Renversé
လိင်ပြောင်းထားသူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် ပိုလန်ဘာသာဖြင့် ရေးသားထားသောပို့စ်
16 janvier 2024
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် အသုံးပြုသူတစ်ဦးက လိင်ပြောင်းထားသူများ အစုအဖွဲ့တွင် ပါဝင်သူများကို မိမိကိုယ်ကို သေကြောင်းကြံစည်ရန် အားပေးသည့် အကြမ်းဖက် စကားဖြင့် လိင်ပြောင်းထားသူများအား ပစ်မှတ်ထား တိုက်ခိုက်သော Facebook ပို့စ်တစ်ခုကို ဆက်လက်ထားရှိရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ပယ်ချလိုက်သည်။
ဤဆုံးဖြတ်ချက်ကို ပိုလန်ဘာသာဖြင့်ဖတ်ရန် ဤနေရာကိုနှိပ်ပါ။
Kliknij tutaj, aby przeczytać postanowienie w języku polskim.
အနှစ်ချုပ်
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် အသုံးပြုသူတစ်ဦးက လိင်ပြောင်းထားသူများ အစုအဖွဲ့တွင် ပါဝင်သူများကို မိမိကိုယ်ကို သေကြောင်းကြံစည်ရန် အားပေးသည့် အကြမ်းဖက် စကားဖြင့် လိင်ပြောင်းထားသူများအား ပစ်မှတ်ထား တိုက်ခိုက်သော Facebook ပို့စ်တစ်ခုကို ဆက်လက်ထားရှိရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ပယ်ချလိုက်သည်။ အဆိုပါပို့စ်သည် အမုန်းစကားအပြင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ လူမှုစံနှုန်းနှစ်ရပ်စလုံးကို ချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ သို့ရာတွင် ဤအမှုရှိ အခြေခံပြဿနာမှာ မူဝါဒများနှင့် မသက်ဆိုင်ဘဲ ၎င်းတို့ကို လိုက်နာရန် စည်းကမ်းထိန်းသိမ်းမှုနှင့် သက်ဆိုင်သည်။ ပို့စ်၏ အန္တရာယ်ရှိသော အကြောင်းအရာနှင့်ပတ်သက်၍ အချက်ပြမှုများစွာ ရှိနေခဲ့သည်တိုင် မှန်ကန်သော စည်းကမ်းထိန်းသိမ်းမှု လုပ်ဆောင်ရန် Meta ၏ အကြိမ်ကြိမ် ပျက်ကွက်မှုကြောင့် ဘုတ်အဖွဲ့အနေဖြင့် ကုမ္ပဏီသည် LGBTQIA+ အသိုင်းအဝိုင်း အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ၎င်းက ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုထားသည့် စံနှုန်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်းမရှိဟု ကောက်ချက်ချသည်။ ဘုတ်အဖွဲ့က Meta အား စည်းကမ်းထိန်းသိမ်းမှု ဟာကွက်များကို ဖြေရှင်းရန် တိုက်တွန်းသည်။ ယင်းတွင် စိစစ်သုံးသပ်သူများအတွက် ကုမ္ပဏီတွင်း လမ်းညွှန်ချက်ကို ပိုမိုကောင်းမွန်အောင်လုပ်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်သည်။
အမှု အကြောင်း
၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပိုလန်နိုင်ငံရှိ Facebook အသုံးပြုသူတစ်ဦးသည် လိင်ပြောင်းထားသူများကို ကိုယ်စားပြုသောအလံ၏ အရောင်များဖြစ်သည့် အပြာရောင်၊ ပန်းရောင်နှင့် အဖြူရောင်တို့ ပါသည့် အစင်းကျားခန်းဆီးတစ်ခု၏ ပုံတစ်ပုံကို တင်ခဲ့သည်။ ထိုပုံနှင့်အတူ "နည်းပညာအသစ် … သူဖာသာသူ တွဲလျားကျနေသော ခန်းဆီးများ" နှင့် ၎င်းတို့အပေါ်တွင် "နွေဦးရာသီ သန့်ရှင်းရေး <3" ဟု ပိုလန်ဘာသာဖြင့် ဖော်ပြထားသည့် စာသားများ ပါရှိသည်။ အသုံးပြုသူ၏ ကိုယ်ရေးအကျဉ်းတွင် "ကျွန်ုပ်က လိင်ပြောင်းထားသူများကို မနှစ်မြို့သူ ဖြစ်ပါတယ်" ဟူသော ဖော်ပြချက် ပါဝင်သည်။ ပို့စ်သည် တုံ့ပြန်မှု ၅၀ အောက် ရရှိခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် မေလအကြားတွင် မတူညီသောအသုံးပြုသူ ၁၁ ဦးမှ ပို့စ်ကို စုစုပေါင်း ၁၂ ကြိမ် တိုင်ကြားခဲ့သည်။ တိုင်ကြားချက် ၁၂ ခုမှ နှစ်ခုကိုသာ Meta ၏ အလိုအလျောက် လုပ်ဆောင်သော စနစ်များက လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် ဦးစားပေး တင်ပြခဲ့ပြီး ကျန်တိုင်ကြားချက်များကို ပိတ်သိမ်းလိုက်သည်။ Facebook ၏ မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ စံနှုန်းကို ချိုးဖောက်နိုင်ခြေရှိသည့်အတွက် လူကိုယ်တိုင် စိစစ်သုံးသပ်ရန် ပို့လိုက်သော တိုင်ကြားချက်နှစ်ခုကို စံနှုန်းချိုးဖောက်ထားခြင်း မရှိဟု အကဲဖြတ်ခဲ့သည်။ အမုန်းစကားပေါ်အခြေခံသည့် တိုင်ကြားချက်များထဲမှ မည်သည်ကိုမျှ လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် မပို့ခဲ့ပါ။
ထို့နောက် အသုံးပြုသူသုံးဦးသည် Facebook ပို့စ်ကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ပြီး အယူခံတစ်ခုကို လူကိုယ်တိုင် စိစစ်သုံးသပ်သူတစ်ဦးက စိစစ်သုံးသပ်ပြီးနောက် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ လူမှုစံနှုန်းပေါ်အခြေခံသည့် မူလဆုံးဖြတ်ချက်ကို မူလအတိုင်း လက်ခံဆုံးဖြတ်ခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း အမုန်းစကား လူမှုစံနှုန်းအောက်တွင် တင်သွင်းခဲ့သော အခြားအယူခံများကို လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် မပို့ခဲ့ပါ။ နောက်ဆုံးတွင် အကြောင်းအရာကို မူလကတိုင်ကြားခဲ့သည့် အသုံးပြုသူများအနက် တစ်ဦးက ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က ဤအမှုကို ရွေးချယ်လိုက်သည့် ရလဒ်အနေဖြင့် Meta က ပို့စ်သည် ၎င်း၏ အမုန်းစကားအပြင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ မူဝါဒများကို အမှန်တကယ် ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး ၎င်းကို Facebook မှ ဖယ်ရှားခဲ့သည်။ ထို့အပြင် ကုမ္ပဏီသည် ယခင်ချိုးဖောက်မှုများစွာကြောင့် အကြောင်းအရာကို တင်ခဲ့သည့် အသုံးပြုသူ၏ အကောင့်ကိုလည်း ပိတ်ခဲ့သည်။
အဓိက တွေ့ရှိချက်များ
အကြောင်းအရာတွင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ပေးထားသည့် အချက်များရှိသော လူတစ်စုအား မိမိကိုယ်ကို သေကြောင်းကြံစည်၍ သတ်သေရန် တိုက်တွန်းသည့် ပုံစံဖြင့် "အကြမ်းဖက် စကား" ပါဝင်သောကြောင့် ၎င်းသည် Meta ၏ အမုန်းစကား မူဝါဒကို ချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ လိင်ပြောင်းထားသူများအကြား မိမိကိုယ်ကို သေကြောင်းကြံစည်မှုကို အားပေးသည့် ပို့စ်သည် ခြိမ်းခြောက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းကို ခံစားရစေသည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့ပြီး ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုကို ဖြစ်ပေါ်စေခဲ့နိုင်သည်။ စာသားနှင့် ရုပ်ပုံ၏ သဘောသဘာဝကို ထည့်သွင်းစဉ်းစားလျှင် ပို့စ်သည် လိင်ပြောင်းထားသူ အသိုင်းအဝိုင်းက တွေ့ကြုံခံစားနေရသည့် စိတ်ကျန်းမာရေး ပြဿနာကိုလည်း ပိုမိုဆိုးဝါးစေခဲ့သည်။ အသရေဖျက်မှု ဆန့်ကျင်ရေး လိင်တူစုံမက်သူ အမျိုးသားနှင့် အမျိုးသမီး မဟာမိတ်အဖွဲ့ (Gay and Lesbian Alliance Against Defamation, GLAAD) ၏ လတ်တလော အစီရင်ခံစာတစ်ခု၌ အွန်လိုင်းတွင် "စွပ်စွဲပြောဆိုချက်များနှင့် အမုန်းပွားသော အပြုအမူများကို အဆက်မပြတ် တွေ့ကြုံခံစားရခြင်းသည် စိတ်ပိုင်းဆိုင်ရာ ကြီးမားသော စိတ်ဒဏ်ရာဖြစ်စေသည့် သက်ရောက်မှု" ရှိကြောင်း မှတ်ချက်ပြုထားသည်။ ဩဇာလွှမ်းမိုးမှုရှိသော အစိုးရနှင့် လူသိများသောပုဂ္ဂိုလ်များထံမှ တိုက်ခိုက်မှုများနှင့် နိုင်ငံရေး သုံးနှုန်းပြောဆိုမှုများ အပါအဝင် ပိုလန်တွင် LGBTQIA+ အသိုင်းအဝိုင်း ရင်ဆိုင်နေရသည့် အွန်လိုင်းနှင့် ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုများ၏ ပိုမိုကျယ်ပြန့်သော ဆက်စပ်အခြေအနေအရ ၎င်း၏ သုံးသပ်ချက်ကို ထပ်ဆောင်း ပံ့ပိုးထားကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
Meta ၏ လူကိုယ်တိုင် စိစစ်သုံးသပ်သူများသည် ဆက်စပ်သဲလွန်စများအား သတိပြုမိခဲ့ခြင်း မရှိသည်ကို ဘုတ်အဖွဲ့က စိုးရိမ်သည်။ ပို့စ်၏ မိမိကိုယ်ကို သေကြောင်းကြံစည်မှုကို မြင့်တက်စေနိုင်ခြေကို ရည်ညွှန်းဖော်ပြမှု ("သူဖာသာသူ တွဲလျားကျနေသော ခန်းဆီးများ") နှင့် လူတစ်စု၏ သေဆုံးမှုကို လိုလားထောက်ခံမှု ("နွေဦးရာသီ သန့်ရှင်းရေး") တို့သည် အမုန်းစကား လူမှုစံနှုန်းအား ရှင်းရှင်းလင်းလင်း ချိုးဖောက်မှုများ ဖြစ်ခဲ့သည့်အပြင် အကြောင်းအရာ ဖန်တီးသူ၏ မိမိကိုယ်ကို လိင်ပြောင်းထားသူများအား မနှစ်မြို့သူအဖြစ် ဖော်ပြခြင်း တစ်ခုတည်းမျှဖြင့်ပင် နောက်ထပ်ချိုးဖောက်မှု ဖြစ်ရာရောက်သည်။ အထူးသဖြင့် ပို့စ်တွင် အဓိပ္ပာယ်ကောက်ရန် ဆက်စပ်အကြောင်းအရာ လိုအပ်သည့် ရုပ်ပုံများနှင့် စာသား ပါဝင်သည့်အခါ LGBTQIA+ လူပုဂ္ဂိုလ်များပေါ် အမုန်းစကားနှင့်ပတ်သက်သည့် စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုတိကျအောင် ဆောင်ရွက်ရန် ဘုတ်အဖွဲ့က Meta အား တိုက်တွန်းသည်။ ဤအမှုတွင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ပေးထားသော လူတစ်စုကို ရုပ်ပုံဖြင့် သရုပ်ဖော်မှု (လိင်ပြောင်းထားသူများကို ကိုယ်စားပြုသောအလံ) နှင့်အတူတွဲဖက်၍ အနည်းငယ် စာဝှက်ဖြင့် ရေးထားသော မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ရည်ညွှန်းဖော်ပြမှုများသည် "မကောင်းသောရည်ရွယ်ချက်ဖြင့် ဖန်တီးမှု” ပုံစံပေါ်ခဲ့သည်။ ယင်းသည် ပို့စ်များနှင့် သရော်ပုံများဖြင့် LGBTQIA+ အသိုင်းအဝိုင်းအား ပစ်မှတ်ထားသည့် ဆန်းသစ်သော နည်းလမ်းများကို ဖန်တီးသော တလွဲသုံးစွဲသူများကို ရည်ညွှန်းသည်။ ၎င်းတို့က အဆိုပါပို့စ်များနှင့် သရော်ပုံများကို "ဟာသမြောက်သော သို့မဟုတ် သရော်သော" ပုံစံဖြစ်သည်ဟု ခုခံပြောဆိုထားသော်လည်း အမှန်တကယ်တွင် အမုန်းတရား သို့မဟုတ် နှောင့်ယှက်မှုဖြစ်သည်။
ထို့အပြင် အကြောင်းအရာကို ဖယ်ရှားရန် လူကိုယ်တိုင် စိစစ်သုံးသပ်သူများ၏ ပျက်ကွက်မှုများသည် ၎င်း၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များအား တင်းကျပ်စွာ လိုက်နာကျင့်သုံးခြင်းနှင့်အညီ ဖြစ်ကြောင်း Meta ၏ ပြောဆိုချက်သည် ဘုတ်အဖွဲ့အား စိုးရိမ်ပူပန်စေသည်။ ထိုအချက်သည် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်တွင် စာသားနှင့် ရုပ်ပုံက အဖွဲ့ဝင်များ၏ လိင်စိတ်ခံယူချက်ဖြင့် သတ်မှတ်ထားသည့် အဖွဲ့တစ်ဖွဲ့ကို မည်သို့မည်ပုံ တုံ့ပြန် ကိုယ်စားပြုနိုင်ပုံကို လုံလောက်စွာ ထည့်သွင်းစဉ်းစားထားခြင်း မရှိကြောင်း ညွှန်ပြသည်။
ပို့စ်သည် Facebook ၏ မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ လူမှုစံနှုန်းကိုလည်း ရှင်းရှင်းလင်းလင်း ချိုးဖောက်ခဲ့သည်မှာ မှန်သော်လည်း ဤမူဝါဒသည် ခွဲခြားသိရှိနိုင်သော လူတစ်စုရှိ လူတစ်ဦးတည်းအပေါ် မဟုတ်ဘဲ လူတစ်စုလုံးကို ရည်ရွယ်သည့် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းကို အားပေးသော အကြောင်းအရာများကို ပိုမိုရှင်းလင်းစွာ တားမြစ်သင့်သည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။
ဤအမှုတွင် Meta ၏ အလိုအလျောက် လုပ်ဆောင်သော စိစစ်သုံးသပ်မှုအတွက် ဦးစားပေးခြင်း စနစ်များသည် အကြောင်းအရာ တစ်ခုတည်းအပေါ် တိုင်ကြားချက်များစွာကို ကုမ္ပဏီက ကိုင်တွယ်ဖြေရှင်းပုံအပါအဝင် စည်းကမ်းထိန်းသိမ်းမှုအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သည်။ Meta သည် "စိစစ်သုံးသပ်သူ၏ ဆုံးဖြတ်ချက်များနှင့် စည်းကမ်းထိန်းသိမ်းမှု အရေးယူဆောင်ရွက်ချက်များတွင် တစ်သမတ်တည်းဖြစ်ကြောင်း သေချာစေရန်" ဤတိုင်ကြားချက်များကို စောင့်ကြည့်ပြီး ထပ်နေသည်များကို ဖယ်ထုတ်သည် (ဖယ်ရှားသည်)။ တိုင်ကြားချက်များကို အလိုအလျောက်ပိတ်ခြင်းအတွက် ပေးထားသော အခြားအကြောင်းပြချက်များတွင် အကြောင်းအရာ၏ ပြင်းထန်မှုအဆင့် ရမှတ်နိမ့်ခြင်းနှင့် ပျံ့နှံ့မှုနှုန်း (အကြောင်းအရာကို ကြည့်ရှုမှု စုစုပေါင်း ပမာဏ) ရမှတ်နိမ့်ခြင်း ပါဝင်ခဲ့သည်။ ဆိုလိုသည်မှာ ၎င်းကို လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် ဦးစားပေးရွေးချယ်ခြင်း မရှိခဲ့ပါ။ ဤအမှုတွင် ပြင်းထန်မှုအဆင့်ရမှတ်များကို ဆုံးဖြတ်ချိန်တွင် အသုံးပြုသူ၏ ကိုယ်ရေးအကျဉ်းကို သက်ဆိုင်သော အချက်ပြတစ်ခုအဖြစ် ယူဆခဲ့သင့်ကြောင်း ဘုတ်အဖွဲ့က ယုံကြည်သည်။
Meta သည် LGBTQIA+ အသိုင်းအဝိုင်းအပေါ် သက်ရောက်သည့် ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာများကို ခွဲခြားဖော်ထုတ်သည့် စိစစ်ခွဲခြားမှုနည်းပညာများ တီထွင်ဖန်တီးမှုတွင် ပိုမိုရင်းနှီးမြှုပ်နှံသင့်ပြီး လိင်စိတ်ခံယူချက်နှင့် ဆက်စပ်သော အန္တရာယ်များနှင့်ပတ်သက်၍ လူကိုယ်တိုင် စိစစ်သုံးသပ်သူများအား လေ့ကျင့်ပေးမှုကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း ဘုတ်အဖွဲ့က ယုံကြည်သည်။
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
အကြောင်းအရာကို ခွင့်ပြုပေးရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
