Overturned

ကိုရီးယား နိုင်ငံရေးကဗျာ

Lee Dong Soon ရေးသားသော "ဗိုလ်ချုပ် Hong Beom-Do ၏ အော်ဟစ်ငိုကြွေးသံ" ဟုခေါ်သော ကိုရီးယားကဗျာတစ်ပုဒ်၏ Facebook ပေါ်မှ ဓာတ်ပုံတစ်ပုံကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြပြီးနောက်တွင် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။

Type of Decision

Summary

Policies and Topics

Topic
Art / Writing / Poetry, Freedom of expression, Politics
Community Standard
Hate speech

Region/Countries

Location
ဂျပန်, တောင်ကိုရီးယား

Platform

Platform
Facebook

ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည် အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက်တွင် Meta က အကြောင်းအရာအစိတ်အပိုင်း တစ်ခုအပေါ် ၎င်း၏မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများကို ဆန်းစစ်လေ့လာထားပြီး Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များကို ထည့်သွင်းဖော်ပြထားသည်။ ၎င်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးထက် ဘုတ်အဖွဲ့ဝင်များပါသော အဖွဲ့တစ်ဖွဲ့က အတည်ပြုထားပြီး လူထုသဘောထားမှတ်ချက်များနှင့် မသက်ဆိုင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသည့် စံတန်ဖိုးမျိုး မရှိပါ။ Meta က ၎င်း၏ စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ရှာဖွေဖော်ထုတ်နေစဉ် အကျဉ်းချုပ် ဆုံးဖြတ်ချက်များသည် Meta ၏ ဆုံးဖြတ်ချက်များတွင် တိုက်ရိုက်အပြောင်းအလဲများ ဖြစ်စေပြီး ယင်းပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးသည်။

အမှုအနှစ်ချုပ်

Lee Dong Soon ရေးသားသော "ဗိုလ်ချုပ် Hong Beom-Do ၏ အော်ဟစ်ငိုကြွေးသံ" ဟုခေါ်သော ကိုရီးယားကဗျာတစ်ပုဒ်၏ Facebook ပေါ်မှ ဓာတ်ပုံတစ်ပုံကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြပြီးနောက်တွင် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။

အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် Facebook အသုံးပြုသူတစ်ဦးသည် ဗိုလ်ချုပ်ရုပ်တုအား အာဏာပိုင်များ၏ နေရာပြောင်းရွှေ့ရန် ကြိုးပမ်းမှုအပေါ် ဝေဖန်ပြောဆိုထားသော Lee Dong Soon ၏ "ဗိုလ်ချုပ် Hong Beom-Do ၏ အော်ဟစ်ငိုကြွေးသံ" အမည်ရှိ ကိုရီးယားကဗျာတစ်ပုဒ်၏ပုံကို ပို့စ်တင်ခဲ့သည်။ ထိုကဗျာသည် သူ့ရုပ်တုကို ပြောင်းရွှေ့ရန် ကြံရွယ်မှုအပေါ် Hong Beom-Do ၏ ခံစားချက်ကို အနုပညာဆန်စွာ ဖော်ပြပြီး ၎င်းတွင် "ဂျပန်လူမျိုး" ဟု တိုက်ရိုက်ဘာသာပြန်နိုင်သော "wae-nom" (왜놈) ဟူသည့် ဝေါဟာရလည်း ပါဝင်သည်။ သို့သော် ကိုရီးယားကို ဂျပန်တို့ သိမ်းပိုက်ထားစဉ်အချိန်က ဂျပန်ကျူးကျော်သူများကို ရည်ညွှန်းရန် ယေဘုယျအသုံးအနှုန်းအဖြစ် ထိုဝေါဟာရကို ကိုရီးယားလူမျိုးများက သမိုင်းအစဉ်အဆက်တစ်လျှောက် အသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ပေါင်းများစွာတိုင်အောင် ၎င်းကို "ဂျပန်လူယုတ်မာများ" သို့မဟုတ် လူဆိုးများဟု အဓိပ္ပာယ်ရသော စိတ်အနှောင့်အယှက်ဖြစ်စရာ ယုတ်ညံ့သည့် အသုံးအနှုန်းအဖြစ် မကြာခဏအသုံးပြုခဲ့သည်။ ပို့စ်ကို အကြိမ် ၅၀၀ အောက် ကြည့်ရှုခဲ့ကြသည်။

