Décision sur plusieurs affaires
ဂရိနိုင်ငံရှိ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲများ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု
28 mars 2024
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ဂရိနိုင်ငံ၏ ၂၀၂၃ ခုနှစ် ဇွန်လ အထွေထွေရွေးကောက်ပွဲ ကာလဝန်းကျင်က မျှဝေထားသည့် Facebook ပို့စ်နှစ်ခုစလုံးကို အတူတကွ စိစစ်သုံးသပ်ခဲ့သည်။ ကုမ္ပဏီ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို ချိုးဖောက်သည့်အတွက် အမှုနှစ်ခုစလုံးတွင် အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များကို ဘုတ်အဖွဲ့က မူလအတိုင်း လက်ခံဆုံးဖြတ်ခဲ့သည်။
2 cas inclus dans ce lot
FB-368KE54E
Facebook ပေါ်က အန္တရာယ်ရှိသော လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ
FB-3SNBY3Q2
Facebook ပေါ်က အန္တရာယ်ရှိသော လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ
ဤဆုံးဖြတ်ချက်ကို ဂရိဘာသာဖြင့် ဖတ်ရန် ဤနေရာတွင် နှိပ်ပါ။
Για να διαβάσετε αυτήν την απόφαση στα ελληνικά, κάντε κλικ εδώ.
အနှစ်ချုပ်
ဂရိနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဇွန်လ အထွေထွေရွေးကောက်ပွဲ ကာလဝန်းကျင်အတွင်း တင်ခဲ့သည့် Facebook အကြောင်းအရာနှင့်ပတ်သက်သော အမှုနှစ်ခုကို စိစစ်သုံးသပ်ရာတွင် ဘုတ်အဖွဲ့သည် ပို့စ်နှစ်ခုလုံးအား Meta ၏ ဖယ်ရှားမှုကို မူလအတိုင်း လက်ခံဆုံးဖြတ်ခဲ့သည်။ ကုမ္ပဏီ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို ချိုးဖောက်သည့်အတွက် နှစ်ခုလုံးကို ဖယ်ရှားခဲ့သည်။ ပထမအမှုတွင် တရားဝင်ကိုယ်စားလှယ်လောင်းက သူ၏သဘောထားနှင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ခံထားရပြီး အမုန်းတရားဖြန့်ဝေခြင်းကြောင့် လူထုပြစ်တင်ဝေဖန်မှုခံရသူတစ်ဦး၏ သဘောထားတို့ ထပ်တူထပ်မျှရှိကြောင်း ဖော်ပြချက်ပါသည့် ရွေးကောက်ပွဲ လက်ကမ်းစာစောင်တစ်ခု ပါဝင်ခဲ့ပြီး ဒုတိယအမှုတွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အမုန်းတရားဖြန့်ဝေသည့် အဖွဲ့အစည်းတစ်ခု၏ အမှတ်တံဆိပ်ပုံကို မျှဝေထားသည်။ ဤဖယ်ရှားမှုများသည် Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ကိုက်ညီမှုရှိသည်ဟု ဘုတ်အဖွဲ့ဝင်အများစုက ယူဆသည်။ သို့သော် အဆိုပါအကြောင်းအရာများကို ရွေးကောက်ပွဲကာလများအတွင်း "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" အခြေအနေတွင် မျှဝေခွင့်ပြုသည့် မူဝါဒခြွင်းချက်၏ အတိုင်းအတာကို ရှင်းလင်းဖော်ပြပေးရန် ဘုတ်အဖွဲ့က Meta ကို အကြံပြုသည်။
အမှုများအကြောင်း
ဤအမှုနှစ်ခုတွင် ဂရိနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဇွန်လ အထွေထွေရွေးကောက်ပွဲ ကာလဝန်းကျင်အတွင်း မတူညီသော အသုံးပြုသူများက Facebook တွင် တင်ခဲ့သော အကြောင်းအရာများ ပါဝင်သည်။
ပထမအမှုတွင် ဂရိနိုင်ငံရှိ စပါတန်ပါတီ (Spartans) အတွက် ကိုယ်စားလှယ်လောင်းတစ်ဦးက သူ၏ ရွေးကောက်ပွဲလက်ကမ်းစာစောင် ပုံတစ်ပုံကို တင်ခဲ့သည်။ ပုံပေါ်တွင် မစ္စတာ Ilias Kasidiaris က စပါတန်ပါတီ (Spartans) ကို ထောက်ခံကြောင်း ဖော်ပြချက် ပါရှိပြီး အဆိုပါပုဂ္ဂိုလ်သည် ရွှေရောင်အရုဏ်ဦးပါတီ (Golden Dawn) ၏ ရာဇဝတ်မှုမြောက်သော လှုပ်ရှားမှုများနှင့် အမုန်းတရားအခြေပြုရာဇဝတ်မှုများကို စီမံညွှန်ကြားခြင်းကြောင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသည့် ဂရိနိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် ပါတီကို ရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် မကြေညာမီကတည်းက မစ္စတာ Kasidiaris နှင့် လက်ယာစွန်း ရွှေရောင်အရုဏ်ဦးပါတီ (Golden Dawn)၏ အခြားအဖွဲ့ဝင်များသည် ဂရိနိုင်ငံရှိ ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များနှင့် အခြားလူနည်းစုအုပ်စုများကို နှိပ်ကွပ်နေခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် စီရင်ချက်ချမှတ်မခံရမီ မစ္စတာ Kasidiaris သည် ဂရိအမျိုးသားပါတီ (National Party – Greeks) ဟု ခေါ်သော နိုင်ငံရေးပါတီအသစ်ကို တည်ထောင်ခဲ့သည်။ ၂၀၂၃ ခုနှစ် မေလနှောင်းပိုင်းတွင် ဂရိတရားရုံးချုပ်သည် ဂရိအမျိုးသားပါတီ (National Party – Greeks) ကို ၂၀၂၃ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမှ ပိတ်ပင်ခဲ့သည်။ အကြောင်းမှာ ဂရိဥပဒေအရ စီရင်ချက်ချခံထားရသော ခေါင်းဆောင်များရှိသည့် ပါတီများကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမှ တားမြစ်ထားသောကြောင့် ဖြစ်ပါသည်။ အမုန်းစကားဖြန့်ဝေခြင်းကြောင့် မစ္စတာ Kasidiaris ကို ၂၀၁၃ ခုနှစ်ကတည်းက Facebook မှ တားမြစ်ထားသော်လည်း သူသည် ထောင်ထဲတွင် အခြားလူမှုကွန်ရက် ပလက်ဖောင်းများကို အသုံးပြုသည်။ ဤနည်းဖြင့် သူသည် ဇွန်လရွေးကောက်ပွဲမတိုင်မီ ရက်သတ္တပတ်အနည်းငယ်ခန့်အလိုတွင် စပါတန်ပါတီ (Spartans) ကို ထောက်ခံကြောင်း ကြေညာခဲ့သည်။ နေရာ ၁၂ နေရာ အနိုင်ရခဲ့သော စပါတန်ပါတီ (Spartans) သည် ၎င်းတို့ပါတီအောင်မြင်မှုရရှိရန် တွန်းပို့ရာတွင် မစ္စတာ Kasidiaris က တစ်တပ်တစ်အား ပါဝင်ကူညီခဲ့ကြောင်း အသိအမှတ်ပြုခဲ့သည်။
ဒုတိယအမှုတွင် နောက်ထပ် Facebook အသုံးပြုသူတစ်ဦးသည် ဂရိအမျိုးသားပါတီ (National Party – Greeks) ၏ အမှတ်တံဆိပ်ပုံကို တင်ခဲ့ပြီး ၎င်းတွင် "စပါတန်ပါတီ (Spartans)" အတွက် ဂရိစကားလုံးလည်း ပါဝင်သည်။
ရွှေရောင်အရုဏ်ဦးပါတီ (Golden Dawn)၊ ဂရိအမျိုးသားပါတီ (National Party – Greeks) နှင့် မစ္စတာ Kasidiaris တို့သည် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအောက်တွင် အဆင့် ၁ အမုန်းတရားဖြန့်ဝေသည့် အဖွဲ့အစည်းများနှင့် အဆင့် ၁ အမုန်းတရားဖြန့်ဝေခြင်းကြောင့် လူထုပြစ်တင်ဝေဖန်မှုကို ခံရသူတစ်ဦးအဖြစ် အသီးသီး သတ်မှတ်ခံထားရသည်။
ပို့စ်နှစ်ခုလုံးကို Meta သို့ တိုင်ကြားခဲ့သည်။ ကုမ္ပဏီက ပို့စ်နှစ်ခုလုံးသည် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ခဲ့ကြောင်း သီးခြားစီဆုံးဖြတ်ခဲ့ပြီး အကြောင်းအရာများကို ဖယ်ရှားကာ အကောင့်နှစ်ခုလုံးတွင် ပြင်းထန်သော သတိပေးချက်နှင့် ရက် ၃၀ ကန့်သတ်ချက်ကို သက်ရောက်စေခဲ့သည်။ အကြောင်းအရာများကို တင်ခဲ့သည့် မတူညီသော Facebook အသုံးပြုသူနှစ်ဦးသည် Meta ထံ အယူခံဝင်ခဲ့သော်လည်း ကုမ္ပဏီသည် ၎င်းကို ချိုးဖောက်သည်ဟု ထပ်မံတွေ့ရှိခဲ့သည်။ ထို့နောက် အသုံးပြုသူနှစ်ဦးလုံးသည် ဘုတ်အဖွဲ့ထံ သီးခြားစီ အယူခံဝင်ခဲ့သည်။
အဓိက တွေ့ရှိချက်များ
ပထမအမှု
အသုံးပြုသူသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုအား "ချီးကျူးခြင်း" ကို တားမြစ်သည့် စည်းမျဉ်းကို ချိုးဖောက်ခဲ့သောကြောင့် ပို့စ်သည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒ (၂၀၂၃ ခုနှစ် ဇွန်လတွင် ရေးသားထားသည့်အတိုင်း) ကို ချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့ဝင်အများစုက တွေ့ရှိသည်။ အမုန်းတရားဖြန့်ဝေခြင်းကြောင့် လူထုပြစ်တင်ဝေဖန်မှုကို ခံရသူတစ်ဦးဖြစ်သလို Meta က အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော မစ္စတာ Kasidiaris နှင့် "သဘောထားချင်း တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်း" ဖော်ပြခြင်းဖြင့် အသုံးပြုသူက စည်းမျဉ်းကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။ ဤစည်းမျဉ်းတွင် သဘောထား တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှုကို ထုတ်ဖော်ပြခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြည့်စုံသော ဥပမာတစ်ခု ထည့်သွင်းထားသဖြင့် ၎င်းသည် အသုံးပြုသူများနှင့် အကြောင်းအရာ စိစစ်သူများအတွက် အတော်အတန် နားလည်လွယ်စေပါလိမ့်မည်။ နောက်ဆုံးမူဝါဒပြင်ဆင်မှု ပြုလုပ်ပြီးနောက်တွင်ပင် ဤပို့စ်သည် မစ္စတာ Kasidiaris အား "အကောင်းဘက်မှ ရည်ညွှန်းခြင်း" တားမြစ်ချက်အောက်တွင် အကျုံးဝင်ဆဲ ဖြစ်ပါမည်။
ထို့အပြင် ဤပို့စ်ကို ဖယ်ရှားခြင်းသည် ဤထောက်ခံချက်အကြောင်း အများပြည်သူ သိရှိပိုင်ခွင့်အပေါ် မထိပါးခဲ့ကြောင်း ဘုတ်အဖွဲ့ဝင်အများစုက မှတ်ချက်ပြုသည်။ အများပြည်သူအနေဖြင့် မစ္စတာ Kasidiaris က စပါတန်ပါတီ (Spartans) ကို ထောက်ခံကြောင်း ဖော်ပြချက်ကို သိရှိရန် ပြည်တွင်းနှင့် ဒေသတွင်း မီဒီယာအပါအဝင် အခြားအခွင့်အရေးများစွာ ရှိခဲ့သည်။
သို့သော် တရားဝင်ကိုယ်စားလှယ်လောင်းက အပြန်အလှန်ထောက်ခံခြင်းမရှိဘဲ မစ္စတာ Kasidiaris ဘက်ကသာ တရားဝင်ကိုယ်စားလှယ်လောင်းကို ထောက်ခံခဲ့သောကြောင့် သဘောထား တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှုကို ထုတ်ဖော်ပြခြင်းဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်ခြင်းသည် တိုက်ရိုက်မသိသာခဲ့ကြောင်း ဘုတ်အဖွဲ့ဝင်အနည်းစုက တွေ့ရှိသည်။ မဲဆန္ဒရှင်များက ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် တတ်နိုင်သမျှ အချက်အလက်အပြည့်အစုံကို ရရှိနိုင်စေရန်အတွက် ဤအကြောင်းအရာကို Facebook ပေါ်တွင် ဆက်ထားရန် "သတင်းဖြစ်လောက်သည့် အကြောင်းအရာ" အတွက် ခြွင်းချက်ကို ကျင့်သုံးသင့်သည်ဟုလည်း ဤဘုတ်အဖွဲ့ဝင်များက ယုံကြည်သည်။
ဒုတိယအမှု
ရုပ်ပုံသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဂရိအမျိုးသားပါတီ (National Party – Greeks) ၏ သင်္ကေတတစ်ခုကို မျှဝေခဲ့သောကြောင့် ၎င်းသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို ချိုးဖောက်ခဲ့၍ ၎င်းကို ဖယ်ရှားသင့်ကြောင်း ဘုတ်အဖွဲ့ဝင်အများစုက တွေ့ရှိသည်။ "အစီရင်ခံခြင်း၊ ကြားနေသဘောဖြင့် ဆွေးနွေးခြင်း သို့မဟုတ် ဝေဖန်ရှုတ်ချခြင်း" ခြွင်းချက်များကို ကျင့်သုံးနိုင်ရန် အသုံးပြုသူက ဆက်စပ်စဉ်းစားရမည့် အခြေအနေကို ဖော်ပြမပေးခဲ့ပါ။
သို့သော် အခြားချိုးဖောက်မှုများ သို့မဟုတ် အန္တရာယ်ရှိသော အကြောင်းအရာနှင့်ဆိုင်သည့် ဆက်စပ်စဉ်းစားရမည့် အခြေအနေ မရှိသည့်အခါ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုနှင့်ပတ်သက်သည့် အမှတ်တံဆိပ်ပုံများ မျှဝေခြင်းကို ခွင့်ပြုသင့်ကြောင်း ယူဆကြသည့် ဘုတ်အဖွဲ့ဝင်အနည်းစုလည်း ရှိပါသည်။
ယေဘုယျ စိုးရိမ်ပူပန်မှုများ
ဘုတ်အဖွဲ့၏ အမြင်တွင် ရွေးကောက်ပွဲများအတွင်း အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့်ပတ်သက်၍ "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" အတွက် မူဝါဒခြွင်းချက်ကို အများပြည်သူ ပိုမိုနားလည်လွယ်အောင် ရှင်းပြရန် လိုအပ်ပေသည်။ အမုန်းတရားဖြန့်ဝေသည့် အဖွဲ့အစည်းများကို Meta က အန္တရာယ်ရှိသည်ဟု ရွေးချယ်သတ်မှတ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် သဘောထားချင်း တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်း ဖော်ပြခွင့်ပြုထားသည် သို့မဟုတ် မည်သည့်သင်္ကေတများကို မျှဝေခွင့်ပြုထားသည်ကို အသုံးပြုသူများအတွက် နားလည်ရန် ခက်ခဲသည့်အပေါ်လည်း ဘုတ်အဖွဲ့က ဆက်လက်စိုးရိမ်လျက်ရှိသည်။