ဘုတ်အဖွဲ့က Meta အနေဖြင့် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ -
- မူဝါဒသည် ခွဲခြားသိရှိနိုင်သော လူတစ်စုကို ရည်ရွယ်၍ မိမိကိုယ်ကို သေကြောင်းကြံစည်ရန် အားပေးသည့် သို့မဟုတ် တိုက်တွန်းသည့် အကြောင်းအရာကို တားမြစ်ကြောင်း ၎င်း၏ မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှု စာမျက်နှာတွင် ရှင်းလင်းဖော်ပြပါ။
- လူတစ်ဦး၏ ပုံ မပါဝင်ဘဲ လိင်စိတ်ခံယူချက်ကို အလံဖြင့် သရုပ်ဖော်ပြသထားသည့် ရုပ်ပုံများသည် အဖွဲ့ဝင်များ၏ လိင်စိတ်ခံယူချက်ဖြင့် သတ်မှတ်ထားသည့် အဖွဲ့တစ်ဖွဲ့ကို ကိုယ်စားပြုမှုများဖြစ်ကြောင်း သေချာသဘောပေါက်နားလည်စေရန် အကြောင်းအရာ အများအပြားကို စိစစ်သုံးသပ်သူများထံ ၎င်းက ပေးထားသည့် ကုမ္ပဏီတွင်း လမ်းညွှန်ချက်ကို ပြင်ဆင်ပါ။
* အမှုအနှစ်ချုပ်များတွင် အမှုအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။
အမှုဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
အသုံးပြုသူတစ်ဦးက လိင်ပြောင်းထားသူများ အစုအဖွဲ့တွင် ပါဝင်သူများကို မိမိကိုယ်ကို သေကြောင်းကြံစည်ရန် အားပေးသည့် အကြမ်းဖက် စကားဖြင့် လိင်ပြောင်းထားသူများအား ပစ်မှတ်ထား တိုက်ခိုက်ထားသော Facebook ပေါ်ရှိ ပိုလန်ဘာသာဖြင့် ဖော်ပြထားသည့် အကြောင်းအရာတစ်ခုကို ခွင့်ပြုပေးရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို စိစစ်သုံးသပ်ရန်အတွက် ရွေးထုတ်ပြီးနောက်တွင် Meta မှ ပို့စ်ကို ပလက်ဖောင်းပေါ်တွင် ဆက်ထားခွင့်ပြုသည့် ၎င်း၏ မူလဆုံးဖြတ်ချက်သည် မှားယွင်းခဲ့ကြောင်း ကောက်ချက်ချပြီး အကြောင်းအရာကို ဖယ်ရှားကာ အရေးယူမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါပို့စ်သည် အမုန်းစကားအပြင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ လူမှုစံနှုန်းနှစ်ရပ်စလုံးကို ချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဘုတ်အဖွဲ့က ဤအခွင့်အရေးကိုယူ၍ Meta အား ၎င်း၏ ပလက်ဖောင်းများပေါ်တွင် လိင်ပြောင်းထားသူများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးရန်အတွက် ၎င်း၏ မူဝါဒများနှင့် ၎င်း၏ စိစစ်သုံးသပ်သူများအတွက် လမ်းညွှန်ချက်ကို ပိုမိုကောင်းမွန်အောင်လုပ်ရန် တိုက်တွန်းသည်။ အတိအကျဆိုရသော် ပို့စ်တစ်ခုသည် အမုန်းစကားဟုတ်၊ မဟုတ် အကဲဖြတ်ရာတွင် Meta အနေဖြင့် လူတစ်ဦး၏ ပုံ မပါဝင်ဘဲ လိင်စိတ်ခံယူချက်ကို အလံဖြင့် သရုပ်ဖော်ပြသထားသည့် ရုပ်ပုံများမှာ အဖွဲ့ဝင်များ၏ လိင်စိတ်ခံယူချက်ဖြင့် သတ်မှတ်ထားသည့် အဖွဲ့တစ်ဖွဲ့ကို ကိုယ်စားပြုမှုများဖြစ်သည်ဟု သဘောပေါက်နားလည်ကြောင်း သေချာဆောင်ရွက်သင့်သည်။ မိမိကိုယ်ကို သေကြောင်းကြံစည်ရန် လူတစ်စုလုံးကို တိုက်တွန်းခြင်းသည် မိမိကိုယ်ကို သေကြောင်းကြံစည်ရန် လူတစ်ဦးတစ်ယောက်ကို တိုက်တွန်းခြင်းကဲ့သို့ပင် စံနှုန်း ချိုးဖောက်ရာရောက်သည်ဟုလည်း Meta အနေဖြင့် ရှင်းလင်းဖော်ပြသင့်သည်။ သို့ရာတွင် ဤအမှုရှိ အခြေခံပြဿနာမှာ မူဝါဒများနှင့် မသက်ဆိုင်ဘဲ ၎င်းတို့ကို လိုက်နာရန် စည်းကမ်းထိန်းသိမ်းမှုနှင့် သက်ဆိုင်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ရေးသားထားသည့်အရဆိုလျှင်ပင် လိင်စိတ်ခံယူချက်ပေါ် အခြေခံ၍ လူတစ်စုအား ပစ်မှတ်ထားသည့် အမုန်းစကား အချက်ပြများစွာ ရှိခဲ့သည့် ဤပို့စ်ကို မူဝါဒများက ရှင်းရှင်းလင်းလင်း တားမြစ်ခဲ့သည်။ အသုံးပြုသူများထံမှ တိုင်ကြားချက်များစွာ ရှိနေသည့်တိုင် ဤအမှုတွင် မှန်ကန်သော စည်းကမ်းထိန်းသိမ်းမှု လုပ်ဆောင်ရန် Meta ၏ အကြိမ်ကြိမ် ပျက်ကွက်မှုကြောင့် Meta သည် LGBTQIA+ အသိုင်းအဝိုင်း အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ၎င်းက ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုထားသည့် စံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိဟု ဘုတ်အဖွဲ့က ကောက်ချက်ချသည်။ ဘုတ်အဖွဲ့သည် Meta အား ဤစည်းကမ်းထိန်းသိမ်းမှု ဟာကွက်များကို ဖြေရှင်းရန် တိုက်တွန်းသည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ပိုလန်နိုင်ငံရှိ Facebook အသုံးပြုသူတစ်ဦးသည် လိင်ပြောင်းထားသူများကို ကိုယ်စားပြုသောအလံပါ အရောင်များဖြစ်သည့် အပြာရောင်၊ ပန်းရောင်နှင့် အဖြူရောင်တို့ ပါရှိသော အစင်းကျားခန်းဆီးတစ်ခု၏ ပုံတစ်ပုံကို တင်ခဲ့သည်။ ပုံပေါ်ရှိ ပိုလန်ဘာသာဖြင့် စာသားတွင် - "နည်းပညာအသစ်။ သူ့ဖာသာသူ တွဲလျားကျနေသော ခန်းဆီးများ" ဟု ဆိုထားသည်။ အဆိုပါစာကြောင်းအပေါ်တွင် ပိုလန်ဘာသာဖြင့် နောက်ထပ်ပါရှိသော စာသားများမှာ "နွေဦးရာသီ သန့်ရှင်းရေး <3" ဟု ဆိုထားသည်။ အသုံးပြုသူ၏ ကိုယ်ရေးအကျဉ်းရှိ ပိုလန်ဘာသာဖြင့် ဖော်ပြချက်တစ်ခုတွင် "ကျွန်ုပ်က လိင်ပြောင်းထားသူများကို မနှစ်မြို့သူ ဖြစ်ပါတယ်" ဟု ဖော်ပြထားသည်။ ပို့စ်သည် အခြားအသုံးပြုသူများထံမှ တုံ့ပြန်မှု ၅၀ အောက် ရရှိထားပြီး အများစုမှာ ၎င်းကို ထောက်ခံခဲ့ကြသည်။ အသုံးအများဆုံး တုံ့ပြန်မှု အီမိုဂျီမှာ "ဟားဟား" ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် မေလအကြားတွင် မတူညီသောအသုံးပြုသူ ၁၁ ဦးက အကြောင်းအရာကို စုစုပေါင်း ၁၂ ကြိမ် တိုင်ကြားခဲ့သည်။ ၎င်းတို့ထဲမှ တိုင်ကြားချက် ၁၀ ခုကို "ပြင်းထန်မှုအဆင့်နှင့် ပျံ့နှံ့မှုနှုန်း ရမှတ်များနိမ့်ခြင်း" အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် Meta ၏ အလိုအလျောက် လုပ်ဆောင်သော စနစ်များက ဦးစားပေးရွေးချယ်ခြင်းမရှိခဲ့ပါ။ Meta သည် ယေဘုယျအားဖြင့် အကြောင်းအရာကို ၎င်း၏ ပြင်းထန်မှုအဆင့်၊ ပျံ့နှံ့မှုနှုန်းနှင့် အကြောင်းအရာဆိုင်ရာ မူဝါဒများကို ချိုးဖောက်နိုင်ခြေတို့ပေါ် အခြေခံ၍ လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် ဦးစားပေးသည်။ တိုင်ကြားချက်များထဲမှ နှစ်ခုကသာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ Facebook လူမှုစံနှုန်းအောက်တွင် အကျုံးဝင်ပြီး ယင်းအကြောင်းအရာကို လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် ပေးပို့စေခဲ့သည်။ အမုန်းစကား မူဝါဒအပေါ်အခြေခံခဲ့သည့် တိုင်ကြားချက်များထဲမှ မည်သည်ကိုမျှ လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် မပို့ခဲ့ပါ။ Meta ၏ အဆိုအရ စိစစ်သုံးသပ်သူများတွင် ၎င်းတို့၏ သတ်မှတ်ထားသည့် မူဝါဒဆိုင်ရာ ကြည့်ရှုမည့်စာရင်း (ဆိုလိုသည်မှာ အမုန်းစကား သို့မဟုတ် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှု) ထက် ကျော်လွန်၍ အကြောင်းအရာများအား "အကဲဖြတ်ပြီး အရေးယူဆောင်ရွက်ရန်" လေ့ကျင့်မှုအပြင် အသုံးပြုနိုင်သည့် ကိရိယာများပါ ရှိသည်။ သို့သော်လည်း စိစစ်သုံးသပ်သူနှစ်ဦးလုံးသည် အကြောင်းအရာကို မူဝါဒချိုးဖောက်ထားခြင်းမရှိဟု အကဲဖြတ်ခဲ့ပြီး ၎င်းကို နောက်ထပ်အဆင့်တိုးတင်ပြခဲ့ခြင်း မရှိပါ။
အသုံးပြုသူသုံးဦးသည် အကြောင်းအရာကို Facebook ပေါ်တွင် ဆက်ထားရန် Meta ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သည်။ အယူခံလွှာတစ်ခုကို လူကိုယ်တိုင် စိစစ်သူတစ်ဦးက စိစစ်သုံးသပ်ခဲ့ပြီးနောက် အကြောင်းအရာသည် ၎င်း၏ မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှု မူဝါဒကို မချိုးဖောက်ခဲ့ပါဟူသော Meta ၏ မူလဆုံးဖြတ်ချက်ကို မူလအတိုင်း လက်ခံဆုံးဖြတ်ခဲ့သည်။ Facebook ၏ အမုန်းစကား မူဝါဒအရ တင်သွင်းခဲ့သော အခြားအယူခံလွှာနှစ်ခုကို လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် မပို့ခဲ့ပါ။ အကြောင်းမှာ Meta သည် စိစစ်သုံးသပ်သူ၏ ဆုံးဖြတ်ချက်များနှင့် စည်းကမ်းထိန်းသိမ်းမှု အရေးယူဆောင်ရွက်ချက်များတွင် တစ်သမတ်တည်းဖြစ်ကြောင်း သေချာစေရန် အကြောင်းအရာတစ်ခုတည်းအပေါ် တိုင်ကြားချက်များစွာကို "စောင့်ကြည့်ပြီး ထပ်နေသည်များကို ဖယ်ထုတ်" သောကြောင့် ဖြစ်သည်။
ထို့နောက်တွင် အကြောင်းအရာကို မူလကတိုင်ကြားခဲ့သည့် အသုံးပြုသူများအနက် တစ်ဦးက ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က ဤအမှုကို ရွေးချယ်လိုက်သည့်ရလဒ်အနေဖြင့် Meta က အကြောင်းအရာသည် ၎င်း၏ အမုန်းစကားအပြင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ မူဝါဒနှစ်ရပ်စလုံးကို အမှန်တကယ် ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး ပို့စ်ကို ဖယ်ရှားခဲ့သည်။ ထို့အပြင် အမှုကို Meta က စိစစ်သုံးသပ်ရာတွင် အကြောင်းအရာ ဖန်တီးသူ၏ အကောင့်၌ လူမှုစံနှုန်းများအား ချိုးဖောက်မှုများစွာ ရှိနေပြီးသားဖြစ်သည်ကို တွေ့ရှိခဲ့ပြီး အကောင့်ကို ပိတ်ပင်ရန် သတ်မှတ်အဆင့်နှင့် ကိုက်ညီခဲ့သည်ဟုလည်း ကုမ္ပဏီက ဆုံးဖြတ်ခဲ့သည်။ Meta သည် အကောင့်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ပိတ်ပင်ခဲ့သည်။
ဘုတ်အဖွဲ့သည် ဤအမှုတွင် ၎င်း၏ဆုံးဖြတ်ချက်ကို ချမှတ်ရာ၌ အောက်ဖော်ပြပါ ဆက်စပ်အကြောင်းအရာများကို မှတ်ချက်ပြုခဲ့သည် -
ပိုလန်နိုင်ငံသည် LGBTQIA+ အသိုင်းအဝိုင်းအပေါ် ရန်လိုမှုအဆင့် မြင့်မားသည်ဟု အများအားဖြင့် သိရှိရသည်။ [မှတ်ချက်- ဘုတ်အဖွဲ့သည် လိင်စိတ်တိမ်းညွတ်မှု၊ လိင်စိတ်ခံယူချက်နှင့်/သို့မဟုတ် ကျား/မ ဖော်ထုတ်ပြသမှုပေါ် အခြေခံ၍ အဖွဲ့များကို ရည်ညွှန်းသည့်အခါ “LGBTQIA+” (လိင်တူစုံမက်သူ အမျိုးသမီး၊ လိင်တူစုံမက်သူ အမျိုးသား၊ လိင်တူ/လိင်ကွဲ နှစ်မျိုးလုံးစုံမက်သူ၊ လိင်ပြောင်း၊ကျားမအခြေပြုအမြင်သတ်မှတ်ချက်အပေါ်တွင် ခေါင်းစဉ်တပ်သတ်မှတ်ခြင်း မခံယူလိုသူ၊ ဒွိလိင်နှင့် လိင်စိတ်ကင်းသူ) ကို အသုံးပြုသည်။ သို့ရာတွင် ဘုတ်အဖွဲ့သည် အခြားသူများက အသုံးပြုသော အတိုကောက်များ သို့မဟုတ် အသုံးအနှုန်းများကို တိုက်ရိုက်ရည်ညွှန်း သို့မဟုတ် ကိုးကားသည့်အခါ ၎င်းတို့အသုံးပြုသည့် ပုံစံအတိုင်း လိုက်နာသုံးနှုန်းပါမည်။] ဥရောပကောင်စီ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက "LGBTI ပုဂ္ဂိုလ်များအား ကဲ့ရဲ့အပြစ်ဆိုခြင်း" သည် "ပိုလန်နိုင်ငံတွင် အချိန်ကြာမြင့်စွာ တည်ရှိနေသော ပြဿနာ" တစ်ရပ်ဖြစ်သည်ဟု ယခင်က ထောက်ပြခဲ့သည်။ နိုင်ငံတကာ လိင်တူစုံမက်သူ အမျိုးသမီး၊ လိင်တူစုံမက်သူ အမျိုးသား၊ လိင်တူ/လိင်ကွဲ နှစ်မျိုးလုံးစုံမက်သူ၊ လိင်ပြောင်းနှင့် ဒွိလိင်ဆိုင်ရာ အဖွဲ့အစည်း (International Lesbian, Gay, Bisexual, Trans and Intersex Association, ILGA) ၏ Rainbow Europe အစီရင်ခံစာတွင် LGBTI ပုဂ္ဂိုလ်များ၏ လူ့အခွင့်အရေးများကို တိုက်ရိုက် ထိခိုက်စေသည့် ဥပဒေများနှင့် မူဝါဒများပေါ်အခြေခံ၍ နိုင်ငံများကို အဆင့်သတ်မှတ်သည်။ ထိုအစီရင်ခံစာအရ ပိုလန်နိုင်ငံသည် စွမ်းဆောင်ရည် အနိမ့်ဆုံး ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး အကဲဖြတ်ခဲ့သည့် ဥရောပနိုင်ငံ ၄၉ နိုင်ငံအနက် အဆင့် ၄၂ အဖြစ် သတ်မှတ်ထားသည်။ နိုင်ငံတော်နှင့် ဒေသ အစိုးရများအပြင် ထင်ရှား လူသိများသောပုဂ္ဂိုလ်များသည် ခွဲခြားဆက်ဆံသော စကားများနှင့် ဥပဒေပြုရေးဆိုင်ရာ ဆောင်ရွက်ချက် နှစ်မျိုးလုံးဖြင့် LGBTQIA+ အသိုင်းအဝိုင်းအား ပို၍ပို၍ ပစ်မှတ်ထားလာခဲ့ကြသည်။
၂၀၁၈ ခုနှစ်မှ စတင်၍ ILGA-Europe သည် "LGBT လှုပ်ရှားမှုတစ်ခုလုံး" က ပိုလန်နိုင်ငံအတွက် "ခြိမ်းခြောက်မှု" တစ်ခု ဖြစ်သည်ဟူသော ရေးသားပြောဆိုချက်များ အပါအဝင် "ပိုလန်နိုင်ငံရေးခေါင်းဆောင်များက LGBTI လူပုဂ္ဂိုလ်များအပေါ် ပြောဆိုသည့် လူသိများသော နိုင်ငံရေးအမုန်းစကား" ဟု အဖွဲ့အစည်းက ခေါ်ဆိုသော အမုန်းစကားကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့သည်။ အဆိုပါနှစ်တွင်ပင် ပိုလန်နိုင်ငံ၊ လပ်ဘလင်မြို့၏ မြို့တော်ဝန်သည် မြို့၏ တန်းတူညီမျှရေး ချီတက်ဆန္ဒပြခွင့်ကို တားမြစ်ပိတ်ပင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း အယူခံတရားရုံးက စီစဉ်ထားသော ချီတက်ဆန္ဒပြမှုမတိုင်မီ အချိန်အနည်းငယ်အလိုတွင် တားမြစ်ပိတ်ပင်မှုကို ရုပ်သိမ်းပေးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဝါဆောမြို့၏ မြို့တော်ဝန်သည် မြို့တော်အတွင်း "LGBT ပုဂ္ဂိုလ်များ၏ အခြေအနေကို ပိုမိုကောင်းမွန်စေရန်" ဝါဆော LGBT+ ပဋိညာဉ်စာတမ်းကို စတင်တင်သွင်းခဲ့သည်။ ပိုလန်နိုင်ငံ၏ အာဏာရ ဥပဒေနှင့် တရားမျှတရေး ပါတီ (PiS) နှင့် ဘာသာရေးခေါင်းဆောင်များသည် အဆိုပါပဋိညာဉ်စာတမ်းကို ဝေဖန်ခဲ့သည်။ ပိုလန်နိုင်ငံ၏ သမ္မတနှင့် ဗဟိုအစိုးရသည်လည်း လိင်ပြောင်းထားသူ အသိုင်းအဝိုင်းကို ပစ်မှတ်ထား ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ဥပမာအားဖြင့် အာဏာရ PiS ပါတီ၏ ဥက္ကဋ္ဌသည် လိင်ပြောင်းထားသူများကို "ပုံမှန်မဟုတ်" ဟု ရည်ညွှန်းပြောဆိုခဲ့သည်။ ပိုလန်၏ တရားရေးဝန်ကြီးကလည်း "လိင်ပြောင်းထားသူများသည် LGR [ဥပဒေအရ လိင်အမျိုးအစား အသိအမှတ်ပြုမှု] ကို ရရှိလိုသည့်အခါ ၎င်းတို့၏ မိဘများအပြင် ၎င်းတို့၏ ကလေးများနှင့် အိမ်ထောင်ဖက်ထံမှလည်း [လိင်ပြောင်းရန် ခွင့်ပြုချက်ကို] ဥပဒေကြောင်းအရ တောင်းဆိုသင့်သည်" ဟူသောအချက်ကို ထည့်သွင်းစဉ်းစားရန် ပိုလန်၏ တရားရုံးချုပ်ကို တောင်းဆိုခဲ့သည်။
