြောင်း ရှင်းလင်းဖော်ပြရန် နိုဝင်ဘာ ၂၉ ရက်တွင် စည်းမျဉ်းကို ပြင်ဆင်ခဲ့သည်။

Meta ၏ အလိုအလျောက် လုပ်ဆောင်သော စနစ်များသည် ဤအမှုရှိ အကြောင်းအရာကို အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ လူမှုစံနှုန်းအား ချိုးဖောက်သည့်အတွက် ဖယ်ရှားခဲ့ပါသည်။ Meta ၏ စိစစ်ခွဲခြားမှုနည်းပညာများက အကြောင်းအရာသည် ထိုစံနှုန်းကို ချိုးဖောက်ထားကြောင်း "မြင့်မားသော ယုံကြည်စိတ်ချရမှုအဆင့်" ကို ပြသခဲ့သောကြောင့် ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် အသုံးပြုသူ၏ အယူခံလွှာသည် အလိုအလျောက် ပယ်ချခံခဲ့ရသည်။ ထို့နောက် အသုံးပြုသူက Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။

ဤအမှုကို ဘုတ်အဖွဲ့က ရွေးချယ်ပြီးနောက် Meta က ၎င်းသည် ဗီဒီယိုတွင် မြင်သာထင်ရှားသော ကိုယ်တွင်းအင်္ဂါများ ပြထားကြောင်း ခိုင်မာစွာ မဆုံးဖြတ်နိုင်ခဲ့ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် Meta က ဤအကြောင်းအရာသည် စံနှုန်းချိုးဖောက်နိုင်သည့် "ကန့်သတ်မျဉ်း" ပေါ်တွင် ရှိခဲ့သော်လည်း ၎င်းအနေဖြင့် အဆိုပါအကြောင်းအရာကို မဖယ်ရှားခဲ့သင့်ကြောင်း ကောက်ချက်ချခဲ့သည်။ ကိုယ်တွင်းအင်္ဂါများကို မြင်နိုင်သည့်တိုင် ပို့စ်ကို ပိုမိုသတိပြုမိစေရန် မျှဝေခဲ့သဖြင့် ၎င်းကို "စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု မှတ်သားမည့်အရာများ" သတိပေးချက် မျက်နှာပြင်ဖြင့် ဆက်ထားခဲ့သင့်ကြောင်း Meta က ထပ်မံရှင်းပြခဲ့သည်။ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း မူဝါဒဆိုင်ရာ သဘောတရားနှင့်အညီ "လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကဲ့သို့ အရေးကြီးသောကိစ္စရပ်များအကြောင်း" ပိုမိုသတိပြုမိစေရန် မျှဝေသည့်အခါ ထိုသို့သောအကြောင်းအရာကို ခွင့်ပြုကြောင်း ကုမ္ပဏီက ထပ်လောင်းပြောကြားခဲ့သည်။

ထို့ကြောင့် Meta သည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲဆုံးဖြတ်ပြီး အကြောင်းအရာကို သတိပေးချက် မျက်နှာပြင်နှင့်အတူ ပြန်ထည့်သွင်းလိုက်သည်။ သတိပေးချက် မျက်နှာပြင်က အသုံးပြုသူများအား အကြောင်းအရာသည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း ဖော်ပြသည်။ အရွယ်ရောက်ပြီး အသုံးပြုသူများသည် ပို့စ်ကို နှိပ်၍ ဝင်ကြည့်နိုင်သော်လည်း Meta သည် ဤပို့စ်များကို အသက် ၁၈ နှစ်အောက် Instagram အသုံးပြုသူများ၏ အလင်းစဉ်များမှ ဖယ်ရှားပြီး ၎င်းတို့ကို အရွယ်ရောက်ပြီး Instagram အသုံးပြုသူများအတွက် အကြံပြုချက်များမှလည်း ဖယ်ရှားသည်။ Meta သည် တူညီသောဗီဒီယို၏ သီးခြားဖြစ်ရပ်တစ်ခုကို မီဒီယာပုံစံတူ ဝန်ဆောင်မှု သိုလှောင်စနစ်တစ်ခုတွင်လည်း ထည့်သွင်းခဲ့သောကြောင့် ဤတစ်ခုနှင့်တူညီသော အခြားဗီဒီယိုများသည် သတိပေးချက် မျက်နှာပြင်နှင့်အတူ အလိုအလျောက် ထားရှိခံရမည်ဖြစ်ပြီး ၎င်းတို့ကို အသက် ၁၈ နှစ်အထက်လူများသာ မြင်နိုင်ပါမည်။

၄။ အမြန်စိစစ်သုံးသပ်မှုအတွက် ကျိုးကြောင်းပြချက်

ကြီးကြပ်ရေးဘုတ်အဖွဲ့၏ နည်းဥပဒေများတွင် “အကြောင်းအရာက လက်တွေ့ကမ္ဘာတွင် အကျိုးဆက်များကို ချက်ချင်း ပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်သည့်အခါ အပါအဝင် ပုံမှန်မဟုတ်သော အခြေအနေများ” တွင် အမြန်စိစစ်သုံးသပ်မှု ပြုလုပ်ရန် ပြဋ္ဌာန်းထားသပြီး ဆုံးဖြတ်ချက်များကို Meta မှ လိုက်နာဆောင်ရမည် (ပဋိညာဉ်စာတမ်း၊ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၇.၂၊ နည်းဥပဒေများ၊ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၂)။ အမြန်လုပ်ငန်းစဉ်သည် သာမန်တိုင်းမ်လိုင်းများတွင် စိစစ်သုံးသပ်သော အမှုများတွင် ဆောင်ရွက်မည့် ကျယ်ပြန့်သော သုတေသနပြုမှု၊ ပြင်ပမှ အကြံဉာဏ်ရယူခြင်း သို့မဟုတ် အများမြင်မှတ်ချက်များ၏ အဆင့်ကို ဟန့်တားသည်။ အမှုကို ချင့်ချိန်စဉ်းစားချိန်တွင် ဘုတ်အဖွဲ့အတွက် ရရှိနိုင်သော အချက်အလက်များအရ ဆုံးဖြတ်ပြီး ဘုတ်အဖွဲ့၏ မဲအပြည့်မပါဘဲ ရွေးချယ်ထားသော ဘုတ်အဖွဲ့ဝင် ငါးယောက်ပါအဖွဲ့က ဆုံးဖြတ်သည်။

အစ္စရေး-ဟားမတ်စ် ပဋိပက္ခနှင့် ဆက်စပ်၍ အန္တရာယ်ပေးခဲ့သည့် ပဋိပက္ခအခြေအနေများတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၏ အရေးပါမှုကြောင့် ဤအမှုနှင့် အခြားအမှုတစ်ခုဖြစ်သော အစ္စရေးမှ ပြန်ပေးဆွဲခံရသော ဓားစာခံများ (၂၀၂၃-၀၅၀-IG-UA) အမှုကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ရွေးချယ်ခဲ့သည်။ အမှုနှစ်ခုလုံးသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများနှင့် အစ္စရေး၏ နောက်ဆက်တွဲ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ဘုတ်အဖွဲ့ထံ ဒေသတွင်း အသုံးပြုသူများက ပေးပို့ခဲ့သည့် အယူခံလွှာအမျိုးအစားများကို ကိုယ်စားပြုသည်။ အမှုနှစ်ခုလုံးသည် ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အကျပ်အတည်းနှင့် ပဋိပက္ခ အခြေအနေများ ဦးစားပေးမှုအတွင်း ကျရောက်သည်။ အမှုနှစ်ခုလုံးတွင် Meta ၏ ဆုံးဖြတ်ချက်များသည် အမြန်စိစစ်သုံးသပ်မှုကို ကျိုးကြောင်းသင့်လျော်ကြောင်း ပြရန် "လက်တွေ့ကမ္ဘာတွင် ချက်ချင်းအရေးတကြီး သက်ရောက်မည့် အကျိုးဆက်များ" စံနှုန်းနှင့် ကိုက်ညီပြီး သို့ဖြစ်၍ ဘုတ်အဖွဲ့နှင့် Meta သည် ဘုတ်အဖွဲ့၏ အမြန်လုပ်ငန်းစဉ်များအောက်တွင် ရှေ့ဆက်လုပ်ဆောင်ရန် သဘောတူကြသည်။