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ပို့စ်နှစ်ခုလုံးကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များကို ကြီးကြပ်ရေးဘုတ်အဖွဲ့က မူလအတိုင်း လက်ခံဆုံးဖြတ်ခဲ့သည်။
ဘုတ်အဖွဲ့က Meta အနေဖြင့် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-
- "အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ သို့မဟုတ် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ အစီရင်ခံသော၊ ကြားနေသဘောဖြင့် ဆွေးနွေးသော သို့မဟုတ် ဝေဖန်ရှုတ်ချသော" အကြောင်းအရာကို "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" အခြေအနေတွင် မျှဝေခွင့်ပြုသည့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်း၏ ခြွင်းချက်အတိုင်းအတာကို ရှင်းလင်းဖော်ပြပေးပါ။ အထူးသဖြင့် Meta သည် ဤခြွင်းချက်က ရွေးကောက်ပွဲနှင့်ဆက်စပ်သော အကြောင်းအရာများအပေါ် သက်ရောက်ပုံကို ရှင်းလင်းဖော်ပြသင့်သည်။
*အမှုအနှစ်ချုပ်များတွင် အမှုများအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။
အမှုဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ဂရိနိုင်ငံရှိ ၂၀၂၃ ခုနှစ် ဇွန်လ အထွေထွေရွေးကောက်ပွဲနှင့်ဆိုင်သော Facebook ပို့စ်နှစ်ခုကို အတူတကွ စိစစ်သုံးသပ်ခဲ့သည်။ ပထမအမှုသည် ဂရိရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း၏ ပို့စ်နှင့်ပတ်သက်ပြီး ၎င်းတွင် သူ၏ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအကြောင်း အသေးစိတ်အချက်အလက်များနှင့် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းအောက်တွင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ခံထားရပြီး အမုန်းတရားဖြန့်ဝေခြင်းကြောင့် လူထုပြစ်တင်ဝေဖန်မှုကို ခံရသူဖြစ်သော နိုင်ငံရေးသမားတစ်ဦး၏ ထောက်ခံချက်ကို အသားပေးဖော်ပြထားသည့် သူ၏ ရွေးကောက်ပွဲ လက်ကမ်းစာစောင် ပုံတစ်ပုံကို မျှဝေခဲ့သည်။ ဒုတိယအမှုသည် ရုပ်ပုံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂရိဘာသာဖြင့် ဖော်ပြထားသော "စပါတန်ပါတီ (Spartans) " ဟူသောစကားလုံးနှင့်အတူ အန္တရာယ်ရှိသည်ဟု သတ်မှတ်ခံထားရသော အဖွဲ့အစည်းဖြစ်သည့် ဂရိအမျိုးသားပါတီ (National Party – Greeks) ဟူသော ဂရိပါတီတစ်ခု၏ အမှတ်တံဆိပ်ပုံကို မျှဝေထားသည့် ပို့စ်တစ်ခုနှင့် သက်ဆိုင်သည်။ Meta သည် ပို့စ်နှစ်ခုလုံးကို Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းအား ချိုးဖောက်သည့်အတွက် ဖယ်ရှားခဲ့ပါသည်။
ဤဖယ်ရှားမှုများသည် Meta ၏ မူဝါဒများ၊ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ကိုက်ညီခဲ့ကြောင်း ဘုတ်အဖွဲ့ဝင်အများစုက တွေ့ရှိကာ အမှုနှစ်ခုလုံးတွင် အကြောင်းအရာများကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များကို မူလအတိုင်း လက်ခံဆုံးဖြတ်သည်။ ဘုတ်အဖွဲ့က Meta အား ရွေးကောက်ပွဲများတွင် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းအတွက် "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" ခြွင်းချက်အသစ်၏ အတိုင်းအတာကို ရှင်းလင်းဖော်ပြပေးရန် အကြံပြုသည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
ဤအမှုများသည် မေလ၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မည်သည့်ပါတီကမျှ မဲအသာဖြင့် အနိုင်ရရှိရန် မစွမ်းဆောင်နိုင်ခဲ့သောကြောင့် ထိုတစ်နှစ်တည်းတွင် နိုင်ငံ၌ ဒုတိယအကြိမ်အဖြစ် ပြန်လည်ကျင်းပသည့် ၂၀၂၃ ခုနှစ် ဇွန်လ အထွေထွေရွေးကောက်ပွဲကာလဝန်းကျင်အတွင်း ဂရိနိုင်ငံရှိ မတူညီသည့် အသုံးပြုသူများက Facebook တွင် တင်ခဲ့သော အကြောင်းအရာများနှင့် ပတ်သက်သည်။
ပထမအမှုတွင် ဂရိနိုင်ငံရှိ စပါတန်ပါတီ (Spartans) အတွက် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ခဲ့သည့် Facebook အသုံးပြုသူတစ်ဦးက သူ၏ ကြိုတင်ပြင်ဆင်မှုများနှင့် ပြည်သူလူထုနှင့် ထိတွေ့မှုအပါအဝင် ရွေးကောက်ပွဲမတိုင်မီ သူ၏မဲဆွယ်စည်းရုံးမှု တိုးတက်မှုအခြေအနေကို ဖော်ပြထားသော ဂရိဘာသာဖြင့် စာတန်းတစ်ခုနှင့်အတူ သူ့ဓာတ်ပုံနှင့် အမည်ပါသော သူ၏ ရွေးကောက်ပွဲ လက်ကမ်းစာစောင် ပုံတစ်ပုံကို တင်ခဲ့သည်။ ထိုလက်ကမ်းစာစောင်တွင် မစ္စတာ Ilias Kasidiaris က စပါတန်ပါတီ (Spartans) ကို ထောက်ခံသည်ဟူသော ဖော်ပြချက်တစ်ခု ပါဝင်ခဲ့သည်။
ဂရိနိုင်ငံရေးသမားတစ်ဦးဖြစ်သည့် မစ္စတာ Kasidiaris သည် ရွှေရောင်အရုဏ်ဦးပါတီ (Golden Dawn) ၏ လှုပ်ရှားဆောင်ရွက်မှုများကို စီမံညွှန်ကြားခြင်းကြောင့် ထောက်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရသည်။ ဂရိရက်ပ်အဆိုတော်တစ်ဦးအား သတ်ဖြတ်ခြင်းအပါအဝင် အမုန်းတရားအခြေပြု ရာဇဝတ်မှုများအတွက် တာဝန်ရှိသောကြောင့် ရွှေရောင်အရုဏ်ဦးပါတီ (Golden Dawn) ကို ၂၀၂၀ ပြည့်နှစ်တွင် ရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် ကြေညာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ရွှေရောင်အရုဏ်ဦးပါတီ (Golden Dawn) ၏ အဖွဲ့ဝင်နှစ်ဦးသည် ပါကစ္စတန် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား သတ်ဖြတ်မှုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ မစ္စတာ Kasidiaris နှင့် ရွှေရောင်အရုဏ်ဦးပါတီ (Golden Dawn) ၏ အခြားသောအဖွဲ့ဝင်များသည် ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များ၊ အခြားလူနည်းစုနှင့် ထိခိုက်လွယ်သော လူအုပ်စုများအား ဖိနှိပ်ရာတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ရွှေရောင်အရုဏ်ဦးပါတီ (Golden Dawn) လူထုစည်းဝေးပွဲတစ်ခုအတွင်း မစ္စတာ Kasidiaris က ရောမလူမှုအဖွဲ့အစည်းအား "လူ့အမှိုက်" ဟု ခေါ်ခဲ့ပြီး သူ၏ထောက်ခံသူများအား "မင်းတို့ရဲ့နယ်မြေကို သန့်ရှင်းစေချင်ရင် [...] ကို ချေမှုန်းတိုက်ခိုက်ကြ" ဟု တိုက်တွန်းပြောဆိုခဲ့သည် (လူထုသဘောထားမှတ်ချက်များ၊ ဥပမာ- ACTROM - ရောမအတွက် ရောမလူမှုအဖွဲ့အစည်း၏ အရေးယူဆောင်ရွက်ချက် အစီအစဉ်မှ PC-၂၀၀၀၈ ကို ကြည့်ပါ)။
၂၀၂၀ ပြည့်နှစ်တွင် ပြစ်ဒဏ်ချမှတ်မခံရမီ မစ္စတာ Kasidiaris သည် ဂရိအမျိုးသားပါတီ (National Party – Greeks) ဟု ခေါ်သော နိုင်ငံရေးပါတီအသစ်ကို တည်ထောင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်တွင် ဂရိတရားရုံးချုပ်သည် ပြစ်ဒဏ်ချမှတ်ခံထားရသော ခေါင်းဆောင်များရှိသည့် ပါတီများကို ရွေးကောက်ပွဲများတွင် ပါဝင်ခြင်းမှ တားမြစ်သည့် မကြာသေးမီက လက်ခံကျင့်သုံးခဲ့သော ဂရိဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များအရ ဂရိအမျိုးသားပါတီ (National Party – Greeks) အား၂၀၂၃ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှ ပိတ်ပင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လ ရွေးကောက်ပွဲများ မတိုင်မီ မစ္စတာ Kasidiaris သည် အကျဉ်းထောင်ထဲမှနေ၍ သူ၏လူမှုကွန်ရက် အကောင့်များကို အသုံးပြု၍ စပါတန်ပါတီ (Spartans) ကို ထောက်ခံကြောင်း ကြေညာခဲ့သည်ဟု နိုင်ငံတကာနှင့် ဒေသတွင်း မီဒီယာသတင်းဌာနများစွာက အစီရင်ခံခဲ့ကြသည်။ အမုန်းစကားကြောင့် ၂၀၁၃ ခုနှစ်တွင် Facebook မှ တားမြစ်ခံခဲ့ရသည့် မစ္စတာ Kasidiaris သည် ယခုအခါ အခြားလူမှုကွန်ရက် ပလက်ဖောင်းများကို အဓိကအသုံးပြုသည်။
ဒုတိယအမှုတွင် အခြား Facebook အသုံးပြုသူတစ်ဦးသည် ဂရိအမျိုးသားပါတီ (National Party – Greeks) ၏ အမှတ်တံဆိပ်ပုံကို တင်ခဲ့ပြီး ယင်းတွင် "စပါတန်ပါတီ (Spartans)" ဟု ဘာသာပြန်အဓိပ္ပာယ်ရသည့် ဂရိစကားလုံးလည်း ပါဝင်သည်။
စပါတန်ပါတီ (Spartans) ကို Vasilis Stigkas က ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၎င်းသည် လက်ယာစွန်းအယူဝါဒကို အားပေးကာ ရွှေရောင်အရုဏ်ဦးပါတီ (Golden Dawn) ကို ဆက်ခံသည့် ပါတီတစ်ခု ဖြစ်သည်ဟု လူထုကြိုက်ဝါဒ လေ့လာရေး ဥရောပစင်တာက ဆိုထားသည်။ စပါတန်ပါတီ (Spartans) သည် ၂၀၂၃ ခုနှစ် မေလ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသော်လည်း ပါတီသည် ထိုနှစ်၏ ဇွန်လတွင် ဒုတိယအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲများတွင်မူ ပါဝင်ရန် လျှောက်ထားခဲ့သည်။ ဂရိဥပဒေအရ နိုင်ငံရေးပါတီများသည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပါဝင်ရန်အတွက် လျှောက်လွှာများတင်သွင်းရန် လိုအပ်ပြီး ၎င်းတို့ကို နောက်ပိုင်းတွင် တရားရုံးတစ်ခုက အတည်ပြုရသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် ဂရိတရားရုံးချုပ်သည် စပါတန်ပါတီ (Spartans) အပါအဝင် ပါတီ ၂၆ ခု၊ မဟာမိတ်အဖွဲ့လေးဖွဲ့နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုသော ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ စပါတန်ပါတီ (Spartans) အတွက် ၁၂ နေရာမှ (၄.၆၅% ဖြင့်) တစ်နေရာ အနိုင်ရခဲ့သည့် မစ္စတာ Stigkas က မစ္စတာ Kasidiaris ၏ ထောက်ခံမှုသည် "၎င်းတို့ အောင်မြင်မှုရရှိရန် တွန်းပို့ခဲ့သည်" ဟု ဆိုခဲ့သည်။
ဂရိနိုင်ငံရှိ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ပြည်သူလူထု လွတ်လပ်စွာစုဝေးမျှဝေရာရပ်ဝန်းတွင် ဒုက္ခသည်များ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ LGBTQIA+ အသိုင်းအဝိုင်းများနှင့် ဘာသာရေး လူနည်းစုများ၏ လူ့အခွင့်အရေးများကို ပစ်မှတ်ထားသည့် အစွန်းရောက်အဖွဲ့များနှင့် တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်များက ကျူးလွန်သော ခြိမ်းခြောက်မှုများနှင့် တိုက်ခိုက်မှုများ မြင့်တက်လာသည်ကို ညွှန်ပြနေသည်။ ရွှေရောင်အရုဏ်ဦးပါတီ (Golden Dawn) နှင့် ဆက်နွှယ်သောသူများအပါအဝင် လက်ယာစွန်းအဖွဲ့များက Facebook ကဲ့သို့ ပလက်ဖောင်းများပေါ်တွင် မြင်တွေ့နိုင်သည်ထက် ပိုမိုသာလွန်ကျယ်ပြန့်သော ၎င်းတို့၏လွှမ်းမိုးသက်ရောက်မှုဖြင့် အွန်လိုင်းနှင့် ပြင်ပကမ္ဘာတွင် တက်ကြွစွာ လှုပ်ရှားကာ သတင်းအချက်အလက်အမှားနှင့် အမုန်းစကားကို ဖြန့်ရန် လူသိများသည့် လူမှုကွန်ရက် ပလက်ဖောင်းများအား အသုံးပြုကြသည်ကို ဂရိနိုင်ငံရေး ပညာရှင်များ၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် ဒေသတွင်း NGO များက စိုးရိမ်လျက်ရှိကြသည် (လူထုသဘောထားမှတ်ချက်များ၊ ဥပမာ- လက်ယာစွန်း လေ့လာဆန်းစစ်ရေးကွန်ရက်မှ PC-၂၀၀၁၇ ကို ကြည့်ပါ)။