ပိုလန်သည် LGBTQIA+ ဆန့်ကျင်ရေး ဥပဒေကိုလည်း ပြဋ္ဌာန်းထားသည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံချက်အရ မြို့တော်များသည် ၂၀၁၉ ခုနှစ်တွင် အခြားစီမံချက်များအနက် “LGBT ကင်းမဲ့ဇုန်များ” ကို အကောင်အထည်ဖော်ခြင်းဖြင့် "LGBT ပုဂ္ဂိုလ်များအား ပိုလန်လူ့အဖွဲ့အစည်းမှ ဖယ်ကြဉ်ထားရန်" အတွက် စတင်တောင်းဆိုခဲ့ကြသည်။ ဤဇုန်များသည် "ဒေသတွင်းအာဏာပိုင်များက 'ကလေးများကို စာရိတ္တဖောက်ပြန်မှုမှ ကာကွယ်ရန်’ ကတိပြုသည့် ခွဲခြားဆက်ဆံသော 'မိသားစု ပဋိညာဉ်စာတမ်းများ’ ကို လက်ခံကျင့်သုံးသည့် သို့မဟုတ် မိမိတို့ကိုယ်ကို 'LGBT အတွေးအမြင်များ’ ကင်းစင်ကြောင်း ကြေညာထားသည့်" နေရာများ ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံခဲ့သည်။ မြို့ပေါင်း ၁၀၀ ကျော်က ထိုသို့သောဇုန်များကို ဖန်တီးခဲ့ကြသည်။ ဒေသတွင်း၊ EU နှင့် နိုင်ငံတကာ၏ ဖိအားကြောင့် ဤဒေသန္တရအုပ်ချုပ်ရေး မြို့တော်များအနက် အချို့သည် "LGBT ဆန့်ကျင်ရေး ဆုံးဖြတ်ချက်များ သို့မဟုတ် မိသားစုအခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာတမ်းများ" ကို ရုပ်သိမ်းခဲ့ကြကြောင်း ILGA-ဥရောပက အစီရင်ခံထားသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် ပိုလန်၏ အုပ်ချုပ်ရေး တရားရုံးချုပ်သည် ဒေသန္တရအုပ်ချုပ်ရေး မြို့တော်လေးခုအား ၎င်းတို့၏ LGBTQI+ ဆန့်ကျင်ရေး ဆုံးဖြတ်ချက်များကို ရုပ်သိမ်းရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း Rainbow Europe အစီရင်ခံစာရှိ ပိုလန်နိုင်ငံ အဆင့်အရ နိုင်ငံရှိ အခြေအနေသည် LGBTQIA+ အသိုင်းအဝိုင်းအား သိသိသာသာ ရန်လိုကြောင်း ညွှန်ပြနေသည်။
အခြေခံ အခွင့်အရေးများအတွက် ဥရောပသမဂ္ဂ အေဂျင်စီက EU ရှိ LGBTI ပုဂ္ဂိုလ်များထံမှ ကောက်ယူခဲ့သည့် ၂၀၁၉ စစ်တမ်းတွင် ပိုလန်နိုင်ငံနှင့် အခြားဥရောပသမဂ္ဂ နေရာဒေသများ၌ LGBTI ပုဂ္ဂိုလ်များ တွေ့ကြုံခံစားရသော ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုနှင့် ထိပါးနှောင့်ယှက်ခံရမှုကို နှိုင်းယှဉ်ခဲ့သည်။ စစ်တမ်းအရ ပိုလန်နိုင်ငံရှိ LGBTI ပုဂ္ဂိုလ်များ၏ ၅၁% သည် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမည်ကို ကြောက်သည့်အတွက် အချို့သောနေရာများကို မကြာခဏ သို့မဟုတ် အမြဲတမ်း ရှောင်ကြသည်။ ၎င်းနှင့်နှိုင်းယှဉ်လျှင် ဥရောပသမဂ္ဂ၏ ကျန်သည့်နေရာဒေသများတွင် ထိုသို့ဖြစ်ခြင်းမှာ ၃၃% ရှိသည်။ လိင်ပြောင်းထားသူငါးဦးတွင် တစ်ဦးသည် စစ်တမ်းမကောက်မီ ငါးနှစ်အတွင်း အခြား LGBTI အဖွဲ့များထက် နှစ်ဆကျော် ကိုယ်ထိလက်ရောက် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသည်ဟုလည်း စစ်တမ်းတွင် တွေ့ရှိခဲ့သည်။
ဘုတ်အဖွဲ့သည် ပိုလန်အစိုးရအရာရှိများ၏ ရိုင်းစိုင်းသော ရေးသားပြောဆိုချက်များအပေါ် လူမှုကွန်ရက်၏ တုံ့ပြန်မှုများကို ဆန်းစစ်လေ့လာရန် ပြင်ပကျွမ်းကျင်သူများကို တာဝန်ပေးခဲ့သည်။ အဆိုပါကျွမ်းကျင်သူများက "၂၀၁၅ ခုနှစ်မှစ၍ LGBTQIA+ အသိုင်းအဝိုင်းများအပါအဝင် ပိုလန်ရှိ လူနည်းစုအသိုင်းအဝိုင်းများကို ပစ်မှတ်ထားသည့် အွန်လိုင်းပေါ်မှ အမုန်းစကားများမှာ စိုးရိမ်ဖွယ် မြင့်တက်လာကြောင်း" မှတ်ချက်ပြုခဲ့သည်။ Facebook ရှိ ပိုလန်ဘာသာဖြင့် ရေးသားထားသည့် LGBTQIA+ ဆန့်ကျင်ရေး အကြောင်းအရာများကို ဆန်းစစ်လေ့လာရာတွင် အဆိုပါကျွမ်းကျင်သူများက "LGBTQIA+ ဆန့်ကျင်ရေး ဥပဒေနှင့်ဆက်စပ်သော တရားရုံး အမိန့်ပြဋ္ဌာန်းချက်များ" ထုတ်ပြန်စဉ်အတွင်း ထိုသို့မြင့်တက်မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ၎င်းတို့တွင် အထက်၌ ဆွေးနွေးထားသော အုပ်ချုပ်ရေးတရားရုံးချုပ်၏ ဆုံးဖြတ်ချက်နှင့် ၂၀၁၉ ခုနှစ်မှစ၍ ဆက်လက်ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးအတွက် ပိုလန် စုံစမ်းစစ်ဆေးရေးအရာရှိများက ဒေသန္တရ အုပ်ချုပ်ရေးတရားရုံးများ ရှေ့မှောက်တွင် တင်ပြခဲ့သည့် LGBT ဆန့်ကျင်ရေး ကြေညာချက်များစွာကို လက်ခံကျင့်သုံးခြင်းအတွက် ဥပဒေအရ ကန့်ကွက်မှုများနှင့် ဆက်စပ်သော အဆုံးအဖြတ်များ ပါဝင်သည်။
ဘုတ်အဖွဲ့သည် ပို့စ်ထဲရှိ ပိုလန်စကားစုနှစ်ခု၏ အဓိပ္ပာယ်နှင့်ပတ်သက်၍ ဘာသာစကားကျွမ်းကျင်သူများကိုလည်း မေးမြန်းခဲ့သည်။ "သူ့ဖာသာသူ တွဲလျားကျနေသော ခန်းဆီးများ" ဟူသော စကားစုနှင့်စပ်လျဉ်း၍ "ပြတင်းပေါက်တွင် ချိတ်ထားသော လိင်ပြောင်းသူများကို ကိုယ်စားပြုသည့်အလံ" တစ်ခုနှင့်ဆက်စပ်သော အကြောင်းအရာတွင် စကားစုသည် "ခန်းဆီးများကို ချိတ်ရန်" ကို "ကြိုးဆွဲချခြင်းဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်ရန်" နှင့် ယှဉ်တွဲခိုင်းနှိုင်းခဲ့သည့် "စကားလုံး ကစားထားမှုတစ်ခု" ဖြစ်ခဲ့ကြောင်း ကျွမ်းကျင်သူများက တွေ့ရှိခဲ့သည်။ စကားစုသည် "ဖုံးကွယ်ထားသော လိင်ပြောင်းထားသူ မုန်းတီးရေး စွပ်စွဲပြောဆိုချက်တစ်ခု" ဖြစ်ခဲ့သည်ဟု ကျွမ်းကျင်သူများက ကောက်ချက်ချခဲ့သည်။ "နွေဦးရာသီ သန့်ရှင်းရေး" စကားစုတွင် စကားစုသည် "နွေဦးရာသီ ရောက်သည့်အခါ စေ့စေ့စပ်စပ် သန့်ရှင်းရေးလုပ်ခြင်းကို ပုံမှန်အားဖြင့် ရည်ညွှန်း" သော်လည်း အချို့သောဆက်စပ်အကြောင်းအရာများတွင် "၎င်းသည် 'အမှိုက်အားလုံးကို လွှင့်ပစ်ခြင်း' နှင့် 'မလိုချင်သောပစ္စည်း (နှင့်/သို့မဟုတ် လူ) အားလုံးကို ဖယ်ရှားခြင်း' ဟုလည်း ဆိုလိုသည်" ဟု ကျွမ်းကျင်သူများက ပြောခဲ့သည်။ လူ့အခွင့်အရေး လှုပ်ရှားမှု ဖောင်ဒေးရှင်းမှ ပေးပို့မှု (PC-၁၆၀၂၉) အပါအဝင် အများမြင်မှတ်ချက်အချို့တွင် "နွေဦးရာသီ သန့်ရှင်းရေး" ဟူသော စကားစုသည် "လိင်ပြောင်းထားသူများအား (၎င်းတို့ကို သေဆုံးစေမှုများဖြင့်) ဖယ်ကြဉ်ခြင်းနှင့် ပိုလန်လူ့အဖွဲ့အစည်းမှ ခွဲထုတ်ထားခြင်းကို ချီးမွမ်းခြင်း" ပုံစံတစ်ခု ဖြစ်ခဲ့ကြောင်း ငြင်းခုံဆွေးနွေးခဲ့ကြသည်။
ဤအမှုတွင် ဖော်ပြခဲ့သည့် အွန်လိုင်းနှင့် ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှု ပြဿနာများသည် ပိုလန်နိုင်ငံရှိ LGBTQIA+ အသိုင်းအဝိုင်းထက်ကျော်လွန်၍ ကမ္ဘာတစ်ဝန်းရှိ အဆိုပါအသိုင်းအဝိုင်းအထိပါ သက်ရောက်မှုရှိခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းသည် ကမ္ဘာတစ်ဝန်းရှိ အသက် ၁၅ နှစ်မှ ၂၉ နှစ်အကြား လူရွယ်များ သေဆုံးမှု၏ စတုတ္ထမြောက် ထိပ်ဆုံး အကြောင်းရင်းဖြစ်သည်။ "မိမိကိုယ်ကို သေကြာင်းကြံစည်မှုနှုန်းများသည် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ၊ ဌာနေတိုင်းရင်းသားများနှင့် လိင်တူစုံမက်သူ အမျိုးသမီး၊ လိင်တူစုံမက်သူ အမျိုးသား၊ လိင်တူ/လိင်ကွဲ နှစ်မျိုးလုံးစုံမက်သူ၊ လိင်ပြောင်း၊ ဒွိလိင် (LGBTI) ပုဂ္ဂိုလ်များကဲ့သို့သော ခွဲခြားဆက်ဆံခြင်းကို တွေ့ကြုံခံစားရသည့် ထိခိုက်လွယ်သော အုပ်စုများအကြားတွင်လည်း မြင့်မားသည်" ဟု WHO က မှတ်ချက်ပြုသည်။ ဆိုက်ဘာ မတရားဖိနှိပ်မှုနှင့် မိမိကိုယ်ကို ထိခိုက်နာကျင်စေသော အတွေးများနှင့် အပြုအမူများအကြား “တိုက်ရိုက်အချိုးကျသော ဆက်စပ်မှု” ရှိကြောင်း အခြားသုတေသန လေ့လာမှုများတွင် တွေ့ရှိခဲ့သည်။
မိမိကိုယ်ကို သေကြောင်းကြံစည်နိုင်ခြေသည် လိင်ပြောင်းထားသူနှင့် ကျား/မအဖြစ် မခံယူသူများ အသိုင်းအဝိုင်းအတွက် အထူးစိုးရိမ်ဖွယ်ကိစ္စတစ်ခု ဖြစ်သည်။ Trevor Project ၏ LGBTQ စိတ်ကျန်းမာရေးဆိုင်ရာ ၂၀၂၃ နိုင်ငံတော်စစ်တမ်းအရ အမေရိကန်ပြည်ထောင်စုရှိ လိင်ပြောင်းထားသူနှင့် ကျား/မအဖြစ် မခံယူသူ လူငယ်တစ်ဝက်သည် ၂၀၂၂ ခုနှစ်တွင် မိမိကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးပမ်းရန် စဉ်းစားခဲ့ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါလေ့လာမှုတွင်ပင် လိင်ပြောင်းထားသူနှင့် ကျား/မအဖြစ် မခံယူသူ လူငယ်ငါးဦးအနက် တစ်ဦးခန့်အပါအဝင် LGBTQ လူငယ် ၁၄% သည် ယမန်နှစ်က မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ကြိုးပမ်းခဲ့ကြောင်း ခန့်မှန်းထားသည်။ CDC ၏ လူငယ်များ၏ အန္တရာယ်ရှိသောအပြုအမူစစ်တမ်းအရ အမေရိကန်ပြည်ထောင်စုရှိ အထက်တန်းကျောင်းသား ၁၀% သည် ၂၀၂၁ ခုနှစ်တွင် မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ကြိုးပမ်းခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းမှ လေ့လာမှုများစွာအရ လိင်ပြောင်းထားသူများ သို့မဟုတ် ကျား/မအဖြစ် ခံယူထားခြင်းမရှိသူများသည် မွေးရာပါကျား/မဖြစ်တည်မှုအတိုင်း လိင်စိတ်ခံယူသူများထက် မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်များ ပိုရှိလာတတ်သလို သေကြောင်းကြံစည်ရန် ကြိုးပမ်းနိုင်ခြေလည်း ပိုများပါသည်။
ဘုတ်အဖွဲ့ထံ အများမြင်မှတ်ချက်တစ်ခုတွင် အသရေဖျက်မှု ဆန့်ကျင်ရေး လိင်တူနှစ်သက်သူ အမျိုးသားနှင့် အမျိုးသမီး မဟာမိတ်အဖွဲ့ (Gay and Lesbian Alliance Against Defamation, GLAAD) (PC-၁၆၀၂၇) သည် အဓိကလူမှုကွန်ရက်ပလက်ဖောင်းငါးခုတွင် LGBTQ အသုံးပြုသူ အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ၎င်းတို့၏ နှစ်စဉ်စစ်တမ်းဖြစ်သည့် လူမှုကွန်ရက်ပေါ်တွင် အန္တရာယ်ကင်းရှင်းရေးညွှန်းကိန်းမှ တွေ့ရှိချက်များကို အလေးပေးဖော်ပြခဲ့သည်။ ၂၀၂၃ အစီရင်ခံစာတွင် LGBTQ သီးသန့်လက္ခဏာ ၁၂ ချက်ပေါ်အခြေခံ၍ Facebook ကို ရမှတ် ၆၁% သတ်မှတ်ခဲ့သည်။ ဤရမှတ်သည် ၂၀၂၂ ခုနှစ်ထက် ၁၅ မှတ် မြင့်တက်လာကြောင်း ပြသလျက်ရှိပြီး Facebook သည် Instagram ပြီးလျှင် ဒုတိယအဆင့်ချိတ်ခဲ့ကာ အခြားအဓိကပလက်ဖောင်းသုံးခု၏ အထက်တွင် ရှိခဲ့သည်။ သို့ရာတွင် "LGBTQ အသုံးပြုသူများ၏ အန္တရာယ်ကင်းရှင်းရေးနှင့် ၎င်းတို့အား ကာကွယ်ပေးမှုအရည်အသွေးသည် စိတ်ကျေနပ်စရာမရှိပါ" ဟု GLAAD က ရေးသားခဲ့သည်။ အစီရင်ခံစာအရ "ပစ်မှတ်ထားခံရမည်ကို ကြောက်သည့်အတွက် LGBTQ ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကြောက်စရာ အကျိုးသက်ရောက်မှုအပြင် စွပ်စွဲပြောဆိုချက်များနှင့် မလိုမုန်းထားသောအပြုအမူတို့ကို မရပ်မနား မြင်ရကြားရခြင်းကြောင့် အင်မတန် စိတ်ဒဏ်ရာဖြစ်စေသော စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုအပါအဝင် အွန်လိုင်းတွင် LGBTQ များအပေါ် အမှန်တကယ် အကျိုးဆက်ဖြစ်ပေါ်နေသော အန္တရာယ်များ" ရှိသည်ဟု တွေ့ရှိခဲ့သည်။
၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
ဆက်လက်ထားရှိရန် ခွင့်ပြုထားသော အကြောင်းအရာကို ယခင် တိုင်ကြားထားသည့်ပုဂ္ဂိုလ်က အယူခံဝင်ပြီးနောက်ပိုင်း ချမှတ်ထားသော Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့တွင် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း အပိုဒ် ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ အပိုဒ် ၃၊ ပုဒ်မ ၁)။
ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင် သို့မဟုတ် ပယ်ဖျက်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၅)။ ထို့ပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော ဆက်စပ်အခြေအနေရှိသည့် အလားတူ အကြောင်းအရာနှင့် ပတ်သက်၍ ၎င်း၏ဆုံးဖြတ်ချက်ကို အသုံးချနိုင်ခြေရှိ၊ မရှိကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် မဖြစ်မနေ လိုက်နာစရာမလိုသော်လည်း တုံ့ပြန်ရမည့် အကြံပြုချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၄၊ ပိုဒ်ခွဲ ၄)။ Meta က အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကတိကဝတ်ပြုလျှင် ဘုတ်အဖွဲ့က ၎င်းတို့၏ အကောင်အထည်ဖော်မှုကို စောင့်ကြည့်သည်။
Meta က ၎င်းအနေဖြင့် အမှားလုပ်ခဲ့ကြောင်း နောက်ပိုင်းတွင် ဝန်ခံသည့် ဤကဲ့သို့အမှုများကို ဘုတ်အဖွဲ့က ရွေးချယ်သောအခါ အကြောင်းအရာစိစစ်ရေး လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများလျှော့ချပြီး Facebook နှင့် Instagram အသုံးပြုသူများအတွက် ပိုမိုတရားမျှတမှုရှိစေရေး အကြံပြုချက်များပေးရန် ဘုတ်အဖွဲ့သည် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်သည်။
၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များနှင့် လမ်းညွှန်ချက်
ဤအမှုတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ စံနှုန်းများနှင့် သာဓကများဖြင့် အသိပေးတင်ပြခဲ့သည် -
၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အသက်ဆိုင်ဆုံး ယခင်ဆုံးဖြတ်ချက်များတွင် အောက်ပါတို့ ပါဝင်သည် -
- အာရဗီစကားလုံးများကို ပြန်လည်ပြင်ဆင်အသုံးပြုခြင်း
- Knin ကာတွန်း
- ကိုလံဘီယာ ဆန္ဒပြပွဲများ
- အဇာဘိုင်ဂျန်ရှိ အာမေးနီးယန်းများ
၂။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ
အမုန်းစကား မူဝါဒဆိုင်ရာ သဘောတရားတွင် အမုန်းစကားကို" – အယူအဆများ သို့မဟုတ် ထုံးတမ်းဓလေ့များထက် – လူများကို လိင်နှင့် လိင်စိတ်ခံယူချက် အပါအဝင် . . . နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များအပေါ် အခြေခံ၍ တိုက်ရိုက်တိုက်ခိုက်မှု" အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ "တိုက်ခိုက်မှုများ" ကို "ရက်စက်ကြမ်းတမ်းသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကိုကင်းမဲ့စေသော စကား၊ ထိခိုက်စေသော ပုံသေကားကျ သတ်မှတ်ချက်များ၊ နှိမ့်ချ ဖော်ပြချက်များ၊ မထီမဲ့မြင်ပြုခြင်း စက်ဆုပ်ရွံရှာခြင်း သို့မဟုတ် အထင်သေးခြင်းကို ဖော်ပြချက်များ၊ ဆဲရေးတိုင်းထွာမှုများနှင့် ဖယ်ကြဉ်ထားရန် သို့မဟုတ် ခွဲခြားရန်အတွက် နှိုးဆော်မှုများ" အဖြစ် Meta က အဓိပ္ပာယ်သတ်မှတ်ထားပါသည်။ မူဝါဒဆိုင်ရာ သဘောတရားတွင် Meta က ထပ်မံဖော်ပြထားသည်မှာ - "လူများက မိမိတို့ မည်သူမည်ဝါဖြစ်သည်ဟူသော အချက်အပေါ် အခြေခံ၍ တိုက်ခိုက်ခံရခြင်းမရှိဟု ခံစားမိသောအခါတွင် ၎င်းတို့၏သဘောထားကို အသုံးပြု၍ ပိုမိုလွတ်လပ်စွာ ဆက်သွယ်ကြသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် Facebook ပေါ်တွင် အမုန်းစကားများကို ကျွန်ုပ်တို့ ခွင့်မပြုရခြင်း ဖြစ်ပါသည်။ အမုန်းစကားသည် ခြိမ်းခြောက်မှုနှင့် ဖယ်ကြဉ်မှုတို့ကို ခံစားရစေသော အခြေအနေတစ်ခုကို ဖြစ်ပေါ်လာစေသည့်အပြင် အချို့ဖြစ်ရပ်များ၌ ပြင်ပကမ္ဘာတွင် အကြမ်းဖက်မှုများကိုပါ အားပေးတိုက်တွန်းနိုင်ပါသည်။"
Meta ၏ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းသည် တိုက်ခိုက်မှုများကို "အဆင့်များ" အသီးသီးဖြင့် ခွဲခြားထားပါသည်။ အဆင့် ၁ တိုက်ခိုက်မှုများတွင် "စာဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ အကြမ်းဖက်စကား သို့မဟုတ် အကြမ်းဖက်ရန်အားပေးမှု" ဖြင့် လူတစ်ဦး သို့မဟုတ် လူတစ်စုအား ၎င်းတို့၏နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက် (များ) ပေါ် အခြေခံ၍ ပစ်မှတ်ထားသော အကြောင်းအရာ ပါဝင်သည်။ ဤအမှုရှိ ပို့စ်သည် ဤမူဝါဒပါစာကြောင်းကို ချိုးဖောက်ခဲ့ကြောင်း နောက်ဆုံးတွင် Meta က တွေ့ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် Meta သည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသည့် လူအုပ်စုများအား ရည်ညွှန်းသော အကြမ်းဖက် စကားအပေါ် တားမြစ်ချက်ကို ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒသို့ ရွှေ့ပြောင်းထားကြောင်း ထည့်သွင်းဖော်ပြရန် လူမှုစံနှုန်းများကို ပြင်ဆင်ခဲ့သည်။
အဆင့် ၂ တိုက်ခိုက်မှုများတွင် "မထီမဲ့မြင်ပြုမှုကို ဖော်ပြချက်များ (စာဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ)" ဖြင့် လူတစ်ဦး သို့မဟုတ် လူတစ်စုအား ၎င်းတို့၏နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက် (များ) ပေါ် အခြေခံ၍ ပစ်မှတ်ထားသော အကြောင်းအရာများ ပါဝင်သည်။ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းတွင် Meta က မထီမဲ့မြင်ပြုမှုဆိုင်ရာ ဖော်ပြချက်များ၌ "နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ချက်ကို လက်မခံနိုင်မှုအား ကိုယ်တိုင်ဝန်ခံခြင်း" နှင့် "နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ခုကို မရှိသင့်ကြောင်း ဖော်ပြခြင်းများ" ပါဝင်သည်ဟု သတ်မှတ်ထားသည်။
မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ လူမှုစံနှုန်းသည် "သရော်သည့်ပုံများ သို့မဟုတ် ရုပ်ပုံဖော်ပြချက်များကဲ့သို့သော စိတ်ကူးယဉ်အကြောင်းအရာ အပါအဝင် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း သို့မဟုတ် မိမိကိုယ်ကို နာကျင်စေမှုကို အားပေးသော အကြောင်းအရာမှန်သမျှ" ကို တားမြစ်သည်။ ဤမူဝါဒအရ Meta သည် "မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုကို အားပေးသည့်၊ တိုက်တွန်းသည့်၊ ညှိနှိုင်းဆောင်ရွက်သည့် သို့မဟုတ် ယင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်များပေးသည့် အကြောင်းအရာ" ကို ဖယ်ရှားသည်။
ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာမှုကို ကုမ္ပဏီက "ပဓာန" အဖြစ် ဖော်ပြထားသော Meta ၏ သဘောထားထုတ်ဖော်ခွင့်အတွက် ကတိကဝတ်နှင့် ၎င်း၏ "အန္တရာယ်ကင်းရှင်းရေး" နှင့် "ဂုဏ်သိက္ခာ" ဆိုင်ရာ တန်ဖိုးများဖြင့် အသိပေးတင်ပြခဲ့သည်။
၃။ Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် ထောက်ခံချက်ပေးထားသည့် စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ်ကို ချမှတ်ထားသည်။ ၂၀၂၁ ခုနှစ်တွင် UNGP များနှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို Meta က ကြေညာခဲ့သည်။ ဤအမှုတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ နိုင်ငံတကာ စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည် -
- လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့် - အပိုဒ် ၁၉၊ နိုင်ငံသားများနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ICCPR)။ အထွေထွေမှတ်ချက် အမှတ် ၃၄၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၁။ လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် (UNSR)၊ အစီရင်ခံစာများ - က/HRC/၃၈/၃၅ (၂၀၁၈)၊ က/၇၄/၄၈၆ (၂၀၁၉)၊ ရာဘတ်အရေးယူဆောင်ရွက်ချက် အစီအစဉ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အစီရင်ခံစာ - က/HRC/၂၂/၁၇/ဖြည့်စွက်ချက် ၄ (၂၀၁၃)။
- အသက်ရှင်ရပ်တည်ခွင့် - အပိုဒ် ၆၊ ICCPR။
- ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစံနှုန်းအရ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရရှိခံစားခွင့် - အပိုဒ် ၁၂၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ICESCR)။
- တန်းတူညီမျှမှုရရှိခွင့်နှင့် ခွဲခြားဆက်ဆံမခံရခွင့် - အပိုဒ် ၂၊ ပိုဒ်ခွဲ ၁ နှင့် အပိုဒ် ၂၆၊ ICCPR။
၅။ အသုံးပြုသူ၏ တင်ပြချက်များ
ပုံကိုတင်ခဲ့သူသည် လိင်ပြောင်းထားသူများကို ယခင်က အွန်လိုင်းပေါ်တွင် ထိပါးနှောင့်ယှက်ခဲ့ပြီး Facebook မှ ဆိုင်းငံ့မှုကိုခံရပြီးနောက် အကောင့်အသစ်တစ်ခုကို ဖွင့်ခဲ့သည်ဟု အကြောင်းအရာကို တိုင်ကြားခဲ့သည့် အသုံးပြုသူက ဘုတ်အဖွဲ့ထံ သူ၏အယူခံလွှာထဲ၌ ဖော်ပြထားသည်။ လိင်ပြောင်းထားသူ အသိုင်းအဝိုင်းတွင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှုန်းများ မြင့်မားလာခြင်းအပေါ် ချီးကျူးဂုဏ်ပြုခြင်းကို "ခွင့်မပြုသင့်ပါ" ဟုလည်း ထိုသူက ဆိုခဲ့သည်။
၆။ Meta ၏ တင်ပြချက်များ
အကြောင်းအရာသည် "စာဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ ဖော်ပြထားသော အကြမ်းဖက်စကား သို့မဟုတ် အကြမ်းဖက်ရန်အားပေးမှု" ဖြင့် လူတစ်ဦး သို့မဟုတ် လူတစ်စုအား ၎င်းတို့၏နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက် (များ) ပေါ် အခြေခံ၍ ပစ်မှတ်ထားသော အကြောင်းအရာများကို တားမြစ်သည့် မူဝါဒပါစာကြောင်းကို ချိုးဖောက်ခဲ့သောကြောင့် Meta သည် ၎င်း၏ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်း၏ အဆင့် ၁ အရ နောက်ဆုံးတွင် ပို့စ်ကို ဖယ်ရှားခဲ့ပါသည်။ Meta က ဤမူဝါဒကို ကျင့်သုံးနည်းနှင့်ပတ်သက်၍ ၎င်း၏ကုမ္ပဏီတွင်း လမ်းညွှန်ချက်များတွင် အကြောင်းအရာသည် "(စာဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ) သေဆုံးမှု၊ ရောဂါဘယ သို့မဟုတ် ထိခိုက်ဒဏ်ရာရစေမှုကို တိုက်တွန်းနှိုးဆော်မှုများ သို့မဟုတ် ထိုသို့ဖြစ်စေရန် ရည်ရွယ်ကြောင်း ဖော်ပြချက်များ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်သည့် ရည်ရွယ်ချက်ကိုပြသော သို့မဟုတ် အခြေအနေကိုပြဆိုသော ဖော်ပြချက်များ သို့မဟုတ် ယင်းတို့ကို ထောက်ခံသော သို့မဟုတ် အားပေးသော ဖော်ပြချက်များ ပုံစံဖြင့်ရှိနေသည့် အကြမ်းဖက်စကား" ဖြစ်လျှင် ထိုအကြောင်းအရာကို ဖယ်ရှားသင့်သည်" ဟု ဆိုထားသည်။
အဆိုပါ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များတွင် ကုမ္ပဏီသည် ရုပ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုတွင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူစုများအား ကိုယ်စားပြုသည့် ရုပ်ပုံဖော်ပြချက်အဖြစ် ၎င်းယူဆသောအရာကိုလည်း ဖော်ပြထားသည်။ Meta သည် ဘုတ်အဖွဲ့အား ဤလမ်းညွှန်ချက်နှင့်ဆက်စပ်သော နောက်ထပ်အသေးစိတ်အချက်များကို ထုတ်ပြန်ခွင့်မပြုခဲ့ပါ။ ယင်းအစား ကုမ္ပဏီက "အမုန်းစကား မူဝါဒအရ အကြောင်းအရာသည် လူတစ်ဦး သို့မဟုတ် လူတစ်စုအား ၎င်းတို့၏ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ ပစ်မှတ်ထားခြင်းရှိ၊ မရှိ အခိုင်အမာသက်သေပြသည့်အခါ Meta သည် အကြောင်းအရာထဲရှိ ရုပ်ပုံဖော်ပြချက်များကို ထည့်သွင်းစဉ်းစားနိုင်သည်" ဟု ပြောခဲ့သည်။
၎င်း၏ စိစစ်သုံးသပ်သူများက အကြောင်းအရာအား အမုန်းစကား လူမှုစံနှုန်းကို ချိုးဖောက်ထားခြင်းမရှိဟု အကြိမ်ကြိမ် အကဲဖြတ်ခဲ့မှုများသည် "ကျွန်ုပ်တို့၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များကို တစ်သဝေမတိမ်း ကျင့်သုံးခြင်း" နှင့် ကိုက်ညီခဲ့ကြောင်း Meta က ပြောခဲ့သည်။ ၎င်းက ဤကဲ့သို့ အသေးစိတ်ရှင်းပြခဲ့သည် - "ခန်းဆီးများသည် လိင်ပြောင်းထားသူများအား ဂုဏ်ပြုသောအလံနှင့် ဆင်တူသော်လည်း သီးခြားရှိနေသော အလံတစ်ခုအား တိုက်ခိုက်မှုကို လူတစ်ဦး သို့မဟုတ် လူတစ်စုပေါ်မဟုတ်ဘဲ ကျွန်ုပ်တို့၏ မူဝါဒများကို မချိုးဖောက်သည့် အယူအဆ သို့မဟုတ် ထုံးတမ်းဓလေ့တစ်ခုပေါ် တိုက်ခိုက်မှုတစ်ခုအဖြစ် ကျွန်ုပ်တို့ အဓိပ္ပာယ်ကောက်ယူပါမည်။" သို့ရာတွင် Meta က နောက်ပိုင်းတွင် "တွဲလျားကျနေခြင်းကို ရည်ညွှန်းမှုသည် ထိုပို့စ်က လူတစ်စုကို တိုက်ခိုက်နေသည့် သဘောရောက်သည်" ဟု ဆုံးဖြတ်ခဲ့သည်။ ဤအကဲဖြတ်ချက်သည် "ခန်းဆီးများသည် လိင်ပြောင်းထားသူများအား ဂုဏ်ပြုသည့် အလံနှင့်ဆင်တူပြီး ဓာတ်ပုံထဲရှိ တွဲလျားကျနေသော ခန်းဆီးများ (နှင့် စာတန်းထိုး) သည်လည်း မိမိကိုယ်ကို ကြိုးဆွဲချသတ်သေ၍ သေကြောင်းကြံစည်ခြင်းကို တင်စားမှုတစ်ခု ဖြစ်သောကြောင့် 'သူ့ဖာသာသူတွဲလျားကျနေသော ခန်းဆီးများ' ဟူသော စကားစုသည် လိင်ပြောင်းအသိုင်းအဝိုင်းရှိ မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှုန်းကို သွယ်ဝိုက်ရည်ညွှန်းကြောင်း" ဆုံးဖြတ်ချက်ပေါ် အခြေခံခဲ့သည်။ ယုတ်စွအဆုံး ဆိုလိုရင်းကို နားမလည်စေကာမူ "အယူအဆများ သို့မဟုတ် ထုံးတမ်းဓလေ့များ" သည် 'သူ့ဖာသာသူ တွဲလျားကျနေခြင်း' မရှိနိုင်ပါ" ဟု Meta က မှတ်ချက်ပြုသည်။ ထို့အတွက်ကြောင့် အသုံးပြုသူသည် "အယူအဆသာမဟုတ်ဘဲ လိင်ပြောင်းထားသူများ" ကို ရည်ညွှန်းခဲ့ကြောင်း Meta က တွေ့ရှိခဲ့သည်။ ထို့ကြောင့် Meta ၏ အဆိုအရ "ဤအကြောင်းအရာကို နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူတစ်စုအား မိမိကိုယ်ကို သေကြောင်းကြံစည်၍ သေဆုံးစေမှုကို အားပေးသော ဖော်ပြချက်တစ်ခုအဖြစ် အဓိပ္ပာယ်ကောက်ယူရန် ရည်ရွယ်ထားသောကြောင့် ၎င်းသည် အမုန်းစကား မူဝါဒကို ချိုးဖောက်သည်။"
နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူအုပ်စုများအား ရည်ညွှန်းသည့် အကြမ်းဖက်စကားကို တားမြစ်သော မူဝါဒပါစာကြောင်းကို ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒသို့ ရွှေ့လိုက်ခြင်းဖြင့် အမုန်းစကား မူဝါဒကို ပြင်ဆင်ပြီးနောက်တွင် အကြောင်းအရာသည် ချိုးဖောက်နေဆဲဖြစ်ကြောင်း Meta က ဘုတ်အဖွဲ့ကို ပြောပြခဲ့သည်။