ဘုတ်အဖွဲ့ထံ ၎င်း၏ တင်ပြချက်များတွင် Meta က "ဤအကြောင်းအရာကို မည်သို့သဘောထားရမည်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်သည် ခက်ခဲပြီး ယှဉ်ပြိုင်နေသော စံတန်ဖိုးများနှင့် အပေးအယူလုပ်ခြင်းများ ပါဝင်သည်" ဟု အသိအမှတ်ပြုခဲ့ပြီး ဤကိစ္စရပ်နှင့်ပတ်သက်၍ ဘုတ်အဖွဲ့၏ ဖြည့်သွင်းအကြံပြုချက်ကို လှိုက်လှဲစွာကြိုဆိုသည်။

၅။ အသုံးပြုသူ၏ တင်ပြချက်များ

ပို့စ်ရေးသားသူက ဘုတ်အဖွဲ့ထံ ၎င်း၏ အယူခံလွှာတွင် ၎င်းသည် မည်သည့်အကြမ်းဖက်မှုကိုမျှ မလှုံ့ဆော်ခဲ့ဘဲ ကလေးများအပါအဝင် ပါလက်စတိုင်းပြည်သူများ၏ ဒုက္ခကို ပြသသည့် အကြောင်းအရာကိုသာ မျှဝေခဲ့ကြောင်း ဖော်ပြထားသည်။ အကြောင်းအရာ ဖယ်ရှားမှုသည် ပါလက်စတိုင်းပြည်သူများ၏ ဒုက္ခကို ဆန့်ကျင်၍ ဘက်လိုက်ခဲ့ကြောင်း အသုံးပြုသူက ဆက်ပြောခဲ့သည်။ အသုံးပြုသူအား ၎င်း၏ အယူခံလွှာကို ဘုတ်အဖွဲ့က စိစစ်သုံးသပ်ကြောင်း အသိပေးခဲ့သည်။

၆။ ဆုံးဖြတ်ချက်

ဘုတ်အဖွဲ့ဝင်များတွင် အစ္စရေး၏ စစ်ရေးတုံ့ပြန်မှုနှင့် ၎င်း၏ ကျိုးကြောင်းပြချက်နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိသော်လည်း ၎င်းတို့သည် ဤအဖြစ်အပျက်များကြောင့် သက်ရောက်ခဲ့သောသူအားလုံး၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အခြားလူ့အခွင့်အရေးများကို Meta က လေးစားခြင်းနှင့် ဤအရေးအခင်းတွင် ၎င်းတို့၏ ဆက်သွယ်ပြောဆိုနိုင်စွမ်း၏ အရေးပါမှုအပေါ် တညီတညွတ်တည်း သဘောတူကြသည်။

အကြောင်းအရာကို Instagram မှ ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ "စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု မှတ်သားမည့်အရာများ" သတိပေးချက် မျက်နှာပြင်ဖြင့် အကြောင်းအရာကို ပလက်ဖောင်းတွင် ပြန်ထည့်သွင်းခြင်းသည် Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ စံတန်ဖိုးများနှင့် လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ကိုက်ညီသည်ဟု ၎င်းက တွေ့ရှိသည်။ သို့ရာတွင် ပြန်ထည့်သွင်းထားသော အကြောင်းအရာအား အကြံပြုခံရနိုင်ခြေမှ ချန်လှပ်ထားမှုပုံစံဖြင့် ၎င်းကို Meta ၏ အဆင့်လျှော့ချမှုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားရန် ကုမ္ပဏီ၏ တာဝန်များနှင့် မညီညွတ်ပါဟုလည်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။

၆.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း

ဤအမှုရှိ ဗီဒီယိုသည် "[မြင်]သာထင်ရှားသော ကိုယ်တွင်းအင်္ဂါများ" ကို ပြသခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန် ခက်ခဲကြောင်း ဘုတ်အဖွဲ့က Meta နှင့် သဘောတူသည်။ ဤအမှု၏ ဆက်စပ်အကြောင်းအရာကို ထောက်ဆလျှင် သတင်းအချက်အလက် ရယူခွင့်ကို ကာကွယ်ခြင်းနှင့် ပဋိပက္ခ၏ သက်ရောက်မှုကို ပိုမိုသတိပြုမိအောင် လုပ်ဆောင်နိုင်မည့် လမ်းကြောင်းများ ပံ့ပိုးပေးခြင်းတွင် အထူးတလည် အရေးပါလှသော အများပြည်သူ အကျိုးကို ဖြစ်စေသည့် တန်ဖိုးရှိနေလျှင် အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ မူဝါဒကို ချိုးဖောက်နိုင်သည့် "ကန့်သတ်မျဉ်းပေါ်" ရှိနေသည့် အကြောင်းအရာကို မဖယ်ရှားသင့်ပါ။ အကြောင်းအရာတွင် သွေးထွက်နေသော ဦးခေါင်းဒဏ်ရာကို ပြသကာ လူတစ်ဦး၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှုကို ပြသသည့် ရုပ်ပုံပါဝင်သောကြောင့် Meta သည် ၎င်း၏ မူဝါဒများနှင့်အညီ သတိပေးချက် မျက်နှာပြင်ကို အသုံးချခဲ့သင့်ပြီး ၎င်းကို အသက် ၁၈ နှစ်အထက်လူများသာ မြင်နိုင်အောင် ပြုလုပ်ခဲ့သင့်သည်။