Freedom House ၏ နှစ်စဉ် Freedom in the World (ကမ္ဘာတစ်ဝန်းရှိ လွတ်လပ်မှု) (၂၀၂၃) အစီရင်ခံစာတွင် ဂရိနိုင်ငံကို ရမှတ် ၁၀၀ တွင် ၈၆ မှတ်ဖြင့် လွတ်လပ်မှုရှိသည့်နိုင်ငံအဖြစ် အဆင့်သတ်မှတ်ခဲ့ပြီး မီဒီယာရပ်ဝန်းသည် အတော်အတန်လွတ်လပ်မှုရှိစွာ တင်ပြနိုင်ဆဲဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများသည် ယေဘုယျအားဖြင့် အာဏာပိုင်များ၏ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ လည်ပတ်လုပ်ဆောင်ကြသည်ဟု မှတ်ချက်ပြုသည်။ ထိုသို့ဆိုထားစေကာမူ ရိုက်တာ သတင်းပညာရပ်လေ့လာမှုအဖွဲ့ ၊ နိုင်ငံတကာသတင်းအဖွဲ့ နှင့် သတင်းမီဒီယာဆိုင်ရာ အသိပညာပေးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့က ထုတ်ပြန်သော လတ်တလော လေ့လာမှုများတွင် ဂရိမီဒီယာများ၊ အထူးသဖြင့် သတင်းစာဆရာများနှင့် ရုပ်သံထုတ်လွှင့်မှု မီဒီယာများကို ယုံကြည်အားထားနိုင်မှု သိသိသာသာ ကျဆင်းလာကြောင်း အသားပေးဖော်ပြထားသည်။ ဤသို့ဖော်ပြရခြင်းမှာ အဓိကအားဖြင့် ဒစ်ဂျစ်တယ်ရပ်ဝန်းတွင် သတင်းမီဒီယာများ ပိုမိုတွယ်ကျယ်ပျံ့နှံ့လာခြင်းနှင့်အတူ သတင်းပညာရပ်အပေါ် နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းများ၏ လွှမ်းမိုးမှုရှိလာခြင်းဆိုင်ရာ စိုးရိမ်မှုများကြောင့် ဖြစ်သည်။ ဤလေ့လာမှုများသည် အချက်အလက် ကြိုးကိုင်ခြယ်လှယ်ခြင်း၊ ဆင်ဆာစိစစ်ဖြတ်တောက်ခြင်းနှင့် သတင်းမီဒီယာလွတ်လပ်မှု အားနည်းလာခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများကိုလည်း ဖော်ပြထားသည်။
ပို့စ်နှစ်ခုစလုံးကို Meta သို့ တိုင်ကြားခဲ့ပြီး လူကိုယ်တိုင် စိစစ်သုံးသပ်ပြီးနောက် အမှုနှစ်ခုစလုံးမှ အကြောင်းအရာများသည် Facebook ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ အကောင့်များကို ဆိုင်းငံ့ခြင်းမရှိဘဲ တိုက်ရိုက်ဗီဒီယိုနှင့် ကြော်ငြာထုတ်ကုန်များကို အသုံးပြုခြင်းမှ တားမြစ်သည့် ပြင်းထန်သော သတိပေးချက်နှင့် ရက် ၃၀ ကန့်သတ်ချက်ကို အကောင့်နှစ်ခုလုံးအပေါ် သက်ရောက်စေခဲ့သည်။ အကြောင်းအရာများကို တင်ခဲ့သည့် Facebook အသုံးပြုသူနှစ်ဦးစလုံးက အယူခံဝင်ခဲ့သော်လည်း အကြောင်းအရာများသည် ချိုးဖောက်သည်ဟု Meta က ထပ်မံတွေ့ရှိခဲ့သည်။ ထို့နောက် အသုံးပြုသူနှစ်ဦးသည် ဘုတ်အဖွဲ့ထံသို့ သီးခြားစီ အယူခံဝင်ခဲ့ကြသည်။
၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
အကြောင်းအရာ ဖယ်ရှားခံခဲ့ရသူထံမှ အယူခံလွှာကို ရရှိပြီးနောက်တွင် Meta ၏ ချမှတ်ထားသော ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။ ဘုတ်အဖွဲ့က အလားတူ ပြဿနာများကို ဖြစ်ပေါ်စေသည့် အမှုများကို ဖော်ထုတ်တွေ့ရှိသည့်အခါ ၎င်းတို့ကို အတူတကွ ချင့်ချိန်ဆုံးဖြတ်ရန်အတွက် ဆွေးနွေးတိုင်ပင်ရေး အဖွဲ့တစ်ခုထံသို့ ပေါင်းစု၍ တာဝန်ပေးအပ်နိုင်သည်။ အကြောင်းအရာတစ်ခုစီနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပါမည်။
ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို မူလအတိုင်း လက်ခံဆုံးဖြတ်နိုင်သည် သို့မဟုတ် ပယ်ချနိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ ပုဒ်မ ၅)။ ထို့အပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော အခြေအနေရှိသည့် အလားတူ အကြောင်းအရာနှင့်ပတ်သက်၍ ၎င်း၏ဆုံးဖြတ်ချက်ကို အသုံးချနိုင်ခြေရှိ၊ မရှိကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် မဖြစ်မနေ လိုက်နာစရာမလိုသော်လည်း တုံ့ပြန်ရမည့် အကြံပြုချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၄၊ ပိုဒ်ခွဲ ၄)။ Meta က အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကတိကဝတ်ပြုသည့်အခါ ဘုတ်အဖွဲ့သည် ၎င်းတို့ကို အကောင်အထည်ဖော်မှုအပေါ် စောင့်ကြည့်သည်။
၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များနှင့် လမ်းညွှန်ချက်
ဤအမှုတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ စံနှုန်းများနှင့် သာဓကများဖြင့် အသိပေးတင်ပြခဲ့သည်-
၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ
- ဘရာဇီးဗိုလ်ချုပ်ကြီး၏ မိန့်ခွန်း
- သတင်းအစီရင်ခံခြင်းတွင် တာလီဘန်အား ရည်ညွှန်းခြင်း
- မျှဝေထားသော Al Jazeera ပို့စ်
- အိန္ဒိယရှိ RSS နှင့်ပတ်သက်၍ ပန်ချာပီတို့၏ စိုးရိမ်မှု
- နာဇီအဆိုအမိန့်
၂။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ
"လက်တွေ့ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုကို တားဆီးရန်နှင့် အဟန့်အတားပြုရန် ကြိုးပမ်းအားထုတ်မှုတစ်ခု" အနေဖြင့် Meta သည် အကြမ်းဖက်ရည်ရွယ်ချက်ကို ကြေညာသည့် သို့မဟုတ် အကြမ်းဖက်မှုတွင် ပါဝင်သည့် အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များကို ၎င်း၏ ပလက်ဖောင်းများပေါ်တွင် ရှိနေခွင့်မပြုကြောင်း အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ လူမှုစံနှုန်းအတွက် မူဝါဒဆိုင်ရာ သဘောတရားတွင် ရှင်းပြထားသည်။ "ဤအဖွဲ့အစည်းများကို အွန်လိုင်းနှင့် ပြင်ပကမ္ဘာ နှစ်ခုစလုံးရှိ ၎င်းတို့၏ အပြုအမူများ၊ အသိသာဆုံးဆိုရသော် အကြမ်းဖက်မှုနှင့် ၎င်းတို့၏ ဆက်နွှယ်နေမှုများအပေါ် အခြေခံ၍" Meta က အကဲဖြတ်ပါသည်။
မူဝါဒဆိုင်ရာ သဘောတရားအရ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်း၏ အဆင့် ၁ အောက်တွင် သတ်မှတ်ခံထားရသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို အကြမ်းဖက်အဖွဲ့အစည်းများ၊ ရာဇဝတ်အဖွဲ့အစည်းများနှင့် အမုန်းတရားဖြန့်ဝေသည့် အဖွဲ့အစည်းများဟူ၍ အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။ အဆင့် ၁ သည် "အရပ်သားများအပေါ် အကြမ်းဖက်ရန်အတွက် စည်းရုံးခြင်း သို့မဟုတ် ထောက်ခံအားပေးခြင်း၊ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များအပေါ်အခြေခံ၍ လူများကို လူ့ဂုဏ်သိက္ခာကင်းမဲ့အောင် ထပ်တလဲလဲ အရှက်ခွဲခြင်း သို့မဟုတ် ထိုသူများကို အန္တရာယ်ပြုစေရန် အားပေးခြင်း သို့မဟုတ် စနစ်တကျစီစဉ်ထားသည့် ရာဇဝတ်မှုကျူးလွန်မှုများတွင် ပါဝင်ခြင်း" အပါအဝင် ဆိုးရွားပြင်းထန်သော ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှုများ၌ ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကို အဓိကထားသည်။ ဤအဖွဲ့အစည်းများသည် "ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှုနှင့် တိုက်ရိုက်ဆက်စပ်မှုအရှိဆုံး" ဟု Meta က ယုံကြည်သည့်အတိုင်း အဆင့် ၁ သတ်မှတ်မှုများသည် ပြင်းထန်မှုအမြင့်ဆုံး စည်းကမ်းထိန်းသိမ်းမှုကို ဖြစ်ပေါ်စေကြောင်း မူဝါဒဆိုင်ရာ သဘောတရားတွင် မှတ်ချက်ပြုသည်။
Meta က အဓိပ္ပာယ်သတ်မှတ်ထားသော "အမုန်းတရားဖြန့်ဝေသည့် အဖွဲ့အစည်း" ဆိုသည်မှာ "နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ အခြားသူများအပေါ် အမုန်းပွားစေရန် ဖြန့်ဝေတိုက်တွန်းသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်" ဟူ၍ဖြစ်သည်။ အဆိုပါအဖွဲ့အစည်း၏ လှုပ်ရှားဆောင်ရွက်မှုများသည် "ဖော်ပြပါအပြုအမူများဖြစ်သည့် လူများအား ၎င်းတို့၏ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ ပစ်မှတ်ထားသည့် အကြမ်းဖက်မှု၊ ခြိမ်းခြောက်ပြောဆိုမှု သို့မဟုတ် အန္တာယ်ရှိသော နှောင့်ယှက်မှုပုံစံများ၊ အမုန်းစကားကို ထပ်တလဲလဲ အသုံးပြုခြင်း၊ အမုန်းပွားစေသည့် အယူဝါဒများ သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အမုန်းတရားဖြန့်ဝေသည့် အခြားအဖွဲ့အစည်းများကို ကိုယ်စားပြုခြင်းနှင့်/သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အမုန်းတရားဖြန့်ဝေသည့် အခြားအဖွဲ့အစည်းများ သို့မဟုတ် အမုန်းပွားစေသည့် အယူဝါဒများကို သဘောတရားများကို အမွှမ်းတင်ခြင်း သို့မဟုတ် ထောက်ခံခြင်း စသည်တို့ထဲမှ တချို့တစ်ဝက်နှင့် အသွင်အပြင်တူသည်" ဟု Meta က ဆိုသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လတွင် အကျိုးသက်ရောက်သည့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒ၏ အဆင့် ၁ အရ "ဤအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ သို့မဟုတ် ထင်ရှားသော အဖွဲ့ဝင်များ၏ ပလက်ဖောင်းပေါ်တွင် တည်ရှိမှု၊ ပလက်ဖောင်းပေါ်တွင် ၎င်းတို့ကို ကိုယ်စားပြု၍ သုံးနှုန်းမည့် သင်္ကေတများ သို့မဟုတ် ၎င်းတို့ကိုဖြစ်စေ၊ ၎င်းတို့၏လုပ်ရပ်များကိုဖြစ်စေ ချီးမွမ်းသည့် အကြောင်းအရာ" တို့ကို Meta က ခွင့်မပြုထားပါ။ ထိုအချိန်တွင် "ချီးကျူးခြင်း" ကို ဖော်ပြပါအပြုအမူများဖြစ်သည့် "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း သို့မဟုတ် ဆောင်ရွက်ချက်အကြောင်း အကောင်းဘက်မှ ပြောဆိုခြင်း" သို့မဟုတ် "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း သို့မဟုတ် ဆောင်ရွက်ချက်၏ သဘောထားနှင့် မိမိ၏သဘောထားတို့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်း ဖော်ပြခြင်း" စသည်တို့ထဲမှ အပြုအမူတစ်ခုခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ကုမ္ပဏီသည် ယခုအခါ "အဆင့် ၁ အဖွဲ့အစည်းများ၊ ၎င်းတို့၏ ခေါင်းဆောင်များ၊ တည်ထောင်သူများ သို့မဟုတ် ထင်ရှားသော အဖွဲ့ဝင်များအား အမွှမ်းတင်ခြင်း၊ ထောက်ခံခြင်းနှင့် ကိုယ်စားပြုခြင်းအပြင် ၎င်းတို့အား မရှင်းလင်းသော ရည်ညွှန်းချက်များ" ကို ဖယ်ရှားသည်။ ၎င်းတွင် "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း၏ အကြမ်းဖက်မှု သို့မဟုတ် အမုန်းပွားမှုကို အမွှမ်းမတင်သည့် မရေရာမရှင်းလင်းသော ဟာသ၊ စာတန်းမပါသော သို့မဟုတ် အကောင်းဘက်မှ ရည်ညွှန်းပြောဆိုချက်များ" ပါဝင်သည်။
အသုံးပြုသူများအနေဖြင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ သို့မဟုတ် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို ဆွေးနွေးသည့် အကြောင်းအရာများကို မျှဝေသည့်အခါ မိမိတို့၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြပေးရန် Meta က တောင်းဆိုပါသည်။ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များ သို့မဟုတ် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို အစီရင်ခံရန်၊ ကြားနေသဘောဖြင့် ဆွေးနွေးရန် သို့မဟုတ် ဝေဖန်ရှုတ်ချရန်အတွက် အသုံးပြုသူများအား ခွင့်ပြုပေးထားသည်။ အသုံးပြုသူများသည် "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" အခြေအနေတွင် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ သို့မဟုတ် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို ရည်ညွှန်းသော အကြောင်းအရာများကို မျှဝေနိုင်ကြောင်း ရှင်းပြရန်အတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် Meta က ဤခြွင်းချက်ကို ပြင်ဆင်ခဲ့သည်။ သတင်းခန်း ဘလော့ဂ် ပို့စ် တစ်ခုတွင် Meta က လူသိရှင်ကြား ကြေညာထားသည့်အတိုင်း ပြင်ဆင်ထားသော "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" ခြွင်းချက်တွင် ရွေးကောက်ပွဲများနှင့်ဆက်စပ်၍ မျှဝေသော အကြောင်းအရာများ ပါဝင်သည်။
အကြောင်းအရာဆိုင်ရာ မူဝါဒများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာမှုကို ကုမ္ပဏီက "ပဓာန" အဖြစ် ဖော်ပြထားသော သဘောထားထုတ်ဖော်ခွင့်ဆိုင်ရာ Meta ၏ စံတန်ဖိုးအပြင် ၎င်း၏ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စံတန်ဖိုးဖြင့် အသိပေးတင်ပြခဲ့သည်။