အသုံးပြုသူ၏ အကောင့်ရှိ ကိုယ်ရေးအကျဉ်း ဖော်ပြချက်တွင် "ကျွန်ုပ်က လိင်ပြောင်းထားသူများကို မနှစ်မြို့သူဖြစ်သည်" ဟု ဖော်ပြထားပြီး ၎င်းသည် "နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များအား လက်မခံနိုင်မှုကို ကိုယ်တိုင်ဝန်ခံခြင်း" အဖြစ် အမုန်းစကား မူဝါဒ၏ အဆင့် ၂ ကို ချိုးဖောက်ခဲ့သည်ဟုလည်း Meta က အစီရင်ခံခဲ့သည်။ Meta ၏အဆိုအရ အမှုကို ဘုတ်အဖွဲ့က ရွေးချယ်ပြီးနောက်တွင် အမှုကိစ္စကိုသာမက အသုံးပြုသူ၏အကောင့်ကိုပါ Meta စိစစ်သုံးသပ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါဖော်ပြချက်ကို ချိုးဖောက်သော အကြောင်းအရာဖြစ်သည်ဟု အကဲဖြတ်ထားသည်။ ဤဖော်ပြချက်သည် အမှုအကြောင်းအရာရှိ အသုံးပြုသူ၏ ရည်ရွယ်ချက်ကို ၎င်းအား နားလည်စေခဲ့ကြောင်း Meta က ဆိုခဲ့သည်။
အကြောင်းအရာသည် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ မူဝါဒကို ချိုးဖောက်ခြင်းရှိ၊ မရှိ မေးမြန်းသော ဘုတ်အဖွဲ့၏မေးခွန်းကို တုံ့ပြန်ရာတွင် "အကြောင်းအရာသည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူတစ်စုအား မိမိကိုယ်ကို သေကြောင်းကြံစည်၍ သတ်သေစေရန် အားပေးသော ဖော်ပြချက်တစ်ခု ဖြစ်ကြောင်း ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်နှင့်အညီ အကြောင်းအရာသည် မိမိကိုယ်ကို သေကြောင်းကြံစည်ရန် တိုက်တွန်းလှုံ့ဆော်ခြင်းဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ မူဝါဒကို ချိုးဖောက်သည်" ဟု Meta က အတည်ပြုခဲ့သည်။ မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ မူဝါဒသည် "သီးခြားလူပုဂ္ဂိုလ်တစ်ဦးနှင့် လူတစ်စုကို ရည်ရွယ်သည့် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းကို အားပေး သို့မဟုတ် တိုက်တွန်းသည့် အကြောင်းအရာများအကြား မခွဲခြားထားပါ" ဟုလည်း Meta က အစီရင်ခံခဲ့သည်။
ဘုတ်အဖွဲ့သည် မေးခွန်း ၁၃ ခုကို Meta ထံသို့ စာဖြင့်ရေးသား၍ မေးမြန်းခဲ့သည်။ မေးခွန်းများသည် လိင်ပြောင်းထားသူနှင့် LGBTQIA+ ကိစ္စရပ်များအတွက် Meta ၏ အကြောင်းအရာ စိစစ်ခြင်းဆိုင်ရာ ကိုင်တွယ်လုပ်ဆောင်ပုံ၊ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းအပြင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ လူမှုစံနှုန်းအကြား ဆက်စပ်မှု၊ အမုန်းစကားဆိုင်ရာ ချိုးဖောက်မှုများရှိ၊ မရှိ အကြောင်းအရာကို စိစစ်သုံးသပ်သည့်အခါ "ဟာသ" နှင့် "သရော်စာ" ကို စိစစ်သူများက အကဲဖြတ်ပုံ၊ လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းအတွက် အကြောင်းအရာကို ဦးစားပေးရာတွင် "ပျံ့နှံ့ရောက်ရှိမှု" နှင့် "ဆိုးရွားပြင်းထန်မှုအဆင့်" ရမှတ်များ၏ အခန်းကဏ္ဍနှင့် Meta ၏ အကြောင်းအရာ စိစစ်ခြင်း လုပ်ထုံးလုပ်နည်းများက အသုံးပြုသူ တိုင်ကြားချက်များစွာရှိသည့် အကြောင်းအရာများကို လူကိုယ်တိုင် စိစစ်ရန် ဦးစားပေးလုပ်ဆောင်ပုံတို့နှင့် ပတ်သက်ခဲ့သည်။ Meta သည် မေးခွန်း ၁၃ ခုလုံးကို ဖြေကြားခဲ့သည်။
၇။ အများမြင် မှတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ ၂၅ ခု၊ ဥရောပမှ ခုနစ်ခုနှင့် အာရှပစိဖိတ်နှင့် သမုဒ္ဒရာပိုင်းမှ သုံးခုအပါအဝင် ဤအမှုနှင့်ဆိုင်သော အများမြင်မှတ်ချက် ၃၅ ခုကို လက်ခံရရှိခဲ့သည်။ ဤစုစုပေါင်းအရေအတွက်တွင် တူနေသော သို့မဟုတ် ထုတ်ပြန်ကြေညာရန် သဘောတူညီချက်ဖြင့် ပေးပို့ခဲ့သော်လည်း ထုတ်ပြန်ကြေညာမှုအတွက် ဘုတ်အဖွဲ့၏ သတ်မှတ်ချက်များနှင့် မကိုက်ညီခဲ့သော အများမြင်မှတ်ချက်များ ပါဝင်သည်။ ထိုသို့ဖယ်ထုတ်ခံရခြင်းသည် မှတ်ချက်၏ရိုင်းပြသော သဘောသဘာဝ၊ အသုံးပြုသူ ကိုယ်ရေးလုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများနှင့်/သို့မဟုတ် အခြားဥပဒေဆိုင်ရာ အကြောင်းရင်းများပေါ် မူတည်နိုင်ပါသည်။ အများမြင်မှတ်ချက်များကို ထုတ်ပြန်ကြေညာရန် သဘောတူညီချက်ဖြင့်ဖြစ်စေ၊ သဘောတူညီချက်မပါဘဲဖြစ်စေ၊ ထည့်သွင်းစဉ်းစားရန် သဘောတူညီချက်ဖြင့်ဖြစ်စေ၊ သဘောတူညီချက်မပါဘဲဖြစ်စေ ဘုတ်အဖွဲ့ထံ ပေးပို့နိုင်သည်။
ပေးပို့မှုများတွင် အောက်ပါအကြောင်းအရာများ ပါဝင်ခဲ့သည် - ပိုလန်နိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေ၊ အထူးသဖြင့် လိင်ပြောင်းထားသူများက ထိခိုက်မှုကို တွေ့ကြုံခံစားရသဖြင့် သူတို့၏ လူ့အခွင့်အရေးအခြေအနေ၊ လူမှုကွန်ရက် ပလက်ဖောင်းများပေါ်ရှိ LGBTQIA+ တို့၏ အန္တရာယ်ကင်းရှင်းရေး၊ ပိုလန်နိုင်ငံရှိ အွန်လိုင်းနှင့် ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှုအကြား ဆက်စပ်မှု၊ လူမှုကွန်ရက် ပလက်ဖောင်းများပေါ်ရှိ လိင်ပြောင်းထားသူများအပေါ် ဟာသ၊ သရော်စာ၊ သရော်သည့်ပုံနှင့် မုန်းတီးမှု/နှောင့်ယှက်မှုအကြား ဆက်စပ်မှု၊ အဓိပ္ပာယ်ကောက်ယူရန် ဆက်စပ်အကြောင်းအရာလိုအပ်သည့် အကြောင်းအရာများကို စိစစ်ရာတွင် စိန်ခေါ်မှုများ။
ဤအမှုအတွက် ပေးပို့ထားသော အများမြင်မှတ်ချက်များကို ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့ ၏ အကဲဖြတ်စစ်ဆေးမှု
ဘုတ်အဖွဲ့သည် Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် တန်ဖိုးများကို ဆန်းစစ်လေ့လာပြီး ဤအကြောင်းအရာကို ဖယ်ရှားသင့်၊ မသင့် စစ်ဆေးခဲ့သည်။ အကြောင်းအရာ ထိန်းချုပ်ရေးအတွက် Meta ၏ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းနည်းနှင့် ပတ်သက်၍ ဤအမှု၏ နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း ဘုတ်အဖွဲ့က အကဲဖြတ်ခဲ့သည်။
Meta က ၎င်း၏ အမုန်းစကား မူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် မည်မျှတိကျမှုရှိကြောင်း အကဲဖြတ်ရန်အပြင် အမုန်းစကားနှင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှု သို့မဟုတ် မိမိကိုယ်ကို နာကျင်စေမှုကို အားပေးခြင်း နှစ်ခုစလုံး ပါဝင်သည့် အကြောင်းအရာများအပေါ် Meta ၏ ကိုင်တွယ်ဖြေရှင်းပုံကိုလည်း ပိုမိုကောင်းမွန်စွာ နားလည်ရန် ဘုတ်အဖွဲ့က ဤအမှုကို ရွေးချယ်ခဲ့သည်။
၈.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း
၁။ အကြောင်းအရာဆိုင်ရာ စည်းမျဉ်းများ
အမုန်းစကား
ဤအမှုရှိ အကြောင်းအရာသည် အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ပို့စ်တွင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်ရှိသော လူတစ်စုအား မိမိကိုယ်ကို သေကြောင်းကြံစည်၍ သတ်သေစေရန် တိုက်တွန်းသည့် ပုံစံဖြင့် "အကြမ်းဖက်စကား သို့မဟုတ် အားပေးမှု" (အဆင့် ၁) ပါဝင်ခဲ့သောကြောင့် ၎င်းသည် အမုန်းစကားဆိုင်ရာ မူဝါဒကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ပါသည်။
"အယူအဆများ သို့မဟုတ် ထုံးတမ်းဓလေ့များသည် 'သူ့ဖာသာသူ တွဲလျားကျခြင်း' မရှိနိုင်သောကြောင့်" ပို့စ်ထဲရှိ တွဲလျားကျခြင်းဟူသော ရည်ညွှန်းချက်သည် အယူအဆတစ်ခုထက် လူတစ်စုအပေါ် တိုက်ခိုက်မှုဖြစ်သည်ဟု Meta ၏ နောက်ဆုံး ကောက်ချက်ချမှုကို ဘုတ်အဖွဲ့က သဘောတူသည်။ ပိုလန်နိုင်ငံရှိ LGBTQIA+ အသိုင်းအဝိုင်းဝင်များ၊ အထူးသဖြင့် လိင်ပြောင်းထားသူများ ရင်ဆိုင်နေရသည့် ပိုမိုကျယ်ပြန့်သော အွန်လိုင်းနှင့် ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှု အခြေအနေများ၌ ၎င်း၏ကောက်ချက်ချမှုကို သက်သေပြနိုင်သည့် အထောက်အထားကိုလည်း ဘုတ်အဖွဲ့က တွေ့ရှိပါသည်။ လိင်ပြောင်းထားသူများအား မိမိကိုယ်ကိုသေကြောင်းကြံစည်ရန် အားပေးထောက်ခံသော အကြမ်းဖက်စကားကို အသုံးပြုထားသည့် ပို့စ်သည် ခြိမ်းခြောက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းကို ခံစားရသည့် အခြေအနေကို ဖြစ်ပေါ်စေပြီး ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်မှုကို ပေါ်ပေါက်လာစေနိုင်သည်။ ဤအခြေအနေတွင် ပို့စ်၌ပါရှိသည့် သုံးနှုန်းဖော်ပြချက်ကို အသုံးပြုထားခြင်းသည် ရည်ရွယ်ပစ်မှတ်ထားသူကို လူ့ဂုဏ်သိက္ခာကင်းမဲ့အောင် နှိမ့်ချအရှက်ခွဲရန် ရည်ရွယ်ခဲ့ကြောင်း ထင်ရှားနေပါသည်။ စာသားနှင့် ရုပ်ပုံ၏ သဘောသဘာဝကို ထည့်သွင်းစဉ်းစားလျှင် ပို့စ်သည် လိင်ပြောင်းအသိုင်းအဝိုင်းက လက်ရှိတွေ့ကြုံခံစားနေရသည့် ဆက်လက်ဖြစ်ပေါ်နေဆဲ စိတ်ကျန်းမာရေး အခက်အခဲပြဿနာများကို ပိုမိုဆိုးရွားစေပါသည်။ လေ့လာမှုများစွာအရ လိင်ပြောင်းထားသူများ သို့မဟုတ် ကျား/မခံယူထားခြင်းမရှိသူများသည် မွေးရာပါကျား/မဖြစ်တည်မှုအတိုင်း လိင်စိတ်ခံယူသူများထက် မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်များ ပိုရှိလာတတ်သလို သေကြောင်းကြံစည်ရန် ကြိုးပမ်းနိုင်ခြေလည်း ပိုများပါသည်။ ထို့အပြင် အွန်လိုင်းပေါ်တွင် တိုက်ခိုက်မှုများနှင့် မတရားဖိနှိပ်မှုများကို တွေ့ကြုံခံစားရခြင်းသည် မိမိကိုယ်ကိုအဆုံးစီရင်လိုစိတ်များ ရှိနေခြင်းနှင့် သေချာပေါက် ဆက်နွယ်နေပါသည်။ ဤဆက်စပ်အကြောင်းအရာတွင် လိင်ပြောင်းထားသူ အသိုင်းအဝိုင်းအတွင်း မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပိုမိုများပြားလာနိုင်ခြေ အန္တရာယ်ရှိသော ရည်ညွှန်းချက် ("သူ့ဖာသာသူ တွဲလျားကျနေသော ခန်းဆီးများ") နှင့်အတူ လိင်ပြောင်းထားသူများကို ကိုယ်စားပြုသောအလံရှိနေခြင်းသည် လိင်ပြောင်းထားသူများက ပို့စ်၏ပစ်မှတ်ဖြစ်ကြောင်း ရှင်းလင်းသော ညွှန်ပြချက်ဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါသည်။ နောက်တွင် “<3” (အသည်းနှလုံးပုံ) သင်္ကေတပါသည့် "နွေဦးရာသီ သန့်ရှင်းရေး" စကားစုသည်လည်း ထိုလူစုအား သေကြောင်းကြံစည်ရန် အားပေးရာရောက်ကြောင်းလည်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ထို့ကြောင့် ၎င်းသည် အမုန်းစကားလူမှုစံနှုန်း၏ "နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ခုကို မရှိသင့်ကြောင်း ဖော်ပြမှုများ" အပေါ် တားမြစ်ချက် (အဆင့် ၂) ကိုလည်း ချိုးဖောက်သည်။
ဤလူမှုစံနှုန်းနှင့်စပ်လျဉ်း၍ မူဝါဒနှင့် ၎င်းကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းမှုအတွက် ကုမ္ပဏီတွင်း လမ်းညွှန်ချက်များသည် သမိုင်းကြောင်းအရ ဖယ်ကြဉ်ခံရသည့် လူအုပ်စုများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် တွင်ကျယ်စွာအသုံးပြုနေသည့် အကြောင်းအရာပုံစံများရှိ “ မကောင်းသောရည်ရွယ်ချက်ဖြင့် ဖန်တီးမှု” ကို ပို၍ တုံ့ပြန်ဖြေရှင်းနိုင်မည်ဟု ဘုတ်အဖွဲ့က ယုံကြည်သည်။ Wilson Center သည် လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ သုတေသနလေ့လာမှုအရ ဤစကားစုကို အသစ်ထွင်လိုက်ပြီး GLAAD သည်လည်း ထိုစကားစု၏ ဆီလျော်မှုကို ၎င်းတို့၏ အများမြင်မှတ်ချက် (PC-၁၆၀၂၇) တွင် အလေးပေးဖော်ပြခဲ့သည်။ “မကောင်းသောရည်ရွယ်ချက်ဖြင့် ဖန်တီးမှု” သည် "လူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင် ရှာဖွေဖော်ထုတ်မခံရစေရန်အတွက် စာဝှက်ဖြင့်ရေးထားသော အသုံးအနှုန်း၊ ထပ်ခါထပ်ခါဖြစ်သော၊ ဆက်စပ်အကြောင်းအရာအခြေပြုသော ရုပ်ပုံနှင့် စာသား သရော်စာပုံများနှင့် အခြားနည်းလမ်းများ အသုံးပြုမှု" ကို ရည်ညွှန်းသည်။ အဆိုပါအယူအဆကို ဤအမှုရှိ ပို့စ်တွင် လက်တွေ့ကျင့်သုံးရာ၌ “မကောင်းသော ရည်ရွယ်ချက်ဖြင့် ဖန်တီးမှု” တွင် "တလွဲသုံးစွဲသူများက ယေဘုယျအားဖြင့် "ဟာသမြောက်သော သို့မဟုတ် သရော်သောအရာများဖြစ်သည်" ဟု ခုခံကာကွယ်သော်လည်း "အမှန်တကယ်တွင် LGBTQ များကို ဆန့်ကျင်မုန်းတီးမှု သို့မဟုတ် နှောင့်ယှက်မှု" ဖြစ်သော ပို့စ်များနှင့် သရော်သည့်ပုံများမှတစ်ဆင့် LGBTQ အသိုင်းအဝိုင်းနှင့် အားနည်းထိခိုက်လွယ်သော လူစုများအပေါ် ပစ်မှတ်ထားသည့် ဆန်းသစ်သော နည်းလမ်းများကို တီထွင်ဖန်တီးခြင်း " ပါဝင်သည်ဟု GLAAD က ဆိုထားသည်။ အတိအကျဆိုရသော် “မကောင်းသောရည်ရွယ်ချက်ဖြင့် ဖန်တီးမှု” သည် ကာကွယ်ပေးထားသော လူစုတစ်စုအား မိမိကိုယ်ကို သေကြောင်းကြံစည်၍ သတ်သေအောင် တိုက်တွန်းရန် သရုပ်ဖော်ထားသောရုပ်ပုံ (လိင်ပြောင်းထားသူများကို ကိုယ်စားပြုသောအလံ) နှင့်ပေါင်းစပ်၍ သေကြောင်းကြံစည်မှုကို ဖော်ပြရန် စာဝှက်ဖြင့်ရေးထားဟန်တူသော ရည်ညွှန်းချက်နှစ်ခု ("သူ့ဖာသာသူ တွဲလျားကျနေသော ခန်းဆီးများ" နှင့် "နွေဦးရာသီ သန့်ရှင်းရေး) တို့ကို အသုံးပြုသည့် ပို့စ်တစ်ခုပုံစံဖြင့် ရှိနေခဲ့ပါသည်။ အဇာဘိုင်ဂျန်ရှိ အာမေးနီးယန်းများ ဆုံးဖြတ်ချက်တွင် ထိုအမှု၌ ထည့်စဉ်းစားသည့် အသုံးအနှုန်းသည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ လူတစ်စုကို ပစ်မှတ်ထားရန် ရည်ညွှန်းခဲ့ကြောင်း ဆုံးဖြတ်သည့်အခါတွင် ဆက်စပ်အကြောင်းအရာ၏ အရေးပါမှုကို ဘုတ်အဖွဲ့က မှတ်ချက်ပြုခဲ့သည်။ ထိုအမှုတွင် စစ်ပွဲနှင့်ဆက်စပ်သော အကြောင်းအရာက လွှမ်းမိုးခဲ့သော်လည်း ပိုလန်နိုင်ငံရှိ လိင်ပြောင်းထားသူများ ရင်ဆိုင်ရသော ခြိမ်းခြောက်မှုများကို ထောက်ဆသည့်အခါ အဆိုပါအခြေအနေများသည် စစ်ပွဲလောက် ပြင်းထန်မှုမရှိသော်လည်း အသိုင်းအဝိုင်းတစ်ခုအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနိုင်ကြောင်း ပြသသည်။ အထက်တွင် မှတ်ချက်ပြုထားသည့်အတိုင်း ပိုလန်နိုင်ငံရှိ လိင်ပြောင်းထားသူငါးဦးတွင် တစ်ဦးသည် ၂၀၁၉ မတိုင်မီ ငါးနှစ်အတွင်း ကိုယ်ထိလက်ရောက် သို့မဟုတ် လိင်ပိုင်းဆိုင်ရာအရ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ၎င်းသည် အဆိုပါတိုက်ခိုက်မှုများ ခံစားရကြောင်း အစီရင်ခံသည့် အခြား LGBTI အဖွဲ့များမှ လူပုဂ္ဂိုလ်များ၏ အရေအတွက်ထက် နှစ်ဆပိုများသည်။