ဤဗီဒီယိုတွင် မြင်သာထင်ရှားသော ကိုယ်တွင်းအင်္ဂါများ ပါဝင်ခဲ့သည့်တိုင် ပို့စ်တွင်ပါသည့် အကြမ်းဖက်မှုကို ရှုတ်ချသော သို့မဟုတ် ပိုမိုသတိပြုမိစေသော အသုံးအနှုန်းအရ ၎င်းကို "စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု မှတ်သားမည့်အရာများ" သတိပေးချက် မျက်နှာပြင်ဖြင့် ခွင့်ပြုပေးခဲ့သင့်ပြီး အသက် ၁၈ နှစ်အောက် အသုံးပြုသူများ မမြင်နိုင်အောင် လုပ်ခဲ့သင့်ကြောင်းလည်း ဆိုလိုသည်ဟူသော Meta ၏ နောက်ဆက်တွဲ အဆုံးအဖြတ်ကိုလည်း ဘုတ်အဖွဲ့က သဘောတူသည်။ လူမှုစံနှုန်းတွင် သက်ဆိုင်သော မူဝါဒစာကြောင်း ("ဗီဒီယိုများတွင် [မြင်]သာထင်ရှားသော ကိုယ်တွင်းအင်္ဂါများကို ပြသထားပါက […] ဆေးဘက်ဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုရှိ လူများ သို့မဟုတ် လူသေအလောင်းများပါသည့် [ဗီ]ဒီယိုများ") နှင့်ဆက်စပ်၍ သတိပေးချက် မျက်နှာပြင်များကို မသတ်မှတ်ထားပါ။ ဆူဒန် အနိဋ္ဌာရုံ မြင်ကွင်း ဗီဒီယို အမှုတွင် Meta သည် ၎င်း၏ "ပို့စ်မတင်ရ" မူဝါဒများကို အတိအကျလိုက်နာရန် စိစစ်သုံးသပ်သူများကို ညွှန်ကြားကြောင်း ဘုတ်အဖွဲ့က ရှင်းပြခဲ့သည်။ သဘောတရားတွင် "လူ့အခွင့်အရေး အလွဲသုံးစားပြုမှုများ၊ လက်နက်ကိုင် ပဋိပက္ခများ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကဲ့သို့ အရေးကြီးသော ကိစ္စရပ်များအကြောင်း ဆွေးနွေးမှုများနှင့် ဆက်စပ်သည့်အခြေအနေ[တွ]င် လူများအား အဆိုပါအခြေအနေများကို ရှုတ်ချနိုင်ပြီး ပိုမိုသတိပြုစေရန်အတွက် ကူညီပေးရန် အနိဋ္ဌာရုံမြင်ကွင်းကို (ကန့်သတ်ချက်အချို့ဖြင့်) ကျွန်ုပ်တို့ ခွင့်ပြုသည်" ဟု ဖော်ပြထားသည်။ သို့ရာတွင် လူမှုစံနှုန်းစည်းမျဉ်းသည် မူဝါဒဆိုင်ရာ သဘောတရား ခြွင်းချက်နှင့် ကိုက်ညီလျှင် သတိပေးချက် မျက်နှာပြင်ထည့်ရန် ရွေးချယ်စရာကို စိစစ်သုံးသပ်ချက်များအား မပံ့ပိုးပေးဘဲ ဆေးဘက်ဆိုင်ရာမဟုတ်သော ဆက်စပ်အခြေအနေတစ်ခုတွင် "မြင်နိုင်သော ကိုယ်တွင်းအင်္ဂါများ" ကို သရုပ်ဖော်သည့် ဗီဒီယိုအားလုံးကို တားမြစ်သည်။ အကြမ်းဖက်မှုကို ရှုတ်ချခြင်း သို့မဟုတ် ပိုမိုသတိပြုမိစေခြင်းနှင့် ဆက်စပ်သည့် အခြေအနေရှိလျှင် အနိဋ္ဌာရုံ မြင်ကွင်းကို သရုပ်ဖော်သော ဗီဒီယိုများတွင် သတိပေးချက် မျက်နှာပြင်များ ထည့်သွင်းအသုံးချစေရန် Meta ၏ အလိုအလျောက် လုပ်ဆောင်သော စနစ်များကို စီစဉ်သတ်မှတ်ထားပုံမပေါ်ပါ။ ဤဆက်စပ်အခြေအနေရှိလျှင် သက်ဆိုင်ရာ စိစစ်ခွဲခြားမှုနည်းပညာများက အကြောင်းအရာကို နောက်ထပ်အကဲဖြတ်မှုအတွက် လူကိုယ်တိုင် စိစစ်သုံးသပ်သူများထံ ပို့နိုင်မည်၊ မပို့နိုင်မည်ကို ရှင်းရှင်းလင်းလင်း မသိရပါ။

၆.၂ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း

၎င်း၏ လူ့အခွင့်အရေး တာဝန်များနှင့်အညီ Meta ၏ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်း စိစစ်ခြင်းသည် အချက်အလက်များကို လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံရရှိခွင့်နှင့် ပေးအပ်ခွင့် ပါဝင်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားသင့်သည် (ပုဒ်မ ၁၉၊ ပိုဒ်ခွဲ ၂၊ နိုင်ငံသားများနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ICCPR))။ အာမေးနီးယန်း စစ်သုံ့ပန်းများ ဗီဒီယိုအမှုတွင် ဘုတ်အဖွဲ့က ဖော်ပြထားသည့်အတိုင်း နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICCPR) ၏ အပိုဒ် ၁၉ အရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အကအကွယ်များကို "လက်နက်ကိုင်ပဋိပက္ခများအတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့သည် အဆိုပါပဋိပက္ခ အခြေအနေများအတွင်း သက်ရောက်သည့် အပြန်အလှန်အားဖြည့်ပေးသော နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၏ ဖြည့်စွက်စည်းမျဉ်းများနှင့်အတူ Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်များကို ဆက်လက်၍ အသိပေးတင်ပြသင့်သည်"။ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများသည် ပဋိပက္ခဖြစ်ပွားသည့် ပတ်ဝန်းကျင်တွင် လည်ပတ်လုပ်ဆောင်နေသော လုပ်ငန်းများအတွက် မြင့်မားသောတာဝန်ကို ချမှတ်သည် (“စီးပွားရေးလုပ်ငန်း၊ လူ့အခွင့်အရေးနှင့် ပဋိပက္ခဖြစ်ပွားသော ဒေသများ- မြင့်မားသော အရေးယူဆောင်ရွက်ချက်ဆီသို့” က/၇၅/၂၁၂)။

Facebook နှင့် Instagram ကဲ့သို့ လူမှုကွန်ရက် ပလက်ဖောင်းများသည် သတင်းအစီရင်ခံခြင်းအပါအဝင် အကြမ်းဖက်ဖြစ်ရပ်များအကြောင်း အချိန်နှင့်တစ်ပြေးညီ အချက်အလက်များကို ထုတ်လွှင့်ပေးပို့ခြင်းအတွက် အရေးကြီးသော ယန္တရားဖြစ်သည်ဟု ယခင်အမှုများတွင် ဘုတ်အဖွဲ့က အလေးပေးပြောခဲ့သည် (ဥပမာ သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းခြင်းကို ကြည့်ပါ)။ ၎င်းတို့သည် အထူးသဖြင့် သတင်းစာဆရာများအတွက် ဝင်ရောက်ခွင့် အကန့်အသတ်ရှိသည့် နေရာမျိုးရှိ လက်နက်ကိုင် ပဋိပက္ခများနှင့်ဆက်စပ်သည့် အခြေအနေများတွင် အထူးအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ ထို့အပြင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးအလွဲသုံးစားပြုမှုများကို သရုပ်ဖော်သော အကြောင်းအရာသည် အများပြည်သူသိရှိလျှင် အလွန်အကျိုးရှိသော အကြောင်းအရာဖြစ်သည် (ဆူဒန် အနိဋ္ဌာရုံ မြင်ကွင်း ဗီဒီယိုကို ကြည့်ပါ)