သတင်းဖြစ်လောက်သည့် အကြောင်းအရာအဖြစ် ခွင့်ပြုချက်
Meta သည် သတင်းဖြစ်လောက်သည့် အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအပါအဝင် လူမှုစံနှုန်းများရှိ မူဝါဒနယ်ပယ်အားလုံးတွင် အသုံးချနိုင်သည့် အထွေထွေ မူဝါဒခြွင်းချက်တစ်ခုအဖြစ် သတ်မှတ်ထားသည်။ ၎င်းသည် အခြားတစ်နည်းအားဖြင့် ချိုးဖောက်ထားသည့် အကြောင်းအရာကို ပလက်ဖောင်းပေါ်တွင် ဆက်ထားခြင်းကြောင့် ရရှိနိုင်သည့် အများပြည်သူအကျိုးစီးပွားက ထိခိုက်နစ်နာမှုဖြစ်နိုင်ခြေထက် ပိုအလေးသာပါက ထိုသို့ဆက်ထားခွင့်ပြုပါသည်။ Meta ၏ အဆိုအရ ထိုသို့သောအကဲဖြတ်မှုများကို "ကြုံတောင့်ကြုံခဲ အမှုကိစ္စများ" တွင် ၎င်း၏ အကြောင်းအရာဆိုင်ရာ မူဝါဒအဖွဲ့ထံသို့ တင်ပြပြီးနောက်မှသာ ပြုလုပ်ဆောင်ရွက်ပါသည်။ ရည်ညွှန်းပါ အကြောင်းအရာသည် ပြည်သူ့ကျန်းမာရေး သို့မဟုတ် အန္တရာယ်ကင်းရှင်းရေးကို လက်ငင်းခြိမ်းခြောက်မှု ပေါ်ပေါက်လာစေခြင်းရှိ၊ မရှိ သို့မဟုတ် နိုင်ငံရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ရှိအငြင်းပွားနေသည့် ရှုထောင့်အမြင်များအတွက် သဘောထားထုတ်ဖော်ခွင့်ပေးခြင်းရှိ၊ မရှိ ဤအဖွဲ့က အကဲဖြတ်သည်။ အကဲဖြတ်ချက်သည် ရွေးကောက်ပွဲများ ကျင်းပနေဆဲဟုတ်၊ မဟုတ် အပါအဝင် နိုင်ငံအလိုက် အခြေအနေများကို ထည့်သွင်းစဉ်းစားသည်။ ပြောဆိုသူ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားသည် သက်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုတစ်ခု ဖြစ်သော်လည်း သတင်းဌာနများက ပို့စ်တင်ထားသော အကြောင်းအရာတွင်မူ ခွင့်ပြုချက်ကို ကန့်သတ်မထားပါ။
၃။ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် ထောက်ခံချက်ပေးထားသည့် စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ်ကို ချမှတ်ထားသည်။ ၂၀၂၁ ခုနှစ်တွင် UNGP များနှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို Meta က ကြေညာခဲ့သည်။ ဤအမှုတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ နိုင်ငံတကာ စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည်-
- လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်- အပိုဒ် ၁၉ နှင့် ၂၀၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ် ( ICCPR)၊ အထွေထွေ မှတ်ချက် အမှတ် ၃၄,၊ လူ့အခွင့်အရေး ကော်မတီ (၂၀၁၁)။ ဒစ်ဂျစ်တယ်ခေတ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ရွေးကောက်ပွဲဆိုင်ရာ ပူးတွဲကြေညာစာတမ်း၊ လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက်ကိုယ်စားလှယ်၊ မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ OSCE ကိုယ်စားလှယ်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ OAS အထူးသတင်းထောက်ကိုယ်စားလှယ် (၂၀၂၂)၊ လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက်ကိုယ်စားလှယ်၏ အစီရင်ခံစာ၊ က/HRC/၂၈/၂၅ (၂၀၁၈)။
- လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်- အပိုဒ် ၂၂၊ ICCPR။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက်ကိုယ်စားလှယ်၊ အစီရင်ခံစာများ က/HRC/၆၈/၂၉၉ (၂၀၁၃)၊ က/HRC/၂၆/၃၀ (၂၀၁၄)။
- အသက်ရှင်ရပ်တည်ခွင့်- အပိုဒ် ၆၊ ICCPR။
- ပြည်သူ့အရေးကိစ္စများတွင် ပါဝင်ခွင့်နှင့် မဲပေးခွင့်- အပိုဒ် ၂၅၊ ICCPR။
- ခွဲခြားဆက်ဆံမခံရခွင့်- အပိုဒ် ၂ နှင့် ၂၆၊ ICCPR။
- နှိပ်စက်သော၊ လူမဆန်၍ နှိမ့်ချသော ဆက်ဆံခံရခြင်းမှ ကင်းလွတ်ခွင့်- အပိုဒ် ၇၊ ICCPR။
- အခွင့်အရေးများကို ဖျက်ဆီးခြင်းအား တားမြစ်ခြင်း- အပိုဒ် ၅၊ ICCPR။ အပိုဒ် ၃၀၊ UDHR။
၅။ အသုံးပြုသူ၏ တင်ပြချက်များ
ဤအမှုနှစ်ခုရှိ ပို့စ်အသီးသီး၏ သက်ဆိုင်ရာ ရေးသားဖန်တီးသူသည် အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။
ပထမအမှုရှိ အသုံးပြုသူက ဘုတ်အဖွဲ့ထံ သူ၏တင်ပြချက်ထဲတွင် သူသည် ဂရိအမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်နေသော တရားဝင် ဂရိနိုင်ငံရေးပါတီတစ်ခုမှ ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်သည်ဟု ဆိုခဲ့ပြီး သူ့အကောင့်တွင် သက်ရောက်ခဲ့သည့် သတိပေးချက်ကြောင့် သူသည် သူ့ Facebook စာမျက်နှာကို စီမံ၍ မရခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။
ဒုတိယအမှုရှိ အသုံးပြုသူက သူသည် စပါတန်ပါတီ (Spartans) ၏ အမှတ်တံဆိပ်ကို မျှဝေခဲ့ကြောင်း ဆိုပြီး သူ့ပို့စ်ဖယ်ရှားခံရမှုကို အံ့ဩနေကြောင်း ဖော်ပြထားသည်။
၆။ Meta ၏ တင်ပြချက်များ
အမှုနှစ်ခုလုံးတွင် အကြောင်းအရာများကို ဖယ်ရှားရန် ဆုံးဖြတ်ချက်များသည် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းပေါ် အခြေခံခဲ့ကြောင်း Meta က ဘုတ်အဖွဲ့အား ပြောပြခဲ့သည်။
ရွှေရောင်အရုဏ်ဦးပါတီ (Golden Dawn)၊ ဂရိအမျိုးသားပါတီ (National Party – Greeks) နှင့် မစ္စတာ Kasidiaris တို့သည် အဆင့် ၁ အမုန်းတရားဖြန့်ဝေသည့် အဖွဲ့အစည်းများနှင့် အဆင့် ၁ အမုန်းတရားဖြန့်ဝေခြင်းကြောင့် လူထုပြစ်တင်ဝေဖန်မှုကို ခံရသူအဖြစ် အသီးသီး သတ်မှတ်ခံထားရကြောင်း Meta က ဘုတ်အဖွဲ့အား အသိပေးခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်တွင် ဂရိအမျိုးသားပါတီ (National Party – Greeks) ကို အန္တရာယ်ရှိသည်ဟု သတ်မှတ်ခဲ့သည်။ ဘုတ်အဖွဲ့၏ မေးခွန်းများကို တုံ့ပြန်ရာတွင် ကုမ္ပဏီသည် ရွေးချယ်သတ်မှတ်မှုဆိုင်ရာ အချက်ပြလက္ခဏာများကို အခြေခံသော သီးခြားလုပ်ငန်းစဉ်တစ်ခုဖြင့် အဖွဲ့အစည်းများကို သတ်မှတ်ကြောင်း Meta က မှတ်ချက်ပြုခဲ့သည်။
ပထမအမှုရှိ Facebook အသုံးပြုသူသည် မစ္စတာ Kasidiaris အကြောင်း အကောင်းဘက်မှ ပြောဆိုခြင်းဖြင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုကို ချီးကျူးခဲ့ကြောင်း Meta က ဆိုခဲ့သည်။ "သဘောထား တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှု" ကို ထုတ်ဖော်ပြခြင်းအား တားမြစ်ထားသည့်ချီးကျူးခြင်း၏ ဥပမာတစ်ခုအဖြစ် သတ်မှတ်ထားသည်။ အသုံးပြုသူက အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ သူ၏မဲဆွယ်စည်းရုံးမှုနှင့် သူ့ကိုယ်ပိုင်ပါတီဖြစ်သည့် စပါတန်ပါတီ (Spartans) ကို ထောက်ခံသည့်အနေဖြင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိသည်ဟု ပို့စ်၏ စာတန်းက ညွှန်ပြကြောင်း Meta က ရှင်းပြခဲ့သည်။ သို့သော် လက်ကမ်းစာစောင်တွင် မစ္စတာ Kasidiaris သည် "စပါတန်ပါတီ (Spartans) ကို ထောက်ခံသည်" ဟုလည်း ဖော်ပြထားပြီး အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် မစ္စတာ Kasidiaris သည် အသုံးပြုသူ၏ နိုင်ငံရေးပါတီကို ထောက်ခံခဲ့ကြောင်း တိကျပြတ်သားစွာ ဦးစားပေးဖော်ပြခဲ့သည်။ ဤအသုံးပြုသူသည် မစ္စတာ Kasidiaris ၏ ထောက်ခံချက်ကို ကြော်ငြာခြင်းဖြင့် သူတို့၏သဘောထားချင်း တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြခဲ့သည်ဟု Meta က ယူဆသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို ပြင်ဆင်ပြီးနောက် ပထမအမှုရှိ ပို့စ်သည် "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း၏ အကြမ်းဖက်မှု သို့မဟုတ် အမုန်းပွားမှုကို အမွှမ်းမတင်သည့် အကောင်းဘက်မှ ရည်ညွှန်းပြောဆိုချက်များ" ကို တားမြစ်သော စည်းမျဉ်းကို ချိုးဖာက်ရာရောက်မည်ဟု Meta က ဘုတ်အဖွဲ့အား အသိပေးခဲ့သည်။ ပို့စ်တွင် မစ္စတာ Kasidiaris ကိုဖြစ်စေ၊ သူ၏ အကြမ်းဖက်သော သို့မဟုတ် အမုန်းပွားသော လှုပ်ရှားဆောင်ရွက်မှုများကိုဖြစ်စေ အတိအလင်း အမွှမ်းတင်ခြင်း မပါဝင်ခဲ့ပါ။
ဒုတိယအမှုတွင် ရှင်းပြထားသောစာတန်းတစ်ခုခုကို တွဲမထည့်ဘဲ ဂရိအမျိုးသားပါတီ (National Party – Greeks) ၏ အမှတ်တံဆိပ်ကို မျှဝေခြင်းအား အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပါတီအား ချီးကျူးခြင်းအဖြစ် Meta က ယူဆခဲ့သောကြောင့် အကြောင်းအရာကို ဖယ်ရှားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို ပြင်ဆင်ပြီးနောက် ဒုတိယအမှုရှိ ပို့စ်တွင် မစ္စတာ Kasidiaris ကိုဖြစ်စေ၊ သူ၏ အကြမ်းဖက်သော သို့မဟုတ် အမုန်းပွားသော လှုပ်ရှားဆောင်ရွက်မှုများကိုဖြစ်စေ အတိအလင်း အမွှမ်းတင်ခြင်း မပါဝင်ခဲ့သော်လည်း အသုံးပြုသူသည် ရှင်းပြထားသောစာတန်းတစ်ခုခုကို တွဲမထည့်ဘဲ ဂရိအမျိုးသားပါတီ (National Party – Greeks) ၏ ရည်ညွှန်းချက် (သင်္ကေတတစ်ခု) ကို မျှဝေခဲ့သဖြင့် ၎င်းသည် ဖယ်ရှားခံရမည်ဟု Meta က ဘုတ်အဖွဲ့အား အသိပေးခဲ့သည်။
မည်သည့်အသုံးပြုသူကမျှ သူတို့၏ ရည်ရွယ်ချက်သည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း သို့မဟုတ် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို "အစီရင်ခံရန်၊ ကြားနေသဘောဖြင့် ဆွေးနွေးရန် သို့မဟုတ် ဝေဖန်ရှုတ်ချရန်" ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိသဖြင့် မည်သည့်ပို့စ်ကမျှ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် အကျိုးသက်ရောက်သည့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ခြွင်းချက်မှ အကျိုးခံစားခွင့်ရမည်မဟုတ်ကြောင်း Meta က တွေ့ရှိခဲ့သည်။
Meta ၏ အဆိုအရ "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" ကို ခွင့်ပြုကြောင်း ခြွင်းချက်ကို ပြန်လည်ရေးဆွဲဖန်တီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လက ခြွင်းချက်ဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ပြီးနောက်တွင်လည်း အထက်ပါအတိုင်းပင် ခြွင်းချက်မှ အကျိုးခံစားခွင့် မရခဲ့ပါ။ ဘုတ်အဖွဲ့၏ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် ယခင်ကဆိုလျှင် မူဝါဒအရ ဖယ်ရှားခံရမည့် "ရွေးကောက်ပွဲကဲ့သို့ သတ်မှတ်ထားသော အမျိုးအစားတစ်စုနှင့်ဆိုင်သည့် ပြည့်စုံရှင်းလင်းသော ဆက်စပ်အခြေအနေ ပါဝင်သည့် အကြောင်းအရာများ" ၏ အချို့သော အမျိုးအစားများကို ခွင့်ပြုပေးရန် "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" ခြွင်းချက်ကို စတင်ဆောင်ရွက်ခဲ့သည်ဟု Meta က ဆိုခဲ့သည်။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုကို တရားဝင်မှတ်ပုံတင်ထားပြီး တရားဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုတွင် စာရင်းသွင်းထားသည့်အခါ ထိုအဖွဲ့အစည်းအား ချီးကျူးခြင်း သို့မဟုတ် ရည်ညွှန်းပြောဆိုချက်အားလုံးကို ဖယ်ရှားခြင်းဖြင့် ရွေးကောက်ပွဲနှင့် ကိုယ်စားလှယ်လောင်းများအကြောင်း လူများ၏ ဆွေးနွေးပြောဆိုနိုင်စွမ်းအပေါ် လွန်လွန်ကဲကဲ ကန့်သတ်လိမ့်မည်ကို Meta က စိုးရိမ်ခဲ့သည်။ သို့သော် အဆိုပါခြွင်းချက်သည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု၏ကိုယ်စား တရားဝင် မဲဆွယ်စည်းရုံးမှု အချက်အလက်များကို ဖြန့်ဝေခြင်း၊ တရားဝင် ဝါဒဖြန့်ခြင်း သို့မဟုတ် တရားဝင် ဆက်သွယ်ရေးချန်နယ်များကို ခွင့်ပြုပေးခြင်းဖြင့် ၎င်းတို့အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သော စစ်ဆင်ရေးဆိုင်ရာ သို့မဟုတ် မဟာဗျူဟာမြောက် အကျိုးအမြတ်ကို ပံ့ပိုးပေးခြင်းကဲ့သို့ သိသိသာသာ ထောက်ခံခြင်းကို အကျုံးဝင်စေရန် လုံးဝမရည်ရွယ်ခဲ့ပါ။
