أسقط
ကိုလိုနီဆန့်ကျင်ရေး ခေါင်းဆောင် Amílcar Cabral
تم النشر بتاريخ 27 حَزِيران 2023
ဘစ်ဆော-ဂီနီ ကိုလိုနီဆန့်ကျင်ရေး ခေါင်းဆောင် Amílcar Cabral ကို ရည်ညွှန်းသော ကဗျာတစ်ပုဒ်ပါရှိသည့် Facebook ပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိအောင် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ အစောပိုင်းဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။
ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည်။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် ဘုတ်အဖွဲ့က တင်ပြပြီးနောက်တွင် အကြောင်းအရာအစိတ်အပိုင်းတစ်ခုနှင့် ပတ်သက်၍ Meta က ၎င်း၏ မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများအပေါ် ဆန်းစစ်လေ့လာထားပါသည်။ ဤဆုံးဖြတ်ချက်များတွင် Meta ကိုယ်တိုင်ဝန်ခံထားသော အမှားများနှင့်ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်။ ယင်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးကမဟုတ်ဘဲ ဘုတ်အဖွဲ့က ရွေးချယ်ထားသော အဖွဲ့ဝင်များက အတည်ပြုပါသည်။ ၎င်းတို့သည် အများမြင်မှတ်ချက်များကို ထည့်သွင်းမစဉ်းစားသည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသော စံတန်ဖိုးမျိုးလည်း မရှိပါ။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် Meta ၏ အမှားပြင်ဆင်ချက်များအပေါ် ပွင့်လင်းမြင်သာစွာ တင်ပြထားပြီး ၎င်း၏မူဝါဒကျင့်သုံးမှုတွင် တိုးတက်အောင် လုပ်ဆောင်နိုင်ဖွယ်ရှိသော နယ်ပယ်များကို ဦးစားပေးဖော်ပြသည်။
အမှု အနှစ်ချုပ်
ဘစ်ဆော-ဂီနီ ကိုလိုနီဆန့်ကျင်ရေး ခေါင်းဆောင် Amílcar Cabral ကို ရည်ညွှန်းသော ကဗျာတစ်ပုဒ်ပါရှိသည့် Facebook ပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိအောင် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ အစောပိုင်းဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။
အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် Facebook အသုံးပြုသူတစ်ဦးသည် ၁၉၇၃ ခုနှစ်၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော Amílcar Cabral ၏ ကွယ်လွန်ခြင်း နှစ်ပတ်လည်ကို အမှတ်ရအောက်မေ့သည့် အကြောင်းအရာကို ပြင်သစ်ဘာသာဖြင့် ပို့စ်တင်ခဲ့သည်။ Cabral သည် ဂီနီ-ဘစ်ဆောနှင့် ကာဘိုဗာရ်ဒီတွင် ပေါ်တူဂီကိုလိုနီ အုပ်ချုပ်မှုကို ဆန့်ကျင်သော တော်လှန်ရေးလှုပ်ရှားမှုကို အဆုံးစွန်အထိ အောင်မြင်စွာ ဦးဆောင်ခဲ့သည့် ပန်-အာဖရိက အတွေးအခေါ်ပညာရှင်အဖြစ် ကမ္ဘာကျော်သည်။ ပို့စ်တွင် ကိုလိုနီဆန့်ကျင်ရေး ကြိုးပမ်းမှု၌ Cabral ၏ ပံ့ပိုးကူညီမှုများနှင့် အာဖရိကတိုက်တစ်ဝန်းရှိ ၎င်း၏အကျိုးသက်ရောက်မှုများကို ချီးကျူးသည့် ကဗျာတစ်ပုဒ်ပါရှိခဲ့သည်။ အဆိုပါကဗျာကို ၁၉၇၃ ခုနှစ်တွင် ရေးသားခဲ့ပြီး အာဖရိကန်-အာရှဂျာနယ်တွင် ထုတ်ဝေခဲ့သည်ဟု အသုံးပြုသူက ဆိုထားသည်။
ကုမ္ပဏီက အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို "ချီးမွမ်းသည့်"၊ "သိသိသာသာ ထောက်ခံသည်" သို့မဟုတ် "ကိုယ်စားပြုသည့်" အကြောင်းအရာကို ဖယ်ရှားသည့် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ (DOI) မူဝါဒကို ကိုးကား၍ Meta သည် အဆိုပါပို့စ်ကို Facebook မှ မူလက ဖယ်ရှားခဲ့သည်။
အသုံးပြုသူသည် ဘုတ်အဖွဲ့ထံ သူ၏ အယူခံလွှာတွင် အဆိုပါကဗျာသည် ဆယ်စုနှစ်များစွာ သက်တမ်းရှိပြီး Amílcar Cabral အား ဂုဏ်ပြုရန် ၎င်းကို ပို့စ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။
ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက် ကုမ္ပဏီက ၎င်း၏ ဖယ်ရှားမှုသည် မှားယွင်းခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး အကြောင်းအရာကို ပလက်ဖောင်းတွင် ပြန်ထည့်သွင်းခဲ့သည်။ ကုမ္ပဏီက ဘစ်ဆော-ဂီနီ ခေါင်းဆောင် Amílcar Cabral သည် ၎င်း၏ DOI မူဝါဒတွင် သတ်မှတ်ခံထားရသော လူပုဂ္ဂိုလ်တစ်ဦးမဟုတ်သော်ငြားလည်း ယင်းသို့သတ်မှတ်ခံထားရသော အခြားလူတစ်ဦးနှင့် ၎င်းကို မှား၍ဆက်စပ်ကြည့်နိုင်ကြောင်း ဘုတ်အဖွဲ့အား ပြောကြားခဲ့သည်။ ပို့စ်၏ ၁၉၇၃ ခုနှစ် လုပ်ကြံသတ်ဖြတ်မှုကို ရည်ညွှန်းမှုတွင် ပို့စ်တင်သူက မည်သူ့ကို ရည်ညွှန်းလိုခဲ့ကြောင်း ဖော်ပြထားသည်။ ဤအမှုတွင် ၎င်း၏ စိစစ်သုံးသပ်ချက် ရလဒ်အနေဖြင့် Meta က ၎င်းသည် "အန္တရာယ်ရှိသူအဖြစ် သတ်မှတ်မခံထားရသော လူပုဂ္ဂိုလ် Amílcar Cabral ကို ချီးမွမ်းဂုဏ်ပြုသည့် အကြောင်းအရာအား မှားယွင်းဖယ်ရှားမှုများ မဖြစ်စေရန်" ၎င်း၏ စည်းကမ်းတင်းကျပ်မှု လုပ်ငန်းစဉ်ကို တိုးတက်အောင် လုပ်ဆောင်ခဲ့ကြောင်း ပြောခဲ့သည်။
ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူက အယူခံဝင်ပြီးနောက်တွင် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။
Meta က ၎င်းသည် ဘုတ်အဖွဲ့စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်သည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်ခြင်း လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram ကို အသုံးပြုနေသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်သည်။
အမှု၏ အရေးပါမှု
အမှုသည် Meta က ၎င်း၏ DOI မူဝါဒကို လိုက်နာစေရန် စည်းကမ်းတင်းကျပ်ရာတွင် ဖြစ်ပေါ်နိုင်သည့် အမှားတစ်ခုကို ဦးစားပေးဖော်ပြသည်။ ယခင်ဆုံးဖြတ်ချက်လေးခုတွင် ဘုတ်အဖွဲ့သည် Meta ကို ဤမူဝါဒနှင့် ၎င်း၏ စည်းကမ်းတင်းကျပ်မှုပုံစံကို ရှင်းလင်းဖော်ပြရန် တိုက်တွန်းသော သီးခြားအကြံပြုချက် ၁၃ ခုကို ထုတ်ပြန်ခဲ့သည် (၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် "သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းဖော်ပြခြင်း"၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် "မျှဝေထားသော Al Jazeera ပို့စ်"၊ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် "အိုကလန်သီးခြားခွဲထားမှု"၊ နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် "နာဇီ ကိုးကားချက်")။ Meta သည် အဆိုပါအကြံပြုချက်များမှ ၁၀ ခုကို အကောင်အထည်ဖော်ခဲ့ခြင်း သို့မဟုတ် တိုးတက်မှုကို အစီရင်ခံခဲ့ခြင်း ရှိသော်လည်း အကြံပြုချက်သုံးခုကို အကောင်အထည်ဖော်ရန် ငြင်းဆိုခဲ့သည်။ Meta အနေဖြင့် ၎င်း၏ DOI မူဝါဒကို ပြင်ဆင်ခြင်းနှင့် စိစစ်ရေးစနစ်များကို တိုးတက်အောင် လုပ်ဆောင်ခြင်းတွင် ဆက်လက်တိုးတက်မှုရှိလာလျှင် အကြောင်းအရာ စိစစ်ရာ၌ မှားယွင်းမှုနှုန်းကို လျှော့ချရန် အကူအညီဖြစ်နိုင်သည်။
Amílcar Cabral ၏အမှုတွင် ဘုတ်အဖွဲ့၏ လှုံ့ဆော်မှုကြောင့် Meta သည် ထိုသူကို အမည်တပ်ထားသော အကြောင်းအရာများကို မှားယွင်းဖယ်ရှားမှုများ မဖြစ်စေရန် ၎င်း၏ စည်းကမ်းတင်းကျပ်မှု လုပ်ငန်းစဉ်ကို ပြင်ဆင်ခဲ့ပြီး အဆိုပါ လုပ်ငန်းစဉ်သည် ပလက်ဖောင်းအားလုံး၌ ဤတစ်ခုနှင့် အလားတူသောပို့စ်တိုင်းတွင် သက်ရောက်ပါမည်။
ဆုံးဖြတ်ချက်
အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို Meta သတိပြုမိစေရန် တင်ပြပြီးသည်နှင့် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။
العودة إلى قرارات الحالة والآراء الاستشارية المتعلقة بالسياسة