ပြည်နယ်တစ်ခုက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များကို ချမှတ်သည့်အခါ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ ၎င်းတို့သည် တရားဥပဒေနှင့်ညီညွတ်မှု၊ တရားဝင် ရည်ရွယ်ချက်၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် (အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃၊ ICCPR)။ ဤသတ်မှတ်ချက်များကို "အပိုင်းသုံးပိုင်းခွဲ စမ်းသပ်မှု" အဖြစ် ရည်ညွှန်းလေ့ရှိသည်။ ဘုတ်အဖွဲ့သည် စိစစ်သုံးသပ်နေဆဲ သီးခြားအကြောင်းအရာအလိုက် ဆုံးဖြတ်ချက်နှင့် အကြောင်းအရာထိန်းချုပ်မှုအပေါ် Meta ၏ ပိုမိုကျယ်ပြန့်သော ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ၎င်းပြောထားသည့်အရာ နှစ်ခုစလုံးနှင့်ဆက်စပ်၍ Meta ၏ ဆန္ဒအလျောက်ပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို အဓိပ္ပာယ်ကောက်ယူရန် ဤမူဘောင်ကို အသုံးပြုသည်။ ထိုသို့လုပ်ရာတွင် ဘုတ်အဖွဲ့သည် ဤအခွင့်အရေးများက ပုဂ္ဂလိက လူမှုကွန်ရက်ကုမ္ပဏီတစ်ခုအပေါ် သက်ရောက်သည်နှင့် အစိုးရအပေါ် သက်ရောက်သည်တို့ ကွဲပြားနိုင်ပုံနှင့် ပတ်သက်၍ သတိထားရန် ကြိုးပမ်းသည်။ မည်သို့ပင်ဆိုစေကာမူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ဆိုထားသည့်အတိုင်း ကုမ္ပဏီများသည် အစိုးရများ၏ တာဝန်ဝတ္တရားများ မရှိသော်လည်း "၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ခြင်းအကြောင်း တူညီသောမေးခွန်းများကို ဆန်းစစ်ရန် လိုအပ်သည့်ကိစ္စမျိုးတွင် ၎င်းတို့အပေါ် သက်ရောက်မှုရှိသည်" (အစီရင်ခံစာ က/၇၄/၄၈၆၊ အပိုဒ် ၄၁)။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ မည်သည့်ကန့်သတ်ချက်မဆိုသည် နားလည်ရလွယ်ကူပြီး ခွင့်ပြုထားသော အရာနှင့် ခွင့်မပြုထားသောအရာတို့နှင့် စပ်လျဉ်း၍ လမ်းညွှန်မှုပေးရန် လုံလောက်သော ရှင်းလင်းပြတ်သားမှု ရှိသင့်သည်ဟု ဥပဒေတွင် သတ်မှတ်ထားသည်။ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံမြင်ကွင်းဆိုင်ရာ လူမှုစံနှုန်း၏ စည်းမျဉ်းများသည် မူဝါဒ၏ ရည်ရွယ်ချက်များတွင် ချမှတ်ထားသော မူဝါဒဆိုင်ရာ သဘောတရားနှင့် အလုံးစုံကိုက်ညီမှုမရှိသည်ကို စိုးရိမ်ပူပန်ကြောင်း ဘုတ်အဖွဲ့အနေဖြင့် ယခင်က ထုတ်ဖော်ပြောခဲ့သည် (ဆူဒန် အနိဋ္ဌာရုံ မြင်ကွင်း ဗီဒီယိုနှင့် နိုင်ဂျီးရီးယားရှိ ဘုရားကျောင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဗီဒီယိုကို ကြည့်ပါ)။ လူ့အခွင့်အရေးအလွဲသုံးစားပြုမှုများကို ပိုမိုသတိပြုမိစေရန် သို့မဟုတ် မှတ်တမ်းတင်ရန် ရည်ရွယ်ချက်ဖြင့် လူများ သို့မဟုတ် လူသေအလောင်းများ၏ ဗီဒီယိုများကို မျှဝေသည့်အခါ ထိုသို့သောဗီဒီယိုများကို ခွင့်ပြုရန်အတွက် ၎င်း၏ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ လူမှုစံနှုန်းကို ပြင်ဆင်ပေးရန် Meta အား တောင်းဆိုခဲ့သည့် ဆူဒန် အနိဋ္ဌာရုံမြင်ကွင်း ဗီဒီယို အမှုရှိ အကြံပြုချက် နံပါတ် ၁ နှင့် နံပါတ် ၂ တို့၏ အရေးပါမှုကို ဘုတ်အဖွဲ့က Meta အား ထပ်လောင်းပြောကြားသည် (ထိုအမှုသည် အထင်အရှားမြင်နိုင်သော ကိုယ်လက်အင်္ဂါဖြတ်တောက်မှုနှင့် သက်ဆိုင်ခဲ့သည်။) Meta သည် ဤအကြံပြုချက်များကို တုံ့ပြန်သည့်အနေဖြင့် မူဝါဒရေးဆွဲခြင်း လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်ခဲ့ပြီး ဘုတ်အဖွဲ့ထံ ၎င်းတင်ပြမည့် နောင်လာမည့်သုံးလပတ်အပ်ဒိတ်တွင် ၎င်း၏တိုးတက်မှုကို အစီရင်ခံရန် ရည်ရွယ်ထားသည်။ ဘုတ်အဖွဲ့၏ အမြင်တွင် ဤအကြံပြုချက်သည် အထင်အရှားမြင်သာသော ကိုယ်တွင်းအင်္ဂါများကို ပြသည့် ဗီဒီယိုများအတွက် စည်းမျဉ်းများအပေါ် သက်ရောက်သင့်ပြီး အထူးသဖြင့် ပိုမိုသတိပြုမိစေခြင်း (အဖြစ်မှန်များကို အစီရင်ခံခြင်းအပါအဝင်) နှင့် ရှုတ်ချခြင်း ခြွင်းချက်တို့နှင့် ကိုက်ညီလျှင် စည်းကမ်းထိန်းသိမ်းမှု စီမံချက်တစ်ခုအဖြစ် သတိပေးချက် မျက်နှာပြင်များကို ပံ့ပိုးပေးသင့်သည်။

ICCPR ၏ ပုဒ်မ ၁၉၊ အပိုဒ် ၃ အောက်တွင် အတိအကျ သတ်မှတ်ဖော်ပြ၍ ကန့်သတ်ထားသော အကြောင်းရင်းစာရင်း တစ်ခုအရ ထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်ထားနိုင်သည်။ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ မူဝါဒသည် သရုပ်ဖော်ခံထားရသော ပုဂ္ဂိုလ်၏ ကိုယ်ရေးလုံခြုံမှုအပါအဝင် အခြားသူများ၏ အခွင့်အရေးများကို ကာကွယ်ရန် တရားဝင်ရည်ရွယ်ကြောင်း ဘုတ်အဖွဲ့အနေဖြင့် ယခင်ကတွေ့ရှိခဲ့သည် (ဆူဒန် အနိဋ္ဌာရုံ မြင်ကွင်း ဗီဒီယိုနှင့် နိုင်ဂျီးရီးယားရှိ ဘုရားကျောင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဗီဒီယိုကို ကြည့်ပါ)။ ထို့အပြင် အသက် ၁၈ နှစ်မပြည့်သေးသူများအတွက် အကြောင်းအရာ ဝင်ရောက်ကြည့်ရှုခွင့် ကန့်သတ်ခြင်းသည် အရွယ်မရောက်သေးသူများ၏ ကျန်းမာရေး အခွင့်အရေးကို ကာကွယ်ခြင်းဆိုင်ရာ တရားဝင်ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးခဲ့ကြောင်း လက်ရှိအမှုက လက်တွေ့ပြသည် (ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်၊ ပုဒ်မ ၂၄)။

လိုအပ်မှုနှင့် အချိုးကျမျှတမှု အခြေခံမူတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်ချက်မဆိုသည် “၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည်။ ၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည့် ဆောင်ရွက်ချက်များအနက် စွက်ဖက်မှု အနည်းဆုံး ဆောင်ရွက်ချက်လည်း ဖြစ်ရမည့်[အပြင်] အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်” ဟု သတ်မှတ်ပြဋ္ဌာန်းသည် ( အထွေထွေမှတ်ချက်နံပါတ် ၃၄၊ ပိုဒ်ခွဲ ၃၄)။