ဘုတ်အဖွဲ့ထံမှ မေးခွန်းတစ်ခုကို တုံ့ပြန်သည့်အနေဖြင့် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း ခြွင်းချက်သည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများအား သိသိသာသာ ထောက်ခံခြင်း သို့မဟုတ် အမွှမ်းတင်ခြင်းကို ဖယ်ရှားခြင်းဖြင့် အန္တရာယ်ကင်းရှင်းရေးကို ထိန်းသိမ်းလျက် ရွေးကောက်ပွဲတစ်ခုတွင် ၎င်းတို့ပါဝင်ခြင်းအကြောင်း ဆွေးနွေးမှုကို ခွင့်ပြုခြင်းအကြား ဟန်ချက်ညီအောင် ဆောင်ရွက်ရန် ကြိုးပမ်းကြောင်း Meta က ရှင်းပြခဲ့သည်။ ၎င်းသည် တရားဝင်မှတ်ပုံတင်ထားပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် တရားဝင်စာရင်းသွင်းထားသည့် အဖွဲ့အစည်းများအပေါ် ခွင့်ပြုချက်ကို ရည်ရွယ်ချက်ရှိရှိ အလေးထားခဲ့ကြောင်း Meta က မှတ်ချက်ပြုခဲ့သည်။ အကြောင်းမှာ ခွင့်ပြုချက်သည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု၏ အမုန်းပွားမှု သို့မဟုတ် အကြမ်းဖက်မှုအား အမွှမ်းတင်ခြင်း သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုအား သိသိသာသာ ထောက်ခံခြင်းကို ဖယ်ရှားစဉ် ရာထူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်နေသော ကိုယ်စားလှယ်လောင်းများအကြောင်း ဆွေးနွေးမှုကို ခွင့်ပြုရန် ရည်ရွယ်သောကြောင့် ဖြစ်သည်။ "ဤခွင့်ပြုချက်ကို ဖန်တီးရသည့် ရည်ရွယ်ချက်မှာ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းက ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေခဲ့လျှင် အသုံးပြုသူများအား ၎င်းတို့ ရွေးကောက်တင်မြှောက်လိုသည့် ကိုယ်စားလှယ်လောင်းများအကြောင်း ၎င်းတို့၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုနိုင်စေရန်ဖြစ်ပြီး အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများအား ၎င်းတို့၏လုပ်ငန်းစဉ်များကို မျှဝေနိုင်စေရန်အတွက် မူလရှိပြီးသား ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ကုမ္ပဏီ၏ စည်းကမ်းထိန်းသိမ်းမှုကို ရှောင်တိမ်းခွင့်ပြုရန် မဟုတ်ပါ" ဟု Meta က ထပ်လောင်းပြောခဲ့သည်။
ဒုတိယအမှုအတွက် ထပ်ဆောင်းမှတ်ချက် (ဥပမာ- ဂရိအမျိုးသားပါတီ (National Party – Greeks) ကို ဝေဖန်ရှုတ်ချသော သို့မဟုတ် ကြားနေသဘောဖြင့် ဆွေးနွေးသော စာတန်းတစ်ခု) မပါဘဲ စပါတန်ပါတီ (Spartans) ကို ဖော်ပြထားသည့် စာသားနှင့်အတူ ဂရိအမျိုးသားပါတီ (National Party – Greeks) ၏ သင်္ကေတ သို့မဟုတ် အမှတ်တံဆိပ်ကို မျှဝေခြင်းသည် အသုံးပြုသူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ မညွှန်ပြသောကြောင့် Meta က ၎င်း၏ ပြင်ဆင်ထားသော မူဝါဒအရ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း ခြွင်းချက်သည် သက်ရောက်မည်မဟုတ်ကြောင်း ကောက်ချက်ချခဲ့သည်။ ထို့အပြင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဂရိအမျိုးသားပါတီ (National Party – Greeks) သည် ဂရိရွေးကောက်ပွဲများတွင် ပါဝင်ရန် ပိတ်ပင်ခံထားရသဖြင့် ခြွင်းချက်သည် ဒုတိယအမှုတွင်လည်း မသက်ရောက်ခဲ့ပါ။
ဘုတ်အဖွဲ့သည် မေးခွန်းငါးခုကို Meta ထံသို့ စာဖြင့်ရေးသား၍ မေးခဲ့သည်။ မေးခွန်းများသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအရ Meta ၏ "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" ခွင့်ပြုချက်ကို ကျင့်သုံးခြင်း၊ မူဝါဒအရ ရွေးချယ်သတ်မှတ်ခြင်း လုပ်ငန်းစဉ်နှင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများစာရင်း၏ ပွင့်လင်းမြင်သာမှုတို့နှင့် သက်ဆိုင်ခဲ့သည်။ Meta သည် မေးခွန်းငါးခုကို ဖြေကြားခဲ့သည်။
၇။ လူထုသဘောထားမှတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် တင်ပြရန်အတွက် စည်းမျဉ်းများနှင့်ကိုက်ညီသော လူထုသဘောထားမှတ်ချက် ၁၅ ခုကို လက်ခံရရှိခဲ့သည်။ ဥရောပမှ မှတ်ချက် ဆယ့်သုံးခုပေးပို့ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံမှ မှတ်ချက်နှစ်ခု ပေးပို့ခဲ့သည်။ ထုတ်ပြန်ကြေညာရန် သဘောတူညီချက်ဖြင့် ပေးပို့သော လူထုသဘောထားမှတ်ချက်များကို ဖတ်ရန် ဤနေရာတွင် နှိပ်ပါ။
တင်ပြချက်များတွင် အောက်ပါအကြောင်းအရာများ ပါဝင်ခဲ့သည်- ဂရိနိုင်ငံရေးပါတီများအကြောင်း ဆွေးနွေးခြင်းအပါအဝင် ဂရိနိုင်ငံရှိ နိုင်ငံရေးအခြေအနေ၊ ဂရိနိုင်ငံရှိ ၂၀၂၃ ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲရလဒ်များအပေါ် လူမှုကွန်ရက်၏ သက်ရောက်မှု၊ ဂရိနိုင်ငံနှင့် အခြားဥရောပနိုင်ငံများရှိ လက်ယာစွန်းနှင့် အစွန်းရောက် အဖွဲ့များနှင့် လူမှုကွန်ရက်ပလက်ဖောင်းများအား ၎င်းတို့၏အသုံးပြုမှု၊ ဂရိနိုင်ငံရှိ မကြာသေးမီက ဥပဒေပြင်ဆင်ချက်များနှင့် ၂၀၂၃ ရွေးကောက်ပွဲများအပေါ် ၎င်းတို့၏သက်ရောက်မှု၊ Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအောက်ရှိ အဖွဲ့အစည်းစာရင်းများ ပွင့်လင်းမြင်သာမှုရှိခြင်း၏ အရေးပါမှု။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်
အထူးသဖြင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ သို့မဟုတ် ယင်းတို့နှင့်ဆက်စပ်နေသည့် လူပုဂ္ဂိုလ်များက နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေနိုင်သည့် ရွေးကောက်ပွဲကာလများအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် နိုင်ငံရေး၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ခွင့်အပေါ် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်း၏ သက်ရောက်မှုကို ဆန်းစစ်ရန်အတွက် ဘုတ်အဖွဲ့က ဤအမှုများကို ရွေးချယ်ခဲ့ပါသည်။ အမှုများသည် ရွေးကောက်ပွဲများနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ပြည်သူလူထု လွတ်လပ်စွာစုဝေမျှဝေရာရပ်ဝန်းအပြင် အဖယ်ကြဉ်ခံရသော လူအုပ်စုများအပေါ် ပြောဆိုသည့် အမုန်းစကားဆိုင်ရာ ဘုတ်အဖွဲ့၏ မဟာဗျူဟာမြောက် ဦးစားပေးသတ်မှတ်ချက်များတွင် အကျုံးဝင်နေပါသည်။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် စံတန်ဖိုးများကို ဆန်းစစ်လေ့လာခြင်းဖြင့် ဤအကြောင်းအရာအား ပြန်ထည့်သွင်းသင့်၊ မသင့်ကို ဘုတ်အဖွဲ့က စစ်ဆေးခဲ့သည်။
၈.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း
အမှုနှစ်ခုလုံးတွင် အကြောင်းအရာများကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များကို ဘုတ်အဖွဲ့က မူလအတိုင်း လက်ခံဆုံးဖြတ်သည်။
ပထမအမှု- ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတစ်ဦး၏ မဲဆွယ်စည်းရုံးရေး လက်ကမ်းစာစောင်
သဘောထားထုတ်ဖော်ခွင့်အတွက် Meta ၏ ကတိကဝတ်သည် ပဓာနဖြစ်ပြီး ရွေးကောက်ပွဲနှင့်ဆိုင်သော အခြေအနေများတွင် ၎င်းက ပိုမိုအရေးပါလာကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ မဲပေးရန်အတွက် တတ်နိုင်သမျှ အချက်အလက်အပြည့်အစုံကို မဲဆန္ဒရှင်များအား ရယူကြည့်ရှုခွင့်ပေးရန်အလို့ငှာ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ မဲဆန္ဒရှင်များ၊ ကိုယ်စားလှယ်လောင်းများနှင့် ပါတီများအကြား ပြည်သူလူထုအပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းကို Meta အနေဖြင့် ခွင့်ပြုသင့်ကြောင်း ဘုတ်အဖွဲ့က အသားပေးပြောကြားသည်။
အသုံးပြုသူသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒ၏ အဆင့် ၁ အောက်တွင် သတ်မှတ်ခံထားရသော အမုန်းတရားဖြန့်ဝေခြင်းကြောင့် လူထုပြစ်တင်ဝေဖန်မှုကို ခံရသူဖြစ်သည့် မစ္စတာ Kasidiaris နှင့် သဘောထားချင်း တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့သောကြောင့် ဤပို့စ်သည် ၂၀၂၃ ခုနှစ် ဇွန်လတွင် အကျိုးသက်ရောက်ခဲ့သည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုကို "ချီးကျူးခြင်း" အား Meta ၏ တားမြစ်ချက်အောက်တွင် အကျုံးဝင်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ၎င်းကို တားမြစ်ထားသော "ချီးကျူးခြင်း" ဥပမာတစ်ခုဟု Meta က ယူဆသည့် အပြုအမူအဖြစ် သက်ဆိုင်ရာ လူမှုစံနှုန်းတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်က မူဝါဒတွင် ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက်တွင် အကြောင်းအရာသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု၏ အကြမ်းဖက်မှု သို့မဟုတ် အမုန်းပွားမှုကို အမွှမ်းမတင်ဘဲ ထိုအဖွဲ့အစည်းအကြောင်း အကောင်းဘက်မှ ရည်ညွှန်းပြောဆိုချက်များအား တားမြစ်ချက်အောက်တွင် အကျုံးဝင်ပါမည်။
အပြန်အလှန်ထောက်ခံခြင်းထက် မစ္စတာ Kasidiaris ဘက်ကသာ အသုံးပြုသူကို ထောက်ခံခြင်း (ဆိုလိုသည်မှာ "ချီးကျူးခြင်း" သို့မဟုတ် "ရည်ညွှန်းခြင်း") ပြုလုပ်ခဲ့သောကြောင့် သဘောထား တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှုကို ထုတ်ဖော်ပြခြင်းဆိုင်ရာ စည်းမျဉ်း၏ သက်ရောက်မှုသည် တိုက်ရိုက်မသိသာခဲ့ပါဟု ဘုတ်အဖွဲ့ဝင်အနည်းစုက ဆိုထားသည်။ အသုံးပြုသူက အဆိုပါထောက်ခံချက်ကို အပြန်အလှန်တုံ့ပြန်သည့်သဘော သက်ရောက်ပြီး သဘောထား တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှုကို ထုတ်ဖော်ပြခြင်းဆိုင်ရာ Meta ၏ မူဝါဒကို သိသိသာသာ ချိုးဖောက်စေရန် သွယ်ဝိုက်ပြောဆိုချက်အချို့ကို လိုအပ်နေပါသေးသည်။
ဤပို့စ်သည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို ချိုးဖောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် အကျိုးသက်ရောက်သည့် မူဝါဒခြွင်းချက်တစ်ခုတွင်မျှ အကျုံးမဝင်ခဲ့သော်လည်း ပို့စ်ရှိ အများပြည်သူ အကျိုးစီးပွားက အန္တရာယ်ရှိနိုင်ခြေထက် အလေးသာခဲ့သည်ကို ထောက်ဆလျှင် Meta အနေဖြင့် ဤအကြောင်းအရာကို ပလက်ဖောင်းပေါ်တွင် ဆက်ထားရန် ၎င်း၏ သတင်းဖြစ်လောက်သည့် အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို ကျင့်သုံးခဲ့သင့်ကြောင်း ဘုတ်အဖွဲ့ဝင်အနည်းစုက ယူဆသည်။ ပို့စ်သည် အထူးသဖြင့် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲများအတွင်း ပါတီအသစ်ပါဝင်လာမှုကြောင့် ရွေးကောက်ပွဲအခြေအနေတွင် သက်ဆိုင်မှုရှိပြီး အဖိုးတန်သော အချက်အလက်များဖြစ်သည့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတစ်ဦးအား ပြစ်ဒဏ်ချမှတ်ခံထားရသော ရာဇဝတ်သားတစ်ဦး၏ ထောက်ခံချက်အကြောင်း မဲပေးသူများအား တိုက်ရိုက်အသိပေးခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒတွင် ပြင်ဆင်ချက်များ ပြုလုပ်ပြီးနောက် "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" ခြွင်းချက်အောက်တွင် Meta သည် အမုန်းစကား သို့မဟုတ် တိကျသော ထိခိုက်နစ်နာမှုတစ်ခုကို လှုံ့ဆော်ခြင်း မပါဝင်ဘဲ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့် ၎င်းတို့၏ သဘောထား တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်းကို ကြားနေအသုံးအနှုန်းများဖြင့် ဖော်ပြရန် ရွေးကောက်ပွဲများရှိ တရားဝင် ကိုယ်စားလှယ်လောင်းများကို ခွင့်ပြုသင့်သည်ဟု ဤဘုတ်အဖွဲ့ဝင်များက မှတ်ချက်ပြုသည်။ ထိုသို့ပြုလုပ်ခြင်းသည် မဲပေးသူများအတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် တတ်နိုင်သမျှ အချက်အလက်အပြည့်အစုံ ရရှိစေပါမည်။