ဂျပန်လက်အောက်ခံဒေသဖြစ်နေစဉ် ၂၀ ရာစုအစောပိုင်းက ကိုရီးယားနိုင်ငံတွင် Hong Beom-Do သည် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူသည် ဂျပန်စစ်တပ်ကို တိုက်ခိုက်ရာတွင် ထင်ရှားသော အောင်မြင်မှုများစွာ ရရှိခဲ့သည့် ကိုရီးယား လွတ်လပ်ရေး တပ်မတော်ကို ဦးဆောင်ခဲ့သည့် တက်ကြွလှုပ်ရှားသူနှင့် ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ ဆိုဗီယက်ကွန်မြူနစ် တပ်ဖွဲ့များနှင့် သူ၏ ယခင်က ပတ်သက်မှုကြောင့် ဗိုလ်ချုပ်၏ရုပ်တုကို ကိုရီးယားစစ်တက္ကသိုလ်မှ နေရာပြောင်းရွှေ့ရန် ကြံရွယ်မှုနှင့် ပတ်သက်၍ နိုင်ငံရေးသမားများအကြား အယူဝါဒဆိုင်ရာ ပဋိပက္ခများ ပြင်းထန်နေချိန်ကာလတွင် အသုံးပြုသူက ဤအကြောင်းအရာကို တင်ခဲ့သည်။ ဗိုလ်ချုပ်၏ရုပ်တုကို နေရာပြောင်းရွှေ့ခြင်းအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ရှင်းပြသော အကြောင်းပြချက်သည် လူထု၏ဆန့်ကျင်တုံ့ပြန်မှုကို သိသိသာသာ ရင်ဆိုင်ခဲ့ရသည်။

Lee Dong Soon သည် အဆိုပါကဗျာကို Facebook တွင် တင်ခဲ့သော်လည်း Meta က ၎င်း၏အမုန်းစကားမူဝါဒကို ချိုးဖောက်သည်ဟုဆိုကာ ထိုကဗျာကို ဖယ်ရှားခဲ့သောကြောင့် အငြင်းပွားမှုကို ဖြစ်ပေါ်စေခဲ့သည်။ ကဗျာကို ဖြုတ်ချပြီးနောက် အသုံးပြုသူများက ထိုကဗျာကို Facebook တွင် ပိုမိုတွင်ကျယ်စွာ မျှဝေရန် လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည်။

ကနဦးတွင် Meta သည် "နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်(များ) ကို [အခြေခံ၍] လူတစ်ဦး သို့မဟုတ် လူတစ်စုအား ဆဲရေးတိုင်းထွာခြင်း[ဖြင့်]" ပစ်မှတ်ထားသည့် အကြောင်းအရာအတွက် ၎င်း၏ အမုန်းစကား လူမှုစံနှုန်းအရ အသုံးပြုသူ၏ပို့စ်ကို Facebook မှ ဖယ်ရှားခဲ့သည်။ မူဝါဒတွင် ဆဲရေးတိုင်းထွာခြင်းကို "စော်ကားလိုသော ရည်ရွယ်ချက်ရှိသည့် ... ညစ်ညမ်းသော အသုံးအနှုန်းများ သို့မဟုတ် စကားစုများ" အဖြစ် သတ်မှတ်သည်။

ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ကုမ္ပဏီက ဤကဗျာထဲရှိ "wae-nom" ဟူသော စကားလုံးသည် ဆဲရေးတိုင်းထွာသည့် စကားလုံးအဖြစ် အသုံးပြုခြင်းမဟုတ်ဘဲ ဂျပန်စစ်သားများအား ကျူးကျော်သူများအဖြစ် ဖော်ပြခြင်းဟု ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် အကြောင်းအရာသည် အမုန်းစကား လူမှုစံနှုန်းကို မချိုးဖောက်ဘဲ ၎င်း၏ ဖယ်ရှားမှုမှာ မှားယွင်းခဲ့သည်။ ထို့နောက် ကုမ္ပဏီသည် အကြောင်းအရာကို Facebook တွင် ပြန်ထည့်သွင်းလိုက်သည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူမှ အယူခံဝင်ပြီးနောက်တွင် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်သည့် လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram အသုံးပြုသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပါသည်။

အမှု၏ အရေးပါမှု

ဤအမှုသည် အထူးသဖြင့် အနုပညာဆိုင်ရာ ထုတ်ဖော်ပြသမှုနှင့် သမိုင်းဆိုင်ရာ ကိုးကားမှုများကို ကိုင်တွယ်သည့်အခါ Meta က ၎င်း၏ အမုန်းစကားမူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို သာဓကပြသည်။