သတိပေးချက် မျက်နှာပြင်သည် "အကြောင်းအရာ၏ သဘောသဘာဝကို အခြားသူများအား အသိပေးနေချိန်တွင် ၎င်းကို ကြည့်မည်၊ မကြည့်မည်ကို ဆုံးဖြတ်ခွင့်ပေးသောကြောင့် အကြောင်းအရာကို ကြည့်ရှုလိုသူများအပေါ် လွန်လွန်ကဲကဲ ဝန်ထုပ်ဝန်ပိုးမဖြစ်စေပါ" ဟု အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းနှင့်ဆက်စပ်၍ ဘုတ်အဖွဲ့အနေဖြင့် ယခင်က တွေ့ရှိခဲ့သည် (ဆူဒန် အနိဋ္ဌာရုံ မြင်ကွင်း ဗီဒီယိုကို ကြည့်ပါ)။ သတိပေးချက် မျက်နှာပြင်များသည် အသုံးပြုသူများအား စိတ်အနှောင့်အယှက်ဖြစ်နိုင်ဖွယ်ရှိသော အကြောင်းအရာများကို ဆန္ဒမရှိဘဲ မမြင်တွေ့ရလေအောင် တားဆီးကာကွယ်ပေးသည်။ မိသားစုဝင်တစ်ဦးက တောင်းဆိုသည့်အခါ တစ်စုံတစ်ဦး၏ ဆိုးဝါးပြင်းထန်သော သေဆုံးမှု (သို့မဟုတ် ၎င်း၏ ဖြစ်ပွားပြီးချင်း နောက်ဆက်တွဲအခြေအနေ) ကို ပြသည့် ဗီဒီယိုများနှင့် ဓာတ်ပုံများကို ဖယ်ရှားရန် Meta ၏ မူဝါဒဖြင့် နစ်နာသူများ၏ အခွင့်အရေးများကို ထပ်မံကာကွယ်ပေးသည်။ ဤအမှုရှိအကြောင်းအရာကို နစ်နာသူ၏မျက်နှာကို မမြင်ရဘဲ အကြမ်းဖက်မှုကို ပြသည့် ရှင်းလင်းသော မြင်ကွင်းအရိပ်အယောင်များလည်း မရှိခဲ့သည့် အဝေးမှရိုက်ကူးထားသော မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ခန္ဓာကိုယ်တစ်ခု၏ ရုပ်ငြိမ်ပုံကို ဖော်ပြထားသော ရုရှားကဗျာ အမှုရှိ အကြောင်းအရာနှင့် ခွဲခြားကြည့်နိုင်သည်။ ထိုအမှုတွင် သတိပေးချက် မျက်နှာပြင် အသုံးချခြင်းသည် စိစစ်သုံးသပ်သူများအတွက် Meta ၏ လမ်းညွှန်ချက်နှင့် တစ်သမတ်တည်းမဖြစ်ခဲ့ဘဲ ထုတ်ဖော်ပြောဆိုမှုအပေါ် လိုအပ်သော သို့မဟုတ် အချိုးကျမျှတသော ကန့်သတ်မှု မဟုတ်ခဲ့ပါ။ ဤအမှုရှိ အကြောင်းအရာသည် အကြမ်းဖက်မှုကို ပြသည့် အလွန်ရှင်းလင်းသော မြင်ကွင်းအရိပ်အယောင်များပါသည့် သေဆုံးပြီး ဒဏ်ရာရနေသော လူများကို အနီးကပ်ပြသထားသည့် နိုင်ဂျီးရီးယားရှိ ဘုရားကျောင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဗီဒီယို ဆုံးဖြတ်ချက်ရှိ အကြောင်းအရာနှင့် ပိုမိုဆင်တူသည်။

ဤအမှုတွင် ဒဏ်ရာရပြီး အသက်မရှိသော ကလေးများကို သရုပ်ဖော်ထားခြင်းကြောင့် ဗီဒီယိုကြည့်ရာတွင် အထူးစိတ်သောကရောက်စေသည်။ ဤသို့သော အခြေအနေများတွင် အသုံးပြုသူများအား စိတ်အနှောင့်အယှက်ဖြစ်စေသော အကြောင်းအရာကို ကြည့်မည်၊ မကြည့်မည့် ရွေးချယ်ခွင့်ပေးခြင်းသည် လိုအပ်ပြီး အချိုးကျမျှတသော စီမံချက်တစ်ခု ဖြစ်သည် (အာမေးနီးယန်း စစ်သုံ့ပန်း ဗီဒီယိုကိုလည်း ကြည့်ပါ)။

လူ့အခွင့်အရေးကို အလွဲသုံးစားပြုနိုင်ခြေရှိမှုများနှင့် စစ်ပွဲဆိုင်ရာ ဥပဒေများကို ချိုးဖောက်နိုင်ခြေရှိမှုများ၊ ပဋိပက္ခများ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ပိုမိုသတိပြုမိစေသော အကြောင်းအရာများကို အရွယ်ရောက်ပြီးသူများထံ ပျံ့နှံ့ရောက်ရှိသည့် အကြံပြုချက်များမှ ချန်လှပ်ထားခြင်းသည် ထိုသို့သောအကြောင်းအရာများရှိ အလွန်မြင့်မားသော အများပြည်သူအကျိုးစီးပွားကို အကြောင်းပြု၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် လိုအပ်သော သို့မဟုတ် အချိုးကျမျှတသော ကန့်သတ်မှုတစ်ခု မဟုတ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ သတိပေးချက် မျက်နှာပြင်များနှင့် အကြံပြုချက်များမှ ဖယ်ရှားခြင်းသည် သီးခြားလုပ်ဆောင်ချက်များဖြစ်ပြီး အချို့သောဖြစ်ရပ်များ၊ အထူးသဖြင့် အရေးအခင်းအခြေအနေများတွင် ၎င်းတို့ကို သီးသန့်ခွဲထားသင့်သည်။ အသုံးပြုသူများစိတ်ဝင်စားနိုင်သည်ဟု ကြိုတင်ခန့်မှန်းထားသည့် အရာများပေါ် မူတည်၍ အသုံးပြုသူများထံ အကြောင်းအရာများ အကြံပြုပေးသည့် အလိုအလျောက် လုပ်ဆောင်သော စနစ်များက Instagram ပေါ်ရှိ အကြံပြုချက်များကို ထုတ်ပေးခြင်းဖြစ်သည်။ အကြံပြုချက် စနစ်များမှ အကြောင်းအရာများကို ဖယ်ရှားခြင်းသည် ဤအကြောင်းအရာက အခြားတစ်နည်းအားဖြင့် ရရှိမည့် ပျံ့နှံ့ရောက်ရှိမှုကို လျှော့ချရာရောက်သည်။ ဤဆောင်ရွက်ချက်သည် အရွယ်ရောက်ပြီး အသုံးပြုသူများသာ ကြည့်ရှုနိုင်စေရန် ကန့်သတ်ထားပြီးသားဖြစ်လျက် ပိုမိုသတိပြုစေရန်၊ ရှုတ်ချရန် သို့မဟုတ် အကြမ်းဖက် ပဋိပက္ခတစ်ခု တိုးတက်ဖြစ်ပေါ်မှုကဲ့သို့သော အများပြည်သူအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို အစီရင်ခံရန် တင်ထားသည့် အကြောင်းအရာများနှင့် သက်ဆိုင်သည်အထိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အချိုးကျမျှတမှုမရှိသော နည်းလမ်းများဖြင့် နှောင့်ယှက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။

အရေးအခင်းကာလ အခြေအနေတစ်ခုကို ချက်ချင်းတုံ့ပြန်မှုများအတွက် ပုံမှန်မဟုတ်သော ယာယီအစီအမံများ လိုအပ်နိုင်ကြောင်းနှင့် အချို့သော ဆက်စပ်အခြေအနေများတွင် အန္တရာယ်ကင်းရှင်းရေး စိုးရိမ်ပူပန်မှုများကို ဦးစားပေးရန်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ပိုမိုကြီးမားသော ကန့်သတ်မှုများကို ယာယီ အချိုးကျမျှတစွာ ထားရှိရန် ဥပဒေနှင့်ညီညွတ်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ ဥပမာအနေဖြင့် ၎င်းတို့ထဲမှ အချို့ကို Christchurch Call တွင် ချမှတ်ထားသော "အကြမ်းဖက်သမားနှင့် အကြမ်းဖက် အစွန်းရောက် အကြောင်းအရာ" ကို တန်ပြန်တုံ့ပြန်ရန် ကတိကဝတ်များ၌ ဖော်ပြထားသည်။ သို့ရာတွင် Christchurch Call သည် ထိုသို့သောအကြောင်းအရာများကို လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များနှင့် ညီညွတ်သောပုံစံဖြင့် တုံ့ပြန်ရန် လိုအပ်ချက်ကို အလေးပေးကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ အန္တရာယ်ကင်းရှင်းရေး စိုးရိမ်ပူပန်မှုများသည် ဖြစ်နိုင်ဖွယ်ရှိသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ သို့မဟုတ် စိုးရိမ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း ပိုမိုသတိပြုမိစေခြင်း သို့မဟုတ် ယင်းတို့ကို ရှုတ်ချခြင်း ရည်ရွယ်ချက်ရှိသည့် အနိဋ္ဌာရုံမြင်ကွင်းကို ဖယ်ရှားရမည့်သဘောရောက်သည်ဟု ဆုံးဖြတ်ရန် ကျိုးကြောင်းခိုင်လုံမှုမရှိဟု ဘုတ်အဖွဲ့က ယူဆသည်။ ထိုသို့သောကန့်သတ်မှုများသည် အဆိုပါပဋိပက္ခများဖြစ်ပွားစဉ် မြေပြင်ပေါ်ရှိ လူများ၏ အန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သော အချက်အလက်များကိုပင် ပိတ်ပင်တားဆီးနိုင်သည်။