ဒုတိယအမှု- ဂရိအမျိုးသားပါတီ (National Party – Greeks) ၏ အမှတ်တံဆိပ်နှင့် “စပါတန်ပါတီ (Spartans)” ၏ ဆောင်ပုဒ်
အကြောင်းအရာသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် အမုန်းတရားဖြန့်ဝေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဂရိအမျိုးသားပါတီ (National Party – Greeks) ၏ သင်္ကေတတစ်ခုကို မျှဝေခဲ့သောကြောင့် ၎င်းသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ကြောင်း ဘုတ်အဖွဲ့ဝင်အများစုက တွေ့ရှိသည်။
အသုံးပြုသူသည် ဂရိအမျိုးသားပါတီ (National Party – Greeks) သို့မဟုတ် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို "အစီရင်ခံရန်၊ ကြားနေသဘောဖြင့် ဆွေးနွေးရန် သို့မဟုတ် ဝေဖန်ရှုတ်ချရန်" တရားဝင်ပါတီ၏ အမည်ဖြစ်သည့် စပါတန် (Spartans) နှင့်အတူ ဂရိအမျိုးသားပါတီ (National Party – Greeks) ၏ အမှတ်တံဆိပ်ကို အသားပေးဖော်ပြရန် ရည်ရွယ်ခဲ့ကြောင်း ဆက်စပ်အချက်ပြလက္ခဏာများ မရှိသဖြင့် ဤပို့စ်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် အကျိုးသက်ရောက်သည့် မူဝါဒခြွင်းချက်အောက်တွင် အကျုံးမဝင်ခဲ့ပါ။ အသုံးပြုသူ၏ ပို့စ်က အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အမုန်းတရားဖြန့်ဝေသည့် အဖွဲ့အစည်းတစ်ခုအကြောင်း ကြားနေသဘောဖြင့် ဆွေးနွေးခဲ့သည်ဟူ၍ ဆက်စပ်အရိပ်အမြွက်များမှတစ်ဆင့် ဘုတ်အဖွဲ့အား ကောက်ချက်ချစေခဲ့သည့် နာဇီအဆိုအမိန့် အမှုရှိ အကြောင်းအရာနှင့် ဤပို့စ်များ၏ ခြားနားချက်ကို ဘုတ်အဖွဲ့ဝင်အများစုက ပြသသည်။ ထိုအမှုတွင် အသုံးပြုသူသည် လူသိများထင်ရှားသော သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ အဆိုအမိန့်ကို ကိုးကားခဲ့သော်လည်း ထိုပုဂ္ဂိုလ်နှင့် သဘောထား တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်း မပြသခဲ့ဘဲ "ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းနှင့် နာဇီအစိုးရကြား နှိုင်းယှဉ်မှုများ" ပြုလုပ်ရန် ကြိုးပမ်းခဲ့ပေသည်။ ဤအမှုတွင် ထိုသို့သော ဆက်စပ်အကြောင်းအရာ မရှိခဲ့ပါ။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်က မူဝါဒပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် ဤအမှုရှိ အကြောင်းအရာသည် ရှင်းပြထားသော စာတန်းမပါရှိဘဲ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခု၏ ရည်ညွှန်းချက် (သင်္ကေတ) တစ်ခုကို မျှဝေခြင်းကြောင့် ဖယ်ရှားခံရပါမည်။
ဤပို့စ်ကို အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအား ချိုးဖောက်သည်ဟု မဆုံးဖြတ်ခဲ့သင့်ဟု ဘုတ်အဖွဲ့ဝင်အနည်းစုက ယူဆသည်။ အခြားချိုးဖောက်မှုများ သို့မဟုတ် ထိခိုက်နစ်နာစေသော ဆက်စပ်ရည်ရွယ်ချက် မရှိဘဲ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုနှင့်ဆိုင်သည့် အမှတ်တံဆိပ်များအား မျှဝေရုံမျှဝေခြင်းကို ပလက်ဖောင်းပေါ်တွင် ခွင့်ပြုသင့်ကြောင်း ၎င်းတို့က မှတ်ချက်ပြုသည်။
၈.၂ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း
အမှုနှစ်ခုလုံးရှိ အကြောင်းအရာများကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်သည် ကုမ္ပဏီ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ကိုက်ညီမှုရှိခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (အပိုဒ် ၁၉ ICCPR)
ICCPR ၏ အပိုဒ် ၁၉ (၂) သည် “သတင်းအချက်အလက်နှင့် စိတ်ကူးစိတ်သန်း အမျိုးအစားအားလုံးကို လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံခွင့်နှင့် ပေးအပ်ခွင့်” အပါအဝင် ထုတ်ဖော်ပြောဆိုမှုအပေါ် ကျယ်ပြန့်သော ကာကွယ်မှုကို ပေးထားပါသည်။ ကာကွယ်ပေးထားသော ထုတ်ဖော်ပြောဆိုမှုတွင် "နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း၊" "ပြည်သူ့ရေးရာကိစ္စရပ်များအပေါ် အစီရင်ခံသုံးသပ်ချက်" အပြင် "အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စေသည်" ဟု ယူဆနိုင်သည့် ထုတ်ဖော်ပြောဆိုမှု ပါဝင်သည် (အထွေထွေမှတ်ချက် နံပါတ် ၃၄ (၂၀၁၁)၊ ပိုဒ်ခွဲ ၁၁)။ ရွေးကောက်ပွဲအခြေအနေတစ်ခု၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာအပါအဝင် နိုင်ငံရေးဆိုင်ရာ တိုက်ရိုက်ထုတ်လွင့် အစီရင်ခံ၍ ဝေဖန်သုံးသပ်ချက်ပေးသည့် အရင်းအမြစ်များကို လက်လှမ်းမီအသုံးပြုခွင့်နှင့် "သတင်းမီဒီယာဌာနများကို အတိုက်အခံပါတီများနှင့် နိုင်ငံရေးသမားများ၏ လက်လှမ်းမီအသုံးပြုခွင့်" လည်း ပါဝင်သည် ( အထွေထွေမှတ်ချက် နံပါတ် ၃၄ (၂၀၁၁)၊ ပိုဒ်ခွဲ ၃၇)။
ပြည်နယ်တစ်ခုက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များကို ချမှတ်သည့်အခါ ၎င်းတို့သည် တရားဥပဒေနှင့်ညီညွတ်မှု၊ တရားဝင် ရည်ရွယ်ချက်၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် (အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃၊ ICCPR)။ ဤသတ်မှတ်ချက်များကို "အပိုင်းသုံးပိုင်းခွဲ စမ်းသပ်မှု" အဖြစ် ရည်ညွှန်းလေ့ရှိသည်။ ဘုတ်အဖွဲ့သည် စိစစ်သုံးသပ်နေဆဲ သီးခြားအကြောင်းအရာအလိုက် ဆုံးဖြတ်ချက်နှင့် အကြောင်းအရာထိန်းချုပ်မှုအပေါ် Meta ၏ ပိုမိုကျယ်ပြန့်သော ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်၍ ၎င်းက ဆိုလိုသည့်အရာ နှစ်ခုစလုံးနှင့်ဆက်စပ်၍ Meta ၏ ဆန္ဒအလျောက်ပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို အဓိပ္ပာယ်ကောက်ယူရန် ဤမူဘောင်ကို အသုံးပြုသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ဆိုထားသည့်အတိုင်း "ကုမ္ပဏီများသည် အစိုးရများ၏ တာဝန်ဝတ္တရားများ မရှိသော်လည်း ၎င်းတို့အသုံးပြုသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ခြင်းအကြောင်း တူညီသောမေးခွန်းများကို ဆန်းစစ်ရန် လိုအပ်သည့်ကိစ္စမျိုးတွင် ၎င်းတို့အပေါ် သက်ရောက်မှုရှိသည်" ဟု ဆိုသည် (အစီရင်ခံစာ က/၇၄/၄၈၆၊ အပိုဒ် ၄၁)။
၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် စည်းမျဉ်းများသည် ရှင်းလင်း၍ အများနားလည်ရ လွယ်ကူရမည်ဖြစ်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေအောက်ရှိ တရားဥပဒေနှင့်ညီညွတ်မှု အခြေခံမူတွင် သတ်မှတ်ထားသည် (အထွေထွေမှတ်ချက် အမှတ် ၃၄၊ ပိုဒ်ခွဲ ၂၅)။ လူပုဂ္ဂိုလ်များက ၎င်းတို့၏ အပြုအမူကို သင့်လျော်စွာ ထိန်းညှိနိုင်စေရန်အတွက် ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များကို လုံလောက်သော တိကျမှုဖြင့် စီကုံးရေးသားသင့်သည် (Ibid)။ Meta နှင့်စပ်လျဉ်း၍ ကုမ္ပဏီသည် ပလက်ဖောင်းပေါ်တွင် ခွင့်ပြုထားသည့် အကြောင်းအရာများနှင့် ခွင့်မပြုထားသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အသုံးပြုသူများအား လမ်းညွှန်ချက် ပေးသင့်သည်။ ထို့အပြင် ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ကန့်သတ်သည့် စည်းမျဉ်းများမှာလည်း “ [၎င်းတို့ကို] အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသူများအား စည်းကမ်းမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပေးအပ်၍မရနိုင်ပါ"။ ထို့အပြင် “မည်သည့် ထုတ်ဖော်ပြောဆိုမှုမျိုးကို သင့်တင့်လျောက်ပတ်စွာ ကန့်သတ်ထားပြီး မည်သည့်ထုတ်ဖော်ပြောဆိုမှုမျိုးကို ကန့်သတ်ထားခြင်းမရှိကြောင်း သေချာအောင် လေ့လာစိစစ်နိုင်စေရန်အတွက် ၎င်းတို့အား အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသူတို့ကို လုံလောက်သော လမ်းညွှန်မှု ပံ့ပိုးပေးရမည်" ( က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၆)။
ပထမအမှုအတွက် နာဇီအဆိုအမိန့်ရှိ ဘုတ်အဖွဲ့၏ အကြံပြုချက် နံပါတ် ၂ ကို တုံ့ပြန်သည့်အနေဖြင့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒ၏ အများဖတ်ရှုနိုင်သော သုံးနှုန်းဖော်ပြချက်တွင် "ချီးကျူးခြင်း" နှင့်ဆိုင်သော ဥပမာများကို ထည့်သွင်းထားကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ "အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း သို့မဟုတ် ဆောင်ရွက်ချက်တစ်ခုနှင့် မိမိ၏သဘောထားချင်း တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်း ထုတ်ဖော်ပြခြင်း" တားမြစ်ချက်ကို ရှင်းလင်းပြတ်သားသော ဥပမာပေးခြင်းသည် Meta ၏ စည်းမျဉ်းများကို လုံလောက်စွာ ရှင်းလင်းစေမည့်အပြင် ပထမအမှုရှိ အသုံးပြုသူအတွက်ရော စည်းမျဉ်းကို လက်တွေ့ကိုင်တွယ်ဆောင်ရွက်သည့် အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက်ပါ နားလည်ရလွယ်ကူစေပါမည်။ ဤဥပမာကိုမူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ပြင်ဆင်ချက်တွင် ဖယ်ရှားခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။
ဒုတိယအမှုနှင့်ဆက်စပ်၍ အသုံးပြုသူက သူ့ရည်ရွယ်ချက်ကို အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့်ပတ်သက်၍ အစီရင်ခံရန်၊ ကြားနေသဘေဘာဖြင့် ဆွေးနွေးရန် သို့မဟုတ် ဝေဖန်ရှုတ်ချရန်ဟု ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိလျှင် အဆိုပါသတ်မှတ်ထားသော အဖွဲ့အစည်းများ၏ သင်္ကေတများအား မျှဝေခြင်းကို တားမြစ်သည့် Meta ၏ မူဝါဒသည် လုံလောက်စွာ ရှင်းလင်းပြီး တရားဥပဒေနှင့်ညီညွတ်မှု စမ်းသပ်ချက်နှင့် ကိုက်ညီကြောင်း ဘုတ်အဖွဲ့က သဘောတူသည်။ ဒုတိယအမှုနှင့်စပ်လျဉ်း၍ပင် ၂၀၂၃ ဩဂုတ်လ ပြန်လည်ပြင်ဆင်မှုများ မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအရ ခြွင်းချက်သည် တရားဥပဒေနှင့်ညီညွတ်မှု စမ်းသပ်ချက်နှင့် ကိုက်ညီသည်ဟုလည်း ဘုတ်အဖွဲ့က နောက်ထပ်တွေ့ရှိသည်။
မည်သို့ပင်ဆိုစေကာမူ အမုန်းတရားဖြန့်ဝေသည့် အဖွဲ့အစည်းများကို သတ်မှတ်ခြင်းနှင့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒ၏ အဆင့် ၁ အောက်တွင် မည်သည့်အဖွဲ့အစည်းများ ပါဝင်သည်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်းကို ဘုတ်အဖွဲ့က စိုးရိမ်သည်။ ထိုသို့ပွင့်လင်းမြင်သာမှုမရှိသဖြင့် မည်သည့်အဖွဲ့အစည်းများနှင့် သဘောထားချင်း တစ်စိတ်တစ်ဝမ်းတည်းဖြစ်သည်ကို ဖော်ပြခွင့်ပြုထားကြောင်း သို့မဟုတ် ဖော်ပြခွင့်မပြုထားကြောင်း သို့မဟုတ် မည်သည့်သင်္ကေတများကို မျှဝေနိုင်ကြောင်း အသုံးပြုသူများအတွက် နားလည်ရန် ခက်ခဲစေသည်။