Meta ၏ ကနဦး လူကိုယ်တိုင် စိစစ်သုံးသပ်သူများက အကြောင်းအရာထဲရှိ ဤဆက်စပ်သဲလွန်စများကို မသိခဲ့သောကြောင့် အကြောင်းအရာသည် ချိုးဖောက်ထားခြင်းမရှိဟု ကောက်ချက်ချခဲ့သည်ကို ဘုတ်အဖွဲ့က စိုးရိမ်ပါသည်။ ဘုတ်အဖွဲ့က အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းခြင်းဆိုင်ရာ လမ်းညွှန်ချက်တွင် ပြင်ဆင်ချက်အချို့ကို အကြံပြုထားသော်လည်း ထိုအချိန်က ရေးသားထားသည့်အတိုင်း ထောက်ဆကြည့်ရှုလျှင်ပင် ပို့စ်သည် မူဝါဒများကို ချိုးဖောက်ခဲ့ကြောင်း ဦးစားပေးဖော်ပြသည်။ ပို့စ်ထဲတွင် ရေးထားသော ဖော်ပြချက်နှစ်ခုလုံးသည် လိင်ပြောင်းထားသူများအား မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ထောက်ခံအားပေးနေသည်။ အသုံးပြုသူ၏ ကိုယ်ရေးအကျဉ်းရှိ နောက်ထပ်အချက်ပြတစ်ခုက ဤကောက်ချက်ချမှုကို မှန်ကန်ကြောင်း သက်သေပြနေပါသည်။ အသုံးပြုသူက လိင်ပြောင်းထားသူများအား ကြောက်ရွံ့မုန်းတီးသူအဖြစ် မိမိကိုယ်ကိုဖော်ပြထားမှုသည် အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းရှိ "နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့်အချက်များအား လက်မခံနိုင်မှုကို ကိုယ်တိုင်ဝန်ခံခြင်း" အပေါ် တားမြစ်ချက်၏ အဆင့် ၂ ကို ချိုးဖောက်ရာလည်းရောက်ပါမည်။ Meta သည် အထူးသဖြင့် ပို့စ်တွင် အဓိပ္ပာယ်ကောက်ယူရန် ဆက်စပ်အကြောင်းအရာလိုအပ်သည့် ရုပ်ပုံများနှင့် စာသားပါဝင်သည့်အခါ အလိုအလျောက် စောင့်ကြည့်စနစ်ဖြင့်ဖြစ်စေ၊ လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်းဖြင့်ဖြစ်စေ LGBTQIA+ အသိုင်းအဝိုင်းအား ရည်ညွှန်းသည့် အမုန်းစကားအပေါ် ၎င်း၏ စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုတိကျမှန်ကန်မှုရှိစေရန် လုပ်ဆောင်ရပါမည်။ GLAAD က လေ့လာတွေ့ရှိထားသည့်အတိုင်း (PC-၁၆၀၂၇) Meta သည် "‘မကောင်းသောရည်ရွယ်ချက်ဖြင့် ဖန်တီးမှု' ကို အသုံးချထားသည့် အကြောင်းအရာများအပေါ် တိုင်ကြားချက်များကို စိစစ်သုံးသပ်သည့်အခါ ၎င်း၏ မူဝါဒများကို သက်ရောက်ပြဋ္ဌာန်း၍ စည်းကမ်းထိန်းသိမ်းရန် အမြဲပျက်ကွက်သည်။"
အကြောင်းအရာကို ဖယ်ရှားရန် လူကိုယ်တိုင် စိစစ်သုံးသပ်သူများ၏ ပျက်ကွက်မှုများသည် ၎င်း၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များအား တင်းကျပ်စွာ ကျင့်သုံးခြင်းနှင့် ကိုက်ညီကြောင်း Meta ၏ ဖော်ပြချက်သည်လည်း ဘုတ်အဖွဲ့အား စိုးရိမ်ပူပန်စေသည်။ ဆိုရှယ်မီဒီယာပို့စ်တစ်ခုရှိ စာသားနှင့် ရုပ်ပုံတို့က အဖွဲ့ဝင်များ၏ လိင်စိတ်ခံယူချက်အရ သတ်မှတ်ထားသော လူစုတစ်စုကို မည်သို့ကိုယ်စားပြုတုံ့ပြန်နိုင်သည်ကို စိစစ်သုံးသပ်သူများထံ ပေးထားသော ကုမ္ပဏီတွင်း လမ်းညွှန်ချက်၌ လုံလောက်စွာ ထည့်သွင်းစဉ်းစားထားခြင်းမရှိကြောင်း Meta ၏ ဖော်ပြချက်က ညွှန်ပြနေပါသည်။ အမြင်အားဖြင့် ကိုယ်စားပြုဖော်ပြထားပုံရသော်လည်း အမည်တပ်ပြောခြင်း သို့မဟုတ် လူပုံသဏ္ဌာန်ဖြင့် သရုပ်ဖော်ခြင်းမရှိသော နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူစုများကို ပစ်မှတ်ထားသည့် အကြောင်းအရာများပေါ် မှန်မှန်ကန်ကန် စည်းကမ်းထိန်းသိမ်းမှုရလဒ်တစ်ခုကို အကြောင်းအရာများစွာ သုံးသပ်ရသော စိစစ်သုံးသပ်သူများအနေဖြင့် ဆုံးဖြတ်နိုင်စေရန် လမ်းညွှန်ချက်သည် လုံလောက်မှုမရှိနိုင်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ Meta သည် ဘုတ်အဖွဲ့အား ဤအကြောင်းအရာမျိုးကို စည်းကမ်းထိန်းသိမ်းရာတွင် ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ပုံနှင့် ပတ်သက်၍ ပိုမိုထဲထဲဝင်ဝင် ဆွေးနွေးနိုင်စေခဲ့မည့် ထပ်ဆောင်းအသေးစိတ်အချက်များကို ထုတ်ပြန်ခွင့်မပြုခဲ့ပါ။ သို့ရာတွင် အကြောင်းအရာ၌ တိုက်ခိုက်မှုများပါဝင်ခြင်းရှိ၊ မရှိ အကဲဖြတ်သည့်အခါ လိင်စိတ်ခံယူချက်ကိုပြသည့် ရုပ်ပုံဖော်ပြချက်များကို အလုံအလောက် နားလည်နိုင်စေရန်အတွက် Meta အနေဖြင့် ၎င်း၏လမ်းညွှန်ချက်ကို ပြင်ဆင်သင့်သည်ဟု ဘုတ်အဖွဲ့က ယူဆသည်။ ဘုတ်အဖွဲ့သည် ဤဆောင်ရွက်ချက်ကို အကြံပြုရာတွင် ၎င်းသည် အယူအဆများ၊ ထုံးတမ်းဓလေ့များ၊ အတွေးအခေါ်များ၊ အလေ့အထများ သို့မဟုတ် ယုံကြည်ချက်များအပေါ် တန်ပြန်ပြောဆိုမှုများကို Meta ၏ ကာကွယ်ပေးထားမှုအား မှေးမှိန်အောင်လုပ်ရန် မကြိုးစားကြောင်း အသားပေးဖော်ပြထားသည်။ ယင်းအစား ဘုတ်အဖွဲ့က Meta အား ပို့စ်များသည် လူပုဂ္ဂိုလ်များအပေါ် တိုက်ခိုက်မှုဖြစ်စေရန်အတွက် လူပုံသဏ္ဌာန်များကို သရုပ်ဖော်ထားရန် မလိုကြောင်း ရှင်းပြပေးစေလိုပါသည်။
မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှု
ဤအမှုရှိ အကြောင်းအရာသည် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ လူမှုစံနှုန်းကိုလည်း ချိုးဖောက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဤမူဝါဒသည် "မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုကို အားပေးသည့်၊ တိုက်တွန်းသည့်၊ ညှိနှိုင်းဆောင်ရွက်သည့် သို့မဟုတ် ယင်းနှင့်ပတ်သက်၍ ညွှန်ကြားချက်များပေးသည့် အကြောင်းအရာများ"ကို တားမြစ်ပါသည်။ Meta က စိစစ်သုံးသပ်သူများအား ပေးထားသည့် ကုမ္ပဏီတွင်း လမ်းညွှန်ချက်များအရ "အားပေးခြင်း" ကို "အကောင်းဘက်မှပြောခြင်း" အဖြစ် သတ်မှတ်ထားပါသည်။ အကြောင်းအရာသည် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူတစ်စုအား မိမိကိုယ်ကို သေကြောင်းကြံစည်ရန် အားပေးသော ဖော်ပြချက်တစ်ခု ဖြစ်သောကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းကို တိုက်တွန်းလှုံ့ဆော်ပေးနေကြောင်း Meta ၏ နောက်ဆုံးကောက်ချက်ချမှုကို ဘုတ်အဖွဲ့က သဘောတူသည်။
မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ လူမှုစံနှုန်းသည် မည်သူမည်ဝါမှန်းခွဲခြားသိရှိနိုင်သော လူတစ်စုရှိ လူတစ်ဦးတည်းအပေါ် မဟုတ်ဘဲ လူတစ်စုလုံးအပေါ် ရည်ရွယ်ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်စေရန် အားပေးသော သို့မဟုတ် တိုက်တွန်းသော အကြောင်းအရာများကို ပိုမိုရှင်းလင်းစွာ တားမြစ်သင့်သည်ဟုလည်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ မူဝါဒသည် ဤအကြောင်းအရာပုံစံနှစ်မျိုးအကြား ခွဲခြားထားခြင်းမရှိပါဟု Meta က ဘုတ်အဖွဲ့အား ထုတ်ဖော်ပြောခဲ့သည်။ သို့ရာတွင် ဤအမှု၌ လူတစ်စုအပေါ် မိမိကိုယ်ကို သေကြောင်းကြံစည်စေရန် တိုက်တွန်းသည့် ဖော်ပြချက်တစ်ခုကို ခွဲခြားဖော်ထုတ်ရာတွင် စိစစ်သုံးသပ်သူများ ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများကို ထောက်ဆလျှင် မူဝါဒသည် မည်သူမည်ဝါမှန်းခွဲခြားသိရှိနိုင်သော လူတစ်စုအပေါ် ရည်ရွယ်ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်စေရန် အားပေးသော သို့မဟုတ် တိုက်တွန်းသော အကြောင်းအရာကို တားမြစ်ကြောင်း ရှင်းလင်းဖော်ပြပေးရန် ဘုတ်အဖွဲ့က Meta အား တိုက်တွန်းသည်။ Meta သည် ၎င်း၏ မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ မူဝါဒ စာမျက်နှာတွင်အပြင် စိစစ်သုံးသပ်သူများထံ ပေးထားသော ၎င်း၏ ဆက်စပ်ကုမ္ပဏီတွင်း လမ်းညွှန်ချက်တွင်လည်း ဤအချက်ကို ရှင်းပြထားသင့်သည်။
၂။ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်
Meta ၏ အလိုအလျောက် လုပ်ဆောင်သော စိစစ်သုံးသပ်မှု ဦးစားပေးရေးစနစ်များက ဤအမှုရှိ စည်းကမ်းထိန်းသိမ်းမှု အရေးယူဆောင်ရွက်ချက်များအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ပို့စ်၏ အသုံးပြုသူ တိုင်ကြားမှု ၁၂ ခုအနက် ၁၀ ခုကို Meta ၏ အလိုအလျောက် လုပ်ဆောင်သော စနစ်များက အလိုအလျောက် ပိတ်သိမ်းခဲ့သည်။ Meta ၏ ဆုံးဖြတ်ချက်များကို လက်မခံသည့် အသုံးပြုသူအယူခံလွှာ သုံးခုအနက် နှစ်ခုကို Meta ၏ အလိုအလျောက် လုပ်ဆောင်သော စနစ်များက အလိုအလျောက် ပိတ်သိမ်းခဲ့သည်။ ဘုတ်အဖွဲ့နှင့် မျှဝေထားသော အမှုမှတ်တမ်းတွင် ချိုးဖောက်မှုဖြစ်သည်ဟု ညွှန်ပြနေသောအချက်ပြများစွာ ပါရှိနေသည်ကို ဘုတ်အဖွဲ့က စိုးရိမ်သည့်အတွက်ကြောင့် Meta ၏ မူဝါဒများကို လုံလောက်စွာ စည်းကမ်းထိန်းသိမ်းမှုမရှိကြောင်းကို ဖော်ပြထားသည်။
အကြောင်းအရာတစ်ခုတည်းအတွက် ပေးပို့ထားသည့် တိုင်ကြားချက်များစွာကို ကိုင်တွယ်ဖြေရှင်းရန် သတ်မှတ်ထားသော Meta ၏ အကြောင်းအရာ စိစစ်ရေး လုပ်ထုံးလုပ်နည်းများကြောင့် အသုံးပြုသူတိုင်ကြားချက် အမြောက်အမြားမှာ ပိတ်သိမ်းခံခဲ့ရသည်ဟု ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ "ပြင်းထန်မှုအဆင့်နှင့် ပျံ့နှံ့မှုနှုန်း ရမှတ်များနိမ့်ခြင်း"ကြောင့် အမုန်းစကားအတွက် ပထမဆုံး အသုံးပြုသူတိုင်ကြားချက်ကို လူကိုယ်တိုင် စိစစ်သုံးသပ်ရန်အတွက် ဦးစားပေးခြင်း မရှိခဲ့ပါ။ အကြောင်းအရာတစ်ခုတည်းအတွက် တိုင်ကြားချက်များစွာကို ပေးပို့သည့်အခါ Meta သည် "စိစစ်သုံးသပ်သူ ဆုံးဖြတ်ချက်များနှင့် စည်းကမ်းထိန်းသိမ်းမှု အရေးယူဆောင်ရွက်ချက်များတွင် တစ်သမတ်တည်းဖြစ်ကြောင်း သေချာစေရန် အဆိုပါတိုင်ကြားချက်များတွင် တူနေသည်များကို ဖယ်ထုတ်မည်" ဖြစ်သောကြောင့် အမုန်းစကားအတွက် နောက်ဆက်တွဲတိုင်ကြားချက်များကို လူကိုယ်တိုင် စိစစ်သုံးသပ်ရန် ဦးစားပေးခြင်းမရှိခဲ့ပါ။ တူနေသည်များကို ဖယ်ထုတ်ခြင်းသည် အကြောင်းအရာများစွာကို စိစစ်သုံးသပ်ရာတွင် သင့်လျော်သော လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်သည်ကို ဘုတ်အဖွဲ့က လက်ခံပါသည်။ သို့ရာတွင် အဆိုပါလုပ်ထုံးလုပ်နည်းသည် အမျိုးအစားတူသော တိုင်ကြားချက်အားလုံးကို အရေးယူဆောင်ရွက်မည်၊ မဆောင်ရွက်မည်ကိုလည်း အဆုံးအဖြတ်ပေးရသောကြောင့် တိုင်ကြားချက်ပေါ်တွင် ကနဦးချမှတ်သည့် ဆုံးဖြတ်ချက်ကိုသာ ပိုမိုအလေးပေးသည်ကို ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။
Meta သည် အထူးသဖြင့် LGBTQIA+ လူပုဂ္ဂိုလ်များအပေါ် ထိခိုက်နိုင်ဖွယ်ရှိသော အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အလိုအလျောက် လုပ်ဆောင်သော စနစ်များ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင်နှင့် စိစစ်သုံးသပ်ရန်အတွက် အကြောင်းအရာကို ဦးစားပေးရာတွင် ပိုမိုတိကျမှန်ကန်မှုရှိအောင် အလေးပေးဆောင်ရွက်ရန် အရေးကြီးလိမ့်မည်ဟု ဘုတ်အဖွဲ့က ယူဆသည်။ ဤအမှုတွင် ထည့်သွင်းစဉ်းစားသည့် စာဝှက်ဖြင့်ရေးထားသော အသုံးအနှုန်းနှင့် ဆက်စပ်အကြောင်းအရာအခြေပြု ရုပ်ပုံများ၏ အမျိုးအစားအား အလိုအလျောက် လုပ်ဆောင်သော စနစ်များ၏ သိရှိနားလည်နိုင်စွမ်းကို တိုးတက်စေရန် ထိုကဲ့သို့သော မွမ်းမံမြှင့်တင်မှုများသည် အခြားနှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူအုပ်စုများကို ပစ်မှတ်ထားသည့် အကြောင်းအရာများအပေါ် စည်းကမ်းထိန်းသိမ်းမှုကိုလည်း သေချာပေါက် တိုးတက်စေပါမည်။ ဥပမာအားဖြင့် စိစစ်သုံးသပ်မှုအတွက် အကြောင်းအရာကို ဦးစားပေးသင့်၊ မသင့်နှင့်/သို့မဟုတ် စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူမှု ဆောင်ရွက်သင့်၊ မသင့် ဆုံးဖြတ်ရန် ရည်ရွယ်ပြီး ဆိုးရွားပြင်းထန်မှုအဆင့်ရမှတ်များကို ဆုံးဖြတ်သည့်အခါ သက်ဆိုင်ရာအချက်ပြတစ်ခုအဖြစ် လိင်ပြောင်းထားသူများအား မနှစ်မြို့သူဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက်ပါရှိသည့် အသုံးပြုသူ၏ ကိုယ်ရေးအကျဉ်းကို ထည့်သွင်းစဉ်းစားခဲ့သင့်သည်ဟု ဘုတ်အဖွဲ့က ယူဆသည်။ ဤအချက်ပြသည် ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာကို ထုတ်ဖော်ရန် Meta အသုံးပြုနိုင်သည့် လက်ရှိ အပြုအမူဆိုင်ရာနှင့် လူမှုကွန်ရက် ဆန်းစစ်လေ့လာမှုများတွင် ထပ်ဖြည့်စဉ်းစားရမည့် အချက်တစ်ချက် ဖြစ်နိုင်သည်။