သတိပေးချက်များကို မချမှတ်ခြင်းကဲ့သို့သော အစီအမံများသည် ပဋိပက္ခအခြေအနေများအတွင်း အကြောင်းအရာများကို ဖယ်ရှားခြင်းအတွက် ယုံကြည်စိတ်ချမှု သတ်မှတ်အဆင့်များကို လျှော့ချခြင်းကဲ့သို့ အရေးပေါ်အစီအမံများကြောင့် စည်းကမ်းထိန်းသိမ်းမှုအမှားများ၏ အချိုးကျမျှတမှုမရှိနိုင်လောက်သော ဆိုးကျိုးများကို လျှော့ချရာတွင်မူ အထောက်အကူပြုသည်။ သို့ရာတွင် ၎င်းတို့သည် ဖြစ်နိုင်ဖွယ်ရှိသော လူ့အခွင့်အရေးအလွဲသုံးစားပြုမှုများနှင့် လူသားချင်းစာနာထောက်ထားမှု ဥပဒေအပေါ် ချိုးဖောက်မှုများ၊ ပဋိပက္ခအခြေအနေများအတွင်း အခြားအရေးကြီးသော အချက်အလက်များအကြောင်း ပိုမိုသတိပြုမိစေသည့် အကြောင်းအရာများကို အသုံးပြုသူများ၏ မျှဝေနိုင်စွမ်းကို ကာကွယ်ရန် မလုံလောက်ပါ။

ဘုတ်အဖွဲ့သည် အရေးအခင်းကာလများအတွင်းနှင့် ပဋိပက္ခဖြစ်ပွားရာနယ်မြေများတွင် အကြောင်းအရာ စိစစ်ခြင်းအတွက် အခြေခံမူနှင့်ကိုက်ညီပြီး ပွင့်လင်းမြင်သာသော မူဘောင်တစ်ရပ် ရေးဆွဲရန် လိုအပ်ချက်ကို ထပ်ခါတလဲလဲ ဦးစားပေးဖော်ပြခဲ့သည် (ဟေတီနိုင်ငံ ရဲစခန်းအဖြစ်အပျက် ဗီဒီယိုနှင့် တီဂရေး ဆက်သွယ်ရေးကိစ္စရပ်များဆိုင်ရာ အစိုးရဌာနကို ကြည့်ပါ)။ အကြီးစား လူမှုကွန်ရက်ကုမ္ပဏီများက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မလိုအပ်ဘဲ ကန့်သတ်ချုပ်ချယ်ခြင်း မရှိကြောင်း သေချာစေရန် လိုအပ်သော အချိန်အား၊ လူအား စိုက်ထုတ်၍ ကြိုးစားရမည့် လျင်မြန်စွာပြောင်းလဲနေသော ပဋိပက္ခဖြစ်ပွားချိန် ကာလများတွင် ထိုကဲ့သို့ လုပ်ဆောင်ရန် အတိအကျလိုအပ်သည်။ ထိုသို့သောအချိန်များတွင် သတင်းအရင်းအမြစ်များသည် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများနှင့် အခြားတိုက်ခိုက်မှုများကို မကြာခဏခံရနိုင်ဖွယ်ရှိပြီး လူမှုကွန်ရက်ပေါ်ရှိ သာမန်အရပ်သားများမှ သတင်းအစီရင်ခံခြင်းကို အထူးမရှိမဖြစ်လိုအပ်စေသည်။

စစ်ပွဲ သို့မဟုတ် နိုင်ငံရေးမငြိမ်သက်မှု အခြေအနေများတွင် အသုံးပြုသူများမှ ရိုက်ကူးထားပြီး အနိုင်ကျင့်စော်ကားမှုများကို ပိုမိုသတိပြုမိစေရန် သို့မဟုတ် မှတ်တမ်းတင်ရန်ရည်ရွယ်ချက်ဖြင့် ပလက်ဖောင်းပေါ်တွင် မျှဝေထားသော အနိဋ္ဌာရုံ မြင်ကွင်းနှင့် အကြမ်းဖက် အကြောင်းအရာများ ပိုမိုရှိနေနိုင်မည်ကိုလည်း ဘုတ်အဖွဲ့သည် ယခင်က သတိပြုမိခဲ့ပါသည် (ဆူဒန် အနိဋ္ဌာရုံ မြင်ကွင်း ဗီဒီယိုကို ကြည့်ပါ)။ ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးအခင်း ဖြစ်ပေါ်နေစဉ် သေဆုံးသည့် သို့မဟုတ် ထိခိုက်ဒဏ်ရာရသည့် အရပ်သားအရေအတွက်မှာ စိုးရိမ်ဖွယ်ရာဖြစ်ပြီး ယင်းတို့ထဲတွင် ကလေးသေဆုံးမှု/ထိခိုက်ဒဏ်ရာရမှု အရေအတွက် များပြားလှသည့် အစ္စရေး-ဂါဇာ ပဋိပက္ခကဲ့သို့သော ဆက်စပ်အခြေအနေများတွင် ဤခွင့်ပြုချက်မျိုးသည် အထူးအရေးကြီးသည်။ ၎င်း၏ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ မူဝါဒနှင့်ပတ်သက်၍ Meta ၏ ဆက်လုပ်ဆောင်နေသော မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်ကို အသိအမှတ်ပြုသော်လည်း ဘုတ်အဖွဲ့သည် Meta အား ဤအကြောင်းအရာမျိုးကို သတိပေးချက် မျက်နှာပြင်များထည့်သွင်း၍ ခွင့်ပြုပေးရန်နှင့် ၎င်းကို အကြံပြုချက်များမှ မဖယ်ရှားရန် ယာယီအစီအမံများကို လျင်မြန်စွာ ထိထိရောက်ရောက် အသုံးချရန် အဆင်သင့်ဖြစ်စေလိုပါသည်။