အဆင့် ၁ အကြမ်းဖက် အဖွဲ့အစည်းများတွင် ပြည်ပအကြမ်းဖက်အဖွဲ့အစည်းများ (FTO များ) သို့မဟုတ် အထူးသတိထားရန် သတ်မှတ်ထားသော ကမ္ဘာအနှံ့ရှိ အကြမ်းဖက်သမားများ (SDGT များ) အဖြစ် အမေရိကန်ပြည်ထောင်စု အစိုးရက သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ပါဝင်ပြီး ရာဇဝတ်အဖွဲ့အစည်းများတွင် အထူးသတိထားရန် သတ်မှတ်ထားသော မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားသည့် အဓိကပုဂ္ဂိုလ်များ (SDNTK များ) အဖြစ် အမေရိကန်ပြည်ထောင်စု အစိုးရက သတ်မှတ်ထားသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုအစိုးရသည် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ သတ်မှတ်ချက်များထဲမှ အနည်းဆုံး တချို့တဝက်နှင့် ကိုက်ညီသည့် FTO၊ SDGT နှင့် SDNTK သတ်မှတ်ချက်များအတွက် စာရင်းများကို ထုတ်ပြန်ထားသည်။ သို့သော် Meta ၏ အဆင့် ၁ "အမုန်းတရားဖြန့်ဝေသည့် အဖွဲ့အစည်း" သတ်မှတ်ချက်များ စာရင်းအပြည့်အစုံသည် အမေရိကန်ပြည်ထောင်စု၏ အလားတူ လူသိရှင်ကြားထုတ်ပြန်ထားသော စာရင်းအပေါ် အခြေခံထားခြင်းမဟုတ်ပါ။ ဘုတ်အဖွဲ့သည် နာဇီအဆိုအမိန့် အမှုတွင် အဆင့် ၁ အဖွဲ့အစည်းစာရင်းကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးရန် တောင်းဆိုခဲ့သော်လည်း Meta သည် "အန္တရာယ်ကင်းရှင်းရေး အကြောင်းပြချက်များ" ကြောင့် ထိုသို့ဖော်ပြပေးရန် ငြင်းဆိုခဲ့သည်။
မျှဝေထားသော Al Jazeera ပို့စ် အမှုရှိ အကြံပြုချက် နံပါတ် ၁ ကို တုံ့ပြန်သည့်အနေဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ပြင်ဆင်ချက် ပြုလုပ်ပြီးနောက် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒ၏ အများဖတ်ရှုနိုင်သော သုံးနှုန်းဖော်ပြချက်ကို ခြွင်းချက်ကျင့်သုံးခြင်းဆိုင်ရာ ဥပမာအချို့နှင့် ထပ်လောင်းဖြည့်စွက်ထားသည်။ မည်သည့်ဥပမာကမျှ ရွေးကောက်ပွဲများအခြေအနေတွင် မူဝါဒခြွင်းချက် ကျင့်သုံးခြင်းကို သာဓကမပြထားသဖြင့် ပြင်ဆင်ထားသော ခြွင်းချက်၏ သက်ရောက်မှုအတိုင်းအတာ အပြည့်အစုံကို အသုံးပြုသူများအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ပြည်သူလူထု လွတ်လပ်စွာစုဝေးမျှဝေရာရပ်ဝန်း သေးငယ်သွားပြီး မီဒီယာလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်မှုများရှိသည့် အခြေအနေများတွင် လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းများသည် တန်ဖိုးမဖြတ်နိုင်သော အချက်အလက် အရင်းအမြစ်တစ်ခုဖြစ်သည်။ ရွေးကောက်ပွဲကာလများအတွင်း ပြင်ဆင်ထားသော မူဝါဒခြွင်းချက်၏ အတိုင်းအတာနှင့်ပတ်သက်၍ မရေရာမှုကြောင့် ထိုသို့သော အခြေအနေများတွင် ရွေးကောက်ပွဲ ကိုယ်စားလှယ်များနှင့် ထိုပုဂ္ဂိုလ်များ၏ထောက်ခံသူများ (အဆင့် ၁ သတ်မှတ်ထားသော အဖွဲ့အစည်းများလည်း ဖြစ်နိုင်သည်) အကြောင်း မည်သို့သော ဆွေးနွေးမှုအမျိုးအစားများတွင် ပါဝင်နိုင်သည်ကို အသုံးပြုသူများအနေဖြင့် သေချာမသိနိုင်ခဲ့ပါ။
သဘောထားချင်း တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှုပုံစံဖြင့် "ချီးကျူးခြင်း" အပေါ် Meta ၏ တားမြစ်ချက်အပြင် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် အကျိုးသက်ရောက်သည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ၏ သင်္ကေတများအား မျှဝေခြင်းအပေါ် တားမြစ်ချက်သည် တရားဥပဒေနှင့်ညီညွတ်မှုစံနှုန်းနှင့် ကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ သို့သော် ရွေးကောက်ပွဲအခြေအနေတွင် ခွင့်ပြုထားသည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့်ပတ်သက်၍ "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" ၏ အတိုင်းအတာသည် နောက်ထပ်ရှင်းလင်းချက်ကို လိုအပ်သည်။
၂။ တရားဝင်ရည်ရွယ်ချက်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ချမှတ်သည့် ကန့်သတ်ချက်များသည် အခြားသူများ၏ လုပ်ပိုင်ခွင့်ကို ကာကွယ်ခြင်း၊ ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှုနှင့် နိုင်ငံ့လုံခြုံရေးအတွက် ကာကွယ်ခြင်း အပါအဝင် တရားဝင်ရည်ရွယ်ချက်တစ်ခုကို လက်ကိုင်ပြုရမည်။
မူဝါဒဆိုင်ရာ သဘောတရားအရ Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒသည် "လက်တွေ့ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုကို တားဆီးရန်နှင့် အဟန့်အတားပြုရန်" ရည်ရွယ်သည်။ ဆုံးဖြတ်ချက်အချို့တွင် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒသည် အခြားသူများ၏ လုပ်ပိုင်ခွင့်ကို ကာကွယ်ခြင်းဆိုသည့် တရားဝင်ရည်ရွယ်ချက်ကို လက်ကိုင်ပြုကြောင်း ဘုတ်အဖွဲ့က တွေ့ရှိခဲ့သည် (နာဇီအဆိုအမိန့်၊ သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းခြင်း၊အိန္ဒိယရှိ RSS နှင့်ပတ်သက်၍ ပန်ချာပီတို့၏ စိုးရိမ်မှု ကို ကြည့်ပါ)။ ဤအမှုနှစ်ခုတွင် Meta ၏ မူဝါဒသည် ခွဲခြားဆက်ဆံမခံရခွင့်နှင့် တန်းတူညီမျှမှုရရှိခွင့် (ICCPR၊ အပိုဒ် ၂ နှင့် ၂၆)၊ အသက်ရှင်ရပ်တည်ခွင့် (ICCPR၊ အပိုဒ် ၆)၊ နှိပ်စက်သော၊ လူမဆန်၍ နှိမ့်ချသော ဆက်ဆံမှုကို တားမြစ်ခြင်း (ICCPR၊ အပိုဒ် ၇) နှင့် ပြည်သူ့အရေးကိစ္စများတွင် ပါဝင်ခွင့်နှင့် မဲပေးခွင့် (ICCPR၊ အပိုဒ် ၂၅) ကဲ့သို့ အခြားသူများ၏ လုပ်ပိုင်ခွင့်ကို ကာကွယ်ပေးခြင်းဆိုသည့် တရားဝင်ရည်ရွယ်ချက်တစ်ခုကို လက်ကိုင်ပြုကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
လိုအပ်မှုနှင့် အချိုးကျမျှတမှု အခြေခံမူတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်ချက်မဆိုသည် “၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည်။ ၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည့် ဆောင်ရွက်ချက်များအနက် စွက်ဖက်မှု အနည်းဆုံး ဆောင်ရွက်ချက်လည်း ဖြစ်ရမည့်[အပြင်] အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်” ဟု သတ်မှတ်ပြဋ္ဌာန်းသည် ( အထွေထွေမှတ်ချက်နံပါတ် ၃၄၊ ပိုဒ်ခွဲ ၃၃-၃၄)။
ရွေးကောက်ပွဲများသည် ဒီမိုကရေစီဖော်ဆော်ရေးအတွက် အလွန်အရေးပါပြီး Meta ၏ ပလက်ဖောင်းများသည် အထူးသဖြင့် ရွေးကောက်ပွဲကာလများအတွင်း နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်းအတွက် ကမ္ဘာ့နေရာအများစုတွင် မရှိမဖြစ်လိုအပ်သော ကြားခံတစ်ခုဖြစ်လာကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ ဒီမိုကရေစီစနစ်နှင့် လွန်စွာဆက်နွှယ်မှုရှိသော အချက်ကြောင့် နိုင်ငံရေးမိန့်ခွန်းသည် “မြင့်မားသော ကာကွယ်မှုအဆင့်ကို ရရှိသည်” (အထွေထွေမှတ်ချက် နံပါတ် ၃၇၊ အပိုဒ် ၁၉ နှင့် ၃၂)။ “ဒစ်ဂျစ်တယ်မီဒီယာနှင့် ပလက်ဖောင်းများသည် အသုံးပြုသူများအား မတူကွဲပြားသော နိုင်ငံရေးအမြင်များနှင့် ရှုထောင့်များကို ဝင်ရောက်ကြည့်ရှုခွင့်ပေးမည့် အစီအမံများချမှတ်ရန် ကျိုးကြောင်းဆီလျော်စွာ ကြိုးပမ်းသင့်သည်” ဟု နိုင်ငံတကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် မှတ်ချက်ပြုထားသည်၊ ( ပူးတွဲကြေညာချက် ၂၀၂၂)။ "သတင်းအချက်အလက် ရှာဖွေခွင့်၊ ရယူပိုင်ခွင့်နှင့် ပေးအပ်ခွင့် အပါအဝင် အထူးသဖြင့် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးမှုများမှတစ်ဆင့် နိုင်ငံရေး ပါတီများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ထင်မြင်ချက်ပေးခွင့်သည် ရွေးကောက်ပွဲများ၏ သမာသမတ်ရှိမှုအတွက် မရှိမဖြစ် လိုအပ်သည်" ဟု ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ပြောကြားခဲ့သည် ( က/၆၈/၂၉၉၊ အပိုဒ် ၃၈ (၂၀၁၃))။
သို့သော်လည်း ဆိုးရွားသော လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်မှုများကို လျော့ပါးစေရန်အလို့ငှာ ပိုမိုထိခိုက်နစ်နာစေနိုင်သောကြောင့် ကန့်သတ်ထားနိုင်သည့် နိုင်ငံရေးဆိုင်ရာပြောဆိုမှုနှင့် အကာအကွယ်ပေးထားသော နိုင်ငံရေးမိန့်ခွန်းအကြား ကွဲကွဲပြားပြား ခွဲခြားသိရှိရန် အလွန်အရေးကြီးသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘုတ်အဖွဲ့က မှတ်ချက်ပြုထားသည့်အတိုင်း Meta သည် ၎င်း၏ပလက်ဖောင်းများကို အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် ဆိုးရွားသော လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်မှုများကို ဖော်ထုတ်၊ တားဆီး၍ လျော့ပါးအောင်လုပ်ပြီး တာဝန်ခံရန် ဝတ္တရားရှိပါသည် (UNGP များ၊ အခြေခံမူ ၁၇)။
" နိုင်ငံရေးပါတီ သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်လောင်းများက အကြမ်းဖက်မှုကို ကျင့်သုံးပါက သို့မဟုတ် အကြမ်းဖက်မှုကိုဖြစ်စေ၊ ခွဲခြားဆက်ဆံရန်၊ ရန်ငြှိုးဖွဲ့ရန် သို့မဟုတ် အကြမ်းဖက်ရန် လှုံ့ဆော်ရာရောက်သည့် အမျိုးသားရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးအမုန်းတရားကိုဖြစ်စေ ထောက်ခံအားပေးပါက" ၎င်းတို့ကို ဥပဒေအရ တားမြစ်နိုင်ကြောင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က အလေးပေးဖော်ပြခဲ့သည် (ICCPR၊ ပုဒ်မ ၂၀၊ ICERD၊ ပုဒ်မ ၅)။ ပုဒ်မ ၂၀၊ ICCPR နှင့် ပုဒ်မ ၅၊ ICERD အရ ကန့်သတ်ချက်များသည် ပုဒ်မ ၁၉၊ အပိုဒ် ၃၊ ICCPR အရ လိုအပ်မှုနှင့် အချိုးကျမျှတမှု စံနှုန်းများနှင့် ကိုက်ညီရမည် (အထွေထွေမှတ်ချက် ၃၄၊ အပိုဒ် ၅၀-၅၂၊ CERD/C/GC/၃၅၊ အပိုဒ် ၂၄-၂၅)။
ပထမအမှု- ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတစ်ဦး၏ မဲဆွယ်စည်းရုံးရေး လက်ကမ်းစာစောင်
အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအရ ပထမပို့စ်ကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်သည် လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ အခြေခံမူများနှင့် ကိုက်ညီသည်ဟု ဘုတ်အဖွဲ့ဝင်အများစုက ယူဆသည်။ ဘုတ်အဖွဲ့ဝင်အများစုသည် အသုံးပြုသူများ၏ သတင်းအချက်အလက်များ မျှဝေခွင့်နှင့် လက်ခံရယူခွင့် အပါအဝင် ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၏ အရေးပါမှုကို အသိအမှတ်ပြုကြသည်။ သို့သော် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အမုန်းတရားဖြန့်ဝေခြင်းကြောင့် လူထုပြစ်တင်ဝေဖန်မှုကို ခံရသူနှင့် သဘောထား တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်း ဖော်ပြသော ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတစ်ဦး၏ ပို့စ်ကို Meta အနေဖြင့် ဖယ်ရှားရာတွင် ကျိုးကြောင်းခိုင်လုံမှုရှိခဲ့သည်ဟု ဤဘုတ်အဖွဲ့ဝင်များက ယူဆသည်။ ရွေးကောက်ပွဲကာလအတွင်း ဤကဲ့သို့သော ထောက်ခံမှုများအပါအဝင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ သို့မဟုတ် ၎င်းတို့၏ လုပ်ဆောင်မှုများကို "အစီရင်ခံရန်၊ ကြားနေသဘောဖြင့် ဆွေးနွေးရန် သို့မဟုတ် ဝေဖန်ရှုတ်ချရန်" အသုံးပြုသူများအတွက် ခွင့်ပြုချက်နှင့်အတူ ဤတားမြစ်ချက်ကို ချမှတ်ခြင်းသည် Meta ၏ လူ့အခွင့်အရေး ကတိကဝတ်များနှင့် ကိုက်ညီပါသည်။