ထို့အပြင် Meta အနေဖြင့် အလိုအလျောက် လုပ်ဆောင်သော စနစ်များကို ကောင်းစွာချိန်ညှိထားပြီး အကြောင်းအရာ စိစစ်သုံးသပ်သူများအား LGBTQIA+ အသိုင်းအဝိုင်းဆိုင်ရာ ပို့စ်များစွာကို ထိရောက်စွာ အကဲဖြတ်နိုင်စေရန်အတွက် သေချာလေ့ကျင့်ပေးထားရန် အရေးကြီးမည်ဟု ဘုတ်အဖွဲ့က အလေးပေးပြောကြားသည်။ ဘုတ်အဖွဲ့၏ လက်ရှိကိုင်တွယ်လုပ်ဆောင်ပုံတွင် အယူခံလွှာများကို အကဲဖြတ်ရန် တာဝန်ပေးအပ်ခံထားရသော စိစစ်သုံးသပ်သူများသည် အကြောင်းအရာကို ပထမဆုံးအကဲဖြတ်မှုလုပ်ခဲ့သူများနှင့် ကျွမ်းကျင်မှုအဆင့်ချင်း တူညီနေပုံပေါ်သည်ကို ဘုတ်အဖွဲ့က စိုးရိမ်လျက်ရှိသည်။ Meta သည် LGBTQIA+ အသိုင်းအဝိုင်းကို ထိခိုက်စေသည့် ချိုးဖောက်နိုင်ဖွယ်ရှိသော အကြောင်းအရာများကို ဖော်ထုတ်သည့် စိစစ်ခွဲခြားမှုနည်းပညာများအား တီထွင်ဖန်တီးရာတွင်နှင့် လေ့ကျင့်ပေးရာတွင် အချိန်အား၊ လူအား ပိုမိုစိုက်ထုတ်၍ ကြိုးစားသင့်ပြီး ထိုအကြောင်းအရာများကို လူကိုယ်တိုင် စိစစ်သုံးသပ်ရန်အတွက် ဦးစားပေးသင့်ကြောင်း ဘုတ်အဖွဲ့က ယူဆပါသည်။ အမုန်းစကား၊ အထူးသဖြင့် Meta ၏ မူဝါဒရှိ အဆင့် ၁ အောက်တွင် အကျုံးဝင်သည့် ဆိုးရွားပြင်းထန်မှုအမြင့်ဆုံး အကြောင်းအရာများကို စိစစ်သုံးသပ်ရန်အတွက် အမြဲတမ်းဦးစားပေးသင့်သည်။ ၁) လိင်စိတ်ခံယူချက်နှင့်စပ်လျဉ်းသော ထိခိုက်နစ်နာမှုများအကြောင်း သိရှိနားလည်လာစေရန် စိစစ်သုံးသပ်သူများအား ပိုမိုလေ့ကျင့်ပေးခြင်း၊ ၂) Meta ၏ ပလက်ဖောင်းများပေါ်ရှိ လိင်ပြောင်းထားသူများနှင့် ကျား/မအဖြစ် ခံယူထားခြင်းမရှိသူတို့၏ တွေ့ကြုံခံစားရမှုများကို ကိုင်တွယ်ဖြေရှင်းပေးသော လုပ်ငန်းအဖွဲ့တစ်ဖွဲ့နှင့် ၃) LGBTQIA+ အသိုင်းအဝိုင်းကို ထိခိုက်စေသော ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို စိစစ်သုံးသပ်ရန် အကြောင်းအရာဆိုင်ရာ တတ်သိနားလည်ကျွမ်းကျင်သူများပါသည့် အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခြင်းဖြင့် ဤလုပ်ငန်းစဉ် တိုးတက်မှုများကို ပံ့ပိုးပေးရန်လည်း ဘုတ်အဖွဲ့က အကြံပြုထားသည်။ ဤအမှုရှိ အချက်အလက်များသည် Facebook ရှိ လိင်ပြောင်းထားသူများ ရင်ဆိုင်ရသော ထိခိုက်နစ်နာမှုများနှင့် အထူးသက်ဆိုင်သော်လည်း အခြားနှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူစုများအပေါ် သက်ရောက်မှုရှိသည့် အမုန်းပွားစေသော အကြောင်းအရာများကို စည်းကမ်းထိန်းသိမ်းမှုအား ပိုမိုတိုးတက်အောင် ဆောင်ရွက်နည်းကို ရှာဖွေရန်လည်း ဘုတ်အဖွဲ့က Meta ကို တိုက်တွန်းသည်။
ဘုတ်အဖွဲ့က အောက်ရှိ တရားဝင်အကြံပြုချက်နှစ်ခုကိုသာ ထုတ်ပြန်ထားသော်လည်း ထိုသို့ပြုလုပ်ရသည့် အကြောင်းမှာ ဤအမှုတွင် ဦးစားပေးဖော်ပြထားသည့် စိန်ခေါ်မှုများသည် ရေးသားထားသော မူဝါဒများနှင့်မဆိုင်ဘဲ မူဝါဒများကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းမှုနှင့်သာ သက်ဆိုင်ပါသည်။ ဘုတ်အဖွဲ့သည် ဤအမှုတွင် အန္တရာယ်ရှိသော အကြောင်းအရာ၏ အနည်းဆုံးအချက်ပြ ငါးချက်ကို ထည့်သွင်းစဉ်းစားသည် - (၁) ပို့စ်တွင်ပါရှိသော "သူ့ဖာသာသူ တွဲလျားကျနေသော ခန်းဆီးများ" ဟူသည့် ရည်ညွှန်းဖော်ပြချက်များ။ (၂) ပို့စ်၏ "နွေဦးရာသီ သန့်ရှင်းရေး <3” ဟူသော ရည်ညွှန်းချက်၊ (၃) LGBTQIA+ အသိုင်းအဝိုင်းကို ရန်လိုမုန်းတီးမှုများသည်ဟု သိရှိရသော နိုင်ငံတစ်ခုတွင် အသုံးပြုသူ၏ “လိင်ပြောင်းထားသူတို့ကို မနှစ်မြို့သူ” အဖြစ် မိမိကိုယ်ကို ဖော်ပြချက်၊ (၄) အကြောင်းအရာအပေါ် အသုံးပြုသူ တိုင်ကြားချက်များနှင့် အယူခံလွှာများ၏ အရေအတွက်၊ (၅) အကြောင်းအရာ၏ ပျံ့နှံ့မှုနှုန်းနှင့် နှိုင်းယှဉ်ထားသော တိုင်ကြားချက်များနှင့် အယူခံလွှာများ၏ အရေအတွက်။ ဘုတ်အဖွဲ့သည် Meta က ဤအချက်ပြများကို မမြင်ဘဲ လွဲလျော်သွားခဲ့သည်ကို စိုးရိမ်ပြီး ယင်းက ၎င်း၏မူဝါဒများကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းမှုမှာ အားနည်းနေကြောင်း ညွှန်ပြသည်ဟု ယူဆသည်။ Meta အနေဖြင့် ၎င်း၏ပလက်ဖောင်းများပေါ်ရှိ LGBTQIA+ များကို ကာကွယ်ရန် ၎င်း၏စံနှုန်းများနှင့် အဆိုပါစံနှုန်းများကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းမှုအကြား ဟာကွက်ကိုပိတ်သိမ်းပုံနှင့်ပတ်သက်၍ ခရေစေ့တွင်းကျကျနှင့် ထိုးထွင်းဉာဏ်ရှိစွာ စဉ်းစားသင့်သည်ဟု ဘုတ်အဖွဲ့က ချက်ကျလက်ကျ ပြောဆိုထားပါသည်။
၈.၂ Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့် (ICCPR အပိုဒ် ၁၉)
"လူတိုင်း၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိရမည်၊ ဤအခွင့်အရေးတွင် နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေခြင်းဖြင့် ဖြစ်စေ၊ အနုပညာပုံစံဖြင့်ဖြစ်စေ၊ အခြားမီဒီယာတစ်ခုခုဖြင့်ဖြစ်စေ နယ်ပယ်မခွဲခြားဘဲ အချက်အလက်နှင့် အကြံဉာဏ်အမျိုးအစားအားလုံးကို လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံခွင့်နှင့် ပေးအပ်ခွင့် ပါဝင်ရမည်" ဟု နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ICCPR) ၏ အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၂ တွင် ပြဋ္ဌာန်းထားသည်။ အထွေထွေမှတ်ချက် အမှတ် ၃၄ (၂၀၁၁) တွင် ကာကွယ်ပေးထားသော ထုတ်ဖော်ပြောဆိုမှုတွင် “လွန်စွာစိတ်အနှောင့်အယှက် ဖြစ်စေသည်" ဟု ယူဆနိုင်သော ထုတ်ဖော်ပြောဆိုမှုမျိုးလည်း ပါဝင်ကြောင်း ထပ်မံဖော်ပြထားသည် (ပိုဒ်ခွဲ ၁၁)။
ပြည်နယ်တစ်ခုက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များ ချမှတ်ထားလျှင် ၎င်းတို့သည် တရားဥပဒေနှင့်ညီညွတ်မှု၊ တရားဝင် ရည်ရွယ်ချက်၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် (အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၃၊ ICCPR)။ ဤသတ်မှတ်ချက်များကို "အပိုင်းသုံးပိုင်းခွဲ စမ်းသပ်မှု" အဖြစ် ရည်ညွှန်းလေ့ရှိသည်။ ဘုတ်အဖွဲ့သည် စိစစ်သုံးသပ်နေဆဲ သီးခြားအကြောင်းအရာအလိုက် ဆုံးဖြတ်ချက်နှင့် အကြောင်းအရာထိန်းချုပ်မှုအပေါ် Meta ၏ ပိုမိုကျယ်ပြန့်သော ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်ပြီး ၎င်းပြောထားသည့်အရာ နှစ်ခုစလုံးနှင့်ဆက်စပ်၍ Meta ၏ ဆန္ဒအလျောက်ပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို အဓိပ္ပာယ်ကောက်ယူရန် ဤမူဘောင်ကို အသုံးပြုသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောထားသည့်အတိုင်းပင် “ကုမ္ပဏီများတွင် အစိုးရများ၏ တာဝန်ဝတ္တရားများ မရှိကြသော်လည်း ၎င်းတို့ အသုံးပြုသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ခြင်းနှင့် ပတ်သက်၍ အလားတူမေးခွန်းများကို ဆန်းစစ်အကဲဖြတ်ရန် လိုအပ်သည့် ကိစ္စမျိုးတွင် ၎င်းတို့အပေါ် သက်ရောက်မှုရှိသည်” (က/၇၄/၄၈၆၊ ပိုဒ်ခွဲ ၄၁)။
၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် စည်းမျဉ်းများသည် ရှင်းလင်း၍ အများနားလည်ရ လွယ်ကူရမည်ဖြစ်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေအောက်ရှိ တရားဥပဒေနှင့်ညီညွတ်မှု အခြေခံမူတွင် သတ်မှတ်ပြဋ္ဌာန်းထားပါသည် (အထွေထွေမှတ်ချက် အမှတ် ၃၄၊ ပိုဒ်ခွဲ ၂၅)။ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ကန့်သတ်သည့် စည်းမျဉ်းများမှာလည်း “လွတ်လပ်စွာ ထုတ်ဖော်မှုကို ကန့်သတ်ခြင်းအတွက် [၎င်းတို့၏] အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသူများအား စည်းကမ်းမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပေးအပ်၍မရနိုင်ပါ"။ ထို့အပြင် “မည်သည့် ထုတ်ဖော်ပြောဆိုမှုမျိုးကို သင့်တင့်လျောက်ပတ်စွာ ကန့်သတ်ထားပြီး မည်သည့်ထုတ်ဖော်ပြောဆိုမှုမျိုးကို ကန့်သတ်ထားခြင်းမရှိကြောင်း သေချာအောင် လေ့လာစိစစ်နိုင်စေရန်အတွက် ၎င်းတို့အား အကောင်အထည်ဖော်ရန် တာဝန်ပေးခံရသူတို့ကို လုံလောက်သော လမ်းညွှန်မှု ပံ့ပိုးပေးရမည်" (Ibid။)။ အွန်လိုင်းပေါ်ရှိ ပြောဆိုမှုများကို ထိန်းချုပ်သည့် စည်းမျဉ်းများကို ကျင့်သုံးရာတွင် ၎င်းတို့သည် ရှင်းလင်းပြီး တိကျသင့်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဆိုခဲ့သည် ( က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၆)။ Meta ၏ ပလက်ဖောင်းများကို အသုံးပြုနေသူများသည် စည်းမျဉ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး နားလည်နိုင်သင့်ကာ အကြောင်းအရာ စိစစ်သုံးသပ်သူများတွင် ၎င်းတို့၏ စည်းကမ်းထိန်းသိမ်းမှုအတွက် ရှင်းလင်းသော လမ်းညွှန်ချက် ရှိသင့်သည်။
စာဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော လူအုပ်စုများကို ပစ်မှတ်ထားသည့် "အကြမ်းဖက်စကား သို့မဟုတ် အကြမ်းဖက်ရန်အားပေးမှု"၊ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့်အချက်တစ်ခုကို မရှိသင့်ကြောင်း ဖော်ပြမှုများနှင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုတို့ကို အားပေးသည့် သို့မဟုတ် တိုက်တွန်းသည့် ပြောဆိုမှုများအပေါ် Meta ၏ တားမြစ်ချက်များသည် လုံလုံလောက်လောက် ရှင်းလင်းမှုရှိသည်ကို ဘုတ်အဖွဲ့က တွေ့ရှိသည်။
သို့သော် အထက်ပါ အပိုင်း ၈.၁ တွင် ဖော်ပြထားသည့်အတိုင်း Meta သည် လူကိုယ်တိုင် စိစစ်သုံးသပ်သူများအား ပိုမိုရှင်းလင်းသော လမ်းညွှန်ချက်ပေးခြင်းဖြင့် ဤအမှုတွင် ပါဝင်ပတ်သက်နေသော မူဝါဒများနှင့်စပ်လျဉ်း၍ စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုတိကျမှန်ကန်အောင် လုပ်ဆောင်နိုင်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ လိင်စိတ်ခံယူချက်ကို အလံဖြင့်ဖော်ပြမှုကဲ့သို့ ရုပ်ပုံဖော်ပြချက်များသည် အမုန်းစကားဆိုင်ရာ မူဝါဒအရ တိုက်ခိုက်မှုတစ်ခုအဖြစ် မှတ်ယူရန်အတွက် လူပုံသဏ္ဌာန်များကို ဖော်ပြထားရန် မလိုအပ်ကြောင်း Meta အနေဖြင့် ရှင်းပြထားသင့်သည်။ (လူတစ်ဦးတည်းပေါ်မဟုတ်ဘဲ) လူတစ်စုလုံးကို မိမိကိုယ်ကို သေကြောင်းကြံစည်ရန် တိုက်တွန်းနှိုးဆော်ခြင်းသည်လည်း မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ မူဝါဒကို ချိုးဖောက်ရာရောက်ကြောင်း Meta က ရှင်းလင်းဖော်ပြသင့်သည်။
၂။ တရားဝင်ရည်ရွယ်ချက်
ထုတ်ဖော်ပြောဆိုခြင်းအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်တိုင်းသည် “အခြားသူများ၏ အခွင့်အရေးများ” ပါဝင်သည့် ICCPR ၏ တရားဝင်ရည်ရွယ်ချက်များထဲမှ တစ်ခုကို လက်ကိုင်ပြုသင့်သည်။ ဆုံးဖြတ်ချက် အများအပြားတွင် အမုန်းစကားကြောင့် ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမှုများမှ လူများကိုကာကွယ်ရန် ရည်ရွယ်သည့် Meta ၏ အမုန်းစကားဆိုင်ရာ မူဝါဒ၌ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ စံနှုန်းများဖြင့် အသိအမှတ်ပြုထားသော တရားဝင်ရည်ရွယ်ချက်ရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိခဲ့သည် (ဥပမာ Knin ကာတွန်း ဆုံးဖြတ်ချက်ကို ကြည့်ပါ)။ ထို့အပြင် ဤအမှုတွင် မိမိကိုယ်ကို သေကြောင်းကြံစည်မှု သို့မဟုတ် မိမိကိုယ်ကို နာကျင်စေမှုကို အားပေးသည့် အကြောင်းအရာကို တားမြစ်သော မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ မူဝါဒပါ စာကြောင်းသည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစံနှုန်းအရ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရရှိခံစားခွင့် (ICESCR ၁၂) နှင့် အသက်ရှင်ရပ်တည်ခွင့် (အပိုဒ် ၅၊ ICCPR) ကို အကာအကွယ်ပေးသည့် တရားဝင်ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်ရှိသော လူစုတစ်စုကို မိမိကိုယ်ကို သေကြောင်းကြံစည်ရန် တိုက်တွန်းသည့် ဤကဲ့သို့သော အမှုများတွင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ မူဝါဒသည် လူများ၏ တန်းတူညီမျှမှုရရှိခွင့်နှင့် ခွဲခြားဆက်ဆံမခံရခွင့် (အပိုဒ် ၂၊ ပိုဒ်ခွဲ ၁၊ ICCPR) ကိုလည်း ကာကွယ်ပေးသည်။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
လိုအပ်မှုနှင့် အချိုးကျမျှတမှု အခြေခံမူတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်ချက်မဆိုသည် “၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည်။ ၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည့် ဆောင်ရွက်ချက်များအနက် စွက်ဖက်မှု အနည်းဆုံး ဆောင်ရွက်ချက်လည်း ဖြစ်ရမည့် [အပြင်] အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်” ဟု သတ်မှတ်ပြဋ္ဌာန်းသည် ( အထွေထွေမှတ်ချက် အမှတ် ၃၄၊ ပိုဒ်ခွဲ ၃၄)။