ဤအကြောင်းအရာကို တင်ခဲ့သည့်အချိန်က ဂါဇာရှိ အခြေအနေသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများဖြစ်ပွားချိန် Meta ကြုံခဲ့ရသည်နှင့် အလားတူသော စိန်ခေါ်မှုအမျိုးအစားများ မရှိခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ဂါဇာတွင် နယ်မြေထဲသို့ သတင်းစာဆရာများ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားပြီး အင်တာနက် ချိတ်ဆက်နိုင်မှုကို ဖြတ်တောက်ထားစဉ် မြေပြင်ပေါ်ရှိ လူများမှ အချက်အလက်များကို ရယူရာတွင် အခက်အခဲများရှိခဲ့သည်။ ထို့အပြင် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများဖြစ်ပွားပြီး အစောပိုင်းနောက်ဆက်တွဲ အခြေအနေနှင့်မတူသည်မှာ ဤအမှုတွင်ပြထားသည့် ဂါဇာအခြေအနေတွင် အကြမ်းဖက်သမားများက ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်မှုများကို တိုက်ရိုက်ထုတ်လွှင့်ရန် လူမှုကွန်ရက်အသုံးပြုခြင်း မပါဝင်ခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခနှင့်ဆက်စပ်သော အကြောင်းအရာများတွင် Meta အနေဖြင့် ၎င်း၏ အရေးယူဆောင်ရွက်ချက်များသည် အရပ်သားများအပေါ် ထိခိုက်မှုများအကြောင်း ပိုမိုသတိပြုမိစေသည့် အချက်အလက်များကို ပေးသည့် အကြောင်းအရာများကို လူများမျှဝေနိုင်ရန် ပိုမိုခက်ခဲစေခြင်း မရှိကြောင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ ချိုးဖောက်မှုများ ဖြစ်ပွားခဲ့ခြင်းရှိ၊ မရှိ ဆုံးဖြတ်ရာတွင် သက်ဆိုင်နိုင်ကြောင်း သေချာစေသင့်သည်။ အကြောင်းအရာကို မြေပြင်ပေါ်ရှိ အဖြစ်အပျက်များအား ပိုမိုသတိပြုမိစေရန် သို့မဟုတ် ရှုတ်ချရန် မျှဝေခဲ့ခြင်းရှိ၊ မရှိ မေးခွန်းထုတ်ခြင်းက ထိုသို့သောအကြောင်းအရာကို အကဲဖြတ်သော မည်သည့်စိစစ်သုံးသပ်သူမဆိုအတွက် စတင်လုပ်ဆောင်ရမည့် အချက်ဖြစ်သင့်ပြီး သက်ဆိုင်ရာခြွင်းချက်များမှ အကျိုးရရှိသင့်သည့် အကြောင်းအရာများအား မှားယွင်းစွာ ဖယ်ရှားခြင်းမပြုမိစေရန် Meta ၏ အလိုအလျောက် လုပ်ဆောင်သော စနစ်များကို ရေးဆွဲဖန်တီးထားသင့်သည်။

အရေးအခင်းကာလ တုံ့ပြန်မှုနှင့် ဆက်စပ်သည့်အခြေအနေတွင် အလိုအလျောက် လုပ်ဆောင်သော စိစစ်ခြင်းအပေါ် လူကိုယ်တိုင်ကြီးကြပ်မှု လုံလုံလောက်လောက် မရှိခြင်းက အများပြည်သူအတွက် သိသိသာသာ အကျိုးရှိနိုင်သည့် ပြောဆိုမှုကို မှားယွင်းဖယ်ရှားမိစေနိုင်ကြောင်း ဤအမှုက ထပ်မံသာဓကပြသည်။ ဤအကြောင်းအရာကို ဖယ်ရှားရန် ကနဦးဆုံးဖြတ်ချက်နှင့် အသုံးပြုသူ၏ အယူခံလွှာကို ပယ်ချမှု နှစ်မျိုးလုံးကို လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းမရှိဘဲ စိစစ်ခွဲခြားမှုနည်းပညာ ရမှတ်တစ်ခုပေါ်အခြေခံ၍ အလိုအလျာက် ချမှတ်ခဲ့သည်။ တဖန် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများအပြီး အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ မြင်ကွင်းဆိုင်ရာ မူဝါဒအောက်ရှိ အကြောင်းအရာ ဖယ်ရှားမှု သတ်မှတ်အဆင့်ကို လျှော့ချသည့် Meta ၏ အရေးအခင်းကာလ တုံ့ပြန်မှုကြောင့် ၎င်းကို ပိုမိုဆိုးဝါးစေပါမည်။ ဆိုလိုသည်မှာ စိစစ်ခွဲခြားမှုနည်းပညာက ချိုးဖောက်မှုဖြစ်နိုင်ခြေ အလားအလာအပေါ် များသောအားဖြင့် လိုအပ်မည့်ရမှတ်အောက် ပိုနိမ့်သောရမှတ်ကို ပေးသည့်တိုင် Meta သည် ထိုအကြောင်းအရာကို ဖယ်ရှားသည်။

Meta မှ ၎င်း၏ လူ့အခွင့်အရေး ကတိကဝတ်များနှင့် ကိုက်ညီသော နည်းလမ်းဖြင့် ၎င်း၏ အလိုအလျောက် လုပ်ဆောင်သော စနစ်များကို အသုံးချစေရန် ဘုတ်အဖွဲ့သည် Meta အား ကိုလံဘီယာ ရဲတပ်ဖွဲ့ ကာတွန်း အမှုရှိ အကြံပြုချက် နံပါတ် ၁ ကို သတိပေးသည်။ ထိုအမှုတွင် ဘုတ်အဖွဲ့က Meta အား အယူခံဝင်မှုနှုန်း မြင့်မားပြီး အောင်မြင်သော အယူခံဝင်မှုနှုန်းမြင့်သော အကြောင်းအရာများကို ၎င်း၏ မီဒီယာပုံစံတူတွဲဖက်ကြည့်ရေး ဝန်ဆောင်မှု သိုလှောင်စနစ်မှ ဖယ်ရှားနိုင်ခြေရှိမှုအပေါ် ပြန်လည်အကဲဖြတ်ထားကြောင်း သေချာအောင်လုပ်ရန် တောင်းဆိုခဲ့သည်။ ဤအကြံပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် Meta သည် ၎င်း၏ မီဒီယာပုံစံတူတွဲဖက်ကြည့်ရေး ဝန်ဆောင်မှု သိုလှောင်စနစ်အသီးသီးတွင် ထိန်းချုပ်ရေး တိုးတက်မှုအတွက် ကတိကဝတ်ပြုထားသည့် သတ်မှတ်ထားသော အလုပ်အကိုင်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည် (ဤကိစ္စနှင့်ပတ်သက်၍ Meta ၏ လတ်တလော နောက်ဆုံးရရှိသည့် အပ်ဒိတ်များကို ဤနေရာတွင် ကြည့်ပါ)။ လက်နက်ကိုင် ပဋိပက္ခများနှင့်ဆက်စပ်သည့် အခြေအနေနတွင် မီဒီယာပုံစံတူတွဲဖက်ကြည့်ရေး ဝန်ဆောင်မှုများ အသုံးပြုမှုကို ဤအဖွဲ့အနေဖြင့် အထူးဂရုပြုရန် အရေးကြီးကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ် အမှု (အကြံပြုချက်နံပါတ် ၃ နှင့် နံပါတ် ၆) တွင် အလိုအလျောက် စောင့်ကြည့်စနစ်ကို သုံး၍ အသုံးပြုသူများ၏ အကြောင်းအရာများအပေါ် စည်းကမ်းထိန်းသိမ်း အရေးယူဆောင်ရွက်မှု ပြုလုပ်သည့်အခါ အသုံးပြုသူများအား အသိပေးရန်နှင့် လူမှုစံနှုန်းအရ အလိုအလျောက် လုပ်ဆောင်သော ဖယ်ရှားမှု ဆုံးဖြတ်ချက်များ၏ အရေအတွက်နှင့် လူကိုယ်တိုင် စိစစ်သုံးသပ်မှုအပြီး နောက်ပိုင်းတွင် ပြောင်းလဲဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်ပမာဏနှင့်ပတ်သက်၍ အချက်အလက်များကို ထုတ်ဖော်ရန် ဘုတ်အဖွဲ့က Meta အား အကြံပြုခဲ့သည်။ ချိုးဖောက်ထားနိုင်ခြေရှိသော အကြောင်းအရာအတွက် ယုံကြည်စိတ်ချမှု သတ်မှတ်အဆင့်များက သိသိသာသာ လျော့နည်းသွားကြောင်း သိရသည့်အခါ ထိုသို့ထုတ်ဖော်ရန် အထူးအရေးကြီးသည်။ ဘုတ်အဖွဲ့သည် Meta အား အကြံပြုချက်နံပါတ် ၆ ကို အကောင်အထည်ဖော်ရာတွင် နောက်ထပ်တိုးတက်မှုရှိအောင် ပြုလုပ်ရန်နှင့် အကြံပြုချက်နံပါတ် ၃ ကို အကောင်အထည်ဖော်ထားကြောင်း အထောက်အထားကို ဘုတ်အဖွဲ့နှင့် မျှဝေရန် တိုက်တွန်းသည်။

