Renversé
အမျိုးသမီးများအပေါ် တာလီဘန်တို့၏ ဖိနှိပ်မှုကို ပြထားသည့် ကာတွန်း
7 mars 2024
တာလီဘန်အစိုးရလက်အောက်တွင် အာဖဂန်အမျိုးသမီးများဖိနှိပ်ခံရမှုကို သရုပ်ဖော်ထားသည့် နိုင်ငံရေး ကာတွန်းတစ်ခု ပါရှိသော Facebook ပို့စ်ကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဤအမှုသည် Meta က ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် အမှားအယွင်းဖြစ်ခဲ့မှုများကို ဦးစားပေးဖော်ပြသည်။
ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည်။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက်တွင် Meta က အကြောင်းအရာ အစိတ်အပိုင်းတစ်ခုအပေါ် ၎င်း၏မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများကို ဆန်းစစ်လေ့လာထားပါသည်။ ဤဆုံးဖြတ်ချက်များတွင် Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များ ပါဝင်ပြီး ဘုတ်အဖွဲ့လုပ်ငန်းစဉ်၏ အကျိုးသက်ရောက်မှုအကြောင်း အများပြည်သူအား အသိပေးသည်။ ယင်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးကမဟုတ်ဘဲ ဘုတ်အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က အတည်ပြုထားပါသည်။ ၎င်းတို့သည် အများမြင်မှတ်ချက်များကို ထည့်သွင်းမစဉ်းစားသည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသော စံတန်ဖိုးမျိုးလည်း မရှိပါ။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် Meta ၏ အမှားပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာမှုရှိအောင် တင်ပြထားပြီး ကုမ္ပဏီအနေဖြင့် ၎င်း၏မူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် ပိုကောင်းအောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ဦးစားပေးဖော်ပြသည်။
အမှုအနှစ်ချုပ်
တာလီဘန်အစိုးရလက်အောက်တွင် အာဖဂန်အမျိုးသမီးများဖိနှိပ်ခံရမှုကို သရုပ်ဖော်ထားသည့် နိုင်ငံရေး ကာတွန်းတစ်ခု ပါရှိသော Facebook ပို့စ်ကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဤအမှုသည် အထူးသဖြင့် သရော်စာသုံး၍ နိုင်ငံရေးဆိုင်ရာ ဟောပြောဆွေးနွေးသည့် အခြေအနေတွင် Meta အနေဖြင့် ၎င်း၏အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် အမှားအယွင်းများ ရှိကြောင်းကို ဦးစားပေးဖော်ပြသည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြပြီးနောက်တွင် ကုမ္ပဏီသည် ၎င်း၏မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။
အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် နယ်သာလန်နိုင်ငံမှ ကာတွန်းပညာရှင်တစ်ဦးဖြစ်သည့် Facebook အသုံးပြုသူတစ်ဦးသည် တာလီဘန်အမျိုးသားသုံးဦးက ကားကြိတ်စက်ပေါ်တွင် ထိုင်နေပြီး ယင်းအောက်တွင် အမျိုးသမီးတစ်စု ဆင်းရဲဒုက္ခရောက်နေကြပုံကို ပြထားသော ကာတွန်းတစ်ခုကို တင်ခဲ့သည်။ နောက်ခံတွင် ထိန်းညှိခလုတ်မျက်နှာပြင်နှင့် ချိတ်ဆက်ထားသည့် "ဖိနှိပ်ရေးကိရိယာ" ဟု အညွှန်းတပ်ထားသော ကိရိယာတစ်ခုရှိပြီး အမျိုးသားများထဲမှတစ်ဦးက ခလုတ်ကိုနှိပ်ပြီး ကြိတ်စက်ကို အောက်သို့နှိမ့်နေသည်ကို တွေ့ရသည်။ ဤပုံနှင့်အတူပါရှိသော စာတန်းတွင်- "တာလီဘန်အုပ်ချုပ်မှု ၂ နှစ်ပြည့်။ #အာဖဂန်နစ္စတန် #တာလီဘန် #အမျိုးသမီးများ #ဖိနှိပ်မှု" ဟု ဖော်ပြထားသည်။ အဆိုပါပို့စ်သည် ပြင်ပကမ္ဘာတွင် သိသာထင်ရှားသော ထိခိုက်မှုနှင့်ဆက်စပ်နေသည်ဟု ကုမ္ပဏီက ဆုံးဖြတ်ထားသော အဖွဲ့များနှင့် လူပုဂ္ဂိုလ်များကို ကိုယ်စားပြုမှုနှင့် ယင်းတို့အကြောင်း ပြောဆိုမှုတချို့ကို တားမြစ်သည့် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို ချိုးဖောက်ခြင်းကြောင့် ၎င်းကို ဖယ်ရှားခဲ့ပါသည်။
အသုံးပြုသူက ဘုတ်အဖွဲ့ထံ သူ၏အယူခံလွှာတွင် အကြောင်းအရာသည် တာလီဘန်အုပ်ချုပ်မှုအောက်၌ အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများအပေါ် ဆက်လက်လုပ်ဆောင်နေသည့် ပိုမိုဆိုးရွားလာသော ဖိနှိပ်မှုများအပေါ် သုံးသပ်ဝေဖန်လျက် သရော်သည့်သဘောရှိသော နိုင်ငံရေးကာတွန်းတစ်ခု ဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် သို့မဟုတ် လှုပ်ရှားဆောင်ရွက်မှုများကို သတင်းအစီရင်ခံသည့်၊ ပြစ်တင်ရှုတ်ချသည့် သို့မဟုတ် ကြားနေသဘောဖြင့် ဆွေးနွေးသည့် အကြောင်းအရာကို ခွင့်ပြုသည်။
ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက် ကုမ္ပဏီက အကြောင်းအရာသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို မချိုးဖောက်ခဲ့ကြောင်းနှင့် ၎င်းကို ဖယ်ရှားမှုသည် မှားယွင်းခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ကုမ္ပဏီသည် အကြောင်းအရာကို Facebook တွင် ပြန်ထည့်သွင်းလိုက်သည်။
ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူမှ အယူခံဝင်ပြီးနောက်တွင် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။
Meta က ၎င်းသည် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်သည့် လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram အသုံးပြုသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပါသည်။
အမှု၏ အရေးပါမှု
ဤအမှုသည် အထူးသဖြင့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်သက်ဆိုင်သည့် ရုပ်ပုံများကို ရှာဖွေဖော်ထုတ်၍ အဓိပ္ပာယ်ကောက်ယူသည့်အခါ Meta ၏ စည်းကမ်းထိန်းသိမ်းမှု လုပ်ထုံးလုပ်နည်းများတွင် အားနည်းချက်များရှိနေသည်ကို ဦးစားပေးဖော်ပြသည်။ ဤမူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်းသည် ဤအမှုတွင် လုပ်ဆောင်ခဲ့သည့်နည်းတူ တရားဝင်ဖြစ်သော နိုင်ငံရေးဆိုင်ရာ ဟောပြောချက်နှင့်ဆက်စပ်သည့် အနုပညာထုတ်ဖော်ပြသမှုကို ဖယ်ရှားနိုင်ဖွယ်ရှိသည်။
၂၀၂၂ ခုနှစ်တွင် ဘုတ်အဖွဲ့က "Meta အနေဖြင့် စည်းကမ်းထိန်းသိမ်းမှု အမှားများကို ဖြစ်စေသည့် စနစ်ပိုင်းဆိုင်ရာ ပြဿနာများကို ရှာဖွေဖော်ထုတ်ရန်အတွက် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအောက်တွင် သတင်းအစီရင်ခံခြင်း ခွင့်ပြုချက်ကို အသုံးပြု၍ စည်းကမ်းထိန်းသိမ်းရာတွင် [လူကိုယ်တိုင်] စိစစ်သုံးသပ်သူများ၏ တိကျမှုကို အကဲဖြတ်သင့်သည်" ဟု အကြံပြုခဲ့သည် ( သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းဖော်ပြခြင်း၊ အကြံပြုချက် နံပါတ် ၅)။ ထို့အပြင် အလားတူဆုံးဖြတ်ချက် ( သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းဖော်ပြခြင်း၊ အကြံပြုချက် နံပါတ် ၆) ၌ “Meta အနေဖြင့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအတွက် ခွင့်ပြုချက်များကို အသုံးပြု၍ စည်းကမ်းထိန်းသိမ်းရာတွင် မှားယွင်းနိုင်ခြေများကို ပိုမိုထိရောက်စွာ ဦးစားပေးနိုင်ခြင်းရှိ၊ မရှိ စစ်ဆေးရန် HIPO အဆင့်သတ်မှတ်စနစ် [စည်းကမ်းမချိုးဖောက်ဘဲ ချိုးဖောက်သည်ဟု မှားယွင်းဆုံးဖြတ်နိုင်ခြေ မြင့်မားမှုအား ဖော်ထုတ်ဖယ်ရှားရေးစနစ်]ကို စိစစ်သုံးသပ်မှု ပြုလုပ်သင့်သည်" ဟု ဘုတ်အဖွဲ့က ဖော်ပြခဲ့သည်။ အကြံပြုချက်နှစ်ခုလုံးအတွက် Meta က အကောင်အထည်ဖော်ရာတွင် တိုးတက်မှုကို အစီရင်ခံခဲ့သည်။
"Meta အနေဖြင့် ၎င်းတွင် သရော်ထားသော အကြောင်းအရာနှင့် ဆက်စပ်အခြေအနေကို သင့်တင့်လျောက်ပတ်စွာ ဆန်းစစ်လေ့လာရန် လုပ်ထုံးလုပ်နည်းများရှိကြောင်းနှင့် သရော်ထားသော အကြောင်းအရာ ဖြစ်နိုင်ခြေရှိ၊ မရှိ အခြေအနေကို စုံစမ်းစစ်ဆေးရန် စိစစ်သူများအား လုံလောက်သော အားပေးထောက်ပံ့မှုများ ပေးထားကြောင်း သေချာအောင်လုပ်သင့်သည်" ဟူသော အကြံပြုချက်တစ်ခုကို ဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သည် ( ခလုတ်နှစ်ခု သရော်ပုံ၊ အကြံပြုချက် နံပါတ် ၃)။ Meta သည် ဤအကြံပြုချက်အတွက် တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်ထားကြောင်း အစီရင်ခံခဲ့သည်။
ဤအကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းသည် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအရ စည်းကမ်းထိန်းသိမ်းမှု အမှားအယွင်းအရေအတွက်ကို လျော့နည်းစေနိုင်ကြောင်း ဘုတ်အဖွဲ့က အလေးပေးပြောကြားသည်။
ဆုံးဖြတ်ချက်
အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို ကုမ္ပဏီ သတိပြုမိစေရန် တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။
Retour aux décisions de cas et aux avis consultatifs politiques