ရက်စက်ကြမ်းကြုတ်သည့် အကြောင်းအရာကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို ဆန်းစစ်လေ့လာသည့်အခါ ရန်လိုစိတ်၊ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် အကြမ်းဖက်မှုကို လှုံ့ဆော်ရာရောက်သည့် နိုင်ငံသား၊ လူမျိုးရေး သို့မဟုတ် ဘာသာရေး မုန်းတီးမှုဆိုင်ရာ ထောက်ခံအားပေးမှုကို ကိုင်တွယ်ဖြေရှင်းသည့် ရာဘတ် လုပ်ဆောင်ချက် အစီအစဉ်တွင် ဖော်ပြထားသော အချက်ခြောက်ချက်စစ်ဆေးမှုဖြင့် ဘုတ်အဖွဲ့ကို ပုံမှန်အားဖြင့် လမ်းညွှန်ပေးသည်။ သက်ဆိုင်ရာ အချက်များ၊ အထူးသဖြင့် အကြောင်းအရာနှင့် ဖော်ပြမှုပုံစံ၊ ဟောပြောသူ၏ ရည်ရွယ်ချက်နှင့် အောက်တွင် ထပ်မံဖော်ပြထားသော ဆက်စပ်အခြေအနေများကို အကဲဖြတ်ခြင်းအပေါ် အခြေခံ၍ အကြောင်းအရာသည် မကြာမီ အန္တရာယ်ဖြစ်လာနိုင်ဖွယ်ရှိသဖြင့် ၎င်းကို ဖယ်ရှားခြင်းသည် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ အကြောင်းအရာကို ဖယ်ရှားခြင်းသည် အသက်ရှင်ရပ်တည်ခွင့်အပြင် ပိုမိုကျယ်ပြန့်သော LGBTQIA+ အသိုင်းအဝိုင်းနှင့် အထူးသဖြင့် ပိုလန်နိုင်ငံရှိ လိင်ပြောင်းထားသူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစံနှုန်းအရ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရရှိခံစားခွင့်အား ကာကွယ်ရန်အတွက် ထုတ်ဖော်ပြောဆိုမှုအပေါ် ချမှတ်ထားသည့် လိုအပ်၍ အချိုးကျမျှတသော ကန့်သတ်ချက်ဖြစ်သည်။
ဘုတ်အဖွဲ့သည် သတင်းမှားများကို တန်ပြန်တုံ့ပြန်ရာတွင် LGBTQIA+ များအတွက် ကဲ့ရဲ့ရှုတ်ချသော အသုံးအနှုန်းများကို သင့်လျော်အောင် ပြန်လည်ပြင်ဆင်အသုံးပြုခြင်း၏ အရေးပါမှုကို ယခင်က မှတ်ချက်ပြုထားသော်လည်း (အာရဗီစကားလုံးများအား ပြန်လည်ပြင်ဆင်အသုံးပြုခြင်း ဆုံးဖြတ်ချက်ကို ကြည့်ပါ) ဤအမှုတွင် ထိုသို့မဟုတ်ပါ။ ပို့စ်တွင် နိုင်ငံရေးနှင့် သတင်းဖြစ်လောက်သော စကားများလည်း မပါဝင်ပါ (ကိုလံဘီယာ ဆန္ဒပြပွဲများ ဆုံးဖြတ်ချက်ကို ကြည့်ပါ)။ ဤအမှုရှိပို့စ်တွင် သူ့ဖာသာသူ တွဲလျားကျနေသော ခန်းဆီးများဟူသော ဖော်ပြချက်နှင့်အတူ လိင်ပြောင်းထားသူများကို ကိုယ်စားပြုသောအလံက ခန်းဆီးအဖြစ် တွဲလျားကျနေသည့် ရုပ်ပုံကို အသားပေးဖော်ပြထားသည်။ ဘုတ်အဖွဲ့မှ တိုင်ပင်ဆွေးနွေးထားသော ကျွမ်းကျင်သူများ၏အဆိုအရ ရုပ်ပုံနှင့် စာသားပုံစံ နှစ်မျိုးလုံးဖြင့် ခန်းဆီးများကို အသုံးပြုထားခြင်းသည် လိင်ပြောင်းအသိုင်းအဝိုင်းအား ရည်ရွယ်သည့် ထပ်တလဲလဲအသုံးပြုသော စာဝှက်အသုံးအနှုန်း ဖြစ်ဟန်မတူပါ။ မည်သို့ပင်ဆိုစေကာမူ အထက်တွင် ဆွေးနွေးခဲ့သည့်အတိုင်း “မကောင်းသောရည်ရွယ်ချက်ဖြင့် ဖန်တီးမှု” သို့မဟုတ် အမုန်းတရားနှင့် နှောင့်ယှက်မှုများကို ဖော်ပြရန်အတွက် ဆန်းသစ်သော အသုံးအနှုန်းနှင့် ကိုယ်စားပြုနည်းဗျူဟာများအား အသုံးပြုသည့် ဖြစ်စဉ်သည် လိင်ပြောင်းထားသူများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် တွင်ကျယ်စွာအသုံးပြုနေသည့် အကြောင်းအရာပုံစံများကို ဖော်ပြရာရောက်ပါသည်။ ဤအမှုတွင်ပါဝင်သည့် အကြောင်းအရာသည် ထိုကဲ့သို့ တွင်ကျယ်စွာအသုံးပြုနေသည့် အကြောင်းအရာပုံစံမျိုးနှင့် အတိအကျ ကိုက်ညီနေသည်ကို ဘုတ်အဖွဲ့က တွေ့ရှိသည်။ (“ဟားဟား” အီမိုဂျီတုံ့ပြန်မှုများဖြင့် သက်သေပြထားသည့်အတိုင်း) လူအချို့က “ဟာသမြောက်သည်” ဟု ယူဆသော ရုပ်ပုံကို ပို့စ်တွင် အသုံးပြုထားသော်လည်း လိင်ပြောင်းအသိုင်းအဝိုင်းကို ပစ်မှတ်ထားအကြမ်းဖက်သော၊ သွေးထိုးလှုံ့ဆော်သော ဖော်ပြချက်တစ်ခုအဖြစ် ပို့စ်ကို အဓိပ္ပာယ်ကောက်နိုင်ပါသေးသည်။ စင်စစ်အားဖြင့် တရားဝင်ဝေဖန်မှုပြုလုပ်နိုင်သည့် အတိုင်းအတာနယ်နိမိတ်ကို ချိုးဖျက်ရန်အတွက် ဟာသနှင့် သရော်စာကို အသုံးပြုနိုင်သော်လည်း ၎င်းသည် အမုန်းစကားကို ကာကွယ်ပေးသည့် အကြောင်းပြချက်တစ်ခု မဖြစ်ရပါ။ ဤပို့စ်သည် လိင်ပြောင်းအသိုင်းအဝိုင်းအတွင်း မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှုန်း မြင့်မားသည့် အကြောင်းအရာနှင့်သာ သက်ဆိုင်သောကြောင့် ၎င်းသည် အမုန်းစကားဖြစ်ကြောင်း သက်သေပြနိုင်ပါသည်။
အကြောင်းအရာဖန်တီးသူ၏ ရည်ရွယ်ချက်ကို ထည့်သွင်းစဉ်းစားသောအခါ သူ၏ကိုယ်ရေးအကျဉ်းတွင် “လိင်ပြောင်းထားသူတို့ကို မနှစ်မြို့သူ” ဖြစ်သည်ဟု ပွင့်ပွင့်လင်းလင်း ဖော်ပြထားသည်ကို ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ Meta သည် အမှုအကြောင်းအရာသီးသန့်အတွက် ဤဖော်ပြချက်၏ သက်ရောက်မှုများကို နောက်ပိုင်းမှသာ ထည့်သွင်းစဉ်းစားခဲ့သော်လည်း အသုံးပြုသူ၏ ရည်ရွယ်ချက်ကို ဆုံးဖြတ်ရာတွင် ၎င်းသည် လွန်စွာသက်ဆိုင်မှုရှိသည်ကို ဘုတ်အဖွဲ့က တွေ့ရှိရသည်။ အမုန်းစကားဆိုင်ရာ မူဝါဒ၏ အဆင့် ၂ ကို ချိုးဖောက်မှုအဖြစ် အကြောင်းအရာကို ဖယ်ရှားရန်အတွက် ၎င်းက သီးခြားအခြေခံအကြောင်းရင်း တစ်ခုလည်း ဖြစ်ပါမည်။ ပို့စ်တွင် ဖော်ပြချက်နှင့်အတူ အသည်းနှလုံးပုံ သင်္ကေတပါဝင်ပြီး လိင်ပြောင်းထားသူများက မိမိကိုယ်ကို သေကြောင်းကြံစည်သည့် လုပ်ရပ်ကို "နွေဦးရာသီသန့်ရှင်းရေး" အဖြစ်လည်း ဖော်ပြခဲ့သည်။ လူတစ်စုအား မိမိကိုယ်ကို သေကြောင်းကြံစည်ရန် အားပေးနေသော ဤပြောဆိုချက်အရ ပို့စ်အကြောင်းအရာ၊ အသုံးပြုထားသောပုံ၊ အတူပါရှိသော စာသားနှင့် စာတန်းတို့ကို အခြေခံကြည့်ရှုသော် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကို တိုက်တွန်းလှုံ့ဆော်ရန် ရည်ရွယ်ချက်ကို ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဤအမှုတွင် ပါရှိသည့်အကြောင်းအရာသည် လိင်ပြောင်းထားသူများကို သူတို့ကိုယ်သူတို့ ရက်စက်ကြမ်းကြုတ်သော အပြုအမူများ လုပ်ဆောင်စေရန် အားပေးတိုက်တွန်းရုံသာမက လိင်ပြောင်းထားသူများကို ခွဲခြားပြီး ရန်လိုမုန်းတီးမှုဖြင့် ဆက်ဆံရန် အခြားသူများအား လှုံ့ဆော်နေသည်။ အကြောင်းအရာကို ကြည့်ရှုထားသော အခြားအသုံးပြုသူများက "ဟားဟား" ဟူသည့် တုံ့ပြန်မှုအီမိုဂျီကို အများဆုံးအသုံးပြုထားသောကြောင့် ဤပို့စ်တွင် အပျက်သဘောဆောင်သော ရည်ရွယ်ချက်ရှိကြောင်း နားလည်မှုကို ပိုမိုခိုင်မာသွားစေခဲ့သည်။
နောက်ဆုံးတွင် ဥပဒေပြုရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများအပြင် ဗဟိုအစိုးရ အာဏာပိုင်များ၏ နိုင်ငံရေးမိန့်ခွန်းများနှင့် သြဇာလွှမ်းမိုးမှုရှိသော လူထုသဘောထားများမှတစ်ဆင့် ပိုမိုများပြားလာသည့် တိုက်ခိုက်မှုပုံစံများဖြင့် သိသာထင်ရှားသော ပြင်ပကမ္ဘာရှိ အန္တရာယ်များကို ပိုလန်နိုင်ငံသား LGBTQIA+ အသိုင်းအဝိုင်းမှ ကြုံတွေ့နေရကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ILGA-Europe ၏ အဆိုအရ ၂၀၂၀ ခုနှစ်မှစ၍ ပိုလန်နိုင်ငံသည် LGBTQIA+ အခွင့်အရေးများအတွက် စွမ်းဆောင်ရည်အနိမ့်ဆုံး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် အပြောင်းအလဲမရှိ အဆင့်သတ်မှတ်ခံထားရသည်။ ပိုလန်နိုင်ငံ၏ အမုန်းစကားနှင့် အမုန်းတရားဆိုင်ရာ ရာဇဝတ်မှုဥပဒေများတွင် LGBTQIA+ တို့အား ကာကွယ်ပေးမှုများ မရှိကြောင်းနှင့် ထိုပြဿနာအတွက် အခြားအဖွဲ့များစွာထဲမှ ILGA-ဥရောပနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) တို့က ပိုလန်နိုင်ငံကို ဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း သတိပြုရန်လည်း အရေးကြီးသည်။ ထို့အပြင် Facebook ပေါ်တွင် ပြင်ပကျွမ်းကျင်ပညာရှင်များနှင့် အများပြည်သူ ထင်မြင်ချက်များစွာက သတိပေး အမှတ်အသားပြုထားသည့် LGBTQIA+ တို့အား ဆန့်ကျင်ရှုတ်ချသော ပိုလန်ဘာသာဖြင့် စကားအသုံးအနှုန်းများ မြင့်တက်လာခြင်းသည် သီးခြားဖြစ်နေခြင်း မဟုတ်ပါ။ အဖွဲ့အစည်းနှင့် အသင်းအဖွဲ့ အများအပြားသည် လူမှုကွန်ရက်တွင် LGBTQIA+ အား ဆန့်ကျင်ရှုတ်ချသည့် ပြောစကားများ ပျံ့နှံ့နေမှုကို စိုးရိမ်ကြောင်းဖော်ပြခဲ့ကြသည်။ လိင်စိတ်တိမ်းညွတ်မှုနှင့် လိင်စိတ်ခံယူချက်ဆိုင်ရာ ကုလသမဂ္ဂ၏ သီးခြားလွတ်လပ်သော ကျွမ်းကျင်ပညာရှင် (IE SOGI) Victor Madrigal-Borloz သည် လိင်မတူကွဲပြားသူများနှင့် လိင်ပြောင်းထားသူများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများစွာက “လူတို့၏ ကောင်းဆိုးကျိုးပြစ် ခွဲခြားသိမြင်တတ်သော အသိစိတ်ကို ယိုယွင်းပျက်ပြားစေသည်” ဟု ပြောကြားခဲ့သည်။ GLAAD ၏ သုတေသနလေ့လာမှုနှင့် အစီရင်ခံချက်အရ "စွပ်စွဲပြောဆိုချက်များနှင့် မုန်းတီးသောအပြုအမူများကို အစဉ်ကြုံတွေ့နေရသည့်အတွက်ကြောင့် အင်မတန်ကြီးမားသော စိတ်ဒဏ်ရာများအပါအဝင် ... အွန်လိုင်းသုံးစွဲနေသော LGBTQ လူပုဂ္ဂိုလ်များအတွက် မလွဲဧကန်ခံစားရသည့် ထိခိုက်နစ်နာမှုများ" ရှိကြောင်း တွေ့ရှိခဲ့သည်။ ဤအမှုရှိ ပို့စ်နှင့်အလားတူသော အကြောင်းအရာများက အထူးသဖြင့် များပြားလာသည်ကို ထည့်သွင်းစဉ်းစားသည့်အခါ လိင်ပြောင်းအသိုင်းအဝိုင်းအတွင်း ပျံ့နှံ့နေပြီးသားဖြစ်သည့် မိမိကိုယ်ကို သေကြောင်းကြံစည်နိုင်သည့်အန္တရာယ်ကို ပိုမိုဆိုးရွားစေသည့် ရပ်ဝန်းတစ်ခုကို ပေါ်ပေါက်လာစေနိုင်သည်။ ထို့အပြင် ဤပို့စ်နည်းတူ လိင်ပြောင်းထားသူများအား ဆန့်ကျင်ရှုတ်ချသော အကြမ်းဖက်စကားများကို ပုံမှန်ဟုထင်မြင်လာစေသော အကြောင်းအရာသည် လိင်ပြောင်းအသိုင်းအဝိုင်းအပေါ် လက်ရှိသက်ရောက်နေသည့် စိတ်ကျန်းမာရေးအခက်အခဲအပြင် ပြင်ပကမ္ဘာတွင် ထိုအသိုင်းအဝိုင်းအား ပစ်မှတ်ထားသော အကြမ်းဖက်မှုကိုပါ တိုးပွားနိုင်စေသည့် အန္တရာယ်ရှိသည်။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့ ၏ ဆုံးဖြတ်ချက်
အကြောင်းအရာကို ခွင့်ပြုပေးရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
၁၀။ အကြံပြုချက်များ
အကြောင်းအရာဆိုင်ရာ မူဝါဒ
၁။ Meta ၏ မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ မူဝါဒ စာမျက်နှာတွင် မည်သူမည်ဝါမှန်းခွဲခြားသိရှိနိုင်သော လူတစ်စုအပေါ် ရည်ရွယ်ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်စေရန် အားပေးသော သို့မဟုတ် တိုက်တွန်းသော အကြောင်းအရာကို မူဝါဒက တားမြစ်ကြောင်း ရှင်းပြထားသင့်သည်။
မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ လူမှုစံနှုန်း၏ အများဖတ်ရှုနိုင်သော သုံးနှုန်းဖော်ပြချက်တွင် အဆိုပြုထားသော ပြောင်းလဲမှုကို ထည့်သွင်းပြင်ဆင်လိုက်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က မှတ်ယူပါမည်။
စည်းကမ်းထိန်းသိမ်းမှု
၂။ လူပုံသဏ္ဌာန် မပါဝင်ဘဲ လိင်စိတ်ခံယူချက်ကို အလံဖြင့်သရုပ်ဖော်ပြထားသည့် ရုပ်ပုံများသည် အဖွဲ့ဝင်များ၏ လိင်စိတ်ခံယူချက်အရ သတ်မှတ်ထားသော လူစုတစ်စုကို ကိုယ်စားပြုမှုများဖြစ်ကြောင်း သေချာနားလည်သဘောပေါက်စေရန် အကြောင်းအရာများစွာကို သုံးသပ်ရသော စိစစ်သုံးသပ်သူများထံ ပေးထားသည့် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်ကို ပြင်ဆင်သင့်သည်။ ဤပြင်ဆင်မှုသည် စည်းကမ်းချိုးဖောက်ထားသော တိုက်ခိုက်ပြောဆိုမှုတစ်ခု ပါဝင်သည့်အခါတိုင်း ဤအကြောင်းအရာပုံစံများစွာကို စည်းကမ်းထိန်းသိမ်းခြင်းနှင့်ဆိုင်သည့် လမ်းညွှန်ချက်များအား ရှင်းလင်းဖော်ပြပေးပါမည်။
Meta သည် ၎င်း၏ကုမ္ပဏီတွင်း လမ်းညွှန်ချက်ဆိုင်ရာ ပြောင်းလဲမှုများကို ဘုတ်အဖွဲ့ထံ ဖော်ပြပေးသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က မှတ်ယူပါမည်။
*လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ မှတ်ချက် -
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစု၏ သဘောတူညီမှုကို ရယူထားပါသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား လွတ်လပ်သော သုတေသနလေ့လာမှု ပြုလုပ်စေခဲ့ပါသည်။ ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားပြီး တိုက်ကြီး ခြောက်တိုက်မှ လူမှုရေးသိပ္ပံပညာရှင်ပေါင်း ၅၀ ကျော်အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃,၂၀၀ ကျော် ပါဝင်သော အဖွဲ့ဖြစ်သည့် လွတ်လပ်သော သုတေသနအဖွဲ့အစည်းတစ်ခုက ဘုတ်အဖွဲ့ကို ကူညီပေးခဲ့သည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့တွင်ကျယ်နေသည့်အရာများနှင့် ပတ်သက်၍ အများသိရှိနိုင်သော အချက်အလက်များအပေါ်အခြေခံသော သုတေသနလေ့လာမှုတွင် ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Memetica သည်လည်း လေ့လာဆန်းစစ်မှုကို ဆောင်ရွက်ပေးခဲ့ပါသည်။ ဘာသာစကားပေါင်း ၃၅၀ ကျော်ကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ကမ္ဘာတစ်လွှားရှိ မြို့ကြီးပေါင်း ၅,၀၀၀ ကျော်မှ အလုပ်လုပ်ပေးနေသည့် ကျွမ်းကျင်ပညာရှင်များကို ပိုင်ဆိုင်ထားသော Lionbridge Technologies, LLC က ဘာသာစကားပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ဆောင်မှုကို ပေးအပ်ခဲ့ပါသည်။
Retour aux décisions de cas et aux avis consultatifs politiques