လွတ်လပ်စွာပြောဆိုပိုင်ခွင့်အပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များသည် နိုင်ငံသား၊ လူမျိုးစု၊ ဘာသာရေး သို့မဟုတ် ယုံကြည်မှု သို့မဟုတ် နိုင်ငံရေး သို့မဟုတ် အခြားထင်မြင်ယူဆချက်အပေါ် အခြေခံခြင်း အပါအဝင် ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရပါ (ပုဒ်မ ၂၊ ပိုဒ်ခွဲ ၁ နှင့် ပုဒ်မ ၂၆၊ ICCPR)။ လူမှုစံနှုန်းများကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် ခွဲခြားဆက်ဆံသော စည်းကမ်းထိန်းသိမ်းမှုမျိုးက ဤကဲ့သို့ အခြေခံကျသော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရှုထောင့်ကို ထိခိုက်လျော့ပါးစေသည်။ မျှဝေထားသော Al Jazeera ပို့စ်အမှုတွင် ဘုတ်အဖွဲ့သည် အစ္စရေးနှင့် သိမ်းပိုက်ထားသော ပါလက်စတိုင်း နယ်မြေများတွင် Meta ၏ အကြောင်းအရာ စိစစ်ခြင်းဆိုင်ရာ အမှားများသည် မညီမမျှ ပျံ့နှံ့နေနိုင်ကြောင်း အထူးစိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောခဲ့ပြီး သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခုကို တောင်းဆိုခဲ့သည် (မျှဝေထားသော Al Jazeera ပို့စ် ဆုံးဖြတ်ချက်၊ အကြံပြုချက်နံပါတ် ၃)။ ဤအကြံပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် Meta က လုပ်ဆောင်စေခဲ့သည့် Business for Social Responsibility (BSR) ၏ လူ့အခွင့်အရေးအပေါ် သက်ရောက်မှု အကဲဖြတ်ချက်သည် "ပိုမိုကျယ်ပြန့်သော ပြင်ပပြောင်းလဲမှုများနှင့် ပေါင်းစပ်ကြည့်ရှုသော် Meta ၏ မူဝါဒနှင့် ဆောင်ရွက်ချက်က ပါလက်စတိုင်းနှင့် အာရဗီဘာသာစကားပြောသော အသုံးပြုသူများအပေါ် မတူကွဲပြားသည့် လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို အမှန်တကယ် ဖြစ်ပေါ်စေသည့် မရည်ရွယ်သောဘက်လိုက်မှု ဖြစ်ရပ်အမျိုးမျိုး" ကို ခွဲခြားဖော်ထုတ်ခဲ့သည်။ ဘုတ်အဖွဲ့သည် Meta အား BSR အစီရင်ခံစာကို တုံ့ပြန်သည့်အနေဖြင့် ၎င်းက ပြုလုပ်ခဲ့သည့် ကတိကဝတ်များကို ဖြည့်ဆည်းပေးရန် တိုက်တွန်းသည်။

နောက်ဆုံးအနေဖြင့် Meta တွင် BSR အစီရင်ခံစာ (အကြံပြုချက်၂၁) တွင်လည်း အကြံပြုထားပြီး အရပ်ဘက်လူမှုအသိုင်းအဝိုင်းအဖွဲ့များက ထောက်ခံထားသည့်အတိုင်း လူ့အခွင့်အရေး ချိုးဖောက်နိုင်ဖွယ်ရှိမှုများနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအပေါ် ချိုးဖောက်မှုများ၏ အထောက်အထားကို ထိန်းသိမ်းထားရန် တာဝန်ရှိသည်။ အကြောင်းအရာကို Meta ၏ ပလက်ဖောင်းများမှ ဖယ်ရှားလိုက်သည့်အခါတွင်ပင် နောင်တာဝန်ခံမှု အကျိုးစီးပွားအတွက် ထိုသို့သောအထောက်အထားကို ထိန်းသိမ်းထားရန် အရေးကြီးသည် (ဆူဒန် အနိဋ္ဌာရုံမြင်ကွင်း ဗီဒီယိုနှင့် အာမေးနီးယန်း စစ်သုံ့ပန်း ဗီဒီယိုကို ကြည့်ပါ)။ Meta က ၎င်းသည် ၎င်း၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် အကြောင်းအရာအားလုံးကို တစ်နှစ်ကာလကြာ ဆက်လက်ထားရှိကြောင်း ရှင်းပြခဲ့သော်လည်း ဖြစ်နိုင်ဖွယ်ရှိသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၊ စိုးရိမ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အထူးဆက်စပ်သော အကြောင်းအရာများကို ခွဲခြားဖော်ထုတ်ပြီး ရေရှည်တာဝန်ခံမှု ရည်ရွယ်ချက်များအတွက် ပိုမိုကြာရှည်ခံပြီး ဝင်ရောက်သုံးစွဲနိုင်သော နည်းလမ်းဖြင့် ထိန်းသိမ်းထားရန် ဘုတ်အဖွဲ့က တိုက်တွန်းသည်။ Meta သည် အာမေးနီးယန်း စစ်သုံ့ပန်းများ ဗီဒီယို အမှုရှိ အကြံပြုချက် နံပါတ် ၁ ကို အကောင်အထည်ဖော်ရန် သဘောတူထားကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ယင်းက Meta အား ကြမ်းကြုတ်ရက်စက်သော ရာဇဝတ်မှုများ သို့မဟုတ် စိုးရိမ်ဖွယ်ဖြစ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုစားဖြေရှင်းရန် သို့မဟုတ် တရားစွဲဆိုရန် စုံစမ်းစစ်ဆေးမှုများနှင့် ဥပဒေရေးရာ လုပ်ငန်းစဉ်များတွင် ကူညီရန်အတွက် အချက်အလက်များကို ထိန်းသိမ်းထားရန်နှင့် သင့်လျော်သောနေရာတွင် အခွင့်အာဏာရှိသော အာဏာပိုင်များနှင့် မျှဝေရန်အတွက် လုပ်ထုံးလုပ်နည်းတစ်ခု ရေးဆွဲရန် တိုက်တွန်းခဲ့သည်။ Meta က ဘုတ်အဖွဲ့အား ၎င်းသည် "ကြမ်းကြုတ်ရက်စက်သော ရာဇဝတ်မှုများနှင့် ပြင်းထန်သော နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ ချိုးဖောက်မှုများ၏ အလားအလာရှိသော အထောက်အထားများကို ဆက်လက်ထားရှိရန် တစ်သမတ်တည်းဖြစ်သော ကိုင်တွယ်လုပ်ဆောင်ပုံ" ကို ရေးဆွဲရာတွင် နောက်ဆုံးအဆင့်များ၌ ရောက်ရှိနေပြီး ၎င်း၏ကိုင်တွယ်လုပ်ဆောင်ပုံနှင့် ပတ်သက်၍ ရှင်းလင်းချက်ကို မကြာမီ ဘုတ်အဖွဲ့အား ပေးအပ်ရန် မျှော်လင့်ကြောင်း အသိပေးခဲ့သည်။ ဘုတ်အဖွဲ့သည် Meta အား အထက်ပါအကြံပြုချက်ကို အပြည့်အဝ အကောင်အထည်ဖော်စေလိုပါသည်။

*လုပ်ထုံးလုပ်နည်းဆိုင်ရာ မှတ်ချက်-

ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အမြန်ချမှတ်ထားသော ဆုံးဖြတ်ချက်များကို ရွေးချယ်ထားသော အဖွဲ့ဝင်ငါးဦးပါအဖွဲ့များက ပြင်ဆင်ထားခဲ့ပြီး ဘုတ်အဖွဲ့တစ်ခုလုံး၏ လူများစုအတည်ပြုချက်ပေါ် မူတည်ခြင်းမရှိပါ။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို မဖြစ်မနေ ကိုယ်စားပြုရန် မလိုအပ်ပါ။

Volver a Decisiones de casos y opiniones consultivas sobre políticas