ဤအမှုတွင် အဆိုပါပို့စ်ကို Meta ၏ ပလက်ဖောင်းမှ ဖယ်ရှားခြင်းသည် ၎င်းတွင်ပါရှိသော အချက်အလက်များအား အများပြည်သူ သိရှိခွင့်ကို အချိုးမညီမျှစွာ ကန့်သတ်ထားခြင်း မဟုတ်ကြောင်း ဤဘုတ်အဖွဲ့ဝင်များက နားလည်ပါသည်။ အမုန်းတရားအခြေပြု ရာဇဝတ်မှုများနှင့်ဆက်နွှယ်သော ရာဇဝတ်အဖွဲ့အစည်းကို ဦးဆောင်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရပြီး အန္တရာယ်ရှိသည်ဟုလည်း သတ်မှတ်ခံထားရသည့် အဖွဲ့အစည်း၏ ထောက်ခံချက်အကြောင်းကို ဒေသတွင်းနှင့် ဒေသဆိုင်ရာ မီဒီယာသတင်းအစီရင်ခံချက် အမြောက်အမြားတွင် ဖော်ပြထားသောကြောင့် ကိုယ်စားလှယ်လောင်း၏ ပါတီကို ထောက်ခံသည့် ဤဖော်ပြချက်အကြောင်း အများပြည်သူလေ့လာသိရှိရန် အခြားအခွင့်အရေးများ ရှိခဲ့ပါသည်။ ဤကဲ့သို့သော မီဒီယာသတင်းအစီရင်ခံချက်များသည် ပြင်ပကမ္ဘာတွင် နောက်ထပ်ထိခိုက်မှုမရှိစေဘဲ ရွေးကောက်ပွဲနှင့်ဆက်စပ်သည့် အခြေအနေများတွင် တရားဝင်ဆွေးနွေးခွင့်ပြုသည့် မူဝါဒခြွင်းချက်အတွက် သတ်မှတ်ချက်ပြည့်မီပြီးဖြစ်ပါမည်။
ရွေးကောက်ပွဲနှင့် အခြားအန္တရာယ်များသော အခြေအနေများတွင် ဆိုးရွားသော လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်မှုများကို တားဆီးရန်၊ လျော့ပါးစေရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် Meta ၏ တာဝန်ဝတ္တရားသည် ပိုမိုအရေးပါလာပြီး ကုမ္ပဏီအနေဖြင့် ထိခိုက်နစ်နာမှုမဖြစ်အောင် တားဆီးရန်အတွက် အကာအကွယ်များ ထားရှိရန် လိုအပ်သည်။ Meta တွင် နိုင်ငံရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုကို ခွင့်ပြုပေးရန်အတွက်သာမက အခြားလူ့အခွင့်အရေးများအပေါ် ဆိုးရွားသော ထိခိုက်မှုများမဖြစ်အောင် တားဆီးရန်လည်း တာဝန်ရှိသည်။ ရွေးကောက်ပွဲနှင့်ဆက်စပ်သော အခြေအနေတွင် အကြမ်းဖက်မှုကို လှုံ့ဆော်ရန် ၎င်း၏ပလက်ဖောင်းများကို အသုံးပြုနိုင်ခြေရှိသောကြောင့် Meta သည် ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ရှိမှုအတွက် ကြိုးပမ်းအားထုတ်မှုများမှာ ထိရောက်ကြောင်း စဉ်ဆက်မပြတ် သေချာလုပ်ဆောင်သင့်သည် (ဘရာဇီးဗိုလ်ချုပ်ကြီး၏ မိန့်ခွန်းကို ကြည့်ပါ)။ ကမ္ဘာတစ်ဝန်းရှိ ရွေးကောက်ပွဲများစွာကို ကြည့်လျှင် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို အထူးသတိထား၍ စည်းကမ်းထိန်းသိမ်းခြင်း၊ အထူးသဖြင့် ရွေးကောက်ပွဲနှင့်ဆက်စပ်သည့် အခြေအနေများတွင် ၎င်း၏ပြင်ဆင်ထားသော မူဝါဒခြွင်းချက်သည် မရှိမဖြစ် အရေးကြီးပါသည်။
အဆင့် ၁ အဖြစ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း၏ ထောက်ခံမှုကို လူသိရှင်ကြား ကြေညာသော တရားဝင် ကိုယ်စားလှယ်လောင်း၏ ပို့စ်သည် ထိုကိုယ်စားလှယ်လောင်း၏ အစီအစဉ်နှင့်ပတ်သက်သော အချက်အလက် မဟုတ်သော်လည်း တားမြစ်ထားသော ပါတီတစ်ခုနှင့် ဆက်နွှယ်မှုကို ဖော်ပြခြင်းဖြစ်သည်ဟု ဘုတ်အဖွဲ့ဝင်အချို့က ယူဆသည်။ အဆိုပါလူသိရှင်ကြား ထုတ်ပြန်ကြေညာချက်များကို အဆင့် ၁ အဖြစ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများအား ဝန်ဆောင်မှုများအသုံးပြုခွင့်မှ တားမြစ်ထားသော Meta ၏ တားမြစ်ချက်ကို ရှောင်ရှားရန်နှင့် ဒီမိုကရေစီဝါဒအခြေခံသော လုပ်ငန်းစဉ်ကို ပျက်ပြားစေရန်အတွက် အသုံးပြုနိုင်သည် (ICCPR၊ ပုဒ်မ ၅)။ ထို့အပြင် ရှိနေပြီးသား မဟာမိတ်ပူးပေါင်းမှုများအကြောင်း လေ့လာရန် ပြည်သူလူထုအတွက် လုံလောက်သော အခွင့်အလမ်းများရှိခဲ့သည့် လက်ရှိအမှုတွင် ကိုယ်စားလှယ်လောင်း၏ ပို့စ်အား ဖယ်ရှားခြင်းသည် အချိုးကျမမျှတခြင်း မဟုတ်ခဲ့ပါ။
ပထမအမှုတွင်မူ အကြောင်းအရာကို ဖယ်ရှားခြင်းသည် ရွေးကောက်ပွဲကာလအတွင်း အသုံးပြုသူများ၏ သတင်းအချက်အလက်များ မျှဝေခွင့်နှင့် လက်ခံရယူခွင့်ကို အချိုးအညီမျှစွာ နှောင့်ယှက်ကန့်သတ်ခဲ့သည်ဟု ဘုတ်အဖွဲ့ဝင်အနည်းစုက ယူဆသည်။ အဆိုပါဘုတ်အဖွဲ့ဝင်များသည် Meta ၏ "ထုတ်ဖော်ပြောဆိုခွင့်အပေါ် ထားရှိသည့် ကတိကဝတ်က ပဓာနကျသည်" ဟု ဦးစားပေးဖော်ပြပြီး ဤအမှုတွင် ကုမ္ပဏီသည် သဘောထားထုတ်ဖော်ခွင့်ထက် အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးခြင်းကြောင့် မှားယွင်းသွားခဲ့သည်။ မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ လှုပ်ရှားမှုများဆိုင်ရာ သတင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှုခွင့် ရှိသင့်ပြီး အလားတူပင် ဂရိတရားရုံးချုပ်က ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားသော ပါတီတစ်ခုသည် ၎င်း၏ကိုယ်စားလှယ်လောင်းများ ထုတ်ပြန်နိုင်သည့် အချက်အလက်များအတွက် အကျယ်ပြန့်ဆုံး လွတ်လပ်ခွင့် ရှိသင့်သည်။ ဤအမှုတွင် စပါတန်ပါတီ (Spartans) သည် ပါတီအသစ်ဖြစ်သောကြောင့် မဲဆန္ဒရှင်များသည် ၎င်းအကြောင်းကို သိပ်မသိကြသေးပေ။
တစ်ချိန်တည်းမှာပင် ဂရိနိုင်ငံရှိ မီဒီယာများအပေါ် ယုံကြည်မှု ကျဆင်းလာကြောင်း ဖော်ပြထားသည့် အစီရင်ခံစာများကို ထောက်ဆလျှင် (အထက်ပါ ပုဒ်မ ၂ ကို ကြည့်ပါ) မဲဆန္ဒရှင်များသည် တရားဝင် ကိုယ်စားလှယ်လောင်းများထံမှ တိုက်ရိုက်ကြားသိခွင့် ရှိသင့်သည်။ ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ၎င်းတို့၏ပါတီများက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မှ ပိတ်ပင်ခံထားရသော သို့မဟုတ် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအရ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားနိုင်သော အဖွဲ့အစည်းများထံမှ ထောက်ခံမှု သို့မဟုတ် သစ္စာခံမှုကို ရရှိသည့်အခါ ထိုသို့တိုက်ရိုက်ကြားသိခွင့်ကို အထူးလိုအပ်ပါသည်။
လူမှုကွန်ရက် ပလက်ဖောင်းသည် မဲဆန္ဒရှင်များက ကိုယ်စားလှယ်လောင်း သို့မဟုတ် ပါတီအကြောင်းနှင့်ပတ်သက်၍ မည်သည်တို့ကို သိခွင့်ပြုသည် သို့မဟုတ် မပြုသည်အား အဆုံးအဖြတ်ပေးသူ မဖြစ်သင့်ပါဟု ဤဘုတ်အဖွဲ့ဝင်များက မှတ်ချက်ပြုသည်။ ရွေးကောက်ပွဲဆိုင်ရာ ဆက်စပ်အခြေအနေ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားလျှင် ပထမအမှုတွင် ပါဝင်သည့်အကြောင်းအရာကို ဖယ်ရှားခြင်းသည် စွက်ဖက်နှောင့်ယှက်မှုအနည်းဆုံး နည်းလမ်းမဟုတ်သည့်အပြင် ကိုယ်စားလှယ်လောင်း၏ မိန့်ခွန်းနှင့် မဲဆန္ဒရှင်များ၏ သတင်းရယူပိုင်ခွင့်ကို အချိုးမညီမျှစွာ ကန့်သတ်ခြင်းလည်းဖြစ်ကြောင်း ၎င်းတို့က ယူဆထားပါသည်။ ယင်းအစား Meta ၏ စံတန်ဖိုးများနှင့် လူ့အခွင့်အရေး ကတိကဝတ်များနှင့်အညီ ကုမ္ပဏီသည် ၎င်း၏ သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်အရ ပို့စ်ကို ဆက်လက်ထားရှိသင့်ပေသည်။ အကြောင်းအရာသည် တရားဝင် ကိုယ်စားလှယ်လောင်းတစ်ဦးက သူ၏မဲဆွယ်စည်းရုံးမှုနှင့် မစ္စတာ Kasidiaris ထံမှ ထောက်ခံမှုရရှိသည့်အကြောင်းကို မဲဆန္ဒရှင်များအား တိုက်ရိုက်အသိပေးပြီး ဂရိနိုင်ငံရှိ ရွေးကောက်ပွဲကာလအတွင်း တင်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ပို့စ်တစ်ခု ဖြစ်သောကြောင့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအကြောင်း ပိုမိုသိရှိရန် ပြည်သူလူထု၏ အကျိုးစီးပွားသည် ထိခိုက်မှုအန္တရာယ်ထက် အလေးသာနေသည်။
ဒုတိယအမှု- ဂရိအမျိုးသားပါတီ (National Party – Greeks) ၏ အမှတ်တံဆိပ်နှင့် “စပါတန်ပါတီ (Spartans)” ၏ ဆောင်ပုဒ်
ဒုတိယအမှုတွင် ပို့စ်သည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အမုန်းတရားဖြန့်ဝေသည့် အဖွဲ့အစည်းတစ်ခု၏ သင်္ကေတကို မျှဝေထားသောကြောင့် အဆိုပါအမှုတွင် Meta ၏ အကြောင်းအရာကို ဖယ်ရှားပစ်ခြင်းသည် လိုအပ်ပြီး အချိုးကျမျှတကြောင်း ဘုတ်အဖွဲ့ဝင်အများစုက တွေ့ရှိရသည်။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းတစ်ခုအကြောင်း အစီရင်ခံရန်၊ ကြားနေသဘောဖြင့် ဆွေးနွေးရန် သို့မဟုတ် ဝေဖန်ရှုတ်ချရန်အတွက် အကြောင်းအရာကို မျှဝေထားကြောင်း ဆက်စပ်စဉ်းစားစရာ အရိပ်အမြွက်တစ်ခုမျှ မရှိသဖြင့် ဖယ်ရှားမှုသည် ကျိုးကြောင်းလျော်ကန်ခဲ့သည်။
ဤအကြောင်းအရာကို ဖယ်ရှားရာတွင် Meta က မှားယွင်းသည်ဟု ဘုတ်အဖွဲ့ဝင်အနည်းစုက ယူဆသည်။ အကြောင်းအရာကို အန္တရာယ်ရှိ၊ မရှိ ဆုံးဖြတ်ရာတွင် ဆက်စပ်အခြေအနေအပေါ် မူတည်သော သုံးသပ်ချက်တစ်ခု လိုအပ်ကြောင်း ဤလူနည်းစုက ယူဆသည်။ အကြမ်းဖက်မှု သို့မဟုတ် ဥပဒေနှင့်မညီသောလုပ်ရပ်ကို ပြုလုပ်ရန် လှုံ့ဆော်ထားသည့် အရိပ်အယောင်မရှိဘဲ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းတစ်ခု၏ သင်္ကေတကို မျှဝေထားသော ပို့စ်တစ်ခုအား ဖယ်ရှားခြင်းသည် အချိုးကျမျှတခြင်းမရှိသည့်အပြင် ထိခိုက်နစ်နာမှုမှ ကာကွယ်ရန် စွက်ဖက်နှောင့်ယှက်မှုအနည်းဆုံး နည်းလမ်းမဖြစ်နိုင်ပါ။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် အမှုနှစ်ခုစလုံးတွင် ပို့စ်များကိုဖြုတ်ချရန် Meta ၏ ဆုံးဖြတ်ချက်များကို မူလအတိုင်း လက်ခံဆုံးဖြတ်သည်။
၁၀။ အကြံပြုချက်များ
အကြောင်းအရာဆိုင်ရာ မူဝါဒ
၁။ အသုံးပြုသူများအတွက် ပိုမိုရှင်းလင်းမှုရှိစေရန် Meta သည် "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်း" အခြေအနေတွင် "အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ သို့မဟုတ် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို အစီရင်ခံသော၊ ကြားနေသဘောဖြင့် ဆွေးနွေးသော သို့မဟုတ် ဝေဖန်ရှုတ်ချသော" အကြောင်းအရာကို မျှဝေခွင့်ပြုသည့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းအရ မူဝါဒခြွင်းချက်၏ အတိုင်းအတာကို နားလည်လွယ်အောင် ရှင်းပြပေးသင့်သည်။ အထူးသဖြင့် ဤမူဝါဒခြွင်းချက်က ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာနှင့် မည်သို့ဆက်စပ်မှုရှိကြောင်း Meta က ရှင်းပြပေးသင့်သည်။
Meta သည် ၎င်း၏လူမှုစံနှုန်းတွင် ဤရှင်းလင်းဖော်ပြချက်ကို ပြောင်းလဲပြင်ဆင်လိုက်သည့်အခါ ၎င်းကို အကောင်အထည်ဖော်ပြီး ဖြစ်သည်ဟု ဘုတ်အဖွဲ့က မှတ်ယူပါမည်။
*လုပ်ထုံးလုပ်နည်းဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစုက ထောက်ခံအတည်ပြုထားသည်။ ဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ဧကန်မုချ ကိုယ်စားမပြုပါ။
ဤဆုံးဖြတ်ချက်အတွက် ဘုတ်အဖွဲ့၏ကိုယ်စား သီးခြားလွတ်လပ်သော သုတေသနလေ့လာမှုတစ်ခုကို ပြုလုပ်စေခဲ့ပါသည်။ ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားပြီး တိုက်ကြီး ခြောက်တိုက်မှ လူမှုရေးသိပ္ပံပညာရှင်ပေါင်း ၅၀ ကျော်အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃,၂၀၀ ကျော် ပါဝင်သော အဖွဲ့ဖြစ်သည့် လွတ်လပ်သော သုတေသနအဖွဲ့အစည်းတစ်ခုက ဘုတ်အဖွဲ့ကို ကူညီပေးခဲ့သည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် အန္တရာယ်ကင်းရှင်းရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers ကလည်း ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့တွင်ကျယ်နေသည့်အရာများနှင့် ပတ်သက်၍ အများသိရှိနိုင်သော အချက်အလက်များအပေါ်အခြေခံ၍ သုတေသနလုပ်ဆောင်မှုတွင် ပါဝင်သည့် အဖွဲ့အစည်း Memetica သည်လည်း လေ့လာဆန်းစစ်မှုကို ဆောင်ရွက်ပေးခဲ့ပါသည်။
Retour aux décisions de cas et aux avis consultatifs politiques