ဤအမှုတွင် ယခင်ဆုံးဖြတ်ချက်တစ်ခုဖြစ်သည့် ရုရှားကဗျာအမှုနှင့် တူညီသည့် အချက်များ ရှိပါသည်။ အဆိုပါအမှုတွင် ရုရှားလူမျိုးများကို စော်ကားပြီး ယူကရိန်းကို ကျူးကျော်သည့် ရုရှားစစ်တပ်အား နာဇီနှင့် ခိုင်းနှိုင်းခဲ့သည့် ပို့စ်တစ်ခုကို ၎င်း၏ အမုန်းစကား မူဝါဒအရ ဖယ်ရှားရန် Meta၏ ကနဦးဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချခဲ့သည်။ ဤဆုံးဖြတ်ချက်တွင် အကြောင်းအရာပမာဏ မြောက်မြားစွာကို စိစစ်နေစဉ် ရုရှားက ယူကရိန်းကို ကျူးကျော်သည့် ဆက်စပ်အခြေအနေကို ထည့်သွင်းစဉ်းစားမှုမပြုခြင်းသည် အများပြည်သူအတွက် အကျိုးဖြစ်စေသည့် ကိစ္စရပ်များပေါ် သဘောထားအမြင်များကို အသုံးပြုသူများ၏ ထုတ်ဖော်ပြောဆိုခွင့်အား တားဆီးခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုခဲ့သည်။ ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာ နားလည်မှုလွဲခြင်း ပြဿနာများသည် Meta ၏ မူဝါဒများကို မှားယွင်းစွာ စည်းကမ်းထိန်းသိမ်းခြင်း ဖြစ်စေနိုင်ကြောင််း အာရဗီစကားလုံးများကို သင့်တော်အောင် ပြန်လည်ပြင်ဆင်အသုံးပြုခြင်းနှင့် အလ္လာအရှင်မြတ်၏ ကျေးဇူးတော်ကြောင့်ပါ ဆုံးဖြတ်ချက်များကဲ့သို့ အမှုများစွာတွင်လည်း ဘုတ်အဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။

ယဉ်ကျေးမှုဆိုင်ရာ ဆက်စပ်အခြေအနေကို ထောက်ဆ၍ Meta ၏ အမုန်းစကား မူဝါဒအရ စည်းကမ်းထိန်းသိမ်းမှုကို တိုးတက်အောင်လုပ်ရန် အကြံပြုချက်များကို ဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယခင်ဆုံးဖြတ်ချက်တစ်ခုတွင် "လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်းနှင့် အနုပညာဆိုင်ရာ ထုတ်ဖော်ပြသမှု (ဥပမာ- ဝေဖန်ရှုတ်ချခြင်း၊ လူများပိုမိုသတိပြုမိစေရန် အသိပညာပေးမြှင့်တင်ခြင်း) ကို အကျုံးဝင်စေသည့် အမုန်းစကားမူဝါဒအရ ခွင့်ပြုချက်များကို ဦးစားပေးသည့် တိကျမှန်ကန်မှု အကဲဖြတ်ချက်များကို ဆောင်ရွက်ရန်" ဘုတ်အဖွဲ့က Meta ကို ‌တောင်းဆိုခဲ့သည် (Wampum ခါးပတ်၊ အကြံပြုချက် နံပါတ် ၃)။ Meta က ဤအကြံပြုချက်ကို အကောင်အထည်ဖော်ထားကြောင်း အချက်အလက်များ ထုတ်ပြန်၍ အထင်အရှား သက်သေပြခဲ့သည်။

ဤအကြံပြုချက်များကို အပြည့်အဝအကောင်အထည်ဖော်လျှင် အမုန်းစကား မူဝါဒအရ စည်းကမ်းထိန်းသိမ်းမှု အမှားများ၏ အရေအတွက်ကို လျော့ကျစေနိုင်သည်ဟု ဘုတ်အဖွဲ့က ယုံကြည်သည်။ ဤအမှားများသည် မသိမသာကွဲပြားချက်၊ ဆက်စပ်အခြေအနေနှင့် ယဉ်ကျေးမှုအလိုက် သီးခြားဘာသာစကားဆိုင်ရာ ဆန်းစစ်လေ့လာမှုများ မရှိခြင်းနှင့် ဆက်စပ်လေ့ရှိသည်။

ဆုံးဖြတ်ချက်

အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို Meta သတိပြုမိစေရန် တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။

Return to Case Decisions and Policy Advisory Opinions